အခန်း (၁၃၇၅-၁၃၇၆)
Vol. 78 Ch. 1375-1376
အပိုင်း (၁၃၇၅)
သူတို့နှစ်ဦး တောင်ထိပ်ဘက်သို့ ဦးတည် လျှောက်သွားကြသည်။ လေ့ကျိုးကျွန်းရှိ တောင်သည် သိပ်မမြင့်လှပေ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀ ခန့်သာ ရှိသည်။ သို့သော်ငြား နုရှောင့်မြို့ တစ်ခုလုံးကို စီးမိုးကြည့်ရှုရန် လုံလောက်၏။
တောင်ထိပ်တွင် ဇရပ်တစ်ဆောင် ရှိသည်။ နင်ယွမ်ရှန်းသည် ကလေးများကို ဤနေရာသို့ ခေါ်လာပြီး ပုံဆွဲခြင်း၊ စစ်တုရင် ကစားခြင်းများ ပြုလုပ်လေ့ ရှိသည်။
အဘိုးအိုသည် မြို့တော်တစ်ခုလုံးကို အသေးစိတ် မလွတ်တမ်း စီးမိုးကြည့်ရှုပြီး ချီးကျူးလိုက်၏။ “မင်းရဲ့ မြို့တော်က အရမ်း လှပတယ်။ ငါ့ မြို့တော်ထက် ပိုလှတယ်။ ပိုပြီး အိမ်မက်ဆန်တယ်။ ပိုပြီး နွေးထွေးတယ်။”
ရှမ့်လန်က တုန့်ပြန်လိုက်သည်။ “ဒါပေမဲ့ မြို့တော်တစ်ခုလုံးရဲ့ ပုံစံက ခင်ဗျားရဲ့ စွမ်းအင် အမိုးခုံးမြို့တော်နဲ့ တစ်ပုံစံတည်းပဲ။ တကယ်တော့ လုံးဝ ပုံတူကူးထားတာပါ။”
သူတို့ရှေ့မှ အဘိုးအိုသည် သေချာပေါက် ကျန်းလီ ပင် ဖြစ်သည်။ ထို့အပြင် သူက မိမိကိုယ်ကို “ပထမအဘိုး” ဟု မိတ်ဆက်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ရှေးဟောင်းအကျဉ်းထောင် အစီအစဉ်အတိုင်း ဖြစ်ပေမည်။ ပထမအခန်းထဲမှ ကျန်းရှဲ့သည် အတုဖြစ်သော်လည်း အစားထိုးတစ်ခု ဖြစ်၏။
ကျန်းလီ၏ အကြည့်သည် ပိရမစ်ထိပ်ရှိ ကောင်းကင်မျှော် ရုပ်တုပေါ်သို့ ရောက်သွားသည်။ ယခုအချိန်တွင် ကောင်းကင်မျှော် ရုပ်တုသည် နောက်တစ်ကြိမ် ပြန်လည် နိုးထလာပြီ ဖြစ်သည်။ ကျန်းလီ နုရှောင့်မြို့ထဲသို့ ဝင်ရောက်လာသည့် အချိန်ကတည်းက သူ၏ မျက်လုံးများသည် ကျန်းလီကို တစ်စက္ကန့်မှ အလွတ်မပေးဘဲ စိုက်ကြည့်နေခဲ့သည်။
ကျန်းလီက ပြောလိုက်၏။ “ကောင်းကင်မျှော်ရုပ်တုဆိုတာ ငါတို့ ရှေးဟောင်းအင်ပါယာက ကိုးကွယ်တဲ့ ဘိုးဘေးကြီးတွေထဲက တစ်ပါးပဲ။ သူ့အဆင့်က ဒုတိယနေရာမှာ ရှိတယ်။”
“ဒါဆို ပထမနေရာမှာ ရှိတဲ့ ဘိုးဘေးက ဘယ်သူလဲ။”
“ဝမ်ထျန်း - ကောင်းကင်မေးမြန်းသူ”
ဤနာမည်အားလုံးက ထူးခြားဆန်းပြားနေသလိုပင်။
ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားက မြောက်ဝင်ရိုးစွန်းကနေ တစ်စက္ကန့်တောင် ထွက်ခွာလို့ မရဘူး မဟုတ်လား။”
ကျန်းလီက ပြန်ဖြေ၏။ “ကိုယ်ပွားတစ်ခု ဖန်တီးပြီး လာတာမို့အဆင်ပြေပါတယ်။”
သူ ခါးကို ကုန်းပြီး ပန်းပွင့်လေးတစ်ပွင့်ကို ခူးလိုက်သည်။ သူ၏အကြည့်သည် ကောင်းကင်မျှော်ရုပ်တုဆီသို့ နောက်တစ်ကြိမ် ရောက်သွားပြန်သည်။
“ရှမ့်လန်... ဒါက သက်ရှိအားလုံး တောင့်တတဲ့ အရာပဲ မဟုတ်လား။”
ကျန်းလီက ဆက်ပြော၏။ “ဒါကြောင့် အနုပညာဆိုတာ မွေးဖွားလာတာ၊ ဘယ်လို အနုပညာမျိုးမဆို ခံစားတတ်သူရှိမှ အဆင်ပြေတယ်။ အဆင်ပြေတဲ့ ခံစားတတ်မှုပေါ့။”
ကျန်းလီ ပြောသည်မှာ မှန်သည်။ အနုပညာဖန်တီးသူများက ဆာလောင်နေနိုင်သော်လည်း အနုပညာကို ခံစားပြီး တန်ဖိုးပေးမည့်သူများကတော့ သေချာပေါက် ဗိုက်ဝနေသူများ ဖြစ်လိမ့်မည်။
ကျန်းလီက ဆက်ပြောသည်။ “မင်းမြို့တော်ရဲ့ အဓိက တည်ဆောက်ပုံက ငါ့မြို့တော်နဲ့ တစ်ထပ်တည်းပါပဲ။ ဒါပေမဲ့ အနုပညာနဲ့ ထုပ်ပိုးလိုက်တဲ့အခါမှာတော့ အရမ်း နွေးထွေးပြီး လှပသွားတယ်။ ငါ့မြို့တော်ကျတော့ အေးစက်တယ်၊ ရက်စက်တယ်။ ဒီအလှတရားကြောင့်ပဲ လူတိုင်းက မင်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်မယ်။ အမှောင်ဘုရင်မ၊ နဂါးမယ်တော်၊ ရှေးဟောင်း ဉာဏ်ပညာရှင်ဘုရင်၊ ဘုရင်မမီဒူဆာ၊ ကောင်းကင်မျှော်နဲ့ ဆရာကြီး ခေးအော့စ် အပါအဝင်ပေါ့။”
ကျန်းလီသည် ဇရပ်သို့ ပြန်သွားပြီး ထိုင်လိုက်၏။
“အဲဒီတုန်းက ငါ ဘုရင်မ မီဒူဆာကို လှည့်စားခဲ့တယ်။ ငါအတွက် အရာအားလုံး စွန့်လွှတ်အောင် လုပ်ခဲ့တယ်။ သူသာ မရှိရင် ငါ အဆင့်မြင့် နဂါးဉာဏ် အလင်းပွင့်ခြင်းကို ရရှိနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ သူ့ကို အလှတရားနဲ့ပဲ အောင်မြင်စွာ လှည့်စားခဲ့တာ၊ ဒါကြောင့် အတိုင်းအတာတစ်ခုထိ ပြောရရင် အနုပညာက လူတွေကို ထုံထိုင်းသွားစေနိုင်တယ်။”
