← Chapters

အခန်း (၁၃၉၃-၁၃၉၄)

Vol. 79 Ch. 1393-1394

အခန်း (၁၃၉၃-၁၃၉၄)

Vol. 79 Ch. 1393-1394

အပိုင်း (၁၃၉၃)

ဤဉာဏ်အလင်းပွင့်ခြင်း အဆင့်သုံးဆင့်ကို သူ ပြီးမြောက်အောင် လုပ်ရပေမည်။ မဟုတ်ပါက ရှမ့်လန်၏ ဝိညာဉ်က ဤနေရာတွင် ထာဝရ ပိတ်မိနေပြီး တစ်သက်လုံး ထွက်ခွာနိုင်မည် မဟုတ်ချေ။ ထို့အပြင် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ပြီးမှသာ ဤလောကကြီးကို ကယ်တင်ဖို့ စစ်မှန်သည့် မျှော်လင့်ချက် ရှိလာနိုင်မှာဖြစ်သည်။

... ...

အချိန်ကာလသည် ရေအလျဉ်ကဲ့သို့ စီးဆင်းသွားပြီး နေ့ရက်များသည် ရက်ကန်းလွန်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တစ်လခွဲခန့် ကြာပြီးနောက် ကျန်းလီ၏ နဂါးသစ်နှင့် ရှမ့်လန်၏ ဧရာမနဂါးကြီးတို့သည် လ၏ သေဆုံးနေသော အမှောင်ဘက်ခြမ်းဆီသို့ နောက်တစ်ကြိမ် ဦးတည် ပျံသန်းသွားကြ၏။

ဧရာမ ဝဲကတော့ကြီးတစ်ခု အတွင်း၌ ကျန်းလီ၏ ပုံရိပ်သည် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် ဝဲကတော့၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

ကျန်းလီ၏ နဂါးသစ်သည် ဝမ်းနည်းပူဆွေးစွာ မြည်တမ်းလိုက်၏။ ထို့နောက် သူသည် ရှမ့်လန်၏ ရှေ့တွင် ဒူးထောက် လိုက်သည်။ တလခွဲခန့် ကြာသည့်အချိန် မည်သူပဲ အသက်ရှင်ကျန်ရစ်ပါစေ၊ ကျန်ရစ်သူသည် ဤနဂါးနှစ်ကောင်၏ တစ်ဦးတည်းသော သခင် ဖြစ်လာလိမ့်မည်ဟု ကျန်းလီ မှာကြားခဲ့သည် မဟုတ်ပါလား။

ရှမ့်ရိလုံက ပြောလိုက်၏။ “သွားစို့... သခင့်ကို အိမ်ပြန်ခေါ်သွားရအောင်။”

ကျန်းလီ၏ နဂါးသစ်သည် သူ့သားပင် ဖြစ်သည်။ နဂါးသစ်သည် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ညင်သာစွာ မ,ယူလိုက်ပြီး သူ၏ ကျောပေါ်သို့ တင်၏။ နဂါးနှစ်ကောင်သည် ရှမ့်လန်ကို သယ်ဆောင်လျက် လကမ္ဘာမှ ထွက်ခွာလာပြီး လက်တွေ့လောကဆီသို့ ပြန်လာခဲ့ကြသည်။

... ...

မည်သူမှ သတင်းမပို့သော်လည်း တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်ရှိ လူတိုင်းနှင့် ကျန်းလီ အင်ပါယာရှိ ရှေးဟောင်းလူသားသစ် အားလုံးသည် ရှမ့်လန်နှင့် ကျန်းလီတို့ လကမ္ဘာပေါ်တွင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲနေကြကြောင်း သိရှိကြသည်။ ကျန်းအင်ပါယာရှိ သာမန်ပြည်သူများပင် ဤကိစ္စကို ရိပ်စားမိနေကြ၏။

လုံခြုံစိတ်ချရသော တံတိုင်းဟူသည် မရှိပေ။ ရှမ့်လန် ပြန်လာပြီး နုရှောင့်မြို့ကို ပြန်လည် တည်ထောင်လိုက် ချိန်မှာတော့ ကျန်းအင်ပါယာ တောင်ဘက်ပိုင်းမှ လူအများအပြားသည် ချန်အင်ပါယာဘက်သို့ ထွက်ပြေး လာခဲ့ကြသည်။ ထို့ကြောင့် လူအများအပြားသည် အမှန်တရားကို သိရှိသွားကြသည်။

လောကအရှင်သခင်သည် ရှမ့်လန်၏ ဖခင်၊ အရှင် ကျန်းလီ ဖြစ်ကြောင်း သူတို့ သိရှိသွားကြ၏။ အရှင်ရှမ့်လန် သည် တော်ဝင်ချန်အင်ပါယာကို ပြန်လည် တည်ထောင်နေပြီး လောကကြီးကို ပြန်လည်သိမ်းပိုက်ကာ လွတ်မြောက်စေရန် ပြင်ဆင်နေကြောင်းလည်း သိရှိလိုက်ကြ၏။

အမှန်တရားကို သိပြီးနောက် လူတိုင်း သက်ပြင်းချလိုက်ကြသည်။ ‘ကျုပ် ပြောသားပဲ။ အရှင်ရှမ့်လန်က လောကသူ၊ လောကသားတွေကို ဒီလို ဆက်ဆံပါ့မလား။ သူက ကျွန်တွေ အများကြီး မွေးထားပါ့မလားလို့...’

အမှန်စင်စစ် အတိတ်ကာလက အရှင်ကျန်းလီ၏ ဂုဏ်သတင်းသည် ရှမ့်လန်ထက်ပင် ပိုမို ကောင်းမွန် ခဲ့သည်။ အတိတ်ကာလက ကျန်းလီသည် ပြည်သူများကို မိမိသားသမီးများကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုးကြောင်း ပြသခဲ့ဖူးသည်။ တခြားတစ်ဖက်မှာတော့ ရှမ့်လန်သည် လောကသူ၊ လောကသားများ အပေါ် အမြဲတမ်း မောက်မာစွာ ဆက်ဆံလေ့ရှိ၏။

ထိုသို့ဆိုလျှင် အမှန်တရားကို သိပြီးနောက် လူထု၏ တုံ့ပြန်မှုက မည်ကဲ့သို့ ဖြစ်နေသနည်း။ ထူးဆန်းသည်မှာ မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းပင်။

အရှင်ကျန်းလီ၏ အင်ပါယာသည် အလွန် အမှောင်ကျနေခဲ့၏။ ဤလူများသည် ပုန်ကန်ကြမည်လား။ ကျန်းလီကို ဆဲဆိုကြမည်လား။ ကျန်းလီ၏ ရုပ်တုကြီး ပြိုလဲသွားမည်လား။

