← Chapters

အခန်း (၁၃၆၁-၁၃၆၂)

Vol. 77 Ch. 1361-1362

အခန်း (၁၃၆၁-၁၃၆၂)

Vol. 77 Ch. 1361-1362

အပိုင်း (၁၃၆၁)

လူတို့သည် ပိတ်လှောင်နေသည့် ပတ်ဝန်းကျင်တွင် နေရပါက စိတ်ဖောက်ပြန်လွယ်ကြသည်။ တွင်းနက် အက်ကွဲကြောင်းသည် ကြီးမားသော်လည်း ပိတ်လှောင်နေသည့် ပတ်ဝန်းကျင်သာ ဖြစ်၏။ အစပိုင်းတွင် စူးစမ်းလိုစိတ် ပြင်းပြကြသော်လည်း နောက်ပိုင်းတွင် လူကို ရူးသွပ်သွားစေနိုင်သည်။ လူအများစုသည် ဤနေရာမှ ထွက်ပြေးပြီး ပြင်ပလောကသို့ ပြန်သွားရန်သာ တွေးတောကြတော့သည်။

သို့သော်ငြား လူတစ်စုကမူ ခြွင်းချက် ဖြစ်ပေသည်။ သိပ္ပံပညာရှင်များ ဖြစ်ကြ၏။ ဖြစ်နိုင်လျှင် သူတို့သည် ဓာတ်ခွဲခန်းထဲတွင် တစ်သက်လုံး နေရသည်ကိုပင် နှစ်သက်ကြသူများ ဖြစ်သည်။ ပြင်ပလောကသည် သူတို့အတွက် လှပခြင်း မရှိပေ။ ထို့ကြောင့် ပညာရှင်အားလုံးသည် ဤနေရာကို စွဲလမ်းနှစ်သက်ကြ၏။

သို့သော်ငြား မီးနတ်ဘုရားဂိုဏ်း၏ မဟာယဇ်ပုရောဟိတ်များနှင့် စစ်သည်အများစုမှာမူ ဤနေရာမှ ထွက်ခွာချင်ကြသည်။

“ဒါပေမဲ့ ဒီသဘောထားကွဲလွဲမှုနဲ့ ပဋိပက္ခတွေပိုပြီး ပြင်းထန်လာရင်တောင် ဂိုဏ်းချုပ် ဂရက်ဂိုရီ၊ မင်းသမီးလေး ယောင်ယောင်၊ မင်းသမီးကျိရွှမ် နဲ့ ကျွန်မ တို့ ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် အနှစ် ၂၀ နီးပါး ငြိမ်းချမ်းခဲ့တယ်။ အရှေ့ဘက်မှာ မိုကျင်းက တော်လှန်နေသလို ကျွန်မတို့ တွင်းနက်အက်ကွဲကြောင်းကလည်း အနောက်ဘက်မှာ တော်လှန်နေခဲ့ကြတယ်။”

မိုကျင်းအင်ပါယာ၏ တော်လှန်ရေးသည် ဘယ်သောအခါမှ ရပ်တန့်သွားခြင်း မရှိပေ။ ကျူးဟုန်ရွှဲ့ သည် မိုကျင်းအင်ပါယာ၏ စစ်သည်များကို ဦးဆောင်၍ တိုက်ပွဲဝင်ခဲ့သည်။ ရလဒ် သိပ်မထွက်သလို အင်ပါယာ ကျန်းလီ၏ အုပ်စိုးမှုကို မလှုပ်ခါနိုင်သော်လည်း စစ်မီးတောက်ကမူ မည်သည့်အခါမျှ ငြိမ်းသွားခြင်း မရှိခဲ့ပေ။

အနောက်ဘက်သည် အင်ပါယာ ကျန်းလီ၏ နယ်မြေဖြစ်လာခဲ့သည်။ သို့သော်ငြား ရှမ့်လန် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် အခြေအနေကို ကောင်းစွာ နားမလည်ချေ။

“ကိုယ်ကျိုးအတွက်လို့ပဲ ပြောရမလား။ မီးနတ်ဘုရားဂိုဏ်းက တော်လှန်ရေးလုပ်ရင်းနဲ့ အင်အား ချဲ့ထွင်ခဲ့တယ်။”

ရှယ်လီက ဆက်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အက်ကွဲကြောင်းထဲမှာ အရှင်ရှမ့်လန်ကို သစ္စာရှိတဲ့သူတွေ က အသာစီး ရနေလို့ပါ။ ဒီအခြေအနေကို ပြောင်းလဲဖို့ သူတို့က လူအင်အား စုဆောင်းရတယ်။

ဒါပေမဲ့ အရှေ့တိုင်းသားတွေက အရှင်အပေါ် သစ္စာစောင့်သိဖို့ ကံပါလာပြီးသား၊ မီးနတ်ဘုရားဂိုဏ်းက ပညာရှင်တွေကလည်း သန့်စင်တဲ့ပညာရှင်တွေဆိုတော့ အာဏာကို မက်မောမှုမရှိဘဲ တော်ဝင်ချန် အင်ပါယာရဲ့ သုတေသန စီမံကိန်းတွေမှာပဲ စိတ်ဝင်စားကြတယ်။

ဒါကြောင့် မီးနတ်ဘုရားဂိုဏ်းက တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး အင်အားချဲ့ထွင်ခဲ့တယ်။ ရှီလွန် အင်ပါယာကို သွားပြီး အင်ပါယာကျန်းလီရဲ့ ဖိနှိပ်မှုကို တော်လှန်ကြစို့ ဆိုပြီး လူတွေ စုဆောင်းခဲ့တယ်။ ဒါကြောင့် အက်ကွဲကြောင်းထဲမှာ လူတွေ ပိုများလာတာပါ။”

ယခင်က ရှမ့်လန် အံ့ဩခဲ့ရသည်။ သူ ထွက်ခွာသွားစဉ်က မီးနတ်ဘုရားဂိုဏ်း၊ နုရှောင့်မြို့က ပညာရှင်များနှင့် မင်းသမီး ကျိရွှမ်၏ နောက်လိုက်များ စုစုပေါင်း လူသုံးသောင်းထက် မပိုခဲ့ပေ။ နှစ်ပေါင်း ၂၀၊ ၃၀ အတွင်း မျိုးပွားနှုန်းကို ထည့်တွက်လျှင်ပင် တစ်သိန်းကျော်ရန် ခဲယဉ်းသည်။ သို့သော်ငြား ယခုအခါ အက်ကွဲကြောင်းထဲတွင် လူဦးရေ နှစ်သိန်း၊ သုံးသိန်းခန့် ရှိနေသည်။

ဤမျှလောက် လူများ ဘယ်က ရောက်လာသနည်း။ မီးနတ်ဘုရားဂိုဏ်းက အခွင့်ကောင်းယူပြီး ရှီလွန် အင်ပါယာမှ လူများကို စည်းရုံးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်နေ၏။

“ဒါပေမဲ့ အဲဒီလို လုပ်ရုံနဲ့တော့ ပြည်တွင်းစစ် မဖြစ်နိုင်ပါဘူး။”

ရှယ်လီက ဆက်ပြောလိုက်သည်။ “အင်အားချဲ့ထွင်ဖို့အတွက် မီးနတ်ဘုရားဂိုဏ်းက ရူးသွပ်စွာ လုပ်ဆောင်ခဲ့တဲ့ အတွက် ရန်သူ့သူလျှိုတွေ ဝင်ရောက်ဖို့ အခွင့်အရေး ရသွားခဲ့တယ်။ အင်ပါယာကျန်းလီရဲ့ ရှေးဟောင်းလူသားတွေ အက်ကွဲကြောင်းထဲကို စိမ့်ဝင်လာခဲ့ကြတယ်။ ကြောက်မက်ဖွယ်ရာ အကျိုးဆက်တွေ ဖြစ်ပေါ်စေပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအထဲမှာ အသေအပျောက် အများဆုံးကတော့ အဒေါ့ဖ် နဲ့ ဝီလျံ ကိစ္စပါပဲ။”

