← Chapters

အခန်း (၁၃၇၁-၁၃၇၂)

Vol. 78 Ch. 1371-1372

အခန်း (၁၃၇၁-၁၃၇၂)

Vol. 78 Ch. 1371-1372

အပိုင်း (၁၃၇၁)

ရှမ့်လန်က ဆုံးဖြတ်လိုက်သည်။ “တတိယ စီမံကိန်းက အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။”

ပညာရှင်ကြီးက ဆို၏။ “ကျုပ်လည်း ဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုက ကန့်ကွက်နေ ကြတယ်။ ဒီစနစ်က အင်ပါယာကျန်းလီပိုင်ဖြစ်ပြီး တင်းကျပ်တယ်။ ခေတ်နောက်ကျတယ်။ မှောင်မိုက် တယ်လို့ ပြောကြတယ်။ ဥပမာ ဝက်၊ နွား၊ သိုးတွေကို သီးနှံပင်တွေလို မွေးမြူပြီး တိရစ္ဆာန် တစ်ကောင်ချင်းစီက တစ်မီတာထက် ပိုမရွေ့နိုင်ဘူးဆိုတာ လူမဆန်လွန်းရာ ရောက်တယ်။ အမှောင် အင်ပါယာရဲ့ သင်္ကေတ သတ်သတ်ပဲလို့ ပြောကြတယ်။”

ရှမ့်လန်က ပြန်ပြောသည်။ “အရမ်းကြီး ချဲ့မတွေးပါနဲ့။ တော်ဝင်ချန်အင်ပါယာရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူသားအားလုံးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ ကျန်တာတွေ ခဏ ထားလိုက်လို့ ရပါတယ်။ တိရစ္ဆာန်တွေကို ဒီလို မွေးမြူတာ လူမဆန်ဘူးဆိုပေမဲ့ အသား အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပြီး လူတွေ အများကြီးကို အစာကျွေးနိုင်တယ်။ ဒါက အရေးကြီးဆုံးပဲ။

ပြီးတော့ လက်တွေ့ လုပ်ဆောင်ခြင်းကသာ အမှန်တရားကို စမ်းသပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျန်းလီ ပုံစံဆွဲထားတဲ့ မြို့တော်စနစ်က အကျိုးအကြောင်း အသင့်လျော်ဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်နေမှတော့ ကျုပ်တို့လည်း လေ့လာ အတုယူလို့ ရတာပဲ။ အရမ်းကြီး တယူသန် မဖြစ်ကြပါနဲ့။”

ပညာရှင်ကြီးက ပြော၏။ “အရှင် တကယ် ဉာဏ်ပညာ ကြီးမားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ် ပြောရင် သိပ်ပြီး ထိရောက်မှု မရှိဘူး။ ယာယီဝန်ကြီးချုပ်တောင် သူတို့ကို နားချလို့ မရဘူး။ အရှင် ကိုယ်တိုင်လုပ်မှ ရမယ် ထင်တယ်။ ပညာရှင်တွေနဲ့ စကားပြောပေးပါအုံး။”

ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”

ထို့နောက် ရှမ့်လန်သည် ပညာရှင်သောင်းချီကို စုဝေးစေပြီး မိန့်ခွန်းပြောကြားကာ သူ၏ သဘောထားကို ရှင်းပြပြီး အားလုံး၏ အတွေးအခေါ်ကို ပေါင်းစည်းလိုက်သည်။ ဟန်ဆောင်မှုများ မလိုအပ်ပေ။ ကောင်းသော အရာဆိုလျှင် ကောင်းသည်ပင်။ ရန်သူ အသုံးပြုနေရုံဖြင့် အသုံးမပြုဘဲ နေစရာ မလိုပေ။

ဤသို့ဖြင့် နုရှောင့်မြို့ ပြန်လည်တည်ဆောက်ရေး စီမံကိန်းကို အတည်ပြုလိုက်ပြီး ကျန်းလီ၏ မြို့တော်ပုံစံ စနစ်အတိုင်း တည်ဆောက်ခဲ့ကြသည်။ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်၊ ဥယျာဉ်ဇုန်၊ ရေသိုလှောင်ရေးဇုန်၊ စက်မှုဇုန် စသည်တို့ကို အင်ပါယာကျန်းလီ၏ မြို့တော်များအတိုင်း အခြေခံအားဖြင့် တည်ဆောက်ခဲ့၏။

သို့သော်ငြား မြို့တော်ပုံစံကိုမူ အင်ပါယာ ကျန်းလီအတိုင်း ပြုလုပ်၍ မရနိုင်ပေ။ အင်ပါယာ ကျန်းလီ၏ မြို့တော်များသည် အေးစက်လွန်းသည်၊ တင်းကျပ်လွန်းသည်။ ဖိနှိပ်လွန်းသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အမှောင်အင်ပါယာ၏ အငွေ့အသက်ကို ခံစားမိစေသည်။

ရှမ့်လန်သည် ပြီးပြည့်စုံသော မြို့တော်တစ်ခု ပုံစံဆွဲခွင့် ပေးမည်ဟု ယောင်ယောင်ကို ကတိပေးခဲ့ဖူးသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က ကတိပေးခဲ့ခြင်း ဖြစ်သည်။ စောစီးစွာ လုပ်ဆောင်နိုင်မည် ထင်ခဲ့သော်လည်း ယနေ့မှသာ ဖြစ်မြောက်လာခဲ့၏။

ယောင်ယောင် အလွန် စိတ်လှုပ်ရှားနေပြီး လုံးဝ နှစ်မြှုပ်ထားသည်။ အက်ကွဲကြောင်းပြည်နယ် ကိစ္စများ ကိုပင် ဂရုမစိုက်ချင်တော့ပေ။ သူမသည် နုရှောင့်မြို့သစ်ကို မနားမနေ ပုံစံဆွဲနေသည်။ မြို့တော်စီမံကိန်း ပြီးစီးပြီ ဖြစ်ရာ ယောင်ယောင် လိုအပ်သည်မှာ အနုပညာဆန်ဆန် မွမ်းမံရန်သာ ဖြစ်သည်။

မြို့တော်တစ်ခုလုံး၏ စရိုက်လက္ခဏာနှင့် ပုံပန်းသဏ္ဍာန်သည် လောကမြေကို တုန်လှုပ်စေမည့် အပြောင်း အလဲများ ဖြစ်ပေါ်လာရမည်။ အင်ပါယာကျန်းလီ၏ မြို့တော်များနှင့် နှိုင်းယှဉ်လျှင် ခမ်းနားထည်ဝါရမည်။ ကောင်းကင်ဘုံမှ မြို့တော်၊ အိမ်မက်မြို့တော်ကဲ့သို့ ဖြစ်ရမည်။