လုံးဝ မဟုတ်ပေ။ မရေမတွက်နိုင်သော လူများသည် ကျန်းလီဘက်မှ ကာကွယ်ပြောဆိုကြသည်။ အင်ပါယာ အနေဖြင့် ဤမျှ ဖိနှိပ်ချုပ်ချယ်ပြီး တင်းကျပ်ထားရန် လိုအပ်ကြောင်း၊ အရှင်ကျန်းလီ လုပ်သမျှ အရာအားလုံးသည် လောကကြီးကို ကယ်တင်ရန် ဖြစ်ကြောင်း ပြောဆိုကြ၏။ ထို့ကြောင့် ရုပ်တုကြီး ပြိုလဲ မသွားခဲ့ပေ။ တောက်ပနေဆဲပင် ဖြစ်သည်။

အမှန်စင်စစ် ကျန်းလီတစ်ယောက်တည်း တောက်ပနေသည် မဟုတ်ပေ။ ရှမ့်လန်လည်း တောက်ပနေသည်။ အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာ သူ၏ ‘နုရှောင့်မြို့တော်’ ကို အမှန်တကယ် မြင်ဖူးကြသော်လည်း ဒဏ္ဍာရီကဲ့သို့ ကြားဖူးသူများက များပြားလာသည်။ ထိုမြို့ကို နတ်ပြည်တစ်ခုအလား တင်စား ပြောဆိုကြ၏။

ထို့ကြောင့် လောကသူ၊ လောကသားများ၏ မျက်လုံးထဲတွင် ရှမ့်လန်နှင့် ကျန်းလီတို့သည် ရန်သူများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးစလုံးသည် မကောင်းဆိုးဝါးများ မဟုတ်ကြပေ။ ရှမ့်လန်နှင့် အရှင် ကျန်းလီတို့သည် သူတို့၏လမ်းစဉ်အတွက် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်ဟု ခံယူထားကြသည်။

အရှင်ကျန်းလီ အဘယ်ကြောင့် မသေဆုံးဘဲ အင်ပါယာ၏ အရှင်သခင် ပြန်ဖြစ်လာသနည်း ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ လူထုသည် အကြီးအကျယ် ပြောဆိုနေကြသော်လည်း ဇဝေဇဝါ ဖြစ်နေကြ၏။ ဤကိစ္စကို တုန်လှုပ်ဖွယ်ရာ ပူးပေါင်းကြံစည်မှုကြီးတစ်ခုအဖြစ် မည်သူမှ ပုံမဖော်လိုကြပေ။

ထို့အပြင် ရှမ့်လန်နှင့် ကျန်းလီတို့၏ တိုက်ပွဲနှင့် ပတ်သက်၍ လောကသူ၊ လောကသားများ မည်သို့ ထင်မြင်ကြသနည်း။ ထူးဆန်းသည်မှာ သူတို့ သိပ်အရေးမလုပ်ကြခြင်းပင်။ တိတိကျကျ ပြောရလျှင် သူတို့၏ အတွေးမှာ ဤသို့ ဖြစ်၏။

‘ဘယ်သူနိုင်နိုင် အရေးမကြီးဘူး။’

သူတို့၏အမြင်တွင် အရှင်ရှမ့်လန်နှင့် အရှင်ကျန်းလီ နှစ်ဦးစလုံးသည် ကောင်းကင်ဘုံမှ လူများ ဖြစ်ကြ၏။ အနိုင်ရသူသည် မှန်ကန်ကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး လောကကြီးကို ကယ်တင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်သူပဲ နိုင်နိုင် သူတို့အားလုံး နာခံကြမည်။

ထို့ကြောင့် အလွန် ထူးဆန်းနေသည်။ ကျန်းအင်ပါယာသည် သိသာထင်ရှားစွာ ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက် ကြမ်းကြုတ်သည်ဟုပင် ဆိုနိုင်၏။ သို့သော်ငြား အမှန်တရားကို သိရှိပြီးနောက်တွင် ယခင်ကထက် ဆန့်ကျင်သူ နည်းပါးသွားခဲ့သည်။

အကြောင်းရင်း နှစ်ချက် ရှိကောင်း ရှိနိုင်သည်။ ပထမအကြောင်းရင်းမှာ ပြင်ပလောကကြီးသည် အေးခဲနေပြီး သက်ရှိအားလုံး သေဆုံးကုန်ကြပြီ ဖြစ်၏။ ထို့ကြောင့် ကျန်းအင်ပါယာ၏ အမိုးခုံး မြို့တော်များသည် အထူး ခမ်းနား ထည်ဝါနေခြင်း ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ အရှင်ရှမ့်လန် ပြန်လာပြီ ဖြစ်သောကြောင့် လူတိုင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

‘ဒါက အရှင်နှစ်ပါးကြားက မဟာလမ်းစဉ် တိုက်ပွဲပဲ။ ကောင်းကင်ဘုံလမ်းစဉ် တိုက်ပွဲပဲ။ ကျုပ်တို့က ခေါင်းမော့ပြီး ကိုးကွယ်ရုံပဲ ရှိတယ်။ ကျန်တာတွေ ဝင်မပါနဲ့။’

ထိုသို့ဆိုရင် မေးစရာ ရှိသည်က လောကသူ၊ လောကသားများက မည်သူ့ကို နိုင်စေချင်သနည်း။ သေချာပေါက် ရှမ့်လန်ကို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အံ့ဖွယ်ရာများနှင့် ပြောင်းလဲမှုကို တောင့်တကြသောကြောင့်ပင်။

ထို့အပြင် နုရှောင့်မြို့တော်၏ ဒဏ္ဍာရီသည် ပြီးပြည့်စုံလွန်းနေသည်။ ထို့အပြင် လွန်ခဲ့သော နှစ် ၃၀ အတွင်း လူတိုင်း၏ နှလုံးသားထဲရှိ အရှင်သည် အမြဲတမ်း ရှမ့်လန်သာ ဖြစ်ခဲ့သည်။ သူတို့သည် နှလုံးသားအောက်ခြေမှ ရှမ့်လန်ကို သစ္စာရှိကြ၏။ ဤယုံကြည်ချက်သည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ပြောင်းလဲရန် အလွန် ခက်ခဲသည်။

ထို့ကြောင့် အချိန်တစ်ခုရောက်ချိန်မှာတော့ လူများသည် လမင်းကြီးကို မော့ကြည့် လာကြသည်။ အစပိုင်းတွင် ရှေးဟောင်းလူသားသစ်များက စတင် မော့ကြည့်ကြခြင်း ဖြစ်၏။ ပိုမို တိကျစွာ ပြောရလျှင် ကျန်းအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျန်းမင်၊ ထို့နောက် ကျန်းအင်ပါယာ၏ ဝန်ကြီးများ၊ ထို့နောက် ရှေးဟောင်းလူသားသစ် သိန်းပေါင်းများစွာတို့ ဖြစ်ကြ၏။

သာမန်ပြည်သူများကမူ ဘာဖြစ်နေမှန်း မသိကြပေ။ သို့သော်ငြား တခြားလူများ လမင်းကြီးကို မော့ကြည့်နေကြသည်ကို မြင်ချိန်မှာတော့ သူတို့လည်း လိုက်ကြည့်ကြသည်။ နောက်ဆုံးတွင် လောကကြီး တစ်ခုလုံးသည် လမင်းကြီးရှိရာဘက်သို့ မျှော်ကြည့်ကာ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြသည်။

... ...

တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်တွင်လည်း ထိုနည်းတူပင်။ ကျန်းအင်ပါယာမှ လူများသည် တည်ငြိမ်ကြသော်လည်း တော်ဝင်ချန်အင်ပါယာ နုရှောင့်မြို့တော်မှ လူများကမူ ပိုမို စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် နေ့တိုင်းနီးပါး ဆုတောင်းကြပြီး အရှင်ရှမ့်လန် အနိုင်ရပါစေကြောင်း၊ တရားမျှတမှု အနိုင်ရပါစေကြောင်း နတ်ဘုရားများထံ ရိုးသားစွာ တောင်းဆုပြုကြ၏။

သူတို့၏ ရပ်တည်ချက်သည် အလွန် ရှင်းလင်းသည်။ အရှင်ရှမ့်လန်သည် ဖြောင့်မတ်မှန်ကန်ပြီး ကျန်းလီသည် ယုတ်မာ ကောက်ကျစ်သည်။ အကယ်၍ အရှင်ရှမ့်လန် ရှုံးနိမ့်ခဲ့လျှင် သူတို့ ဆက်လက် ရှင်သန်နေစရာ အကြောင်း မရှိတော့ပေ။ သူတို့သည် တပ်ဖွဲ့အားလုံးကို စုစည်းပြီး အင်ပါယာမြို့တော်ကို တိုက်ခိုက်ကြ ပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ရှမ့်လန် ပြန်မရောက်လာသေးပေ။ နုရှောင့်မြို့တော်တွင် မိမိကိုယ်ကို အဆုံး စီရင်မှုများ မြင့်တက်လာခဲ့သည်။ အမှန်စင်စစ် ထိုပရာသည် စိတ်ပျက်အားငယ်၍ အဆုံးစီရင်ခြင်း မဟုတ်ဘဲ ပေးဆပ်စတေးခြင်းသာ ဖြစ်၏။

အရှင်ရှမ့်လန်သည် အလွန် အစွမ်းထက်သော်လည်း သူ့ကံကြမ္မာ ကောင်းမွန်စေရန် ယဇ်ပူဇော်မှု လိုအပ်သည်ဟု မည်သူ ပြောလိုက်မှန်း မသိပေ။ ထို့ကြောင့် လူတစ်စုသည် ရှမ့်လန်အတွက် ယဇ်ပူဇော်သည့် အနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်။

တော်ဝင်ချန်အင်ပါယာ၏ နိုင်ငံတော် ဝန်ကြီးချုပ်က ဤသတင်းကို ကြားချိန်မှာတော့ ချက်ချင်း တားမြစ် လိုက်သည်။ ထိုအရာသည် ယဇ်ပူဇော်ခြင်း မဟုတ်ဘဲ အရှင်ရှမ့်လန်ကို ဒုက္ခပေးရာ ရောက်ကြောင်း ပြောဆိုခဲ့၏။ လူတိုင်း ကောင်းမွန်စွာ ရှင်သန်နေထိုင်ပြီး အရှင် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။

ထို့နောက် လူအချို့က ကောလဟာလတစ်ခု ဖြန့်ကြပြန်၏။ အရှင်ရှမ့်လန် သေဆုံးခြင်း ရှိ၊ မရှိ သိရန် အလွန် လွယ်ကူသည်။ မင်းသမီးလေး ရှိသေးသလား။ သူမသည် အရှင်ရှမ့်လန် အချစ်ဆုံး သမီးလေး ဖြစ်သည်။ အကယ်၍ အရှင်ရှမ့်လန်သာ သေဆုံးသွားလျှင် မင်းသမီးလေးလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ကြောင့် နုရှောင့်မြို့တော်ရှိ မရေမတွက်နိုင်သော လူများသည် မင်းသမီးယောင်ယောင်ကို စောင့်ကြည့် နေကြသည်။ နေ့တိုင်း သတင်းများ ထွက်ပေါ်လာ၏။ နောက်ပိုင်းတွင် တစ်နာရီ တစ်ခါ၊ ၁၅ မိနစ် တစ်ခါ သတင်းများ ထွက်ပေါ်လာသည်။ ထို့အပြင် ထွက်ပေါ်လာသော သတင်းများသည် အတူတူပင် ဖြစ်သည်။

“မင်းသမီးယောင်ယောင် ပန်းချီဆွဲနေတယ်။ သူက ‘သာမန် မိသားစု ညစာစားပွဲ’ ပုံကို ဆွဲနေတာပါ။” ဤသတင်းကို အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုနေကြ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်… သတင်းထွက်လာတိုင်း မင်းသမီးယောင်ယောင်သည် ထိုပန်းချီကားကိုသာ ဆွဲနေကြောင်း သိရသည်။ လူတိုင်း သက်ပြင်းချလိုက်ကြသော်လည်း ကြောက်ရွံ့မှုကို ဖိနှိပ်ထားကြဆဲ ဖြစ်သည်။

အကယ်၍ မင်းသမီးယောင်ယောင် ရှိနေသေးလျှင် အရှင်ရှမ့်လန် မသေသေးဘဲ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။ သို့သော်ငြား သူမသည် ထိုပန်းချီကားကို ဆက်ဆွဲနေခြင်းက အနိုင်အရှုံး မဆုံးဖြတ်ရသေးကြောင်း သက်သေပြနေပြန်၏။ မင်းသမီးယောင်ယောင်သည်လည်း ပန်းချီဆွဲခြင်းကို အကြောင်းပြပြီး ဆုတောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် ယောင်ယောင်၏ ‘သာမန် မိသားစု ညစာစားပွဲ’ ပန်းချီကား ပြီးစီးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောင်ယောင်သည် ပန်းချီကား၏ ညာဘက်အောက် ထောင့်တွင် လက်မှတ် ရေးထိုးလိုက်သောကြောင့် ဖြစ်၏။

