← Chapters

အလွန်အမင်း အစွမ်းထက်လှသော တပ်ကူများ

Vol. 21 Ch. 297

အလွန်အမင်း အစွမ်းထက်လှသော တပ်ကူများ

Vol. 21 Ch. 297

“ဟားဟား အမြဲတမ်း အခုလိုမျိုး အစွမ်းထက်နေတာပဲလေ။”

အန်လင်း ဆံပင်သပ်တင်လိုက်ပြီးနောက် ထျန်းလင်းလင်းထံ လျှောက်လှမ်းသွားလေသည်။

သူမ၏ ချစ်စဖွယ်သွင်ပြင်နှင့် သေးသွယ်လှသည့် ခန္ဓာကိုယ်ကို စေ့စေ့ငှငှ ကြည့်ရှုပြီးနောက် သက်ပြင်းချလိုက်လေသည်။ “ဟူးးး နှစ်နှစ်တောင် ကြာသွားပြီ။ နင်က နည်းနည်းလေးတောင် အရပ်ရှည်မလာပါလား။”

“ဝါးး ဒါ နှစ်နှစ်ကြာပြီးမှ ငါ့ကိုပြောတဲ့ ပထမဆုံးစကားက ဒါလား။”

ထျန်းလင်းလင်းမှာ အရပ်အား အထိအခိုက်မခံနိုင်သူ ဖြစ်သည့်အတွက် ပေါက်ကွဲကာ အန်လင်းပေါ်သို့ လက်သီးချက်များ ဆက်တိုက်ကျဆင်းတော့သည်။

တပိုင်သည် စိတ်ပျက်သည့် အမူအရာဖြင့် ဘေးတွင်ရပ်လျက် ရှိလေသည်။ “ဒါက အန်ကောပြောတဲ့ ကမ္ဘာပေါ်က အချောအလှလေးတွေထဲက တစ်ယောက်လား။ ကျွန်တော်က ကန်းနေတာလား၊ အန်ကောက ကန်းနေတာလား။ ဝုတ်”

ထျန်းလင်းလင်းသည် အဖြူရောင်ခွေးအား တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။

တပိုင်မှာ သားရဲဘာသာစကားဖြင့် ပြောလိုက်သည့်အတွက် သူ၏စကားလုံးများမှာ ဘာသာပြန်စရာပင် မလိုအပ်ဘဲ တယ်လီပသီနည်းဖြင့် ပို့လွှတ်ပြီးဖြစ်လေသည်။

“ဝါးးးးး နင့်ရဲ့ သားရဲကတောင် ငါ့ကို အနိုင်ကျင့်နေတယ်။ ဘာလို့များ ဒီလို လုပ်နိုင်ရတာလဲ။”

သူမသည် ခွေးတစ်ကောင်၏ အနိုင်ကျင့်ခြင်းအား မကြုံတွေ့ဖူးသည်ကြောင့် ဒေါသပေါက်ကွဲကာ အန်လင်းအား အားဖြင့် ထိုးနှက်လေသည်။

အန်လင်း : “…”

ဓားအင်မော်တယ်မြစ်စိမ်းသည်လည်း အဝေးမှ ဆင်းသက်လာပြီးနောက် အန်လင်းအား ကြိုဆိုလေသည်။ “ကူညီပေးလို့ ကျေးဇူးပါပဲ အန်လင်းရေ”

“ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ။ ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေ မဟုတ်လား။” အန်လင်း လက်ခါလိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်မှ ကျင့်ကြံသူ ၇ ဦး ဆင်းသက်လာလေသည်။

သူတို့၏ အော်ရာများကို ဖုံးကွယ်ထားခြင်း မရှိကြဘဲ ထိုအော်ရာများမှာ ဖျက်ဆီး၍ မရနိုင်သလို အကန့်အသတ်မဲ့သည့် စွမ်းအားများကိုလည်း ထုတ်ဖော်နေလေသည်။

