အခန်း (၁၃၈၁-၁၃၈၂)
Vol. 78 Ch. 1381-1382
အပိုင်း (၁၃၈၁)
နုရှောင့်မြို့၏ လူဦးရေသည် ဤမျှ များပြားနေပြီလား။ ဤနေရာ၌ အနည်းဆုံး လူတစ်သန်းလောက် ရှိနိုင်ပြီး ထို့ထက်တောင် ပိုများနိုင်သည်ဟု ရှမ့်လန် ခန့်မှန်းမိလိုက်သည်။ သူသည် ရှေးဟောင်းအကျဉ်းထောင်ထဲတွင် ငါးနှစ်ကြာ တရားမှတ်နေခဲ့သော်လည်း ဤငါးနှစ်အတွင်း ဤမျှ လူအများအပြား မွေးထုတ်ပေးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ မိုကျင်းနှင့် အက်ကွဲကြောင်းမှ လူဦးရေ ပေါင်းလိုက်လျှင်ပင် ၅၀၀,၀၀၀ ကျော်မည် မဟုတ်ပေ။
ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းကာ စွမ်းအင် အကာအကွယ် အတွင်းသို့ ဝင်ရောက်ပြီး တော်ဝင်ချန် နန်းတော်သစ် အတွင်းသို့ ဆင်းသက်လိုက်သည်။ တော်ဝင်ချန်နန်းတော်သည် မကြီးမားလှပေ။ ဧကနှစ်ထောင်ခန့်သာ ရှိသော်လည်း ဂန္ထဝင် အလှတရားများဖြင့် ပြည့်နှက်နေ၏။
ရှမ့်လန်ကို မြင်လိုက်ရချိန်မှာတော့ ကျိုးရှီ၊ ကျူးဟုန်ရွှဲ့၊ မင်းသမီး ကျိရွှမ်၊ ရှယ်လီနှင့် အခြားသော အင်ပါယာ သစ္စာခံများသည် အစပထမတွင် အနည်းငယ် အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပဲ ဝမ်းသာအယ်လဲ ဖြစ်သွားကြသည်။
... ...
မင်းသမီးနင်ဟန်က ရှင်းပြနေ၏။ “နုရှောင့်မြို့တစ်ခုလုံးကို အပြီးသတ် တည်ဆောက်ဖို့နဲ့ နျူကလီးယား စွမ်းအင်ဗဟိုချက် အလုံအလောက် ထုတ်လုပ်ဖို့ စုစုပေါင်း သုံးနှစ် ကြာခဲ့ပါတယ်။ ဒါတင် မကပါဘူး။ ကျွန်မတို့ အနေနဲ့ ဟောင်းနွမ်းနေတဲ့ သတ္တုဟိုက်ဒရိုဂျင် စွမ်းအင်ဗဟိုချက်ကို လုံးဝ စွန့်လွှတ်လိုက်ပြီး စွမ်းအင်ဖြန့်ဝေမှု စနစ် အသစ်စက်စက်ကို အသုံးပြုနေပါပြီ။ ဒါပေမဲ့ သတ္တုဟိုက်ဒရိုဂျင် စွမ်းအင်ဗဟိုချက်က အသုံးဝင်တုန်းပါပဲ။ အရန် စွမ်းအင်အရင်းအမြစ်အနေနဲ့ နျူကလီးယား စွမ်းအင်ဗဟိုချက် ချို့ယွင်းသွားရင် အဲဒီထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကို အစားထိုး သုံးစွဲနိုင်မှာပါ။”
သူမက ဆက်ပြောသည်။ “ဒါနဲ့ အရှင်ကို ပြောရအုံးမယ်။ အရှင်ရဲ့သားတော်... အင်ပါယာတက္ကသိုလ်ရဲ့ ဒုတိယအဓိပတိ ဂရက်ဂိုရီက သုတေသန အသစ်တစ်ခု စတင်နေပါပြီ။ ခေတ်ရှေ့ပြေးတဲ့ သုတေသန တစ်ခုပါ။ သလင်းဦးနှောက်ဆိုတဲ့ တွက်ချက်မှု အရမ်းမြန်တဲ့ စက်ပစ္စည်း တစ်မျိုးကို စမ်းသပ်နေတာပါ။
အဓိကအားဖြင့် နဂါးသလင်းကျောက်၊ လျှို့ဝှက်ရွှေနဲ့ နဂါးသွေး ရိုးတွင်းခြင်ဆီတို့နဲ့ ပြုလုပ်ထားတာပါ။ လောလောဆယ် ဒုတိယမျိုးဆက်အထိ ရောက်နေပါပြီ။ စွမ်းအင် ဖြန့်ဝေမှု စနစ်အတွက် အသုံးပြုနေပါတယ်။ အဆောက်အအုံ တစ်ခုချင်းစီ လိုအပ်တဲ့ စွမ်းအင်ကို တိကျစွာ ထိန်းချုပ်ပေးနိုင်ပါတဲ့ စွမ်းအင် သလင်းဦးနှောက် ဖြစ်နေပါပြီ။”
မင်းသမီးနင်ဟန်၏ စကားကို ကြားလိုက်ရချိန်မှာတော့ ရှမ့်လန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
‘ငါက ဒီလောက် ဉာဏ်ကြီးတဲ့ သားတစ်ယောက် မွေးထားတာလား။ သူ့နာမည်က ဂရက်ဂိုရီ မဟုတ်ဘဲ အိုင်းစတိုင်း ဖြစ်သင့်တယ်။’
ဤသားတော်သည် နျူကလီးယားနှင့် ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးမှုကို ပြီးမြောက်စေရုံသာမက သလင်းဦးနှောက် တဖြစ်လည်း ကွန်ပျူတာများ ကိုပါ သုတေသန ပြုလုပ်ရန် ပြင်ဆင်နေသည်လား။ ကမ္ဘာမြေမှ ခေတ်သစ် ကွန်ပျူတာများ၏ ဖခင်မှာ ဗြိတိန် သင်္ချာပညာရှင် တူရင်း ဖြစ်သည်။ သူသည် ၁၉၄၀ ခုနှစ်များတွင် ရှေးအကျဆုံး ကွန်ပျူတာကို တီထွင်ခဲ့သူ ဖြစ်သည်။
မင်းသမီးနင်ဟန်သည် စာရွက်စာတမ်းများကို ဖတ်ရှုရင်း ရှမ့်လန်နှင့် စကားပြောနေခြင်း ဖြစ်သည်။ ရှမ့်လန်သည် သူ၏ရင်ခွင်ထဲတွင် ကလေးမလေးတစ်ဦးကို ပွေ့ချီထားသည်။ ဤသည်မှာ နင်ဟန်နှင့် ရသော သူ၏အငယ်ဆုံး သမီးလေးဖြစ်ပြီး အသက် လေးနှစ်ကျော်သာ ရှိသေးသည်။ လွန်စွာ ချစ်စရာကောင်းပြီး လှပသော ကလေးမလေး ဖြစ်ကာ မိခင်နှင့် တူပြီး လွန်စွာ အစားပုပ်၏။
ပုံမှန်အားဖြင့် အသက်လေးနှစ်အရွယ်တွင် ကလေးအဆီများ ပျောက်ကွယ်သွားသင့်ပြီ ဖြစ်သော်လည်း ဤကလေးမလေးသည် ဖက်တီးလေး ဖြစ်နေဆဲဖြစ်ပြီး ပွေ့ချီထားရသည်မှာ လေးလံလှသည်။ သူမသည် ဘယ်လက်တွင် ကိတ်မုန့်တစ်ဖဲ့၊ ညာလက်တွင် သစ်သီးတစ်လုံး ကိုင်ထားပြီး ဘေးနားတွင် မည်သူမှ မရှိသကဲ့သို့ စားသောက်နေသည်။
ဤသည်မှာ ရှမ့်လန် သူမကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမသည် မင်းသမီးလေးရှမ့်မီ ပုံစံ ဆွဲပေးထားသော မင်းသမီးဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ရှမ့်လန်၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေ၏။ လူစိမ်းကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
“သမီးလေး...”
