← Chapters

အခန်း (၁၃၅၃-၁၃၅၄)

Vol. 77 Ch. 1353-1354

အခန်း (၁၃၅၃-၁၃၅၄)

Vol. 77 Ch. 1353-1354

အပိုင်း (၁၃၅၃)

တုံးအသည်ဟု အထင်ခံရစေဦး၊ တစ်ကြိမ် လိမ်ညာခံရစေဦး၊ သူမ၏နှလုံးသား အမှန်တကယ် လှုပ်ရှား သွားသည့်အခါ သူမသည် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ဦးမည်သာ ဖြစ်သည်။ တစ်ခဏအတွင်း ဘုရင်မမီဒူဆာ၏ ပြိုင်ဘက်ကင်းလှပသော မျက်နှာနှင့် ခန္ဓာကိုယ်သည် တစ်လက်မချင်း ပြာမှုန်အဖြစ် ပြောင်းလဲသွားပြီး အတွင်းရှိ ဝိညာဉ်ရေအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရေတွင်းသည် ဆက်လက် မြင့်တက်လာ၏။ နောက်ဆုံးတွင် ပြည့်သွားခဲ့၏။

ထင်မှတ်ထားသည့် အတိုင်း ဖြည့်ဆည်းရန် ဘုရင်မမီဒူဆာ၏ ဝိညာဉ်ကို စတေးရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။ ရေတွင်းဝတွင် ရပ်နေသော ရှမ့်လန်၏ ကျောက်ရုပ်တုသည် ရုတ်တရက် ဝိညာဉ်ရေတွင်းထဲသို့ ကျသွားခဲ့သည်။

... ...

အလယ်အလတ် နဂါးအသိဉာဏ်အမြင် ရယူစဉ်က ဖြစ်စဉ်ကို ရှမ့်လန် မှတ်မိနေသေး၏။ ဖော်ပြရန် စကားလုံး တစ်လုံး ရှိပါက ၎င်းမှာ သေမင်းလက်တွင်းမှ ရှင်သန်ခြင်း ဖြစ်ပေလိမ့်မည်။ ရှမ့်လန်က သေမင်းလက်တွင်းမှ ရှင်သန်ခြင်းဟု ထပ်ခါတလဲလဲ ဖော်ပြခဲ့သော်လည်း သူသည် တကယ်တမ်း မသေဆုံးခဲ့ပေ။

နဂါးကန်ထဲမှ ဧရာမ နဂါးကြီး ဖြစ်စေ၊ ပိရမစ်ရေတွင်းထဲမှ ရှမ့်လန် ဖြစ်စေ သေမင်းက ၎င်းတို့နောက်သို့ လိုက်နေခဲ့ခြင်း ဖြစ်ပြီး ရှမ့်လန်နှင့် နဂါးကြီးကို အသွင်ပြောင်းလဲရန်၊ အဆင့်မြှင့်တင်ရန်၊ အဆက်မပြတ် တိုက်ခိုက်ရန်၊ ပေါင်းစည်းရန်၊ နိဗ္ဗာနရောက်ရန်နှင့် နောက်ဆုံးတွင် အလယ်အလတ် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အလယ်အလတ် နဂါးအသိဉာဏ်အမြင် ရယူစဉ်က သူသည် သေမင်းနှင့် အကြိမ်ပေါင်းများစွာ နီးကပ်ခဲ့သော်လည်း တစ်ခါမှမသေဆုံးခဲ့ပေ။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ ဝိညာဉ်လောကတွင် မည်သို့ရှိသနည်း။ အားလုံးသည် သေဆုံးခြင်း ဖြစ်သည်။ အားလုံးသည် စတေးခြင်း ဖြစ်သည်။ တိုက်ခိုက်ခြင်း မရှိ၊ အဆင့်မြှင့်တင်ခြင်း မရှိ၊ နိဗ္ဗာန မရှိပေ။ ရှမ့်လန် ခံစားရသော တစ်ခုတည်းသော အရာမှာ သေဆုံးခြင်း လုပ်ငန်းစဉ် ဖြစ်၏။

သူသည် ဘုရင်မမီဒူဆာ၏လက်ချက်ဖြင့် ကျောက်ရုပ်တု ဖြစ်သွားခဲ့ပြီး ဝိညာဉ်ရေတွင်းထဲသို့ ကျသွားပြီးနောက် တစ်ကိုယ်လုံး အပိုင်းပိုင်း အစစ ကြေမွသွားခဲ့သည်။ သူ၏ဝိညာဉ်သည် မရေမတွက် နိုင်သော လက်တံများကို ဆန့်ထုတ်လိုက်ပြီး လူတိုင်း၏သေဆုံးခြင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွား သကဲ့သို့ ရှိသည်။ ဤဝိညာဉ်ရေတွင်းထဲတွင် မရေမတွက်နိုင်သော လူများ၏ စတေးမှုများ ပါဝင်နေသည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်၊ ဘုရင်မမီဒူဆာ၊ သူတို့သုံးဦး၏ စတေးမှုသည် စွမ်းအင်အားလုံး ကို ဖွဲ့စည်းထားခြင်း ဖြစ်၏။ ကန်ဝမ်နှင့် သူခေါ်ဆောင်လာသော လူတစ်သောင်းကျော်၏ သေဆုံးမှုမှာ အဓိပ္ပာယ်မဲ့သွားသကဲ့သို့ ရှိ၏။

ရှမ့်လန်သည် ငရဲပြည်သို့ရောက်ရှိသွားသကဲ့သို့ ဖြစ်နေ၏။ မဟုတ်သေးပေ။ အသူရာငရဲ ဆိုသည်မှာ မှောင်မိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသင့်သော်လည်း ဤဝိညာဉ်ရေတွင်းထဲတွင်မူ ကြောက်မက်ဖွယ် မကောင်းပေ။ ဆန့်ကျင်ဘက် အားဖြင့် အလွန် လှပနေသည်။

ဤအလှတရားကို မည်သို့ ဖော်ပြရမည်နည်း။ ညှိုးနွမ်းနေသော စကြဝဠာတစ်ခုနှင့် တူသည်။ စကြဝဠာကို အလှတရား ပေးစွမ်းသည့်အရာမှာ အဘယ်နည်း။ ကြယ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဂလက်ဆီများ၊ လှပဆန်းကြယ်သော နက်ဗျူလာများနှင့် လျှို့ဝှက်နက်နဲသော တွင်းနက်များ ဖြစ်ကြ၏။

(Nebula ဆိုတာ ဟိုက်ဒရိုဂျင် ၊ ဟီလီယမ် ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြယ်တွေ စတင် မွေးဖွား ဖြစ်တည်တဲ့ နေရာလည်း ဖြစ်ပါတယ်။ - ဘာသာပြန်သူ)