‘ယောင်ယောင်’ ဟူသော စာလုံးသာမက ပျော်ရွှင်မှုများ ပြည့်နှက်နေသော နှစ်ဖက်မြင်ပုံစံ မျက်နှာလေးတစ်ခုကိုပါ ရေးဆွဲခဲ့သည်။ ထို့နောက် မင်းသမီးယောင်ယောင်သည် ပန်းချီ စာရွက်အသစ် တစ်ခုကို ထုတ်ယူပြီး ပန်းချီထပ်ဆွဲပြန်သည်။

မင်းသမီး ရှမ့်မီ တုန်လှုပ်စွာ မေးလိုက်၏။ “အစ်မ... ဖေဖေ နိုင်သွားပြီ မဟုတ်လား။ ဖေဖေ ပြန်လာတော့မယ် မဟုတ်လား။”

ယောင်ယောင် ချိုသာစွာ ပြုံးလိုက်ပြီး ဆက်လက် ပန်းချီဆွဲနေသည်။ အစ်မယောင်ယောင် ဆွဲနေသော လူပုံမှာ ကျန်းလီဖြစ်ကြောင်း ရှမ့်မီ လျင်မြန်စွာ မြင်တွေ့လိုက်ရ၏။ အထွတ်အထိပ် အာဏာစက်များ ပြည့်နှက်နေသော ကျန်းလီပင်။ ဤပန်းချီကားသည် ကွယ်လွန်သူ၏ ပုံတူကဲ့သို့ပင် လေးနက်တည်ကြည် နေသည်။

မကြာမီတွင် သတင်း ပြန့်နှံ့သွားခဲ့၏။ “မင်းသမီးယောင်ယောင်ရဲ့ သာမန်မိသားစု ညစာစားပွဲ ပန်းချီကား ပြီးသွားပါပြီ။ သူ အခု ကျန်းလီရဲ့ ပုံတူကို ဆွဲနေပါတယ်။”

“အရှင်ရှမ့်လန် နိုင်သွားပြီ။ အရှင်ရှမ့်လန် နိုင်သွားပြီ။”

ထို့နောက် နုရှောင့်မြို့တော်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှု၊ တက်ကြွမှုနှင့် အရူးအမူး ဖြစ်မှုတို့ဖြင့် ပြည့်နှက် သွားခဲ့သည်။ ဤအချိန်တွင် ရှမ့်လန် ပြန်မရောက်လာသေးပေ။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်သည် အောင်ပွဲခံရန် မစောင့်နိုင်တော့ဘဲ ပျော်ရွှင်မှု ပင်လယ်ထဲတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

ထို့နောက် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးများနှင့် အတိုင်ပင်ခံ လွှတ်တော်တို့သည် အရှေ့ပိုင်းအင်ပါယာ တစ်ခုလုံးနှင့် ရှီလွန်အင်ပါယာကို မည်သို့ သိမ်းပိုက်ရမည်။ ကျန်းအင်ပါယာ၏ အမိုးခုံးမြို့တော် ၂၀၀ ကို နျူကလီးယား စွမ်းအင်ဗဟိုချက်များအဖြစ် မည်သို့ ချောမွေ့စွာ ပြောင်းလဲရမည် စသည်တို့ကို ဆွေးနွေးရန် နေ့စဉ် အစည်းအဝေးများ ကျင်းပကြ၏။

ထို့အပြင် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးဌာနများနှင့် အတိုင်ပင်ခံ လွှတ်တော်ကို တိုးချဲ့ပြီး ပြန်လည် ဖွဲ့စည်းရန် လိုအပ်နေသည်။

အမှန်စင်စစ် ကျိုးရှီသည် သူ၏ရာထူးကို တော်ဝင်ချန်အင်ပါယာ၏ တတိယ ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲရန် မစောင့်နိုင်တော့ပေ။ အချိန်အတော်ကြာ သူတို့သည် ပြည်ပရောက် အစိုးရအဖွဲ့ဝင်များ ဖြစ်ခဲ့ကြ၏။

တော်ဝင်ချန်အင်ပါယာ၏ နိုင်ငံတော် ဝန်ကြီးချုပ်၊ အတိုင်ပင်ခံ လွှတ်တော် ဝန်ကြီးများ၊ မင်းသားကျင်း၊ ကျန်းချုံး၊ စုနန်နှင့် အခြားသူများ အားလုံး အကျဉ်းချခံခဲ့ရသည်။ ယခု အရှင် အနိုင်ရပြီ ဖြစ်သောကြောင့် ဤလူစုသည် သဘာဝကျကျ လွတ်မြောက်လာကြမည် ဖြစ်ပြီး အင်ပါယာ၏ ဗဟိုအစိုးရကို ဆက်လက် ထိန်းချုပ်ကြပေတော့မည်။

ပြည်ပရောက် အစိုးရ အရာရှိများအနေဖြင့် သူတို့ အနည်းငယ် နောက်ဆုတ်ပေးရန် လိုအပ်သည်ဟု ခံစားကြရသည်။ သို့သော်ငြား ထိုမျှ မကသေးပေ။ တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးများသည် ကိစ္စတစ်ခုနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံရန်ဖြစ်နေကြသေးသည်။

ရှီလွန်အင်ပါယာကို ပြန်ပေးသင့်သလား။ လွန်ခဲ့သော နှစ် ၃၀ က ရှီလွန်အင်ပါယာနှင့် အရှေ့ပိုင်းအင်ပါယာ သည် တန်းတူညီမျှသော အင်ပါယာများ ဖြစ်ခဲ့ကြောင်း လူတိုင်း သိကြ၏။ ထို့အပြင် ရှီလွန်အင်ပါယာ၏ ဘုရင်မမှာ အရှင်ရှမ့်လန်၏ အစ်မ ဟယ်လင် ဖြစ်သည်။ သို့သော်ငြား နောက်ပိုင်းတွင် ကျန်းအင်ပါယာ၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။

ယခု အရှင်ရှမ့်လန်သည် အင်ပါယာကို ပြန်လည် သိမ်းပိုက်တော့မည် ဖြစ်ရာ ရှီလွန်အင်ပါယာကို ဘုရင်မ ဟယ်လင်ထံသို့ ပြန်ပေးသင့်သလား။ တချို့က ပြန်ပေးသင့်ကြောင်း ပြောကြ၏။ လောကကြီးသည် တရားဝင်မှုနှင့် တရားမျှတမှုကို ဂရုပြုရန် လိုအပ်သည်။ တချို့ကမူ ရှေးရိုးစွဲလွန်းသည်ဟု ဆဲဆိုကြ၏။ ကျန်းလီက ရှီလွန်အင်ပါယာကို သိမ်းပိုက်ပြီးပြီ ဖြစ်ရာ ဘာကိစ္စ ပြန်ပေးရမည်နည်း။ အရှင်ရှမ့်လန်က လောကကြီးတစ်ခုလုံးကို အုပ်ချုပ်သင့်သည် မဟုတ်ပါလား။

