အခန်း (၁၂၀၁-၁၂၀၃)
Vol. 81 Ch. 1201-1203
အခန်း (၁၂၀၁) - နတ်ဘုရားအကျဉ်းထောင်ကို ဖွင့်လှစ်ခြင်းနှင့် နတ်မျက်လုံး၏ လမ်းပြမှု
ရွှယ်အန်း၏ စကားကို ကြားသောအခါ ကျီဟွမ်၏ မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အရှင်... ဒီက အစောင့်တွေ အားလုံးက လီဟန် အရှင်သခင်ရဲ့ ကိုယ်ရေးကိုယ်တာ အနီးကပ် လူယုံတွေပါ၊ ပုံမှန်ဆိုရင် သူတို့က ကျွန်မကို လေးစားကြပေမဲ့... ကျွန်မရဲ့ အဆင့်အတန်းနဲ့ သူတို့ကို အမိန့်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ၊ အဲဒါကြောင့်..."
"ဒါကြောင့် မင်းက လီဟန် အရှင်သခင်ရဲ့ အမိန့်တော်ကို အတုလုပ်ခဲ့တာပေါ့"
ရွှယ်အန်းက အေးတိအေးစက်ဖြင့် ထောက်ပြလိုက်သည်။ ကျီဟွမ်က ခေါင်းငုံ့ကာ နောက်သို့ ဆုတ်သွားသည်။
"ကျွန်မမှာ တခြား ရွေးချယ်စရာ မရှိလို့ပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်"
ရွှယ်အန်းက မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။ ကျီဟွမ်သည် သူ၏အတွက် ဆန္ဒအလျောက် လုပ်ဆောင်ပေးမည် မဟုတ်ကြောင်းကို သူ သိပြီးသား ဖြစ်သည်။ အမှန်တကယ်တော့ သူ ချန်ထားခဲ့သော ဓားဆန္ဒ၏ ပြင်းထန်သော ဖိနှိပ်မှုသာ မရှိပါက သူမသည် ယခုလောက်ဆိုလျှင် သူုံ အရှင်သခင်ထံ သတင်းပေးပြီးလောက်ပြီ ဖြစ်သည်။
ကျီဟွမ်၏ ပြင်းထန်သော ဖိနှိပ်မှုသာ မပါပါက အစောင့်များမှာ အတုအယောင် အမိန့်တော်ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် ရွှယ်အန်းက ယခုအချိန်တွင် ဤအရာများကို ဂရုစိုက်မနေတော့ဘဲ နတ်ဘုရား အကျဉ်းထောင်ထဲမှ ဟွာမျိုးနွယ်စု နတ်ဘုရားကို ကယ်တင်နိုင်ဖို့သာ အာရုံစိုက်ထားသည်။
ကျီဟွမ်ကမူ ရွှယ်အန်း စိတ်အလိုမကျဖြစ်ပြီး သူမ၏ အသိစိတ်ပင်လယ်ထဲမှ ဓားဆန္ဒကို အသက်သွင်းလိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ဤသို့ဆိုလျှင် သူမသည် တကယ်ကို မတရားသဖြင့် သေဆုံးရမည် ဖြစ်သည်။
သူမက ခေါင်းမော့ကာ စကားကောင်း ပြောရန် ကြိုးစားလိုက်စဉ်မှာပင် ရွှယ်အန်းသည် ခန်းမကြီး၏ အလယ်ဗဟိုသို့ လျှောက်သွားပြီး တစ်စုံတစ်ရာကို အာရုံခံနေသည့်အလား မျက်လုံးများကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အရှင်... ဒါက..."