ထို့ကြောင့် ဤဝိညာဉ်ရေတွင်းထဲတွင် ရှမ့်လန်သည် စကြဝဠာ၏ဒေသတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ရှိသည်။ ကန်ဝမ်နှင့် သောင်းချီသော စတေးမှုများသည် မရေမတွက်နိုင်သော ဂလက်ဆီများသဖွယ် ဖြစ်ပြီး မှောင်မိုက်သော ကောင်းကင်ယံတွင် ကြယ်များသဖွယ် ထူထပ်စွာ ဖုံးလွှမ်းနေသည်။

ထို့နောက် ထိုအရာတို့သည် ရှမ့်လန်၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားကြ၏။ ဂယ်လက်ဆီထဲမှ ကြယ်တစ်ပွင့်ချင်းစီသည် အဆက်မပြတ် ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သို့သော်ငြား ဘာကြောင့်လဲ ဆိုသည်ကို သူ မသိပေ။ သူ သေချာ ခွဲခြားချင်သော်လည်း အလွန် ဝေးကွာလွန်းသဖြင့် မမြင်နိုင်ပေ။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် ဘုရင်မမီဒူဆာတို့သည် ဧရာမ ကြယ်ကြီး သုံးလုံးနှင့် တူသည်။ ရှမ့်လန်သည် နီးကပ်စွာ သွားရောက်နိုင်ပြီး နက်ရှိုင်းစွာ ဝင်ရောက်ကာ အတွင်းမှ ပြောင်းလဲမှုများကို ခံစားနိုင်သည်။ ဝိညာဉ်တစ်ခုစီ၏ သေဆုံးခြင်း လုပ်ငန်းစဉ်ကို သူ ရှင်းလင်းစွာ ခံစားနိုင်၏။ ဤမြင်ကွင်းသည် ကြယ်တစ်လုံး ပေါက်ကွဲခြင်းနှင့် အမှန်တကယ် တူညီနေသည်။

ဝိညာဉ်သုံးခုသည် ဧရာမကြယ်ကြီး သုံးလုံးကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ တောက်ပစွာ လင်းလက် နေကြ၏။ စတင် ပြန့်ကားလာသည်။ ကြီးထွားလာသည်။ ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်၏။ ၎င်းတို့၏ အတွင်းပိုင်း ဓာတ်ပြုမှုများသည် ပိုမို ပြင်းထန်၏။

ရှမ့်လန်၏ဝိညာဉ်သည် လူတိုင်း၏ ဝိညာဉ်ကြယ်များထဲသို့ ဝင်ရောက်ပြီး သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်သည်။ လူတစ်ယောက်ချင်းစီ၏ ဝိညာဉ်သည် နေတစ်စင်းကဲ့သို့ ဖြစ်ပြီး မရေမတွက်နိုင်သော ဖိုတွန်များ အပြန်အလှန် တုံ့ပြန်နေကြ၏။ သူတို့သေဆုံးချိန်မှာတော့ ညှိုးနွမ်းမသွားဘဲ ပွင့်လန်းလာ ကြသည်။

သူ၏ ဝိညာဉ်အတွင်းပိုင်း ဓာတ်ပြုမှုသည် ယခင်ကထက် ပိုမို ပြင်းထန်လာပြီး ထုတ်လွှတ်သော စွမ်းအင်မှာ ပိုမို၍ အံ့မခန်း ဖြစ်လာသည်။ ဤသည်မှာ နေဝင်ချိန်၏ နောက်ဆုံးအလင်းရောင်နှင့် တူညီနေသည်လား။ ဖွဲ့စည်းထားသော ဝိညာဉ်တိုင်းသည် ပြင်းထန်စွာ ဓာတ်ပြုပြီး ပြန့်ကားလာကြ၏။ ဆယ်ဆ၊ ရာဆ၊ ထောင်ဆ ပြန့်ကားလာ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ တစ်ခဏအတွင်း သူသည် ဝိညာဉ်စွမ်းအင် အားလုံးနီးပါးကို ထုတ်လွှတ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် ဘုရင်မမီဒူဆာတို့၏ ဝိညာဉ်ကြယ် သုံးလုံး၊ ထို့အပြင် မရေမတွက်နိုင်သော စတေးခံရသူများ၏ ဝိညာဉ်များသည် အားလုံး ပေါက်ကွဲသွားကြ၏။

ဝိညာဉ်ရေတွင်း၏ လွတ်လပ်သော ဟင်းလင်းပြင်တစ်ခုလုံးသည် လုံးဝ ပျက်စီးသွားသော စကြဝဠာ တစ်ခုကဲ့သို့ ဖြစ်နေသည်။ ထောင့်တိုင်းတွင် အံ့မခန်း အလင်းရောင်များ လွှမ်းခြုံထား၏။ ပုံမှန်အားဖြင့် ဤကဲ့သို့သော အလင်းရောင်သည် တစ်ခဏသာ တည်ရှိတတ်သည်။

သို့သော်ငြား ဝိညာဉ်ရေတွင်း လောကထဲတွင် အချိန်သည် အဆပေါင်း မရေမတွက်နိုင်အောင် နှေးကွေးသွား သကဲ့သို့ ရှိသည်။ ဤအလင်းရောင်သည် အလွန် ကြာမြင့်စွာ တည်ရှိနေ၏။ နေမင်းထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို တောက်ပသဖြင့် ဤအလင်းရောင်သည် ထာဝရ တည်ရှိနေမည်ဟုပင် ထင်မှတ်ရ၏။

သို့သော်ငြား ဤကဲ့သို့သော အလင်းရောင်သည်ပင် တဖြည်းဖြည်း ပြောင်းလဲလာသည်။ အလွန် တောက်ပရာမှ တောက်ပခြင်းသို့၊ ထို့နောက် မှိန်ဖျော့ခြင်းသို့၊ နောက်ဆုံးတွင် အမှောင်ထုသို့...။ ပုံမှန်အားဖြင့် ဤလုပ်ငန်းစဉ်သည် အများဆုံး တစ်စက္ကန့်ထက် မပိုပေ။

သို့သော်ငြား ရှမ့်လန်၏ခံစားမှုတွင်မူ ဤလုပ်ငန်းစဉ်သည် နာရီပေါင်းများစွာ ကြာမြင့်သည့်တိုင် မပြီးဆုံးနိုင်သကဲ့သို့ ရှိနေသည်။ အမှုန်အမွှား တစ်ခုချင်းစီတိုင်းသည် ပြောင်းလဲနေပြီး သေဆုံးနေကြ၏။ လူတစ်သောင်းကျော်၏ ဝိညာဉ်များသည် ဘီလီယံပေါင်းများစွာသော အမှုန်အမွှားများအဖြစ် ပြောင်းလဲသွား ကြသည်။

