ဆက်လက်ချဲ့ထွင်ခြင်း၊ ရေဒါအသေးစားနှင့် ကျား
Vol. 8 Ch. 117
“ကျွန်းကို ဆက်ပြီးချဲ့ထွင်ဖို့ ငါ သဘောတူတယ်။ ငါက လုံခြုံရေးတာဝန်ခံဆိုတော့ အားနေလို့ မဖြစ်ဘူးလေ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
လုံခြုံရေးခေါင်းဆောင် ကျန်းယွင်ထျန်းသည်ပင် ကန့်ကွက်ခြင်းမရှိသဖြင့် ကျန်ရှိသူများမှာလည်း ငြင်းဆိုစရာ မရှိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ကျွန်းကြီးမားလာပြီး ဆင့်ကဲပြောင်းလဲမှု မြင့်မားလေလေ ၎င်းတို့အတွက် အားသာချက် ပိုများလေလေ ဖြစ်သည်။
အားလုံးက သဘောတူညီကြသဖြင့် ရှောင်းယီသည် အုတ်မြစ်ကျောက် ၄၂ ခုကို အသုံးပြု၍ ကျွန်းကို ချဲ့ထွင်လိုက်တော့သည်။ ယခုအခါ ကျွန်း၏ အကျယ်အဝန်းမှာ ၂၄၆၆ စတုရန်းမီတာ ရှိလာပြီး လက်ဝယ်တွင် အုတ်မြစ်ကျောက် ၁၀ ခု ကျန်ရှိနေသေးသည်။
ချဲ့ထွင်မှု ပြီးဆုံးသောအခါ ရှောင်းယီသည် အိပ်ခန်းထဲမှ တက်ဘလက်တစ်လုံးကို သွားယူလာခဲ့သည်။
“ဒါက အသေးစားရေဒါရဲ့ အချက်ပြလက်ခံစက်ပဲ။ ရေဒါကိုတော့ တောင်ကုန်းရဲ့ ထိပ်ဖျားမှာ တပ်ဆင်ထားတယ်။ အကွာအဝေး ၃၂ ကီလိုမီတာအထိ ထောက်လှမ်းနိုင်တယ်။ ဒီလက်ခံစက်က ရေဒါနဲ့ ၅ ကီလိုမီတာအတွင်းမှာ အချက်ပြမှုကို ဖမ်းယူနိုင်လိမ့်မယ်။”
သူက ထိုသို့ပြောကာ ၎င်းကို ကျန်းယွင်ထျန်းထံသို့ ကမ်းပေးလိုက်၏။ ကျန်းယွင်ထျန်း၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် အရောင်တောက်သွားတော့လေသည်။ ယခုဆိုလျှင် ကြိုတင်သတိပေးချက်မရှိဘဲ ရန်သူများ ရုတ်တရက် ဆိုက်ရောက်လာမည့်အရေးကို စိုးရိမ်စရာ မလိုတော့ပေ။
“မင်း ဒီလိုအဆင့်မြင့် ပစ္စည်းတွေကို ဘယ်ကနေ ရတာလဲ။”
ယွမ်နွန်က အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။
တည်နေရာပြကိရိယာများ၊ ရေဒါများ၊ ရွက်သင်္ဘောများနှင့် အလိုအလျောက် ငါးဖမ်းပိုက်များ... ဤပစ္စည်းများကို ထောက်ပံ့ရေးသေတ္တာထဲမှ ရနိုင်ပါ့မလား။
ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
“ဒါက လျှို့ဝှက်ချက်ပဲ။”