အပိုင်း (၁၃၉၄)

ဘုရင်မ ဟယ်လင်အတွက်မူ အလွန်လွယ်ကူသည်။ သူမသည် ယခင်က ဒုတိယဧကရီ ဖြစ်ခဲ့ပြီး အနာဂတ် တွင်လည်း တော်ဝင်ချန်အင်ပါယာ၏ ဒုတိယဧကရီ ဖြစ်လာဦးမည်။ ရှီလွန်အင်ပါယာ၏ နယ်မြေသည် သူမ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်။

ငြင်းခုံစရာ ကိစ္စရပ်များမှာ များပြားလွန်းလှသည်။ ဥပမာအားဖြင့် အမဲရောင်ပြည်နယ်၏ စီရင်ပိုင်ခွင့်ကို ဖယ်ရှားသင့်လား။ ထို့အပြင် ထိုနေရာရှိ လူအားလုံးကို ရွှေ့ပြောင်းပြီး စမ်းသပ်မှု ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲသင့်သလား။ နောက်ထပ်တစ်ခုမှာ မြောက်ဝင်ရိုးစွန်းတွင် ပြည်နယ်တစ်ခု တည်ထောင်သင့်လား စသည်တို့ ဖြစ်သည်။

ရှမ့်လန် ပြန်မရောက်လာသေးသော်လည်း သူတို့သည် နောက်နှစ်အနည်းငယ်အတွက် စီမံကိန်းကို စတင် ရေးဆွဲနေကြပြီ ဖြစ်၏။ သို့သော်ငြား သူတို့ တစ်ခါမှ မဆွေးနွေးဖူးသော ကိစ္စတစ်ခု ရှိသည်။ ရှေးဟောင်းလူသားသစ်များ၏ ကံကြမ္မာကို ဖြစ်သည်။

ကျန်းလီ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ သူသည် မကောင်းဆိုးဝါး ဖြစ်သောကြောင့် ဤရှေးဟောင်းလူသားသစ်များ သည်လည်း သဘာဝကျကျ မကောင်းဆိုးဝါးများ ဖြစ်ကြပေသည်။ ရှေးဟောင်းရုပ်သေး စစ်သည်တော်များ လည်း ရှိသေး၏။ ထိုသူတို့ အားလုံးကို ကွပ်မျက်သင့်သည်လား။ ထိုသူတို့၏ ကံကြမ္မာကို မည်သို့ စီရင်သင့်သနည်း။

မည်သူမှဤခေါင်းစဉ်ကို မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အရှင်ရှမ့်လန်၏ လုပ်ပိုင်ခွင့် ဖြစ်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။ အရာရှိများအနေဖြင့် ကျော်လွန် ဆောင်ရွက်၍ မရနိုင်ပေ။

... ...

ဤကဲ့သို့သော လေထုအခြေအနေမျိုးတွင် ဧရာမနဂါးကြီးနှစ်ကောင် ကောင်းကင်မှ ဆင်းသက်လာပြီး ရှမ့်လန်ကို နုရှောင့်မြို့တော် အထက်သို့ ခေါ်ဆောင်လာချိန်မှာတော့ မည်သူမှ မအံ့သြကြပေ။

နုရှောင့် မြို့တော်သူ၊ မြို့တော်သားများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြဆဲဖြစ်ပြီး သန်းပေါင်းများစွာသော လူများသည် ပြိုင်တူ အော်ဟစ်နေကြသည်။ “အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ဧရာမနဂါးကြီးများသည် ရှမ့်လန်ကို တော်ဝင်ချန်နန်းတော်သို့ ပြန်ပို့ပြီးနောက် နဂါးကြီးသုံးကောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး နန်းတော်၏ ရင်ပြင်တွင် မလှုပ်မယှက် ရပ်လိုက်ကြသည်။ အမှန်စင်စစ် သူတို့သည် ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်သော်လည်း ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြ၏။

ဤသည်မှာ ရှမ့်လန်ကို ကာကွယ်ရန်နှင့် ပြီးပြည့်စုံသော စွမ်းအင်အစီအရင်တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်ရှမ့်လန်သည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ခံယူနေကြောင်း နဂါးကြီး သုံးကောင် သိရှိထားသောကြောင့် ဖြစ်သည်။

ကျိလုံအာသည် ရှမ့်ရိလုံနှင့် ကျန်းရှင်းလုံ (ကျန်းလီ၏နဂါးသစ်) တို့နှင့် ရင်းနှီးရန် စိတ်လှုပ်ရှားစွာ သွားရောက်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် တစ်ကောင်မှာ သူမ၏ ခင်ပွန်းဖြစ်ပြီး နောက်တစ်ကောင်မှာ သူမ၏သား ဖြစ်သောကြောင့်ပင်။ သို့သော်ငြား နဂါးနှစ်ကောင်သည် သူမကို အလွန်လေးနက်စွာ ကြည့်လိုက်ကြ၏။ ထို့ကြောင့် ကျိလုံအာသည်လည်း ရင်ပြင်တွင် လေးနက်စွာ ရပ်လိုက်ပြီး ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက် နေလိုက်၏။

... ...

ရှမ့်လန်သည် နုရှောင့်မြို့တော်သို့ ပြန်ရောက်ပြီးနောက် မျက်နှာ ထပ်မပြတော့ပေ။ သူသည် မျက်လုံးပင် မဖွင့်၊ လှုပ်ပင် မလှုပ်တော့ပေ။ ထိုအစား သူသည် စစ်မှန်သော ကျောက်ရုပ်တစ်ရုပ် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ခံယူနေသောကြောင့် ဖြစ်သည်။

သူသည် အဆုံးစွန် ဒဿနဆိုင်ရာ မေးခွန်းသုံးခုကို ပြီးမြောက်အောင် တွေးခေါ်နေခြင်း ဖြစ်၏။ 'ငါ ဘယ်က လာသလဲ။ ငါ ဘယ်မှာ ရောက်နေသလဲ။ ငါ ဘယ်ကို သွားမလဲ။'