ကျန်းလီက ရှမ့်လန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ “ရှမ့်လန်... လူတိုင်းက မင်းဘက်မှာ ရှိနေကြတယ်။ မင်းရဲ့ လမ်းစဉ်က မှန်ကန်လို့လား၊ ဒါမှမဟုတ် ပိုပြီး လှပလို့လား။”
“ကျုပ်ရဲ့ လမ်းစဉ်က ပိုပြီး လှပလို့ပါ။”
“အင်း... သေချာတာပေါ့။”
ကျန်းလီက ခေါင်းညိတ်လိုက်သည်။ “မင်း ပထမဆုံး ကတိကို တည်ခဲ့ပါပြီ၊ တခြား စွမ်းအင်စနစ်တစ်ခုကို တကယ် ဖော်ထုတ်နိုင်ခဲ့တယ်။ လောကရဲ့ သက်စောင့်စွမ်းအားကို မဝါးမျိုဘဲနဲ့ လူသန်းပေါင်း ရာချီကို ရှင်သန်စေနိုင်ကြောင်း သက်သေပြခဲ့တယ်။
လောကကြီးတစ်ခုလုံးရဲ့ စွမ်းအင်စနစ်ကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါက အရမ်း အထင်ကြီးစရာ ကောင်းပါတယ်။ အနည်းဆုံးတော့ စွမ်းအင် ထောက်ပံ့မှုအပိုင်းမှာ မင်းရဲ့ မြို့တော်က ငါ့ရဲ့မြို့တော်ထက် ပိုပြီး ခေတ်မီတယ်။ ရေရှည်တည်တံ့တယ်။”
ဤအချက်ကို ကျန်းလီ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ “မင်းရဲ့ သီအိုရီကို အားကိုးပြီး ဒီလောကရဲ့ နေထိုင်မှု ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ သီအိုရီက နေမင်းကို အနိုင်ယူနိုင်မလား။”
ရှမ့်လန် ခေါင်းခါလိုက်သည်။ “မဖြစ်နိုင်ပါဘူး။”
တကယ် မဖြစ်နိုင်ချေ။ နျူကလီးယား ပေါင်းစပ်ခြင်းတောင်မှ နေမင်းကို အတုယူ လေ့လာထားခြင်း ဖြစ်သည်။
ကျန်းလီက အေးစက်စွာ ပြောလိုက်၏။ “ငါ့ရဲ့ သီအိုရီအရတော့ ဖြစ်နိုင်တယ်။”
ဤသတင်းအချက်အလက်က ရှမ့်လန်ကို အကြီးအကျယ် တုန်လှုပ်စေသည်။ ဤစကားက ဘာကို သက်သေပြ နေသနည်း။ ကျန်းလီသည် သူ၏ ငရဲသလင်းကျောက်ကို အဆင့်မြှင့်တင်နေပြီ ဆိုသည်ကို သက်သေပြနေခြင်း ဖြစ်သည်။
လက်ရှိ ငရဲသလင်းကျောက်ကို နျူကလီးယား ပြိုကွဲခြင်း စွမ်းအင်ဖြင့် အရည်ပျော်အောင် လုပ်၍ ရနိုင်သော်လည်း ဖျက်ဆီး၍ မရချေ။ ကျန်းလီသာ ငရဲသလင်းကျောက် အဆင့်မြှင့်တင်မှု အောင်မြင်သွားပါက နေမင်း၏ စွမ်းအင်ကိုပါ ဝါးမျိုနိုင်ပြီဟူသော သဘော မဟုတ်ပါလား။
ကျန်းလီက ဆက်ပြောသည်။ “ငါတို့ နှစ်ယောက်စလုံး အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ထားကြတယ်။ ဒါပေမဲ့ ငါတို့ရဲ့ အဆုံးစွန် ပန်းတိုင်က အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်းပဲ။ အဆင့်မြင့်အကြောင်း ပြောရရင် ငါတို့ရဲ့ ဦးတည်ချက်က အတူတူလောက်ပါပဲ။ မင်း နားလည်ထားတဲ့ စွမ်းအင်က ငရဲသလင်းကျောက်လို့ နာမည်မတပ်ထားပေမဲ့ အဲဒါနဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ နောက်ဆုံး မှာတော့ နဂါးဉာဏ်အလင်းပွင့်ခြင်းရဲ့ ဦးတည်ချက်က လုံးဝ ကွဲပြားသွားလိမ့်မယ်။”
ကျန်းလီ၏ အသံက ပိုမို လေးနက်လာ၏။ “မင်းရဲ့ သီအိုရီက လူသားယဉ်ကျေးမှုကို နည်းနည်းလေး ရှေ့ဆက်တိုး စေနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ သီအိုရီက လူသားယဉ်ကျေးမှုကို ထာဝရ ရှင်သန်စေနိုင်တယ်။ မင်းရဲ့ သီအိုရီက သဟဇာတဖြစ်မှုကိုအခြေခံထားပြီး ငါ့ရဲ့ သီအိုရီက ရှင်သန်ရပ်တည်ရေးကို အခြေခံထားတယ်။”
ရှမ့်လန်က တုန့်ပြန်လိုက်သည်။ “ခင်ဗျားရဲ့သီအိုရီအရ ခင်ဗျားရဲ့ ယဉ်ကျေးမှု ရှင်သန်ရင်တောင် အရာအားလုံး ကို ဝါးမျိုပစ်လိမ့်မယ်။ အခု လောကရဲ့ သက်စောင့်စွမ်းအားကို ဝါးမျိုနေတယ်။ နောက်ကျရင် ဂလက်ဆီ တစ်ခုလုံးကို ဝါးမျိုလိမ့်မယ်။ နောက်ဆုံးမှာ ခင်ဗျားကလွဲရင် ကျန်တာအကုန် ဝါးမျိုခံရလိမ့်မယ်။ အဲဒါ ဘာအဓိပ္ပာယ် ရှိလို့လဲ။”
“ဘာလို့ အဓိပ္ပာယ် မရှိရမှာလဲ။” ကျန်းလီက တန်ပြန်မေးခွန်းထုတ်၏။
ဤစကားက ရှမ့်လန်ကို အတွေးနက်သွားစေသည်။ အနည်းဆုံးတော့ လက်ရှိ သီအိုရီအရ ကမ္ဘာက နေကို ပတ်နေသည်။ နေအဖွဲ့အစည်းက ဂလက်ဆီကို ပတ်နေသည်။ ထိုသို့ဆိုလျှင် ဂလက်ဆီက ဘာကို ပတ်နေသနည်း။ တွင်းနက်ပင်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော တွင်းနက်ကြီး။ သို့သော်ငြား တွင်းနက်သည် အရာအားလုံးကို ဝါးမျိုပစ်သည် မဟုတ်လား။
ကျန်းလီက ပြောသည်။ “အလှတရားအားလုံးက ယာယီပါပဲ။ ရက်စက်မှုကသာ ထာဝရ ရှင်သန်ရပ်တည်ရေး ဒဿန ဖြစ်တယ်။ ဒါကို မင်း လက်မခံရင် ခရီးဝေးဝေး သွားနိုင်မှာ မဟုတ်ဘူး။”
