ရေအတူချိုးသည့် အလှပဂေးနှစ်ဦးနှင့် ခြည်ငင်စက် ထုတ်လုပ်မှုပုံစံ
Vol. 8 Ch. 115
ရှောင်းယီက ပြင်ဆင်ထားသည့် အစားအစာများကို အကြည့်ကာ ပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ပင်ပန်းသွားကြပြီ။ အမြန်သွားပြီး ကိုယ်လက်သန့်စင်လိုက်ကြဦး။ အားလုံးက မင်းတို့ကို စောင့်နေကြတာ။”
“ကောင်းပါပြီ။”
အမျိုးသမီးနှစ်ဦးက တုံ့ပြန်ပြီးနောက် အားလုံးအံ့သြသွားစေသည်မှာ သူတို့နှစ်ဦး ရေချိုးခန်းထဲသို့ အတူတူ ဝင်သွားကြခြင်းပင် ဖြစ်သည်။
ကျန်းယွင်ထျန်းနှင့် တခြားသူများမှာမူ အပြင်ထွက် လမ်းလျှောက်ရန် အကြောင်းပြချက်တစ်ခု ရှာထားပြီးသား ဖြစ်သည်။ အဆုံးတွင်တော့ အမျိုးသမီးနှစ်ဦးမှာ ရေချိုးရန် လိုအပ်နေပြီး တိုက်ခန်းကလည်း အလွန်မကျယ်သဖြင့် ယောကျ်ားကြီးများ အခန်းထဲတွင် ရှိနေခြင်းမှာ အဆင်မပြေလှပေ။
“မင်းတို့နှစ်ယောက်က အတူတူ ချိုးကြမလို့လား။”
အမျိုးသမီးနှစ်ဦး ရေချိုးခန်းထဲ အတူဝင်သွားသည်ကို ကြည့်ကာ ရှောင်းယီက လှမ်းမေးလိုက်သည်။
“ဟုတ်တယ်လေ။ မရဘူးလား။”
အန်းရန်က ပြန်ပက်လိုက်၏။
“ရပါတယ်။ ကိစ္စမရှိပါဘူး။ ငါလည်း အပြင်ထွက် လမ်းခဏလျှောက်လိုက်ဦးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ အလှပဂေးနှစ်ဦး အတူတူ ရေချိုးနေမည့် မြင်ကွင်းကို တွေးကြည့်မိသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းသလိုလိုနှင့် တစ်ဖက်တွင်လည်း အနေရခက်လှသည်။
ရှောင်းယီပါ အပြင်ထွက်လာသည်ကို မြင်သောအခါ အန်းယွဲ့က ပြောလိုက်သည်။
“အားလုံး အခန်းတစ်ခန်းတည်းမှာ နေရတာ နည်းနည်းတော့ အဆင်မပြေဘူး။ ဟို အလုပ်ရုံနှစ်ခုထဲက တစ်ခုကို ရှင်းလင်းပြီး အဲ့ဒီထဲ ပြောင်းနေရင် ဘယ်လိုလဲ။”
“ဟုတ်တယ်။ အဲ့ဒီအလုပ်ရုံတွေက တကယ်ကောင်းတယ်။”
ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။
“ခင်ဗျားတို့ကို ခေါ်လာပြီးမှ စက်ရုံထဲမှာ ဘယ်လိုပေးနေလို့ဖြစ်ပါ့မလဲ။ ကျုပ် အားလုံး ပြင်ဆင်ပြီးသားပါ။”
