မြည်းလေး အနိုင်ရရှိခြင်း
Vol. 32 Ch. 432
အဖြစ်ပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏အသက်ကိုပင် စတေး၍ တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားပြီးသားဖြစ်သည်။ သူသည် ဧရာမ စပါးအုံးမြွေကြီးအား ခုခံတွန်းလှန်နိုင်ရန် သူ၏ နောက်ဆုံးနည်းလမ်းကို အသုံးပြုကာ မြို့တော်ကြီးတခုလုံးကို ထာဝရခံတပ်ကြီးအသွင် ပြောင်းလဲရန် ပြင်ဆင်နေခဲ့၏။
ထိုသို့ ပြောင်းလဲရန် အချိန်လိုအပ်ပေသည်။ မြို့တော်အသစ်ကြီးမှာ ကြီးမားလွန်းနေသောကြောင့် ပြောင်းလဲမှုများကို တစ်ဆင့်ခြင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ၎င်းမှာ ထာဝရခံတပ်အဖြစ် ပြောင်းလဲသွားပါက ၎င်း၏ စွမ်းအားမှာ အဆမတန် ကြီးထွားလာမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့ပြောင်းလဲလိုက်မည်ဆိုပါက မြို့တော်ကြီးမှာ ထိခိုက်ပျက်စီးမှု မြောက်မြားစွာနှင့် ကြုံရမည်လည်း ဖြစ်သည်။
ယခုတွင် သူ့ဆီ၌ ထိုသို့ပြောင်းလဲရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူ စတင်လိုက်သည်နှင့် မြို့တော်သစ်ကြီးတစ်ခုလုံးမှာ ပျက်စီးသွားမည်ဖြစ်သည်။ သို့သော် ဘာမှမလုပ်ဘဲ ငြိမ်ခံနေခြင်းထက်စာလျှင် ပို၍ ကောင်းသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစားအားထုတ်၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် သူသည် သူ၏အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးခင်မှာပင် ဧရာမစပါးအုံးမြွေကြီး၏ ထူးဆန်းသော အပြုအမူများကြောင့် ရပ်တန့်သွားရ၏။ အထူးသဖြင့် စပါးအုံးမြွေကြီးမှာ လျှာထုတ်ကာ နှုတ်ခမ်းကို လျှက်နေသည် မဟုတ်ပါလော။ ၎င်းမှာ သာမာန်လုပ်ရပ်တစ်ခုဟုသာ ထင်ရပါသော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိ ဝမ်ပေါင်လဲ့မှာ ထိုလုပ်ရပ်ကြီးအား ရင်းရင်းနှီးနှီး သိနေသည်ဟု ခံစားလိုက်ရ၏။
သူတစ်ယောက်တည်းသာ ရပ်တန့်သွားကြသည်တော့မဟုတ်ပေ။ သူ၏ ပတ်ပတ်လည်ရှိ လူတိုင်းမှာလည်း ထိုနည်းတူပင်။ သူတို့၏အနီး၌ ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးပင်လျှင် တအံ့တဩနှင့် ရပ်တန့်သွားရပြီး သူ၏ မျက်ဝန်းများထဲ၌ အံ့သြတုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟင်သွားတော့သည်။
ဧရာမစပါးအုံးမြွေကြီး၏ ထူးဆန်းသော အပြုအမူကြောင့် လူအုပ်ကြီးတစ်ခုလုံးမှာ ကြက်သေသေနေရစဉ် ၎င်း၏ မျက်ဝန်းများထဲရှိ ရုန်းကန်လှုပ်ရှားနေသော အရိပ်အယောင်များမှာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ၎င်း၏နေရာတွင် တောက်ပသောအလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် ၎င်းမှာ ပါးစပ်ကြီးကိုဟကာ အသံကုန် အော်ဟစ်လိုက်တော့သည်။
" သား "
ထိုအော်ဟစ်သံကြီးမှာ နားစည်များကိုပင် ပေါက်ကွဲသွားစေနိုင်သည့်ပုံပင်။ ၎င်းမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် ဧရာမစပါးအုံးမြွေကြီးမှာ အခြားတစ်ဖက်သို့ လှည့်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာခြင်း မရှိတော့ဘဲ လူအများ၏ အမြင်အာရုံထဲတွင် မည်သည့်အရာမှ ရှိမနေသည့် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
