ထျန်းယွမ်ဧကရာဇ်ကို စိန်ခေါ်ကြသူများ...
Vol. 79 Ch. 1094
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
တာဟွမ်ရင်းမြစ်ကမ္ဘာ၏ အင်အားကြီးမျိုးနွယ်များနှင့် တားမြစ်နယ်မြေအများစုကို ရှင်းလင်းပြီးနောက် လင်းယွမ်က ဧကရာဇ်နန်းတော်သို့ ပြန်လာခဲ့သည်။ ကျန်ရှိသော နယ်မြေများက အတိတ်မှ အခြေအနေများတွင် ပါဝင်ခြင်းမရှိသကဲ့သို့ ထျန်းယွမ်ဧကရာဇ်၏ ရုပ်ခန္ဓာကိုလည်း လိုချင်ကြခြင်းမရှိပေ။
" မဟာဧကရာဇ်။ " နန်းတော်၏ အပြင်ဘက်တွင် နောက်လိုက်များစွာက အချိန်တော်ကြာ စောင့်ဆိုင်းနေကြသည်။
လူသားမျိုးနွယ်မှ အဆင့်မြင့်အဖွဲ့ဝင်များကလည်း ထိုနေရာတွင် စုဝေးနေကြသည်။ မျိုးနွယ်များနှင့် တားမြစ်နယ်မြေများကို ရှင်းလင်းသည့် လုပ်ရပ်က ဧကရာဇ်တစ်ပါး၏ အပြုအမူနှင့် သိသိသာသာ ကွာခြားနေသည်။
" မင်းတို့အားလုံး ရောက်လာကြတာပဲ။ " လင်းယွမ်က လူသားမျိုးနွယ်၏ ကျင့်ကြံသူအချို့ကို ကြည့်လိုက်သည်။
ထိုအဆင့်မြင့် ကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြသည်။ အစတွင် သူတို့က လူသားမျိုးနွယ်ကို ကပ်ဘေးကျရောက်တော့မည်ဟု ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ထျန်းယွမ်ဧကရာဇ်က သေဆုံးခါနီးဖြစ်နေပြီး မဟာဧကရာဇ်အသစ် မပေါ်လာသေးပေ။ သို့သော် ထျန်းယွမ်ဧကရာဇ်တွင် ကြောက်စရာကောင်းသော စွမ်းအားရှိလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
" မဟာဧကရာဇ်က တတိယဘဝကို ဆက်ရှင်သန်တာလား။ " သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မေးလိုက်သည်။
သူက ထျန်းယွမ်ဧကရာဇ်၏ တိုက်ရိုက်မြစ်ဖြစ်ပြီး ပါရမီနှင့် အရည်အချင်း မြင့်မားသောကြောင့် နောက်ထပ်ဧကရာဇ်ဖြစ်လာရန် အလားအလာအရှိဆုံးသူဖြစ်သည်။
" အဲ့လိုပဲ ပြောရမှာပေါ့။ " လင်းယွမ်က ပြောလိုက်သည်။
သူက အချိန်သက်ရှိဖြစ်သောကြောင့် သက်တမ်းကန့်သတ်ချက်များမရှိတော့ဘဲ ဤကမ္ဘာကြီး ပျက်စီးခြင်းနှင့် ကြုံတွေ့ရလျှင်တောင် သူက စိုးရိမ်ခြင်းမရှိဘဲ နေနိုင်လေသည်။
" နောက်ပိုင်း ငါ နန်းတော်ထဲမှာ တံခါးပိတ်ကျင့်ကြံတော့မှာမလို့ မင်းတို့ရဲ့ အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လုပ်ကြပါ။ " လင်းယွမ်က စကားအနည်းငယ် ပြောပြီးနောက် နန်းတော်၏ အနက်ရှိုင်းဆုံးသို့ ပြန်သွားခဲ့သည်။
လင်းယွမ်က အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး အင်မော်တယ်ဒြပ်စင်တစ်မျိုးတည်းပင် သူ့အတွက် အချိန်အတော်ကြာ ကျင့်ကြံရန် လုံလောက်ပေသည်။
