← Chapters

ပလတ်စတစ်များ ရရှိခြင်းနှင့် S အဆင့် ဝါဂွမ်းစေ့များ

Vol. 8 Ch. 119

ပလတ်စတစ်များ ရရှိခြင်းနှင့် S အဆင့် ဝါဂွမ်းစေ့များ

Vol. 8 Ch. 119

“ထောက်ပံ့ရေးသေတ္တာတွေ အရမ်းများနေတာလား။”

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ အလိုအလျောက် ငါးဖမ်းပိုက်ကို အလုပ်ပေးပြီးနောက် သူသည် အန်းယွဲ့နောက်သို့ လိုက်ကာ ကမ်းခြေသို့ ထွက်လာခဲ့လိုက်သည်။

အပြင်သို့ လှမ်းကြည့်လိုက်ရာ ကျွန်းအနီးတွင် ထောက်ပံ့ရေးသေတ္တာ တော်တော်များများ မျောပါနေသည်မှာ အမှန်ပင် ဖြစ်သည်။

“လူဦးရေ တိုးလာလေ၊ အခက်အခဲက မြင့်တက်လာလေပဲ။ အဲ့ဒါကြောင့် ထောက်ပံ့ရေးသေတ္တာတွေကလည်း အချိုးကျ တိုးလာတာ ဖြစ်ရမယ်။”

ရှောင်းယီက သူ့ဘာသာ ရေရွတ်လိုက်သည်။

သို့သော် ဤမျှသာဆိုလျှင် ပြဿနာမရှိပေ။ မိမိကျွန်းသည် အခြားသူများထက် အဆပေါင်းများစွာ သာလွန်နေဆဲဖြစ်ကြောင်း ရှောင်းယီ ယုံကြည်ထားသည်။

ထိုစဉ် ယွမ်နွန်သည် ကျွန်းအတွင်းပိုင်းမှ ထွက်လာပြီး ပြောလာခဲ့သည်။

“ရှောင်းယီ ငါ ပလတ်စတစ်တွေ အများကြီး လိုနေတယ်။”

“ဘာလုပ်ဖို့လဲ ဦးလေး။”

ရှောင်းယီက နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“ပလတ်စတစ် အမိုးအကာ လုပ်ဖို့လေ။ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ။ ဒီအကာတွေရှိမှ စိုက်ပျိုးရေး ဖန်လုံအိမ်လေးတွေ ဆောက်ပြီး ဟင်းသီးဟင်းရွက်တွေကို နောက်ထပ် ရာသီအနည်းငယ်အထိ စိုက်လို့ရလိမ့်မယ်။”

ယွမ်နွန်က ရှင်းပြလိုက်သည်။

“ဘယ်လောက်တောင် လိုလို့လဲ။”

“စိုက်ခင်း တစ်ကွက်စာအတွက် ပလတ်စတစ်အကာ စတုရန်းမီတာ ၁၀၀ လောက် လိုလိမ့်မယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီသည် အိမ်ထဲသို့ ပြန်ဝင်ကာ ကျောက်တိုင် ထုတ်လုပ်ရေးစာမျက်နှာတွင် ပလတ်စတစ်အကာ ထုတ်လုပ်သည့် ရွေးချယ်စရာကို ရှာလိုက်၏။ ၎င်းအတွက် ထုတ်လုပ်မှုပုံစံမလိုသော်လည်း ပလတ်စတစ် ကုန်ကြမ်း အမြောက်အမြား လိုအပ်ပေသည်။

[ပလတ်စတစ် အမိုးအကာ] : ၁ စတုရန်းမီတာအတွက် ပလတ်စတစ် ၁၀ ခု။

သူ့ထံရှိ ပစ္စည်းစာရင်းကို စစ်ဆေးကြည့်ရာ ပလတ်စတစ် ၄၀၀ သာ ကျန်တော့သည်ကို အံ့သြစွာ တွေ့လိုက်ရလေသည်။ အရင်က ရရှိထားသော ထုပ်လုပ်မှုပုံစံများမှာ ပလတ်စတစ် သိပ်မသုံးသဖြင့် သူသည် ဤပစ္စည်းကို အထူးတလည် မစုဆောင်းခဲ့မိပေ။

“ကျုပ် အစီအစဉ် တစ်ခုလုပ်လိုက်ဦးမယ်။ ပလတ်စတစ်တွေ လုံလောက်အောင် ရပြီဆိုတာနဲ့ ချက်ချင်း လုပ်ပေးပါ့မယ်။”