“အရှင်ကျန်းလီ... ကျုပ် ပြောဖူးပါတယ်။ ကျုပ် မျက်လုံးတွေက ကျုပ် မြင်ချင်တာကိုပဲ မြင်တယ်။ ဝေးကွာတဲ့ အရာတွေအတွက်တော့ သက်ရှိတွေရဲ့ ဉာဏ်ပညာက အဲဒီအဆင့် မရောက်သေးဘူးလို့ ကျုပ် ထင်တယ်။ ခင်ဗျား မကြုံဖူးသေးတဲ့ အရာတွေ အကြောင်း လျှောက်မပြောပါနဲ့။”
“မင်း ကြုံဖူးပြီးသားပါ။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းတုန်းက ကြုံခဲ့ပြီးသား၊ ဒါပေမဲ့ မင်းက အဲဒါကို မေ့ပစ်ဖို့ ရွေးချယ်ပြီး မူလခန္ဓာကိုယ်ထဲ ပြန်ဝင်ခဲ့တယ်။”
ဤအရာက အမှန်ပင်။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ပြီးနောက် ရှမ့်လန်သည် ကျန်းလီလိုပင် အေးစက်ပြီး ပြီးပြည့်စုံသူ ဖြစ်လာခဲ့ဖူးသည်။ သို့သော်ငြား ဘုရင်မမီဒူဆာက သူ့ခန္ဓာကိုယ်ကို ကျောက်ဖြစ်စေခဲ့ပြီး ရှမ့်လန်၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်လာခဲ့သည်။ ခံစားချက်နှင့် နွေးထွေးမှုများကို ပြန်လည် ရရှိခဲ့သည်။
“ကောင်းပြီလေ။ ခင်ဗျားကို လက်လျှော့ခိုင်းဖို့ ကျုပ် ဆန္ဒမရှိပါဘူး။” ကျန်းလီက ဆက်ပြောသည်။ “ဆက်ပြီး ကြိုးစားပါ။ ဆက်ပြီး ရုန်းကန်ပါ။ ခင်ဗျားရဲ့ ပါရမီရှင် ဉာဏ်ပညာကို အသုံးပြုပါ။ ခင်ဗျား အဆင်သင့် ဖြစ်ပြီလို့ ခံစားရတဲ့ အချိန်ကျရင် မြောက်ဝင်ရိုးစွန်းကို လာပြီး ကျုပ်နဲ့ တိုက်ခိုက်ပါ။”
ကျန်းလီ၏အကြည့်က စစ်တုရင်ခုံပေါ် ရောက်သွားသည်။ သူ၏ လက်ချောင်းများက စစ်တုရင်ခုံပေါ်က အကွက်များကို ဖွဖွလေး ပွတ်သပ်နေသည်။
“ဒါပေမဲ့ အနည်းဆုံးတော့ အခုအချိန်မှာ မင်းက အရမ်း အားနည်းနေသေးတယ်။ မင်းမှာ နဂါးနှစ်ကောင် ရှိရင်တောင်၊ နျူကလီးယား ပြိုကွဲခြင်း စွမ်းအင်ကို ပိုင်ဆိုင်ထားရင်တောင် အရမ်း အားနည်းနေသေးတယ်။
ငါ ရိုးရိုးသားသား ပြောရရင် မင်းထိန်းချုပ်ထားတဲ့ စွမ်းအင်က ငါ ပိုင်ဆိုင်ထားတာရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိဘူး။ ပြီးတော့ ငါတို့ရဲ့ စွမ်းအင်အဆင့်က အတူတူပဲ။ ဒါကြောင့် လက်ရှိ အခြေအနေအရ မင်း မြောက်ဝင်ရိုးစွန်းကို လာပြီး ငါနဲ့ တိုက်ခိုက်ရင် တစ်စက္ကန့်တောင် မခံဘဲ ရှုံးလိမ့်မယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားက အန္တိမနဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ချင်သလို ကျုပ်လည်း အတူတူပဲ။ ဒါပေမဲ့ ကျုပ်တို့လမ်းကြောင်းက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အရေးကြီးဆုံ က ကျုပ်တို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီအန္တိမပန်းတိုင်ကို ရောက်နိုင်မယ်။ ကျုပ်တို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ ဒါ ကံကြမ္မာပဲ။”
‘ဒါ ကံကြမ္မာပဲ။’ ဤစကားကို ပြောလိုက်သည့်အချိန်၌ ကျန်းလီ၏အသံက လေးနက်သွား၏။
“ဒါကြောင့် ရှမ့်လန်... ဒီကံကြမ္မာအတွက် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပါ။ ပြီးရင် မြောက်ဝင်ရိုးစွန်း ကို လာပြီး ငါနဲ့ တိုက်ခိုက်ပါ။ ပေါ်လာတာနဲ့ ငါ့လက်ချက်နဲ့ အသတ်ခံလိုက်ရမျိုး မဖြစ်စေနဲ့၊ အဲဒီလိုဖြစ်ရင် ငါ့ဘဝရဲ့ အကြီးမားဆုံး ဝမ်းနည်းစရာ ဖြစ်လာလိမ့်မယ်။ ဆရာကြီး ခေးအော့စ် အတွက်လည်း အကြီးမားဆုံး ဝမ်းနည်းစရာ ဖြစ်လိမ့်မယ်။”
ကျန်းလီက ဆက်ပြောသည်။ “ဒါကြောင့် စွမ်းအားတွေ ပိုပြီး ရယူပါ။ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ သန်မာအောင် လုပ်ပါ။ ပြီးမှ ငါ့ကို လာရှာပါ။”
“ကျုပ် လုပ်ပါ့မယ်။”
“ကောင်းပြီလေ။ အဆင်သင့် ဖြစ်တဲ့အခါ ပြောပါ။ ငါ မြောက်ဝင်ရိုးစွန်းမှာ စောင့်နေပါ့မယ်။”
“ကောင်းပြီ။”
“မင်း သေချာပေါက် ပြင်ဆင်ထားရမယ်။ တတ်နိုင်သမျှ သန်မာအောင် လုပ်ရမယ်။ တိုးတက်ဖို့ လမ်းမရှိတော့ဘူးလို့ ခံစားရတဲ့အချိန်ကျမှ ငါ့ကို လာရှာပါ။ ဆရာကြီးခေးအော့စ်ကို စိတ်မပျက်စေနဲ့။ နဂါးမယ်တော်၊ ရှေးဟောင်းဉာဏ်ပညာရှင်ဘုရင်နဲ့ ဘုရင်မမီဒူဆာတို့ရဲ့ ပေးဆပ်မှုကို အချည်းနှီး မဖြစ်စေနဲ့။”
“စိတ်ချပါ။”
“ဒါဆို ငါ သွားတော့မယ်။ နှုတ်ဆက်ပါတယ်။” စကားဆုံးသည်နှင့် ကျန်းလီ၏ ပုံရိပ်မှာ မီးခိုးငွေ့တစ်စက်မျှပင် မကျန်ရစ်စေဘဲ ချက်ချင်း ပျောက်ကွယ်သွားသည်။
... ... ...