“ဟားဟား ဒါက ငါမင်းတို့ကိုပြောတဲ့ တပ်ကူလေ။ ရန်သူတွေ ဘယ်မှာလဲ။ သူတို့က လေ့ကျင့်ခန်းလုပ်ချင်နေကြတာ။” အန်လင်းသည် ပြုံးကာဖြင့် ဓားအင်မော်တယ်မြစ်စိမ်းထံသို့ လှည့်လိုက်သည်။

ဓားအင်မော်တယ်မြစ်စိမ်း၏မျက်ခုံးများ တွန့်ကွေးသွားလေသည်။ ရုတ်တရက်ဆိုသလို သွေးအန်ချင်လာမိသည်။

စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၈ ဦး ပါသည့် တပ်ကူအဖွဲ့တဲ့လား။

ဝသဖ..။ အန်လင်းတစ်ဦးတည်းနှင့်ပင် အဆိပ်မီးဂိုဏ်းအား ချေမှုန်းပစ်နိုင်သည်။ ယခုအခါတွင် စုစုပေါင်း ၈ ဦး ဖြစ်လေသည်။

ခြင်တစ်ကောင်အား သတ်ဖြတ်ရန် အမြှောက်ဖြင့် ပစ်သကဲ့သို့ပင်။

ထျန်းလင်းလင်းမှာလည်း မိန်းမောနေမိသည်။ အန်လင်းမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများအား ခေါ်ဆောင်လာမည်ဟု မျှော်လင့်မထားမိခဲ့ချေ။

မှော်နက်ဂိုဏ်းတစ်ခုတည်းသာ ကျန်ရှိတော့သည်အတွက် ရန်သူများအား မည်သို့ခွဲဝေ တိုက်ခိုက်ရမည်နည်း။ တံတွေးဝိုင်းထွေးခြင်းဖြင့် တိုက်ပွဲအား အဆုံးသတ်ရမည်လား။

ရောင်စဉ်ငါးသွယ်တောင်အတွင်း၌ မှော်နက်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။

“သောက်ခွေးဟေ့ အဲဒီကျင့်ကြံသူတွေက ဘယ်ကနေ ရောက်လာကြတာတုန်း”

ကျန်းဖုန်းသည် အဝေးမှ ကျင့်ကြံသူ ၈ ဦးအား ကြည့်ရင်းဖြင့် ဒူးများညွှတ်ခွေကျလာသည်။

အဆိပ်မီးဂိုဏ်းမှ တပ်ကူများ ရောက်လာကြသည့်အခါတွင် သူတို့၏ ရန်သူများအား သုတ်သင်ရန် ပြင်ဆင်ထားခဲ့ကြသည်။

သို့သော်လည်း အဆိပ်မီးဂိုဏ်းမှာ လူတစ်ဦးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အမြစ်ပြတ်သွားရလေသည်။

ထို့နောက်တွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၇ ဦး ထွက်ပေါ်လာပြန်သည်။

မည်သို့တိုက်ခိုက်ရမည်နည်း။ တိုက်ခိုက်မည့်အစား မိမိကိုယ်ကိုယ် သတ်သေလိုက်ခြင်းကမှ ကောင်းပေလိမ့်မည်။

များမကြာမီတွင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့ပုန်းအောင်းနေသည့် နေရာအား အပြင်ဘက်များ ဝိုင်းထားလိုက်ကြသည်။

“မြန်မြန်လေး အကာအကွယ်အစီအရင်ရဲ့ စွမ်းအားကို တိုးမြှင့်လိုက်”

ကျန်းဖုန်းသည် အခြားသောကျင့်ကြံသူများအား အော်ဟစ်ကာဖြင့် သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူ၏ WeChat ဂရုအား ဖွင့်လိုက်သည်။

ဂရုအမည်မှာ ‘အဆိပ် အဆိပ် အဆိပ်’ ဟူ၍ဖြစ်သည်။

မှော်နက်ဘုရင် _ “ဘော်ဒါတို့ရေ.. ငါတို့ကို စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၉ ဦးက ဝိုင်းထားလို့ ရောင်စဉ်ငါးသွယ်တောင်ထဲမှာ ပိတ်မိနေတယ်။ ဘယ်လိုထွက်ပြေးရမလဲ အကြံပေးပါဦး။ ပြန်ပြောတာ စောင့်နေမယ်နော်။ အရေးပေါ်အခြေအနေမို့လို့ပါကွာ။”

