← Chapters

လူက ခွေးလောက်မသာ၊ အုန်းရည်နှင့် ကျွန်းကို ချဲ့သင့်၊ မချဲ့သင့်

Vol. 8 Ch. 116

လူက ခွေးလောက်မသာ၊ အုန်းရည်နှင့် ကျွန်းကို ချဲ့သင့်၊ မချဲ့သင့်

Vol. 8 Ch. 116

ယခုတစ်ကြိမ် အန်းရန်နှင့် ဆုဝမ်တို့ ဟင်းချက်စဉ်ကပင် ရှောင်းယီသည် လူပိုနှစ်ယောက်စာအတွက် အစားအစာ လုံလုံလောက်လောက် ပြင်ဆင်ရန် ကြိုတင်သတိပေးထားခဲ့၏။

အစပိုင်းတွင် အန်းရန်သည် ရှောင်းယီ၏ ခန္ဓာကိုယ် သန်မာလာသည်နှင့်အမျှ သူ၏ အစားအသောက် အာသီသမှာ ပိုကြီးလာသည်ဟု ထင်ခဲ့ခြင်းဖြစ်သော်လည်း ထိုအပိုနှစ်စုမှာ အမှန်တကယ်တော့ ဝမ်ချိုင်အတွက် ပြင်ဆင်ထားခြင်း ဖြစ်ဖြစ်လိမ့်မည်ဟုတော့ သူမ မထင်မှတ်ထားခဲ့ပေ။

အန်းရန်က ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒီဝက်သားကင် တစ်တုံးအတွက် အပြင်မှာဆိုရင် လူဘယ်နှယောက်များ အရူးအမူး တိုက်ခိုက်ကြမလဲဆိုတာ နင်သိရဲ့လား။ သူတို့ နင့်ဆီမှာ အသက်ကိုတောင် လာရောင်းကြလိမ့်မယ်။”

လူတိုင်း ဘာကြောင့် အံ့သြနေကြသည်ကို ရှောင်းယီ ချက်ချင်းပင် နားလည်သွားတော့သည်။

“သူတို့ရဲ့ အသက်တွေကို ငါဂရုမစိုက်ဘူး။ ဝမ်ချိုင်က ပိုပြီး အသုံးတည့်တယ်။”

သူက ပြောလိုက်သည်။

“ဝုတ် ဝုတ်”

ဝမ်ချိုင်ကလည်း ထောက်ခံသည့်အလား နှစ်ချက်ဟောင်လိုက်၏။

“ဟင်း...ဝက်သားကင် တစ်တုံးနဲ့တောင် မင်းပါးစပ်ကို ပိတ်လို့မရဘူးလား။”

ရှောင်းယီက ပြုံးကာ သူ့ကို ဆူပူလိုက်သည်။

“အားလုံးပဲ အမြန်စားကြပါ။ အေးကုန်တော့မယ်။”

သူက တိုက်တွန်းလိုက်သည်။ အားလုံးလည်း ခေါင်းခါလိုက်မိကြ၏။ ဤသည်မှာ တကယ့်ကို လူက ခွေးလောက်မသာသော အဖြစ်အပျက်ပါပဲလားဟု စိတ်ထဲမှ သက်ပြင်းချမိလိုက်ကြတော့လေသည်။ ထို့နောက် သူတို့သည် သက်ပြင်းချခြင်းကို အစားအသောက် အာသီသအဖြစ် ပြောင်းလဲကာ အားရပါးရ စားသောက်ကြတော့သည်။

လူတိုင်း ဗိုက်တော်တော်လေး ပြည့်သွားချိန်၌ ရှောင်းယီက စကားစလိုက်သည်။

“နောက်ထပ် တာဝန်တွေကို ကျုပ် ခွဲဝေပေးမယ်။ လောင်ယွမ်...ဦးလေးက စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူပေးပါ။”

“ပြဿနာမရှိဘူး။”