အဒေါ့ဖ်ကိစ္စလား။ ၎င်းသည် ရှီလွန်အင်ပါယာမှ ကျန်းလီ၏ တပည့်အဒေါ့ဖ်နှင့် ပတ်သက်နေမည်လား။ ထို့နောက် ဝီလျံ ကိစ္စက မည်သို့နည်း။

ရှယ်လီက ရှင်းပြလိုက်၏။ “အဒေါ့ဖ်က အိမ်မက်ဆိုးကျောက်တုံး နယ်ပယ်မှာ ပါရမီရှင် တစ်ယောက်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်။ သူက တစ်မူထူးခြားသူပါ။ ဒါအပြင် သူက ကျန်းလီကို မုန်းတီးတယ်။ မြို့တော်ဖြူက သူ့ကို ဖမ်းဆီးပြီး အိမ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှု သုတေသနမှာ အာရုံစိုက်ခိုင်း ခဲ့ဖူးတယ်။ ဒါကြောင့် သူ့ကို မြို့တော်ဖြူ ဘုရင်မက တပည့်အဖြစ် လက်ခံထားတယ်ဆိုပေမဲ့ ကျွန်မတို့ စိတ်ထဲမှာတော့ သူက အရမ်းကို စိတ်ချရတဲ့သူ ဖြစ်နေခဲ့တယ်။”

ရှမ့်လန် ဤကိစ္စကို သိထားသည်။ အမေဇုန် ဘုရင်မ နှင့် တစ်ဦးချင်းတိုက်ပွဲတွင် အဒေါ့ဖ် ရှုံးနိမ့်ပြီးနောက် ရှမ့်လန်က သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး မြို့တော်ဖြူ သံတမန်ထံ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူသည် မြို့တော်ဖြူ ဘုရင်မ၏ စမ်းသပ်မှုကို အောင်မြင်ပြီး တရားဝင် တပည့် ဖြစ်လာခဲ့သည်။

“ပြီးတော့ ကျွန်မတို့ရဲ့ တွင်းနက် အက်ကွဲကြောင်းကလည်း ဒီလို ပါရမီရှင်မျိုးကို လိုအပ်နေတာပါ။ ဒါကြောင့် သူ ရောက်လာတာနဲ့ အဓိက အင်အားစု ဖြစ်လာခဲ့တယ်။”

အက်ကွဲကြောင်း တစ်ခုတည်း မဟုတ်ပေ၊ ရှမ့်လန် ကိုယ်တိုင်လည်း အိမ်မက်ဆိုးကျောက်တုံး ယဉ်ကျေးမှုကို အရှိန်မြှင့်တင်ရန် အဒေါ့ဖ် ကဲ့သို့သော ပါရမီရှင်မျိုးကို အလိုရှိခဲ့သည်။

“အဒေါ့ဖ်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို စိတ်ပျက်စရာ မရှိခဲ့ပါဘူး။ သူက ထပ်ခါတလဲလဲ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်။ သိပ္ပံနည်းပညာနယ်ပယ်မှာ မဟာပညာရှင်တွိုင်းနဲ့ ဂရက်ဂိုရီ ရှိပေမဲ့ အိမ်မက်ဆိုး ကျောက်တုံး နယ်ပယ်မှာတော့ အဒေါ့ဖ်က ပြိုင်ဘက်ကင်းပါပဲ။

သူက သံချပ်ကာ ဝတ်စုံသစ်တွေ၊ ပျံသန်းယာဉ်သစ်တွေ တီထွင်ခဲ့တယ်။ သူ့ရဲ့ သစ္စာစောင့်သိမှုကလည်း ကျွန်မတို့ကို စိတ်မပျက်စေခဲ့ဘူး။ ဆယ်နှစ်ကျော်ကြာအောင် သူက ကျန်းလီကို တော်လှန်ဖို့နဲ့ တော်ဝင်ချန် အင်ပါယာ အပေါ် သစ္စာစောင့်သိဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။”

သို့ဆိုလျှင် ဝီလျံ ဆိုသည်မှာ ဘယ်သူနည်း။

“ဝီလျံက လူဖြူတစ်ယောက်ပါ။ သူလည်း ပါရမီရှင်ပါပဲ။ ဖြောင့်မတ်တယ်။ စိတ်အား ထက်သန်တယ်။ သဘာဝကျတဲ့ ဆွဲဆောင်မှု ရှိတယ်။ သိပ်မကြာခင်မှာပဲ သူက မီးနတ်ဘုရားဂိုဏ်းရဲ့ ယဇ်ပုရောဟိတ် အလုပ်သင်တွေကြားမှာ ထင်ရှားလာခဲ့တယ်။ ဆယ်နှစ်တိုတိုလေးအတွင်းမှာ မဟာယဇ်ပုရောဟိတ် အဆင့်ထိ တိုးမြှင့်ခံရပြီး ဂရက်ဂိုရီရဲ့ ဆက်ခံသူ ဖြစ်လာခဲ့တယ်။”

ရှယ်လီက ဆက်ပြောလိုက်သည်။ “နောက်ဆုံး နှစ်အနည်းငယ်မှာ ဂရက်ဂိုရီက ဂိုဏ်းရဲ့ အတွင်းရေးကိစ္စ အားလုံးကို ဝီလျံ လက်ထဲ လွှဲအပ်ခဲ့တယ်။ ဝီလျံကလည်း စိတ်ပျက်စရာ မရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ယဇ်ပုရောဟိတ်တွေ၊ စစ်သည်တွေရဲ့ သစ္စာစောင့်သိမှုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အက်ကွဲကြောင်းထဲမှာ ပြည်တွင်းစစ် မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ နှစ်ဖက် ခေါင်းဆောင်တွေက အရမ်းကို ထိန်းသိမ်းခဲ့ကြလို့ပါ။ လွန်ခဲ့တဲ့ သုံးလက ဂရက်ဂိုရီ ရုတ်တရက် ကွယ်လွန်သွားပြီး သက်သေ အထောက်အထား အားလုံးက အရှေ့တိုင်းသားတွေလက်ချက်ဖြစ်ကြောင်း ညွှန်ပြနေခဲ့တယ်။ နှစ်ဖက် ပဋိပက္ခက ချက်ချင်း ဆိုသလို အထွတ်အထိပ် ရောက်သွားတယ်။

မီးနတ်ဘုရားဂိုဏ်းသား အများစုက တော်ဝင်ချန်အင်ပါယာကို သစ္စာခံတဲ့ အဖွဲ့တွေက သူတို့ ခေါင်းဆောင်ကို လုပ်ကြံတယ်လို့ ထင်သွားကြတယ်။ သူတို့က ဂိုဏ်းကိုဖျက်ဆီးပြီး အက်ကွဲကြောင်း တစ်ခုလုံးကို လက်ဝါးကြီးအုပ်ချင်နေကြတယ်လို့ ထင်ပြီး ပြည်တွင်းစစ် စတင်တော့တာပါပဲ။