ကျီဟွမ် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ဆွေ့မန်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ ဟန့်တားလိုက်သည်။
"ပါးစပ်ပိတ်ထားလိုက်စမ်း၊ သခင် အလုပ်ရှုပ်နေတာ မမြင်ဘူးလား၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"
ကျီဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆွေ့မန်အား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ အတိတ်က ဆွေ့မန်သည် သူမကို မြင်လျှင် ကြောင်တွေ့သော ကြွက်အလား ကြောက်ရွံ့ခဲ့သော်လည်း ယခုမူ သူမကို ဆူပူရန် ဝံ့ရဲနေခဲ့ရာ ကျီဟွမ် လုံးဝ လက်မခံနိုင်လောက်အောင် ဖြစ်နေလေသည်။ ဆွေ့မန်ကမူ ကျီဟွမ်ကို ဂရုမစိုက်ဘဲ ရွှယ်အန်းကိုသာ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
ထိုအချိန်မှာပင် ရွှယ်အန်းက ရုတ်တရက် မျက်လုံးများကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ တောက်ပလင်းလက်နေပြီး အစွမ်းထက်လှသော နတ်ဘုရားအာရုံ လှိုင်းလုံးကြီးတစ်ခု ဒီရေအလား ပေါက်ကွဲထွက်လာလေသည်။ ထိုအဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် အနီးနားရှိ လူများကိုပင် အသက်ရှူကျပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် လှိုင်းထနေသော နတ်ဘုရားအာရုံက လေထဲတွင် သံမဏိလက်သီးဆုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။
ဘုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေကြီးမှာ တုန်ခါသွားပြီး အက်ကွဲကြောင်းများ ရှုပ်ယှက်ခတ်သွားလေသည်။ သို့သော် ၎င်းတို့ကို ရွှယ်အန်းက သူ၏ နတ်ဘုရားအာရုံဖြင့် အလွန်သေးငယ်သော ဧရိယာအတွင်းသာ ထိန်းချုပ်ထားရာ ပြင်ပလောကမှ လုံးဝ မသိရှိနိုင်ချေ။
ဘုန်း!
နောက်ထပ် လက်သီးတစ်ချက်ကြောင့် မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ပေါ်လာပြီး လေဟာနယ်ပင်လျှင် ခေါက်ချိုးရာများ ပေါ်လာလေသည်။ တွင်း၏ အောက်ခြေမှ အမည်းရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး အရာအားလုံးကို အသည်းအသန် ပြန်လည် ပြုပြင်ရန် ကြိုးစားနေသည်။ ရွှယ်အန်းက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
"ပွင့်စမ်း"
ဘုန်း!
သူ၏ နတ်ဘုရာစအာရုံက လက်သီးမှ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖြတ်တောက်ချလိုက်ရာ လေဟာနယ်များမှာ အပိုင်းအစများအဖြစ် ကွဲအက်သွားတော့သည်။ ထို့နောက် ထူထဲသော မြူမည်းများကို မှုတ်ထုတ်နေသည့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု လူတိုင်း၏ ရှေ့တွင် ပေါ်ထွက်လာလေသည်။
ငရဲမှ တွင်းနက်ကြီးနှင့် တူသော အက်ကွဲကြောင်းကို ကြည့်ကာ ကျီဟွမ်မှာ တုန်ရီသွားလေသည်။ ထိုအက်ကွဲကြောင်းအောက်တွင် အဆုံးအစမဲ့ ကြမ်းကြုတ်မှုများ ပုန်းကွယ်နေသည့်အလား သူမ ခံစားလိုက်ရသောကြောင့်ပင်။ ရွှယ်အန်းက လူတိုင်းကို ပြုံးဖျော့ဖျော့ တစ်ချက် ကြည့်လိုက်သည်။
"သွားကြစို့"
ရှောင်ထျန်းနှင့် ဆွေ့မန်တို့က ရှေ့သို့ တက်လှမ်းလိုက်ကြသော်လည်း ကျီဟွမ်က နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။
"အ... အရှင်၊ ကျွန်မ နတ်ဘုရား အကျဉ်းထောင်ကိုလည်း ရှာတွေ့အောင် လုပ်ပေးပြီးပါပြီ၊ ကျေးဇူးပြုပြီး... အရှင့်ရဲ့ ဓားဆန္ဒကို ဖယ်ရှားပေးပြီး ကျွန်မကို သွားခွင့်ပြုပါ"
"သွားခွင့်ပြုရမယ် ဟုတ်လား"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"အခုချိန်မှာ မင်းက ထွက်သွားလို့ရသေးတယ်လို့ ထင်နေတာလား"