ယွမ်နွန်က ရင်ဘတ်ကို ပုတ်ကာ ချက်ချင်း ပြောလိုက်သည်။

“အစ်ကိုကျန်း...မင်းက လုံခြုံရေးကဏ္ဍကို တာဝန်ယူပေးပါ။ ပင်လယ်သတ္တဝါတွေရဲ့ နေ့စဉ် တိုက်ခိုက်မှုတွေကိုလည်း မင်းပဲ ကိုင်တွယ်ပေးရမယ်။ ဒါပေမဲ့ မင်း မဖြေရှင်းနိုင်တဲ့ အရာမျိုး ရှိလာရင်တော့ ငါ့ကို ခေါ်လိုက်ပါ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်၏။ သူသာ ရှောင်းယီနှင့်အတူ ဆုဝမ်ကို သွားမကယ်ခဲ့လျှင် ရှောင်းယီ၏ စကားကို ကြားရသည်မှာ ကျေနပ်စရာ ကောင်းလိမ့်မည် မဟုတ်ပေ။ ‘မင်း မဖြေရှင်းနိုင်ရင် ငါ့ကိုခေါ်လိုက်’ ဆိုသည်မှာ သူက ရှောင်းယီထက် အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

သို့သော် ရှောင်းယီက ကျိုးရွှမ်းဝူကို တစ်ချက်တည်းနှင့် ပင်လယ်ထဲ လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်ကို မြင်ခဲ့ရကတည်းက အင်အားရော အရှိန်အဟုန်ပါ သူသည် ရှောင်းယီထက် အမှန်တကယ် နိမ့်ကျကြောင်း ကျန်းယွင်ထျန်း သိရှိသွားခဲ့ရလေသည်။

“ဦးလေးယွဲ့...ဦးလေးက ထုတ်လုပ်မှု စီစဉ်ညွှန်ကြားရေးနဲ့ အစီအစဉ်ရေးဆွဲရေးကို တာဝန်ယူပေးပါ။”

ရှောင်းယီက ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။

“ရပါတယ်။ ပြဿနာမရှိဘူး။”

အန်းယွဲ့သည် အခြေခံဝန်ထမ်းဘဝမှ ကုမ္ပဏီအုပ်စုကြီးတစ်ခု၏ ဥက္ကဋ္ဌအထိ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့သူဖြစ်ရာ ဤကဲ့သို့သော ထုတ်လုပ်မှု စီစဉ်ညွှန်ကြားရေးမှာ သူ့အတွက်တော့ အေးဆေးပင်။ အစောပိုင်း ကာလများတွင် သိပ်မအားသော်လည်း နောက်ပိုင်းတွင်တော့ အလုပ်များလာမည်မှာ အသေအချာပင်။

“အန်းရန်နဲ့ ဆုဝမ် မင်းတို့ နှစ်ယောက်ကတော့ ထောက်ပံ့ရေး ဝန်ထမ်းတွေပေါ့။ နေ့စဉ် လောင်ယွမ်ကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကိစ္စတွေမှာ ကူညီပေးရမယ်။ ပြီးတော့ ဟင်းချက်ရမယ်။ ငါတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ့် သတင်းအချက်အလက်တွေ စုဆောင်းနိုင်အောင် ‘ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ တစ်ယောက်ယောက် အမြဲရှိနေဖို့ လိုလိမ့်မယ်။”

ရှောင်းယီက တာဝန်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

“ကျုပ်ကတော့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို တာဝန်ယူမယ်။ ခင်ဗျားတို့ရဲ့ သဘောထားတွေကို ကျုပ် တောင်းခံမှာပါ။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကျုပ်ရဲ့ စံနှုန်းပဲ ဖြစ်လိမ့်မယ်။ အားလုံးမှာ မေးစရာ ရှိသေးလား။”

ရှောင်းယီက အဆုံးသတ်တွင် မေးလိုက်သည်။

“မရှိပါဘူး။”

အားလုံးက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

“ဦးဦးရှောင်းယီ သားကရော ဘာလုပ်ရမှာလဲ။”