ဒီ ပြည်တွင်းစစ်က တစ်လကျော် ကြာခဲ့တယ်။ မူလက တော်ဝင်ချန်အင်ပါယာကို သစ္စာခံတဲ့ အဖွဲ့တွေက အသာစီး ရနေခဲ့တယ်။ ဒါပေမဲ့ အဒေါ့ဖ် ရုတ်တရက် သစ္စာဖောက်လိမ့်မယ်လို့ ကျွန်မတို့ မထင်ထားခဲ့ဘူး။ အိမ်မက်ဆိုးကျောက်တုံး လက်နက်ကိရိယာ အများစုကို သူ ကိုယ်တိုင် သုတေသန လုပ်ထားတာလေ။ အက်ကွဲကြောင်း တစ်ခုလုံးမှာ သူက လုပ်ပိုင်ခွင့် အမြင့်ဆုံး နီးပါး ရထားတယ်။

ရုတ်တရက် ကျွန်မတို့ရဲ့ လက်နက်တွေ အားလုံး အသုံးမဝင် ဖြစ်ကုန်တယ်။ ဝီလျံ ဦးဆောင်တဲ့ မီးနတ်ဘုရားဂိုဏ်းသားတွေက အက်ကွဲကြောင်းရဲ့ နေရာအများစုကို သိမ်းပိုက်လိုက်ကြတယ်။ နောက်ဆုံးမှာ မင်းသမီးလေး ယောင်ယောင်ကို လိုက်လံတိုက်ခိုက်ပြီး ပိရမစ်ကို သိမ်းပိုက်ဖို့ ကြိုးစားကြတယ်။

အရေးကြီးတဲ့အချိန်မှာ မင်းသမီးလေး ယောင်ယောင်က တန်ပြန် တိုက်ခိုက်ခဲ့တယ်။ ယူရေနီယမ် ရောင်ခြည်စွမ်းအင်နဲ့ ပိရမစ် စွမ်းအင်အစီအရင်ကို သုံးပြီး ဝီလျံနဲ့ အဒေါ့ဖ်တို့ရဲ့ မူလပုံစံကို ဖော်ထုတ် လိုက်တယ်။ သူတို့ ခန္ဓာကိုယ်ထဲမှာ ငရဲသလင်းကျောက်တွေ ရှိနေတယ်။ သူတို့က ကျန်းလီ လွှတ်လိုက်တဲ့ သူလျှိုတွေ ဖြစ်နေကြတယ်။

သူတို့ နှစ်ယောက်တည်း မဟုတ်ဘူး။ အင်ပါယာ ကျန်းလီရဲ့ ရှေးဟောင်းလူသားတွေ ရာချီပြီး ရောနှော ပါဝင်နေကြတယ်။ ကြောက်စရာအကောင်းဆုံးက အဒေါ့ဖ်ရဲ့ သစ္စာစောင့်သိမှုနဲ့ ပါရမီက အစစ်အမှန် ဖြစ်နေတာပါပဲ။ ကျန်းလီကို မုန်းတီးတာလည်း အစစ်အမှန်ပါပဲ။ ဒါပေမဲ့ သူ့ဦးနှောက်ထဲမှာ အင်ပါယာ ကျန်းလီရဲ့ ရှေးဟောင်းလူသား ဝိညာဉ်တစ်ခု ခိုအောင်းနေခဲ့ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ် လိုက်တာ ဖြစ်တယ်။

ဝီလျံ ဆိုတာကတော့... အရှင် ခန့်မှန်းမိမှာပါ။ သူက ကျန်းလီရဲ့ အရိပ် ကွေ့ဝူ ပါပဲ။ သူက ဆော်ရွန်ရဲ့ ခန္ဓာကိုယ်ကို ရယူခဲ့ပြီး ရှီလွန် အင်ပါယာ မြို့တော်မှာ အရှင်နဲ့ တစ်ဦးချင်းတိုက်ပွဲ ဖြစ်တုန်းက အသတ်ခံခဲ့ရသူပါ။ သူ့နှလုံးသား ပေါက်ကွဲပြီး သေဆုံးခဲ့ပေမဲ့ ဝိညာဉ်က ငရဲသလင်းကျောက်နဲ့ ထုပ်ပိုး ထားတဲ့အတွက် မသေဆုံးခဲ့ပါဘူး။”

ငရဲသလင်းကျောက် လွှမ်းခြုံထားသည့် ဝိညာဉ်သည် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားလျှင်ပင် လုံးဝ ပျောက်ကွယ်မသွားပေ။ ထိုစဉ်က ကွေ့ဝူသည် ချော်ရည်ပင်လယ်ထဲတွင် ဆော်ရွန်၏ ခန္ဓာကိုယ်ကို ဝင်ရောက် ပူးကပ်ခဲ့သည်။

ထိုနေရာသည် ငရဲသလင်းကျောက်၏ အခြေစိုက်စခန်းငယ်တစ်ခု ဖြစ်သည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်က ကွေ့ဝူ၏ ဝိညာဉ်ကို လွတ်ပေးလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ထိုစဉ်က ရှမ့်လန်သည် ငရဲသလင်းကျောက်အကြောင်း သိနားလည်မှု နည်းပါးလွန်းသည်။ ထို့အပြင် အလယ် အလတ်အဆင့် နဂါးဉာဏ်အလင်းပွင့်ခြင်း မပြီးမြောက်သေးသောကြောင့် ကွေ့ဝူ၏ ဝိညာဉ် မသေဆုံးသေးကြောင်း သတိမပြုမိခဲ့ပေ။

မြောက်ဝင်ရိုးစွန်း အပြောင်းအလဲပြီးနောက် ကွေ့ဝူသည် ကျန်းလီအပေါ် ပြန်လည်သစ္စာခံပြီး တွင်းနက် အက်ကွဲကြောင်းသို့ လာရောက်ကာ မင်းသမီးလေး ယောင်ယောင်ကို လုပ်ကြံရန် ကြိုးစားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ကွေ့ဝူ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။ သူသည် ပြည်တွင်းစစ်ကို ဖန်တီးခဲ့ပြီး အက်ကွဲကြောင်းပြည်နယ် တစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။

“မင်းသမီးလေး ယောင်ယောင်က ပိရမစ်ရဲ့ စွမ်းအင် အစီအရင်ကို ထိန်းချုပ်ပြီး အားကောင်းတဲ့ ရောင်ခြည် စွမ်းအင်နဲ့ အင်ပါယာကျန်းလီရဲ့ ရှေးဟောင်းလူသားရာပေါင်းများစွာကို တိုက်ခိုက် ချေမှုန်းခဲ့တယ်။ အထူးသဖြင့် ကွေ့ဝူ ဖြစ်တဲ့ ဝီလျံ ကိုပေါ့။

မင်းသမီးလေးက သန့်စင်ပြီး ယူရေနီယမ် ဂရမ်အနည်းငယ်နဲ့ နဂါးသွေးခြင်ဆီ စွမ်းအင်ကို ပေါင်းစပ်ပြီး ကွေ့ဝူကို တိုက်ခိုက်ခဲ့တယ်။ သူတို့ရဲ့ ပူးပေါင်းကြံစည်မှုကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်။ ဂရက်ဂိုရီကို လုပ်ကြံပြီး ပြည်တွင်းစစ်ဖန်တီးခဲ့တာ ဝီလျံဆိုတာ ပေါ်သွားတယ်။

ငရဲသလင်းကျောက်က အရမ်း စွမ်းအားကြီးလွန်းတယ်။ ကျွန်မတို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖျက်ဆီးနိုင် ခဲ့ပေမဲ့ ငရဲသလင်းကျောက် လွှမ်းခြုံထားတဲ့ ဝိညာဉ်တွေကိုတော့ မဖျက်ဆီးနိုင်ခဲ့ဘူး။ အင်ပါယာ ကျန်းလီရဲ့ ရှေးဟောင်းလူသားတွေရဲ့ ဝိညာဉ်တွေက ခန္ဓာကိုယ်ဆုံးရှုံးပြီးနောက် ထွက်ပြေး လွတ်မြောက်သွား ကြတယ်။