အကယ်၍ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို မပြီးမြောက်နိုင်ပါက ရှမ့်လန်သည် ဘယ်တော့မှ အစစ်အမှန် ပြန်လာနိုင်မည် မဟုတ်ပေ။ သူသည် တစ်သက်လုံး ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းအတွက် မဟာပုဂ္ဂိုလ်ကြီး သုံးဦးနှင့် လူပေါင်းတစ်သောင်းကျော်၏ ဝိညာဉ်များကို ပေးဆပ်စတေးခဲ့ရသော်လည်း ရှမ့်လန်သည် လက်တွေ့လောကတွင် လဝက်ကျော် ကြာမြင့်ခဲ့သည်။ သူ၏ဝိညာဉ်ဟင်းလင်းပြင်ထဲတွင်မူ မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းခဲ့ရ၏။ ဂလက်ဆီတစ်ခုလုံး ပျက်စီးပြီး ပြန်လည်မွေးဖွားသကဲ့သို့ ဖြစ်ခဲ့သည်။

ယခုမူ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဖြစ်သည်။ ထိုအရာသည် အချိန်နှင့် ဟင်းလင်းပြင်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူ၏ဝိညာဉ်လောကတွင် ဖြတ်သန်းရမည့် အချိန်သည် အဆုံးအစ မရှိသလောက်ပင်။

အဘယ်ကြောင့်ဆိုသော် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းသည် အလွန် ခက်ခဲလွန်းသောကြောင့် ဖြစ်၏။ ကျန်းလီ၏ ပေးဆပ်မှု ရှိနေသည့်တိုင်၊ ရှင်းလင်းသော ဦးတည်ချက် ရှိနေသည့်တိုင် အလွန်ခက်ခဲနေဆဲပင်။

လူသားများသည် သုံးဘက်မြင်လောကမှ သတ္တဝါများ ဖြစ်ကြ၏။ မိမိတို့၏ အတိုင်းအတာကို ကျော်လွန်ပြီး ပိုမို မြင့်မားသော အတိုင်းအတာ၏ လျှို့ဝှက်ချက်များကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။ တစ်ရက် ကုန်ဆုံးသွားခဲ့သည်။

တစ်လ ကုန်ဆုံးသွားခဲ့သည်။ နှစ်ဝက် ကုန်ဆုံးသွားခဲ့သည်။ တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။

အချို့လူများသည် အရှင်ရှမ့်လန် နိုးမလာတော့မည်ကိုပင် စိုးရိမ်ပူပန်လာကြသည်။ အမှန်စင်စစ် ရှမ့်လန်သည် ဉာဏ်အလင်းပွင့်ခြင်း လောကထဲတွင် ရှိနေသော်လည်း အင်ပါယာသည် စနစ်တကျ လည်ပတ်နေဆဲ ဖြစ်၏။ အချိန် မည်မျှ ကုန်ဆုံးသွားပြီလဲ မသိပေ။ အနည်းဆုံးတော့ ရှမ့်လန်၏ ဝိညာဉ်ကမ္ဘာထဲတွင် အချိန် မည်မျှ ကုန်ဆုံးသွားပြီလဲ မသိပေ။

ရုတ်တရက် တစ်နေ့တွင် သူ မျက်လုံးဖွင့်ပြီး နိုးထလာခဲ့သည်။ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ကြီးမားသော အောင်မြင်မှု တစ်ခုပင်။ သူ မျက်လုံးဖွင့်လိုက်သည့် ခဏတွင် သူ့ရှေ့ရှိ ခန်းမကြီးတစ်ခုလုံးတွင် ဒူးထောက်နေသော လူများဖြင့် ပြည့်နှက်နေကြောင်း ရှမ့်လန် မြင်လိုက်ရ၏။

အိမ်ရှေ့စံမင်းသား ကျန်းမင် ဦးဆောင်သော ကျန်အင်ပါယာ၏ အရေးပါသော အရာရှိများ အားလုံးသည် သူတို့၏ မူလရုပ်သွင်ပြင်များအတိုင်း ပြန်လည် ရောက်ရှိနေကြ၏။ သူတို့သည် ခန်းမကြီးထဲတွင် သေသပ် ညီညာစွာ ဒူးထောက်နေကြပြီး မလှုပ်မယှက် ရှိနေကြသည်။ သူတို့ ဒူးထောက်နေခဲ့သည်မှာ သုံးနှစ်တိတိ ရှိပြီ ဖြစ်သည်။

ရှမ့်လန် ဉာဏ်အလင်းဖွင့်နေခဲ့သည်မှာ သုံးနှစ် ရှိပြီ ဖြစ်သည်။ အရှင်ကျန်းလီ သေဆုံးသွားပြီ ဖြစ်သောကြောင့် ရှမ့်လန်သည် ဤရှေးဟောင်း လူသားသစ်များ အပါအဝင် လောကကြီးတစ်ခုလုံးကို အုပ်ချုပ်ခွင့် အာဏာကို အလိုအလျောက် ရရှိသွားခဲ့၏။

“လက်အောက်ငယ်သား ကျန်းမင်... အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။” ထောင်ပေါင်းများစွာသော ရှေးဟောင်းလူသားသစ်များသည် သုံးကြိမ် ဦးညွှတ်ပြီး ကိုးကြိမ် ဦးတိုက် လိုက်ကြသည်။

ထို့နောက် အိမ်ရှေ့စံမင်းသားကျန်းမင်သည် နောက်ထပ် တစ်ကြိမ် ဦးညွှတ်လိုက်ပြန်၏။ “အရှင်... ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးတော်မူပါ။”

မည်သည်ကို ဆုံးဖြတ်ရမည်နည်း။ သေချာပေါက် ရှေးဟောင်းလူသားသစ်များ၏ ကံကြမ္မာ၊ ရှေးဟောင်း ရုပ်သေး စစ်သည်တော်များ၏ ကံကြမ္မာနှင့် ငရဲသလင်းကျောက်များ၏ ကံကြမ္မာပင် ဖြစ်သည်။ သူတို့ ရှင်သန်ရမည်လား၊ သေဆုံးရမည်လား ဆိုသည်ကို ရှမ့်လန်က ဆုံးဖြတ်ရပေတော့မည်။

ရှိနေကြသော ထောင်ပေါင်းများစွာသောလူများသည် ရှေးဟောင်းလူသားသစ်များ၏ အထက်တန်း ခေါင်းဆောင်များ ဖြစ်ကြသည်။ ယခင်က သူတို့သည် လောကကြီးကို အုပ်စိုးခဲ့သူများ ဖြစ်ကြ၏။

ယခု ရှမ့်လန်က သူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ ဤကိစ္စသည် အလွန် ပြဿနာကြီးလှပေသည်။

ပထမအချက်အနေဖြင့် ဤရှေးဟောင်းလူသားသစ်များသည် သူတို့၏ ဝိညာဉ်များကို ကာကွယ်ပေးထားသော ငရဲသလင်းကျောက်များ ရှိကြ၏။ ထို့အပြင် သူတို့၌ စွမ်းအင်ခန္ဓာကိုယ်များ ရှိကြသောကြောင့် မသေနိုင်သလောက်ပင်။