ရှမ့်လန်သည် ရှီလွန်အင်ပါယာ၏ အလှပဆုံး ဘုရင်မမြို့တော်ကို မြင်ဖူးသည်။ တောင်ဝင်ရိုးစွန်းရှိ ပျောက်ဆုံးအင်ပါယာ၏ နောက်ဆုံးမြို့တော်ဖြစ်သော ရေခဲမြို့တော်ကိုလည်း မြင်ဖူးသည်။ ယောင်ယောင်၏ အလှအပ ဆိုင်ရာ ခံစားမှုသည် ရှမ့်လန်ထက်ပင် မြင့်မား၏။

အဘယ်ကြောင့်ဆိုသော် သူမသည် သဘာဝအတိုင်း လှပသူ ဖြစ်သောကြောင့်ပင်။ သူမ၏ မျက်လုံးများတွင် စစ်ထုတ်ကိရိယာတစ်ခု တပ်ထား သကဲ့သို့ပင်။ မည်သည့်အရာကို မြင်သည် ဖြစ်စေ စိတ်ထဲတွင် ပြန်လည် ပုံဖော်နိုင်ပြီး နတ်သမီးပုံပြင်ဆန်ဆန် ပြန်လည် တည်ဆောက်နိုင်သည်။

မင်းသမီးလေးရှမ့်မီသည် အစ်မဖြစ်သူနှင့်အတူ နုရှောင့်မြို့သစ် ပုံစံကို ကူညီလုပ်ဆောင်နေသည်။ အဓိကအားဖြင့် သူမ၏ တာဝန်မှာ အံ့အားသင့်ခြင်းနှင့် အားပေးခြင်းသာ ဖြစ်၏။

“ဝါး... အရမ်း လှတာပဲ။ ဝါး... အစ်မက တကယ် တော်တာပဲ။ ဝါး... အစ်မက ဒါကို ဘယ်လို စဉ်းစားမိတာလဲ။’

ရှမ့်လန်ရှေ့တွင် ရှမ့်မီသည် ကျက်သရေရှိသော မင်းသမီးလေး ဖြစ်သော်လည်း ယောင်ယောင်ရှေ့တွင်မူ စစ်မှန်သော ပရိသတ်လေး ဖြစ်သွားသည်။

... ... ...

‘သောက်ကျိုးနည်း... ဒါ မြောက်ပိုင်းစစ်ဆင်ရေး ဆိုတာ ဟုတ်ရဲ့လား။’

ရှမ့်လန်၏ တပ်တော် မြောက်ဘက်သို့ ချီတက်ပြီးနောက် တိုက်ပွဲတစ်ပွဲမှ မတိုက်ခဲ့ရပေ။ နုရှောင့်မြို့နှင့် ကျန်းအင်ပါယာ၏ တောင်ဘက်ထျန်းနန်မြို့တော်သည် မိုင်နှစ်ထောင်သာ ကွာဝေးသော်လည်း တစ်ဖက်မှ စစ်တပ် စေလွှတ်ခြင်း မရှိပေ။ ကောင်းကင်ကင်းထောက်များပင် မရှိပေ။ ဤနေရာတွင် ဘာဖြစ်နေမှန်း မသိသကဲ့သို့ပင်။

ထိုအချိန်တွင် နုရှောင့်မြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ လုံးဝ ပြန်လည် တည်ဆောက်ခြင်း ဖြစ်သည်။ ယခင် ရဲတိုက်ကြီး၊ အိမ်များအားလုံးနှင့် တံတိုင်းများအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နုရှောင့်မြို့သည် မြေပြင်နှင့် ညီညာသွားပြီး အစမှ ပြန်လည် စတင်ခဲ့သည်။ အစပိုင်းတွင် လူအင်အား တစ်သိန်းခွဲ အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် သုံးသိန်းအထိ တိုးမြှင့်ကာ မြို့တော်ကို ပြန်လည် တည်ဆောက်ခဲ့သည်။

မရေမတွက်နိုင်သော ကောင်းကင်ခံတပ်များနှင့် ဧရာမနဂါးကြီးများပင် မြို့တော်တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည်။ ဤအခြေအနေများကြောင့် တည်ဆောက်ရေးလုပ်ငန်းစဉ်သည် အလွန် လျင်မြန်ပြီး ခေတ်သစ် ကမ္ဘာမြေ ထက်ပင် ပိုမို လျင်မြန်၏။

သို့သော်ငြား ပုံစံအရ နုရှောင့်မြို့သည် လူဦးရေသန်းချီ နေထိုင်နိုင်သော မြို့ကြီး ဖြစ်သောကြောင့် လအနည်းငယ်အတွင်း ပြီးစီးရန် မဖြစ်နိုင်ပေ။ ပြန်လည် တည်ဆောက်ရင်း၊ ဝင်ရောက် နေထိုင်ရင်း၊ ထုတ်လုပ်ရင်းဖြင့်သာ တပြိုင်နက် လုပ်ဆောင်နိုင်မည်။ လအနည်းငယ်ကြာပြီးနောက် မိုကျင်းရှိ လူပေါင်းသိန်းချီ အားလုံးကို ပြောင်းရွှေ့နေရာချထားရမည်။

ရှေးဟောင်းအင်ပါယာ၏ နဝမမြောက်မြို့တော်သည် နောက်တစ်ကြိမ် လူသူကင်းမဲ့ပြီး တားမြစ်နယ်မြေ ဖြစ်သွားပြန်သည်။ လွန်ခဲ့သော နှစ် ၃၀ က ကောင်းကင်ပင်လယ်နန်းဆောင်သည် ဤ ရှေးဟောင်းအပျက် အစီးကို တွေ့ရှိခဲ့ပြီး ဝင်ရောက်နေထိုင်ခဲ့သည်။ နှစ် ၃၀ ကြာ နေထိုင်ပြီးနောက် နောက်ဆုံးတွင် ပြန်လည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

နောက်ဆုံးလူတစ်ယောက် မိုကျင်းမှ ထွက်ခွာသွားချိန်တွင် စွမ်းအင်အကာအရံ ပျောက်ကွယ်သွားသည်။ ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်လည်း စတင် ခဲသွားသည်။ ကောင်းကင်မျှော်ရုပ်တုသည် ပြန်လည် ရှင်သန်လာသော်လည်း ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ကျန်ရှိနေခဲ့၏။

ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုထံသို့ နောက်တစ်ကြိမ် ရောက်လာပြီး ပြောလိုက်သည်။ “ဘိုးဘေး... ကျုပ်ကို စကား နည်းနည်းလောက် မပြောချင်ဘူးလား။”

ကောင်းကင်မျှော်ရုပ်တုသည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး ပြန်မပြောပေ။

ရှမ့်လန်က ဆက်ပြော၏။ “ကျုပ်တို့ရဲ့ ထုံးစံအရ ဘယ်နေရာကိုပဲပြောင်းပြောင်း ဘိုးဘေးရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ကို ယူသွားရစမြဲပါ။ ခင်ဗျားက ဒီလူပေါင်း သိန်းချီကို နှစ် ၃၀ ကျော် ကာကွယ်ပေးခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ကို ကျုပ်တို့ရဲ့ အိမ်သစ်ဆီ ခေါ်သွားချင်ပါတယ်။ ဖြစ်မလား။”