ဝီလျံအပေါ် သစ္စာရှိခဲ့တဲ့ မီးနတ်ဘုရားဂိုဏ်း စစ်သည်တွေလည်း အများအပြား ထွက်ပြေးသွားကြတယ်။ မှန် လည်း အဲဒီအချိန်မှာ ပျောက်ဆုံးသွားပြီး အက်ကွဲကြောင်း အပြင်ဘက်ကို ရောက်သွားတယ်။ မင်းသမီးလေး ယောင်ယောင်က အမှောင်ပိရမစ်ရဲ့ စွမ်းအင်အစီအရင်ကို ထိန်းချုပ်ဖို့ သူ့ရဲ့ သက်စောင့်စွမ်းအားကို အလွန်အကျွံ သုံးစွဲခဲ့ရတယ်။ ပြီးတာနဲ့ သူ မေ့မြောသွားပြီး တစ်ရက်မှာ ၁၅ မိနစ်ပဲ နိုးထနိုင်တော့တယ်။

ကိုယ်ပွားမှန် ပျောက်ဆုံးသွားတဲ့ ကိစ္စအတွက် ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ မင်းသမီးလေး ယောင်ယောင် မေ့လဲသွားတဲ့အချိန်မှာ အခြေအနေက ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး လက်နက်စနစ် အများအပြားလည်း ပျက်စီးနေတော့ သူပုန်တွေ ထွက်ပြေးတာကို တားဆီးဖို့ တော်တော် ခက်ခဲခဲ့ပါတယ်။

ပြည်တွင်းစစ် ပြီးဆုံးသွားပြီးနောက် ကျွန်မတို့ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပြီး အင်ပါယာကျန်းလီရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်။ ငရဲသလင်းကျောက်ကို ခွဲခြားနိုင်တဲ့ ရောင်ခြည်စွမ်းအင် စနစ်ကိုလည်း တည်ဆောက်ပြီး အက်ကွဲကြောင်းရဲ့ ကာကွယ်ရေးစနစ်ကို ပြန်လည် ပြုပြင်ခဲ့တယ်။

ပြည်တွင်းစစ် ပြီးတဲ့နောက် အက်ကွဲကြောင်းက နှစ်ဖက် ပဋိပက္ခ လုံးဝ ငြိမ်သက်သွားတယ်။ တော်ဝင်ရန် အင်ပါယာကို သစ္စာခံတဲ့အဖွဲ့တွေက လုံးဝ အသာစီး ရသွားတယ်။ ဒါကြောင့် တွင်းနက် အက်ကွဲကြောင်းကို တော်ဝင်ချန်အင်ပါယာရဲ့ ‘အက်ကွဲကြောင်း ပြည်နယ်’အဖြစ် အမည်ပြောင်းလိုက်တယ်။ မင်းသမီးလေး ယောင်ယောင်ကို ‘ဘုရင်မ’ အဖြစ် သတ်မှတ်ပြီး တွင်းနက်အက်ကွဲကြောင်းရဲ့ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်လာတယ်။ အနှစ် ၂၀ ကျော်ကြာ ကွဲလွဲမှုတွေ အားလုံး ပြေလည်သွားခဲ့တယ်။

ဒါပေမဲ့ နျူကလီးယား ပြိုကွဲခြင်းနဲ့ နျူကလီးယားဗုံးဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေ အကုန်လုံးကို ကွေ့ဝူ ခိုးယူသွားပြီး အင်ပါယာကျန်းလီ လက်ထဲ ရောက်သွားတယ်။”

ရှမ့်လန်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

“အဒေါ့ဖ် ကရော...” ရှမ့်လန် မေးလိုက်သည်။

ရှယ်လီက ပြန်ဖြေ၏။ “သူက မင်းသမီးလေး ယောင်ယောင် အပေါ် သစ္စာရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် ကို အင်ပါယာကျန်းလီရဲ့ ရှေးဟောင်းလူသား ဝင်ရောက် စီးနင်းထားလို့ အက်ကွဲကြောင်းကနေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။”

ရှမ့်လန် သက်ပြင်းချလိုက်မိသည်။ နဂါးနှင့်ပတ်သက်၍ လူတိုင်း၏ နားလည်မှုမှာ ကွဲပြားကြသည်။ ရှမ့်လန်ကို တစ်မူထူးခြားစေသည့်အရာမှာ နျူကလီးယား ပြိုကွဲခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်း စစ်ဆင်ရေး မစတင်မီက ရှမ့်လန်သည် နျူကလီးယား ပြိုကွဲခြင်းဆိုင်ရာ အချက်အလက်များကို ရေးသားပြီး ရှမ့်ယီကို အတင်းအကျပ် ကျက်မှတ်စေခဲ့သည်။ သို့သော်ငြား ထိုအထဲတွင် အချက်အလက် ၁ ရာခိုင်နှုန်း မှားယွင်းနေသည်။ ရန်သူ၏ သုတေသန လုပ်ငန်းကို နှောင့်နှေးစေရန် ဖြစ်သည်။

ယောင်ယောင်ကို ပေးခဲ့သည့် နျူကလီးယား ပြိုကွဲခြင်း အချက်အလက်များကသာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်သည်။ မြောက်ဝင်ရိုးစွန်းသို့ မသွားမီ ရှမ့်လန်သည် AI မှတ်ဉာဏ်တုထဲမှ နျူကလီးယား ပြိုကွဲခြင်း ဆိုင်ရာ အချက်အလက် အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ကျန်းလီကို တိုက်ခိုက်ရာ၌ ဝှက်ဖဲတစ်ခု အနေဖြင့် အသုံးပြုနိုင်ရန် ဖြစ်၏။

သို့သော်ငြား လူက ကြံသော်လည်း ကံက ဖန်သည်။ ယခုအခါ နျူကလီးယား ပြိုကွဲခြင်းဆိုင်ရာ အချက်အလက် အားလုံး ကျန်းလီ လက်ထဲ ရောက်ရှိနေပြီ ဖြစ်သည်။ နျူကလီးယားဗုံး ပြုလုပ်နည်းကိုပင် သူ သိနေပြီ ဖြစ်၏။ အကြောင်းမှာ အဒေါ့ဖ်သည် သုတေသန လုပ်ငန်းစဉ် တစ်ခုလုံးတွင် ပါဝင်ခဲ့ပြီး သိပ္ပံ သုတေသန စနစ်တွင် အလွန် မြင့်မားသော လုပ်ပိုင်ခွင့် ရှိခဲ့သောကြောင့် ဖြစ်သည်။

ကျန်းလီ၏ လျှို့ဝှက်စီမံကိန်းမှာ အလွန်ပင် လေးစားဖွယ် ကောင်းလှပေသည်။ မိုကျင်းဖြစ်စေ၊ တွင်းနက် အက်ကွဲကြောင်း ဖြစ်စေ၊ သူ၏အင်ပါယာနှင့် အလွန် ဝေးကွာသည်။ သို့သော်ငြား သူ၏ လျှို့ဝှက် စီမံကိန်း အောင်မြင်ခဲ့ပြီး ရှမ့်လန်၏ အခြေစိုက်စခန်းနှစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ သူ ကိုယ်တိုင် လှုပ်ရှားစရာပင် မလိုဘဲ သူလျှို အနည်းငယ် လွှတ်လိုက်ရုံဖြင့် မိုကျင်းနှင့် တွင်းနက် အက်ကွဲကြောင်း တို့ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့၏။