အမှုန်အမွှားတစ်ခုချင်းစီသည် အနည်းငယ် နိမ့်ကျသော သေခြင်းတရားကို သရုပ်ဖော်နေကြပြီး ဤသေဆုံးခြင်း လုပ်ငန်းစဉ်ကို ရှမ့်လန် သေချာမြင်နိုင်စေရန် အဆပေါင်း တစ်သောင်း နှေးကွေးထားသကဲ့သို့ ရှိ၏။

နောက်ဆုံးတွင် အချိန်ကာလ မည်မျှ ကြာမြင့်သွားသည် မသိချေ။ ရှမ့်လန်၏ ပတ်ဝန်းကျင်ရှိ အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီးသည် လုံးဝ မှောင်မိုက်သွားကြောင်း ခံစားလိုက်ရသည်။ လုံးဝ အမှောင်ထု၊ အထီးကျန်ခြင်း၊ အဆုံးအစ မရှိ၊ ဗလာသက်သက်သာ ရှိတော့၏။ သေဆုံးခြင်း လုပ်ငန်းစဉ် တစ်ခုလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုံးဝ ပြီးဆုံးသွားခဲ့သည်။

လုပ်ငန်းစဉ် တစ်ခုလုံးတွင် ရှမ့်လန်သည် ဘေးမှ ရပ်ကြည့်သူ တစ်ဦးသာ ဖြစ်ခဲ့ရသည်။ မတိုက်ခိုက်နိုင်၊ မခုခံနိုင်ခဲ့ပေ။ အရာအားလုံး ဖြစ်ပျက်နေသည်ကို ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။ ထို့နောက် ဟင်းလင်းပြင် တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွား၏။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးဆုံးသွားပြီလား။ မဟုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် ဤနေရာမှ ထွက်ခွာခြင်း မရှိသေးဘဲ ဝိညာဉ်ရေတွင်းထဲတွင် ပိတ်မိနေဆဲ ဖြစ်သောကြောင့်ပင်။

ထိုသို့ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ သူသည် ဤဝိညာဉ်ရေတွင်း ဟင်းလင်းပြင်မှ ထွက်ခွာရမည်။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်သူများသာ ဤအရာကို လုပ်ဆောင်နိုင်မည်။ သို့သော်ငြား မည်သူမှ သူ့ကို လမ်းညွှန်ပေးနိုင်ခြင်း မရှိပေ။ အရာအားလုံးကို သူတစ်ယောက်တည်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ အကြောင်းမှာ လူတစ်ယောက်ချင်းစီ၏ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်သည် ထူးခြားပြီး အစားထိုး၍ မရနိုင်သောကြောင့် ဖြစ်သည်။

အလယ်အလတ် နဂါးအသိဉာဏ်အမြင်သည် တစ်ဝက်ဖွင့်ထားသော ဂိမ်းတစ်ခုနှင့် တူညီသည်။ သေမင်းက နောက်မှလိုက်နေသဖြင့် အသက်ရှင်ရန် အဆက်မပြတ် သန်မာလာရမည်။ အဆက်မပြတ် ပြောင်းလဲရမည်။ လမ်းကြောင်းရှာရမည်။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင်အတွက်မူ လမ်းကြောင်း မရှိပေ။ ဘာမှမရှိပေ။ အဆင့်မြင့် နဂါး အသိဉာဏ် အမြင်၏ အဓိက အကြောင်းအရာကို ကိုယ်တိုင် နားလည်သဘောပေါက်ရမည် ဖြစ်၏။ မည်သူမှ ပြောပြမည် မဟုတ်ပေ။ ပြောပြမည့်လူလည်း မရှိပေ။

သေချာသည်မှာ ရှမ့်လန်သည် ဤကိစ္စနှင့် ပတ်သက်ပြီး ကန်ဝမ်အား မေးမြန်းခဲ့ဖူးသည်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ အဓိက အကြောင်းအရာက ဘာဖြစ်သနည်း။

ကန်ဝမ်က မသိကြောင်း ဖြေကြားခဲ့၏။ ရှမ့်လန်က ရှင်သန်ခြင်း နှင့် သေခြင်းတရားကို နားလည် သဘောပေါက်ခြင်း ဖြစ်သင့်သည်ဟု ပြောခဲ့သည်။

ထို့နောက် ရှမ့်လန်သည် ဘုရင်မမီဒူဆာနှင့်လည်း ဆက်သွယ်ခဲ့သေး၏။ သူမသည် မည်သည့် အဖြေမှ မပေးခဲ့ပေ။ ရှင်သန်ခြင်း နှင့် သေခြင်းတရားသည် ပြောင်းပြန်လှန်၍ မရကြောင်းသာ ပြောခဲ့၏။

ထိုသို့ဆိုလျှင် ရှမ့်လန် နောက်တစ်ဆင့် ဘာလုပ်သင့်သနည်း။

သူသည် ယခင် အယူအဆကိုသာ ဆက်လက် ဆုပ်ကိုင်ထားလိုက်၏။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ အဓိက အကြောင်းအရာမှာ ရှင်သန်ခြင်း နှင့် သေခြင်းတရားကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ ရှင်သန်ခြင်း နှင့် သေခြင်းတရားသည် ပြောင်းပြန်လှန်၍ မရနိုင်ပေ။ သေခြင်းသည် သေခြင်းသာ ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ ပြန်လည် မွေးဖွားနိုင်သလား။ သေချာပေါက် ရနိုင်သည်။ သို့သော်ငြား ပြန်လည် မွေးဖွားရန် နည်းလမ်းများစွာ ရှိသည်။ လူသားတို့၏ သက်တမ်းမှာ နှစ်တစ်ရာသာ ရှိသော်လည်း မျိုးပွားခြင်းအားဖြင့် DNA ကို လက်ဆင့်ကမ်းကြသည်။ ထို့ကြောင့် သဘောတရားအရ ပြောရလျှင် ဤသည်မှာလည်း ပြန်လည် မွေးဖွားခြင်း တစ်မျိုးပင် ဖြစ်၏။ ကလေးတိုင်းသည် မိဘများ၏ အသက်ဆက်လက် ရှင်သန်ခြင်းပင် ဖြစ်၏။

ကြယ်တစ်ပွင့် သေဆုံးပြီးနောက်တွင်ပင် ပြန်လည် မွေးဖွားနိုင်သည်။ ကြယ်တစ်ပွင့် သေဆုံးချိန်တွင် အခြေအနေ သုံးမျိုးသို့ ပြောင်းလဲသွားတတ်၏။ ကြယ်ပုဖြူ၊ နျူထရွန်ကြယ်နှင့် တွင်းနက်တို့ ဖြစ်ကြသည်။