“ဖေဖေ...” ကလေးမလေးက မော့ကြည့်ပြီး သူမ၏ ဖက်တီးမျက်နှာလေးဖြင့် ရှမ့်လန်ကို ရယ်ပြလိုက်သည်။
“ဖေဖေ တစ်ကိုက်လောက် စားလို့ ရမလား။”
“ဖေဖေ... ကိတ်မုန့်က သမီး တံတွေးတွေ ပေနေပြီ။ ဖေဖေ တကယ် စားချင်လို့လား။”
“ဟမ်…”
ကလေးမလေးက ကိတ်မုန့်၏ ကျန်တစ်ဝက်ကို ရှမ့်လန် ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ပြောလိုက်သည်။ “အင့်... ဒီတစ်ဖက်က တံတွေး မပေဘူး။”
ထို့နောက် ကလေးမလေးက တခစ်ခစ် ရယ်မောလိုက်သည်။ အေးစက်ပြီး မာနကြီးသော မိခင် နင်ဟန်နှင့် လုံးဝ မတူပေ။
ရှမ့်လန်က ပြောလိုက်၏။ “နင်ဟန်... မင်း သူ့ကို ဒီအတိုင်း စားခိုင်းထားတာလား။ နည်းနည်း ဝ မနေဘူးလား။”
နင်ဟန်က ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဝတဲ့ မင်းသမီးလေး ဖြစ်တော့ မကောင်းဘူးလား။ သူ့ကို ကျွန်မလို ဖြစ်စေချင်လို့လား။ ကျွန်မ မွေးတည်းက တစ်ခါမှ သက်တောင့်သက်သာ မနေခဲ့ရဘူး။ တစ်သက်လုံး ဘာပူပန်စရာ မရှိဘဲ နေရတာ ကောင်းတာပေါ့။”
ရှမ့်လန် ခေါင်းငုံ့ပြီး သမီးငယ်လေးကို ကြည့်လိုက်၏။ မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင် ဉာဏ်ရည် ဉာဏ်သွေးများ ပြည့်နှက်နေ၏။
“ဒါပေမဲ့ သမီးလေးက လေးနှစ်ကျော်နေပြီ။ နာမည်တောင် မရှိသေးတာတော့ မကောင်းဘူး မဟုတ်လား။”
“ကောင်းပါတယ်။ နာမည်ပြောင် ရှိရင် ပြီးတာပါပဲ။”
မှန်ပေသည်။ ရှမ့်လန်၏ အငယ်ဆုံး သမီးလေးသည် ယခုထိ တရားဝင် နာမည် မရှိသေးပေ။ အခြားသူများက သူမကို နန်နန်ဟုသာ ခေါ်ကြသည်။
“သူ့မှာ နာမည်တော့ ရှိဖို့ လိုသေးတယ်။”
“ဒါဆို ရှမ့်နန်နန် လို့ ခေါ်လိုက်”
“ဟမ်... ပေါ့ပေါ့ပါးပါး နိုင်လွန်းမနေဘူးလား။”
နင်ဟန်က ပြောလိုက်သည်။ “နာမည်က ပေါ့ပါးလေ ဘဝက ပျော်ရွှင်လေပဲ။”
ဤလွှဲမှားသည့် အယူအဆက မည်သည့်နေရာက ရလာမှန်း မသိပေ။ ကလေးမလေးက လုံးဝ ဂရုမစိုက်ပေ။ နန်နန် ဆိုသည့် နာမည်က အလွန် ကောင်းသည်ဟု သူမလည်း ထင်နေပုံ ရသည်။ နင်ဟန် သူမကို မွေးဖွား ပြီးနောက် အခြေခံအားဖြင့် ကိုယ့်ဘာသာ ကြီးပြင်းစေခဲ့သည်။ ဤဘဝတွင် သူမ အလွန် ပင်ပန်း ခဲ့သောကြောင့် သမီးဖြစ်သူကို မည်သည့် ဝန်ထုတ်ဝန်ပိုးမှမရှိသော ဘဝမျိုးဖြင့် နေထိုင်စေလိုခြင်း ဖြစ်ပေမည်။
ရုတ်တရက် ကလေးမလေး၏ ဝဖိုင့်နေသော ကိုယ်လုံးလေး လှုပ်ရမ်းသွားပြီး အောက်ဆင်းချင်လာသည်။ “မမ... မမ..”
ထို့နောက် ကလေးမလေးသည် ကြမ်းပြင်ပေါ်သို့ ဆင်းပြီး ဘဲပေါက်လေးတစ်ကောင်ကဲ့သို့ တံခါးပေါက်ဆီသို့ ပြေးထွက်သွားသည်။ သူမသည် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသွား၏။ မင်းသမီး ရှမ့်မီနှင့် မင်းသမီး ယောင်ယောင်တို့ ဖြစ်ကြသည်။
ကလေးမလေးသည် မင်းသမီးလေးရှမ့်မီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီးနောက် ကိတ်မုန့်ပေနေသော ပါးစပ်လေးကို စူကာ ယောင်ယောင်၏ပါးကို နမ်းလိုက်သည်။ ငါးနှစ် ကြာပြီးနောက် မင်းသမီးလေးရှမ့်မီသည် အနည်းငယ် အရွယ်ရောက်လာပုံ ရသော်လည်း ယောင်ယောင်မှာမူ လုံးဝ မပြောင်းလဲသေးပေ။ ၁၆ နှစ်၊ ၁၇ နှစ် အရွယ်အတိုင်း ရှိနေဆဲပင်။
“ဖေဖေ” သမီးနှစ်ယောက်က ရှမ့်လန်ကို ကြည်နူးစွာ ကြည့်လိုက်ကြ၏။
“ဟေ...”