သို့သော်ငြား ယခုအခါ ကိစ္စ မရှိတော့ပေ။ ရှမ့်လန်သည် နဂါးနှင့် ပတ်သက်သည့် အမြင့်မားဆုံး နားလည်မှုကို ရရှိထားပြီ ဖြစ်သည်။ နျူကလီးယား ပြိုကွဲခြင်းသည် နိဒါန်းမျှသာ ဖြစ်သည်။ နျူကလီးယား ပေါင်းစပ်ခြင်း ကသာလျှင် သူ၏ အစစ်အမှန် ဝှက်ဖဲ ဖြစ်သည်။ နျူကလီးယား ပေါင်းစပ်ခြင်းနှင့် ပတ်သက်၍ ကျန်းလီ ဘာမှ မသိနားမလည်ချေ။ အကြောင်းမှာ ထိုအရာသည် နေမင်း၏ စွမ်းအင် ဖြစ်သောကြောင့်ပင်။ ကျန်းလီသည် နေမင်းကို အမြဲတမ်း ရန်လို မုန်းတီးသူ ဖြစ်သည်။

“မိုကျင်းကိုရော ဆက်သွယ်ဖူးလား။” ရှမ့်လန် မေးလိုက်၏။

ရှယ်လီက ဆိုသည်။ “ကျွန်မတို့ ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ သူတို့က အရမ်းသတိကြီးပြီး ဘာမှ ပြန်မပြောပါဘူး။ သဲကန္တာရထဲကို ကောင်းကင်သူရဲကောင်းတွေ အများကြီး လွှတ်ခဲ့ပေမဲ့ သဲဝါတွေကလွဲလို့ ဘာမှ မတွေ့ရဘူး။ သက်ရှိဆိုတာ မရှိသလောက်ပါပဲ။ သေလုနီးပါး ပြန်လာခဲ့ရတယ်။ မိုကျင်း ရှိမှန်း သိပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။

မကြာသေးမီကမှ မင်းသမီးလေး ယောင်ယောင်က အရှင် ပြန်လာတာကို အာရုံခံမိလိုက်တယ်။ ဒါကြောင့် တွင်းနက်ပြည်နယ်တစ်ခုလုံးက အရင်းအမြစ် အများကြီးသုံးပြီး အိမ်မက်ဆိုးကျောက်တုံး အချက်ပြစက် တည်ဆောက်ပြီး မိုကျင်းဆီကို အသည်းအသန် အော်ဟစ် ခေါ်ခဲ့တာပါ။”

အပိုင်း (၁၃၆၂)

ယောင်ယောင်သည် တကယ်ကို ရှမ့်လန်၏ အထူးခြားဆုံး သွေးသားရင်း ဖြစ်ပေသည်။ မိုင်ပေါင်း ထောင်ချီ ဝေးကွာနေသော်လည်း ရှမ့်လန်၏ ပြန်လည်ရှင်သန်မှုကို အာရုံခံနိုင်ခဲ့သည်။ ထို့ကြောင့် မှော်သလင်းကျောက် စွမ်းအင် ထိန်းချုပ်ရေး စင်တာက လွန်ခဲ့သည့် ဆယ်ရက်ခန့်က တွင်းနက် အက်ကွဲကြောင်းထံမှ အချက်ပြမှု ရာပေါင်းများစွာကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့သည် တည်နေရာ ပေါ်သွားမည်ကို မစိုးရိမ်ကြပေ။

အကြောင်းမှာ တွင်းနက် အက်ကွဲကြောင်းသည် ဟိုးအရင်တည်းက ပေါ်နေပြီးသား ဖြစ်သည်။ သို့သော်ငြား ပြီးပြည့်စုံသော ကာကွယ်ရေး စနစ် ရှိနေသဖြင့် အင်ပါယာ ကျန်းလီ၏ စစ်သည်များ ဝင်ရောက်၍ မရနိုင်ချေ။

ဤသည်မှာ ဉာဏ်ပညာနှင့် သိပ္ပံပညာ၏ စွမ်းအားပင် ဖြစ်သည်။ တွင်းနက် အက်ကွဲကြောင်းတွင် ကောင်းကင် စောင့်ကြည့်ရေး ရုပ်တုနှင့် ရှေးဟောင်း စွမ်းအင်ဗဟိုချက် မရှိသော်လည်း စွမ်းအားသည် မိုကျင်းထက် များစွာ သာလွန်သည်။ ၎င်းသည် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် ရပ်တည်နေခြင်း ဖြစ်သည်။

ရှယ်လီက အကျဉ်းချုပ် ရှင်းပြလိုက်သော်လည်း တွင်းနက်အက်ကွဲကြောင်းသည် မီးနတ်ဘုရားဂိုဏ်း သူပုန်တပ်များ နှင့် အင်ပါယာ ကျန်းလီမှ ရှေးဟောင်း လူသားသစ် ရာပေါင်းများစွာကို အနိုင်ယူခဲ့သည် ဟူသော အချက်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

ရှမ့်လန် အမိန့်ပေးလိုက်၏။ “မဟာပညာရှင်တွိုင်း... မှတ်တမ်းတင်ထားလိုက်...”

“အမိန့်တော်အတိုင်းပါ အရှင်...” မဟာပညာရှင် တွိုင်းက ဒူးထောက်လိုက်သည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဟိုက်ဒရိုဂျင်ဗုံး စီမံကိန်း စတင်မယ်။ နျူကလီးယား ပေါင်းစပ်ခြင်း သီအိုရီတွေ အကုန် ကျုပ် ပေးမယ်။ အချိန်တိုအတွင်းမှာ အစစ်အမှန် လောကပျက် လက်နက်ကို ဖန်တီးရမယ်။ ဒါက မြောက်ဝင်ရိုးစွန်းကို တိုက်ခိုက်ပြီး ကျန်းလီကို အနိုင်ယူမဲ့ ကျုပ်ရဲ့ ဝှက်ဖဲပဲ ဖြစ်တယ်။”

ထိုအချိန်၌ “ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...”

အနက်ရောင် အရိပ်များ လျင်မြန်စွာ ပျံသန်း ဝင်ရောက်လာကြသည်။ “ရန်သူ လာပြီ။ ရန်သူ လာပြီ။ အင်ပါယာကျန်းလီ တိုက်ခိုက်လာပြီ။”

ရှမ့်လန် မျက်လုံးမှိတ်ကာ အလွန်တရာ အားကောင်းသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး အက်ကွဲကြောင်း အပြင်ဘက်၊ အဆုံးမဲ့ ပင်လယ်ပြင်နှင့် ကောင်းကင်ယံအထိ ဖြန့်ကြက်လိုက်သည်။ ထို့နောက် သူ မြင်လိုက်ရ၏။

ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားစေသည့် အင်ပါယာကျန်းလီ၏ စစ်တပ်ကြီးသည် တောင်ဘက် တွင်းနက် အက်ကွဲကြောင်းဆီသို့ ဦးတည် ချီတက်လာနေကြသည်။

နဂါးတစ်ကောင်လည်း ပါသည်။ ထိုနဂါးမှာ ရှမ့်လန်အပေါ် သစ္စာရှိခဲ့သော ကျန်းကလန် နဂါးကြီး ဖြစ်သည်။ နဂါးပေါ်တွင် စီးနင်းလာသူမှာ မည်သူနည်း။ ကျန်းလီနှင့် ရုပ်ချင်း ထပ်တူညီနေ၏။

ရှမ့်လန် ချက်ချင်း သိလိုက်သည်။ ၎င်းမှာ ကျန်းလီ မဟုတ်၊ သူ၏ အရိပ် ကိုယ်ပွား ကွေ့ဝူ သာ ဖြစ်သည်။

ရန်သူချင်း ထိပ်တိုက် တွေ့ကြပြီဖြစ်၏။ ရှမ့်လန်သည် မူလက အရှေ့ပိုင်း အင်ပါယာသို့ သွားရောက်ပြီး နဂါးကို ပြန်လည်ရယူကာ ကွေ့ဝူကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်ငြား နဂါးရော၊ ကွေ့ဝူပါ သူ၏အိမ်ပေါက်ဝသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

... ...