ကျွင်းကျွင်းက လက်ကလေးမြှောက်ကာ တိုးတိုးလေး မေးလာခဲ့သည်။

“အော်... ကျွင်းကျွင်းကို မေ့တော့မလို့။ အခုလောလောဆယ် သားက အများကြီး သင်ယူဖို့ လိုတယ်။ သား ကြိုက်တာ ရွေးလို့ရတယ်။ ဘိုးဘိုးယွမ်နွန်၊ ဘိုးဘိုးအန်းယွဲ့၊ ဦးဦး ဒါမှမဟုတ် သားရဲ့ ဖေဖေ၊ ဘယ်သူ့ဆီမှာ ဖြစ်ဖြစ် သင်လို့ရတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျွင်းကျွင်းက စစ်သားလေးတစ်ယောက်လို အလေးပြုရင်း ပြန်ဖြေလိုက်၏။ လူတိုင်း ရယ်မောလိုက်ကြသည်။

“အန်းရန် ခဏနေရင် အိပ်ခန်းထဲသွားပြီး စောင်အချို့ သွားယူလိုက်ဦး။ ဒီညတော့ တိုက်ခန်းထဲမှာပဲ ဖြစ်သလို အိပ်ကြတာပေါ့။ ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။”

အန်းရန်က တုံ့ပြန်လိုက်ပြီး ဆုဝမ်လည်း စောင်သွားယူရန် လိုက်သွားလိုက်သည်။

အပြည့်အစုံ ပြင်ဆင်ထားသည့် ဤတိုက်ခန်းတွင် ရာသီဥတုအလိုက် အသုံးပြုရန်အတွက် စောင် နှစ်စုံ သုံးစုံခန့် အမြဲ ရှိနေတတ်သည်။ ကုတင်ပေါ်ရှိ စောင်အပြင် ဘီရိုထဲတွင်လည်း အများကြီး ရှိသေးသဖြင့် စောင်မလောက်မည်ကို စိုးရိမ်စရာ မလိုပေ။

“ငါ အရင်အပြင်ထွက်ပြီး စိုက်ခင်းထဲက သီးနှံတွေကို သွားကြည့်လိုက်ဦးမယ်။ အစာကြေအောင် လမ်းလျှောက်တာပေါ့။”

ယွမ်နွန်က မတ်တတ်ရပ်ရင်း ပြောလိုက်၏။

“ငါလည်း ပတ်ဝန်းကျင်ကို တစ်ချက်လောက် သွားကြည့်ဦးမယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“အစ်ကိုကျန်း ညဘက် တောထဲကိုတော့ မသွားနဲ့ဦး။ နည်းနည်း အန္တရာယ်ရှိတယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“ကောင်းပြီ။ ငါ အနီးအနားမှာပဲ လမ်းလျှောက်မှာပါ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ငါ ရွက်သင်္ဘောပေါ် သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဘာသတင်းတွေ တက်နေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။”

အန်းယွဲ့က ပြောလိုက်သည်။ သူသည် အန်းရန်၏ အမေဖြစ်သူ လီယန်၏ သတင်းကို ရလိုရငြား မျှော်လင့်နေခြင်း ဖြစ်သည်။ ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အိပ်ခန်းထဲတွင် ရှိသဖြင့် သူ ဝင်သွားရန်မှာ အဆင်မပြေပေ။

လူတိုင်း အစာကြေစေရန် အပြင်သို့ ထွက်သွားကြစဉ် အန်းရန်နှင့် ဆုဝမ်တို့က ပန်းကန်ခွက်ယောက်များကို ဆေးကြော၊ ဧည့်ခန်းကို တံမြက်စည်းလှည်းကာ အိပ်ရာများ ခင်းကျင်းကြတော့သည်။

ရှောင်းယီသည် S အဆင့်မြေဆီလွှာရှိသော ပန်းခြံဆီသို့ လျှောက်သွားလိုက်ရာ အုန်းပင်ပေါ်မှ အုန်းသီးများ ရင့်မှည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် ချက်ချင်းပင် အပင်ပေါ်တက်ကာ အုန်းသီး ၆ လုံး ခူးပြီး အခန်းထဲသို့ ယူလာခဲ့လိုက်သည်။