ယွမ်နွန်က လက်ခါပြလိုက်သည်။
“ငါက အဖြေတောင်းနေတာမဟုတ်ပါဘူး။ ရင်ထဲမှာ မအောင့်နိုင်လွန်းလို့ ထုတ်ပြောလိုက်တာပါ။”
ကျန်သည့်သူများကလည်း ထိုခံစားချက်ကို နားလည်သဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
“ကဲ... ဒီနေ့ တစ်နေ့လုံး ပင်ပန်းသွားကြပြီဆိုတော့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေကြတာပေါ့။”
ရှောင်းယီက တီဗွီကို ညွှန်ပြလိုက်၏။
“ရုပ်ရှင်တွေ ရှိသေးတာလား။”
အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“စက်ထဲမှာ သိမ်းထားတဲ့ ရုပ်ရှင်ဟောင်းတချို့ ရှိတယ်။ အချိန်ဖြုန်းဖို့ပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
“ခင်ဗျားတို့ ကြည့်နေလိုက်ကြပါ။ ကျုပ် ကျွန်းကို စီမံခန့်ခွဲဖို့အတွက် ကျောက်တိုင်ကို သွားစောင့်ကြည့်လိုက်ဦးမယ်။”
ထိုသို့ဆိုကာ သူက အိပ်ခန်းထဲသို့ ဝင်သွားလိုက်လေသည်။
အန်းရန်သည် ဆုဝမ်ကို တစ်ချက်ကြည့်လိုက်ရာ ဆုဝမ်က ခေါင်းခါပြသဖြင့် သူမကိုယ်တိုင် ရှောင်းယီနောက်သို့ လိုက်ဝင်သွားခဲ့သည်။
“ရှောင်းယီ ငါလည်း နင်နဲ့အတူ ကြည့်ပေးမယ်။”
ထိုသို့ဆိုကာ အန်းရန်က ဘေးတွင် ဝင်ထိုင်လိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
“မနက်ဖြန်ကျရင် မင်းလက်ထဲက ကျောက်တိုင်မှာ ပင်လယ်ငါးနဲ့ သောက်ရေတွေကို စာရင်းတင်ထားလိုက်ဦး။ အခြေခံရိက္ခာတွေက လိုအပ်နေသေးတယ်။”
သူ ဈေးကွက်ခန်းမကို စစ်ဆေးကြည့်ရာ ငါးနှင့် သောက်ရေများ ကုန်လုနီးပါး ဖြစ်နေသဖြင့် ထပ်မံဖြည့်တင်းလိုက်သည်။ ထို့နောက် အများသုံး ချန်နယ်ကို ပြောင်းကြည့်လိုက်လေသည်။
“ချမ်းလိုက်တာဗျာ။”
“ဟုတ်တယ်...ပင်လယ်ကြီးတောင် ခဲတော့မလိုပဲ။”
“အိပ်မက်ယောင်မနေစမ်းပါနဲ့။ အဲ့ဒီလောက်ထိဖြစ်ဖို့ဆိုအတွက်ဆိုရင် အများကြီး ပိုအေးဖို့ လိုသေးတယ်။”
“သိပ်မဝေးတော့ပါဘူး။ ငါ့နားမှာဆို ပင်လယ်ပြင်က ငြိမ်သက်နေပြီး ရေမျက်နှာပြင်မှာ ရေခဲလွှာပါးလေးတွေတောင် စပေါ်လာနေပြီ။”
“တကယ်လား။ ငါ့ဆီမှာတော့ ဘာမှမဖြစ်သေးဘူး။”
