ဆန်းလျန်ဖြစ်သောကြောင့်
Vol. 6 Ch. 507
မိုးကောင်းကင်နတ်ဘုရားအများစုသည်ပင်လျှင် ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းမြင့်မားနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကိုကျင့်ကြံခဲ့သူဖြစ်သည့်အတွက် သူ၏ မူလဝိညာဉ်ခန္ဓာသည် အခြားသောနတ်ဘုရားများထက်ပိုပြီး ကြံ့ခိုင်လေသည်။
ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်သည် ယင် နှင့် ယန် ၊ ဒြပ်စင်စွမ်းအားငါးမျိုးတို့ကို ကျင့်ကြံရသည့် ကျင့်စဉ်ဖြစ်လေ သည်။ ထိုနိယာမများသည် မည်သည့်ဘုံတွင်မဆို မပြောင်းလဲဘဲ တည်ရှိလေသည်။ အသေးစိတ်အချက်အလက် များသာလျှင် အနည်းငယ်ကွာခြားနိုင်လေသည်။
ယင် နှင့် ယန် ၊ ဒြပ်စင်စွမ်းအားငါးမျိုးသည် ဆင့်ကဲဖြစ်စဉ်အားလုံး၏ အခြေခံဖြစ်လေသည်။ ထို့ကြောင့် ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်ကိုကျင့်ကြံထားသည့် ဆန်းလျန်သည် မည်သည့်ကျင့်စဉ်ကိုမဆို အခြေခံအကျဆုံးအချက်ကို သိမြင်နိုင်သူ ဖြစ်လေသည်။ သို့သော် ကျင့်စဉ်လမ်းဆိုသည်က အဆုံးမရှိပေ။ မည်သည့် တာအိုကျင့်စဉ်ကိုမဆို ကျင့်ကြံနိုင်ရန်အတွက် နက်နဲသည့်မှတ်ဥာဏ်နှင့် မြင့်မားသည့်အသိဥာဏ်လိုအပ်လေသည်။
နက်နဲသည့်အဆုံးမရှိသောမှတ်ဥာဏ်ကိုတော့ မိုးကောင်းကင်နတ်ဘုရားများပင်လျှင် မရရှိနိုင်ကြပေ။ ကျွမ်းကျိုးက ပြောခဲ့ဖူးသည်မှာ -
“ဘာဝဆိုသည်က အကန့်အသတ်ရှိပြီး အသိပညာကတော့ အကန့်အသတ်မရှိပေ။ အခြားနည်းဖြင့်ပြောမည်ဆိုလျှင် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် အကန့်အသတ်ရှိမည် ဖြစ်သော်လည်း စကြာဝဠာကြီးကတော့ အကန့်အသတ် မရှိပေ။ ကန့်သတ်ထားသောအရာအတွင်းသို့ အကန့်အသတ်မဲ့သည့်အရာများကို သွပ်သွင်းရန် ကြိုးစားခြင်းမှာ မဖြစ် နိုင်သည့်အရာပင်ဖြစ်သည်”
ဟူ၍ ဖြစ်လေသည်။
ဆန်းလျန်သည်လည်း အကန့်အသတ်မဲ့စွာဖြင့် တာအိုကျင့်စဉ်အားလုံးကို ကျင့်ကြံနိုင်သူတစ်ယောက် မဟုတ်ပါ။ သို့သော် သူ၏မူလဝိညာဉ်ခန္ဓာသည် အကြောင်းအရာအတော်များများကို နားလည်ရန် လုံလောက်ခဲ့လေသည်။ သူ၏မူလဝိညာဉ်ခန္ဓာသည် တာအိုကျင့်စဉ်များကို သင်ကြားပြသပေးရန်နှင့် အတိုင်းအတာတစ်ခုအထိ နားလည်နိုင်သည့်စွမ်းရည်ကို သူ့ကိုပေးခဲ့လေသည်။
အချို့သူများက ကျင့်စဉ်တစ်မျိုးတည်းကိုသာ အထူးပြုကျင့်ကြံကြပြီး နောက်ဆုံးတွင် မသေနိုင်သောနတ်ဘုရား တစ်ပါးဖြစ်လာကာ တာအိုမဟာလမ်းစဉ်အထိ တက်လှမ်းနိုင်ခဲ့ကြသည်။
အချို့သူများကတော့ ပင်ကိုယ်အရည်အချင်းများဖြင့် မွေးဖွားလာခဲ့သူများ ဖြစ်လေသည်။ သို့သော် သူတို့သည် ရွှေးခြယ်စရာမရှိသည့်လောကထဲတွင် ရုန်းကန်ကြရင်း အခက်အခဲများစွာကြုံတွေ့ပြီးမှသာ သေမျိုးကမ္ဘာမှ လွတ်မြောက်ပြီး နောက်ဆုံးတွင် တာအိုမဟာလမ်းစဉ်ကို တက်ရောက်နိုင်ခဲ့ကြလေသည်။