ထျန်းယွမ်ဧကရာဇ်က တားမြစ်နယ်မြေများကို မြေလှန်ပစ်ကတည်းက လူသားမျိုးနွယ်အတွက် ကျင့်ကြံခြင်းဆိုင်ရာ ထွန်းကားသော ခေတ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ကွယ်ရာမှ ချောင်းမြောင်းနေသော တားမြစ်နယ်မြေများမရှိသကဲ့သို့ သူတို့ကို တိုက်ခိုက်မည့် အင်အားကြီး မျိုးနွယ်များ မရှိတော့သဖြင့် လူသားမျိုးနွယ်မှ ပါရမီရှင်ကျင့်ကြံသူများက ပုန်းအေယင်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်ခဲ့သည်။
ထိုသို့ဖြင့် အချိန်များစွာ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်သောင်း ကြာသွားခဲ့သည်။
လေဟာနယ်က ပုံပျက်သွားပြီး ပုံရိပ်အချို့ ထွက်ပေါ်လာသည်။ အရှေ့ဆုံးတွင် ရပ်နေသူက လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
" သခင်လေး ကျွန်တော်တို့ ရှေ့မှာရှိတာက လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်နေထိုင်တဲ့ ထျန်းယွမ်ဧကရာဇ်နန်းတော်ပါ။ " ခါးကုန်းအဖိုးအိုက ခမ်းနားသော နန်းတော်ကြီးကို အဝေးမှ လှမ်းကြည့်ပြီး ပြောလိုက်သည်။
" ထျန်းယွမ်ဧကရာဇ်နန်းတော်လား။ " လူငယ်က တိုက်ခိုက်လိုစိတ်နှင့် ကြည့်လိုက်သည်။
နှစ်ပေါင်းနှစ်သောင်းအတွင်း ထူးခြားသော ပါရမီနှင့် အရည်အချင်းများရှိသော လူသားမျိုးနွယ်မှ ပါရမီရှင်ကျင့်ကြံသူများစွာ ထွက်ပေါ်လာခဲ့သည်။ ပါရမီရှင်များအနေဖြင့် လူသားမျိုးနွယ်၏ အသန်မာဆုံးသူကို ရည်မှန်းခြင်းမှာ သဘာဝကျလှသည်။
လူငယ်က ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ထျန်းယွမ်ဧကရာဇ်ကို စိန်ခေါ်ပြီး သူ၏ ဧကရာဇ်လမ်းစဉ်အတွက် လမ်းခင်းရန်ဖြစ်သည်။ ဤကမ္ဘာတွင် မဟာဧကရာဇ်အောက်ရှိ ကျင့်ကြံသူများ၏ သက်တမ်းကန့်သတ်ချက်မှာ နှစ်ပေါင်းတစ်သိန်းခန့်ဖြစ်သည်။ ပါရမီရှင်များက အသက်ထောင်ချီ သို့မဟုတ် သောင်းချီအတွင်း ဧကရာဇ်လောင်းအဆင့်သို့ ရောက်ရှိကြသည်။
" သခင်လေး တကယ်ပဲ မဟာဧကရာဇ်ကို စိန်ခေါ်ဖို့ တွေးထားတာလား။ " သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" လု ငါဧကရာဇ်လောင်းအဆင့်ကို ရောက်တာ နှစ်ပေါင်းတစ်သောင်းကျော်ပြီ။ အရင် တားမြစ်နယ်မြေတွေထဲသွားပြီး ရှေးဟောင်းတည်ရှိမှုတွေနဲ့ တိုက်ခိုက်ခဲ့တာ တစ်ခါမှမရှုံးဖူးဘူး။ ငါက ထျန်းယွမ်ဧကရာဇ်ရဲ့ ပြိုင်ဘက်မဟုတ်ရင်တောင် ဆိုးဆိုးရွားရွားတော့ ရှုံးမှာမဟုတ်လောပြာဘူး။ " လူငယ်က ပြောလိုက်သည်။
သူက ထျန်းယွမ်ဧကရာဇ်ကို အနိုင်ယူရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။ ထိုဒဏ္ဍာရီလာဧကရာဇ်၏ စွမ်းအားကို ခံစားကြည့်ချင်သောကြောင့် ဖြစ်သည်။ ကာကွယ်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာမှမပြောကြတော့ပေ။