“ခဏနေရင် အပေါက်ဖောက်ပြီး လူတိုင်းကို သဘာဝစစ်စစ် အုန်းရည်ကို မြည်းကြည့်ခိုင်းလိုက်ပါ။ ဒါက အစ်ကိုကျန်း ပေးထားတဲ့ အုန်းမျိုးစေ့ကနေ ရတာ။”

“အင်း”

ဆုဝမ်က ထိုအုန်းသီးများကို ယူကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်လေသည်။

နာရီဝက်ခန့် ကြာပြီးနောက် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြ၏။ ယွမ်နွန်တွင် စိုက်ခင်းများ စီစဉ်ရန် အကြံဉာဏ်အချို့ ရနေပြီဖြစ်သည်။ ရှောင်းယီက ကျွန်းပေါ်တွင် အနည်းဆုံး ခြောက်လစာ အစားအစာ ရိက္ခာစုဆောင်းထားနိုင်ရန် သူ့ကို အပြည့်အဝ တာဝန်ပေးထားခဲ့လေသည်။

အန်းယွဲ့ကမူ လီယန်၏ သတင်းကို မရရှိခဲ့ပေ။ အချိန်မှာ အလွန်နောက်ကျနေပြီ ဖြစ်သဖြင့် ကျန်းယွင်ထျန်းလည်း ကျွန်းတစ်ခုလုံး၏ အခြေအနေကို မမြင်ခဲ့ရဘဲ အနီးအနားကိုသာ လမ်းလျှောက်နိုင်ခဲ့သည်။

အားလုံး တိုက်ခန်းသို့ ပြန်ရောက်လာသောအခါ ဆုဝမ်က အုန်းရည်များကို အဆင်သင့် လောင်းထည့်ပြီး လူတိုင်းကို တည်ခင်းပေးလိုက်သည်။

“ဒါက အစ်ကိုကျန်း ရခဲ့တဲ့ S အဆင့်အုန်းပင်ကရတဲ့ အသီးတွေပဲ။ S အဆင့် အုန်းရည်ပေါ့။”

ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။

“ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်အောင် အားလုံး တစ်ခွက်စီ သောက်လိုက်ကြပါ။”

S အဆင့်ရေသန့်ကို သောက်ပြီးခါစတွင် ယခု S အဆင့်အုန်းရည်ကိုပါ သောက်ရပြန်သဖြင့် ရှောင်းယီ၏ နေရာတွင် ရှိသမျှ အစားအစာအားလုံးမှာ အဆင့်မြင့်ပစ္စည်းများချည်း ဖြစ်နေသည်ဟု လူတိုင်း ခံစားလိုက်ကြရသည်။

လူတိုင်း၏ မျက်နှာအမူအရာကို ကြည့်ကာ ရှောင်းယီက ဆက်ပြောလိုက်သည်။

“အဆင့်မြင့် အစားအစာတွေက အကန့်အသတ် ရှိပါတယ်။ ခင်ဗျားတို့ အားလုံးအတွက် အဆင့်မြင့် အစားအစာတွေ ရနိုင်သမျှ ကျုပ် ကြိုးစားပေးမှာပါ။ ဒါပေမဲ့ အမြဲတမ်း အဆင့်မြင့်တာပဲ စားရမယ်လို့တော့ ကျုပ် အာမမခံနိုင်ဘူးနော်။”

ထိုအခါ ယွမ်နွန်က ခေါင်းခါလိုက်သည်။

“ငါကတော့ ဒီနည်းလမ်းကို သဘောမတူဘူး။”

ယွမ်နွန်က ရှောင်းယီ၏ စကားကို ငြင်းဆိုလိုက်သဖြင့် အားလုံး အံ့သြသွားခဲ့ကြသည်။ ရှောင်းယီက ယွမ်နွန်ကို ကြည့်ကာ မေစလိုက်၏။