ကျန်းလီ ထွက်ခွာသွားပြီးနောက် ရှမ့်လန် တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ ယနေ့ကစပြီး စစ်ပွဲတွေ၊ ပဋိပက္ခတွေ ရှိတော့မည် မဟုတ်ပေ။ ကျန်းလီ အပါအဝင် ကျန်းလီ အင်ပါယာတစ်ခုလုံးက ရှမ့်လန် အင်ပါယာ၏ မည်သည့်မြို့ကိုမှ တိုက်ခိုက်တော့မည် မဟုတ်ပေ။ အက်ကွဲကြောင်းပြည်နယ်နှင့် မိုကျင်းလည်း လုံခြုံသွားပြီ ဖြစ်သည်။ နုရှောင့်မြို့လည်း ယဉ်ကျေးမှု အလင်းရောင်များဖြင့် တောက်ပနိုင်ပြီး မကြုံစဖူး ကြီးမားသည့် အင်ပါယာ မြို့တော်ကြီးကို တည်ဆောက်နိုင်တော့မည်။
ကျန်ရှိသည့်အချိန်များတွင် ရှမ့်လန် လုပ်ရမည့် အလုပ်တစ်ခုတည်း ရှိသည်။ ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ပြီး ကျန်းလီကို အနိုင်ယူမည့် နည်းလမ်းအား ရှာဖွေရန်ပင်။ ဤပြိုင်ဘက်ကင်း တိုက်ပွဲ၌ အချည်းနှီး မဖြစ်စေရန်၊ မရေမတွက်နိုင်သောလူများ၏ ပေးဆပ်မှုကို အချည်းနှီး မဖြစ်စေရန်နှင့် ကျန်းလီ၏ မျှော်လင့်ချက်ကိုလည်း အချည်းနှီး မဖြစ်စေရန် သူ ကြိုးစားရမည်။
ကျန်းလီက ဘာကို မျှော်လင့်နေသနည်း။ အလွန် ရှုပ်ထွေးလှသည်။ စကားလုံးဖြင့် ဖော်ပြ၍ပင် မရနိုင်ချေ။ သူနှင့် ရှမ့်လန်ကြားတွင် တစ်ယောက်သာ အသက်ရှင်နိုင်သည်။ ထို့ကြောင့် ကျန်းလီက ရှမ့်လန်ကို အနိုင်ယူပြီး ဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။ သို့သော်ငြား သူ့စိတ်ထဲတွင် အခြား အတွေးတစ်ခု ရှိကောင်း ရှိနိုင်သည်။
သူက ပြီးပြည့်စုံသည့်အထိ အေးစက်သည်။ ရန်သူများအပေါ်တွင်သာမက၊ သူ့ကိုယ်သူ အပါအဝင် လူတိုင်းအပေါ် အေးစက်သည်။ သူ့ဘဝတစ်လျှောက်လုံး ရှင်သန်ရပ်တည်ရေးနှင့် စွမ်းအား၏ အဓိပ္ပာယ် အစစ်အမှန်ကို ရှာဖွေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူက ရှုံးနိမ့်မှုကိုလည်း ရှာဖွေနေသည်။
ရှမ့်လန်၏ လက်ရှိစွမ်းအားက သူ့၏တစ်သောင်းပုံ တစ်ပုံ၊ တစ်သိန်းပုံ တစ်ပုံတောင် မရှိဟု ကျန်းလီ ပြောခဲ့သည်။ ကျန်းလီက လောကစွမ်းအား၏ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားသော်လည်း ရှမ့်လန်၏ စွမ်းအင်က သူနှင့် အဆင့်တူ၏။
ထိုသို့ဆိုလျှင် ကျန်းလီကို လုံးဝ အနိုင်ယူပြီး ဖျက်ဆီးပစ်နိုင်မည့် ရှမ့်လန်၏ဝှက်ဖဲက မည်သည့်အရာနည်း။ ဤအရာက ဉာဏ်ပညာ အများကြီး လိုအပ်သည်။ ဟိုက်ဒရိုဂျင်ဗုံး - ဤအရာက သေချာပေါက် ဝှက်ဖဲတစ်ခု ဖြစ်လာလိမ့်မည်။ ငရဲသလင်းကျောက်ကို ဖြေရှင်းမည့် ဝှက်ဖဲပင်။ ပေါက်ကွဲအား လုံလောက်လျှင် မြောက်ဝင်ရိုးစွန်းရှိ ကျန်းလီ၏ ငရဲသလင်းကျောက် အများစုကို အရည်ပျော်စေနိုင်သည်။
ရှမ့်လန်သည် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို သုံးပြီး ဟိုက်ဒရိုဂျင် ပမာဏ အမြောက်အမြားကို ထုတ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူ ဆန္ဒရှိလျှင် ဆိုဗီယက်နှင့် အမေရိကန် ပေါင်းထားသည်ထက် အဆပေါင်း များစွာ ပိုများသော ဟိုက်ဒရိုဂျင်ဗုံးများကို ဖန်တီးနိုင်၏။
ကမ္ဘာပေါ်ရှိဟိုက်ဒရိုဂျင်အားလုံးကို သုံးပြီး ဟိုက်ဒရိုဂျင်ဗုံး လုပ်ပါက လောကကြီးတစ်ခုလုံးကို ဖောက်ခွဲပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်ကြောင်း ရှမ့်လန် တွက်ချက်ထားသည်။ ဤမျှ များပြားသည့် ဟိုက်ဒရိုဂျင်ဗုံးများနှင့် မြောက်ဝင်ရိုးစွန်းက ကျန်းလီ၏ ငရဲသလင်းကျောက်များကို မဖျက်ဆီးနိုင်ဘူးလား။
... ...
ရှမ့်လန် ဥယျာဉ်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ ယောင်ယောင်နှင့် မင်းသမီး ရှမ့်မီ ပုံဆွဲနေကြတုန်းပင်။ ယောင်ယောင်သည် လောကတွင် အထူးချွန်ဆုံး အနုပညာရှင် ဖြစ်သည်။ သို့သော်ငြား သူမ၏ စိတ်ထား လှပနေသည့် အချိန်တွင်သာ ဖြစ်၏။
အက်ကွဲကြောင်းပြည်နယ်၌ ရှိစဉ်က သူတစ်ယောက်တည်း အက်ကွဲကြောင်း တစ်ခုလုံး၏ စွမ်းအင်စနစ်ကို ထောက်ပံ့ခဲ့သည်။ ရှေးဟောင်းလူသားသစ်များ၏ ပုန်ကန်မှုကို ချေမှုန်းခဲ့သလို မီးနတ်ဘုရားဂိုဏ်း တစ်ခုလုံး၏ ပုန်ကန်မှုကိုလည်း နှိမ်နင်းခဲ့သည်။
ထိုအချိန်က ယောင်ယောင်သည်သေချာပေါက် အရမ်း အေးစက်ခဲ့ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က သူမသည် အမှောင်ပိရမစ်၏စွမ်းအားကို ထိန်းချုပ်ပြီး ရှေးဟောင်းလူသား သူလျှို ၃၀၀ ကို ဖျက်ဆီးခဲ့ရုံမက မီးနတ်ဘုရားဂိုဏ်း သူပုန်သောင်းချီကိုလည်း သတ်ဖြတ်ခဲ့သောကြောင့်ပင်။
သို့သော်ငြား ဤကဲ့သို့ အေးစက်သော ယောင်ယောင်ကို ရှမ့်လန် တစ်ခါမှ မမြင်ဖူးပေ။ အကြောင်းမှာ ရှမ့်လန် ဘေးတွင် ရှိနေလျှင် ယောင်ယောင်သည် အမြဲတမ်း လှပနေသောကြောင့် ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ ”ယောင်ယောင်... တချို့က ပြောကြတယ်။ အနုပညာရဲ့ အလှတရားက ယာယီပဲတဲ့၊ ရှင်သန်ရပ်တည်ရေးအတွက် ရက်စက်မှုကသာ ထာဝရတဲ့။ သမီး ဘယ်လို ထင်လဲ။”
ယောင်ယောင် ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြ၏။
“ဒါဆို လောကကြီးက ရွေးချယ်မှု တစ်ခု လုပ်ရတော့မယ်။ လမ်းကြောင်းတစ်ခု ရွေးရတော့မယ်ဆိုရင် ရက်စက်တဲ့ ရှင်သန်ရပ်တည်ရေး လမ်းကြောင်းက နိုင်မလား။ လှပပြီး သဟဇာတဖြစ်တဲ့ လမ်းကြောင်းက နိုင်မလား။”
ယောင်ယောင် လက်ညှိုးကို အရှေ့ဘက်သို့ ထိုးပြပြီး ရက်စက်သော ရှင်သန်ရပ်တည်ရေး လမ်းကြောင်းက နိုင်မည်ဟု ညွှန်ပြသည်။ သူမ၏စကားများက အလွန် ယုံကြည်လောက်စရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် သူမဆီ၌ အနုပညာ၏ အလှတရားရော၊ ရှင်သန်ရပ်တည်ရေး၏ အေးစက်မှုပါ ရှိနေသောကြောင့် ဖြစ်သည်။
“ဒါဆို အလှတရားနဲ့ ရှင်သန်ရပ်တည်ရေးကြားမှာ သမီး ဘယ်ဟာကို ရွေးမလဲ။”
ယောင်ယောင်က ဖခင်ဖြစ်သူကို နွေးထွေးစွာ ကြည့်ပြီး အလှတရားကိုရွေးမည်ဟု ခိုင်မာစွာ ပြောလိုက်၏။
“ဒါဆို ဖေဖေနဲ့ ကျန်းလီကြားမှာ ဘယ်သူ နိုင်မယ်ထင်လဲ။”
“ဖေဖေ...” ယောင်ယောင် ပါးစပ်ဟလိုက်သည်။ သူမ စကားပြောခဲလှသည်။ ပါးစပ်မှ ထွက်လာသော စကားလုံးများမှာ ဖေဖေ၊ မေမေ၊ သို့မဟုတ် ဘိုးဘိုး ဆိုသည်လောက်သာ။ အားလုံးက ရင်းနှီးသော ခေါ်ဝေါ်မှုများချည်း ဖြစ်သည်။
အပိုင်း (၁၃၇၆)
ယောင်ယောင်က ဖေဖေ နိုင်မည်ဟု ပြောသည်။ သေချာပေသည်။ ဤအရာက သူမ၏ နှလုံးသားထဲမှ လှပသော မျှော်လင့်ချက်လေးပင်။
သို့သော်ငြား ရှမ့်လန်က ကျန်းလီကို မည်သို့ အနိုင်ယူပြီး ဖယ်ရှားပစ်မည် ဆိုသည်ကို ယောင်ယောင်လည်း မသိပေ။ ကျန်းလီကို မြင်ပြီးမှ ယောင်ယောင် ဤစကားကို ပြောခြင်း ဖြစ်သည်။
သို့ပေမည့် အနည်းဆုံး လက်ရှိအချိန်တွင်တော့ ရှမ့်လန်၏ စွမ်းအားက ကျန်းလီ၏ တစ်သောင်းပုံ တစ်ပုံမျှပင် မရှိ။ ကျန်းလီက လောကစွမ်းအားတစ်ဝက်ကို ဝါးမျိုလိမ့်မည်။ သို့သော်ငြား ရှမ့်လန်က ဝါးမျိုမည် မဟုတ်ပေ။
... ...