ထို့ကြောင့် သူတို့သည် သာမန်လူသားများထက် သဘာဝကျကျ ပိုမိုသန်မာကြသည်။ သူတို့ကို မည်မျှပင် ဖိနှိပ်ထားပါစေ၊ သူတို့သည် ပြန်လည် ထကြွလာပြီး လောက၏အာဏာကို သိမ်းပိုက်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လုံလောက်အောင် အသက်ရှည်နိုင်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူတို့၏ တည်ရှိမှုသည် သာမန်လူသားများအပေါ် ကြီးမားသောဖိအား ဖြစ်စေသည်။ မသေနိုင်ခြင်းဆိုသည်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

လောလောဆယ်တွင် ကျန်းလီ သေဆုံးသွားသောကြောင့် ဤရှေးဟောင်းလူသားသစ်များသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိနိုင်၏။

သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် အလွန်မြင့်မားသော အဆင့်အတန်းကို ပြန်လည် ရရှိလာကြပေလိမ့်မည်။ ထို့အပြင် သာမန်လူသားများအတွက် သူတို့သည် အလွန် အစွမ်းထက်လွန်းနေသည်။ ထို့ကြောင့် ဤလူစု၏ တည်ရှိမှုသည် လောကကြီးကို သေချာပေါက် ကွဲပြားစေလိမ့်မည်။

ထိုသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ အားလုံးကို သတ်ပစ်ရမည်လား။ လောကကြီး၏ တရားမျှတမှုအတွက် ဤရှေးဟောင်းလူသားသစ် သုံးသိန်းကို သတ်ပစ်သင့်သည်လား။ မဟုတ်ပေ။ ဤအရာကလည်း ထွက်ပြေးခြင်း တစ်မျိုးပင်။ ထိုသို့မဟုတ်လျှင် ထိုသူတို့၏ ဝိညာဉ်များမှ ငရဲသလင်းကျောက်များကို ဖယ်ရှားပစ်သင့်သည်လား။

ကျန်းလီသည် သေဆုံးပြီးနောက် ရှေးဟောင်းလူသားသစ်များနှင့် ရှေးဟောင်းရုပ်သေး စစ်သည်တော်များကို ရှမ့်လန် လက်ထဲ အပ်နှံခဲ့ခြင်းသည် ယုံကြည်အပ်နှံမှုတစ်မျိုးပင် ဖြစ်သည်။ ရှေးဟောင်းလူသားသစ် များသည် ရှမ့်လန်၏ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ သူတို့သည် ရှမ့်လန်၏ လူများ ဖြစ်နေကြပြီ။

ကျန်းလီ၏ မျက်လုံးထဲတွင် ဤလူသုံးသိန်းသည် ယဉ်ကျေးမှုတစ်ခုလုံး၏ မျှော်လင့်ချက်ကို ကိုယ်စားပြု နေသည်။ သူတို့ကို ရှေးဟောင်းမဟာနိဗ္ဗာန ကာလမှ ဤကာလသို့ ခေါ်ဆောင်လာရန် ကျန်းလီသည် ကြီးမားသော ပေးဆပ်မှု ပြုလုပ်ခဲ့ရသည်။ အကယ်၍ သူတို့ကို ဤမျှ လွယ်ကူစွာ သတ်ပစ်လိုက်လျှင် ကျန်းလီ၏ ပေးဆပ်မှုသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။

ကြာရှည်စွာ စဉ်းစားပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းမင်... ပြီးတော့ လူတိုင်း... ခင်ဗျားတို့က ရှေးဟောင်းယဉ်ကျေးမှုရဲ့ ကျန်ရစ်သူ လူသားတွေပဲ။ အရှင်ကျန်းလီ မသေခင်မှာ ခင်ဗျားတို့ကို ကျုပ်လက်ထဲ အပ်နှံခဲ့တယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ကို တာဝန်ယူရမယ်။

ဒါပေမဲ့ လောကကြီး ငြိမ်းချမ်းရေးအတွက်၊ သာမန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကျုပ် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ငရဲသလင်းကျောက်တွေကို ဖယ်ရှားပစ်မယ်။ ဒါကြောင့် ခင်ဗျားတို့က အနာဂတ်မှာ မသေနိုင် မပျက်စီးနိုင်တဲ့သူတွေ ဖြစ်တော့မှာ မဟုတ်ဘူး။ တခြားနည်းနဲ့ ပြောရရင် ခင်ဗျားတို့မှာ အသက်တစ်ချောင်းပဲ ရှိတော့မယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ရဲ့ အသက်ကို ပိုတန်ဖိုးထားတတ်လာလိမ့်မယ်။

သေချာပေါက် ငရဲသလင်းကျောက်တွေက ပစ္စည်းကောင်းတွေပါ။ အထူးသဖြင့် အရှင် ကျန်းလီ နိဗ္ဗာနဝင်စားပြီး အဆင့်မြှင့်တင်ပြီးတဲ့နောက်မှာပေါ့။ သူတို့က နျူကလီးယား ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းခြင်းကြောင့် ဖြစ်လာတဲ့ ပျက်စီးမှုတွေကို ခံနိုင်ရည်ရှိတယ်။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဒီအရာရဲ့ဂုဏ်သတ္တိက အရမ်း မှောင်မိုက်လွန်းတယ်။ ဒါကြောင့် ကျုပ် အကုန် ပြန်သိမ်းပြီး လုံးဝ ပြုပြင်မွမ်းမံပစ်မယ်။ ကျုပ်ရဲ့ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ရလဒ်ကတော့ ကောင်းကင်သလင်းကျောက်ပါပဲ။ ဒါက ငရဲသလင်းကျောက်နဲ့ သိပ်မကွာခြားပါဘူး။

၈၂ နှစ် ကြာရင် နေမင်းကြီး မသေခင် နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်အုံးမယ်။ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒါကြောင့် လောကကြီးတစ်ခုလုံးကို ကာကွယ်ဖို့အတွက် ငရဲသလင်းကျောက် က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကောင်း ပါဝင်နိုင်တယ်။ ဒါပေမဲ့ အနည်းဆုံး လောလောဆယ်တော့ ငရဲသလင်းကျောက်အားလုံးကို ကျုပ် ပြန်သိမ်းမယ်။ ငရဲသလင်းကျောက် ဝါးမျိုထားတဲ့ စွမ်းအင်အားလုံးကို ပြန်ထုတ်ပြီး လောကကြီးဆီ ပြန်ပေးရမယ်။