ထို့နောက် ရှောင်းယီသည် သူတို့ကို ဂိုဒေါင်အဖြစ် သုံးထားသည့် စက်ရုံဆီသို့ ခေါ်သွားပြီး အထဲမှ သစ်သားအိမ် ထုတ်လုပ်မီုပုံစံနှစ်ခုနှင့် ကျောက်တုံးအိမ်ထုတ်လုပ်မှုပုံစံ တစ်ခုကို ထုတ်ယူလိုက်လေသည်။
“ဒါဆိုရင်တော့ အားလုံး နေဖို့ လုံလောက်သွားပါပြီ။”
ရှောင်းယီက လက်ထဲမှ ထုတ်လုပ်မှုပုံစံများကို ဝှေ့ယမ်းပြရင်း ပြောလိုက်၏။ ထိုထုတ်လုပ်မှုပုံစံများကို မြင်သောအခါ အန်းယွဲ့နှင့် တခြားသူများမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။
“ဒါဆိုရင်တော့ တကယ်ကို ပြည့်စုံသွားပြီ။”
အဆုံးတွင်တော့ အလုပ်ရုံမှာ အလွန်ကြီးမားလွန်းလှ၏။ နွေရာသီတွင် အဆင်ပြေသော်လည်း ဆောင်းဝင်လာလျှင် အတော်လေး ချမ်းပေလိမ့်မည်။ သို့သော် ဤအိမ်လေးများဖြင့်ဆိုလျှင်မူ တစ်မျိုး ကွဲပြားသွားပြီဖြစ်သည်။ နေရာကျဉ်းကျဉ်းလေးက ပို၍ နွေးထွေးသည် မဟုတ်ပါလား။
“ဒီညတော့ တိုက်ခန်းထဲမှာပဲ အဆင်ပြေသလို အိပ်ကြတာပေါ့။ မနက်ဖြန်ကျမှ အိမ်ဆောက်ဖို့ နေရာလွတ် ရှာကြမယ်။”
ရှောင်းယီက ပြောလိုက်သည်။ အားလုံးလည်း ခေါင်းငြိမ့်လိုက်ကြလေသည်။ ထိုစဉ်...
ဝုတ် ဝုတ် ဝုတ်
ဝမ်ချိုင်၏ ဟောင်သံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။ အားလုံး အပြင်သို့ ထွက်ကြည့်လိုက်ကြရာ ပစ္စည်းသေတ္တာရှစ်လုံး တန်းစီလျက် ရှိနေသည်ကို တွေ့လိုက်ကြရသည်။ ဝမ်ချိုင်မှာမူ ဘေးနားတွင် အမြီးကို အဆက်မပြတ် ခါရမ်းနေလေ၏။
“ပစ္စည်းသေတ္တာတွေ အများကြီးပဲ။ နှစ်ရက်စာ စုထားတာလား။”
အန်းယွဲ့က အံ့သြတကြီး မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“ဒါတွေက ဒီနေ့ တစ်နေ့တည်း ရထားတာတွေပါ။”
လူတိုင်း မှင်တက်သွားခဲ့ကြလေသည်။ တစ်နေ့တည်းတွင် ပစ္စည်းသေတ္တာ ရှစ်လုံး ရသည်ဆိုသည်မှာ မည်သို့သော အယူအဆမျိုးနည်း။ တခြားသူများအတွက် တစ်နေ့ သုံးလုံးရလျှင်ပင် အများကြီးဟု သတ်မှတ်နေရခြင်း ဖြစ်သည်။
“ခဏလေး...မင်း တစ်နေ့လုံး ကျွန်းပေါ်မှာ ရှိနေတာ မဟုတ်ဘူး မဟုတ်လား။”
အန်းယွဲ့က နောက်ထပ် ပြဿနာတစ်ခုကို သတိထားမိသွားခဲ့သည်။
“ဒါကို ကျုပ် ရှင်းပြနိုင်ပါတယ်။”
ကျန်းယွင်ထျန်းက ဝင်ပြောလိုက်သည်။
“မင်း ကူဖမ်းပေးထားတာလား။”