အစ်မနှစ်ယောက် ရောက်လာသည်ကို မြင်ချိန်မှာတော့ ကလေးမလေး ရှမ့်နန်နန်သည် အစားစားခြင်းကို ရပ်လိုက်သည်။ သူတို့သုံးဦးသား ကြမ်းပြင်ပေါ်တွင် လှဲလျောင်းကာ ဓာတ်ပုံအယ်လ်ဘမ် တစ်ခုကို ကြည့်နေကြသည်။ ယောင်ယောင်က သူမကို အဖော်ပြု၍ ကြည့်ပေးနေပြီး ရှမ့်မီက သူမ၏ စူထွက်နေသော ဗိုက်လေးကို ပွတ်ပေးနေ၏။ သူမ အနည်းငယ် အစားများသွားပုံ ရသည်။
ရှမ့်မီက ဂုဏ်ယူစွာ ပြောလိုက်၏။ “ဖေဖေ... သမီး အင်ပါယာ တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ ဖြစ်နေပြီ။ မမ ယောင်ယောင်က စာရေးဆရာ ဖြစ်နေပြီ။ သူ့စာအုပ်တွေက အင်ပါယာတစ်ခုလုံးမှာ နာမည်ကြီးနေတယ်။ နုရှောင့်မြို့မှာတင် မကဘူး။ ဟိုဘက်မှာလည်း စာဖတ်ပရိသတ်တွေ အများကြီး ရှိတယ်။”
ရှမ့်လန် သိပြီးသား ဖြစ်၏။ အကြောင်းမှာ နင်ဟန်၏အိမ်ရှိ စာအုပ်စင်ပေါ်တွင် ယောင်ယောင်၏ လက်ရာအချို့ ရှိနေသောကြောင့်ပင်။
ဂရက်ဂိုရီ၏ ပုံစံအရ ဤသလင်းဦးနှောက်သည် အနာဂတ်တွင် နှစ်စဉ်နှစ်တိုင်း အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။ ထို့အပြင် အချက်တစ်ချက် ရှိသေးသည်။ ကမ္ဘာမြေရှိ ၁၉၅၀ ခုနှစ်များက ကွန်ပျူတာများသည် လွန်စွာ ကြီးမားလှသည်။ သို့သော်ငြား သူ၏ ရှေ့မှောက်ရှိ သလင်းဦးနှောက်သည်ကား ကုဗမီတာ တစ်ခုထက်ပင် ငယ်သေး၏။ နှိုင်းယှဉ်ကြည့်လျှင် လွန်စွာ ခေတ်မီနေပြီ ဖြစ်သည်။ ဤသားတော်သည် တကယ်ကို ဂုဏ်ယူစရာ ကောင်းလှသည်။
“ဂရက်ဂိုရီ... မင်းက ဖေဖေ့ကို တကယ် ဂုဏ်ယူစေတာပဲ။ ဒါပေမဲ့ မင်း အိမ်ထောင်ပြုသင့်ပြီလို့ မထင်ဘူးလား။ မင်း အသက် ၃၅ နှစ်တောင် ရှိနေပြီ။ မင်းအဖေ ငါ့တုန်းကဆိုရင် ၁၉ နှစ်နဲ့ အိမ်ထောင်ပြုခဲ့တာ။”
ဂရက်ဂိုရီက ပြောလိုက်၏။ “ကျုပ် အိမ်ထောင်ရေးအတွက် ဖြုန်းစရာ အချိန် တကယ် မရှိပါဘူး။”
‘ဟေ... မင်းက တယ်ဟုတ်ပါလား။ အိမ်ထောင်ပြုဖို့ အချိန်တောင် မပေးနိုင်ဘူးပေါ့။’
ရှမ့်လန် မရှိသည့် ငါးနှစ်တာ ကာလအတွင်း ယောင်ယောင်နှင့် ရှမ့်မီတို့သည် သူ့ကို အလွန် လွမ်းဆွတ်ခဲ့ ကြသည်။ ဤငါးနှစ်သည် လွန်စွာ ရှည်လျားသည်ဟု သူတို့ ခံစားခဲ့ကြရသည်။ သို့သော်ငြား ဤဂရက်ဂိုရီမှာမူ ငါးနှစ်ဆိုသည့် အချိန်အယူအဆ မရှိခဲ့ပေ။ အကြောင်းမှာ သူ၏ ကိုယ်ရောစိတ်ပါ သုတေသန လုပ်ငန်းထဲတွင် မြှုပ်နှံထားသောကြောင့် ဖြစ်သည်။
“ဒါပေမဲ့ မင်းရဲ့ပါရမီကို လက်ဆင့်ကမ်းဖို့ လိုတယ်။ ငါတို့ အင်ပါယာရဲ့ သိပ္ပံယဉ်ကျေးမှုနဲ့ ရှေးဟောင်း ယဉ်ကျေးမှုက နှစ်တစ်ရာ ဖွံ့ဖြိုးတိုးတက်ရုံနဲ့ မလုံလောက်ဘူး။ နှစ်ရာချီ၊ နှစ်ထောင်ချီ ကြာရှည်ဖို့ လိုတယ်။”
“တကယ်တော့ သားရဲ့မျိုးဆက်က ဉာဏ်ရည်မြင့်မားဖို့ ဖြစ်နိုင်ခြေဆိုတာ သိပ်မများပါဘူး။”
“ဒါဆို ကလေးတွေ ဆက်မွေးပေါ့။ မင်းလို ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မွေးလာရင် ရပြီ။ မရမချင်း မွေးပေါ့။”
ဂရက်ဂိုရီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “ဒါဆို စဉ်းစားကြည့်ပါ့မယ်။ မျိုးရိုးဗီဇ ပညာကို စပြီး သုတေသန လုပ်ကြည့်ပါ့မယ်။ ဒါက အသင့်တော်ဆုံး ဇနီးလောင်းကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေမှာပါ။”
သူ အသင့်တော်ဆုံးဟု ပြောလိုက်ခြင်းသည် အလှအပ မဟုတ်ဘဲ ဉာဏ်ရည်ဉာဏ်သွေးကို ဆိုလိုခြင်း ဖြစ်မည်မှာ သေချာလှသည်။
“ဒါဆို သား တစ်ရက်ကို သုံးနာရီခွဲထက် ပိုအိပ်လို့ မရတော့ဘူး။ မျိုးရိုးဗီဇ သုတေသနအတွက် အနည်းဆုံး တစ်နာရီလောက် အချိန်ပေးရလိမ့်မယ်။”
ရှမ့်လန် ကြောင်အသွားပြန်၏။ ‘ဒါဆို ကျန်တဲ့ ၁၉ နာရီခွဲကို မင်း ဘာလုပ်မှာလဲ။’
ဂရက်ဂိုရီသည် ယခုအခါ ဘာသာရပ် နှစ်ခုကို အဓိက သုတေသန ပြုလုပ်နေသည်။ တစ်ခုမှာ သလင်းဦးနှောက် ဖြစ်ပြီး နောက်တစ်ခုမှာ နေရောင်ခြည် စွမ်းအင်ပေါင်းစပ်ခြင်း ဖြစ်သည်။
စကားပြောနေရင်း ဂရက်ဂိုရီသည် သူ၏ ကိုယ်ပိုင် ကမ္ဘာထဲသို့ တစ်ဖန် နစ်မြုပ်သွားပြန်သည်။ သူ၏ လက်ထဲမှ ဘောပင်သည် မရပ်မနား ရေးဆွဲ မှတ်သားနေ၏။ အကြောင်းမှာ သူသည် သလင်းဦးနှောက်၏ ဖွဲ့စည်းပုံကို ပြန်လည် ပုံစံဆွဲနေသောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် လုံးဝ လျစ်လျူရှုသည့် အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့၏။