ကောင်းကင်မျှော်ရုပ်တုသည် ခမ်းနားထည်ဝါစွာ၊ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မလှုပ်မယှက် ရှိနေဆဲပင်။

“ခင်ဗျား ဘယ်လို သဘောထားလဲ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ နုရှောင့်မြို့မှာ ဒီ ပိရမစ်ထက် ပိုမြင့်တဲ့၊ ပိုလှတဲ့ ဧရာမ ပိရမစ်သစ်တစ်ခု တည်ဆောက်ထားတယ်။ ခင်ဗျား ဆန္ဒရှိရင် အဲဒီ ပိရမစ်ထိပ်မှာ ရပ်ပြီး ခင်ဗျားရဲ့ မျိုးဆက်တွေကို ငုံ့ကြည့် စောင့်ရှောက်ပေးဖို့ ကျုပ်တို့အားလုံး မျှော်လင့်နေပါတယ်။”

ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။ မျက်တောင်ပင် မခတ်ပေ။ ရှမ့်လန်နှင့် လုံးဝ မဆက်ဆံရန် ဆုံးဖြတ်ထားပုံ ရသည်။ ဘုရင်တစ်ပါးနှင့်တစ်ပါး မတွေ့ဆုံခြင်းဖြင့် အနေခက်မှုကို ရှောင်ရှားခြင်း ဖြစ်နိုင်သည်။

ရှမ့်လန် အနည်းငယ် စိတ်ပျက်သွား၏။ “ဘိုးဘေး... တကယ်ပဲ နုရှောင့်မြို့ကို မလိုက်ချင်ဘူးလား။ ကျုပ်တို့ အားလုံး သွားကြပြီ။ သက်ရှိ တစ်ယောက်မှ မရှိတဲ့ ဒီသဲကန္တာရထဲမှာ တစ်ယောက်တည်း ရပ်နေပြီး ဘာလုပ်မှာလဲ။”

ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။ မိုကျင်းပိရမစ်ထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ စွမ်းအင် အကာအရံ အကာအကွယ် မရှိတောသောကြောင့် အပြင်ဘက်မှ သဲမုန်တိုင်းများ မိုကျင်းကို စတင် တိုက်ခိုက်လာသည်။

မရေမတွက်နိုင်သော သဲမုန်တိုင်းများသည် ကောင်းကင်မျှော်ရုပ်တု၏ မျက်နှာကို ဖြတ်သန်း တိုက်ခတ်သွားရာ အလွန် သနားစရာ ကောင်းနေသည်။ ဤပထမမျိုးဆက် ကယ်တင်ရှင်သည် လောကကို ကယ်တင်ရန် မအောင်မြင်ခဲ့ဘဲ ယခုအခါ သဲကန္တာရအလယ်တွင် တစ်ကိုယ်တည်း ရပ်တည် နေရှာ၏

ရှမ့်လန် ခါးသီးစွာ မေးလိုက်သည်။ “တကယ်ပဲ နုရှောင့်မြို့ကို မလိုက်ချင်ဘူးလား။”

ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။

“ဟူး...” ရှမ့်လန် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

သို့သော်ငြား နောက်တစ်နေ့ နေထွက်လာချိန်မှာတော့ မိုကျင်းပိရမစ်ထိပ်ရှိ ကောင်းကင်မျှော်ရုပ်တု ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်၌ နုရှောင့်မြို့ပိရမစ်ထိပ်တွင် ရုပ်တုတစ်ခု ပိုလာသည်။ လူမျက်နှာ မြွေခန္ဓာကိုယ်နှင့်ဖြစ်ပြီး ကောင်းကင်ကို မော့ကြည့်နေဆဲ ဖြစ်သည်။ မျက်နှာထားနှင့် လှုပ်ရှားမှု အားလုံး ထပ်တူပင်။

အားလုံး တုန်လှုပ်သွားကြသည်။ ‘ဟမ်... ကောင်းကင်ဘိုးဘေးကြီး ဘယ်တုန်းက ရောက်လာတာလဲ။ မျက်စိ ဖွင့်လိုက်တာနဲ့ ဘာလို့ ပိရမစ်ထိပ်မှာ ပေါ်နေတာလဲ။’

‘ဟူး... ဒီရှေးဟောင်းအင်ပါယာရဲ့ ကောင်းကင်ဘိုးဘေးကြီးလည်း မာနမထားနိုင်တော့ပါလား။ နိုးထပြီးတာတောင် လူသားတွေကို မခွဲနိုင်၊ မခွာရက် ဖြစ်နေရှာတယ်။ ဒါပေမဲ့ ရုပ်တုရုပ်တုအဖြစ် နေမယ်လို့ ဆုံးဖြတ်ထား ပြီးသား ဆိုတော့ အဆုံးထိ လုပ်ရမှာပေါ့။ လုံးဝ စကား မပြောဘူး။’

‘နောင်ကျရင် ကျုပ် မရှိဘူးလို့သာ သဘောထားကြ။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ လှုပ်ရှားရုန်းကန်နေပုံတွေကို ကျုပ် စောင့်ကြည့်နေမယ်။ အရေးကြီးတဲ့ အချိန်ကျရင် မင်းတို့ရဲ့ နောက်ဆုံးခံတပ် ဖြစ်ပေးနိုင်တာပေါ့။’

ကောင်းကင်ဘိုးဘေးကြီးသည် နုရှောင့်မြို့သစ်တစ်ခုလုံးကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

‘လှလိုက်တာ။ အင်ပါယာတစ်ခုရဲ့ ခမ်းနားထည်ဝါမှုလည်း မလျော့ဘူး။ နတ်သမီးပုံပြင်ထဲက မြို့တော်လိုပါလား။ ဘယ်သူ ပုံစံဆွဲတာလဲ။ သေချာတာကတော့ ဟိုကောင်စုတ် ရှမ့်လန် မဖြစ်နိုင်ဘူး။ သူ့မှာ ဒီလောက် လှပတဲ့ အတွေးမျိုး မရှိဘူး။’

မြို့တော် တည်ဆောက်မှု မပြီးသေးဘဲ တစ်စိတ်တစ်ပိုင်းသာ ပြီးစီးသေးသော်လည်း ကောင်းကင် ဘိုးဘေးကြီး အနေဖြင့် မြို့၏ အံ့မခန်းအလှကို ခံစားမိနေပြီ ဖြစ်၏။

“လှတယ်။ အရမ်း လှတယ်။” ကောင်းကင်ဘိုးဘေးကြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်လုံးများပင် ရုပ်တုအခြေအနေသို့ ဝင်ရောက်သွားသည်။ ခန္ဓာကိုယ် ရပ်တန့်သွားရုံ သာမက အတွေးများပါ အေးခဲသွားသကဲ့သို့ ရှိသည်။

... ...