ထိုသူနှစ်မျိုးကြားတွင် ခြားနားမှုမရှိပေ။
ထို့အတူပင် ဆန်းလျန်နှင့် တာ့ရှားဧကရာဇ်မှာလည်း သိပ်ပြီးခြားနားမှုမရှိပေ။
အနက်ရောင်နှင့်အဝါရောင်ကို ဝတ်ဆင်ထားသည့်တာ့ရှားဧကရာဇ်သည် သူ၏ဓားဖြင့်မထိုးစိုက်မီတွင် သမာဓိ မီးတောက်ကို စိုက်ကြည့်နေလေသည်။
စစ်မှန်သောသမာဓိမီးတောက်သည် အရာရာကို လောင်ကျွမ်းပစ်နိုင်လေသည်။
လေသည် မီးကိုပင့်ပေးနိုင်သလို ငြိမ်းသတ်နိုင်သည့်စွမ်းအားလည်း ရှိလေသည်။ သို့သော် လေအလွန်ပြင်းထန်ပါက မီးကို ကူညီရာမရောက်ဘဲ ငြိမ်းသတ်ပစ်ရာရောက်နိုင်လေသည်။
ထို့ကြောင့်ပင် လေပြင်းတစ်ချက် ရုတ်တရက်ပြင်းထန်စွာ တိုက်ခတ်လာပြီး မီးတောက်မှာ ငြိမ်းသွားလေသည်။ ထိတ်လန့်စရာအချက်မှာ ပြင်းထန်သည့်လေသည် မီးတောက်ကိုသာ ငြိမ်းစေခဲ့ပြီး မည်သူ့ကိုမှ ထိခိုက်စေခဲ့ခြင်း မရှိပေ။
သမာဓိမီးတောက်ငြိမ်းသွားသည်နှင့် တာ့ရှားဧကရာဇ်က ကျောက်ပန်းပုရုပ်တုကြီးကို ပြန်၍အာရုံစိုက်လိုက်လေ သည်။ တာ့ရှားဧကရာဇ်၏လက်ထဲတွင် ကိုင်ထားသည့် နတ်မိစ္ဆာဓားကောက်ကြီးကို ယခုတော့ လူတိုင်းမြင်တွေ့ကြရ ပြီဖြစ်လေသည်။ သူက ထိုဓားကောက်ကြီးဖြင့် ကျောက်ပန်းပုရုပ်တုကို ထိုးစိုက်ချလိုက်လေသည်။
ထိုအခါ ပန်းပုရုပ်တုတွင် မျက်လုံးများပေါ်လာလေသည်။
ထိုမျက်ဝန်းတစ်စုံမှာ အဓိပ္ပါယ်ဖော်ရန်ခက်ခဲလှလေသည်။ တစ်စုံတစ်ဦးက ထိုမျက်ဝန်းများ၏အဓိပ္ပါယ်ကို အတင်းအကြပ်အဓိပ္ပါယ်ဖော်ဆိုရန် တောင်းဆိုမည်ဆိုလျှင် “ဝိညာဉ်ဖြင့်ပြည့်ဝနေသည့်မျက်ဝန်းများ” ဟုသာ ပြောနိုင်ပေလိမ့်မည်။
ထိုမျက်ဝန်းများသည် ကျောက်ပန်းပုရုပ်တုကို ကြည့်နေသူ မည်သူ့ကိုမဆို ပြန်လည်စိုက်ကြည့်နေသည်ဟု ခံစားရစေလေသည်။
နောက်ဆုံးတွင်တော့…
ပန်းပုရုပ်တုကြီးကိုရော တာ့ရှားဧကရာဇ်လက်ထဲမှ မိစ္ဆာဓားကောက်ကြီးကိုပါ အစောင့်စစ်သည်များက နန်းတော်ထဲမှ သယ်ဆောင်သွားကြလေတော့သည်။
တာ့ရှားဧကရာဇ်က လေ့ကျင်းကို ပြုံးပြီးကြည့်လိုက်ရင်း…
"ဒီလက်ဆောင်ကို ဦးရီးတော် သိပ်သဘောကျတယ်"
ဟု ပြောလိုက်လေသည်။
နိုင်ငံခြားရေးဝန်ကြီးလေ့နော်မှာ ကြောက်ရွံ့တုန်လှုပ်နေပြီး ဇနီးဖြစ်သူစစ်ကျန်းကို မျက်နှာရိပ်မျက်နှာကဲ တစ်ချက်ပြလိုက်လေသည်။ စစ်ကျန်းမှာလည်း သမီးဖြစ်သူအတွက် အလွန်စိုးရိမ်နေပြီဖြစ်လေသည်။
"အစ်ကိုတော်… ကျင်းအော်က ငယ်သေးတော့ မလိမ္မာဘူး ၊ ကျွန်မတို့ဇနီးမောင်နှံကပဲ သူ့ရဲ့အမှားအတွက် တောင်းပန်ချင်ပါတယ်"
လေ့နော်၏ ဇနီးဖြစ်သူ စစ်ကျန်းကနေရာမှထကာ ပြောလိုက်လေသည်။