ယွမ်နွန်က မေးလိုက်၏။ အကြောင်းမှာ ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ ကျွန်းသို့ နံနက်ပိုင်းကတည်းက ရောက်နေခဲ့သောကြောင့်ပင်။
ကျန်းယွင်ထျန်းက ခေါင်းခါလိုက်သည်။
“ရှောင်းယီမှာ အလိုအလျောက် ငါးဖမ်းပိုက်ရှိတယ်။”
“ဘာ...။”
အန်းယွဲ့နှင့် ယွမ်နွန်တို့ နှစ်ယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတောြသည်။
ထိုအချိန်တွင် အလိုအလျောက် ငါးဖမ်းပိုက်မှာ သူတို့အနီးသို့ ဆိုက်ကပ်လာခဲ့သည်။ ရှောင်းယီက ရှေ့သို့ တိုးသွားပြီး စနစ်ကို ပြန်လည် သတ်မှတ်ရင်း ပြောလိုက်သည်။
“အစ်ကိုကျန်း ပြောတာ မှန်တယ်။ ဒါက အလိုအလျောက် ငါးဖမ်းပိုက်ပဲ။ ပစ်မှတ်ကို သတ်မှတ်ပေးလိုက်ရုံနဲ့ ပိုက်ကွန်ရဲ့ အချင်းဝက်အတွင်းမှာ ဘယ်ပစ္စည်းသေတ္တာမှ လွတ်အောင် မပြေးနိုင်ဘူး။”
ယွမ်နွန်က ချက်ချင်း သဘောပေါက်သွားခဲ့သည်။
“မင်းမှာ ပစ္စည်းတွေ အများကြီး ရှိနေတာ မဆန်းတော့ပါဘူး။”
“ဟုတ်တယ်။ ဒါက ကျုပ်ရဲ့အောင်မြင်မှုရဲ့ အုတ်မြစ်ပါပဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ညဘက်ဆိုရင်တော့ ပစ်မှတ်မထားဘဲ ငါးဖမ်းဖို့ သတ်မှတ်ထားလိုက်တယ်။ မနက်ကျရင် ပင်လယ်ငါးအချို့ ရိတ်သိမ်းလို့ ရတာပေါ့။”
“တခြားသူတွေ မင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုက်မမီတာ မဆန်းတော့ဘူး။ မင်းက ၂၄ နာရီပတ်လုံး မနားတမ်း ငါးဖမ်းနေတာပဲ။ ဘယ်သူက လိုက်မီမှာလဲ။”
ကျန်းယွင်ထျန်းက ခေါင်းခါရင်း ပြောလိုက်သည်။
ပြင်ဆင်ပြီးနောက် အလိုအလျောက် ငါးဖမ်းပိုက်မှာ ကမ်းခြေဘက်သို့ အလိုအလျောက် ပြန်လည် ထွက်ခွာသွားတော့သည်။ ထို့နောက် ရှောင်းယီသည် ပစ္စည်းသေတ္တာ ရှစ်လုံးဆီသို့ လျှောက်သွားပြီး အားလုံးကို ဖွင့်ကြည့်လိုက်သည်။
[ရရှိသည့်ပစ္စည်းများ: အုတ်မြစ်ကျောက် ၃၊ ကြေးနီ ၂၊...]
[ရရှိသည့်ပစ္စည်းများ: ခြည်ငင်စက် ထုတ်လုပ်မှုပုံစံ၁၊ ကျောက်တုံး ၃၊...]
[ရရှိသည့်ပစ္စည်းများ: အုတ်မြစ်ကျောက် ၂၊ သံ ၃၊...]
[ရရှိသည့်ပစ္စည်းများ: တစ်ယောက်အိပ်ကုတင် ထုတ်လုပ်မြှပုံစံ ၁၊...]
...