ရှမ့်လန် လေ့ကျိုးကျွန်း၌ တရားကျင့်နေသည်။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လောကထဲတွင် လှည့်လည် သွားလာနေခြင်း ဖြစ်သည်။ ထိုအချိန်မှာပဲ လူတစ်ယောက် အလျင်စလို ဝင်လာသည်။ မင်းသမီး ကျိရွှမ်ပင်။
“အရှင်... အက်ကွဲကြောင်းပြည်နယ်ကို ကြွပါအုံး။ ပညာရှင်တွိုင်းနဲ့ ဂရက်ဂိုရီတို့က ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး ကို ဖန်တီးပြီးပါပြီ။ အရှင် ကိုယ်တိုင် ဖောက်ခွဲပေးဖို့ စောင့်နေကြပါတယ်။”
ရှမ့်လန် ကြောင်အသွားသည်။ ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။ ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးမှု မြန်ဆန်မည် ဆိုသည်ကို သူ သိသည်။ သူ့၏ လောကပျက် စီမံကိန်းတုန်းက နျူကလီးယားဗုံး အောင်မြင်ဖို့ နှစ် ၃၀ ကျော် ကြာခဲ့သည်။ သို့သော်ငြား ဟိုက်ဒရိုဂျင်ဗုံး အတွက်မူ တစ်နှစ်တောင် ကြာချင်မှ ကြာပေမည်။
ယခုတော့ နှစ်ဝက်ကျော်ကာလလေးသာ ရှိသေးသည်။ ပညာရှင်တွိုင်းနှင့် ဂရက်ဂိုရီတို့၏ အဖွဲ့က အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဖြစ်သည်။
‘ပါရမီရှင်တွေ... တကယ့် ပါရမီရှင်တွေပါပဲ။’
နုရှောင့်မြို့မှ မထွက်ခွာခင် ရှမ့်လန်သည် ယောင်ယောင်နှင့် ရှမ့်မီဆီ သွားခဲ့၏။ “ဖေဖေ အက်ကွဲကြောင်း ပြည်နယ်ကို ပြန်မလို့၊ လိုက်မလား။”
ယောင်ယောင် ခဏ စဉ်းစားပြီး ခေါင်းခါလိုက်သည်။ ဖေဖေ ဘာကြောင့် ပြန်သွားသည်ကို သူ ခန့်မှန်းမိသည်။ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခြင်းက နေမင်း၏ စွမ်းအင်နှင့် အနီးစပ်ဆုံး ဖြစ်သည်။ ဤအရာက ဖျက်ဆီးခြင်း တစ်မျိုး ဖြစ်သလို အနုပညာ တစ်မျိုးလည်း ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲသည်ကို မြင်ရလျှင် အနုပညာ စိတ်ကူးစိတ်သန်းများ အများအပြား ပေါ်လာနိုင်သည်။
သို့သော်ငြား ယောင်ယောင် မလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖေဖေ ရှိနေသည့် အချိန်တွင် သူက လှပသည့်အရာများကိုသာ လက်ခံချင်သောကြောင့် ဖြစ်သည်။ ဖျက်ဆီးခြင်းများကို လက်မခံချင်ပေ။
ရှမ့်မီက မူလက ဖေဖေနှင့် လိုက်သွားချင်သော်လည်း အစ်မဖြ်သူ မလိုက်သောကြောင့် သူမလည်း မလိုက်ချင်တော့ပေ။ သူမက ငယ်ငယ်တည်းက အစ်မနှင့် အမြဲတွဲနေပြီး ခွဲ၍မရသူ ဖြစ်၏။
ရှမ့်လန် ကလေးမလေး နှစ်ယောက်၏ ခေါင်းကို ပွတ်သပ်ပေးပြီး လေ့ကျိုးကျွန်းမှ ထွက်ခွာလာခဲ့သည်။ ဧရာမ နဂါးကြီးကို စီးကာ အက်ကွဲကြောင်းပြည်နယ်ဆီသို့ ပျံသန်းသွားသည်။
... ...