“ငါ မင်ကို ဘာလို့ လိမ်ရမှာလဲကွ။ မင်းက ငါ့ကို ထမင်းကျွေးမှာမို့လို့လား။”
“ဘယ်သူ့ဆီမှာ အနွေးထည်တွေ၊ စောင်တွေ ပိုနေသေးလဲ။ ရိက္ခာအများကြီးနဲ့ လဲပေးပါ့မယ်။”
“ရှောင်းယီ ပင်လယ်ကြီး တကယ်ပဲ ခဲသွားနိုင်လား။”
အန်းရန်က စာတိုများကို ဖတ်ပြီးနောက် မေးလိုက်သည်။ သူက ခေါင်းခါပြလိုက်၏။
“ငါလည်း မသိဘူး။ ဒါပေမဲ့ ဒုတိယပတ်ရဲ့ ပူပြင်းမှုကို ကြည့်ရင် ပင်လယ်ကြီး ခဲသွားတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။”
သူက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် အန်းရန်၏ မိခင်အမည်ကို မေးမြန်းကာ အများသုံးချန်နယ်တွင် လူပျောက်ကြော်ငြာ တင်ပေးလိုက်ပြီး အခန်းပြင်သို့ ပြန်ထွက်လာခဲ့လိုက်သည်။
“အန်းရန်နဲ့ ဆုဝမ် မင်းတို့နှစ်ယောက် အိပ်ခန်းထဲမှာ အိပ်လိုက်ကြပါ။ ကျန်တဲ့သူတွေကတော့ ဧည့်ခန်းမှာ အိပ်ရမယ်။ ကျွင်းကျွင်း... သားက အန်တီတွေနဲ့ အိပ်မလား။”
ကျွင်းကျွင်းက ပြတ်သားစွာပင် ခေါင်းခါပြလာခဲ့သည်။
“ကျွန်တော်က ယောက်ျားလေးပဲ။ ဧည့်ခန်းမှာပဲ အိပ်မယ်။”
သူထိုသို့ ပြောလိုက်ရာ အားလုံး ပြန်လည် ရယ်မောလိုက်ကြ၏။
ထိုညမှာ ဘာမှ ထူးထူးခြားခြား ထပ်မဖြစ်တော့ပေ။ အရုဏ်တက်ချိန်တွင် ယွမ်နွန်က အရင်ဆုံး နိုးလာခဲ့ပြီး ၎င်း၏ လှုပ်ရှားသံကြောင့် ကျန်းယွင်ထျန်းနှင့် ရှောင်းယီတို့လည်း နိုးလာခဲ့ကြသည်။
“ငါက လူကြီးဆိုတော့ စောစောနိုးတတ်တာ ထုံးစံပါပဲ။ မင်းတို့ နှစ်ယောက် ထပ်အိပ်လိုက်ကြဦး။”
ယွမ်နွန်က တိုးတိုးလေး ပြောလိုက်သည်။
သို့သော် သူတို့ ပြန်မဖြေရသေးမီမှာပင် ဝမ်ချိုင်၏ ပြင်းထန်သော ဟောင်သံက တိတ်ဆိတ်မှုကို ဖြတ်တောက်သွားခဲ့၏။ ရှောင်းယီသည် ချက်ချင်းပင် ဝုန်းခနဲထကာ ဘေးနားရှိ ထန်ဓားကို ဆွဲယူ၍ အပြင်သို့ ပြေးထွက်သွားတော့သည်။ ကျန်းယွင်ထျန်းကလည်း နောက်မှ ကပ်ကာ လိုက်ပါသွားခဲ့သည်။
အပြင်သို့ ရောက်သောအခါ ဝမ်ချိုင်သည် မျက်ခုံးဖြူ ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရပြီး အဆက်မပြတ် ဟောင်နေသည်ကို တွေ့လိုက်ရလေသည်။
“ဝေါင်း...”
