အင်မော်တယ်နန်းတော်...
Vol. 79 Ch. 1093
တာဟွမ်ရင်းမြစ်ကမ္ဘာ။
နီညိုရောင် အင်မော်တယ်နန်းတော်ကြီးတစ်ခုက ကောင်းကင်ကိုးခုအထက်တွင် တည်ရှိနေသည်။ ဆန်းကြယ်သော ရှေးဟောင်းအငွေ့အသက်များက ပျံ့နှံ့နေပြီး အချိန်လေဟာနယ်ကို ကျော်လွန်နေသည်။
လင်းယွမ်က နယ်မြေများ တစ်ခုပြီးတစ်ခု ဖျက်ဆီးနေချိန်တွင် အင်မော်တယ်နန်းတော်အတွင်း စိတ်အသိများက နိုးထလာကြသည်။ အင်မော်တယ်နန်းတော်၏ ပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခု ထိုင်နေသည်။ ထိုပုံရိပ်က မျက်လုံးများဖွင့်လိုက်ပြီး သူ၏ ရှေ့တွင် မြင်ကွင်းများ ပေါ်လာသည်။ပလ္လင်အောက်တွင်လည်း ပုံရိပ်အချို့ ရပ်နေကြသည်။
" ဒီလိုကျင့်ကြံခြင်းပတ်ဝန်းကျင်မှာတောင် ဒီလောက်သန်မာတဲ့ လူတစ်ယောက် ထွက်ပေါ်လာနိုင်တယ်။ " ပလ္လင်ပေါ်မှ ပုံရိပ်က ပြောလိုက်သည်။
ဟုန်ချန်းအင်မော်တယ်များက ကောင်းကင်၏ အချုပ်အနှောင်များကို ချိုးဖျက်ကာ အင်မော်တယ်လမ်းကြောင်းကို သိမ်းပိုက်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တာဟွမ်ရင်းမြစ်ကမ္ဘာ၏ ကျင့်ကြံခြင်းပတ်ဝန်ကျင်မှာ တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။
ထင်ရှားသော အချက်မှာ အင်မော်တယ်ဒြပ်စင်များ လျော့နည်းလာခြင်းဖြစ်သည်။ မဟာဧကရာဇ်များအတွက်မူ အင်မော်တယ်ဒြပ်စင်က အဓိကဖြစ်သည်။ အင်မော်တယ်ဒြပ်စင်မရှိဘဲ မဟာဧကရာဇ်များက နှစ်ပေါင်းတစ်သန်းသာ ရှင်သန်နိုင်ပြီး သူတို့၏ ပါရမီများ ထူးချွန်နေလျှင်တောင် ထိုကဲ့သို့ တိုတောင်းသော အချိန်အတွင်း အဆင့်တက်နိုင်မည်မဟုတ်ပေ။
" အခု ဘာလုပ်ကြမလဲ။ သူ့ရဲ့ သတ်ဖြတ်မှုတွေကို ဆက်မလုပ်အောင် တားဆီသင့်လား။ " အောက်မှပုံရိပ်တစ်ခုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
ရင်းမြစ်ကမ္ဘာထဲမှ မျိုးနွယ်များနှင့် တားမြစ်နယ်မြေများက အင်မော်တယ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသော ဟုန်ချန်းအင်မော်တယ်များ ချန်ထားခဲ့ခြင်းဖြစ်သည်။
နီညိုရောင်အင်မော်တယ်နန်းတော် တည်ရှိရခြင်း၏ ရည်ရွယ်ချက်မှာ တာဟွမ်ရင်းမြစ်ကမ္ဘာ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်ပြီး ဟုန်ချန်းအင်မော်တယ်များ အင်မော်တယ်လမ်းကြောင်းတွင် တိုက်ခိုက်နေစဉ် နောက်ပိုင်းတွင် ပြဿနာများ မဖြစ်ပွားစေအောင် ကာကွယ်ရန်ဖြစ်သည်။