ရှမ့်လန်သည် သူ့အနောက်တွင် ရပ်လျက် ကြည့်နေခဲ့သော်လည်း ဘာမှ ဝင်မပြောခဲ့ပေ။ တစ်နာရီကျော် ကြာပြီးနောက် ဂရက်ဂိုရီသည် အလိုအလျောက် လက်လှမ်းလိုက်ပြီး ကော်ဖီခွက်ကို ယူသောက်ရန် ပြင်လိုက်သည်။ ရှမ့်လန် အလျင်အမြန်ပင် ပြင်းရှသော ကော်ဖီတစ်ခွက်ကို ကမ်းပေးလိုက်သည်။
“အင်း... ကျေးဇူးပါ။”
ဂရက်ဂိုရီသည် ရှမ့်လန်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ လန့်သွား၏။ အဘယ်ကြောင့် သူ့လက်ထောက် မဟုတ်ဘဲ ဖခင် ဖြစ်နေရသနည်း။ ‘ဪ... ဖေဖေ စောစောက လာစကားပြောနေခဲ့တာပဲ။’
ရှမ့်လန် ပြန်သွားပြီဟု သူ ထင်နေခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် အမတ်ချုပ်ကြီး ကျိုးရှီသည် တံခါးအပြင်ဘက်တွင် ပေါ်လာခဲ့သည်။ ရှမ့်လန်သည် ဂရက်ဂိုရီကို နှုတ်ဆက်ချင်သော်လည်း ဂရက်ဂိုရီသည် လုံးဝ အလုပ်ထဲနစ်မြုပ်သည့် အခြေအနေသို့ ဝင်ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။
‘ထားလိုက်ပါတော့ နှုတ်ဆက်နေစရာ မလိုတော့ပါဘူး။’ ရှမ့်လန် ချက်ချင်း ထွက်ခွာလာခဲ့၏။
ထိုအချိန်မှာမှ ဂရက်ဂိုရီသည် ခေါင်းမော့လာပြီး ပြောလိုက်သည်။ “ဖေဖေ... ဖေဖေ ပြန်ရောက်လာလို့ သား ဝမ်းသာပါတယ်။ သားဆီ လာတွေ့လို့လည်း အရမ်း ဝမ်းသာပါတယ်။”
ရှမ့်လန် ပြုံးပြီး တံခါးအပြင်သို့ ထွက်လာခဲ့၏။
ကျိုးရှီက ပြောလိုက်၏သည် “အရှင်... ကျန်းအင်ပါယာမြို့တော်က ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။”
ရှမ့်လန် ကြောင်အသွားသည်။ ‘ကျန်း အင်ပါယာ မြို့တော်က ဧည့်သည် ဟုတ်လား။ ဘယ်သူပါလိမ့်။’
... ...
ကျန်းအင်ပါယာ၏ အိမ်ရှေ့စံ ကျန်းမင်သည် တော်ဝင်ချန်နန်းတော်၏ စာကြည့်တိုက်အတွင်း၌ ပေါ်လာ၏။ “ဂါရဝပြုပါတယ် အရှင်ရှမ့်လန်”
သူ အမှန်တကယ် ရောက်လာခဲ့သည်။ ကျန်းအင်ပါယာ၏ အိမ်ရှေ့စံ တစ်ဦးအနေဖြင့် သူသည် တော်ဝင်ချန်နိုင်ငံ၏ အကြီးမားဆုံး ရန်သူ ဖြစ်သည်။ အဘယ်ကြောင့် နုရှောင့်မြို့ထဲသို့ ရုတ်တရက် ဝင်ရောက် လာရသနည်း။
“ပြဿနာ တစ်ခုခု ရှိလို့လား။”
“ဟုတ်တယ်။ ပြဿနာ တစ်ခု ရှိပါတယ်။”
“ထိုင်ပါအုံး။” ထို့နောက် သူတို့နှစ်ဦးစလုံး ထိုင်လိုက်ကြသည်။
“နုရှောင့်မြို့တော်က လွန်ခဲ့တဲ့ နှစ်တွေအတွင်း ချဲ့ထွင်လာခဲ့တာကို အရှင်ရှမ့်လန် သိမှာပါ။ ကျုပ်တို့ဘက်က ဘာမှ တားဆီးခြင်း မရှိခဲ့ပါဘူး။ တကယ်တော့ လူအများအပြား နုရှောင့်မြို့ဆီ ထွက်ပြေး လာကြတာကိုလည်း ကျုပ်တို့ မတားဆီးခဲ့ပါဘူး။
မကြာသေးမီက နုရှောင့်မြို့ဝန်ကြီးတွေက တော်ဝင်ချန်နိုင်ငံရဲ့ ဒုတိယ အမိုးခုံးမြို့တော် နုကျန့်နယ်မြေကို တည်ဆောက်သင့်၊ မသင့် ဆွေးနွေးနေကြပါတယ်။ ကျုပ်တို့ အမိန့်ထုတ်ပြန်ပြီးပါပြီ။ ကျန်းအင်ပါယာ အနေနဲ့ တားဆီးမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ နုကျန့်နယ်မြေမှာ မြို့တည်ချင်တည်နိုင်သလို ဒုတိယစွမ်းအင် အကာအကွယ် တည်ဆောက်ချင်လည်း တည်ဆောက်နိုင်ပါတယ်။”
“ကျေးဇူးပါပဲ။”
“ဒီလို လုပ်ရတဲ့ အကြောင်းရင်း တစ်ခုတည်း ရှိပါတယ်။ တော်ဝင်ချန်နိုင်ငံနဲ့ ကျန်းအင်ပါယာကြားက ကွဲပြားမှုကို နည်းသွားစေချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် ကျန်းအင်ပါယာရဲ့ မှတ်တမ်းတွေထဲမှာ အရှင်ရှမ့်လန်က ဧကရာဇ် ဖြစ်နေတုန်းပါပဲ။ အရှင်ကျန်းလီက ဘယ်တော့မှ ထီးနန်း မတက်ခဲ့သလို သူ့ကိုယ်သူ ဧကရာဇ် လို့လည်း မကြေညာခဲ့ပါဘူး။ သူက မြောက်ဝင်ရိုးစွန်းမှာပဲ အမြဲနေထိုင်ပြီး တောင်ဘက်ကို ခြေတစ်လှမ်းမှ မလှမ်းခဲ့ပါဘူး။”
“ဟုတ်ပါတယ်။”
“နောက် ၁၂ ရက် ကြာရင် အရှင်ရှမ့်လန် မြောက်ဝင်ရိုးစွန်းကိုသွားပြီး အရှင် ကျန်းလီကို တိုက်ခိုက်တော့မယ် မဟုတ်လား။”
“ဟုတ်တယ်။”
“ခင်ဗျားနဲ့ အရှင် ကျန်းလီကြားမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ် မဟုတ်လား။”
“ဟုတ်ပါတယ်။”
“ကျုပ် အင်ပါယာ မြို့တော်မှာ ရှိတုန်းက ရှမ့်ယီအနေနဲ့ပဲ အမြဲ ပေါ်လာတတ်တာ ခင်ဗျားလည်း သိမှာပါ။ ဒါကြောင့် ခင်ဗျား မြောက်ဝင်ရိုးစွန်း တိုက်ပွဲမှာ သေဆုံးသွားရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်။ အင်ပါယာ မြို့တော်တင် မကဘူး။ နုရှောင့်မြို့ကပါ ခင်ဗျား သေဆုံးကြောင်း ကြေညာရလိမ့်မယ်။