ဂရုချက် သက်ဝင်လှုပ်ရှားလာလေသည်။

သန့်ရှင်းသောကင်းခြေများ _ “ငလူးးး ဒီနေ့ ပြက္ခဒိန်ကြည့်ဖို့ မေ့သွားတာလား။ ဘယ်လိုဖြစ်ပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၉ ဦး ဝိုင်းခံထားရတာတုန်း။”

ဉာဏ်ရည်မြင့်မား ကြေးအလောင်း _ “အဲတော့ မင့်က ဘာလုပ်ချင်လို့တုန်း”

မှော်နက်ဘုရင်သည် မျက်ရည်ချောင်းစီးနေသည့် အီမိုဂျီတစ်ခု ပို့လိုက်သည်။ “အခုတော့ အဲဒီအကြောင်းတွေ ပြောဖို့အချိန် မဟုတ်ဘူးကွာ။ ဘယ်လိုထွက်ပြေးရမလဲဆိုတာပဲ ပြောပါဟ။ ငါ့မှာ သေတော့မယ်။”

ဉာဏ်ရည်မြင့်မား ကြေးအလောင်း _ “အဆိပ်မီးဘုရင်က မင်းကို ကူဖို့ဆိုပြီး လာနေတယ် မဟုတ်ဘူးလား။”

မှော်နက်ဘုရင် _ “အဆိပ်မီးဘုရင်က သူ့နောက်လိုက်တွေနဲ့ ရောက်လာပြီးမကြာဘူး ခုနက ကျင့်ကြံသူ ၉ ဦးထဲက တစ်ဦးလက်ချက်နဲ့ ကြွသွားတယ်လေ။”

သန့်ရှင်းသော ကင်းခြေများ _ “…”

ဉာဏ်ရည်မြင့်မား ကြေးအလောင်း _ “…”

ဉာဏ်ရည်မြင့်မား ငွေအလောင်း _ “…”

တောက်ဆရာနီရဲစပါးအုံး _ “…”

ကျန်းဖုန်းသည် ဖုန်းမျက်နှာပြင်ထက်ရှိ ဘဲဥပုံများအား ကြည့်ကာ သွေးအန်လုနီးနီးပင် ဖြစ်လာသည်။

မှော်နက်ဘုရင် _ “အကြံလေးပေးပါဦး။ တကယ်သေတော့မှာကွ”

ရုတ်တရက်ဆိုသလို သူ၏ဖုန်းမှ ချက်ဂရု ပျောက်ကွယ်သွားလေသည်။

စနစ်၏ အသိပေးချက် _ “တောက်ဆရာနီရဲစပါးအုံးသည် သင့်အား ‘အဆိပ် အဆိပ် အဆိပ်’ ဂရုမှ ထုတ်ပယ်လိုက်ပါသည်။”

ကျန်းဖုန်း : “…”

ဘုန်း

ထိုအချိန်မှာပင် အကာအကွယ်အစီအရင် ကျိုးပျက်သွားလေသည်။

“ဘာဖြစ်သွားတာလဲ။ တိုက်ပွဲလည်း မဖြစ်ဘဲ အစီအရင်က ဘာလို့ ပြိုကွဲသွားတာလဲ။” ကျန်းဖုန်း တုန်လှုပ်စွာဖြင့် ပြောလေသည်။

“ကျွန်တော်လည်းမသိဘူး ခေါင်းဆောင်.. အစီအရင်ရဲ့ အားနည်းချက်ကြောင့် ပေါက်ကွဲသွားပုံပဲ။” သူတို့ထံသို့ ပျံသန်းလာကြသည့် ကျင့်ကြံသူများအား ကြည့်ကာဖြင့် အခြားသော ကျင့်ကြံသူများ၏ မျက်နှာများ ဖြူရော်လာလေသည်။