ရွှယ်အန်း၏ နတ်ဘုရားအာရုံများ ဒီရေအလား ရိုက်ခတ်လာကာ ကျီဟွမ်ကို တင်းကျပ်စွာ ရစ်ပတ်ဖမ်းဆီးလိုက်လေသည်။ အော်ဟစ်သံ တစ်ချက်နှင့်အတူ သူမသည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ချက်ချင်း ဆွဲသွင်းခံလိုက်ရလေသည်။ ထို့နောက် ရွှယ်အန်းလည်း အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
လေဟာနယ် အတားအဆီးကို ဖြတ်ကျော်ပြီးနောက် မြင်ကွင်းထဲ ဝင်လာသည်မှာ ထူထပ်သည့် မြူမည်းကြီးများပင် ဖြစ်သည်။ ပတ်ဝန်းကျင်မှာ လွန်စွာ တိတ်ဆိတ်နေသဖြင့် ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ လီဟန် ကောင်းကင်ဘုံနှင့် စကြဝဠာ နယ်ပယ်ပေါင်းစုံကို ဆက်သွယ်ထားသော ဤလေဟာနယ် ကွက်လပ်မှာ ခြေတစ်လှမ်း မှားသည်နှင့် ပျက်ကိန်းဆိုက်နိုင်ပေသည်။
ကျီဟွမ်မှာ ကြောက်လန့်တကြား မလှုပ်မယှက် ရပ်နေမိသည်။ ဆွေ့မန်နှင့် အခြားသူများကလည်း ရွှယ်အန်းထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။ ဤအချိန်တွင် ရွှယ်အန်းက သူ၏ လက်ကို မြှောက်လိုက်သည်။
ရုတ်တရက် ရွှယ်အန်း၏ လက်ဝါးမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး မီးအိမ်တစ်လုံးကဲ့သို့ လင်းလက်လာသည်။ ၎င်းမှာ ချီယု နတ်ဘုရားစစ်သူကြီးထံမှ ရွှယ်အန်း အတင်းအဓမ္မ လုယူခဲ့သော နတ်ဘုရားမျက်လုံးပင် ဖြစ်လေသည်။
"သွားကြစို့"
ရွှယ်အန်းက ခပ်အေးအေးပင် ပြောလိုက်ပြီး နတ်မျက်လုံး၏ အလင်းရောင်နောက်သို့ လိုက်ပါသွားလေသည်။
သူတို့ မည်မျှကြာအောင် လျှောက်လာခဲ့သည်ကို မသိတော့ချေ။ လေဟာနယ် အက်ကွဲကြောင်းများထဲတွင် အချိန်ဆိုသည်မှာ အဓိပ္ပာယ်မဲ့နေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားမျက်လုံး၏ အမြန်နှုန်း ရုတ်တရက် မြင့်တက်သွားသောအခါ ရွှယ်အန်းက ဟိန်းဟောက်လိုက်သည်။
"အမှီလိုက်ခဲ့ကြ!"
သူတို့သည် ထူထဲသော မြူမည်းအလွှာကို ဖြတ်သန်းသွားသောအခါ လေဟာနယ်က လှိုင်းဂယက်များအဖြစ် ထသွားပြီးနောက် နတ်ဘုရားမျက်လုံးမှာ ပျောက်ကွယ်သွားလေသည်။ ရွှယ်အန်းနှင့် အခြားသူများ လိုက်ပါသွားကြသောအခါ သူတို့ရှေ့တွင် ပေါ်လာသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
မြေပြင်မှာ ရှုပ်ယှက်ခတ်နေပြီး ဧရာမ အက်ကွဲကြောင်း အမျိုးမျိုးဖြင့် ဖုံးလွှမ်းနေလေသည်။
အခန်း (၁၂၀၂) - ပွက်ပွက်ဆူလာသော သတ်ဖြတ်လိုစိတ်နှင့် အားလန်နတ်ဘုရား
မြင့်မားစွာ ထိုးမတ်နေသော ကျောက်တုံးကြီးတစ်ခုစီ၏ ထိပ်တွင် ဧရာမ အရိုးစုကြီးများကို သံကြိုးများဖြင့် ချည်နှောင်ထားလေသည်။ ဤရှေးဟောင်း အရိုးစုကြီးများသည် အချိန်ကြာမြင့်စွာကတည်းက ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေခဲ့ကြသည်။ သို့တိုင်အောင် သူတို့ သေဆုံးသွားချိန်က မည်သို့သော ကိုယ်ဟန်အနေအထားရှိခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲပင်။
ချွင်းချက်မရှိစွာ သူတို့အားလုံးမှာ ဒေါသတကြီးဖြင့် ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်နေခဲ့ကြခြင်း ဖြစ်သည်။ ရွှယ်အန်းသည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူ၏ အကြည့်များက ကမ္ဘာကြီးတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုနေကာ မျက်ဝန်းထဲရှိ ဒေါသများက တဖြည်းဖြည်း ပွက်ပွက်ဆူလာလေသည်။ အဘယ်ကြောင့်ဆိုသော် ဤအရိုးစုများ အားလုံးမှာ ဟွာမျိုးနွယ်စု၏ နတ်ဘုရားများဖြစ်ကြောင်း သူ သိရှိနိုင်သောကြောင့်ဖြစ်သည်။
သူ တကယ်ပဲ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီလား...