ကြယ်တစ်ပွင့်၏ ဒြပ်ထုသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိချိန်မှာတော့ ၎င်း၏ သေဆုံးမှုသည် စူပါနိုဗာ ပေါက်ကွဲမှု (စကြဝဠာထဲမှာ အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးသော ကြယ်ပေါက်ကွဲမှုကြီး) ကို ဖြစ်စေသည်။ ၎င်း၏ တောက်ပမှုသည် နေမင်းထက် ဘီလီယံပေါင်း ရာချီ ပိုမို တောက်ပနိုင်၏။

သို့သော်ငြား ကြယ်တစ်ပွင့်သည် သေဆုံးပြီးနောက် မည်သည့် အခြေအနေသို့ ရောက်ရှိသည် ဖြစ်စေ၊ သေဆုံးချိန်တွင် ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ် အများအပြားကို ထုတ်လွှတ်သည်။ ထို့နောက် ၎င်းတို့သည် ပြန်လည် စုစည်းပြီး ဖိသိပ်ခံရပြန်၏။ ဤဒြပ်စင်များသည် အဆင့်တစ်ခုသို့ ရောက်ရှိချိန်မှာတော့ နောက်ထပ် ပေါင်းစပ် ဓာတ်ပြုမှု တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ကြယ်သစ်တစ်ပွင့် မွေးဖွားလာသည်။ သေချာသည်မှာ ဤသည်မှာ ကြယ်များ၏ နိယာမ သတ်သတ်သာ ဖြစ်သည်။

ထိုသို့ဆိုလျှင် ရှမ့်လန် ယခု ဘာလုပ်ဖို့ လိုသနည်း။ ဤလူများ သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များ မည်သည့်နေရာသို့ ရောက်ရှိသွားပြီး မည်သည့် အခြေအနေသို့ ပြောင်းလဲသွားသည်ကို သူ နားလည် သဘောပေါက်ရန် လိုအပ်၏။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် ဘုရင်မမီဒူဆာတို့၏ ဝိညာဉ်များသည် အလွန် အစွမ်းထက်၏။ ထို့ကြောင့် သူတို့ သေဆုံးပြီးနောက် ပြောင်းလဲသွားသော အခြေအနေသည် သေချာပေါက် ကွဲပြားပေလိမ့်မည်။

ကန်ဝမ်နှင့် လူတစ်သောင်းကျော်၏ ဝိညာဉ်များ သေဆုံးပြီးနောက်တွင်လည်း ကွဲပြားပေလိမ့်မည်။ ရှမ့်လန် လုပ်ဆောင်ရန် လိုအပ်သည်မှာ ၎င်းတို့ သေဆုံးပြီးနောက် ပြောင်းလဲသွားသော စွမ်းအင် အားလုံးကို ပြန်လည် စီစဉ်ပြီး ပြန်လည် မွေးဖွားခြင်း တစ်ခုကို ပြီးမြောက်စေရန် ဖြစ်သည်။

ဤသည်မှာ ရှင်သန်ခြင်း နှင့် သေခြင်းတရားကို ပြောင်းပြန်လှန်ခြင်း ဖြစ်၏။ အသက်နှင့် သေခြင်းတရားကို နားလည် သဘောပေါက်ခြင်း၊ ဤသည်မှာ သေခြင်းတရားကို ပြောင်းပြန်လှန်ခြင်း မဟုတ်ဘဲ အခြား ပုံစံတစ်မျိုးဖြင့် ပြန်လည် မွေးဖွားခြင်း ဖြစ်၏။

ဤလုပ်ငန်းစဉ်အတွင်းတွင် မက်ခရို သို့မဟုတ် မိုက်ခရို၊ စိတ်စွမ်းအင်၊ ဆွဲငင်အား သို့မဟုတ် ရောင်ခြည်ဖြာထွက်မှု စသည့် မည်သည့် စွမ်းအင် ညီမျှခြင်းကိုမဆို နားလည်သဘောပေါက်နိုင်သည်။

ဤသည်မှာ အလွန် ရှည်လျားသော နားလည်သဘောပေါက်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ အဆုံးအစမဲ့ အချိန်ကာလ လိုအပ်၏။

အမှန်စင်စစ် ကျန်းလီ မည်သို့ ပြီးမြောက်ခဲ့သည်ကိုပင် ရှမ့်လန် မသိရှိပေ။ သို့သော်ငြား ဤ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် သည် မူလသဘောတရား တစ်ခုအပေါ် အခြေခံထားဆဲ ဖြစ်သည်။ စွမ်းအင် ဖလှယ်ခြင်းလား။ အစွမ်းထက် ပုဂ္ဂိုလ်ကြီးသုံးဦး၏ ဝိညာဉ်များ စတေးခံခဲ့ရသည်။ ကန်ဝမ်နှင့် လူတစ်သောင်းကျော်၏ ဝိညာဉ်များ စတေးခံခဲ့ရသည်။ အားလုံး သေဆုံးပြီး ပြာမှုန် ဖြစ်သွားခဲ့ကြသည်။

ရှမ့်လန်အနေဖြင့်မူ ထိုသူတို့ သေဆုံးပြီးနောက် စွမ်းအင်များကို နားလည်သဘောပေါက်ရန် လိုအပ်သည်။ ပြန်လည် စုစည်းရန်၊ ဖိသိပ်ရန်၊ ပြောင်းလဲရန်နှင့် နောက်ဆုံးတွင် ပြန်လည် ပေါက်ကွဲရန် လိုအပ်သည်။ ဤသည်မှာ အခြား ပုံစံတစ်မျိုးဖြင့် ပြန်လည် မွေးဖွားခြင်း ဖြစ်၏။

ဤပြန်လည်မွေးဖွားခြင်း ဆိုသည်မှာ အမှန်တကယ်တော့ ဤလူများ၏ ဝိညာဉ်များကို လုံးဝ ချေမှုန်းပြီး ဝါးမျိုလိုက်ခြင်း၊ မိမိ၏ အစွမ်းထက်သော ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် တူညီသည်။

မှန်ပေသည်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုသည်မှာ ဝါးမျိုခြင်း ပုံစံတစ်မျိုးပင် ဖြစ်သည်။ ပိုမို ပြည့်စုံသွားခြင်းသာ ဖြစ်၏။ သူတစ်ပါး၏ ဝိညာဉ်များကို အမှုန်အမွှားများ၊ စွမ်းအင်စက်ကွင်း အမျိုးမျိုးနှင့် စွမ်းအင်အမျိုးအစား အမျိုးမျိုးအဖြစ် ဖြိုခွဲပြီးမှ ပြန်လည် စီစဉ်ခြင်း ဖြစ်၏။

ဤသည်မှာ ကျန်းလီ နားလည်သဘောပေါက်ခဲ့သော အရာပေလား။ သူသည် နောက်ဆုံးတွင် ဝါးမျိုခြင်း လမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်မှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် နားလည်သဘောပေါက်ခြင်း လုပ်ငန်းစဉ်တွင် သူသည် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ပုံ ရသောကြောင့်ပင်။