ကျန်းဖုန်းသည် မည်သည့်စကားမျှ မဆိုတော့ဘဲ ချက်ချင်းဆိုသလို ထွက်ပြေးဖို့ရန် ရွေးချယ်လိုက်လေသည်။

မှော်နက်ဂိုဏ်းသားများထံမှ မချိတင်ကဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သုံးစက္ကန့်အတွင်းမှာပင် သူ၏နောက်မှ ကျယ်လောင်သည့်အသံတစ်ခုအား ကြားလိုက်ရသည်။

“မင်းက သေမျိုးကမ္ဘာရဲ့ မိစ္ဆာကျင့်ကြံသူတွေထဲက တစ်ယောက်မဟုတ်လား။ ငါနဲ့ တိုက်ခိုက်မလား။”

ကျန်းဖုန်းမှာ သူ၏နောက်ကျောမှ ထွက်ပေါ်လာသည့် အသံကြောင့် ကြောက်ရွံ့နေလေသည်။

ချက်ချင်းဆိုသလို လှည့်လိုက်သည့်အခါ သူ့အား ကျင့်ကြံသူ ၄ ဦးမှ ဝိုင်းထားသည်ကို မြင်တွေ့လိုက်ရသည်။

“ဒါမှမဟုတ် ငါတို့ထဲက တစ်ယောက်ကို ရွေးလိုက်လေ။”

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးမှ အေးစက်သည့် အမူအရာဖြင့် ပြောလေသည်။

ကျန်းဖုန်း အော်ဟစ်ချင်လာမိသည်။ ဝသဖ.. ဘာကိုရွေးရမယ်။ ငါ့ကို သတ်မယ့်သူကို ရွေးရမှာလား။

သေလိုက်လေ။

အသားစားပိုးကောင်မုန်တိုင်း

ကျန်းဖုန်း၏ ခန္ဓာကိုယ် တုန်ယင်လာပြီး အနက်ရောင်မြူခိုးများသည် အနက်ရောင်လှိုင်းများသဖွယ် အဘက်ဘက်မှ ထွက်ပေါ်လာသည်။

ယင်းမှာ သူ၏နောက်ဆုံးသော ခံစစ်ဖြစ်သည်။ အနက်ရောင်မြူခိုးများမှာ များပြားလှသည့် အသားစားမှော်ပိုးကောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုပိုးကောင်များသည် ချီစွမ်းအင်များကို စုပ်ယူနိုင်သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ယင်းတို့နှင့် ထိတွေ့မိရုံမျှနှင့် သေဆုံးနိုင်လေသည်။

“ဒါက ဘာကြီးတွေတုန်း”

ကျင့်ကြံသူ ၄ ဦးသည် ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်ကြသည်။

ကျန်းဖုန်းမှာ သက်ပြင်းချရန် အချိန်ပင် မရလိုက်ဘဲ ပေတစ်ရာကျော် အလျားရှိမည့် ဓားဆန္ဒဖြင့် နှစ်ပိုင်း ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။ ချက်ချင်းဆိုသလို မီးတောက်များ၊ လျှပ်စီးများနှင့် ဓားပျံများ လိုက်ပါလာလေသည်။

ဘုန်း

ကောင်းကင်တွင် စွမ်းအင်မြူခိုးရောင်စုံများ ထွက်ပေါ်လာပြီး ယင်းတို့၏ စွမ်းအားကြောင့် ကောင်းကင်နှင့်မြေပြင် တုန်ခါလာလေသည်။

မီးပန်းမီးပွားများ ကင်းရှင်းသွားပြီးသည့်နောက် ကောင်းကင်ပြန်လည်ကြည်လင်လာလေသည်။

မှော်နက်ဘုရင်မှာ မီးခိုးအဖြစ်သို့ ပြောင်းလဲသွားရလေပြီ။

တန်ရှီမန် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ “ဒါပဲလား”

ဟူကွမ်သည်လည်း အတော်လေး စိတ်ပျက်နေမိသည်။ “အသေအကြေ တိုက်ခိုက်ရတော့မယ်လို့ ထင်ခဲ့တာ။ အခုတော့ အယားတောင်မပြေလိုက်ဘူး။”