ဧရာမနဂါးကြီး၏ ပျံသန်းနှုန်းက အလွန် မြန်သည်။ အသံထက် အဆပေါင်းများစွာ မြန်ဆန်သည်။ နာရီ အနည်းငယ် အတွင်းမှာပဲ ရှမ့်လန် အက်ကွဲကြောင်းပြည်နယ် အထက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာ၏။
“ဖေဖေ...” ဂရက်ဂိုရီက ရှက်နေတုန်းပင်။ ရှမ့်လန်ကို ခေါ်ပြီးသည်နှင့် ခေါင်းငုံ့သွားသည်။ မည်သူ့မျက်လုံးကိုမှ ကြည့်ရဲသည့် သတ္တိမရှိသလိုပင်။ သို့သော်ငြား ဤလူကပင် ဟိုက်ဒရိုဂျင်ဗုံးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ရှမ့်လန်၏ အကြည့်က ဂရက်ဂိုရီ၏ ရှပ်အင်္ကျီပေါ် ရောက်သွားသည်။ ကော်လာအလယ်တွင် တော်ဝင် တံဆိပ်လေးတစ်ခု ပါရှိ၏။
“ရှပ်အင်္ကျီက လှသားပဲ။” ရှမ့်လန် ချီးကျူးလိုက်သည်။
ပညာရှင်တွိုင်း၏ အဝတ်အစားကတော့ အရင်လိုပင် ဖရိုဖရဲ ဖြစ်နေဆဲပင်။ ရှမ့်မီက သူ့အတွက် ပညာရှင် ဝတ်စုံတစ်စုံ ပုံစံဆွဲပြီး ကိုယ်တိုင် ချုပ်ပေးခဲ့သေးသည်။ သို့သော်ငြား ပညာရှင်တွိုင်းက ဝတ်ဖို့ နှမြောနေပုံ ရသည်။ အမြဲတမ်း သူ၏ ဓာတ်ခွဲခန်းဝတ်စုံကိုသာ ဝတ်ဆင်၏။
ပညာရှင်တွိုင်းက ပြောလိုက်သည်။ “အရှင်... မူလစိတ်ကူးအရဆိုရင် ဟိုက်ဒရိုဂျင်ဗုံးကို နျူကလီးယားဗုံးနဲ့ ဖောက်ခွဲရမှာပါ။ အဲဒီလိုလုပ်ရင် ပေါက်ကွဲတဲ့အခါ နျူကလီးယား ညစ်ညမ်းမှုတွေ အများကြီး ထွက်လာလိမ့်မယ်။”
သူက ဆက်ရှင်းပြ၏။ “ဒါကြောင့် ပထမဆုံး စမ်းသပ် ဟိုက်ဒရိုဂျင်ဗုံးအတွက် ကျုပ်တို့က နဂါးနောင်တကို သုံးပြီး ဖောက်ခွဲမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့အပူချိန်ကလည်း နျူကလီးယား ပေါင်းစပ်ခြင်းဖြစ်ဖို့ လုံလောက်လို့ပါ။ ဒါပေမဲ့ မြောက်ဝင်ရိုးစွန်းမှာသုံးမဲ့ ဟိုက်ဒရိုဂျင်ဗုံးအစစ်အတွက် ဆိုရင်တော့ နျူကလီးယားဗုံးနဲ့ ဖောက်ခွဲဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရောင်ခြည်သင့်ခြင်းက ငရဲသလင်းကျောက် ကို အကြီးအကျယ် ဖျက်ဆီးနိုင်လို့ပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ်တို့ရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲအားက ဘယ်လောက် ရှိလဲ။”
“တန်ချိန် သန်း ၅၀ ပါ။ နဂါးနောင်တ အလုံး ၁,၀၀၀ နဲ့ ညီမျှပါတယ်။”
“သောက်ကျိုးနည်း...” ရှမ့်လန် ခေါင်းနပန်း ကြီးသွား၏။
‘ဒီ မဟာပညာရှင် တွိုင်းက အရူးပဲ။’
ပထမဆုံး စမ်းသပ်မှုမှာတင် ဟိုက်ဒရိုဂျင်ဗုံးက တန်ချိန် သန်း ၅၀ ရှိနေ၏။ တုန်လှုပ်စရာ ကောင်းလှသည်။ ဆိုဗီယက် ပြည်ထောင်စု ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးစဉ်ကတောင် နောက်ပိုင်းအဆင့်တွေကျမှ ဤပမာဏကို သုံးခဲ့ခြင်း ဖြစ်သည်။
“အရှင်... ကိုယ်တိုင် ဖောက်ခွဲပေးပါ။”
ဧရာမ ကောင်းကင်ခံတပ်ကြီးသည် မိုင်ပေါင်း နှစ်ရာကျော် ခရီးနှင်လာခဲ့ပြီးနောက် မီတာသောင်းချီ မြင့်မားသော ဝေဟင်ထက်သို့ ဆက်လက် မြင့်တက်သွား၏။
“သုံး... နှစ်... တစ်... ဟိုက်ဒရိုဂျင်ဗုံးကို ချလိုက်တော့။”
“ဝူး...”
ရုတ်ချည်းပဲ ဧရာမ အရာဝတ္ထုကြီး တစ်ခုသည် ကောင်းကင်ခံတပ်ကြီးပေါ်မှ ပြုတ်ကျလာပြီး မီတာသောင်းချီ အမြင့်မှ သက်ဆင်းလာခဲ့၏။ ဤဟိုက်ဒရိုဂျင်ဗုံးသည် အနည်းဆုံး တန်ချိန် ဒါဇင်နှင့်ချီ၍ လေးလံသည်။ အကယ်၍ ဧရာမ ကောင်းကင်ခံတပ်ကြီးသာ မဟုတ်ခဲ့ပါက ဤမျှ လေးလံသော အရာဝတ္ထုကို သယ်ဆောင်နိုင်မည် မဟုတ်ပေ။
ဧရာမ ဟိုက်ဒရိုဂျင်ဗုံးကြီးသည် အောက်သို့ တရိပ်ရိပ် ကျဆင်းသွားသည်။ မကြာမီတွင် ဧရာမ လေထီးကြီးတစ်ခု ပွင့်လာခဲ့ပြီး ပြုတ်ကျသည့်အရှိန်ကို လျှော့ချပေးလိုက်၏။ ဗုံးကြီးသည် ပင်လယ်ရေ မျက်နှာပြင်သို့ ဖြည်းညင်းစွာ ကျဆင်းသွားခဲ့သည်။
ရှမ့်လန်သည် အသက်ကို ဝဝရှူသွင်းလိုက်၏။ ထို့နောက် အိပ်မက်ဆိုးကျောက်တုံး၏ ခလုတ်ကို ဖိချလိုက်သည်။ တစ်ခဏအတွင်းမှာပဲ ဟိုက်ဒရိုဂျင်ဗုံး အတွင်းရှိ နဂါးနောင်တ ပေါက်ကွဲသွားခဲ့ပြီး ဒီဂရီ သန်းရာချီ ပူပြင်းသည့်အပူချိန်ကို ထုတ်လွှတ်လိုက်၏။ ထိုအပူချိန်သည် အတွင်းဘက်ရှိ လေးလံသော ဟိုက်ဒရိုဂျင်များကို တိုက်ရိုက် ပေါက်ကွဲစေခဲ့သည်။ လောကကို တုန်လှုပ်စေသည့် နျူကလီးယား ပေါင်းစည်းမှုကြီး ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
တော်ဝင်ချန် အင်ပါယာ၏ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံး၊ တန်ချိန် သန်းငါးဆယ် အားရှိသည့် ကောင်းကင်အာဏာစက် လက်နက်ကြီး အောင်မြင်စွာ ပေါက်ကွဲသွားခဲ့လေပြီ။
... ...