ဤသည်မှာ နတ်ဘုရားမဖြစ်မီ မကောင်းဆိုးဝါး ဖြစ်ရခြင်းဟု ယူဆနိုင်သည်လား။ လုပ်ငန်းစဉ်သည် အလွန် ခက်ခဲလှသည်။ ဤ အဆင့်မြင့် နဂါးအသိဉာဏ် အမြင်သည် စွမ်းအင် သက်သက် မဟုတ်တော့ဘဲ ဒဿနိက ဗေဒ ဆန်လာခဲ့ပြီ ဖြစ်၏။

သို့သော်ငြား ရှမ့်လန်တွင် ယခုအချိန်၌ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ဤလူများသည် စတေးခံခဲ့ရပြီး ဖြစ်သည်။ ရှမ့်လန်သာ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို မပြီးမြောက်ပါက ၎င်းတို့၏ ပေးဆပ်မှုများသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ အနာဂတ်အတွက်မူ နောက်မှ စဉ်းစားရပေမည်။

အပိုင်း (၁၃၅၄)

သို့သော်ငြား ဘုရင်မ မီဒူဆာ၏ စကားများကို ရှမ့်လန် မှတ်မိနေသေးသည်။

‘ရှမ့်လန်... မင်းက ရှင်သန်ခြင်း နဲ့ သေခြင်းတရားကို ပြောင်းပြန်လှန်ချင်တာလား။ မင်းအတွက် အသက်စတေးခဲ့သူအားလုံးကို ပြန်လည် ရှင်ပြန်ထမြောက်စေချင်တာလား။ သူတို့ ပေးဆပ်ခဲ့သမျှ အရာအားလုံး ကို ပြန်ပေးချင်တာလား။ မင်းမှာ အရှက်ရှိတယ်လို့ ပြောရမလား။ ဒါမှမဟုတ် မင်းက ကလေးဆန်တယ်လို့ ပြောရမလား။’

ထို့နောက် သူမက အသက်နှင့် သေခြင်းတရားသည် ပြောင်းပြန်လှန်၍ မရကြောင်း ပြောခဲ့သည်။ ဆိုလိုသည်မှာ ဤသေဆုံးသွားသူများသည် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလား။ သူတို့ ပြန်လည် ရှင်ပြန်ထမြောက်နိုင်ခြင်း မရှိတော့ဘူးလား။

‘မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီလောက်ထိ ကြိုမတွေးနဲ့အုံး။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို အရင် ပြီးမြောက်အောင် လုပ်ရမယ်။’

ထို့နောက် ရှမ့်လန်သည် သူ၏ ခရီးလမ်းတွင် အခက်ခဲဆုံး အပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤသည်မှာ အဆတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ပိုမို ခက်ခဲသည်။ သူသည် သုညကနေ စတင်ရမည် ဖြစ်၏။

မိမိကိုယ်ကို စတေးခဲ့သူများအတွက်မူ သေခြင်းတရားသည် နိဂုံးချုပ် ဖြစ်သည်။ ရှမ့်လန် အတွက်မူ သေခြင်းတရားသည် အစပျိုးခြင်းသာ ဖြစ်သည်။

ကြယ်တစ်ပွင့် သေဆုံးပြီးနောက် မတူညီသော အခြေအနေ သုံးမျိုးသို့ ပြောင်းလဲ သွားသကဲ့သို့ပင်။ ဤလူများ၏ ဝိညာဉ်များ သေဆုံးပြီးနောက်တွင်လည်း မတူညီသော အခြေအနေများသို့ ပြောင်းလဲ သွားကြ၏။

ရှမ့်လန်သည် ထိုအရာတို့ကို တစ်ခုချင်းစီ နားလည်သဘောပေါက်ရန် လိုအပ်သည်။ အားလုံးကို နားလည်သဘောပေါက်ပြီးနောက် ဤလူများ သေဆုံးပြီးနောက် ကျန်ရှိသော ဝိညာဉ်စွမ်းအင် များကို စီစဉ်ရမည်။

ဤစီစဉ်ခြင်းသည် ရိုးရှင်းသော စီစဉ်ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ စကြဝဠာထဲတွင် ကြယ်သစ်တစ်ပွင့် မွေးဖွားရန် အလွန် ရှုပ်ထွေးသော အခြေအနေများ လိုအပ်သကဲ့သို့ပင်။ တိကျသော ဆွဲငင်အား၊ တိကျသော ဒြပ်စင်များ လိုအပ်သည်။ တွင်းနက်၏ စွမ်းအား ဘယ်မှာလဲ၊ ကြယ်ပု၏ စွမ်းအား ဘယ်မှာလဲ စသည်ဖြင့် ဤအရာများထဲတွင် မရေမတွက်နိုင်သော တွက်ချက်မှုများ ပါဝင်နေသည်။

ရှမ့်လန်၏ ယခင်တွက်ချက်မှု အားလုံးနှင့် နှိုင်းယှဉ်လျှင် အဆပေါင်း တစ်သောင်း၊ သန်းတစ်ရာမက ပိုမို ရှုပ်ထွေးသည်။ အဘယ်ကြောင့်ဆိုသော် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် ဤသည်မှာ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဖြစ်သည်။ နဂါးများနှင့် မည်သို့မှ မသက်ဆိုင်တော့ပေ။ စွမ်းအင်နှင့် ဒဿနိကဗေဒ ပြဿနာ သတ်သတ်သာ ဖြစ်သွားခဲ့သည်။ ရှမ့်လန် လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤဝိညာဉ်ရေတွင်း ဟင်းလင်းပြင်၏ သခင် ဖြစ်လာရန်ပင်။

သူသည် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်နှင့် နှိုင်းယှဉ်လျှင် အလယ်အလတ် နဂါးအသိဉာဏ်အမြင်သည် သူငယ်တန်း မေးခွန်းလောက်သာ ရှိသည်။ ကျန်းရှဲ့ အနေဖြင့် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ရန် လူအများအပြားကို အသုံးပြုပြီး စတေးမှုများစွာ ပြုလုပ်ခဲ့ရခြင်းမှာ မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော ဦးနှောက် လိုအပ်သောကြောင့် ဖြစ်သည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့သည် ရှမ့်လန်၏ ရုပ်ကြွင်းနှင့် ဝိညာဉ်ကို အသုံးပြု၍ ကြီးမားသော ပြောင်းလဲခြင်းထိရောက်အောင် ၂၉ နှစ်ကြာ လုပ်ဆောင်ပေးခဲ့ပြီး ရှမ့်လန်အား ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် စွမ်းအားကြီးသော ဝိညာဉ်ကို ပေးအပ်ခဲ့ကြ၏။