“ကျန်းလီရဲ့ အရိပ်ကို သွားတိုက်ကြတာပေါ့။” ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။

မင်းသမီး ကျိရွှမ်က တုံ့ပြန်၏။ “ကောင်းပါပြီ။ ကျွန်မ စစ်သည်တွေကို စုစည်းလိုက်ပါ့မယ်။”

ကွေ့ဝူ၏စစ်တပ် ရောက်လာရန် တစ်နာရီခန့် လိုသေးသည်။ ရှမ့်လန်သည် အက်ကွဲကြောင်း၏ အရေးကြီးသော နေရာများသို့ တည်ငြိမ်စွာ လှမ်းလျှောက် သွားလိုက်သည်။ မည်သည့်နေရာတွင် ရှိနေသည် ဖြစ်စေ၊ အက်ကွဲကြောင်း အောက်ခြေရှိ အမှောင်ပိရမစ်ကြီးကို လှမ်းမြင်နေရသည်။

ရှယ်လီက ဆက်ပြောလိုက်သ။ “အရှင်... ဒီအက်ကွဲကြောင်းကြီးက ဒီလောကမြေရဲ့ ဒဏ်ရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်မ ထင်တာ မမှားဘူးဆိုရင် ပထမဆုံး ပျက်သုဉ်းခြင်း ခေတ်က ကျန်ရစ်ခဲ့တာ ဖြစ်မယ်။

ပြီးတော့ ဒီအက်ကွဲကြောင်း အလယ်မှာရှိတဲ့ မျက်လုံးကနေ အလွန်ပြင်းထန်တဲ့ စွမ်းအင် မုန်တိုင်းတွေ မကြာခဏ ထွက်ပေါ်လာပြီး အက်ကွဲကြောင်း တစ်ခုလုံးကို ကပ်ဘေး သက်ရောက်စေခဲ့တယ်။ မင်းသမီးလေး ယောင်ယောင်က ဒီပိရမစ်နဲ့ ပတ်သက်ဆက်နွယ်ပြီး အက်ကွဲကြောင်းရဲ့ အဓိက ဗဟိုစွမ်းအင်ကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ စွမ်းအင်မုန်တိုင်းတွေကို အနိုင်ယူနိုင်ခဲ့ရုံမက တွင်းနက် ပြည်နယ်တစ်ခုလုံးရဲ့ အကြီးမားဆုံး စွမ်းအင် အရင်းအမြစ် ဖြစ်လာခဲ့တယ်။”

ယောင်ယောင် မည်သို့ လုပ်ဆောင်ခဲ့ကြောင်း တွေးကြည့်၍ပင် မရနိုင်ပေ။

“ဂရက်ဂိုရီက ဉာဏ်ကောင်းပေမဲ့ ယောင်ယောင်က ပိုပြီး ထူးချွန်ပါတယ်။ သူက ရှေးဟောင်းကျမ်းစာတွေကို တစ်ခေါက်လောက် ဖတ်ရုံနဲ့ ရေးသားသူတွေထက် ပိုပြီး တိကျစွာ နားလည်နိုင်တယ်။ စွမ်းအင်ရဲ့ အနှစ်သာရကို တိုက်ရိုက် အာရုံခံ နိုင်သူပါ။ ကံမကောင်းတာက သူ့ခန္ဓာကိုယ်က အရမ်း အားနည်းနေတာပါပဲ။ မဟုတ်ရင် သူ့ရဲ့ အောင်မြင်မှုက ဒီထက်မက ကြီးမားနေမှာပါ။”

ရှမ့်လန် အံ့ဩသွားရသည်။ ယောင်ယောင်သည် မည်သည့် နဂါးဉာဏ်အလင်းပွင့်ခြင်းကိုမှ မခံယူထားပေ။ သူသည် ကိုယ့်အားကိုယ်ကိုးသည့် ပါရမီရှင်စစ်စစ် ဖြစ်သည်။ ဘုရင်မ မီဒူဆာ နာလူ၏ ဝိညာဉ် ဉာဏ်ပညာကို အမွေဆက်ခံထားသည် ဆိုသော်လည်း သူသည် လွန်စွာ ထူးချွန်လွန်းနေသည်။

ရှမ့်လန်သည် ဘုရင်မမီဒူဆာနှင့် ထိတွေ့ ဆက်ဆံဖူးသည်။ သူသည် ပြိုင်ဘက်ကင်းသော စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား ရှိသော်လည်း စွမ်းအင် ယဉ်ကျေးမှုနှင့် ပတ်သက်၍ နားလည်မှုမှာ သာမန်မျှသာ ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ရှယ်လီ... မင်း ဒီဆယ်စုနှစ်တွေအတွင်းမှာ တော်တော် ပင်ပန်းခဲ့မှာပဲ။”

သူမ တကယ်ပင် ပင်ပန်းခဲ့ရသည်။ မီးနတ်ဘုရားဂိုဏ်း၏ မဟာယဇ်ပုရောဟိတ် ဖြစ်သော်လည်း တော်ဝင်ချန် အင်ပါယာဘက်တွင် ရပ်တည်ပေးခဲ့ရ၏။

ရှယ်လီက ပြုံး၍ ပြောလိုက်သည်။ “မပင်ပန်းပါဘူး။ ကိုယ့် ယုံကြည်ချက်အတိုင်း ရပ်တည်ခဲ့တာပဲလေ။ ကျွန်မတို့ရဲ့ယုံကြည်ချက်က လောကကြီးကို ကယ်တင်ဖို့လို့ ပြောကြတယ်။ လူအများကြီး ဦးနှောက်ဆေး ခံထားရပေမဲ့ ဦးနှောက်ဆေးခံရပြီးနောက်ပိုင်း ယုံကြည်ချက်ကလည်း ယုံကြည်ချက်ပါပဲ။”

ဓာတ်ခွဲခန်းကို ဖြတ်သွားချိန်တွင် ရှမ့်လန်သည် သူ၏ အငယ်ဆုံးသားဖြစ်သူ ဂရက်ဂိုရီကို တွေ့လိုက်ရ၏။ သူသည် ကိုယ်ပိုင် စမ်းသပ်မှုတစ်ခုကို အာရုံစိုက် လုပ်ဆောင်နေသည်။ ဤစမ်းသပ်မှုမှာ အလွန် အဆင့်မြင့် လှသည်။ သူသည် စွမ်းအင်ဒိုင်းငယ်တစ်ခုကို ဖန်တီးနေခြင်း ဖြစ်၏။

‘ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။’

ရှယ်လီက ရှင်းပြသည်။ “အဒေါ့ဖ်ရဲ့ဝိညာဉ်က အရှင်အပေါ် သစ္စာရှိပါတယ်။ တွင်းနက် အက်ကွဲကြောင်းကို ရောက်လာပြီးနောက် သူက ကြီးမားတဲ့ လက်ဆောင်တစ်ခု ယူလာပေးတယ်။ အဲဒါကတော့ မြို့တော်ဖြူရဲ့ စွမ်းအင်ဒိုင်း ပုံကြမ်းပါပဲ။”