၎င်းမှာ ယခင်တုန်းကထက်ပင် အများကြီးပို၍ မြန်ဆန်လာပြီဖြစ်သည်။ ၎င်း၏ အမြန်နှုန်းနှင့် သွက်လက်ဖျတ်လက်မှုများမှာလည်း သိသိသာသာ တိုးတက်လာ၏။ ထို့ကြောင့် ၎င်းမှာ ယခင်တုန်းက ထိန်းချုပ်ခံနေခဲ့ရပါတော့လည်း ယခုတွင် အသက်ဝင်လာခြင်းဖြစ်မည်ဟု လူတိုင်းက ယူဆလိုက်ကြ၏။
၎င်း၏ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်း၊ ရုတ်ခြည်းဆိုသလို မြင့်တက်လာသည့် သွက်လက်ဖျတ်လက်မှုများနှင့် ၎င်း၏ အော်ဟစ်သံများမှာ အနက်ရောင်ဝတ်ရုံနှင့် လူကြီးအတွက် အံ့ဩဖွယ်ရာ ကောင်းလွန်းနေ၏။ ထို့ကြောင့် သူသည် အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် စပါးအုံးမြွေကြီးမှာ သူဆီသို့ ရောက်ရှိလာပြီး ၎င်း၏ ပါးစပ်ပေါက်ကြီးကို ဟထားလိုက်တော့သည်။
ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် နောက်သို့ ချက်ချင်းပင် ဆုတ်ခွာရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဧရာမစပါးအုံးမြွေကြီးမှာ သူ၏ခန္ဓာကိုယ်အား လှမ်းကိုက်လိုက်ပြီး တစ်ကိုယ်လုံးကို မျိုချပစ်လိုက်တော့သည်။
ထိုအချိန်တွင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲရှိ နံရံကြီး၏ နောက်ဘက်၊ နတ်ဘုရားလက်နက်ကြီး ရှိနေသော နေရာတွင် အလွန်အင်မတန်မှ ရှေးဆန်ကာ အမျက်ချောင်းချောင်းထွက်နေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော် စကားသံတစ်သံ ထွက်ပေါ်လာတော့သည်။
" မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ပါဘူး "
" ဘာဖြစ်လို့ ရုပ်သေးရုပ်က အထိန်းအကွပ် မဲ့သွားခဲ့ရတာလည်း။ တောက်ကွာ ဘယ်လိုလုပ်ပြီးတော့ သူက ငါ့ကို မြင်နိုင်ခဲ့ရတာလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီးတော့ သူက ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ဒဏ်ရာရအောင်လုပ်နိုင်စွမ်း ရှိနေရတာလဲ။
" မဟုတ်သေးဘူး။ တစ်ခုခု မှားနေတာပဲဖြစ်ရမယ် "
နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အနက်ရှိုင်းဆုံးနေရာထဲတွင် အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထိုအသံများကိုကြားနေရမည်ဖြစ်သည်။ ထိုအော်ဟစ်သံများထဲတွင် ရူးသွပ်မှုများနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ ခန္ဓာကိုယ်အစစ်အမှန်မှာ သူ၏ကိုယ်ပွား ဝါးမျိုခံလိုက်ရသည့် အကြောင်းအရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း အမှားအယွင်းမရှိ ဖြစ်ပျက်နေသည် မဟုတ်ပါလော။ သူသည် အကျိုးရလဒ်များအား ခံစားရန် ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ထားသော အရာကြီးတစ်ခု ဖြစ်ပျက်သွားခဲ့ရခြင်း ဖြစ်သည်။
၎င်းမှာ မတော်တဆတစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့်လူကြီး မသိသေးသည့်အချက်မှာ သူ မြို့တော်အသစ်ထဲသို့ ဝင်ရောက်ရှိလာခဲ့သည့် ပထမဆုံးနေ့မှစ၍ မြည်းလေးတစ်ကောင်မှာ သူ၏ အငွေ့အသက်များကို အာရုံခံမိခဲ့သောကြောင့် သူ၏ ကိုယ်နံ့အား နောက်ယောင်ခံနေခဲ့သည့် အချက်ပင်ဖြစ်သည်။ ၎င်းမှာ ထိုစဉ်ကတည်းက သူ့အား လိုက်လံရှာဖွေနေခဲ့၏။