“ဒါဆို ဦးလေးရဲ့အမြင်အရ ဘယ်လိုဆိုရင် ပိုသင့်တော်မလဲ။”

“အားလုံးသိတဲ့အတိုင်း အဆင့်မြင့် အစားအစာတွေက ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးတက်စေတယ်။ ဒီကျွန်းပေါ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အတိုးတက်ဆုံးဖြစ်ဖို့ လိုအပ်တဲ့သူတွေက ဘယ်သူတွေ ဖြစ်မလဲ။”

ယွမ်နွန်က မေးခွန်းထုတ်လိုက်သည်။

လူတိုင်းလည်း စဉ်းစားလိုက်ကြသည်။ သို့သော်လည်း ယွမ်နွန်က မည်သူ့အဖြေကိုမှ မစောင့်ဘဲ ဆက်ပြောလိုက်သည်။

“ကျွန်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးမယ့်သူတွေက ခန္ဓာကိုယ် အကြံ့ဖို့ အလိုအပ်ဆုံးပဲ။ အဲ့ဒါကြောင့် အဆင့်မြင့် အစားအစာတွေကို ရှောင်းယီနဲ့ ကျန်းယွင်ထျန်း တို့ကိုပဲ အဓိက ထောက်ပံ့ပေးဖို့ ငါ အကြံပြုချင်တယ်။ ပိုလျှံတာရှိမှ တခြားသူတွေကို ရံဖန်ရံခါ ပေးတာ ပိုကောင်းလိမ့်မယ်။”

အန်းယွဲ့ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။

“မှန်ပါတယ်။ အရင်က ကျွန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့သလိုပေါ့။ လူတိုင်းရဲ့ ကျွန်းက ရှောင်းယီရဲ့ ကျွန်းလို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရင်းအမြစ်တွေကို စုစည်းပြီး တစ်ယောက် ဒါမှမဟုတ် လူတစ်စုရဲ့ ကြံ့ခိုင်မှုကိုပဲ မြှင့်တင်ပေးသင့်တယ်။ ဒါဆို နောင်ကျရင် ပိုကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့မှာ ပိုပြီး လုံခြုံမှု ရှိလာလိမ့်မယ်။ ဒီလိုကိစ္စမျိုးမှာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားတာက မကောင်းဘူး။”

တခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြ၏။ ရှောင်းယီသည်လည်း သူတို့နှစ်ဦး၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

“ကောင်းပါပြီ။ လောလောဆယ် ကျွန်းပေါ်မှာ အမြင့်ဆုံး အဆင့်က S အဆင့်ပဲ။ အဲ့ဒါကြောင့် S အဆင့်အစားအစာတွေကို ကျုပ်နဲ့ အစ်ကိုကျန်းကိုပဲ အဓိက ထားပြီး ကျန်တာတွေကိုတော့ အားလုံးကို အညီအမျှ ခွဲဝေပေးမယ်။”

“ကောင်းပါပြီ။”

ရှောင်းယီက ဆက်ပြောသည်။

“ကျွန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ပြောရရင် ပြီးခဲ့တဲ့ ရက်အနည်းငယ်က အထောက်အပံ့သေတ္တာတွေထဲက ရတာရယ်၊ ခင်ဗျားတို့ ကျွန်းတွေကနေ ပါလာတဲ့ အုတ်မြစ်ကျောက်တွေရယ် ပေါင်းလိုက်ရင် အားလုံး ၅၂ ခု ရှိတယ်။ ကျုပ်ရဲ့ အကြံကတော့ အုတ်မြစ်ကျောက် ၁၀ ခုကို အရံသိမ်းထားပြီး ကျန်တာတွေနဲ့ ကျွန်းရဲ့ ဧရိယာကို ဆက်ပြီးတိုးချဲ့ချင်တယ်။ ဒါပေမဲ့ ကျွန်းဧရိယာ ကျယ်လာလေ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေ ပိုများလာလေ ဖြစ်နိုင်တယ်။ အားလုံးရဲ့ သဘောထားလေးတွေ ပြောပေးကြပါဦး။”

All Chapters