ဤအရာများသည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။ ဤအရာများ မရှိပါက အဆင့်မြင့် နဂါးအသိဉာဏ်အမြင် မစတင်မီကပင် သူသည် ပြာမှုန် ဖြစ်သွားလိမ့်မည်။ လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ရှမ့်လန်သည် တစ်စချင်းစီ နားလည်သဘောပေါက်လာသည်။ သူသည် အချိန်နှင့် ဟင်းလင်းပြင်ကို မေ့လျော့ သွားခဲ့သည်။ ဤလုပ်ငန်းစဉ်သည် လူတစ်ယောက်က ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရခြင်းမျိုး မဟုတ်ဘဲ ပြီးပြည့်စုံသော လောကတစ်ခုကို ဖန်တီးရခြင်းမျိုး ဖြစ်သည်။

ဤဟင်းလင်းပြင်ထဲတွင် တစ်နှစ် ကုန်လွန်သွား၏။ ဆယ်နှစ် ကုန်လွန်သွား၏။ မရေမတွက်နိုင်သော နှစ်များ ကုန်လွန်သွားသည်။ ဤလုပ်ငန်းစဉ်အတွင်းတွင် ရှမ့်လန်သည် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ သူ၏ ခန္ဓာနှင့် စိတ်တစ်ခုလုံးသည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ထဲတွင် နစ်မြုပ်နေခဲ့၏။

လူတစ်ယောက်သည် အရာတစ်ခုကို အချိန်ကြာမြင့်စွာ အာရုံစိုက်လိုက်ချိန်တွင် ထုံကျင်သွားပြီး နောက်ဆုံး စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားတတ်သည်။ ကျန်းလီကဲ့သို့ပင်။

အမှန်စင်စစ် ရှမ့်လန်သည် မိမိကိုယ်ကို ပျောက်ဆုံးသွားသည်ဟု ပြောရမည်လား၊ သို့မဟုတ် မိမိကိုယ်ကို အမှန်တကယ် ရှာတွေ့သွားသည်ဟု ပြောရမည်လား ဆိုသည်ကိုပင် မသိတော့ပေ။

အကြောင်းရင်းမှာ ရှမ့်လန်သည် ဤအခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ သူ၏တစ်ခုတည်းသော ရည်မှန်းချက်မှာ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဖြစ်၏။ မိသားစု၊ အချစ်နှင့် တာဝန် စသည့် အခြားအရာ အားလုံးကို မေ့လျော့သွားခဲ့သည်။

မည်သူမဆို မမှတ်မိတော့သည့် အချိန်တွင် လုံးဝ မေ့လျော့သွားတတ်သည်။ မည်သည့် စိတ်ခံစားမှုမဆို မလှုံ့ဆော်ချိန်တွင် သေဆုံးသွားတတ်သည်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒကို ရှာဖွေခြင်းနှင့် တူညီ၏။

အရာအားလုံးကို ဖြတ်တောက်ပြီး မဟာလမ်းစဉ်ကို လိုက်စားခြင်း ဖြစ်၏။ ရှမ့်လန်သည် ဤအခြေအနေကို အမြဲ မုန်းတီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စိတ်ခံစားမှုမရှိ၊ လူ့သဘာဝမရှိဘဲ ကျန်းလီကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

... ...

လောကကြီးသည် နေ့ရက်တိုင်း ပြောင်းလဲနေသည်။ အနည်းဆုံးတော့ ဝိညာဉ်ရေတွင်းထဲတွင် သို့မဟုတ် အနည်းဆုံးတော့ ရှမ့်လန်၏ ဝိညာဉ်လောကထဲတွင် ဖြစ်သည်။ အချိန် ဘယ်လောက် ကြာသွားပြီနည်း။ သူ မသိပေ။ အတိုချုပ် ပြောရလျှင် အဆုံးအစမဲ့ နှစ်ကာလများပင် ဖြစ်သည်။

နောက်ဆုံးတွင် ရှမ့်လန်သည် ဝိညာဉ်ရေတွင်းထဲရှိ စွမ်းအင်အားလုံးကို နားလည်သွားပြီး ပြောင်းလဲမှု အားလုံးကို နားလည်သွားခဲ့သည်။ နောက်ဆုံးတွင် စီစဉ်မှုအသစ်များ အားလုံး ပြီးစီးသွားခဲ့သည်။ နောက်တစ်ဆင့်မှာ ကွဲပြားခြားနားသော ပြန်လည် မွေးဖွားခြင်း တစ်မျိုး ဖြစ်၏။

ကြယ်တစ်ပွင့် သေဆုံးပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက် နက်ဗျူလာ ဖုန်မှုန့်များ ပြန်လည် စုစည်းပြီး ပေါက်ကွဲကာ ကြယ်သစ်တစ်ပွင့် မွေးဖွားလာသကဲ့သို့ပင်။ ဝိညာဉ်ရေတွင်းထဲတွင် မရေမတွက်နိုင်သော စွမ်းအင်များသည် စီစဉ်မှုအသစ်များထဲ၌ အဆက်မပြတ် ဖိသိပ်ခံရပြီး ပြိုကျနေသည်။

၉၈ ရာခိုင်နှုန်း.... ၉၉ ရာခိုင်နှုန်း။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ထပ်မံ၍ မကြုံစဖူး ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ထို့နောက် ပြီးပြည့်စုံသော ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်သစ်တစ်ခု မွေးဖွားလာသည်။ ၎င်းသည်... အလွန် ရင်းနှီးနေသည်။ ကျန်းလီ၏ ငရဲသလင်းကျောက် နှင့် တူညီသော်လည်း အနည်းငယ် ကွဲပြားမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ၏ အဆင့်မြင့်နဂါးအသိဉာဏ်အမြင်သည် ကွဲပြားသောကြောင့် ဖြစ်သည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် အင်ပါယာဘုရင်မ မီဒူဆာတို့၏ ဝိညာဉ်များ၊ ထို့အပြင် ကန်ဝမ်နှင့် လူတစ်သောင်းကျော်တို့၏ ဝိညာဉ်များသည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ မရေမတွက်နိုင်သော ပြောင်းလဲမှုများကို ဖြတ်သန်းပြီးနောက် ၎င်းတို့သည် ပြန်လည် မွေးဖွားလာပြီး ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်သစ်အဖြစ်သို့ ပြောင်းလဲသွားကြ၏။