" သူ့ကို တားမယ်ဟုတ်လား။ ဘာလို့တားရမှာလဲ။ " ပလ္လင်ပေါ်မှ ပုံရိပ်က ခေါင်းခါလိုက်သည်။ " ဟုန်ချန်းအင်မော်တယ်တွေက ဘယ်လောက်တောင် ကြီးမြတ်ခဲ့လဲ။ အမွေအနှစ်တွေကို ဖြန့်ဝေပြီး သက်ရှိအားလုံးအတွက် လမ်းခင်းပေးခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ မျိုးဆက်တွေကတော့ ပျော်ပါးမှုမှာ နစ်မွန်းပြီး သက်ရှိတွေကို သေစေခဲ့တယ်။ "
ပလ္လင်အောက်မှ ပုံရိပ်များက တိတ်ဆိတ်သွားကြသည်။ မဟာဧကရာဇ်များနှင့် တားမြစ်နယ်မြေအရှင်သခင်များက ဧကရာဇ်များ၏ ရုပ်ခန္ဓာကို ခွဲဝေယူသည့်အပြင် သူတို့၏ ကုန်ခမ်းလုနီးပါးဖြစ်နေသော စိတ်စွမ်းအားကို ဖြည့်တင်းရန်အတွက် သက်ရှိများကို ပုံမှန်ရိတ်သိမ်းလေ့ရှိသည်။
ထိုအချက်နှင့်ပက်သက်၍ အင်မော်တယ်နန်းတော်မှ တည်ရှိမှုများက ကြာမြင့်စွာကတည်းက သိထားကြသော်လည်း ဟုန်ချန်းအင်မော်တယ်များ၏ မျက်နှာကြောင့် မသိချင်ယောင်ဆောင်ခဲ့ကြသည်။
" စိတ်ချပါ။ ဟုန်ချန်းအင်မော်တယ်တွေရဲ့ သွေးမျိုးဆက်အမွေအနှစ်က ပြတ်တောက်သွားမှာမဟုတ်ဘူး။ ဒါကလည်း ကံတရားရဲ့ အကျိုးအကြောင်းတရားပဲ။ ဟုန်ချန်းအင်မော်တယ်တွေ ထွက်မသွားခင်ကလည်း ဒီလိုပဲ ပြောခဲ့ကြတယ်။ " ပလ္လင်ပေါ်မှ ပုံရိပ်က ပြောလိုက်သည်။
" မှန်တယ်။ " အောက်မှ ပုံရိပ်များကလည်း ခေါင်းညိမ့်လိုက်ကြသည်။
ထျန်းယွမ်ဧကရာဇ်၏ နည်းလမ်းက ပြင်းထန်သော်လည်း မျိုးနွယ်စုတစ်ခုလုံးကို သတ်ဖြတ်နေခြင်းမဟုတ်ဘဲ အဓိကသွေးမျိုးဆက်များကိုသာ သန့်စင်နေခြင်းဖြစ်သည်။
" ငါတို့က တားချင်တယ်ဆိုရင်တောင် တကယ်ရော တားနိုင်မှာလား။ " ပလ္လင်ပေါ်မှ ပုံရိပ်က ပြောလိုက်သည်။ " ဘယ်သူက သူ့ကို တားနိုင်မှာလဲ။ ထျန်းယွမ်ဧကရာဇ်ရဲ့ လက်ရှိစွမ်းအားကို ဘယ်သူက တားဆီးနိုင်မှာလဲ။ "
အပြည့်အဝ နိုးထလာသော မဟာဧကရာဇ်များပင် ထျန်းယွမ်ဧကရာဇ်၏ ရိုက်ချက်တစ်ချက်ပင် မခံနိုင်ကြပေ။ ထျန်းယွမ်ဧကရာဇ်၏ စွမ်းအားက အနည်းဆုံး အငြမ့်ဆုံးဧကရာဇ်အဆင့်မှာ ရှိပြီး ဟုန်ချန်းအင်မော်တယ်အဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။
အင်မော်တယ်နန်းတော်၏ အခြေခံအုတ်မြစ်အားလုံး ထုတ်သုံးလျှင်တောင် အလွန်ဆုံး အသာစီးရရုံသာဖြစ်ပြီး နှိမ်နင်းနိုင်မည်မဟုတ်ပေ။ အင်မော်တယ်နန်းတော်ကို ဟုန်ချန်းအင်မော်တယ်များ ထွက်သွားစဉ်က ချန်ရစ်ခဲ့ခြင်း ဖြစ်သော်လည်း အထွတ်အထိပ်အခြေအနေမှာပင် ဟုန်ချန်းအင်မော်တယ်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကိုသာ ထုတ်ဖော်နိုင်သည်။