ယခုတွင် မြို့တော်အသစ်ထဲ၌ ဧရာမ စပါးအုံးမြွေကြီးက မည်သူမှ မမြင်ရသည့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးကို ဝါးမျိုပစ်လိုက်ပြီ ဖြစ်သည်။ ထို့နောက် ၎င်းမှာ လေထဲတွင် အမြီးယမ်းလိုက်ပြီး နောက်သို့ ချက်ချင်းပင် ပြန်လှည့်လာ၏။ ၎င်း၏ မျက်ဝန်းများထဲတွင်မူ အားရကျေနပ်နေသည့် အရိပ်အယောင်များဖြင့် ထင်ဟပ်နေပြီဖြစ်သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား သတိထားပြီးလိုက်၏။ ထိုအခါ ၎င်း၏ လည်ပင်းမှာ နောက်သို့ ပြန်၍ကျုံ့ဝင်သွားပြီး ၎င်း၏ မျက်ဝန်းများထဲ၌ အပြစ်ကင်းစင်သည့် အကြည့်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ မလုံမလဲဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။ ထို့အပြင် ၎င်းမှာ အလွန်အင်မတန်မှ အရသာရှိသော အရာတစ်ခုအား စားမိလိုက်သည့် အကြောင်းကို ဝမ်ပေါင်လဲ့ တစ်ယောက် သိရှိသွားမည်ကို စိုးရိမ်နေ၏။
ဝမ်ပေါင်လဲ့မှာမူ မိန်းမောတွေဝေသွားခဲ့ရသည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ စောစောတုန်းက ပေါ်ထွက်လာခဲ့သည် အော်ဟစ်မြည်တမ်းသံကြီးမှာ ၎င်း၏နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ ထို့ကြောင့် သူသည် တအံ့တဩ ဖြစ်နေရစဉ် ဧရာမစပါးအုံးမြွေကြီး၏ မျက်နှာအမူအရာကို မြင်လိုက်ရ၏။ ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူကြီး ခံစားခဲ့ရသည့် မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော ခံစားချက်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါက်လာတော့သည်။
ထိုအော်သံကြီးနှင့် ထိုမျက်နှာအမူအရာတို့ကို ဝမ်ပေါင်လဲ့က တရင်းတနှီး သိနေသည်ဖြစ်သောကြောင့် သူသည် မနေနိုင်တော့ဘဲ ရေရွတ်မိလိုက်တော့သည်။
" လစ်လိုက်တော့လား "
ဝမ်ပေါင်လဲ့မှာ ထိုနာမည်ကို ခေါ်လိုက်ချိန်တွင် ချန်းမုတစ်ယောက်မှာ တံခါးပိတ်ကျင့်ကြံနေရင်း မျက်နှာပေါ်၌ အပြာရောင်သွေးကြောကြီးများ ထောင်မတ်လာရတော့သည်။ ထို့နောက် သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ထို့နောက်သူသည် ရူးသွပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ရုပ်သေးရုပ်ကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်၏။ အသေးစားပြဿနာ အချို့မှလွဲ၍ အရာအာလုံးမှာ သူ့စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်နေပါသော်လည်း သူသည် ရုတ်တရက်ဆိုသလို ထိုရုပ်သေးရုပ်ကြီးအား မထိန်းချုပ်နိုင်တော့ပဲ ဖြစ်သွားရသည် မဟုတ်ပါလော။ အခြားတစ်ယောက်ယောက်မှာ သူ့ဆီမှ ၎င်းအား လုယူသွားသကဲ့သို့ပင်။
ထို့ကြောင့် ချန်းမုမှာ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ သူသည် ငြိမ်ခံနေမည် မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်ပါသော်လည်း ရုပ်သေးရုပ်ကြီးအား လုယူသွားခဲ့သည့် စိတ်ဆန္ဒကြီးမှာ အစွမ်းထက်လွန်းနေ၏။ ထို့ကြောင့် ချန်းမုမှာ ၎င်းအား ပြန်လည်ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ရပြန်သည်။