ဒါပေမဲ့ ကျုပ်တို့ ခင်ဗျားကို အမြင့်ဆုံး ဂုဏ်ပြုမှု ပေးအပ်ပြီး လောကကြီးကို ကယ်တင်ရင်း သေဆုံး သွားကြောင်း ကြေညာပေးပါ့မယ်။ ခင်ဗျားက အင်ပါယာရဲ့ မဟာဘိုးဘေး ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ ရွှေဒင်္ဂါး၊ စာရေးကိရိယာ ဒါမှမဟုတ် အင်ပါယာရဲ့ လေတပ်ယာဉ်ပျံတွေမှာ ခင်ဗျားရဲ့ မျက်နှာကို တံဆိပ်အဖြစ် အသုံးပြုကြလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား သေဆုံးကြောင်း ကြေညာမယ်။ ပြီးရင် ကျုပ်က ကျန်းယီ အနေနဲ့ ထီးနန်း ဆက်ခံမယ်။”
အပိုင်း (၁၃၈၂)
ဤစကားများသည် တကယ်ကို တည့်တိုးဆန်ပြီး တိုက်ရိုက်ကျလွန်းလှသည်။ ရှမ့်လန်သည် အိမ်ရှေ့စံ ကျန်းမင်ကို ကြည့်လိုက်ပြီး ကျန်းမင်လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။ ဤသည်မှာ ယောင်ယောင်၏ လက်ရာ ဖြစ်သည်။
“ကျုပ်အရင်က ပြောဖူးတယ်။ ကျုပ်နဲ့ အရှင် ကျန်းလီကြားမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ ကျုပ် ရှုံးသွားရင် လောကကြီးတစ်ခုလုံး အရှင်ကျန်းလီရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းရလိမ့်မယ်။ အရာအားလုံးက ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး။ ခင်ဗျား ဘာလုပ်ချင်လုပ် ကျုပ်နဲ့ မဆိုင်တော့ဘူး။”
“ကောင်းပါပြီ။ ဒါပေမဲ့ မလိုအပ်တဲ့ အသေအပျောက်နဲ့ ပဋိပက္ခတွေ မဖြစ်ရအောင် စစ်ဘက်ဆိုင်ရာ ဌာနကို အသိပေးဖို့ လိုမယ်လို့ ကျုပ် ထင်တယ်။”
“ကျုပ် လုပ်လိုက်ပါ့မယ်။”
“ဪ ဒါနဲ့... နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်။ တိုက်ပွဲ မတိုင်ခင် ခင်ဗျား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်လို့ အရှင်ကျန်းလီက ကျုပ်ကို ပြောတယ်။ ဒါကြောင့် မိတ်ဆွေဟောင်း တစ်ယောက်ကို ပို့ပေးလိုက်ဖို့ ကျုပ်ကို မှာလိုက်တယ်။”
ရှမ့်လန် ကြောင်အသွား၏။ ‘သူ တကယ် ပို့ပေးလိုက်တာလား။’
သို့သော်ငြား ထိုအချိန်က ရှမ့်လန်သည် မူလန် ဘယ်ရောက်နေမှန်းကိုသာ သိချင်ခဲ့ခြင်း ဖြစ်သည်။
“ခေါ်လာခဲ့လိုက်။”
ထို့နောက် ရှေးဟောင်း လူသားစစ်သည်တော် နှစ်ဦးသည် သလင်းကျောက် ခေါင်းတလား တစ်လုံးကို သယ်ဆောင်ကာ ဝင်ရောက်လာကြ၏။
“ကျုပ် အရမ်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အထဲက လူက မသေသေးပါဘူး။ ရေခဲရိုက်ပြီး ဆောင်းခိုနေရုံ သက်သက်ပါ။ ခေါင်းတလားထဲ ရောက်နေတာပဲ ရှိတာပါ။ ဒီမိတ်ဆွေဟောင်းက တိုက်ပွဲမတိုင်ခင် ခင်ဗျားအတွက် လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“ကျေးဇူးပါပဲ။”
“ဒါဆို ကျုပ် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။” အိမ်ရှေ့စံကျန်းမင်သည် မတ်တပ် ထရပ်လိုက်သည်။
“ကျုပ် လိုက်မပို့တော့ဘူး။”
ထို့နောက် အိမ်ရှေ့စံကျန်းမင်သည် သူ့လူများကို ခေါ်ဆောင်ကာ နုရှောင့်မြို့မှ ထွက်ခွာသွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။ ရေခဲစွမ်းအင်များ ပြည့်နှက်နေသော ဤခေါင်းတလားကို စာကြည့်တိုက် အတွင်း၌ ထားခဲ့၏။
ရှမ့်လန် ရှေ့သို့တိုးသွားပြီး အဖုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အတွင်းတွင် လှပသော အမျိုးသမီးတစ်ဦး ရှိနေပြီး သူမ၏ မျက်လုံးများ ပွင့်နေသည်။ သူမ နိုးထနေပြီ ဖြစ်၏။ ထိုအမျိုးသမီးမှာ ရှစ်ချင်းချင်း ဖြစ်သည်။
ရှမ့်လန် စကားမပြောနိုင် ဖြစ်သွားရ၏။ ‘အရှင် ကျန်းလီ ဘာတွေ တွေးနေတာလဲ။ တိုက်ပွဲ မတိုင်ခင် ကျုပ် ရှမ့်လန်က စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်ဆိုပေမဲ့ ရှစ်ချင်းချင်းဆီက မလိုအပ်ပါဘူး။ ကျုပ် လိုချင်တာ မူလန်။ မူလန်က ကျုပ်မသိတဲ့ နေရာတစ်နေရာ ရောက်နေပြီ ဆိုရင်တောင် ယောက္ခမကြီး နင်ယွမ်ရှန်းကို ပို့ပေးလို့ ရသေးတာပဲ။’
ဤမိသားစုက ရှမ့်လန် အလွမ်းဆုံး မိသားစု ဖြစ်သည်။ အကြောင်းမှာ နင်ယွမ်ရှန်း၏ ရောဂါက အဆိုးရွားဆုံး ဖြစ်ပြီး အသက်ရှင်သေးရဲ့လား ဆိုသည်ကိုတောင် ရှမ့်လန် မသိသောကြောင့် ဖြစ်သည်။
“ကျွန်မကို တွေ့ရတာ အရမ်း စိတ်ပျက်နေပုံပဲ။”