အမှန်တွင် ရွှယ်အန်းသည် ဤအရာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့သော် သူ မည်မျှပင် ကြိုတင်ပြင်ဆင်ထားခဲ့ပါစေ၊ ဟွာမျိုးနွယ်စု၏ နတ်ဘုရားအရိုးစုများစွာကို မြင်တွေ့လိုက်ရသောအခါ ရွှယ်အန်း၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များက ထိန်းမနိုင်သိမ်းမရ ရိုက်ခတ်လာလေသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင်ပင် အက်ကွဲကြောင်းများ ပေါ်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားမျက်လုံးသည် နတ်ဘုရားနယ်ပယ်၏ အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော တောင်တန်းကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ရွှယ်အန်းက အနီးကပ် လိုက်ပါသွားပြီး တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ရာ နတ်မျက်လုံးမှာ စိုးရိမ်တကြီးဖြင့် အဆက်မပြတ် ဝဲလှည့်နေသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင် ကျီဟွမ်မှာ တုန်ရီနေလျက် မပြောဘဲ မနေနိုင်ခဲ့ချေ။
"အ... အရှင်၊ လီဟန် အရှင်နောက်ကို ကျွန်မ လိုက်လာတုန်းက နောက်ထပ် လေဟာနယ်တစ်ခုထဲကို ဝင်ဖို့ အရမ်းကို ရှုပ်ထွေးတဲ့ လက်ဟန်သဏ္ဍာန်တွေ အများကြီး လိုအပ်တယ်၊ အခု အရှင်က..."
သူမ စကားမဆုံးမီမှာပင် ရေခဲတမျှ အေးစက်နေသော မျက်နှာဖြင့် ရွှယ်အန်းက ရှေ့သို့ တစ်လှမ်းတိုးကာ လက်သီးကို ဆုပ်လျက် တိုက်ရိုက် ထိုးချလိုက်လေသည်။
ဘုန်း!
လေဟာနယ်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ဗျောက်အိုးများ ဖောက်လိုက်သကဲ့သို့ တဖြောက်ဖြောက် မြည်သံများနှင့်အတူ ဧရာမ အဝင်ပေါက်ကြီးတစ်ခု စတင် ပုံပေါ်လာလေသည်။ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
"ဒီလောကမှာ လက်သီးတစ်ချက်နဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ အရာဆိုတာ မရှိဘူး၊ တကယ်လို့ ရှိနေတယ်ဆိုရင်တောင်... အဲဒါက မင်းရဲ့ စွမ်းအားက မလုံလောက်သေးလို့ပဲ"
အတွင်းပိုင်းမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသော်လည်း နတ်ဘုရားမျက်လုံး၏ လမ်းပြမှုအောက်တွင် ရွှယ်အန်းတို့အဖွဲ့ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။ ခြောက်သွေ့ခေါင်းပါးနေသော လွင်ပြင်ကြီး မျက်စိရှေ့သို့ ရောက်လာသောအခါ ရွှယ်အန်း၏ အကြည့်သည် လွင်ပြင်၏ အလယ်ဗဟိုရှိ အမည်းရောင် မျှော်စင်ကြီးများနှင့် မျှော်စင်များ၏ သံကြိုးများကြားတွင် ရှိနေသော အားနည်းသည့် ပုံရိပ်လေးအပေါ်သို့ ချက်ချင်း စူးစိုက်သွားလေသည်။
ရွှယ်အန်းက ခြေတစ်လှမ်းတည်းဖြင့်ပင် မျှော်စင်အနီးသို့ ရောက်ရှိသွားသည်။ အမည်းရောင် သံကြိုးများက အလယ်ရှိ လူငယ်လေးကို တစ်လွှာပြီးတစ်လွှာ ချည်နှောင်ထားသည်။ သူ၏ ခေါင်းကို ငုံ့ထားပြီး ရှုပ်ပွနေသော ဆံပင်များက မျက်နှာကို ဖုံးကွယ်ထားသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများကိုမူ မြင်တွေ့နေရဆဲဖြစ်သည်။