ဤ တန်ချိန် သန်းငါးဆယ် အားရှိသည့် ဟိုက်ဒရိုဂျင်ဗုံး၏ အဖျက်စွမ်းအားကို ဖော်ပြရန် စကားလုံးများ ဖြုန်းတီးနေစရာ မလိုတော့ပေ။ အတိုချုပ်ဆိုရလျှင် ၎င်းသည် အထူးနဂါးနောင်တ အလုံးတစ်ထောင်နှင့် ညီမျှသည်။ ထိုအရာသည် လောကကို ဖျက်ဆီးပစ်နိုင်၏။
ဆိုဗီယက် ပြည်ထောင်စုက အထူး ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုများကို နောက်ပိုင်းတွင် ရပ်တန့်ပစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့အနေဖြင့် သင့်တော်သည့် စမ်းသပ်ကွင်းကို ရှာမတွေ့နိုင်ခဲ့ သောကြောင့် ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံးဆိုသည်မှာ နေမင်းကို အဆုံးစွန် အတုယူ ဖန်တီးထားခြင်း ဖြစ်သည်။
မိုင်ပေါင်း နှစ်ရာကျော် ကွာဝေးနေသော်လည်း မဟာပညာရှင်တွိုင်း၊ ဂရက်ဂိုရီနှင့် အခြားသူများမှာ ထိုမြင်ကွင်းကြောင့် အလွန်တရာ တုန်လှုပ်ချောက်ချား သွားခဲ့ကြရ၏။ အထူးသဖြင့် ဂရက်ဂိုရီပင်။ အမြဲတစေ တည်ငြိမ်နေတတ်သော သူ၏မျက်ဝန်းများသည် ယခုအခါ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ ဤအရာကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင် ဖြစ်ကြောင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေ၏။
အချိန်အတန်ကြာပြီးနောက် မဟာပညာရှင် တွိုင်းက မေးမြန်းလာခဲ့သည်။ “အရှင်... ဒီအရာက လောကကြီး တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တယ် မဟုတ်လား။”
ရှမ့်လန်က ဖြေ၏။ “ယုတ္တိဗေဒအရတော့ ဟုတ်တယ်။”
မှန်ပေသည်။ ယုတ္တိဗေဒအရသာ ဖြစ်ပေ၏။ အမေရိကန်နှင့် ဆိုဗီယက်တို့၏ နျူကလီးယားဗုံးများသည် လောကကြီးကို အကြိမ်ကြိမ် ဖျက်ဆီးနိုင်သည်ဟု သီအိုရီများစွာ ရှိခဲ့ဖူးသည်။ သို့သော်ငြား လက်တွေ့တွင်မူ နျူကလီးယား ခြိမ်းခြောက်မှုလောက်သာ ရှိသည်။
ဟိုက်ဒရိုဂျင်ဗုံးသည် လုံလောက်အောင် စွမ်းအားပြင်းထန်လှသည်။ သို့သော်ငြား တကယ်တမ်း လကမ္ဘာပေါ်ရှိ ဟီလီယမ် အားလုံးနှင့် နေအဖွဲ့အစည်း အတွင်းရှိ ဂြိုဟ်များပေါ်ရှိ ဟိုက်ဒရိုဂျင် စွမ်းအင်အားလုံးကို စုစည်း၍ ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးလိုက်မည် ဆိုလျှင်ပင် ထွက်ပေါ်လာသည့် ပေါက်ကွဲအားသည် နေမင်းကြီး မိနစ်အနည်းငယ်အတွင်း ထုတ်လွှတ်သော စွမ်းအင်နှင့်သာ ညီမျှပေလိမ့်မည်။
နေမင်း၏ နှာချေမှု တစ်ခုသည်ပင် ကမ္ဘာဂြိုဟ်ကို အကြိမ်တစ်ရာမက ဖျက်ဆီးပစ်ရန် လုံလောက်၏။ နှစ်ပေါင်း ၉၀ ကြာပြီးနောက် သေဆုံးခါနီး နေ ကြုံတွေ့ရမည့် ပြင်းထန်သော အပြောင်းအလဲသည် မကြုံစဖူး ကြီးမားသည့် ပျက်သုဉ်းခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။
သို့သော်ငြား ထိုကိစ္စများမှာ စဉ်းစားရန် လွန်စွာ ဝေးကွာလွန်းလှသေး၏။ ယခုအချိန်တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ ကျန်းလီကို အနိုင်ယူပြီး ချေမှုန်းရန်သာ ဖြစ်၏။
မဟာပညာရှင်တွိုင်းက မေးလိုက်သည်။ “အရှင်... ကျန်းလီကို အနိုင်ယူဖို့ ဒီလို ဟိုက်ဒရိုဂျင်ဗုံးမျိုး ဘယ်နှစ်လုံးလောက် ထုတ်လုပ်ဖို့ လိုမလဲ။”
“ကျန်းလီကို ဟိုက်ဒရိုဂျင်ဗုံး သတ်သတ်နဲ့ အနိုင်ယူမယ် ဟုတ်လား။”
ရှမ့်လန်က ပြန်လည် ပြောဆိုလိုက်၏။ “ရေလို့မရအောင် အရမ်းများလိမ့်မယ်။”
မှန်ပေသည်။ ရေတွက်၍မကုန်နိုင်အောင်ပင်။ ကျန်းလီသည် မြောက်ဝင်ရိုးစွန်းရှိ လောကစွမ်းအင် ထက်ဝက်ကျော်ကို ဝါးမျိုထားခဲ့ပြီ ဖြစ်သည်။ ထိုနေရာရှိ ငရဲသလင်းကျောက်များသည် မည်မျှ စွမ်းအား ကြီးမားလိုက်သနည်း။ တိုင်းတာ၍ မရနိုင်အောင်ပင်။
သို့သော်ငြား တွက်ချက်၍ ရနိုင်သေး၏။ နောက်တစ်ဆင့်တွင် ရှမ့်လန်နှင့် ကျန်းလီတို့ ပြိုင်ဆိုင်ကြရမည် ဖြစ်သည်။ ကျန်းလီက လောက တစ်ခုလုံး၏ သက်စောင့်စွမ်းအားကို ဆက်လက် ဝါးမျိုနေမည် ဖြစ်သကဲ့သို့ ရှမ့်လန်ကလည်း ဟိုက်ဒရိုဂျင်ဗုံးများကို ဆက်လက် ဖန်တီးနေရမည်။
အတိုချုပ် ဆိုရသော် မည်သူ့ စွမ်းအင်က ပိုမို မြန်ဆန်စွာ တိုးတက်လာမည်နည်း ဟူသည့် ပြိုင်ပွဲပင် ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်၏တွက်ချက်မှုအရ ဤကဏ္ဍတွင် သူသည် ကျန်းလီကို ဘယ်တော့မှ မီနိုင်မည် မဟုတ်ကြောင်း သိရှိထားပြီး ဖြစ်၏။
ဥပမာအားဖြင့် တော်ဝင်ချန်နိုင်ငံသည် နေ့စဉ် ဟိုက်ဒရိုဂျင်ဗုံး ဆယ်လုံး ထုတ်လုပ်နိုင်သည် ထားဦး၊ ကျန်းလီ မြောက်ဝင်ရိုးစွန်းမှ စုပ်ယူနေသည့် သက်စောင့်စွမ်းအား ဆယ်ပုံတစ်ပုံကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။ ကွာခြားချက် မှာ ရက်အလိုက် ကြီးထွားလာနေ၏။ ထို့အပြင် တော်ဝင်ချန် အင်ပါယာ အနေဖြင့် တစ်ရက်လျှင် ဟိုက်ဒရိုဂျင်ဗုံး ဆယ်လုံး ထုတ်လုပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ကျန်းလီ၏ လက်ရှိစွမ်းအင်သည် ရှမ့်လန်ထက် အဆပေါင်း ၁၀,၀၀၀ ကျော် များပြားနေပြီ ဖြစ်သည်။ ဤကွာဟချက်သည် မိုးနှင့် မြေပမာ ကွာခြားလွန်းလှပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ ကြီးမား လာပေလိမ့်မည်။
ထို့သို့ဆိုလျှင် ရှမ့်လန်သည် ကျန်းလီကို ဘယ်တော့မှ အနိုင်ယူနိုင်တော့မည် မဟုတ်ဟု ဆိုလိုခြင်းလား။ မဟုတ်ပေ။ ရှမ့်လန်အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး အရေအတွက် အမြောက်အမြား လိုအပ်မည် မဟုတ်ပေ။ အဓိက နေရာများကို တိုက်ခိုက်ရန် အများဆုံး အလုံးတစ်ရာ ဆိုလျှင် လုံလောက်ပေလိမ့်မည်။
သူသည် ထိုဗုံးများကို အသုံးပြုကာ ကျန်းလီအတွက် “စွမ်းအင် လစ်ဟာနယ်မြေ” တစ်ခုကို မြောက်ဝင်ရိုးစွန်း ၌ ဖန်တီးပေးရမည် ဖြစ်သည်။ ထိုမှသာ ကျန်းလီသည် ပတ်ဝန်းကျင်ရှိ ငရဲသလင်းကျောက် စွမ်းအင်များကို စုပ်ယူနိုင်တော့မည် မဟုတ်ပေ။ ဤအချိန်ကာလမှာ အလွန် တိုတောင်းကောင်း တိုတောင်းနိုင်သော်လည်း လုံလောက်မှု ရှိသည်။
ထိုစွမ်းအင် လစ်ဟာနယ်မြေ အတွင်း၌ ကျန်းလီနှင့် ရှမ့်လန်တို့သည် တန်းတူ ဖြစ်သွားကြမည်။ သူတို့သည် တိုက်ခိုက်ရန် မိမိတို့၏ ကိုယ်ပိုင် အင်အားကိုသာ အားပြုကြရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက လောကစွမ်းအင် ထက်ဝက်ကို အသုံးပြုထားသော ကျန်းလီအား ရှမ့်လန် တစ်သက်လုံး တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ကျန်းလီကလည်း ဘယ်တော့မှ သေမည်မဟုတ်ပေ။
“အလုံး တစ်ရာ ထုတ်လုပ်မယ်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
မဟာပညာရှင်တွိုင်းက မေးလိုက်သည်။ “တစ်ရာ... တစ်ရာတည်းနဲ့ လုံလောက်ပါ့မလား။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ “လုံလောက်တယ်။”
... ...