ရှမ့်လန်သည် ရှေ့သို့တိုးပြီး ဝါးမျိုလိုက်သည်။ တစ်ခဏအတွင်း အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးဆုံး သွားခဲ့သည်။ ရှမ့်လန်၏ဝိညာဉ်သည် ထပ်ခါတလဲလဲ ပေါက်ကွဲနေသကဲ့သို့ ရှိသည်။ ရူးသွပ်စွာ ပြောင်းလဲနေသည်၊ ရူးသွပ်စွာ ပြောင်းလဲနေသည်၊ ရူးသွပ်စွာ အဆင့်တက်နေသည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်စေ၊ နဂါးမယ်တော် ဖြစ်စေ၊ ဘုရင်မမီဒူဆာ ဖြစ်စေ ၎င်းတို့ အားလုံး၏ ဝိညာဉ်များသည် ရှမ့်လန်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို သန်မာကြသည်။ ယခုအခါ ရှမ့်လန်သည် ၎င်းတို့အားလုံးကို လုံးဝ ဝါးမျိုလိုက်ပြီ ဖြစ်၏။

ထိုသို့ဆိုလျှင် သူ၏ ဝိညာဉ်သည် အဆပေါင်း မည်မျှ ပိုမိုသန်မာသွားပြီနည်း။ ခန့်မှန်း၍ပင် မရနိုင်ပေ။ ဤသည်မှာ ရှမ့်လန်သည် လူတစ်သောင်းကျော်၏ ဝိညာဉ်များကို ဝါးမျိုလိုက်ပြီး လုံးဝ ချေဖျက်ကာ ပြောင်းလဲလိုက်ခြင်း နှင့် တူညီသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တစ်ခဏအတွင်း ဝိညာဉ်ရေတွင်းသည် ပျက်စီးသွားခဲ့သည်။ ထို့နောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ပျက်စီး သွားခဲ့သည်။ နောက်ဆုံးတွင် အမွေအနှစ် တည်နေရာ အပျက်အစီး တစ်ခုလုံး ပျက်စီးသွားခဲ့၏။

ပင်လယ်ပြင်တွင် ဧရာမ ကောင်းကင်ကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေသည်။ ကောင်းကင် တစ်ခုလုံးသည် ထူးဆန်းသော အလင်းရောင်ဖြင့် လက်ခနဲ ဖြစ်သွားခဲ့သည်။ ကြည်လင်ပြီး အဆုံးအစမဲ့ ကောင်းကင်ကြီးသည် ရုတ်တရက် အမှောင်ထု ဖုံးလွှမ်းသွားခဲ့သည်။ ကောင်းကင်တွင် မရေမတွက်နိုင်သော ကြယ်များဖြင့် ပြည့်နှက်သွားသည်။ သေချာသည်မှာ တစ်ခဏတာမျှသာ ဖြစ်၏။ သို့သော်ငြား အရာအားလုံး ပြီးဆုံးသွားခဲ့သည်။

ရှမ့်လန်၏ပုံရိပ်သည် ပင်လယ်ပြင်မှ ဖြည်းညင်းစွာ မြောက်တက်လာသည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော တချောင်သည် ချက်ချင်း ရှေ့သို့ ပြေးထွက်လာပြီး သခင်နှင့် နီးကပ်စွာ နေလိုစိတ် ပြင်းပြနေ၏။

သို့သော်ငြား မိုင်ပေါင်း ဆယ်ဂဏန်း အကွာသို့ ရောက်ချိန်မှာတော့ သူသည် ရပ်တန့်လိုက်ပြီး တုန်ယင်သွား ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သခင် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်ပင်။ အလွန် အေးစက်ပြီး၊ အလွန် တည်ငြိမ်နေသည်။ ကျန်းလီနှင့် ထပ်တူနီးပါး တူညီနေသည်။

သူ၏ မျက်လုံးများထဲတွင် မည်သည့် စိတ်ခံစားမှုမှ မရှိတော့ပေ။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်သော အရာ ဖြစ်သည်။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ ပျက်စီးခြင်းကို ကြုံတွေ့ရသူ မည်သူမဆို အရာအားလုံးကို မေ့လျော့သွားကြစမြဲ ဖြစ်၏။

မှတ်ဉာဏ်များ ပြန်ရလာချိန်မှာတော့ ရုပ်ရှင်ကြည့်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ယခင်က မိမိ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူတစ်ပါး၏ ဇာတ်လမ်းကဲ့သို့ ဖြစ်နေပြီး တသားတည်း ထပ်တူ ခံစားနိုင်တော့မည် မဟုတ်ပေ။

သို့သော်ငြား အကယ်၍သာ ထိုသို့ ဖြစ်ခဲ့လျှင် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုသည်မှာ ဒုတိယမြောက် ကျန်းလီတစ်ဦးကို ဖန်တီးပေးလိုက်ရုံ သတ်သတ် ဖြစ်မနေပေဘူးလား။ ကျန်းလီတစ်ဦးတည်းကပင် လောကကြီး တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့ပြီ ဖြစ်၏။ အကယ်၍ ကျန်းလီနှစ်ဦး ဖြစ်လာခဲ့လျှင် လောကကြီးတစ်ခုလုံး ပျက်စီးသွားမည် မဟုတ်ပါလား။

တချောင်သည် ရှမ့်လန်၏ စိတ်ခံစားမှု မှတ်ဉာဏ်များကို ပြန်လည် နှိုးဆွပေးရန် ကြိုးစားရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။ သို့သော်ငြား အသုံးမဝင်ခဲ့ပေ။ ထို့နောက် တချောင်သည် သူ၏ ထူးဆန်းသော ယောဂ လေ့ကျင့်ခန်းကို စတင် လုပ်ဆောင်လိုက်ပြန်၏။

ဤလှုပ်ရှားမှုများကို မင်းသမီး နင်ဟန်၏ ခန္ဓာကိုယ်ဖြင့် လုပ်ဆောင်ပါက အလွန် ဆွဲဆောင်မှု ရှိပေလိမ့်မည်။ သို့သော်ငြား တချောင်၏ လှုပ်ရှားမှုများမှာမူ အလွန် ရယ်စရာ ကောင်းနေသည်။

ထိုသို့ဆိုလျှင်တောင် ရှမ့်လန်မှာမူ ဂရုမစိုက်ဘဲ လျစ်လျူရှုထားဆဲ ဖြစ်၏။

သူသည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်၏ နောင်တတရားများထဲတွင် နစ်မြုပ်နေပြီး ရုန်းမထွက်နိုင် ဖြစ်နေသကဲ့သို့ပင်။ ထိုမတိုင်မီက ရှိခဲ့သော စိတ်ခံစားမှုများနှင့် မှတ်ဉာဏ်အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်သော ကာလက ဖြစ်ပျက်ခဲ့သည့်အလား လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