ရှယ်လီက ဆက်ပြော၏။ “မီးနတ်ဘုရားဂိုဏ်း ပုန်ကန်မှုအတွင်းမှာ မင်းသမီးလေး ယောင်ယောင် က ရှေးဟောင်းလူသားသစ် သုံးရာကျော်ကို အနိုင်ယူခဲ့တယ်။ သူတို့ ဝိညာဉ် အများစု ထွက်ပြေးသွားပေမဲ့ ဝိညာဉ် တချို့နဲ့ ငရဲသလင်းကျောက်တချို့ကို ဖမ်းဆီးထားနိုင်ခဲ့တယ်။ မဟာပညာရှင်တွိုင်းနဲ့ ဂရက်ဂိုရီ တို့ရဲ့ နောက်ထပ် စီမံကိန်းက ငရဲသလင်းကျောက်ကို နျူကလီးယား ပြိုကွဲခြင်း သုံးပြီး လုံးဝ ဖျက်ဆီးပစ်ဖို့ပါပဲ။ ဒါက ပထမ အဆင့်ပါ။

ဒုတိယအဆင့်ကတော့ ငရဲသလင်းကျောက်၊ မြို့တော်ဖြူ စွမ်းအင်ဒိုင်းနဲ့ နျူကလီးယား ပြိုကွဲခြင်း စွမ်းအင်ကို ပေါင်းစပ်ပြီး နဂါးသွေးခြင်ဆီကို လုံးဝ အစားထိုးနိုင်မဲ့ မကြုံစဖူး စွမ်းအင်ဗဟိုချက် အသစ် တည်ဆောက်ဖို့ပါပဲ။”

ရှမ့်လန် ကြောင်အသွားရသည်။ ရှက်တတ်ပြီး အနေအေးသည့် သားဖြစ်သူကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

‘သူက ဒီလောက်တောင် ပါရမီ ပါသလား။’

ဤသည်မှာ ရှေးဟောင်း ယဉ်ကျေးမှုနှင့် နည်းပညာယဉ်ကျေးမှု၏ အထွတ်အထိပ် ပေါင်းစပ်မှု ဖြစ်ပေလိမ့်မည်။ သူသည် နျူကလီးယား စွမ်းအင်ဗဟိုချက်ကို တည်ဆောက်ပြီး သတ္တုဟိုက်ဒရိုဂျင် စွမ်းအင် ဗဟိုချက်ကို လုံးဝ စွန့်ပစ်ချင်နေခြင်း ဖြစ်သည်။

အဓိက အချက်မှာ ဤနည်းလမ်းသည် သီအိုရီအရ ဖြစ်နိုင်ခြေ ရှိနေသည်။ ငရဲသလင်းကျောက်နှင့် မြို့တော်ဖြူ အမိုးခုံး စွမ်းအင်ဒိုင်းကို အကာအကွယ်အဖြစ် အသုံးပြုပြီး အိမ်မက်ဆိုးကျောက်တုံးနှင့် လျှို့ဝှက်သတ္တုကို လျှပ်ကူးနှင့် ထိန်းချုပ်ရေးစနစ်အဖြစ် အသုံးပြုပါက ဤနျူကလီးယားစွမ်းအင် စက်ပစ္စည်းသည် ကမ္ဘာမြေ ပေါ်ရှိ ပစ္စည်းများထက်ပင် ပိုမို ဘေးကင်း စိတ်ချရပေမည်။

အောင်မြင်သွားပါက ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် ရှေးဟောင်း ယဉ်ကျေးမှုကို လုံးဝ ကျော်တက် သွားပေလိမ့်မည်။ ရှေးဟောင်း စွမ်းအင် ဗဟိုချက် အားလုံးကို စွန့်ပစ်လိုက်နိုင်မည်။ အကြောင်းမှာ ၎င်းတို့သည် ဝန်ပိလွန်းပြီး မကြာခဏ စွမ်းအင် ဖြည့်တင်းပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဤစီမံကိန်းကို ရှမ့်လန် အဆိုပြုခဲ့ခြင်း မဟုတ်သလို လမ်းညွှန်မှုလည်း မပေးခဲ့ပေ။ မဟာပညာရှင် တွိုင်းနှင့် ဂရက်ဂိုရီတို့ ကိုယ်တိုင် တွေးခေါ် ကြံဆခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန် မကြည့်ဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ သူ လိုချင်သည့် အနာဂတ် ဖြစ်၏။

နဂါးတွင် သားကိုးယောက် ရှိသည်။ ဤအချက်တွင် ရှမ့်လန်သည် အလွန် ဂုဏ်ယူနိုင်ပေသည်။ သူ၏ သားသမီးအားလုံးသည် အလွန် ထူးချွန်ကြသည်။ ဤသည်မှာ ရှမ့်လန်နှင့် ကျန်းလီကြား အကြီးမားဆုံး ကွာခြားချက် ဖြစ်ပေလိမ့်မည်။ ကျန်းလီ၏ ထိန်းချုပ်လိုစိတ်မှာ ပြင်းထန်လွန်းသည်။ သူသည် အရာအားလုံး ကို ဝါးမျိုပြီး ထိန်းချုပ်ချင်သည်။ အရာအားလုံးကို သူ တစ်ယောက်တည်း လုပ်ဆောင်ချင်သည်။

သို့သော်ငြား ရှမ့်လန်မှာမူ ကွဲပြားသည်။ သူသည် ယဉ်ကျေးမှုနှင့် ဉာဏ်ပညာကို အမှန်တကယ် လွတ်လပ်ခွင့် ပေးခဲ့သူ ဖြစ်သည်။ လူအများစု၏ ဉာဏ်ပညာကို အပြည့်အဝ အသုံးချစေပြီး သူက လမ်းပြရုံ၊ ကာကွယ်ပေးရုံသာ ဆောင်ရွက်ခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “သူက မင်းဘဝရဲ့ ဂုဏ်ယူစရာ ဖြစ်လာမှာပါ။ သူက ထီးနန်းကို ဆက်ခံမှာ မဟုတ်ပေမဲ့ ဒီလောကကြီးရဲ့ သမိုင်းမှာ သူ့နာမည် ကမ္ပည်းတင်ကျန်ရစ်လိမ့်မယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှယ်လီသည် အလွန် ပျော်ရွှင်သွားပြီး ရှမ့်လန်ကို ကိုင်းညွှတ်ကာ နမ်းလိုက်သည်။ သူမ အသက် မငယ်တော့ပေ။

ရှမ့်လန် နိုးထလာပြီးနောက် မင်းသမီးနင်ဟန်သည် ငယ်ရွယ်နုပျိုပြီး ပိုမို လှပလာကြောင်း တွေ့ရသည်။ ယောင်ယောင်လေးသည်လည်း ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကဲ့သို့ ဖြစ်နေ၏။

သို့သော်ငြား ရှယ်လီနှင့် မင်းသမီး ကျိရွှမ်တို့ အပေါ်တွင် အချိန်ကာလ၏ ခြေရာလက်ရာများ ထင်ကျန်နေခဲ့ပြီ ဖြစ်သည်။ ရှမ့်လန် ကိုယ်တိုင်လည်း အပါအဝင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်နှင့် မျက်နှာသည် အသက် ၃၀ ထက် မပိုသော လူရွယ် တစ်ဦးကဲ့သို့ နုပျိုနေဆဲ ဖြစ်သော်လည်း သူ၏ အကြည့်နှင့် ကိုယ်ရောင်ကိုယ်ဝါမှာ အသက် ၂၀ ကျော် လူငယ်တစ်ဦးနှင့် မတူတော့ပေ။

ရှမ့်လန်က ပြောလိုက်သည်။ “မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မဖြစ်ခင်က ငါ မျှော်လင့်ချက် မျိုးစေ့တွေ အများကြီး စိုက်ပျိုးခဲ့တယ်။ အဲဒီ မျိုးစေ့တွေ အကုန်လုံး ပွင့်လန်းလာခဲ့ပြီ။ မင်း ပိုင်ဆိုင်ထားတဲ့ အပွင့်ကတော့ အတောက်ပဆုံးနဲ့ အလန်းဆန်းဆုံးပါပဲ။ ကဲ... ကွေ့ဝူ ကို သွားတွေ့လိုက်ကြရအောင်။”

... ...