သူတို့တွင် ယူရေနီယမ်နှင့် ဟိုက်ဒရိုဂျင် လုံလောက်စွာ ရှိနေလျှင်ပင် ဟိုက်ဒရိုဂျင်ဗုံး အလုံးတစ်ရာ ထုတ်လုပ်ရန် အချိန်ကြာမြင့်ဦးမည် ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်၌ အချိန်ဖိအား မရှိတော့ပေ။ တော်ဝင်ချန် အင်ပါယာနှင့် ကျန်းအင်ပါယာတို့သည် စစ်ဖြစ်မနေကြတော့ချေ။
ကျန်းလီသည် ရှမ့်လန်ကို အချိန်အလုံအလောက် ပေးထားခဲ့၏။ ရှမ့်လန် သူ့ကိုယ်သူ အင်အား လုံလောက်ပြီဟု ခံစားရသည့်အချိန်တွင် မြောက်ဝင်ရိုးစွန်းသို့ လာရောက် တိုက်ခိုက်နိုင်ကြောင်း ကျန်းလီက ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်အတွင်း၌ ကျန်းလီသည် မြောက်ဝင်ရိုးစွန်း၌ ရှိနေမည်မှာ သေချာသည်။ သူသည် မရေမတွက်နိုင်သော ငရဲအပ်များနှင့် ငရဲသလင်းကျောက်လမ်းကြောင်းများကို အသုံးပြု၍ လောကတစ်ခုလုံး ၏ စွမ်းအင်ကို စုပ်ယူနေပေလိမ့်မည်။
ရှမ့်လန် တိုက်ပွဲကို နှောင့်နှေးစေလေ၊ လောကသည် သေဆုံးခြင်းနှင့် ပိုမို နီးကပ်လာလေ ဖြစ်၏။ ဟိုက်ဒရိုဂျင်ဗုံး အလုံးတစ်ရာတည်းဖြင့် ကျန်းလီကို အနိုင်ယူနိုင်ပါမည်လား။
တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စွမ်းအင် လစ်ဟာနယ်မြေ တစ်ခု ဖန်တီးရန် ဖြစ်ပြီး ထိုသို့ ဖန်တီးနိုင်မှသာ ကျန်းလီသည် သူ့ပတ်ဝန်းကျင်ရှိ ငရဲသလင်းကျောက်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သူ၏ နတ်ဘုရားအစွမ်းများ ပျောက်ဆုံးသွားပြီး ရှမ့်လန်နှင့် တူညီသော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိလာပေလိမ့်မည်။
ထိုသို့ဖြစ်လာလျှင်ပင် ကျန်းလီသည် ရှမ့်လန်ထက်များစွာ သာလွန် အားကောင်းနေဆဲ ဖြစ်၏။ ကျန်းလီကို အနိုင်ယူရန် ရှမ့်လန်သည် သူ၏ကိုယ်ပိုင် အင်အားကိုသာ အားကိုးရပေမည်။ သူ မည်သို့ လုပ်ဆောင်မည်နည်း။ လွန်စွာ ခက်ခဲသည်။ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲ၏။
သို့သော်ငြား ရှမ့်လန်တွင် ကြီးမားသော အားသာချက်တစ်ခု ရှိနေပြန်သည်။ ၎င်းမှာ နဂါးတစ်ကောင် ဖြစ်သည်။ ကျိလုံအာ မဟုတ်ဘဲ ရှမ့်ရိလုံ ဖြစ်ပေသည်။ သူသည် မြောက်ဝင်ရိုးစွန်းတွင် ရှမ့်လန်နှင့်အတူ တိုက်ခိုက်ပေးနိုင်သည်။ သူ၏ အသက်နှင့် ခွန်အားကိုပင် ရှမ့်လန်နှင့် မျှဝေပေးနိုင်သည်။
ထို့ကြောင့် ဟိုက်ဒရိုဂျင်ဗုံး အလုံး ၁၀၀ ကို အသုံးပြု၍ စွမ်းအင် လစ်ဟာနယ်မြေကို ဖန်တီးလိုက်သည်နှင့် ရှမ့်လန်နှင့် ရှမ့်ရိလုံတို့ ပူးပေါင်း၍ ကျန်းလီတစ်ယောက်တည်းကို တိုက်ခိုက်ရမည်။ ဤနည်းအားဖြင့် သူတို့တွင် ကြီးမားသော အားသာချက် ရှိလာပေလိမ့်မည်။
သို့ရာတွင် ရှမ့်လန်သည် အကောင်းမြင်လွန်းသော အတွေးကို မတွေးရဲခဲ့ပေ။ အကြောင်းမှာ ရှမ့်ရိလုံ၏ ဝိညာဉ် ပြန်လည် မွေးဖွားလာချိန်တွင် နဂါး၏ နတ်ဘုရားအပိုင်းအစသည် တစ်ကြိမ် ပွားများခံထားရကြောင်း သတိထားမိလိုက်သောကြောင့် ဖြစ်သည်။
ထို့အပြင် ကျိမိသားစု၏ နဂါးသည်လည်း ရှမ့်ရိလုံနှင့် အလွန် ရင်းနှီးပုံ ရသည်။ နဂါးနှစ်ကောင် ကြားတွင် မိတ်ဆွေထက် ပိုသော ဆက်ဆံရေး ရှိနေသကဲ့သို့ပင်။ နဂါးနှစ်ကောင်ကြားမှ အချစ်ရေးတော့ မဟုတ်နိုင်ချေ။ ထိုအချိန်က နဂါးနှစ်ကောင်လုံးကို ကျန်းလီက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်၏။
စိတ်ကူးဉာဏ်ကို ဖွင့်လှစ်၍ ရဲရဲတင်းတင်း တွေးတောကြည့်လိုက်မည်ဆိုလျှင် ကျန်းလီသည် နဂါးနှစ်ကောင် ကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ပြုလုပ်ခဲ့ပြီး နဂါးအသစ်တစ်ကောင်ကို မွေးမြူခဲ့ခြင်းလား။ ထို ဧရာမနဂါးကြီးသည် နဂါးနှစ်ကောင်လုံး၏ အားသာချက်များကို ပေါင်းစပ်ထားပြီး မူရင်းထက်ပင် သာလွန်နေသည်လား။
အကယ်၍ ရှမ့်လန်၏ထင်ကြေးသာ မှန်ကန်ခဲ့ပါက ဤနဂါးသစ်သည် အသက် နှစ်ဆယ်ကျော် အရွယ် ရှိနေပေလိမ့်မည်။ ကျန်းလီ၏ ပြုစုပျိုးထောင်မှုအောက်တွင် မည်မျှ အင်အားကြီးမား နေမည်နည်း။ လုံးဝ တွေးကြည့်၍ ရနိုင်သည်။
ထို့ကြောင့် မြောက်ဝင်ရိုးစွန်းတွင် စွမ်းအင် လစ်ဟာနယ်မြေ ဖန်တီးနိုင်ခဲ့လျှင်ပင်၊ ရှမ့်လန်၌ နဂါးတစ်ကောင် ရှိနေလျှင်ပင်၊ ကျန်းလီ၌လည်း နဂါးတစ်ကောင် ရှိနေနိုင်သည်။ ထို့ကြောင့် ရှမ့်လန်သည် ဤအချက်ကို အတည်ပြုရန် လိုအပ်သည်။ အဆုံးအဖြတ်တိုက်ပွဲတွင် သူလုံးဝ ပေါ့ဆ၍ လုံးဝ မဖြစ်ပေ။