ရှောင်းယီက ဆိုသည်။ ယွမ်နွန်သည်လည်း ခေါင်းငြိမ့်ပြကာ စိုက်ခင်းများရှိရာသို့ ပြန်ထွက်သွားခဲ့၏။

ထို့နောက် ရှောင်းယီ ဈေးကွက်ခန်းမသို့ ဝင်လိုက်တော့လေသည်။ ယခင် အရောင်းအဝယ်များကို မပြောင်းလဲဘဲ ပလတ်စတစ် ဝယ်ယူသည့် စာရင်းတစ်ခုကို ထပ်တိုးလိုက်သည်။

[သောက်ရေ] ၅၀ မီလီလီတာ (သို့မဟုတ်) [ပင်လယ်ငါး] ၂၀၀ ဂရမ် ကို [ပလတ်စတစ်] ၁ ခုနှင့် လဲပါမည်။ မှတ်ချက်- အများအပြား ရောင်းချသူများကို ဦးစားပေးမည်။

အများသုံးချန်နယ်တွင် တစ်စုံတစ်ယောက်က ဤထူးခြားသော အရောင်းအဝယ်ကို ချက်ချင်းပင် သတိပြုမိသွားတော့သည်။

“သူဌေးကြီးတစ်ယောက်က ပလတ်စတစ်တွေ စုနေပြီဟေ့။ ပလတ်စတစ်ရှိတဲ့သူတွေတော့ ကံကောင်းတော့မှာပဲ။”

“ဟုတ်တယ်။ ကျုပ် အခုလေးတင် ရေနဲ့ အစားအစာ လဲလိုက်ပြီ။”

“နောင်ကျရင် ပလတ်စတစ်က ရှားပါးပစ္စည်း ဖြစ်လာမလား မသိဘူး။”

တိလင်းထျန်းရှားသည်လည်း ထိုအရောင်းအဝယ်ကို မြင်သောအခါ အနည်းငယ်စဉ်းစားပြီး အံကြိတ်ကာ အရောင်းအဝယ်တစ်ခု တင်လိုက်တော့လေသည်။

[ရေသန့်] (C အဆင့်) ၁၀ မီလီလီတာ ကို [ပလတ်စတစ်] ၁ ခုနှင့် လဲပါမည်။ မှတ်ချက်- C အဆင့် ရေသန့်သည် လူ့ခန္ဓာကိုယ်အတွက် အလွန် အကျိုးရှိသည်။

ထိုစာရင်းကို မြင်သောအခါ လူတိုင်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြတော့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ။ သူဌေးကြီးတစ်ယောက်က C အဆင့် ရေနဲ့ ပလတ်စတစ်ကို လဲနေတယ်ဟ။”

“တကယ်လား။ သူ ဒါကို တကယ် ထုတ်လဲလိုက်တာလား။ မြန်မြန် သွားလဲမှပဲ။”

“၁၀ မီလီလီတာက သွားကြားတောင် မညပ်ဘူး။”

“အဆင့်ရှိတဲ့ အစားအစာနဲ့ ရေက ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်လေ။ ပလတ်စတစ် တစ်ခုနဲ့ လဲရတာ တန်ပါတယ်။”

လူတိုင်းသည် တိလင်းထျန်းရှားနှင့် သွားရောက်လဲလှယ်ကြသဖြင့် ရှောင်းယီ၏ အရောင်းအဝယ်မှာ ခေတ္တတာ လျစ်လျူရှုခံလိုက်ရသည်။ အမှန်စင်စစ် တိလင်းထျန်းရှားသည် အလွန်နှမြောနေသော်လည်း ရှောင်းယီထံမှ ဖောက်သည်လုရန်အတွက် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်ပေသည်။ အကြောင်းမှာ သူ့ထံတွင် အခြားပိုလျှံသော ရင်းမြစ်များ မရှိသောကြောင့်ပင်။

ရှောင်းယီကမူ ထိုအခြေအနေကို လုံးဝ ဂရုမစိုက်ပေ။ C အဆင့် ရေသန့်စက်သည် တစ်နေ့လျှင် ရေအနည်းငယ်သာ ထုတ်လုပ်နိုင်သဖြင့် သူ ထုတ်ရောင်းနိုင်သည့် ပမာဏမှာ အလွန်နည်းပါးလိမ့်မည်ဟု ရှောင်းယီ ခန့်မှန်းထားပေသည်။

မကြာမီမှာပင် တိလင်းထျန်းရှား၏ အရောင်းအဝယ်မှာ ပြီးဆုံးသွားခဲ့၏။ စုစုပေါင်း အကြိမ် ၄၀ သာ အရောင်းအဝယ် ဖြစ်ခဲ့သည်ကို သူတွေ့လိုက်ရသည်။