ရွှမ်ယွမ်ချန်နှင့် ယောင်မင်စီတို့သည် ရောင်စင်ငါးသွယ်တောင်သို့ စိတ်ပျက်စွာဖြင့် ပြန်လာခဲ့ကြသည်။

အန်လင်းသည် တပိုင်၏ကျောပေါ်တွင် စီးကာဖြင့် ခေါင်းမော့ထားလေသည်။

“မဆိုးပါဘူး။ တောက်ဆရာအတုရေ နင့်ဆီမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သားရဲ ရှိနေလိမ့်မယ်လို့ ထင်တောင်မထားဘူး။”

ထျန်းလင်းလင်းသည် တပိုင်၏ နူးညံ့သည့် အမွေးများအား ပွတ်သပ်နေလေသည်။

လွန်စွာနူးညံ့လှသည့်အတွက် နောက်ဆုံးပေါ်အရုပ်များထက် ပိုမိုကောင်းမွန်လှသည်။ ထို့ကြောင့် မရပ်တံ့ချင်တော့ပေ။

“ကောင်မလေးရေ.. ငါ့အပေါ်မှာ ဆိုးယုတ်တဲ့ပုံတွေ လုပ်နေတာ ရပ်ပေးပါတော့။ ဝုတ်”

တပိုင်သည် ထျန်းလင်းလင်းအား စိုက်ကြည့်ပြီးနောက် မကျေမနပ်ဖြင့် လျှာထုတ်လိုက်သည်။

ထျန်းလင်းလင်းသည် မျက်လုံးများ ဝေ့လိုက်ပြီးနောက် တပိုင်၏ အမွေးများအား ဆက်ပွတ်နေလေသည်။

အင်းးး အရမ်းနူးညံ့ အိစက်ပြီး နွေးထွေးလိုက်တာ။

“အန်လင်းရေ ဒီမှာ အခြေအနေတွေ တည်ငြိမ်သွားပြီဆိုတော့ ငါနဲ့အတူ အင်တာနက်ဆိုင်ကို လိုက်ဦးမလား။” လျှိုချင်ဟွမ် မျက်ခုံးပင့်ကာဖြင့် ပြောလေသည်။

“ဒီကိုလာရတဲ့အကြောင်းကို မမေ့နဲ့နော်။ ရှောင်ယန်သင်္ချိုင်းပွင့်ဖို့က ၇ ရက်ပဲ လိုတော့တာဆိုတော့ နောက်မကျစေနဲ့ဦး။” အန်လင်း သတိပေးလိုက်သည်။

“ကောင်းပါပြီ ကောင်းပါပြီ။ ငါ့ဘာသာပဲ သွားပါတော့မယ်။ ၄-၅ ရက်အတွင်း ချန်ပိုင်တောင်မှာ တွေ့ကြမယ် ခေါင်းဆောင်ရေ။” လျှိုချင်ဟွမ်သည် လက်ဝှေ့ယမ်းကာဖြင့် သူမ၏ နှင်တံပေါ်သို့ ခုန်တက်ကာ ပျံသန်းသွားလေသည်။ “တာ့တာ”

အန်လင်း : “…”

“တောက်ဆရာအတုရေ.. နင့်ရဲ့ ခေါင်းဆောင်အာဏာက အရမ်းကို လေးစားခံနေရပုံပဲနော်။” ထျန်းလင်းလင်းသည် အန်လင်း၏ဘေးမှနေ သရော်နေလေသည်။

“အန်လင်းရေ လတ်တလော ဘာမှလုပ်စရာ မရှိဘူးဆိုတော့ သေမျိုးကမ္ဘာက မိတ်ဆွေတွေဆီ သွားလည်လိုက်ဦးမယ်။ ၅ ရက်ကြာရင် ချန်ပိုင်တောင်မှာ ပြန်တွေ့ကြမယ်။” တန်ရှီမန်သည်လည်း နှုတ်ဆက်စကားဆိုလေသည်။