တွင်းနက် အက်ကွဲကြောင်း အထက် ပင်လယ်ပြင်၌ ...

“ဝုန်း... ဝုန်း... ဝုန်း.. ဝုန်း...”

မူလက တည်ငြိမ်နေသော ပင်လယ်ပြင်သည် ရုတ်တရက် လှိုင်းထန်လာသည်။ ထို့နောက် ပင်လယ်ရေထု သည် ဘီလူးကြီးများ သဏ္ဍာန် စုစည်းလာပြီး စစ်သည်တော် ထောင်ပေါင်းများစွာကဲ့သို့ ပင်လယ်ပြင်ပေါ်တွင် မတ်မတ် ရပ်လိုက်ကြသည်။

ထိုအချိန်၌ “ရွှစ်... ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...”

မရေမတွက်နိုင်သော ကောင်းကင်ခံတပ်များသည် တွင်းနက် အက်ကွဲကြောင်းထဲမှ ပျံသန်း ထွက်ခွာလာ ကြသည်။ ဤကောင်းကင်ခံတပ်များသည် အင်ပါယာကျန်းလီရှိ ခံတပ်များလောက် မကြီးမားသော်လည်း အလွန် လျင်မြန်စွာ ပျံသန်းနိုင်ကြသည်။ သို့သော်ငြား လက်ရှိတွင် ထိုအရာတို့သည် ရွေ့လျားရန် ရှေးဟောင်း စွမ်းအင် ဗဟိုချက်ကို အားကိုးနေရဆဲ ဖြစ်သည်။ အင်ပါယာကျန်းလီ၏ ခံတပ်များထက် ခေတ်နောက်ကျသည်ဟု ဆိုနိုင်၏။

သို့သော်ငြား အသုံးပြုထားသော ပစ္စည်းများမှာ အလွန် ခေတ်မီသည်။ အကြောင်းမှာ တွင်းနက် အက်ကွဲကြောင်းထဲတွင် အလွန် ဆန်းကြယ်သော သတ္တုရိုင်း တစ်မျိုး ရှိနေသောကြောင့်ပင်။ ထိုအရာမှာ ‘အထူး လျှပ်ကူး သံလိုက် သတ္တုရိုင်း’ ပင် ဖြစ်သည်။ ဤအရာကြောင့်ပင် တွင်းနက် အက်ကွဲကြောင်း၌ ဤမျှ ရှုပ်ထွေးဆန်းကြယ်သော စွမ်းအင်ကွင်းများ ရှိနေပြီး စွမ်းအင် မုန်တိုင်းများ အချိန်မရွေး ပေါက်ကွဲထွက်လာ တတ်ခြင်း ဖြစ်သည်။

ဤအထူးသတ္တုကို ကောင်းကင်ခံတပ်များ၏ အပြင်ခွံနှင့် အိမ်မက်ဆိုးကျောက်တုံး ထိန်းချုပ်ရေး ဗဟိုချက် အဖြစ် အသုံးပြုခြင်းသည် အလွန် ပြောင်မြောက်သော လုပ်ဆောင်မှုပင် ဖြစ်သည်။ ထို့ကြောင့် စွမ်းအင် ဗဟိုချက်သည် အင်ပါယာကျန်းလီလောက် မပြင်းထန်သော်လည်း တွင်းနက်အက်ကွဲကြောင်းမှ ကောင်းကင် ခံတပ်များသည် ပိုမို လျင်မြန်စွာ ပျံသန်းနိုင်ကြ၏။

ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာသည် ကောင်းကင်ယံတွင် စီတန်းလျက် စစ်ကြောင်းပုံစံ ဖွဲ့လိုက် ကြသည်။ ထို့နောက် ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ကောင်းကင်သို့ ဖြည်းညင်းစွာ ပျံတက်သွား လိုက်သည်။

မြောက်ဘက်တွင် ကွေ့ဝူသည် အင်ပါယာကျန်းလီ၏ သိန်းပေါင်းများစွာသော စစ်တပ်ကြီးကို ဦးဆောင်၍ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ မိုင်တစ်ရာခန့်အကွာသို့ ရောက်ချိန်မှာတော့ ကွေ့ဝူ လက်ဝှေ့ယမ်းလိုက်ရာ အင်ပါယာ ကျန်းလီ၏ စစ်တပ်ကြီး ရပ်တန့်သွားသည်။

သူတို့ဘက်တွင်လည်း ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာ ပါဝင်ပြီး အင်ပါယာကျန်းလီ၏ ခံတပ်များမှာ ပိုမို ကြီးမားသည်။ ကောင်းကင်ခံတပ် တစ်ခုစီသည် ရဲတိုက်ကြီး တစ်ခုမျှ ရှိသည်။ ထိုခံတပ်များ၏ စွမ်းအင် စနစ်မှာ ပိုမို ရှုပ်ထွေးသည်။ ရှေးဟောင်း စွမ်းအင် ဗဟိုချက်နှင့် ငရဲသလင်းကျောက် ဗဟိုချက်တို့ ပါဝင်၏။

အင်ပါယာကျန်းလီ၏ ကောင်းကင်ခံတပ်များတွင် အားအကောင်းဆုံးအချက်မှာ ငရဲသလင်းကျောက် စွမ်းအင်ဒိုင်းပင် ဖြစ်သည်။ မည်သည့် လက်နက်ကမှ ဖောက်ထွင်း၍ မရနိုင်သလောက်ပင်။

အင်ပါယာ ကျန်းလီ၏ ကြီးမားသော ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာသည် မိုင်ရာချီ ရှည်လျားစွာ တန်းစီနေ ကြသည်။ ပျံသန်းလာချိန်မှာတော့ နေရောင်ခြည်ပင် မထိုးဖောက်နိုင်တော့ပေ။

သို့သော်ငြား သူတို့သည် နဂါးကြီးနှင့် ကွေ့ဝူကို မတွေ့ရချေ။ နောက်တစ်ခဏ၌ ...

“ဝုန်း...” ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်တစ်ခုလုံး တွန့်လိမ် ရှုံ့တွသွားသကဲ့သို့ ဖြစ်သွားပြီး ပင်လယ်ပြင် တစ်ခုလုံး တုန်ခါသွားသည်။

နဂါးကြီးသည် တခဏချင်းမှာပဲ သူတို့ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။ ကွေ့ဝူသည် နဂါးကြီးကို စီးနင်းထား၏။ သူသည် ကျန်းလီ၏ မျက်နှာကို ယူထားဆဲပင်။

“အရှင်ရှမ့်လန်... နေကောင်းလား။” ကွေ့ဝူက နှုတ်ဆက်လိုက်သည်။

ရှမ့်လန်က ပြန်ပြော၏။ “သူက ခင်ဗျားကို သူ့မျက်နှာနဲ့ ပေးထွက်တယ်ပေါ့။”

ကွေ့ဝူက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်းလည်း ကိုယ်ပွားမှန် ရှိနေတာကို ဂရုမစိုက်ဘူး မဟုတ်လား။”

All Chapters