" ဒီထျန်းယွမ်ဧကရာဇ်က အနာဂတ်မှာ ဘယ်လောက်ထိရောက်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။ " ပလ္လင်ပေါ်မှ ပုံရိပ်က ပြောလိုက်သည်။
ဤကဲ့သို့ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်တွင် ထျန်းယွမ်ဧကရာဇ်က ဤအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သဖြင့် စတုတ္ထဘဝနှင့် ပဉ္စမဘဝတို့ကိုလည်း အလွယ်တကူ ရှင်သန်နို်ပေလိမ့်မည်။
မြင့်မားလှသော တောင်တစ်ခု၏ ရှေ့တွင် လင်းယွမ်က ရုတ်တရက် ပေါ်လာသည်။ သူရောက်ရှိလာခြင်းက ထိုတောင်ကို အမြင့်ဆုံးသတိရှိစေခဲ့ပြီး အမြင့်ဆုံးအော်ရာများက တစ်ခုပြီးတစ်ခု နိုးထလာသည့်အပြင် ဧကရာဇ်လက်နက်များကလည်း အသက်ဝင်လာကြသည်။
ဧကရာဇ်နတ်ဘုရားတောင်ဟု အမည်ရသော နတ်ဘုရားတောင်က တာဟွမ်ရင်းမြစ်ကမ္ဘာ၏ နံပါတ်တစ်တားမြစ်နယ်မြေဖြစ်သည်။ အထွတ်အထိပ်ကာလတွင် ထျန်းယွမ်ဧကရာဇ်ပင် အနားသို့ မချဉ်းကပ်ဝံ့ခဲ့ပေ။
" ထျန်းယွမ် မင်း ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ။ " ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော လူတစ်ယောက်က ဧကရာဇ်နတ်ဘုရားတောင်အတွင်းမှ ထွက်လာသည်။
ဧကရာဇ်နတ်ဘုရားတောင်က တားမြစ်နယ်မြေများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေသော လင်းယွမ်၏ လုပ်ရပ်များကို သိထားကြသည်။ မဟုတ်လျှင် မဟာဧကရာဇ်တစ်ပါးကို ဧကရာဇ်နတ်ဘုရားတောင်က ဂရုစိုက်မည်မဟုတ်ပေ။
" မင်းတို့ကို မြေလှန်ပစ်ဖို့ပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
သူကြည့်ရှုခဲ့သော အချိန်အတိုင်းအတာများတွင် မဟာဧကရာဇ်များက သက်ရှိအားလုံးကို ရိတ်သိမ်းခဲ့သည်မှာ နောက်ကွယ်တွင် ဧကရာဇ်နတ်ဘုရားတောင်၏ တွန်းအားပေးမှုကြောင့်သာ ဖြစ်သည်။
" ငါတို့ကို မြေလှန်ပစ်မယ်ဟုတ်လား။ " ချပ်ဝတ်တန်ဆာနှင့်လူက လင်းယွမ်ကို ကြည့်လိုက်သည်။
သူကိုယ်တိုင်မှာ မဟာဧကရာဇ်အဆင့် အစွမ်းထက်သူတစ်ယောက်ဖြစ်ပြီး ဧကရာဇ်အဆင့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။
" ဖိနှိပ်စမ်း။ " လင်းယွမ်က တိုက်ရိုက်လှုပ်ရှားလိုက်သည်။
လင်းယွမ်၏ လက်က ဆန့်ထွက်သွားပြီး ကြီးမားသော လက်ဝါးကြီးတစ်ခုက ဧကရာဇ်နတ်ဘုရားတောင်ကို ဖိချလိုက်သည်။
ဝုန်း....