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ မျက်နှာကို သေချာစွာ ကြည့်လိုက်သည်။ တကယ်ကို ထူးဆန်းသော ခံစားမှုမျိုး ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ နိုးထလာစတွင် အတုအယောင် ရှစ်ချင်းချင်းနဲ့ တွေ့ခဲ့ဖူးသည်။ ရှေးဟောင်းလူသားသစ်က ရှစ်ချင်းချင်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး ရှမ့်လန်ကိုယ်တိုင် သူမကို သတ်ဖြတ်ခဲ့ဖူး၏။
သူ့ရှေ့မှောက်ရှိ ဤရှစ်ချင်းချင်းသည်ကား အစစ်အမှန် ဖြစ်ကြောင်း သံသယ ဖြစ်ဖွယ် မရှိပေ။ ရာနှုန်းပြည့် အစစ်အမှန် ဖြစ်၏။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ထားသော ရှမ့်လန်သည် တစ်ချက် ကြည့်ရုံဖြင့် သိနိုင်သည်။
သူမသည် အလွန် ငယ်ရွယ်ပြီး လှပနေဆဲဖြစ်ကာ လွန်ခဲ့သော နှစ် ၃၀ ကအတိုင်း အတိအကျပင် ဖြစ်နေသည်။ ဤနှစ်ကာလများ တစ်လျှောက်လုံး ရေခဲ ရိုက်ခံထားရသောကြောင့် သူမ၏ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များ ရပ်တန့်နေခဲ့ရာ လုံးဝ အိုမင်းခြင်း မရှိခဲ့ပေ။ သို့သော်ငြား သူမ၏ မျက်ဝန်း အကြည့်များသည် အနည်းငယ် ထူးဆန်းနေပြီး အလွန် ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ရှိ၏။
“စိတ်မကောင်းပါဘူး။ ကျွန်မက ရှင်တွေ့ချင်တဲ့လူ မဟုတ်ခဲ့ဘူး။ ကျွန်မရဲ့ အသွင်အပြင်က ရှင့်ကို စိတ်ပျက်စေခဲ့ပုံပဲ။”
“တောင်းပန်ရမှာက ကျုပ်ပါ။ ကျုပ်ကြောင့် မင်းရဲ့ ကံကြမ္မာက အလဟသ ဖြစ်ခဲ့ရတယ်။ ဘေးဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။”
ရှစ်ချင်းချင်းသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ရှင်သာမရှိရင် ကျွန်မ မိသားစု တစ်ခုလုံး အရိုးစုတွေ ဖြစ်ကုန်လောက်ပြီ။ ရှင်နဲ့ အဆက်အစပ် နည်းနည်းရှိလို့ ကျွန်မ မိသားစု တစ်ခုလုံး ရေခဲ ရိုက်ခံထားရပေမဲ့ အနည်းဆုံးတော့ အသက်ရှင်နေကြသေးတာပဲ။”
ကြည့်ရသည်မှာ ရှမ့်လန်နှင့် ပတ်သက်သူအားလုံး ရေခဲရိုက်ခံထားရပြီး ထာဝရ အိပ်စက်ခြင်းသို့ ရောက်ရှိနေကြပုံပေါ်၏။
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ လက်ကို ကိုင်ပြီး ရေခဲ ခေါင်းတလား အတွင်းမှ ထွက်ခွာစေလိုက်သည်။ သို့သော်ငြား ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်သည် ယာယီ မလှုပ်ရှားနိုင် ဖြစ်နေ၏။ အကြောင်းမှာ သူမ ရေခဲ ရိုက်ခံထားရသည်မှာ ကြာလွန်းသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေသောကြောင့် ဖြစ်သည်။
ရှမ့်လန်သည် လက်ဝါးဖြင့် ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်ရာ ရှစ်ချင်းချင်းသည် ချက်ချင်းပဲ နွေးထွေးမှု ပြန်ရလာပြီး လှုပ်ရှားနိုင်လာခဲ့သည်။ သူမသည် ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားရောက်ကာ အပြင်ကို လှမ်းကြည့်လိုက်ပြီး လုံးဝ မိန်းမောသွားခဲ့၏။
“လှလိုက်တဲ့ မြို့တော်ကြီးပဲ...” ဤကဲ့သို့သော မြို့တော်မျိုးသည် သူမ၏ မျက်လုံးများကို အမှန်တကယ် လောဘတက်စေခဲ့၏။ အရာအားလုံးက လှပလွန်းနေသည်။ သူမ နာရီဝက်လောက် စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့သည်။
“ဒီမြို့က ပိုကောင်းတယ် ထင်လား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ် ၃၀ က မြို့က ပိုကောင်းတယ် ထင်လား။”
“ဒါပေါ့... အခုက ပိုကောင်းတာပေါ့။”
“လွန်ခဲ့တဲ့ ၃၅ နှစ်တုန်းက ရွှမ်ဝူမြို့ကို မလွမ်းဘူးလား။”
“လွမ်းတာပေါ့။ ဒါပေမဲ့ ဒီအကြောင်းပြချက်နဲ့ ပိုကောင်းတဲ့ အရာကို ငြင်းပယ်ချင်လို့လား။”
“ရေခဲ ရိုက်ခံထားရတဲ့ နှစ် ၃၀ ကျော်မှာ မင်း ဘယ်လို နေခဲ့သလဲ။”
“တခြားလူတွေကိုတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မကတော့ အိပ်ပျော်သွားသလိုပဲ။ ဒါပေမဲ့ အချိန် ကုန်ဆုံးတာကို ခံစားမိနေတယ်။ ကျွန်မ စိတ်က အိပ်မက်တစ်ခုပြီး တစ်ခု မက်နေခဲ့ပေမဲ့ နိုးထလို့ မရဘူး။ ခန္ဓာကိုယ် ပျောက်ဆုံးသွားသလို၊ အိပ်မက်ဆိုးတစ်ခုထဲ ပိတ်မိနေသလို၊ ရုန်းထွက်လို့ မရသလို ခံစားခဲ့ရတယ်။”
‘တကယ်ပဲ။ ဒီလို ဖြစ်နေခဲ့တာလား။’