" ငါ့ရဲ့ ရုပ်သေးရုပ်ကို တခြားဘယ်သူကမှ ငါ့ဆီကနေ ယူသွားခွင့်မရှိဘူး " သူသည် ထိုသို့အော်ဟစ်မြည်တမ်းရင်း ရုပ်သေးရုပ်အားထိန်းချုပ်ထားသည့် ဗုံလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏လျှာထိပ်ကိုကိုက်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် သက်စောင့်စွမ်းအင်များ ကိန်းအောင်နေသည့် သွေးစက်အချို့ကို ထိုဗုံပေါ်သို့ ထွေးထုတ်လိုက်၏။ ထိုသွေးစက်များ ဗုံလေးပေါ်၌ စွန်းထင်းသွားသောအခါ သူ၏ ရုပ်သေးရုပ်အား ထိန်းချုပ်နိုင်စွမ်းမှာ မြင့်တက်လာတော့သည်။
ချန်းမုမှာ သူ၏ ကြိုးစားအားထုတ်မှုများ အရာထင်နေသည်ကို မြင်လိုက်ရသောအခါ မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူသည် နောက်ထပ် သွေးပွက်သုံးပွက်တိတိ ထပ်၍ အန်ထုတ်လိုက်ပြန်သည်။ ထိုသို့ အန်ထုတ်လိုက်တိုင်း သူ၏ မျက်နှာပေါ်၌ အရေးကြောင်းများ ပေါ်ပေါက်လာရ၏။ သူသည် စတုတ္ထမြောက် သွေးပွက်အား အန်ထုတ်လိုက်ချိန်တွင် ယခင်တုန်းလို လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ တစ်ခေါင်းလုံး ဆံပင်ဖြူများ ပေါက်လာပြီး အသက်ငါးဆယ်အရွယ် လူတစ်ယောက်နှင့် တူသွားပြီ ဖြစ်သည်။
သို့သော် ထိုသွေးပွက်များမှာ အကျိုးသက်ရောက်မှုရှိပေသည်။ ဗုံလေးပေါ်၌ သွေးစက်များ စွန်းထင်းသွားသောအခါ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသဖြင့် ပြန်လည်တုံ့ပြန်ရန် ပြင်နေသည့် စစ်မြေပြင်ပေါ်ရှိ ဧရာမ စပါးအုံးမြွေကြီးမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် ၎င်း၏ မျက်ဝန်းများထဲရှိ မြည်းလေးအား ကိုယ်စားပြုသော အလင်းရောင်များမှ မှေးမှိန်လာရတော့သည်။ ထို့နောက် ချန်းမု၏ အရူးတစ်ပိုင်း ဖြစ်နေသော အကြည့်များ ပြန်လည်ပေါ်ပေါက်လာပြီး ထိုနေရာ၌ အစားထိုးဝင်ရောက်လာ၏။
သို့သော် မြည်းလေးမှာလည်း အရှုံးမပေးပေ။ ၎င်းမှာ နှင်ထုတ်မခံချင်သောကြောင့် ပြန်လည်ခုခံတွန်းလှန်ရန် ကြိုးပမ်းလိုက်၏။ ထို့ကြောင့် ဧရာမစပါးအုံးမြွေကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး အနည်းငယ်ခန့် ရူးသွပ်နေသည့်ပုံ ပေါက်သွားတော့သည်။ ထို့နောက် ၎င်း၏ မျက်ဝန်းများထဲ၌ ရုန်းကန်လှုပ်ရှားနေသည့် အရိပ်အယောင်များ အထင်အရှား ပေါ်ပေါက်လာ၏။
ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ ထိုစပါးအုံးမြွေကြီး၏ မျက်ဝန်းများထဲမှတစ်ဆင့် ၎င်း၏ အတွင်းကမ္ဘာကို မြင်နေရ၏။ ထိုကမ္ဘာထဲတွင် ထောင်သောင်းများစွာသော သွေးရောင်ဝိညာဉ်များ ရှိနေကြသည်။ ထိုသွေးရောင်ဝိညာဉ်များမှာ ၎င်းတို့ထက် အဆပေါင်းများစွာ ပို၍ကြီးမားသည့် မြည်းလေးတစ်ကောင်၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေကြ၏။ ၎င်းတို့မှာ ထိုမြည်းလေးအား ချုပ်တည်းကာ ဝါးမျိုပစ်ရန် ကြိုးစားနေကြသည်ပုံပင်။
ထိုမြည်းလေးမှာ အရွယ်အစားပို၍ကြီးမားကာ ပို၍အစွမ်းထက်နေသည့်ပုံ ပေါ်ပါသော်လည်း သွေးရောင်ဝိညာဉ်များ၏ အရေအတွက်မှာ များပြားလွန်းနေ၏။ ထို့ကြောင့် မြည်းလေးမှာ တဖြည်းဖြည်းနှင့် ရှုံးနိမ့်သွားတော့မည့်ပုံ ပေါက်လာတော့သည်...
ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်မှ လူများမှာ အထိတ်တလန့် ဖြစ်သွားရ၏။ သူတို့မှာ လက်ရှိအခြေအနေကြီးကို အစအဆုံး နားမလည်ထားကြပါသော်လည်း တစ်စုံတစ်ယောက်မှာ နည်းလမ်းတစ်ခုခုကို အသုံးပြု၍ ထိုဝိညာဉ်များအား စုစည်းကာ ရုပ်သေးရုပ်ကြီးအား ဖန်တီးထားခြင်းဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားကြ၏။
ဤကိစ္စကြီးတစ်ခုလုံးအား နောက်ကွယ်မှ ကြိုးကိုင်နေသည့် လူကြီးမှာ ထိုဝိညာဉ်များအားလုံးကို အသုံးပြု၍ ရုပ်သေးရုပ်ကြီးအား ထိန်းချုပ်ကာ ဖျက်ဆီးသတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မြည်းလေးမှာ နိုးထလာခဲ့ပြီး ထိန်းချုပ်ခွင့် ပြန်လည်ရရှိရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
သူတို့အားလုံးမှာ ထိုကြိုးကိုင်ရှင်ကို ရုပ်သေးရုပ်ကြီးအား ပြန်လည် ထိန်းချုပ်ခွင့် မရနိုင်အောင် တာဆီးရမည်ဖြစ်ကြောင်း သိရှိနားလည်ထားကြ၏။ ထိုသို့သာ မလုပ်နိုင်ပါက ရုပ်သေးရုပ်ကြီးမှာ အစွမ်းထက်လွန်းနေသောကြောင့် သူတို့မှာ ၎င်းအား ခုခံတွန်းလှန်တဲ့စွမ်းမရှိသလို ဖျက်ဆီးပစ်နိုင်စွမ်းလည်း ရှိမည်မဟုတ်ဘဲ သေဆုံးသွားရမည်သာဖြစ်သည်။
သူတို့၏ အသိစိတ်များထဲ၌ ထိုကဲ့သို့သောအတွေးများ ဝင်ရောက်လာကြစဉ် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အော်ပြောလိုက်တော့သည်။
" လစ်လိုက်တော့။ မင်း ဒီပွဲမှာ ရှုံးသွားရင် တစ်ဘဝလုံး ဘာမှစားရတော့မှာ မဟုတ်ဘူးနော် "
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မြည်းလေးမှာ တစ်ကိုယ်လုံး တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ ရူးသွပ်လုမတတ် ဖြစ်သွားပြီး သွေးရောင်ဝိညာဉ်များ၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်အောင် ကြိုးစားရုန်းကန်လိုက်တော့သည်။ ၎င်းမှာ ရုပ်သေးရုပ်ကြီးအား ထိန်းချုပ်ခွင့် ပြန်လည်ရရှိနိုင်ရန် ကြိုးစားနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏စကားများမှာ အလုပ်ဖြစ်နေသည်ကို သိလိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားရ၏။
" လစ်လိုက်တော့။ အစွမ်းကုန်ကြိုးစားလိုက်စမ်းပါ။ မင်း အနိုင်ရသွားမယ်ဆိုရင် ငါ တစ်လတိတိ မင်းစားချင်တာမှန်သမျှ ကျွေးမယ်။ တစ်လတိတိနော်။ မင်း စားချင်တာ အကုန်စားရမှာ "