နုရှောင့်မြို့တော်သစ် တည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဆက်လက် လည်ပတ်နေသည်။ လူပေါင်းသိန်းချီသည် သူတို့၏ ချွေး၊ ဉာဏ်ပညာ၊ အဆုံးမဲ့ စိတ်အားထက်သန်မှုနှင့် သစ္စာတရားတို့ကို အသုံးပြုပြီး အစွမ်းကုန် ကြိုးစားနေကြ၏။

နုရှောင့်မြို့သည် နုရှောင့်မြို့သက်သက် မဟုတ်ပေ။ တော်ဝင်ချန်အင်ပါယာ၏ မြို့တော်လည်း ဖြစ်သည်။ နုရှောင့်မြို့သည် ယဉ်ကျေးမှုအသစ်ကို ကိုယ်စားပြုပြီး တိုးတက်မှုကို ကိုယ်စားပြုသည်။ အင်ပါယာ ကျန်းလီကို ချေမှုန်းရမည်။ တော်ဝင်ချန်အင်ပါယာသည် အင်ပါယာကျန်းလီထက် ပိုမို ကောင်းမွန်ကြောင်း လူများကို ခံစားရစေမည်။

တော်ဝင်ချန်အင်ပါယာမှ လူပေါင်းသိန်းချီသာ အလုပ်ရှုပ်နေသည် မဟုတ်၊ ပျောက်ဆုံးအင်ပါယာမှ ပင်လယ်မွန်းစတားသိန်းပေါင်းများစွာလည်း ခြွင်းချက် မဟုတ်ပေ။ သူတို့သည်လည်း နုရှောင့်မြို့ ကမ်းရိုးတန်း ဒေသများတွင် သူတို့၏ ပျောက်ဆုံးအင်ပါယာမြို့တော်ကို တည်ဆောက်နေကြသည်။

ဤသို့ဖြင့် နုရှောင့်မြို့သည် ပင်လယ်နှင့် ကောင်းကင် ဆက်စပ်နေသည်။ မြို့တော်သည် ကုန်းမြေမှ ပင်လယ် အထိ ရှည်လျားစွာ တည်ရှိနေသည်။ တကယ်ကို လှပလွန်း၏။

..................

ယနေ့တွင် ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် နုရှောင့်မြို့မှ ထွက်ခွာလာခဲ့သည်။ တောင်ဘက် ထျန်းနန်ပြည်နယ် နှင့် ရွှမ်ဝူနယ်စား စံအိမ်တော်သို့ ဦးတည် ပျံသန်းသွားသည်။ နုရှောင့်မြို့မှ ထွက်ခွာမှသာ မြို့၏ အလှကို ခံစားနိုင်ပေမည်။ ယခုအချိန်တွင် မြို့ကို ပင်လယ်ပေါ်မှ ပုလဲတစ်လုံးဟု တင်စားနိုင်သည်။

နုရှောင့်မြို့၏ စွမ်းအင်နယ်ပယ်မှ ထွက်ခွာလိုက်သည်နှင့် ပင်လယ်ရေ စတင် ခဲလာပြန်သည်။ ရှမ့်လန်သည် ရွှမ်ဝူစံအိမ်တော်သို့ နောက်တစ်ကြိမ် ဆင်းသက်လိုက်သည်။ ဤနေရာသည် ရေခဲနှင့်နှင်းများဖြင့် နောက်တစ်ကြိမ် ဖုံးလွှမ်းနေသည်။ မည်သူမှ သန့်ရှင်းရေးမလုပ်သည်မှာ ကြာမြင့်ခဲ့ပုံပင်။ သူသည် စာကြည့်ခန်း သို့ နောက်တစ်ကြိမ် သွားပြီး နံရံပေါ်တွင် နာမည်တစ်ခု ရေးသားလိုက်သည်။

“ကျန်းလီ”

ဤသည်မှာ သူ၏ နောက်ဆုံးနှင့် တစ်ဦးတည်းသော ရန်သူ ဖြစ်သည်။ လောကတွင် ရန်ငြိုးမရှိသော်လည်း သူ၏ မူလရည်မှန်းချက်ကို ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ပေ။

ရွှမ်ဝူနယ်စားစံအိမ်တော်တွင် ခေတ္တ နေထိုင်ပြီးနောက် ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် ထွက်ခွာလာခဲ့သည်။ တောင်ဘက်ထျန်းနန်ပြည်နယ်သို့ ဆက်လက် ပျံသန်းသွားသည်။ ကောင်းကင်ယံတွင် ဧရာမ စွမ်းအင်အမိုးခုံးမြို့တော်ကြီးကို အဝေးမှ လှမ်းမြင်နေရသည်။

စွမ်းအင်အမိုးခုံးမြို့တော်အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျွန်များသည် ပုရွက်ဆိတ်လုပ်သားများကဲ့သို့ ဝီရိယရှိစွာ အလုပ်လုပ်နေကြ၏။ သူတို့သည် ဧရာမ ရေခဲတုံးကြီးများ၊ ကျောက်တုံးကြီးများနှင့် သစ်တုံးများကို စွမ်းအင် အကာအရံအတွင်းသို့ ဆွဲယူနေကြ၏။

တောင်ဘက်ကောင်းကင်မြို့တော်တွင် လူဦးရေ သုံးသန်းနီးပါးရှိပြီး ကျွန် ၁.၅ သန်း ရှိသည်။ သူတို့အားလုံး သည် စွမ်းအင်အကာအရံအစွန်းရှိ မြေအောက်လှိုဏ်ဂူများတွင် နေထိုင်ကြသည်။ အိမ်တွင် နေထိုင်ခွင့် မရှိရုံမက မြေပြင်ပေါ်တွင် နေထိုင်ခွင့်ပင် မရှိပေ။ ထို့အပြင် အင်ပါယာကျန်းလီက ကျွန် မရှိကြောင်း၊ သူတို့သည် အပြစ်ဆေးကြောသူများသာ ဖြစ်ကြောင်း ကြေညာထားသည်။

တောင်ဘက်ထျန်းနန်ပြည်နယ်၏ မြို့စားမင်းသည် အမည်ခံအားဖြင့် ရှမ့်လန်၏ တူ ... ရှမ့်ချန် ဖြစ်သည်။ တောင်ဘက်ထျန်းနန်မြို့တော်၏ စွမ်းအင်အကာအရံအတွင်းတွင် တပ်တော်အမျိုးမျိုး ရှိနေသည်။ လေးသိန်းကျော် ရှိသည်။ ကောင်းကင်ခံတပ်၊ နဂါးအရှိန်အဝါ၊ အိမ်မက်ဆိုးကျောက်တုံး စက်သေနတ်နှင့် စွမ်းအင်အမိုးခုံး ကာကွယ်ရေးစနစ်တစ်ခုလုံး ပါဝင်၏။

ပုံမှန်အားဖြင့် ဧရာမ နဂါးကြီး မပါ,ပါက တောင်ဘက်ထျန်းနန်မြို့တော်ကို တိုက်ခိုက်ရန် စစ်သည် တစ်သန်းခန့် လိုအပ်မည်။ ဤသည်မှာ အင်ပါယာကျန်းလီ၏ ပြည်နယ် ၂၀၀ အနက် တစ်ခုသာ ရှိသေးသည်။