ရှစ်ချင်းချင်းက ထပ်ပြောလိုက်၏။ “ရှမ့်လန်... ကျွန်မ ထပ်ပြီး တောင်းပန်ပါတယ်။ ကျင်းမူလန် သူတို့ဆီ မရှိလို့ ကျွန်မကို ပြန်ပို့ပေးလိုက်တာနေမယ်။ စိတ်မကောင်းပါဘူး။ ကျွန်မ ရှင့်ကို စိတ်ပျက်စေမိပြီ။”
“အဲဒီလို မပြောပါနဲ့။”
“ကျွန်မ နိုးလာတာ မကြာသေးတော့ သိပ်အများကြီး မကြားလိုက်ရပေမဲ့ ရှင် မကြာခင် နောက်ဆုံးတိုက်ပွဲ သွားတော့မယ် မဟုတ်လား။”
“ဟုတ်တယ်။”
“ပြီးတော့ နောက်ဆုံးတိုက်ပွဲရဲ့ ပြိုင်ဘက်က ဒီလောကကြီးကို ဖျက်ဆီးခဲ့တဲ့ တရားခံ မဟုတ်လား။ သူက အရမ်းအားကောင်းလား။”
“သူက လောကတစ်ဝက်ရဲ့စွမ်းအားကို ထိန်းချုပ်ထားပြီး ကျုပ်ထက် အဆပေါင်း တစ်သန်းလောက် ပိုသန်မာတယ်။”
“ဒါဆို ဒီ နောက်ဆုံးတိုက်ပွဲက အဆိုးမြင်စရာ ကောင်းနေတာပေါ့။”
နောက်ဆုံးတွင် သူမသည် စာကြည့်တိုက်ထဲသို့ ပြန်လာကာ ထိုင်လိုက်သည်။
“ရှမ့်လန်... ရှင် မှတ်မိသေးလား။ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကျွန်မ ရောဂါဆိုးကြီးဖြစ်ပြီး သေတော့မလို ဖြစ်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့ ရှင်လိုအသုံးမကျတဲ့လူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပြီး လက်ထပ် လိုက်ရတယ်။ နောက်ဆုံးတော့ ကျွန်မ တကယ် ပြန်ကောင်းလာခဲ့တယ်။ ဘာကြောင့့်လို့ ထင်လဲ။”
ရှမ့်လန် ဘယ်လိုလုပ် သိမည်နည်း။ ဤအရာက သူ ကူးပြောင်းမလာခင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ရှစ်ချင်းချင်း သေခြင်း၊ ရှင်ခြင်းကို သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာကြောင့် အထူးတလည် လိုက်စုံစမ်းမနေခဲ့ပေ။
“ဘာပဲဖြစ်ဖြစ် ရှင့်ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်လိုက်တာက အသုံးဝင်ခဲ့ပုံရတယ်။ နောက်ထပ် ဆယ်ရက်လောက်ကြာရင် ရှင် အဲဒီနတ်ဆိုးနဲ့ နောက်ဆုံးတိုက်ပွဲ တိုက်ရတော့မယ်။ ကြည့်ရတာ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိသလောက်ပဲ။”
‘မင်း ဒီလောက်ကြီး ပြောနေစရာမလိုပါဘူး။ စကားကောင်းလေးဘာလေး ပြောပါလား။’
“ကျွန်မက ရှင့်မျက်လုံးထဲမှာတော့ အရေးမပါပါဘူး။ တစ်ချိန်က ရှင်လိုအသုံးမကျတဲ့လူက ကျွန်မ မျက်လုံးထဲမှာ အရေးမပါသလိုပေါ့။ ဒါပေမဲ့ ကျွန်မ ရှင့်ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်လိုက်ပြီးနောက် ကျွန်မ တကယ် ပြန်ကောင်းလာခဲ့တယ်။”
“ဒါဆို အခု ကျွန်မ ရှင့်ကိုကူညီပေးရင် ဘယ်လိုလဲ။ နိမိတ် နည်းနည်း ပိုကောင်းရုံလေး ဆိုရင်တောင်၊ ကျွန်မရဲ့ အကူအညီ နည်းနည်းလေးနဲ့ ရှင် နောက်ဆုံးတိုက်ပွဲကနေ အသက်ရှင်လျက် ပြန်လာနိုင်မလား။” စကားပြောရင်း ရှစ်ချင်းချင်း၏ မျက်ရည်များ ကျဆင်းလာခဲ့သည်။
“ဒီလို လုပ်စရာ မလိုပါဘူး။”
“လုပ်ရမယ်။ မရဘူး .... ရှင် လုပ်ရမယ်။” ရှစ်ချင်းချင်းက အကျယ်ကြီး အော်ပြောလိုက်၏။
ထို့နောက် သူမသည် ရှမ့်လန်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “မင်္ဂလာဆောင်တာက ကံဆိုးတာတွေကို လျှော့ချရာမှာ အရမ်း ထိရောက်တယ်။ တကယ့် ဆက်ဆံရေး ရှိစရာ မလိုပါဘူး။ ရိုးရှင်းတဲ့ အခမ်းအနားလေး ဆိုရင် လုံလောက်ပါပြီ။”
အနည်းဆုံး ဤအချိန်၌ ရှစ်ချင်းချင်း၏မျက်လုံးနှင့် အမူအရာက သိသိသာသာ ပုံမှန် မဟုတ်တာ သေချာနေသည်။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မတည်ငြိမ်ပေ။ သို့သော်ငြား ထိုအရာက ပုံမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူမက ရေခဲ ရိုက်ခံထားရသည့် အိပ်စက်ခြင်းထဲ၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အိပ်မက်ဆိုးများ၏ နှိပ်စက်မှုကို ခံစားခဲ့ရသောကြောင့်ပင်။
“ကျွန်မမှာ ရှင့်ကို ကူညီခွင့်တောင် မရှိတော့ဘူးလား။ ရှင် ကျွန်မကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ပြီး ကူညီခဲ့ဖူးတယ်။ အခု ကျွန်မ ရှင့်ကို ပြန်ကူညီမယ်။ ဒါ အရမ်း တရားမျှတတယ် မဟုတ်လား။ တကယ်လို့ အလုပ်ဖြစ်ခဲ့ရင်၊ နောက်ဆုံးတိုက်ပွဲကနေ ရှင်အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် ကျွန်မကို ကွာရှင်းလို့ ရပါတယ်။”