ရှောင်ထျန်းလည်း ရောက်ရှိလာသည်။ သူ၏ မျက်လုံးများထဲ၌ နာကျင်မှုနှင့် တွေဝေရှုပ်ထွေးမှုများ တစ်လှည့်စီ ပေါ်လာနေသည်။ အသိစိတ်တစ်ခုက သူ့ကို ဤလူငယ်လေးအနီးသို့ ချဉ်းကပ်ရန် တွန်းအားပေးနေသလို သူ ခံစားလိုက်ရသည်။ ရွှယ်အန်းက အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။
"ဟွာမျိုးနွယ်စု မျိုးဆက်သစ် ရွှယ်အန်းက အားလန် နတ်ဘုရားကို ဂါရဝပြုပါတယ်"
သို့သော် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ လူငယ်လေးမှာ အသက်မဲ့နေသော အလောင်းကောင်ပမာ ခေါင်းကို ငိုက်စိုက်ကျထားလေသည်။ ရွှယ်အန်း၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုနှင့် နာကြည်းမှုများ ပြည့်လျှံလာသည်။ နာမည်ကျော်ကြားလှသော အားလန်နတ်ဘုရားမှာ ယခုအခါ စွမ်းအားကုန်ခန်းလုနီးပါး ဖြစ်နေချေသည်။
ထိုအခိုက်အတန့်မှာပင် ယန်ကျန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝဲလှည့်နေသော နတ်ဘုရားမျက်လုံးက လင်းလက်လာပြီး မျှော်စင်ထိပ်တွင် ရွှေရောင်အလင်းတန်းဖျော့ဖျော့လေး တစ်ခု တောက်ပလာလေသည်။ ယန်ကျန်း၏ ရင်ဘတ်မှာ အနည်းငယ် စတင် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီးနောက် သူက ဖြည်းညင်းစွာ ခေါင်းမော့လာလေသည်။
သူ၏ ရှုပ်ပွနေသော ဆံပင်များအောက်မှ မြင့်မြတ်ပြီး ပြိုင်ဘက်ကင်းဆဲဖြစ်သော မျက်နှာ ပေါ်ထွက်လာသည်။ သို့သော် သူ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး နဖူးပေါ်ရှိ ဒေါင်လိုက်နတ်မျက်လုံးမှာ ခြောက်သွေ့မှေးမှိန်နေလေသည်။ သူက အေးစက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။
"လီဟန် အရှင်သခင်... မင်း ထပ်ရောက်လာပြန်ပြီလား"
သူက ရွှယ်အန်းတို့ကို လီဟန် အရှင်သခင်၏ လူများဟု အထင်မှားနေခြင်း ဖြစ်သည်။ ရွှယ်အန်းက သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
"အားလန် နတ်ဘုရား... ကျွန်တော်က လီဟန် အရှင်သခင် မဟုတ်ပါဘူး"
သူသည် ဤစကားကို စစ်မှန်သော ဟွာမျိုးနွယ်စု ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ ဤစကားကြောင့် ယန်ကျန်းမှာ တုန်ရီသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မင်း... မင်း..."
"နတ်ဘုရား... ကျွန်တော်က ဟွာမျိုးနွယ်စုရဲ့ မျိုးဆက်သစ် ရွှယ်အန်းပါ"
ယန်ကျန်း အံ့အားသင့်နေစဉ်မှာပင် နတ်မျက်လုံးက ယန်ကျန်း၏ မျက်ခုံးနှစ်ခုကြားသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။ ဤနတ်မျက်လုံး ပြန်လည်ရောက်ရှိလာမှုကြောင့် ယန်ကျန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး ဒဏ်ရာများမှာလည်း တဖြည်းဖြည်း သက်သာပျောက်ကင်းလာလေသည်။
သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရှေ့တွင်ရှိသော ရွှယ်အန်းကို မြင်တွေ့လိုက်ရသောအခါမှသာ ဤသည်မှာ လီဟန် အရှင်သခင်၏ လှည့်ကွက်မဟုတ်ကြောင်း ယုံကြည်သွားတော့သည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားကာ အဝေးသို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။
"လူငယ်လေး... ထွက်ပြေးတော့၊ လီဟန် ကောင်းကင်ဘုံက လူတွေ လာနေပြီ!"