ပစ္စည်းသေတ္တာ ရှစ်လုံးထဲတွင် အုတ်မြစ်ကျောက် ၇ ခု၊ ထုတ်လုပ်မှုပုံစံပြကတ် ၂ ခုနှင့် ကျန်သည်မှာ အခြေခံပစ္စည်းများသာ ဖြစ်သည်။ တစ်ယောက်အိပ်ကုတင် ထုပ်လုပ်မှုပုံစံပြက ရှောင်းယီတွင် ရှိပြီးသား ဖြစ်ရာ ဂိုဒေါင်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။ ထို့နောက် ခြည်ငင်စက် ထုပ်လုပ်မှုပုံစံကို စိတ်ဝင်တစား ကောက်ကိုင်ကြည့်လိုက်သည်။
[ခြည်ငင်စက် ထုတ်လုပ်မှုပုံစံ]: သစ်သား၂၀၊ တိရစ္ဆာန်အကြော၂၊ သံ ၁၀၊ ကြေးနီ ၁၅။
“လောင်ယွမ် ဒီခြည်ငင်စက်ဆိုတာ ဘာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ခြည်ငင်စက်ဆိုတာက လျှော်မျှင်တွေကို ခြည်မျှင်ဖြစ်အောင် ငင်ပြီးတော့ အဲဒီ ခြည်မျှင်တွေကို အဝတ်အထည် ရက်လုပ်ဖို့ သုံးတာမျိုးပဲ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။
“ဒါတွေက ရှေးဟောင်းပစ္စည်းတွေ ဖြစ်ကုန်ပါပြီ။ အရင်က ငါ့အိမ်မှာ တစ်လုံး ရှိဖူးတယ်။ အခုခေတ်မှာတော့ အားလုံးက အလိုအလျောက် စနစ်သုံး စက်ကြီးတွေ ဖြစ်ကုန်ပြီလေ။”
ထိုအခါ အန်းယွဲ့က ပြုံးကာ ပြောလိာပ်သည်။
“ဦးလေးယွမ် အခု ဒါက ရှေးဟောင်းပစ္စည်း မဟုတ်တော့ပါဘူး။ ဘာလို့ဆို ကျုပ်တို့ဆီမှာ အခု အလိုအလျောက် စက်တွေ မရှိတော့ဘူးလေ။”
ယွမ်နွန် အနည်းငယ် မှင်တက်သွားပြီးနောက် ရယ်မောလိုက်၏။
“ရှောင်းယီရဲ့ ကျွန်းပေါ်က အခြေအနေတွေက သိပ်ကောင်းနေတော့ ငါတို့ရဲ့ လက်ရှိ အခြေအနေကို ငါ မေ့သွားခဲ့တယ်။”
“ကျုပ် နားလည်ပါပြီ။ ဒီခြည်ငင်စက်က ရက်ကန်းစက်အတွက် ကုန်ကြမ်းတွေ ထောက်ပံ့ပေးမှာပေါ့။ ရက်ကန်းစက်က အရင်ကတည်းက လုပ်ထားပြီးသားဆိုတော့ အခု ကုန်ကြမ်းပဲ လိုတော့တယ်။”
“နေပါဦး...။ ဒီစက်နှစ်လုံးကို သုံးတတ်တဲ့သူလည်း ငါတို့မှာ လိုသေးတယ်လေ။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။အဆုံးတွင် ဤစက်နှစ်လုံးလုံးမှာ အလိုအလျောက် စနစ်များ မဟုတ်ပေ။
ထိုစကားကိုကြားသောအခါ ရှောင်းယီ တန့်သွား၏။
“ဟုတ်သားပဲ။ ဒီလို ရှေးဟောင်းစက်တွေကို သုံးတတ်တဲ့သူ ရှာဖို့တော့ ခက်လိမ့်မယ်။”
“မခက်ပါဘူး။”
အန်းယွဲ့က ပြောလိုက်သည်။
“အန်းရန်ရဲ့ အမေက သုံးတတ်တယ်လေ။”
“အန်တီက အရမ်းတော်တာပဲ။ ကျုပ် မထင်ထားခဲ့ဘူး။”
ရှောင်းယီက အံ့သြစွာ ပြောလိုက်သည်။
“လီယန်က ငယ်ငယ်ကတည်းက ခြည်ငင်တာနဲ့ ရက်ကန်းပညာကို သင်ခဲ့တယ်။ ပြီးတော့ အိမ်မှာလည်း အဲ့ဒီစက်နှစ်လုံး ရှိနေတော့ သဘာဝအတိုင်း တတ်မြောက်ထားတာပါ။”
အန်းယွဲ့က ရှင်းပြလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။
“ကျုပ်တို့ အဝတ်သစ်တွေ ဝတ်ချင်ရင်တော့ အန်တီ့ကို ရှာတွေ့မှ ဖြစ်တော့မယ်။”