တာ့ရှားဧကရာဇ်ကရယ်မောလိုက်ရင်း…
"မှားတယ် ဟုတ်လား ၊ ကျင်းကျင်းမမှားပါဘူး ၊ သူ့ကိုဆုတောင်ချရဦးမယ် ၊ ညီမတော်က ကျင်းကျင်းကို ပန်းပုထုခိုင်းပြီး ပန်းပုရုပ်တုဆက်သခိုင်းတဲ့လူက ငါကိုယ်တော်ကိုထိခိုက်စေတယ်လို့ ထင်နေတာလား ၊ သူက အခု ဝမ်ချန်နန်းတော်ထဲ ရောက်နေပြီဆိုတာ ငါကိုယ်တော်မသိခဲ့ဘူး ၊ အခု သူရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
ထို့နောက် ဧကရာဇ်မင်းက လေ့ကျင်းကို အေးစက်သည့်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း…
"အဲဒီလူဘယ်သူလဲ ပြောပြစမ်း ၊ ဦးရီးတော်က သမီးကို ဆုတွေအများကြီး ချီးမြှင့်မယ်"
လေ့ကျင်းသည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မည်သည့်စကားမှ မပြောပေ။
တာ့ရှားဧကရာဇ်က လေ့ကျင်းအနားသို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။
"ပြောမှာလား မပြောဘူးလား"
လေ့ကျင်းသည် စကားတစ်လုံးမှမပြောဘဲ ခေါင်းကို တွင်တွင် ငုံ့ထားလေသည်။ သူမပုံစံသည် မုန်တိုင်းအတွင်းမှ မြက်ပင်လေးတစ်ပင်နှင့် တူလေသည်။ ယိမ်းနွဲ့လှုပ်ရှားနေသည့်တိုင် အမြစ်မှကျွတ်ထွက်နိုင်မည့် အနေအထားမျိုး မဟုတ်ပေ။
တာ့ရှားဧကရာဇ်သည် အလွန်မှ ခြိမ်းခြောက်နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်လေသည်။ လေ့ကျင်းကဲ့သို့ မိန်းကလေးငယ်လေးမပြောနှင့် ရှင်းလျဲ့ကဲ့သို့ ခေါင်းမာလွန်းသောသူပင်လျှင် တာ့ရှားဧကရာဇ်ကို မတွန်းလှန်နိုင်ခဲ့ပေ။
ရှင်းလျဲ့၏အဖြစ်အပျက်မှာ အကောင်းဆုံးသက်သေပင်ဖြစ်လေသည်။ ထို့ကြောင့် အမတ်မင်းများမှာ သက်ပြင်းများ ကြိတ်ပြီးချလိုက်မိကြလေသည်။ တာ့ရှားဧကရာဇ်၏အမေးကိုမဖြေပါက မင်းသမီးလေးကျင်းကျင်း၏ အဖြစ်မှာ မတွေးရဲစရာပင်။
တာ့ရှားဧကရာဇ်က အေးစက်စွာရယ်မောလိုက်ရင်း…
"တကယ့်ကို ငါတို့ရှားမျိုးနွယ်ပီသတာပဲဟေ့"
စစ်ကျန်းက တာ့ရှားဧကရာဇ်ရှေ့တွင် ဒူးထောက်လိုက်လေသည်။
"အစ်ကိုတော်… ကျင်းအော်ကိုအပြစ်ပေးမယ်ဆိုရင် ညီမတော်ကိုပါ အပြစ်ပေးပါ"
တာ့ရှားဧကရာဇ်က…
"မင်းက ငါကိုယ်တော်ကို ခြိမ်းခြောက်နေတာလား"
"ညီမတော်က ဘယ်လိုလုပ်ခြိမ်းခြောက်ဝံ့မှာပါလဲ"
စစ်ကျန်းက တိုးလျစွာဖြင့် ပြန်ပြောလိုက်လေသည်။
စစ်ကျန်းပြောလိုက်သည့်စကား၏အဓိပ္ပါယ်ကို တာ့ရှားဧကရာဇ်နှင့် စစ်ကျန်းသာလျှင် နားအလည်ဆုံးဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်ဖြစ်သူကို တာ့ရှားဧကရာဇ်ကိုယ်တိုင်သတ်ပစ်လိုက်သည့်မြင်ကွင်းကို စစ်ကျန်းက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူ မဟုတ်ပါလား။
ထိုအချိန်မှာပင် ….