ရွှယ်အန်းက လှိုင်းဂယက်များ ထနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ပြုံးဖျော့ဖျော့လေး ဆိုလိုက်သည်။
"ထွက်ပြေးရမယ် ဟုတ်လား၊ ဘာလို့ ထွက်ပြေးရမှာလဲ၊ အခု ခင်ဗျားကို ရှာတွေ့ပြီဆိုတော့... သူတို့ကို စောင့်နေရုံပဲ ရှိတာပေါ့”
အခန်း (၁၂၀၃) - ကြာပန်းနီ အင်မော်တယ် အရှင်သခင်၊ စကြဝဠာ နယ်ပယ်ပေါင်းစုံတွင် ပြိုင်ဘက်ကင်းသူ
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်တွင် လှိုင်းဂယက်များ တုန်ခါသွားပြီးနောက် ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ ၎င်း၏အလယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ ကျီဟွမ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"လျို... လျိုယန်! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက တော်တော် နောက်ကျမှ ပြန်ဝင်စားရမှာ မဟုတ်ဘူးလား"
အမှန်ပင် သူတို့ရှေ့တွင် ပေါ်လာသော ပုံရိပ်ကား အခြားသူမဟုတ်ပဲ တစ်ချိန်က ကမ္ဘာမြေကို ကျူးကျော်ရန် စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့ပြီး အဆုံးတွင် ရွှယ်အန်း၏ မီးဖြင့် သန့်စင်ခြင်းကို ခံခဲ့ရသော လီဟန်အရှင်သခင်၏ သားတော် ယဲ့လျိုယန်ပင် ဖြစ်လေသည်။
ကျီဟွမ်သည် လီဟန်အရှင်သခင်က ယဲ့လျိုယန်ကို ပြန်လည်ဝင်စားစေရန် သူ၏ ကြွင်းကျန်နေသော နတ်ဘုရားအာရုံကို ပြုစုပျိုးထောင်ပေးနေကြောင်း သိထားသော်လည်း အနည်းဆုံး နှစ်တစ်ထောင်ခန့် အချိန်ယူရမည်ဖြစ်ရာ ယခုကဲ့သို့ စောစီးစွာ ပေါ်လာခြင်းကို သူမ လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို့အပြင် သူမရှေ့ရှိ ယဲ့လျိုယန်ထံမှ ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။
ယဲ့လျိုယန်က ကျီဟွမ်ကို လျစ်လျူရှုကာ ရွှယ်အန်းကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ရွှယ်အန်း... မတွေ့ရတာ ကြာပြီနော်"
သူ၏ အသံမှာ အေးစက်လှသဖြင့် ကျီဟွမ် တစ်ကိုယ်လုံး တုန်ယင်သွားကာ သူမ ထိတ်လန့်နေရသည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။ သူမရှေ့ရှိ ယဲ့လျိုယန်မှာ ခန္ဓာကိုယ်နှင့် အသွင်အပြင်က အတူတူပင် ဖြစ်သော်လည်း အခြားလူတစ်ယောက်၏ ဝိညာဉ် ရောနှောနေသည့်အလား ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ထိုအသံမှာ ယဲ့လျိုယန်၏ အသံမဟုတ်ကြောင်း သူမ သိလိုက်လေသည်။
ရွှယ်အန်းက မတုန်မလှုပ်ဘဲ ယဲ့လျိုယန်ကို စောင့်ကြည့်နေရာမှ အေးစက်စွာ ရယ်မောလိုက်သည်။
"စိတ်ဝင်စားစရာပဲ... မင်းကို ယဲ့လျိုယန် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ကျီဝေ့ နတ်ဘုရားသားတော်လို့ ခေါ်ရမလား"
မှန်ပေသည်။ ယဲ့လျိုယန် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်ဝင်စားနိုင်ခြင်းမှာ သူသည် ကျဆုံးသွားသော ကျီဝေ့ နတ်ဘုရားသားတော်နှင့် ပေါင်းစပ်သွားသောကြောင့်ပင် ဖြစ်သည်။ ယဲ့လျိုယန်က လှောင်ပြုံးပြုံးလိုက်သည်။
"ရွှယ်အန်း... မင်းက တကယ်ကို အစွမ်းထက်တာပဲ၊ ငါတို့ရဲ့ မူလဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်တယ်ပေါ့၊ ဒါပေမဲ့ ပြန်လည်ဝင်စားပြီးနောက်မှာ မင်း ပြန်ရထားတဲ့ စွမ်းအားလေးလောက်နဲ့ စကြဝဠာ နယ်ပယ်ပေါင်းစုံမှာ တကယ်ပဲ ပြိုင်ဘက်ကင်းနိုင်မယ်လို့ မင်း ထင်နေတာလား၊ ဒါမှမဟုတ်... မင်းကိုယ်မင်း အရင်တုန်းက ကြာပန်းနီ အင်မော်တယ် အရှင်သခင်လို့ ထင်နေတုန်းပဲလား"
"ကြာပန်းနီ အင်မော်တယ် အရှင်သခင်!"