ထိုစကားကြောင့် မြည်းလေးမှာ ပို၍ပင် စိတ်လှုပ်ရှားသွားရပြီး ကြိုးစားအားထုတ်၍ ရုန်းကန်နေတော့သည်။ ထို့ကြောင့် ၎င်းမှာ အနိုင်ရရှိတော့မည့်ပုံ ပေါက်လာ၏။ သို့သော် ချန်းမုမှာလည်း အရှုံမပေးလိုပေ။ ထို့ကြောင့် သူသည် နောက်ထပ် သွေးပွက်တစ်ပွက် အန်ထုတ်လိုက်ပြီး အသာစီးရရှိန် ကြိုးပမ်းလိုက်၏။
ချန်းမု၏ လုပ်ရပ်ကို မည်သူကမှ မမြင်လိုက်ပါသော်လည်း မြည်းလေး ချုပ်တည်းခံလိုက်ရသည်ကိုမူ လူတိုင်းက ရှင်းလင်းပြတ်သားစွာ မြင်နေရပြီ ဖြစ်သည်။ ထိုအချိန်တွင် ခုန်းတောင်မှာ အံကြိတ်လိုက်ပြီး သူ၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် သူ၏ သားရဲအိတ်ကို ပုတ်လိုက်သဖြင့် ဖီးနစ်ဖြူလေး ပေါ်ပေါက်လာတော့သည်။
" မြည်းလေး။ မင်း ဒီတိုက်ပွဲကိုနိုင်ရင် အခုကစပြီးတော့.... မင်းနဲ့ ဖီးနစ်ဖြူကြားက ဖြစ်ပျက်သမျှ ကိစ္စတွေအားလုံးကို ငါ... ဝင်မရှုပ်တော့ဘူးကွာ "
သူ၏စကားများမှာ ဇီဝိန်ချုပ် တိုက်ကွက်များကဲ့သို့ပင်။ မြည်းလေးမှာ မျက်လုံးများ နီမြန်းသွားပြီး အစွမ်းကုန်ထုတ်ကာ အော်ဟစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ချန်းမု၏ စိတ်ဆန္ဒများဖြစ်သော သွေးရောင်ဝိညာဉ်များကို ဖျက်ဆီးချေမှုန်းလိုက်ပြီး ရုပ်သေးရုပ်ကြီးအား တစ်ဖန်ပြန်လည် ထိန်းချုပ်လိုက်တော့သည်။
ထိုမြည်းလေး ပြန်လည်ထိန်းချုပ်နိုင်သွားသောအခါ ချန်းမု၏ ရှေ့တွင်ရှိနေသော ဗုံလေးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ ချန်းမုမှာလည်း ထိုပေါက်ကွဲမှု၏ဒဏ်ကို ခံစားလိုက်ရသဖြင့် နာကျည်းစွာ အော်ဟစ်လိုက်ရ၏။ ထို့နောက် သူသည် သွေးများအန်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရှုံ့တွသွားရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပနေဆဲပင်။
" မဖြစ်ဘူး "
သူသည် မြည်းတစ်ကောင်ကို အရှုံးပေးလိုက်ရသဖြင့် မကျေမချမ်းဖြစ်ကာ နောင်တကြီးစွာ ရနေရာတော့သည်။ ဒုဓလီပန်းပွင့်ပေါင်း ထောင်သောင်းများစွာ စုပ်ယူခဲ့သော မြည်းလေးမှာ အသက်ရှင်ကျန်ရစ်ခဲ့ရုံသာမက ရုပ်သေးရုပ်အား ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မည်ဟု သူက လုံးဝမထင်မှတ်ထားခဲ့ပေ။
" ငါ လက်မခံနိုင်ဘူး "