"မင်းကြီးက ကျုပ်ကိုတွေ့ချင်တာမဟုတ်လား ၊ ဘာလို့ ကလေးကို အခက်တွေ့အောင် လုပ်နေရတာလဲဗျာ"
ခန်းမအတွင်းသို့ အသံတစ်သံ ဝင်ရောက်လာလေသည်။
ထိုအသံသည် နွေဦးလေပြေလေးအလားပင်ဖြစ်ပြီး ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
လေ့ကျင်းသည် နှုတ်ခမ်းကိုကိုက်ထားပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
ခန်းမအတွင်းသို့ အဖြူရောင်တိမ်တိုက်တစ်ခု ဝင်ရောက်လာသည်ကို တွေ့ရှိလိုက်ရလေသည်။
ထိုအဖြူရောင်တိမ်တိုက်ထက်တွင် လူငယ်တစ်ယောက် တင်ပျဉ်ခွေ ထိုင်နေလေသည်။ ထိုလူငယ်သည် ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားခြင်းမရှိပါ။ သို့သော် သူ့ကိုမြင်တွေ့သူတိုင်းက သူ၏ခမ်းနားမှုကို ခံစားကြရမည် ဖြစ်လေသည်။
"ဆရာက လောကမှ သတ္တိအရှိဆုံးပဲ"
လေ့ကျင်းက စိတ်ထဲမှ တွေးလိုက်မိလေသည်။
အမတ်မင်းများမှာ တိချိုးမြို့တော်ကို မုန်တိုင်းထန်စေခဲ့သူကို မြင်တွေ့လိုက်ရသည့်အခါ အလွန်အံ့ဩမင်သက် ကုန်ကြလေသည်။ သူတို့က ထိုသူမှာ ဆံပင်ဖြူဖြူ ၊ မုတ်ဆိတ်မွေးဖြူဖြူနှင့် အသက်ကြီးကြီး တာအိုဆရာကြီးတစ်ပါး ဖြစ်လိမ့်မည်။ သို့မဟုတ် ဘုန်းတော်ကြီးတစ်ပါးဖြစ်လိမ့်မည်ဟု ထင်မှတ်ထားကြလေသည်။ သို့သော် ယခုတော့ သူတို့ထင်မှတ်ထားသလိုမဟုတ်ဘဲ ချောမောလှပလွန်းသည့် လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့ပြီ။
အဖြူရောင်တိမ်တိုက်သည် ခန်းမအတွင်းရှိ စကျက်ကျောက်ပြားထက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။
တိမ်တိုက်ထက်တွင်ထိုင်နေသည့် လူငယ်၏မျက်ဝန်းများသည် ကောင်းကင်ကြီးတစ်ခုအလား နက်ရှိုင်းကျယ်ပြန့်လွန်းလှလေသည်။
တာ့ရှားဧကရာဇ်က ထိုသူမှာ ယခုကဲ့သို့ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မထားမိပေ။ အနည်းဆုံးတော့ သူနှင့်ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်ဟု တွေးထင်ထားခဲ့မိလေသည်။
ဆန်းလျန်သည် ယင်းလုန်ကိုပင် နိုးထစေခဲ့သူ ဖြစ်လေသည်။