ဤဘွဲ့နာမက အဆုံးတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အကယ်၍ စကြဝဠာ နယ်ပယ်ပေါင်းစုံမှ အစွမ်းထက် ပုဂ္ဂိုလ်များသာ ဤနေရာတွင် ရှိနေပါက ဤဘွဲ့နာမကြောင့် ထိတ်လန့်တကြား ဒူးထောက်သွားကြမည်မှာ သေချာလှပေသည်။
အဘယ်ကြောင့်ဆိုသော် ဤဘွဲ့နာမသည် စကြဝဠာတစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော တည်ရှိမှုကို ကိုယ်စားပြုသောကြောင့်ပင်။ သူသည် ပြိုင်ဘက်ကင်းခြင်း၏ သင်္ကေတ ဖြစ်သည်။ ရွှယ်အန်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အပြုံးဖျော့ဖျော့လေး ပြုံးလိုက်သည်။
"အဲ့ဘွဲ့နာမကို မကြားရတာ တော်တော်ကြာပြီပဲ၊ မင်းက အရာအားလုံးကို သိနေတဲ့ပုံပဲ"
"ဒါပေါ့!"
ယဲ့လျိုယန်၏ မျက်လုံးထဲတွင် အမုန်းတရားများ လက်ကနဲ ဖြစ်သွားသည်။
"ရွှယ်အန်း... မင်းက တကယ်ကို အသက်ပြင်းတာပဲ၊ မင်း သေသွားပြီဆိုတဲ့ သတင်းက စကြဝဠာတစ်ခုလုံးကို ပြန့်နှံ့သွားပြီး လူတိုင်းက မင်းသေပြီလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ မင်းက အသက်ရှင်နေသေးတဲ့အပြင် စွမ်းအားတွေတောင် ပြန်ရနေပြီလို့ သူတို့ မမျှော်လင့်ထားခဲ့ဘူး"
"ဒါပေမဲ့ မင်းက ငါတို့ရဲ့ နတ်ဘုရားနယ်ပယ်ကို မဆန့်ကျင်သင့်ဘူး"
ယဲ့လျိုယန်က နက်ရှိုင်းသော နာကြည်းမှုများဖြင့် ဆက်ပြောလိုက်သည်။
"အခုချိန်မှာ မင်းက ပြိုင်ဘက်ကင်း အင်မော်တယ် အရှင်သခင် မဟုတ်တော့ဘူး၊ ဒါတောင် မင်းက ငါတို့ နတ်ဘုရားမျိုးနွယ်စုကို ဆန့်ကျင်ပြီး ငါတို့ နှစ်ယောက်စလုံးကို သတ်ရဲသေးတယ် မင်းက သေလမ်းကို ရှာနေတာပဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ငါ သေလမ်းကို ရှာနေတာလား ဆိုတဲ့ ကိစ္စကို ခဏထားလိုက်ဦး... ငါ့ကို အဲဒီလို ပြောဖို့ မင်းမှာ အရည်အချင်း ရှိလို့လား"
ယဲ့လျိုယန် စကားမဆုံးမီမှာပင် ရွှယ်အန်းက သူ၏အနောက်တွင် ရုတ်တရက် ပေါ်လာပြီး လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ သူ့ကို လွင့်စင်သွားစေတော့သည်။ ယဲ့လျိုယန်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား မိုင်ဆယ်ချီခန့် လွင့်ပျံသွားပြီး သွေးများအန်ကာ ရွှယ်အန်းကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်လေသည်။ ကိုယ်ပိုင်ကျင့်ကြံမှုကို ဖိနှိပ်ထားသော ရွှယ်အန်းသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့် သူ့ကို လွင့်စင်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ရွှယ်အန်းက လေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်နေလျက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက် ပေါင်းစပ်ပြီး ပြန်လည်ဝင်စားနိုင်တယ်ဆိုကတည်းက... မင်းတို့ရဲ့ အဖေတွေက အစောကြီးကတည်းက ပူးပေါင်းနေခဲ့ကြပြီဆိုတာကို ပြနေတာပဲ"
ထို့နောက် ရွှယ်အန်းက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ပြောရရင်... ဒါက အစကတည်းက ခင်ဗျားတို့ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပဲ မဟုတ်လား၊ လီဟန် အရှင်သခင်၊ ကျီဝေ့ ကြယ်သခင်!"