“ငါကတော့ ဟွမ်ရှန့်ရှန့်ဆီသွားပြီး ဒုံးကျည်နည်းနည်းလောက် သွားလဲလိုက်ဦးမယ်။ တစ်ခုခုဆိုရင် အကြောင်းကြားနော်။” ရွှမ်ယွမ်ချန်သည် အန်လင်း၏ပခုံးအား ပုတ်ကာဖြင့် ထွက်ခွာသွားလေသည်။

“ဟားဟား ငါကတော့ စုချန်းရန်ကိုခေါ်ပြီး ခရီးထွက်လိုက်ဦးမယ်နော်။” စုရှောင်လန်သည် စုချန်းရန်၏ လက်မောင်းအား တွဲကာဖြင့် အန်လင်းအား နှုတ်ဆက်လိုက်လေသည်။

အန်လင်း ကြိတ်မှိတ်ကာဖြင့် မျက်ခုံးများအား နှိပ်နယ်လိုက်သည်။ “သွားချင်တဲ့နေရာကိုသွားပြီး လုပ်ချင်တာ လုပ်ကြ။ ချန်ပိုင်တောင်မှ ၅ ရက်ကြာရင် ပြန်ဆုံမယ်။”

“နိုးးး ကျွန်တော်က အန်ကော ဘယ်သွားသွား လိုက်မှာ” ယောင်မင်စီ စိတ်အားထက်သန်စွာဖြင့် ပြောလေသည်။

“ကျွန်တော်ကောပဲ” ဟူကွမ်သည်လည်း လေးနက်စွာဖြင့် သံယောင်လိုက်သည်။

အန်လင်းမှာ သတိလစ်သွားမတတ်ပင်ဖြစ်ရသည်။

ငလူးးး မိန်းကလေးတွေ အားလုံးကသွားပြီး မင်းတို့နှစ်ကောင်ကျမှ ဘာလို့ တွယ်ကပ်နေရတာတုန်း။

“သွားး ငါနဲ့ဝေးဝေးကို သွားကြ။ မင်းတို့ကောင်တွေ ငါ့နားမှာ ရှိနေတာ မြင်ကို မမြင်ချင်ဘူး။” အန်လင်း အော်ထုတ်လိုက်သည်။

“ဘွားဟားဟားဟား” ထျန်းလင်းလင်း ရယ်မောလိုက်သည်။ “တောက်ဆရာအတုရေ.. နှစ်နှစ်ကြာသွားတာတောင် နင်က အမျိုးသားတွေနဲ့ ပတ်သက်ပြီး ကံကောင်းနေတုန်းပဲလို့ ဘယ်သူက ထင်မှာလဲ။”

အန်လင်းမျက်နှာ မဲမှောင်သွားလေသည်။ ထို အရူးအမူးပရိသတ် နှစ်ကောင်အား တတ်နိုင်သမျှ အဝေးသို့ ကန်ထုတ်ပစ်ချင်မိသည်။

ဓားအင်မော်တယ်မြစ်စိမ်းနှင့် အခြားကျင့်ကြံသူများသည်လည်း ထွက်ခွာသွားကြပြီး အန်လင်းနှင့် ထျန်းလင်းလင်းတို့သာ ကျန်ရှိလေသည်။

“နင်က ဘာလို့ မသွားသေးတာတုန်း” အန်လင်း နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ထျန်းလင်းလင်း၏ မျက်နှာလေးတွင် ရှက်သွေးဖြာလာပြီး “နင့်ကို မတွေ့ရတာ နှစ်နှစ်တောင် ရှိနေပြီလေ။ အဲဒါကြောင့် စကားပြောချင်လို့။”

အန်လင်း နှုတ်ခမ်း မဲ့လိုက်သည်။ “တပိုင်ရဲ့ အမွေးကိုသာ ဆက်တိုက်ပွတ်မနေဘူးဆိုရင် နင်အရူးလုပ်တာ ခံရတော့မလို့ပဲ။”

တပိုင် : “…”

ထျန်းလင်းလင်း : “…”

***

All Chapters