သို့သော်ငြား ယခုအချိန်တွင် နဂါးတစ်ကောင်နှင့် ရှမ့်လန်သည် တောင်ဘက်ကောင်းကင်မြို့တော်၏ အမိုးခုံးဆီသို့ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ကျွန်များသည် ကောင်းကင်မှ ဧရာမ နဂါးကြီးနှင့် ရှမ့်လန်ကို မြင်တွေ့လိုက်ကြသည်။ ထို့နောက် သူတို့ ရပ်တန့်သွားပြီး ကောင်းကင်ကို ငေးမော ကြည့်နေကြသည်။

ယခုအချိန်တွင် ဧရာမ နဂါးကြီးသည် မီးတောက်များ ဖုံးလွှမ်းမနေပေ။ သာမန်ပျံသန်းသားရဲတစ်ကောင်ကဲ့သို့ မီတာဒါဇင်အနည်းငယ်သာ ရှည်လျား၏။

အပိုင်း (၁၃၇၂)

“ဝေါင်း…”

ဧရာမ နဂါးကြီး အော်ဟစ်လိုက်ပြီး တောင်ဘက်ထျန်းနန်ပြည်နယ်၏ အမိုးခုံးအတွင်းသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။ ဤစွမ်းအင်အကာအရံသည် ငရဲသလင်းကျောက် ဖြစ်သည်။ အမိုးခုံးအတွင်းဘက်သည် ကျန်းလီ၏ နယ်မြေ ဖြစ်သည်။ မိုင်ထောင်ချီ ဝေးကွာနေသော်လည်း ကျန်းလီ တိုက်ရိုက် ထိန်းချုပ်နိုင်သည်။

ဆိုလိုသည်မှာ ရှမ့်လန်သည် နဂါးကို စီးလျက် ကျန်းလီ၏ ငရဲသလင်းကျောက်နယ်မြေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခြင်း ဖြစ်သည်။ သူသည် တောင်ဘက်ထျန်းနန်ပြည်နယ်၏ မြို့စားမင်းရုံးတော်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

အင်ပါယာကျန်းလီ၏ တောင်ဘက်ထျန်းနန်ပြည်နယ် မြို့စားမင်းရှမ့်ချန်၊ အရာရှိရာပေါင်းများစွာနှင့် စစ်သည် သောင်းပေါင်းများစွာတို့သည် ရှမ့်လန်ကို မြင်ချိန်မှာတော့ အနည်းငယ် ကြောင်အသွားကြပြီး မယုံကြည် နိုင်သော မျက်နှာထားများ ဖြစ်ပေါ်လာ၏။

ထို့နောက် ရှိသမျှ လူအားလုံး သေသပ်စွာ ဒူးထောက် လိုက်ကြသည်။ “ကျုပ် အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

မြို့စားမင်းရှမ့်ချန်သည် ချက်ချင်း ပြေးထွက်လာပြီး အစွမ်းကုန် ဦးတိုက်လိုက်၏။ “တူတော်မောင်... အဲ …. မဟုတ်ပါဘူး။ ကျုပ် အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် တောင်ဘက် ထျန်းနန်မြို့တော်ကို ကြွရောက်လာတာ ဂုဏ်ယူပါတယ်။ အရှင် ရောက်လာတာကို ကျုပ် ထွက်မကြိုမိတဲ့ အတွက်သေဒဏ်ပေးပါ။”

ထိုအချိန်တွင် မြို့စားမင်းရုံးတော်မှ လူများသာမက ကောင်းကင်ကင်းလှည့်စစ်သည်တော်များနှင့် ရေနက်တပ်ဖွဲ့မှ စစ်သည်များအားလုံးလည်း ရှမ့်လန်နှင့် ဧရာမ နဂါးကြီးကို မြင်တွေ့လိုက်ကြသည်။ ထို့နောက် မရေမတွက်နိုင်သော လူအုပ်ကြီးသည် ဒီရေအလား တိုးဝှေ့လာကြပြီး နှိုင်းယှဉ်၍ မရနိုင်သော စိတ်အားထက်သန်မှုဖြင့် မြေကြီးပေါ် ဒူးထောက်ကာ ဦးတိုက် အော်ဟစ်ကြ၏။ “အရှင်... သက်တော်ရာကျော် ရှည်ပါစေ။”

... ... ...

ရှမ့်လန်သည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။ သူ မြောက်ပိုင်းကို အောင်နိုင်ချင်သည်။ အရှေ့ပိုင်းအင်ပါယာကို ပြန်သိမ်းချင်သည်။ ရှီလွန်အင်ပါယာကို ပြန်သိမ်းချင်သည်။ လောကကြီးတစ်ခုလုံးကို ပြန်သိမ်းချင်သည်။ သို့သော်ငြား မည်သည့်အရာကို ပြန်သိမ်းရမည်နည်း။

အင်ပါယာကျန်းလီသည် မြောက်ဝင်ရိုးစွန်းတွင်သာ အခြေချနေထိုင်ပြီး အပြင်သို့ ထွက်ပေါ်လာခြင်းမရှိသလို၊ မိမိကိုယ်ကိုယ်လည်း အင်ပါယာဘုရင်အဖြစ် ကြေညာခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လောကကြီးတစ်ခုလုံး၏ အင်ပါယာဘုရင်မှာ သူ ရှမ့်လန်သာ ဖြစ်နေဆဲဖြစ်သည်။

ရှမ့်လန်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာတည်းက လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းမရှိသကဲ့သို့၊ အင်ပါယာမှတ်တမ်းများအရလည်း တောင်ဘက်အရပ်သို့ တစ်ကြိမ်တစ်ခါမျှ ကြွချီခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ယခုခရီးစဉ်သည် တောင်ဘက်ထျန်းနန်ပြည်နယ်ရှိ လူထုအတွက် ရှမ့်လန်ကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရခြင်းဖြစ်၏။

ရှေးဟောင်းလူသားများကမူ သူတို့ရှေ့တွင် ရောက်ရှိနေသော ရှမ့်လန်သည် အင်ပါယာကျန်းလီ၏ အကြီးမားဆုံးသော ရန်သူ၊ သို့မဟုတ် တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။

သို့သော်လည်း သာမန်ပြည်သူအများစု၊ မြို့စားမင်းရုံးတော်မှ အရာရှိများ၊ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များ နှင့် တောင်ဘက်ထျန်းနန်မြို့တော်ရှိ မရေမတွက်နိုင်သော လူအပေါင်းအတွက်မူ ရှမ့်လန်ကို မြင်တွေ့လိုက် ရချိန်တွင် အင်ပါယာ ရောက်ရှိလာပြီ ဟူသော ခံစားချက်တစ်ခုသာ ပြင်းပြင်းထန်ထန် ရှိနေခဲ့ကြ၏။

အကြောင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း သူတို့၏ စိတ်နှလုံးတွင် အင်ပါယာ၏ အမြင့်ဆုံးသော အရှင်သခင်မှာ ရှမ့်လန်သာဖြစ်ပြီး၊ ယခုအခါတွင်မူ ထိုဘုရင်သည် တောင်ဘက်ထျန်းနန်ပြည်နယ်သို့ ပထမဆုံး အကြိမ် ဆင်းသက်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