ရွှယ်အန်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အေးစက်သော ရယ်မောသံနှင့် သက်ပြင်းချသံတို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေသည်။ မူလက မီးခိုးရောင် သန်းနေသော ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်မိုက်သွားပြီး ဧရာမ ကြယ်ကြီးများ ထွက်ပေါ်လာသည်။ ထိုကြယ်ရောင်စုံ ကောင်းကင်ကြီး၏ အလယ်ဗဟိုတွင် လမင်းကြီးအလား တောက်ပနေသော ခရမ်းရောင် ကြယ်ကြီးတစ်လုံး ရှိနေလေသည်။
ကြယ်အလင်းရောင်အောက်တွင် ခရမ်းရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူသည် ကောင်းကင်ယံမှ ဆင်းသက်လာသော ဧကရာဇ်တစ်ပါးအလား တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသော ဩဇာတိက္ကမများဖြင့် ပြည့်နှက်နေသည်။
သူ၏ မျက်နှာချင်းဆိုင်တွင်လည်း တောက်ပသော အလင်းတန်းများ ပေါင်းစပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသော အခြားအမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်လာပြန်သည်။ သူ၏ ပတ်လည်ရှိ နတ်အလင်းတန်းများကြောင့် လေဟာနယ်မှာပင် ပြိုကျသွားစေသည်။
မှန်ပေသည်။ ထိုရောက်ရှိလာသူ နှစ်ဦးမှာ အခြားသူများ မဟုတ်ပဲ ကျီဝေ့ ကြယ်သခင်နှင့် လီဟန် အရှင်သခင် တို့ပင် ဖြစ်ကြလေသည်။ သူတို့နှစ်ဦး၏ အရှိန်အဝါမှာ အင်မော်တယ် ဘုရင်တစ်ပါး၏ စွမ်းအားနှင့် နီးပါးလောက် ချဉ်းကပ်နေပြီ ဖြစ်သည်။ ဤလွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားအောက်တွင် လူတိုင်း မြေပြင်ပေါ်၌ ဝပ်စင်းသွားကြသော်လည်း ရွှယ်အန်း တစ်ယောက်တည်းသာ မတုန်မလှုပ်ဘဲ မားမားမတ်မတ် ရပ်နေခဲ့သည်။
ကျီဝေ့ ကြယ်သခင်က လှောင်ပြုံးပြုံးလိုက်သည်။
"ရွှယ်အန်း... အင်မော်တယ် အရှင်သခင်ရွှယ်၊ ဟုတ်တယ်... ဒါက တကယ်ကို ငါတို့ အပြည့်အဝ ဆင်ထားတဲ့ ထောင်ချောက်ပဲ ဒါပေမဲ့ ဒီနေ့ ရောက်လာလိမ့်မယ်လို့ မင်း တစ်ခါလေးများ တွေးခဲ့ဖူးလား"
လီဟန် အရှင်သခင်ကလည်း သက်ပြင်းချလိုက်သည်။
"ကြာပန်းနီ အင်မော်တယ် အရှင်သခင်... ဒါတွေ အားလုံးက မင်းဘာသာမင်း ထောင်ချောက်ထဲ တိုးဝင်လာခဲ့တာပဲ၊ ဒီ ကွမ်ခို အားလန်ဆိုတာက ဟွာမျိုးနွယ်စုက အစွမ်းထက် ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး သေကြဖို့ ငါ တမင်သက်သက် ချန်ထားခဲ့တာပဲ၊ ဒါပေမဲ့... စကြဝဠာတစ်ခုလုံးကို ကြီးစိုးခဲ့တဲ့ ကြာပန်းနီ အင်မော်တယ် အရှင်သခင်ကလည်း ဟွာမျိုးနွယ်စုဝင် ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့မိဘူး”