ခင်ဗျားတို့ ရှေးဟောင်းလူသားသစ်တွေမှာ စွမ်းအားကြီးတဲ့ စွမ်းအင်ခန္ဓာကိုယ်တွေ ရှိတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သာမန်လူသားတွေထက် အများကြီး သာလွန်တယ်။ ဒါကြောင့် စွမ်းအားကြီးရင် တာဝန်ကြီးတယ်။

ဒါကြောင့် အခုကစပြီး ခင်ဗျားတို့က တခြားဂြိုဟ်တွေကို စူးစမ်း လေ့လာတာ၊ နေမင်းကြီးနဲ့ ပိုနီးကပ်တဲ့ နေရာတွေကိုသွားတာ စတဲ့ အန္တရာယ်အရှိဆုံး တာဝန်တွေကို ထမ်းဆောင်ဖို့ စေလွှတ်ခံရမယ်။ နောက်တစ်ကြိမ် မဟာ ပျက်သုဉ်းခြင်း ဖြစ်မယ့်အချိန်၊ စွမ်းအင်ပမာဏ၊ ပြီးတော့ နေမင်းကြီး ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ ဆိုတာတွေကို တိကျစွာ တွက်ချက်နိုင်ဖို့ နေမင်းကြီးရဲ့ လှုပ်ရှားမှု ပုံစံတွေကို လေ့လာဖို့ ခင်ဗျားတို့ကို စေလွှတ်မယ်။

သေချာပေါက် အန္တရာယ်ရှိတဲ့ တာဝန်တွေကို ထမ်းဆောင်မယ့်သူတွေအတွက် ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေ မပျောက်ပျက်အောင် ကာကွယ်ဖို့ နိဗ္ဗာန်ဝင်စားပြီးသား ငရဲသလင်းကျောက်ကို ပေးထားမယ်။ ဒါကြောင့် နောက်လာမဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ခင်ဗျားတို့ ရှေးဟောင်းလူသားသစ်တွေက ဘာအာဏာမှ ရရှိနိုင်မှာ မဟုတ်ဘူး။

အဲဒီအစား လူသားယဉ်ကျေးမှုရဲ့ ကံကြမ္မာအတွက် စွန့်စားမှုတွေ၊ စူးစမ်းလေ့လာမှုတွေ ဆက်လုပ်ရ လိမ့်မယ်။ ဒါက ခင်ဗျားတို့ လောကကြီးအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပြန်လည်ကုစားနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ခင်ဗျားတို့ သဘောတူလား။”

ကျန်းမင်သည် ရှေးဟောင်းလူသားသစ် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး တုံ့ပြန်လိုက်သည်။

“သဘောတူပါတယ် အရှင်... အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “အရမ်း များပြားတဲ့ ရှေးဟောင်းရုပ်သေး စစ်သည်တော်တွေလည်း ရှိလိမ့်မယ်။ သူတို့မှာ စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်တွေ ရှိပေမဲ့ သိစိတ် မရှိဘူး။ လမ်းလျှောက် အလောင်းကောင်တွေလိုပဲ။ ဒါကြောင့် သူတို့ကို စက်ရုပ်တွေအဖြစ်သတ်မှတ်ပြီး ခွဲခြားမယ်။ လူသားတွေ မလုပ်နိုင်တဲ့ ထပ်ခါတလဲလဲ လုပ်ရမယ့်အလုပ်တွေကို ပြီးမြောက်ဖို့ သူတို့ကို ညွှန်ကြားမယ်။”

“အမိန့်တော်မြတ်အတိုင်းပါ အရှင်... အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

“ဘယ်လူမျိုးမဆို အရင် ခွဲထားပြီးမှ ပေါင်းစည်းလို့ ရတာပါ။”

ရှမ့်လန်က နိဂုံးချုပ် ပြောလိုက်သည်။ “ဒါကြောင့် ကျုပ် သီးခြား မြို့တစ်မြို့ တည်ဆောက်မယ်။ ပင်လယ်နဲ့ ဝေးကွာတဲ့နေရာမှာပေါ့။ ခင်ဗျားတို့ ရှေးဟောင်းလူသားသစ် သုံးသိန်းစလုံး ဒီမြို့မှာ နေထိုင်ရမယ်။ သာမန်လူသားတွေ နဲ့ လုံးဝ ခွဲခြားထားမယ်။ ပြီးမှ တဖြည်းဖြည်း ပေါင်းစည်းဖို့ နည်းလမ်း ရှာကြတာပေါ့။”

... ...

သုံးရက် ကြာပြီးနောက် ရှေးဟောင်းလူသားသစ် သုံးသိန်းနီးပါးသည် နုရှောင့်ရင်ပြင်တွင် စုဝေးရောက်ရှိ နေကြသည်။ သူတို့သည် ဧရာမ ကောင်းကင်ခံတပ်ကြီးများကို စီးနင်းပြီး အရှေ့ပိုင်းအင်ပါယာနှင့် ရှီလွန် အင်ပါယာမှ ထွက်ခွာကာ မိုင်တစ်သောင်း တော်ဝင်သဲကန္တာရဆီသို့ သွားရောက်ကြတော့မည်။

နောက်တစ်ဆင့်အနေဖြင့် သူတို့သည် ဤသဲကန္တာရထဲတွင် မျှော်လင့်ချက် မြို့တော်တစ်ခုကို တည်ဆောက်ရမည်။ အနာဂတ်ကာလ၌ ဤလူသုံးသိန်းသည် သာမန်လူသားများနှင့် လုံးဝ ဝေးကွာသော ဤဒေသတွင် နေထိုင်ကြရမည်။

ဤသည်မှာ အခြားဂြိုဟ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်မှုတစ်ခုလည်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် ဂြိုဟ်အများစုသည် မိုင်တစ်သောင်း တော်ဝင် သဲကန္တာရကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ရေမရှိ၊ သက်ရှိ အစအန မရှိ၊ မြေဆီလွှာပင် မရှိပေ။

ထိုကဲ့သို့သော တားမြစ်နယ်မြေမျိုးတွင် ယဉ်ကျေးမှုတစ်ခုကို မည်သို့ တည်ဆောက်မည်နည်း။

အထူးသဖြင့် ထိုကဲ့သို့သော တားမြစ်နယ်မြေမျိုးတွင် ဂေဟစနစ် ပြောင်းလဲမှုကို မည်သို့ ပြုလုပ်မည်နည်း။

ဤသည်မှာ အလွန်အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ မြုံနေသော ဂြိုဟ်တစ်လုံးကို သက်ရှိဂြိုဟ်တစ်လုံး အဖြစ် ပြောင်းလဲခြင်းသည် အမှန်တကယ် ကြီးမြတ်သော တာဝန်တစ်ခု ဖြစ်၏။

All Chapters