အစပိုင်းတွင် လူသောင်းဂဏန်းခန့်သာ အော်ဟစ်ကြိုဆိုကြသော်လည်း မကြာမီမှာပဲ ထိုအသံများသည် လူသိန်းဂဏန်း၊ သန်းဂဏန်းအထိ ကျယ်လောင်လာခဲ့သည်။ စစ်သည်အားလုံး မြေပြင်ပေါ်သို့ ဆင်းသက်ကာ ဦးတိုက်ကြသကဲ့သို့၊ အရပ်သားများသာမက အပြင်ဘက်ဆုံးရှိ ကျွန်များပါ လုပ်လက်စအလုပ်များကို ရပ်နား၍ မြေကြီးပေါ်တွင် ဒူးထောက်ဝင်ခစားကြသည်။

အစပိုင်း၌ အော်ဟစ်သံများသည် ဟန်ပြသက်သက်သာဖြစ်ပြီး သွေးဆူမှု သိပ်မရှိသော်လည်း၊ တဖြည်းဖြည်း နှင့် လူတိုင်း၏သွေးများ ပူနွေးလာသလို ခံစားကြရသည်။ ထိုဆူညံပွက်လောရိုက်နေသော အော်ဟစ်သံများကြားတွင် လူတိုင်း၏မျက်လုံးများ၌ ရူးသွပ်မှု၊ ရိုသေမှုနှင့် ကိုးကွယ်ယုံကြည်မှုတို့ အထင်အရှား ပြည့်နှက်လာခဲ့၏။

စစ်သည်တော်များသာမက မရေမတွက်နိုင်သော ကျွန်များပါ ထိုခံစားချက်တွင် စီးမျောနေကြသည်။ အမှန်စင်စစ် အင်ပါယာက သူတို့ကို အပြစ်ဆေးကြောသူများအဖြစ် သတ်မှတ်ကာ တိရစ္ဆာန်ကဲ့သို့ ခိုင်းစေခဲ့ သောကြောင့် ကျွန်များသည် ရှမ့်လန်ကို မုန်းတီးသင့်သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ မူလက သေလူကဲ့သို့ အသက်မဲ့နေခဲ့သော ကျွန်များ၏ မျက်လုံးများထဲတွင်ပင် ယခုအခါ နွေးထွေးမှုနှင့် စိတ်အား ထက်သန်မှုများ အစားထိုးကာ ပြည့်နှက်လာသည်။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

လူသန်းပေါင်းများစွာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ တောင်ဘက် ထျန်းနန်မြို့ရှိ ခေါင်းလောင်း အားလုံးသည် လူမထိုးဘဲနှင့် အလိုအလျောက် မြည်ဟည်းလာကြ၏။

ဤအခိုက်အတန့်တွင် ရှမ့်လန်သည် ကျန်းလီအင်ပါယာအပေါ် ထားရှိသော သာမန်ပြည်သူများနှင့် ကျွန်များ၏ သဘောထားကို ခံစားမိလိုက်သည်။ ဤကျွန်များသည် ဝက်နှင့်ခွေးထက် ဆိုးရွားစွာ ဆက်ဆံခံနေရသော်လည်း သူတို့သည် ကျန်းလီကို အတိုင်းအတာတစ်ခုအထိ နားလည်ပေးနေကြပုံရသည်။

သူ၏ တာဝန်သိစိတ်ကို လက်ခံထားပုံ ရသည်။ လောကကြီးကို ကယ်တင်ခြင်းဟူသော ခေါင်းစဉ် အောက်တွင် ရှိရှိသမျှ ဖိနှိပ်မှုများ၊ မတရားသော အမိန့်အာဏာအားလုံးသည် လောကကြီးကို ကယ်တင်ရန်အတွက်သာ ဖြစ်သည်ဟူ၍ လက်ခံထားကြ၏။

သေချာပေသည်။ နောက်ဆုံးတွင် ကျန်းလီက လူသန်းပေါင်းရာချီ၏ အသက်ကို စတေးပစ်မည်ဆိုသည်ကို မည်သူမှ မသိကြပေ။ သူ ကယ်တင်ချင်သော သူများမှာ ရှေးဟောင်းလူသားသစ် သိန်းဂဏန်းမျှသာ ဖြစ်သည်။ ကျန်လူအားလုံးသည် စွမ်းအင်အရင်းအမြစ်နှင့် အစတေးခံများသာ ဖြစ်ကြသည်။

လူအများစု၏ နှလုံးသားထဲတွင် အင်ပါယာသည် မည်မျှပင် မှောင်မိုက်နေပါစေ၊ အခြား ရွေးချယ်စရာ မရှိသောကြောင့်ဟုသာ ထင်မှတ်နေကြသည်။ သူတို့၏နှလုံးသားထဲတွင် ဤအင်ပါယာမှာ ရှမ့်လန်သာ ဖြစ်သည်။ အရှင်သည် သူတို့ကို ဤသို့ဆက်ဆံနေရခြင်းမှာ အခြေအနေက ဖိအားပေးနေခြင်းကြောင့်ဟု တွေးထင်နေကြ၏။

ထိုအခိုက်အတန့်တွင် ရှမ့်လန်၏ စိတ်ခံစားမှုသည် အလွန် ရှုပ်ထွေးသွားရသည်။ မြောက်ပိုင်းစစ်ဆင်ရေးကို သူ ဘယ်လို ဆက်လုပ်ရမည်နည်း။ အင်ပါယာတစ်ခုလုံးကို မည်သို့ ပြန်သိမ်းရမည်နည်း။ လူတိုင်းက သူ့ကို သစ္စာရှိနေလျှင် မြောက်ပိုင်းစစ်ဆင်ရေးဆိုသည်မှာ မည်သို့ ဖြစ်လာနိုင်မည်နည်း။

သူ သွားလေရာ နေရာတိုင်းတွင် လူတိုင်းက ဒူးထောက်ပြီး “အရှင် သက်တော်ရာကျော် ရှည်ပါစေ” ဟု အော်ဟစ်နေကြသည်။ လူတိုင်း၏ နှလုံးသားထဲတွင် ရှမ့်လန်သည် အင်ပါယာ ဖြစ်နေသည်။ အင်ပါယာ တစ်ခုလုံးသည် သူ့ပိုင်ဆိုင်မှု ဖြစ်နေသည်။ ဘာကို ပြန်သိမ်းရမည်နည်း။

သေချာပေသည်။ ရှေးဟောင်းလူသားသစ်အားလုံးကတော့ ရှမ့်လန်ကို ရန်သူအဖြစ် ရှုမြင်ကြသည်။ သူတို့သည် လောကကြီး၏ အထက်တန်းလွှာလူတန်းစားအဖြစ် ဟန်ဆောင်ပြီး ကျန်းလီကို ကူညီကာ လောကကြီးကို အုပ်စိုး ကျွန်ပြုနေကြခြင်း ဖြစ်သည်။

သို့သော်ငြား ယခု သူတို့က ပြန်မတိုက်ဘဲ အလိုက်သင့် နေပေးနေကြ၏။ အင်ပါယာအတွင်းမှာ စစ်ပွဲ မရှိ၊ လောကကြီးမှာ စစ်ပွဲ မရှိပေ။ စစ်ပွဲတစ်ခုတည်းသာ ရှိ၏။ ထိုအရာက မြောက်ဝင်ရိုးစွန်းတိုက်ပွဲပင် ဖြစ်၏။

... ... ...