ရှောင်ယီက ပြုံးလိုက်မိသည်။

“မင်းကို ငါ အထင်ကြီးမိသွားပုံပဲ။”

တိလင်းထျန်းရှားသည် C အဆင့် ရေသန့် ၄၀၀ မီလီလီတာ ရရန်အတွက် နှစ်ရက်စာ စုဆောင်းထားသမျှကို ထုတ်သုံးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့နောက် ရှောင်းယီသည် အန်းရန်၏ မိခင်ဖြစ်သူ လီယန်အား ရှာဖွေသည့် မက်ဆေ့ဂျ်ကို အများသုံးချန်နယ်တွင် ထပ်မံ တင်သွင်းလိုက်၏။ လူအများစုမှာ အဝတ်အစားများ ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သဖြင့် အန်းရန်၏ မိခင်ကိုသာ ရှာတွေ့ပါက ချည်ငင်စက်နှင့် ရက်ကန်းစက်များကို အသုံးချကာ အဝတ်အစားများ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

မက်ဆေ့ဂျ် ပို့ပြီးနောက် ရှောင်းယီက စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့် ပစ္စည်း- ဝါဂွမ်းစေ့ (S အဆင့်) ၁၀ စေ့။]

“တကယ်ကို လိုတရပဲ။”

ရှောင်းယီ ရေရွတ်လိုက်မိ၏။

“နောက်ခါကျရင် အာကာသယာဉ် တစ်စီးလောက် ရဖို့ စဉ်းစားကြည့်ရမယ်။”

သို့သော် ထိုဂွမ်းစေ့များကို ကြည့်ကာ သူ အခက်တွေ့နေခဲ့ပြန်သည်။ အကြောင်းမှာ သူ့ထံတွင် S အဆင့် မြေဆီလွှာ အနည်းငယ်သာ ရှိသဖြင့် စိုက်ပျိုးရန် နေရာမရှိသောကြောင့်ပင်။ S အဆင့် ပြောင်းဖူးများကို နုတ်ပစ်ရန်မှာလည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးသည့် အဓိက အစားအစာ ဖြစ်ပေသည်။

ထို့ကြောင့် ဝါဂွမ်းစိုက်ပျိုးခြင်းကို ခေတ္တ ရွှေ့ဆိုင်းထားရန်သာ သူဆုံးဖြတ်လိုက်တော့သည်။ မျိုးစေ့များကိုလည်း စနစ်၏ သိုလှောင်ခန်းထဲတွင်သာ ထားရှိလိုက်၏။ ၎င်းသည် အလုံခြုံဆုံး နေရာပင် ဖြစ်သည်။

ရှောင်းယီသည် ကျွန်း၏ မြေပုံကို ကျောက်တိုင်တွင် ကြည့်ကာ အိမ်အသစ်များ ဆောက်လုပ်မည့်နေရာကို ရွေးချယ်လိုက်သည်။ လူတိုင်းကို ကြမ်းပြင်ပေါ်မှာပဲ အမြဲ အိပ်ခိုင်းနေ၍ မဖြစ်ပေ။

သူသည် အလုပ်ရုံ၏ တောင်ဘက်တွင် သစ်သားအိမ်ငယ် နှစ်လုံးကို ဆောက်လုပ်လိုက်၏။ ထို့နောက် စိုက်ခင်း ၅ ကွက်၏ အနီးတွင် ကျောက်တုံးအိမ် တစ်လုံးကို ဆောက်လိုက်သည်။ ဤအိမ် ၃ လုံးစလုံးမှာ တိုက်ခန်းနှင့် မနီးမဝေးတွင် တည်ရှိပေသည်။

ထို့နောက် သူ အရင်က အစားထိုးလိုက်သော ခုတင်ဟောင်းများနှင့် မနေ့က ရရှိထားသော ခုတင်များကို ထိုအိမ်များအတွင်း၌ နေရာချပေးလိုက်၏။ ကျောက်တုံးအိမ်မှာ ပိုကျယ်သဖြင့် ထိုနေရာတွင် နှစ်ယောက်အိပ်ခုတင် တစ်လုံးကို ထည့်ပေးလိုက်သည်။

ယွမ်နွန်သည် ရုတ်တရက် ပေါ်လာသော အိမ်များကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် အော်ပြောလိုက်တော့သည်။

“နောက်ဆုံးတော့ ငါတို့မှာ အိမ်တွေ ရှိလာပြီဟေ့။”

All Chapters