" စိတ်ချပါ။ ထျန်းယွမ်ဧကရာဇ်ကို ရှုံးနိမ့်သွားရင်တောင် ငါ့ရဲ့ စိတ်အာရုံက ယိမ်းယိုင်မှာမဟုတ်ပါဘူး။ " လူငယ်က ပြောလိုက်သည်။ သူက ထျန်းယွမ်ဧကရာဇ်အပေါ် အလွန်ရိုသေလေးစားသည်။ ထိုဒဏ္ဍာရီလာဧကရာဇ်သူ မရှိခဲ့လျှင် လူသားမျိုးနွယ်ကလည်း ယခုကဲ့သို့ ထွန်းကားသော ကျင့်ကြံခြင်းခေတ်ကို ရရှိနိုင်မည်မဟုတ်ပေ။
" သခင်လေး ဒီလိုတွေးထားတာကောင်းပါတယ်။ " ကာကွယ်သူများက သက်ပြင်းချလိုက်ကြသည်။
မကြာမီ လူငယ်နှင့် သူ၏ အဖွဲ့က နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
" လူတွေအများကြီးပါလား။ " လူငယ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ထိတ်လန့်သွားသည်။
နန်းတော်၏ အပြင်ဘက်တွင် လူများစွာ ထိုင်နေကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အော်ရာများ ထုတ်လွှတ်နေဝည်။ ထိုအော်ရာများက သူ့ထက် လုံးဝနိမ့်ကျခြင်းမရှိပေ။
" အဲ့ဒါ လနတ်ဘုရားခန္ဓာပိုင်ရှင် ယွီထိုက်ရင်ပဲ။ "
" ပြီးတော့ ဝါးမျိုခြင်းသွေးမျိုးဆက်ပိုင်ရှင် ဟေးကျိဝမ်...."
" ခေတ်အဆက်ဆက်မှာ ရှားပါးခဲ့တဲ့ ဖရိုဖရဲခန္ဓာ..."
လူငယ်က မျက်ခုံးများ လှုပ်သွားသည်။ ယွီထိုက်ရင်က လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခွဲက ပြိုင်ဘက်ကင်းဧကရာဇ်လောင်းဖြစ်သည်။ သူ၏ လနတ်ဘုရားခန္ဓာက ထိပ်တန်းအထူးခန္ဓာဖွဲ့စည်းပုံဖြစ်ပြီး ထိုခေတ်က လူသားမျိုးနွယ်တွင် သူနှင့် ယှဉ်နိုင်သူမရှိပေ။
ကံမကောင်းစွာပင် ယွီထိုက်ရင်က ပျောက်ကွယ်သွားခဲ့ပြီး လူအများက သူ့ကို မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည်ဟု ထင်ခဲ့ကြသည်။ နှစ်ပေါင်းတစ်သောင်းခွဲကြာ ပျောက်ကွယ်နေသာ ယွီထိုက်ရင်က ယခု ဤနေရာတွင် ပေါ်လာခဲ့သည်။
ဝါးမြိုခြင်းနတ်ဘုရား သွေးမျိုးဆက်ပိုင်ရှင် ဟေးကျိဝမ်ကလည်း ပြိုင်ဘက်ကင်းဧကရာဇ်လောင်းဖြစ်သည်။ သူ၏ လမ်းစဉ်တွင် အရာအားလုံးကို ဝါးမျိုခဲ့ပြီး အဆင့်တစ်ခုသို့ ရောက်သောအခါ ပျောက်ကွယ်သွားခဲ့သည်။
ဖရိုဖရဲခန္ဓာပိုင်ရှင်လည်း အတူတူပင်ဖြစ်သည်။ သူတို့ကို လူသားမျိုးနွယ်၏ အနာဂတ်မဟာဧကရာဇ်များအဖြစ် ချီးကျူးခဲ့ကြသော်လည်း နောက်ဆုံးတွင် ဘာမှဖြစ်မလာခဲ့ပေ။
လူငယ်က သေချာစစ်ဆေးကြည့်လိုက်ရာ သူသိသောလူများနှင့် မသိသောလူများလည်း ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူတို့အားလုံးက အတူတူထိုင်နေခြင်းဖြစ်သောကြောင့် ခွန်အားချင်းကွာခြားမှုမရှိကြောင်း ဖော်ပြနေသည်။
" မင်းလည်း ထျန်းယွမ်ဧကရာဇ်ကို လာစိန်ခေါ်တာလား။ " အနီးဆုံးတွင် ရှိနေသော ယွီထိုက်ရင်က မျက်လုံးများဖွင့်ပြီး ပြောလိုက်သည်။ " အဲ့ဒီနန်းတော်ရှေ့ထိ ခြေလှမ်း ၃၃လှမ်းရှိတယ်။ တကယ်လို့ မင်းက အဲ့ဒီခြေလှမ်း ၃၃ လှမ်းကို ဖြတ်ကျော်ပြီး နန်းတော်ရှေ့ကို ရောက်နိုင်ရင် ထျန်းယွမ်ဧကရာဇ်နဲ့ တွေ့ပြီး သူ့ကို စိန်ခေါ်နိုင်လိမ့်မယ်။ "