ရှမ့်လန်သည် လူသန်းပေါင်းများစွာကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ မြို့စားမင်းရုံးတော် အတွင်းသို့ ဝင်ရောက်သွားကာ ရှမ့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။

မြို့စားမင်း၏ စာကြည့်ခန်းအတွင်း၌ ရှမ့်လန်နှင့် ရှမ့်ချန် နှစ်ယောက်တည်းသာ ရှိနေ၏။

ရှမ့်လန်က အေးစက်စွာ ပြောလိုက်သည်။ “အခု ကျုပ်တို့ နှစ်ယောက်တည်း ရှိတာဆိုတော့ ခင်ဗျားရဲ့ မူလ မျက်နှာကို ပြန်ပြောင်းလိုက်တော့။”

တောင်ဘက်ထျန်းနန်မြို့ မြို့စားမင်းရှမ့်ချန်၏ မျက်နှာ စတင်ပြောင်းလဲလာသည်။ သူ၏ ခန္ဓာကိုယ်ပုံစံလည်း ပြောင်းလဲသွားပြီး ရှေးဟောင်းလူသားသစ်တစ်ဦး၏ မူလရုပ်သွင် ပေါ်လာသည်။ သူသည် တကယ်ပဲ ရှမ့်ချန် မဟုတ်ပေ။

ရှမ့်လန်က မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျား နာမည် ဘယ်သူလဲ ကျုပ် မမေးတော့ဘူး။ ကျုပ် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ရှမ့်ချန်အစစ် ဘယ်ရောက်သွားပြီလဲ။”

ရှမ့်ချန်အတုက ပြန်ဖြေ၏။ “ကျုပ် မသိပါဘူး။ ကျုပ် တကယ် မသိပါဘူး။”

ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ “ကျုပ်တစ်ယောက်တည်း နဂါးစီးပြီး တောင်ဘက် ထျန်းနန်မြို့ထဲ ဝင်လာတာ။ ခင်ဗျားမှာ စစ်သည်သိန်းချီ ရှိတယ်။ တောင်ဘက်ထျန်းနန်မြို့တစ်ခုလုံးရဲ့ လက်နက်စနစ်ကိုလည်း ခင်ဗျား ထိန်းချုပ်ထားတာပဲ။ ဘာလို့ ကျုပ်ကို မတိုက်ခိုက်တာလဲ။”

“ကျုပ် မဝံ့ရဲပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ မျက်လုံးထဲမှာ ခင်ဗျားက အင်ပါယာ ဖြစ်နေလို့ပါ။ ပြီးတော့ အရေးကြီးဆုံး အကြောင်းပြချက်က ခင်ဗျားနဲ့ ပတ်သက်ပြီး အထက်က ဘာအမိန့်မှမရထားလို့ ကျုပ်တို့ ဘာမှ မလုပ်ဆောင်နိုင်တာပါ။”

“နားလည်ပြီ။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ရှေ့မှ ရှမ့်ချန်အတုကို စိုက်ကြည့်လိုက်၏။ “တောင်ဘက် ထျန်းနန်မြို့တစ်ခုလုံးမှာ ရှေးဟောင်းလူသားသစ် ဘယ်နှယောက် ရှိလဲ။”

“ဆယ့်ကိုးယောက်ပါ။”

လူဦးရေ သုံးသန်းနီးပါး ရှိသော ဧရာမမြို့တော်ကြီးကို ရှေးဟောင်းလူသားသစ် ၁၉ ယောက်တည်းက အုပ်စိုးထားပြီး ငြိမ်းချမ်းစွာ တည်ရှိနေသည်ဆိုသည်မှာ ယုံရခက်လှသည်။

ရှမ့်လန် သူ့ရှေ့မှ ရှမ့်ချန်အတုကို ကြည့်လိုက်သည်။ ထိုသူ့ကို သတ်သင့်သလား။ ဤရှေးဟောင်းလူသားသစ် ၁၉ ယောက်ကို သတ်ပစ်သင့်လား။ ခဏအကြာတွင် ရှမ့်လန်သည် ထိုအကြံကို စွန့်လွှတ်လိုက်သည်။ သူသည် ထိုသူတို့ကို သတ်ဖြတ်ပစ်နိုင်၏။

ထို့အပြင် အင်ပါယာအမိန့်ပြန်တမ်းထုတ်ပြီး ထိုသူတို့ကို ကွပ်မျက်ကာ မြို့တော်တစ်ခုလုံးကို သိမ်းပိုက်ခိုင်းနိုင်သည်။ စစ်သည်သိန်းပေါင်းများစွာနှင့် ပြည်သူသန်းပေါင်းများစွာသည် ခုခံမည် မဟုတ်သည့် အပြင် သဘာဝကျသည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။

သို့သော်ငြား လိုအပ်ပါသလား။

တောင်ဘက်ထျန်းနန်မြို့ကို သိမ်းပိုက်မည်ဆိုပါက ရှမ့်လန်အနေဖြင့် လိုအပ်သော ပြင်ဆင်မှုအားလုံး ပြုလုပ်ထားရမည်။ ကျန်းလီအင်ပါယာ၏ ငရဲသလင်းကျောက်စနစ်ကို ချက်ချင်း အစားထိုးနိုင်မည့် စွမ်းအင် စနစ်တစ်ခုလုံး အသင့် ရှိနေရမည်။ ထိုမှသာ ဧရာမမြို့တော်ကြီးကို ချောမွေ့စွာ ဆက်လက် အသက်ရှင်အောင် ဖန်တီးထားနိုင်မည်။

အမှားအယွင်း အနည်းငယ် ရှိသည်နှင့် လူသောင်းချီ၊ သိန်းချီ သေဆုံးသွားနိုင်သည်။ သူနှင့် ကျန်းလီကြား တိုက်ပွဲသည် အာဏာလုပွဲ မဟုတ်၊ နယ်မြေလုပွဲ မဟုတ်။ ဤလောကကြီးတွင် မည်သူ့စကားက အတည်ဖြစ်မည်၊ မည်သူ့လမ်းစဉ်ကို ရွေးချယ်မည်ဆိုသည့် တိုက်ပွဲသာ ဖြစ်သည်။

ထိုစဉ်က ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့၏ အဆုံးအဖြတ်တိုက်ပွဲတွင်လည်း ကြီးမားသော စစ်ပွဲများ မဖြစ်ပွားခဲ့ပေ။ တော်ဝင်ရန်အင်ပါယာဘုရင်နှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အနိုင်ရ သူသည် လောကအရှင်သခင် ဖြစ်မည်။ မင်းသားကျိ အပါအဝင် လူတိုင်းက ထိုရလဒ်ကို လက်ခံရမည်။ ယခု ရှမ့်လန်နှင့် ကျန်းလီကြားတွင်လည်း ထိုနည်းတူစွာပင်။