ကျားကြီးက လူနှစ်ယောက်ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်၏။
“ကျွန်းပေါ်က တောအုပ်ထဲကနေ ဆင့်ကဲပြောင်းလဲလာတာလား။”
ကျန်းယွင်ထျန်းက အသက်တစ်ချက်ရှူမှားသွားကာ ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။ စနစ်မှတစ်ဆင့် ၎င်း၏ အဆင့်ကို သူ သိရှိပြီးသား ဖြစ်သည်။
[ဆိုက်ဘေးရီးယား ကျား (B အဆင့်): အသားစားသတ္တဝါ၊ ကြမ်းတမ်းပြီး လျင်မြန်သည်။ အလွန်အမင်း အန္တရာယ်ရှိသည်။]
ယခင်က ရင်ဆိုင်ခဲ့ရသော B အဆင့် ရေဘဝဲကို ‘သတိထားပါ’ ဟုသာ ဖော်ပြခဲ့သော်လည်း ယခုကျားကြီးမှာမူ ထိုထက်မက အန္တရာယ်ကြီးမားကြောင်း သတိပေးချက်က ဖော်ပြနေခဲ့သည်။
ဤအချက်မှတစ်ဆင့် အဆင့်တူချင်း ဖြစ်သော်လည်း သတ္တဝါအမျိုးအစားပေါ်မူတည်၍ အားသာချက် ကွာခြားကြောင်း သူ နားလည်လိုက်သည်။ A အဆင့် ယုန်တစ်ကောင်သည် B အဆင့် ကျားတစ်ကောင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“သတိထား.... ဒါ B အဆင့် ဆိုက်ဘေးရီးယား ကျားပဲ။”
ရှောင်းယီက တိုးတိုးလေး သတိပေးလိုက်သည်။ ကျန်းယွင်ထျန်းသည် ကျား၏ အဆင့်မြင့်မားမှုနှင့် ရှောင်းယီ၏ ထောက်လှမ်းနိုင်စွမ်းကြောင့် အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်းပင် သူ၏ B အဆင့် မြှောင်ဓားကို ဆွဲထုတ်လိုက်လေသည်။
“တူတူ တိုက်မယ်။”
ထိုသို့ဆိုကာ ရှောင်းယီက အံ့သြဖွယ် အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်သွား၏။ ကျန်းယွင်ထျန်းပင် မလိုက်နိုင်လောက်အောင် လျင်မြန်လှပေသည်။
ရှောင်းယီက ဓားဖြင့် ခုတ်ချလိုက်သော်လည်း ကျားက ရှောင်တိမ်းသွားခဲ့သည်။ သို့သော် ဝမ်ချိုင်က ကျားရှောင်တိမ်းမည့်ဘက်၌ ကြိုတင် စောင့်ကြိုနေပြီဖြစ်သည်။ လူနှင့်ခွေးမှာ အပေးအယူ အလွန်မျှလှသည်။
ကျားက လက်သည်းဖြင့် ကုတ်လိုက်သော်လည်း ဝမ်ချိုင်က ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ ရှောင်းယီသည် ကျား၏ လျင်မြန်မှုကြောင့် အံ့အားသင့်သွား၏။ ၎င်းသည် သူနှင့် အရှိန်အဟုန်ချင်း တူညီနေခဲ့သည်။
ကျားကြီးသည် ကျန်းယွင်ထျန်းကို အားအနည်းဆုံးဟု သတ်မှတ်လိုက်ပုံရပြီး ၎င်းဘက်သို့ လှည့်၍ ခုန်အုပ်လိုက်တော့သည်။ ကျန်းယွင်ထျန်းက အောက်သို့ ငုံ့လျှိုးကာ ကျား၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးရန် ကြိုးစားလိုက်သည်။ သို့သော် ကျားသည် လေထဲမှာပင် ခန္ဓာကိုယ်ကို လိမ်ကာ ရှောင်တိမ်းလိုက်ပြီး ကျန်းယွင်ထျန်း၏ ဘယ်ဘက်လက်မောင်းကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်ရာ သွေးများ ချင်းချင်းနီသွားတော့လေသည်။
ကျန်းယွင်ထျန်းသည် နာကျင်မှုကို အံကြိတ်ခံကာ ဘေးသို့ လိမ့်ထွက်လိုက်ပြီး ကျားကို စိုက်ကြည့်လိုက်၏။
“သူက ငါ့ကို ပစ်မှတ်ထားနေတာပဲ။ ငါ့ဘက်ကို အာရုံလွှဲနေတုန်း မင်း အပြတ်ရှင်းလိုက်တော့။”
သူက ရှောင်းယီကို လှမ်းပြောလိုက်သည်။