နောက်ဆုံးတွင် တချောင်သည် သူ၏ကျောပိုးအိတ်ထဲမှ အမဲသားတစ်တုံးကို ထုတ်ယူလိုက်ပြီး လက်သည်းများဖြင့် ဖိကာ အတောင်ပံမှ ထက်မြက်သော အရိုးစူးများဖြင့် လှီးဖြတ်လိုက်သည်။ ထို့နောက် လူကြီးလူကောင်းတစ်ဦး စတိတ်အမဲသားကင်ကို တင့်တယ်စွာ စားသုံးနေသကဲ့သို့ တစ်တုံးချင်းစီ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဤသည်မှာ ရှမ့်လန်နှင့် တချောင် ပထမဆုံး တွေ့ဆုံခဲ့စဉ်က မြင်ကွင်း ဖြစ်၏။ မြောက်ဝင်ရိုးစွန်းတွင် အပြောင်းအလဲများ မဖြစ်ပွားမီ တချောင်နှင့် ရှမ့်လန် နောက်ဆုံး တွေ့ဆုံခဲ့စဉ်က မြင်ကွင်းလည်း ဖြစ်သည်။ သူသည် ဤမြင်ကွင်းကို အသုံးပြု၍ ရှမ့်လန်၏ စိတ်ခံစားမှု မှတ်ဉာဏ်များကို ထပ်မံ နှိုးဆွပေးလိုခြင်း ဖြစ်၏။

သို့သော်ငြား ရှမ့်လန်သည် သူ့ကို ဂရုမစိုက်စွာ ကြည့်နေရုံမှတစ်ပါး စိတ်လှုပ်ရှားမှု မရှိပေ။ နတ်ဘုရား ဆိုသည်မှာ အဘယ်နည်း။ ကောင်းကင်ဘုံ၌သာ ခံစားချက်ရှိပါက ကောင်းကင်ဘုံသည်လည်း အိုမင်း ရင့်ရော်သွားပေလိမ့်မည်။

နတ်ဘုရားတစ်ပါးသည် အရာရာကို အလွန်အမင်း ဖြတ်သန်းခဲ့ရပြီး နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ စိတ်ခံစားမှုအားလုံး ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးတွင် ရုပ်တုတစ်ခု ဖြစ်လာရစမြဲပင်။

ယဇ်ပလ္လင်ထက်မှ ဆင်းသက်လိုက်သည်နှင့် သူမ၏ ပြီးပြည့်စုံသော ရွှေရောင်ခန္ဓာကိုယ် ကျိုးပဲ့သွားခဲ့ ရကြောင်း ဘုရင်မမီဒူဆာ ပြောခဲ့ဖူးသည်။

အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်လိုက်ချိန်မှာတော့ ရှမ့်လန်၏ ဝိညာဉ်သည် အဆုံးအစမဲ့ နှစ်ကာလများ ကို အမှန်တကယ် ဖြတ်သန်းခဲ့ရပြီး ခံစားချက်များနှင့် စိတ်ခံစားမှုအားလုံး ထုံကျင်သွား ခဲ့ရသည်။ ဤသည်မှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့၏ ရည်မှန်းချက်လား။ ဤသည်မှာ ဆရာကြီး ခေးအော့စ်၏ ရည်မှန်းချက်လား။ နောက်ထပ် ကျန်းလီတစ်ဦးကို ဖန်တီးရန်လား။

ဘာအဓိပ္ပာယ် ရှိသနည်း။

ထိုအချိန်၌ အခြားအရာတစ်ခု ဖြည်းညင်းစွာ မြောက်တက်လာသည်။ ရှမ့်လန်၏ ကျောက်ရုပ်တုပင်။ တောင်ဝင်ရိုးစွန်းတွင် ဘုရင်မမီဒူဆာသည် ရှမ့်လန်ကို ကျောက်ဖြစ်သွားစေခဲ့သည်။ ဝိညာဉ်ရေတွင်းထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်၏ ဝိညာဉ်သည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ဖြတ်သန်းခဲ့ရသော်လည်း သူ၏ ကျောက်ရုပ်တုမှာမူ အထိအခိုက်မရှိ ကျန်ရှိနေခဲ့၏။

ဝိညာဉ်ရေတွင်းပျက်စီးသွားပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်း ပျက်စီးသွားချိန်တွင်လည်း ဤကျောက်ရုပ်တု သည် အထိအခိုက်မရှိ ကျန်ရှိနေခဲ့သည်။

ယခုအချိန်၌ ရှမ့်လန်သည် ဝိညာဉ်ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း အလွန် အစွမ်းထက်လှသဖြင့် ရုပ်ခန္ဓာတစ်ခု ရှိနေသကဲ့သို့ ထင်ရ၏။

သေဆုံးခြင်း၊ ပြောင်းလဲခြင်းနှင့် ပြန်လည် မွေးဖွားခြင်းတို့ ပြီးနောက် ရုပ်ခန္ဓာတစ်ခု ဖြစ်လာသကဲ့သို့ ရှိသည်။ ဤကျောက်ရုပ်တုသည် ရှမ့်လန်၏ ခန္ဓာကိုယ်အစစ် ဖြစ်သည်။

ရှမ့်လန်သည် ကျောက်ရုပ်တုကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှစ်ဦးသား တစ်ဦးနှင့်တစ်ဦး နီးကပ် သွားကြသည်။ နောက်ဆုံးတွင် သူတို့သည် လုံးဝ ပေါင်းစည်းသွားကြ၏။ ရှမ့်လန်၏ ဝိညာဉ်ပုံရိပ်သည် ကျောက်ရုပ်တုထဲသို့ စီးဝင်သွားခဲ့၏။

လူတစ်ယောက် ကျောက်ဖြစ်သွားပြီဆိုလျှင် ပြန်လည် ပြောင်းလဲရန် မဖြစ်နိုင်သလောက်ပင်။ သို့သော်ငြား ယခုအခါ ရှမ့်လန်သည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ထားပြီဖြစ်ရာ ပြန်လည် ပြောင်းလဲရန်မှာ သူ့အတွက် လွယ်ကူလှသည်။

ကျန်းလီသည် ရှေးဟောင်းလူသား အများအပြားကို ကျောက်ဖြစ်သွားစေခဲ့ပြီး မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်ပြီးနောက် ၎င်းတို့အားလုံးကို ပြန်လည် အရည်ပျော်စေကာ ရုပ်သေးစစ်သည်များအဖြစ် ပြောင်းလဲခဲ့သကဲ့သို့ပင်။

သူ၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ ရှမ့်လန်၏ ကျောက်ဖြစ်နေမှုသည် ပြီးဆုံးသွားပြီး မူလ ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထို့နောက် အဆုံးအစမဲ့ စိတ်ခံစားမှုများနှင့် မှတ်ဉာဏ်များ သည် သူ၏ ဝိညာဉ်ထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာကြသည်။ ခံစားချက် အားလုံး ပြန်လည် ရောက်ရှိလာပြီ ဖြစ်၏။

All Chapters