ဆန်းလျန် မင်လော့ကိုသတ်ဖြတ်လိုက်စဉ်က သတ္တိကောင်းလှသည်ဟု တာ့ရှားဧကရာဇ်က တွေးထင်မိသည့်တိုင် ယခုကဲ့သို့ နန်းရင်ပြင်ညစာစားပွဲသို့ အတားအဆီးမဲ့စွာ ဝင်ရောက်လာခြင်းနှင့် ယှဉ်လျှင်တော့ မပြောပလောက်တော့ ပေ။
တာ့ရှားဧကရာဇ်မှာ လူငယ်ကို ကြည့်ပြီး အံ့ဩနေလေသည်။
သူသည် ဖခင်ဖြစ်သူပြောခဲ့သည့် စကားကို ပြန်သတိရနေမိလေသည်။
"သားတော်က တခြားသူတွေကို ခြိမ်းခြောက်နိုင်တဲ့စွမ်းအားမြင့်မားတယ် ၊ ဒါကြောင့် လောကမှာ ပြိုင်ဘက်ကင်း တယ် ၊ ဒါပေမယ့် တကယ်သတ္တိရှိတဲ့သူတွေ လောကမှာ ရှိသေးတယ်"
ထိုအချိန်က ခမည်းတော်ဖြစ်သူ၏စကားကို အရေးမစိုက်ခဲ့ပေ။ သို့သော် ယခုတော့ "တကယ်သတ္တိရှိသူ" ကို သူတွေ့မြင်ခဲ့ရပြီ။
ဆန်းလျန်သည် ခန်းမထဲတွင် မတ်တပ်ရပ်နေလေသည်။ သူ၏ကိုယ်နေဟန်က ပိန်ပိန်သွယ်သွယ်နှင့်ဖြစ်သည့် အတွက် အားနည်းသယောင်ထင်ရသည်။ သို့သော် ထိုအားနည်းပုံရသည့် ခန္ဓာကို်ယ်အတွင်းတွင် ဖုံးကွယ်ထားသည့် တန်ခိုးစွမ်းအားသည် အံ့ဩစရာကောင်းရုံသာမက အလွန်လည်း ကြောက်မက်ဖွယ်ရာကောင်းလေသည်။
ယခုတော့…
ဆန်းလျန်ရောက်လာခဲ့လေပြီ။
ကြိုတင်ပြောမထားဘဲနှင့် သူရောက်လာခဲ့သည်။ အကြောင်းပြချက်မရှိဘဲ သူရောက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆန်းလျန်ဖြစ်နေသောကြောင့်ပင်။
နည်းနည်းတော့ထူးဆန်းလေသည်။ အစပိုင်းတွင်တော့ ဆန်းလျန်သည် ရှားမျိုးနွယ်များ၏ မွေးရာပါ တန်ခိုးစွမ်းအား များကို သေသေချာချာလေ့လာပြီးမှ တာ့ရှားဧကရာဇ်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ထားလေသည်။
သို့သော် လောကတွင် ပြီးပြည့်စုံသည့်အရာဆို၍ မရှိပေ။
လေ့ကျင်းသည် သူ့အတွက်ကာကွယ်ပေးနေသည်ကို သူသည် မည်သို့ရပ်ကြည့်နေနိုင်ပါမည်နည်း။
ထို့ပြင် ဆန်းလျန်အနေဖြင့် ကြောက်နေရစရာလည်း အကြောင်းမရှိပေ။ ဘဝ၏ သေခြင်းရှင်ခြင်းများကို သူနားလည်လက်ခံထားခဲ့သည်မှာ ကြာခဲ့ပြီ။ ထို့ပြင် တာ့ရှားဧကရာဇ်က ဒေါသတကြီးဖြင့် သူ့ကို တိုက်ခိုက်မည် ဆိုလျှင်လည်း သူ့အတွက် အခြေအနေဆိုးရွားသွားနိုင်စရာ အကြောင်းမရှိပေ။
“ကျားတွေရှိတယ်ဆိုတာကို သိသိကြီးနဲ့ တောနက်ထဲသို့ဝင်ရောက်သွားခြင်း” ဆိုသည့် သတ္တိနှင့် လှုံ့ဆော်မှုသည် တာအိုစိတ်ထားကို ပိုပြီး စူးရှထက်မြက်စေလေသည်။