‘ရှမ့်ချန်အတုကို မသတ်ဘူးဆိုရင် ကျွန်တစ်သန်းကျော်ကို မဖိနှိပ်ဖို့ သတိပေးလိုက်ရမလား။ သူတို့ကို လုံးဝ လွတ်လပ်ခွင့် ပေးလိုက်ရမလား။ ဒါလည်း မဖြစ်သေးဘူး။’

မည်မျှ ဆိုးရွားသော အမိန့်ဖြစ်ပါစေ၊ မည်မျှ မှောင်မိုက်သော အမိန့်ဖြစ်ပါစေ၊ အနည်းဆုံးတော့ စနစ်တကျ ရှိနေသေးသည်။ ပြောင်းလဲချင်လျှင် ဖြည်းဖြည်းချင်း စီမံကိန်းချပြီး ပြောင်းလဲရမည်။ ရုတ်တရက် အကြမ်းဖက် ပြောင်းလဲလိုက်လျှင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်၏။

ရှမ့်လန် အေးစက်စွာ ပြောလိုက်သည်။ “ကျုပ် သွားတော့မယ်။ ခင်ဗျား ဘာသာခင်ဗျား ကြည့်လုပ်တော့။”

ရှမ့်ချန်အတုသည် နေရာတွင် မလှုပ်မယှက် ရပ်ကျန်နေခဲ့သည်။ ရှမ့်လန်သည် မြို့စားမင်းရုံးတော်မှ ထွက်ခွာပြီး ဧရာမနဂါးကြီးကို စီးနင်းကာ ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး မြောက်ဘက်သို့ ဦးတည် ထွက်ခွာသွား၏။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

လူသန်းပေါင်းများစွာသည် နောက်တစ်ကြိမ် တညီတညွတ်တည်း အော်ဟစ်ကာ မြေကြီးပေါ် ဒူးထောက်ပြီး ရှမ့်လန်ကို နှုတ်ဆက်လိုက်ကြသည်။

ရှမ့်လန်ကို မမြင်ရတော့သည့် အချိန်ကျမှ ရှမ့်ချန်အတုသည် မြေကြီးပေါ်မှ ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်နေသကဲ့သို့ ခံစားရ၏။

အရှင်က စကားတစ်ခွန်းမှ မပြောခဲ့၊ အားပေးစကား မပြောခဲ့၊ နှစ်သိမ့်စကား မပြောခဲ့သော်လည်း မရေမတွက်နိုင်သော လူများကမူ အလွန် စိတ်လှုပ်ရှား နေကြသည်။

‘အရှင် ပျောက်ကွယ်နေတာ ဆယ်စုနှစ်တွေ ကြာခဲ့ပြီ။ အခုတော့ နောက်ဆုံးမှာ ပြန်ပေါ်လာခဲ့ပြီ။’

... ... ...

ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် မြောက်ဘက်သို့ ဆက်လက် ပျံသန်းသွားသည်။ ငရဲသလင်းကျောက် စွမ်းအင်လမ်းကြောင်းတစ်လျှောက် ပျံသန်းသွားခြင်း ဖြစ်သည်။ ကီလိုမီတာ နှစ်ထောင်ကျော် ပျံသန်းပြီးနောက် ဧရာမ စွမ်းအင်အမိုးခုံးမြို့တော်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ဤနေရာသည် ယခင်က ရွှဲ့ပြည်နယ်၏ မြို့တော် ဖြစ်ခဲ့ဖူးသော ထျန်းရွှဲ့မြို့တော် ဖြစ်၏။

ထျန်းရွှဲ့မြို့တော်သည် တောင်ဘက်ထျန်းနန်မြို့ထက် အဆင့်မြင့်သည်။ ရွှဲ့နယ်မြေတစ်ခုလုံး၏ မြို့တော် ဖြစ်ပြီး အမြင့်ဆုံးအုပ်ချုပ်သူမှာ ရှမ့်လန်နှင့် မင်းသမီးနင်ယန်တို့၏ သားဦး ရှမ့်လီ ဖြစ်သည်။ ယခုအချိန်တွင် ထျန်းရွှဲ့မြို့တော်သည် တောင်ဘက်ထျန်းနန်မြို့ထက် ပိုမို ကြီးမားပြီး လူဦးရေ လေးသန်းကျော် ရှိနိုင်သည်။ မြို့တော်၏အချင်းသည် ကီလိုမီတာ ၈၀ ကျော် ရှိနိုင်သည်။

ရှမ့်လန် မြို့တော်အတွင်းသို့ ဝင်ရောက်လာချိန်မှာတော့ ပိုမို တုန်လှုပ်ဖွယ်ရာ ကြိုဆိုမှုကို ရရှိခဲ့သည်။ သူ မပေါ်လာမီကတည်းက လူသန်းပေါင်းများစွာသည် မြေကြီးပေါ်တွင် မလှုပ်မယှက် ဒူးထောက်လျက် သူ၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ သူ၏ပုံရိပ် ကောင်းကင်တွင် ပေါ်လာချိန်မှာတော့ လူသန်းပေါင်းများစွာသည် စည်းစနစ်တကျ ဒူးထောက်လိုက်ကြ၏။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ဤအင်ပါယာရှိ လူအများစုသည် ဆင်းရဲဒုက္ခ ရောက်နေကြသော်လည်း အများစုသည် အရှင်အပေါ် သစ္စာစောင့်သိပြီး ရူးသွပ်စွာ ကိုးကွယ်ကြသည်။ ပုန်ကန်သူအချို့ ရှိကောင်း ရှိနိုင်သော်လည်း ထိုပုန်ကန်သူများသည် မိုကျင်းစစ်သည်များ၏ လှုံ့ဆော်မှုကြောင့် ဖြစ်သည်။

အမှန်တရားကို သိသူများကသာ ပုန်ကန်ချင်ကြသည်။ သူတို့က အမှောင်အင်ပါယာဘုရင် ကျန်းလီသည် ရှမ့်လန် မဟုတ်ကြောင်း၊ ကျန်းလီသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုကြောင်း သိကြသည်။ ထို့ကြောင့် ပုန်ကန်ကြခြင်း ဖြစ်၏။

သို့သော်ငြား လူအများစုက အမှန်တရားကို မသိကြချေ။ အင်ပါယာရဲ့ အရှင်သခင်က ရှမ့်လန်ဟုသာ ထင်နေကြ၏။ ကျန်းလီရှိနေမှန်း မသိသလို ရှေးဟောင်းလူသားသစ်တွေ ရှိမှန်းလည်း မသိကြပေ။ အရှင်ရှမ့်လန် လုပ်သမျှ အရာအားလုံးက လောကကြီးအတွက်ဟုသာ ထင်နေကြခြင်းပင်။

... ... ...

All Chapters