ရှမ့်လန် မျက်လုံးများကို မှိတ်ပြီး ရှစ်ချင်းချင်း၏ ဝိညာဉ်ကို အာရုံခံလိုက်သည်။ အမှန်တကယ်ပင် သူမ၏ စိတ်ဝိညာဉ်သည် အပိုင်းပိုင်းအစစ ကွဲအက်ကြေမွနေခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် သူမ၏ ဦးနှောက် အာရုံထဲသို့ နောက်တစ်ကြိမ် နက်ရှိုင်းစွာ ဝင်ရောက်သွားသည့်အခါ ရေတွက်၍ မကုန်နိုင်သော အိပ်မက်ဆိုး များကို ချက်ချင်းပဲ ခံစားလိုက်ရသည်။ ထိုအိပ်မက်ဆိုးများသည် သူမ၏စိတ်အာရုံ၌ ဒဏ်ရာ အမာရွတ်များအဖြစ် ပြည့်နှက်နေစေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကြာ အေးခဲအိပ်စက်ခြင်းကာလအတွင်း သူမသည် အနည်းဆုံး အိပ်မက်ဆိုးပေါင်း သောင်းချီ၍ မက်ခဲ့ပေလိမ့်မည်။ ယခုအချိန်တွင် သူမသည် စိတ်ဝိညာဉ် ပြိုလဲ ပျက်စီးရန် နှင့် လုံးဝ ရူးသွပ်သွားရန် ခြေတစ်လှမ်းဝက်အလိုသို့ပင် ရောက်ရှိခဲ့၏။
အပြင်ပန်းတွင် အကောင်းပကတိအတိုင်း ရှိနေသော်လည်း အတွင်း၌မူ အက်ကြောင်းများ ထောင်သောင်းချီ ဖြစ်ပေါ်နေသည့် ရတနာတစ်ခုကဲ့သို့ပင်။ အနည်းငယ်မျှ ထိခိုက်လိုက်ရုံဖြင့် တစ်စစီ ကြေမွသွားနိုင်သည့် အနေအထား ဖြစ်သည်။
ရှမ့်လန်သည် သူမအား ဤကိစ္စရပ်များထဲသို့ ဆွဲထည့်မိသကဲ့သို့ ဖြစ်ခဲ့ရပြီး ဘဝပေါင်းများစွာ နာကျင် ခံစားစေခဲ့မိသည်။ သူသည် ရှေ့သို့ တိုးလိုက်ပြီး ရှစ်ချင်းချင်း၏ ဦးခေါင်းပေါ်သို့ လက်တင်ကာ နွေးထွေး၍ ညင်သာသော စွမ်းအင်များကို ဖြည်းညင်းစွာ ထုတ်လွှတ်ပေးလိုက်သည်။ သူသည် ရှစ်ချင်းချင်း စိတ်ငြိမ်သက်သွားစေရန်နှင့် သူမ၏ စိတ်အာရုံထဲရှိ ဒဏ်ရာအနာတရပေါင်းများစွာကို ကုသပေးရန် ကြိုးပမ်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မင်း ကောင်းကောင်း အိပ်ပျော်ဖို့ လိုတယ်။ အေးခဲအိပ်စက်ခြင်းမျိုး မဟုတ်ဘဲ သဘာဝအတိုင်း အိပ်စက်ခြင်းမျိုးပေါ့။ အိပ်မက်တွေ ရှိချင်ရှိလာလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက အိပ်မက် လှလှလေးတွေ ဖြစ်မှာပါ။”
ရှမ့်လန်က ဆက်ပြောလိုက်၏။ “မင်း နိုးလာတဲ့အခါ ကျုပ် မင်းကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ပြီး မင်္ဂလာပွဲ ကျင်းပပေးမယ်။”
ရှစ်ချင်းချင်းက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒါက ရှင်ပျော်ရွှင်ဖို့အတွက်... ရှင် ပျော်ရွှင်ဖို့အတွက်ပါ။”
သူမက ဆက်ပြောလိုက်၏။ “ကျွန်မက ရှင့်ရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ပေးမှာပါ။ နောက်ဆုံးတိုက်ပွဲပြီးရင် ရှင် အသက်ရှင်လျက် ပြန်လာနိုင်ကောင်း ပြန်လာနိုင်လိမ့်မယ်။ ဒီလိုကိစ္စမျိုးက အရမ်းဆန်းကြယ်ပေမဲ့ တစ်ခါတလေကျတော့လည်း လူတွေက ယုံကြည်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ မင်း သဘောကျမယ်ဆိုရင် ဒါကို ပျော်ရွှင်မှုလို့ပဲ မှတ်ယူ လိုက်ကြတာပေါ့။ ကဲ... အခုတော့ ကောင်းကောင်း အိပ်လိုက်တော့နော်။”
ရှစ်ချင်းချင်းသည် ရှမ့်လန်အား ခေတ္တမျှ စိုက်ကြည့်နေခဲ့၏။ သူမသည် တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း မပြောဖြစ်ခဲ့ပေ။ ထို့နောက် သူမသည် စာကြည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ခွေခွေလေး လှဲလျောင်းရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် သဘာဝအတိုင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။
သူမသည် ဆယ်စုနှစ်များစွာကြာအောင် အိပ်စက်ခဲ့ရသော်လည်း ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်စွာ အိပ်ပျော်သွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။ ရှမ့်လန်သည် သူ၏သမီးဖြစ်သူ ရှမ့်မီတွင် ထိုကဲ့သို့သော အတွေ့အကြုံဆိုးမျိုး မရှိခဲ့သည့်အတွက် အလွန်တရာ ဝမ်းမြောက်မိသည်။ ရှမ့်မီသည် ရှစ်ချင်းချင်း လောက် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိမည် မဟုတ်ပေ။
... ...
ရှစ်ချင်းချင်းသည် ငါးရက်နှင့် ငါးညတိတိ အိပ်စက်ခဲ့သည်။ သူမ နိုးလာပြီးသည့်နောက် ရှမ့်လန်သည် သူမအား အမှန်တကယ်ပင် မင်္ဂလာပွဲ ကျင်းပပေးခဲ့သည်။ ရိုးရှင်းသော်လည်း ခမ်းနားလေးနက်ပြီး ပျော်ရွှင်ဖွယ်ရာကောင်းသော အခမ်းအနားတစ်ခု ဖြစ်ခဲ့သည်။
တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင်သည် ရှစ်ချင်းချင်းအား ကိုယ်လုပ်တော်အဖြစ် တရားဝင် လက်ထပ် ပေါင်းသင်းခဲ့၏။
... ...