“အခု သူ ဘယ်မှာလဲ၊ အသက်ရှင်သေးရဲ့လား ဆိုတာပဲ မသိတာ။”
အန်းယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။
“အန်တီ အဆင်ပြေမှာပါလို့ ယုံကြည်ထားလိုက်ပါ။”
ရှောင်းယီက နှစ်သိမ့်ပေးလိုက်သည်။
ထိုအချိန်တွင် အန်းရန်နှင့် ဆုဝမ်တို့သည်လည်း ရေချိုးပြီးသွားပြီ ဖြစ်၍ သူတို့ကို လှမ်းခေါ်လိုက်၏။
“ပြန်လာပြီး ထမင်းစားကြတော့။”
“ကောင်းပြီ။”
ရှောင်းယီက တုံ့ပြန်လိုက်ပြီး အားလုံးကို ပြောလိုက်သည်။
“အရင်ဆုံး စားကြရအောင်။ တခြားဟာတွေကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့။”
ထို့နောက် လူတိုင်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တိုက်ခန်းထဲသို့ ပြန်ဝင်လာခဲ့ကြ၏။ ရှောင်းယီသည် ပလတ်စတစ်ဖြင့် ဖန်ခွက်အချို့ ပြုလုပ်ကာ လူတိုင်းအတွက် S အဆင့် ရေသန့် တစ်ခွက်စီ လောင်းထည့်ပေးလိုက်သည်။
“ဒါက သိပ်မများပေမဲ့ S အဆင့် ရေသန့်တွေပါ။ အားလုံးပဲ ဒီကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်။ နောင်ကျရင် ကျုပ်တို့ကျွန်းကို အင်အားအကြီးဆုံး ကျွန်းဖြစ်အောင် အတူတူ တည်ဆောက်ကြမယ်။”
ရှောင်းယီက ဖန်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
၎င်းသည် S အဆင့် ရေသန့် ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများ လင်းလက်သွားခဲ့ကြလေသည်။ ကျန်းယွင်ထျန်းနှင့် တခြားသူများသည် ရှောင်းယီပေးခဲ့သော A အဆင့် ရေသန့်ကို သောက်ခဲ့ဖူးပြီး သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ကြသည်။ ယခု ရေ၏ အဆင့်မှာ ထပ်မံ မြင့်တက်သွားပြီဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်ကို ပိုမို ကြံ့ခိုင်စေမည်မှာ အသေအချာပင်။
“ကောင်းပြီ။”
လူတိုင်းက ဖန်ခွက်များကို တစ်ယောက်ပြီးတစ်ယောက် မြှောက်ကာ တုံါပြန်လိုက်လေ၏။
လူတိုင်းသည် ချိုမြိန်အေးမြသော စမ်းရေကဲ့သို့ အရသာရှိသည့် ရေကို တစ်ငုံချင်းစီ အရသာခံ သောက်လိုက်ကြ ယလေသည်။
“စစားကြရအောင် အားလုံးပဲ။”
ရှောင်းယီက ဝက်သားကင်တစ်တုံးကို ယူကာ ဝမ်ချိုင်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်ပြီးနောက် ပြောလိုက်၏။
အားလုံးက ဝမ်ချိုင်ကို ကြည့်ကာ အံ့သြသွားခဲ့ကြလေသည်။
“ဘာဖြစ်လို့လဲ။”
ရှောင်းယီက လူတိုင်းကို ကြည့်ကာ မေးလိုက်သည်။ ဝမ်ချိုင်ပင်လျှင် ခေါင်းလေးစောင်းကာ အားလုံးကို ကြည့်နေခဲ့လေသည်။
ဤသည်မှာ ရှောင်းယီအတွက်တော့ အလွန် ပုံမှန်ဖြစ်သည့် ကိစ္စတစ်ခုပင်။ သူ အသားကင်သည့် အခါတိုင်း ဝမ်ချိုင်အတွက်ပါ နှစ်ဆ ပြင်ဆင်ပေးလေ့ ရှိသည် မဟုတ်ပါလား။