" ဒီလောက်တောင် ရိုးရှင်းတာလား။ " လူငယ်က အံ့ဩသွားသည်။
" ရိုးရှင်းတယ်ဟုတ်လား။ " ယွီထိုက်ရင်က ဘာမှမပြောဘဲ မျက်လုံးများ မှိတ်လိုက်သည်။
ယွီထိုက်ရင်၏ လမ်းညွှန်မှုကို ရရှိပြီးနောက် လူငယ်က ပထမဆုံးခြေလှမ်း၏ တည်နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှ စ၍ ဧကရာဇ်နန်းတော်ရှေ့သို့ ခြေလှမ်း ၃၃လှမ်း ရှိသည်။
" ထျန်းယွမ်ဧကရာဇ်..." လူငယ်က စိတ်လှုပ်ရှားသွားပြီး လေးနက်သော အမူအရာနှင့် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။
လူငယ်၏ စိတ်အသိက အတိုင်းအဆမရှိ ကျယ်ပြောသော ကမ္ဘာတစ်ခုသို့ ကျဆင်းသွားသည်။ ထိုကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် သူက ဖုန်မှုန့်တစ်စသဖွယ် ဖြစ်နေပြီး မမြင်နိုင်သော ဖိအားတစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံသွားသည်။
လူငယ်က သူ၏ စိတ်အသိ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး ကျယ်ပြောသော ကမ္ဘာကြီးက ပြိုလဲကာ အပြင်ဘက်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် ယခုအခါ လူင်က ချွေးအေးများ ထွက်နေပြီး သူလှမ်းထားသော ခြေလှမ်းကလည်း နောက်ပြန်ဆုတ်သွားသည်။
" ဒါက..." လူငယ်က မယုံကြည်နိုင်ဖြစ်နေသည်။
ထိုခြေလှမ်း ၃၃ လှမ်းက မရိုးရှင်းသည်ကို သူသိလေသည်။ ၎င်းက ထျန်းယွမ်ဧကရာဇ်နှင့် တွေ့ဆုံရန် နောက်ဆုံးအတားအဆီးဖြစ်သည်။ အကယ်၍ မည်သူမဆို ထျန်းယွမ်ဧကရာဇ်နှင့် တွေ့ဆုံနိုင်လျှင် ထျန်းယွမ်ဧကရာဇ်က မကျင့်ကြံတော့ဘဲ တစ်နေကုန် လူတွေ့နေရပေလိမ့်မည်။
သို့သော် လူငယ်က ပထမဆုံးခြေလှမ်းမှာပင် ကျရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခြေလှမ်း၃၃လှမ်းက တစ်လှမ်းထက် တစ်လှမ်းက ပို၍ခက်ခဲလာမည်ဖြစ်ပြီး ပထမဆုံး ခြေလှမ်းက အလွယ်ကူဆုံး ဖြစ်သည်။
" အခုရော ရိုးရှင်းသေးလား။ "ယွီထိုက်ရင်က မျက်လုံးများဖွင့်ပြီး မေးလိုက်သည်။
" မရိုးရှင်းဘူး လုံးဝမရိုးရှင်းဘူး။ " လူငယ်က ခေါင်းခါပြီး ပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။ " သူတို့က..."
" ငါတို့အားလုံးကလည်း မင်းလိုပဲ ထျန်းယွမ်ဧကရာဇ်ကို စိန်ခေါ်ဖို့ လာကြတာပဲ။ " ယွီထိုက်ရင်က ပြောလိုက်သည်။
လူငယ်က တိတ်ဆိတ်သွားသည်။ အားလုံးက ထျန်းယွမ်ဧကရာဇ်ကို စိန်ခေါ်ရန် ရောက်လာကြသော်လည်း အားလုံးက နန်းတော်၏ အပြင်ဘက်တွင် ရပ်တန့်နေကြသည်။ ထင်ရှားသည်မှာ ဘယ်သူမှ ခြေလှမ်း၃၃လှမ်းကို ဖြတ်ကျော်ပြီး နန်းတော်ရှေ့သို့ မရောက်နိုင်ခဲ့ကြပေ။