ဧကရာဇ်နတ်ဘုရားတောင်၏ မျက်နှာပြင်က အလင်းရောင်များ တောက်ပလာပြီး ဧကရာဇ်အဆင့် စွမ်းအားလှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော်လည်း အားလုံးမှာ လင်းယွမ်၏ လက်ဝါးအောက်တွင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရသည်။
" မလုပ်နဲ့။ " ချပ်ဝတ်နှင့်လူက ဖြည်းညင်းစွာ ဆင်းသက်လာသော လက်ဝါးကြီးကို တားဆီးရန် ကြိုးစယးလိုက်သော်လည်း အရာအားလုံးက အချည်းနှီးသာ ဖြစ်သည်။
" ထျန်းယွမ်ဧကရာဇ် မင်း ဧကရာဇ်နတ်ဘုရားတောင်က ဘယ်ကလာလဲသိလား။ " ချပ်ဝတ်နှင့်လူက လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " ငါ့ရဲ့ ဧကရာဇ်နတ်ဘုရားတောင်က ဟုန်ချန်းအင်မော်တယ်တွေရဲ့ သွေးမျိုးဆက်ပဲ။ မင်းငါတို့ကို ဒီလိုလုပ်လို့မရဘူး။ "
" ဟုန်ချန်းအင်မော်တယ်တွေက ဒီကမ္ဘာအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ရှိခဲ့တာအမှန်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက အတိတ်နှင့် အနာဂတ်အချိန်အတိုင်းအတာများကို တွေ့ခဲ့ရသောကြောင့် ဤကမ္ဘာမှ ဟုန်ချန်းအင်မော်တယ်များ၏ အောင်မြင်မှုများကို သိရှိထားသည်။ ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသော အင်မော်တယ်ဒြပ်စင်များကိုပင်လျှင် ပထမဆုံး ဟုန်ချန်းအင်မော်တယ်က ကြီးမားသော ပေးဆပ်မှုနှင့် ယူဆောင်လာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဟုန်ချန်းအင်မော်တယ်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
" ဒါပေမယ့် ဟုန်ချန်းအင်မော်တယ်တွေရဲ့ အောင်မြင်မှုတွေက မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ " လင်းယွမ်က ချပ်ဝတ်နှင့်လူကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
ဘိုးဘေးများ၏ ကျေးဇူးများကို အမှီပြုပြီး သက်ရှိအားလုံးကို ရိတ်သိမ်းခြင်းအား လင်းယွမ်က သဘောမကျပေ။ သူက စာရင်းရှင်းရန် ဆုံးဖြတ်ထားပြီဖြစ်ပြီး ဟုန်ချန်းအင်မော်တယ်များ၏ တုန့်ပြန်မှုကိုလည်း ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။
ထို့အပြင် ဧကရာဇ်နတ်ဘုရားတောင်နှင့် အခြားနယ်မြေများ၏ လုပ်ရပ်များကို ဟုန်ချန်းအင်မော်တယ်များသိလျှင် လင်းယွမ်ကိုယ်တိုင်ပင် လှုပ်ရှားရန် လိုအပ်မည်မဟုတ်ပေ။
ဝုန်း.....
ဧကရာဇ်နတ်ဘုရားတောင်တစ်ခုလုံး တုန်ခါသွားပြီး လျင်မြန်စွာ ပြိုကျသွားသည်။
လင်းယွမ်က သူ၏ ညာလက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဧကရာဇ်လက်နက်များနှင့် အင်မော်တယ်ဒြပ်စင်များကို အတွင်းစကြာဝဠာထဲသို့ သိမ်းဆည်းလိုက်သည်။
" ဟုန်ချန်းအင်မော်တယ်တွေ..." လင်းယွမ်၏ အကြည့်က နက်ရှိုင်းနေသည်။
ဤကမ္ဘာ၏ ဟုန်ချန်းအင်မော်တယ်များက အခြားနယ်ပယ်တစ်ခုတွင် စုစည်းနေကြသည်ကို သူသိထားသည်။ ထိုနယ်ပယ်က ဤကမ္ဘာ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိပြီး တာဟွမ်ရင်းမြစ်ကမ္ဘာတွင် ပျံ့နှံ့နေသော အင်မော်တယ်ဒြပ်စင်များကလည်း ထိုနေရာမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဟုန်ချန်းအင်မော်တယ်များက အင်မော်တယ်လမ်းကြောင်းကို ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီး တာဟွမ်ရင်းမြစ်ကမ္ဘာနှင့် အင်မော်တယ်လမ်းကြောင်း၏ အဆုံးသတ်ရှိ ကမ္ဘာကို ချိတ်ဆက်ကာ ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားနေကြသည်။
" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်တော့ အင်မော်တယ်လမ်းကြောင်းရဲ့ အဆုံးသတ်ကမ္ဘာမှာ ဝင်ပါဖို့ မသင့်တော်သေးဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အင်မော်တယ်လမ်းကြောင်းထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်းကို သာမန်ဟုန်ချန်းအင်မော်တယ်များ မလုပ်ဆောင်နိုင်ပေ။ ဤကမ္ဘာ၏ ဟုန်ချန်းအင်မော်တယ်များက ပူးပေါင်းခဲ့ကြပြီး ဟုန်ချန်းအင်မော်တယ်များအထက်ရှိ တည်ရှိမှုများပင်လျှင် အင်မော်တယ်လမ်းကြောင်းသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
လင်းယွမ် ယခုလုပ်ရမည်မှာ အင်မော်တယ်ဒြပ်စင်များကို စုစည်းပြီး သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲကာ သူ၏ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ရန်ဖြစ်သည်။