အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အခန်း (၆၇၆) - ရိုင်းစိုင်းစွာ နေရာလုခြင်း
~လျှို့ဝှက် မီးတောက် ဂူ။
ဖုန်းဝူချန် တစ်ယောက်တည်း ထွက်လာခဲ့လေ၏။ မည်သူ့ကိုမျှ မခေါ်ခဲ့ချေ။
ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်း၌ နတ်ဘုရားအသွင်ပြောင်းဘုံ သွေးမျိုးဆက် စွမ်းအင်များ ရှိနေသေးရာ၊ လင်ရှောင်ရှောင်နှင့် အခြားသူများအတွက် ကျင့်ကြံရန် အချိန်ပေးခဲ့ခြင်းသာ ဖြစ်သည်။
လျှို့ဝှက် မီးတောက် ဂူ သည် ကြယ်တာရာနယ်မြေ ၏ အရှေ့တောင်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး၊ နဂါးနတ်ဘုရား နန်းတော် နှင့်ဆိုလျှင် ခရီးအတော်လေး ကွာဝေးလှ၏။
"ဝှစ်..."
အမည်းရောင် လျှပ်စီးတန်း တစ်ခု ကောင်းကင်ယံကို … ဖြတ်သန်းသွားသည်။ လေကို ခွင်းသွားသော အသံက ပဲ့တင်ထပ်သွားတော့၏။
ထိုသူကား အခြားသူ မဟုတ်၊ လျှို့ဝှက် မီးတောက် ဂူ ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားနေသော ဖုန်းဝူချန် ပင် ဖြစ်သည်။
လျှို့ဝှက် မီးတောက် ဂူ သည် ရွှမ်ဟော့ တောင်တန်း ၏ အနက်ရှိုင်းဆုံး နေရာ၌ တည်ရှိ၏။
၎င်းက မီးတောင်အရှင် တစ်ခု၏ ထိပ်တွင် ရှိခြင်းပင်။
ဂူအတွင်းရှိ မီးစွမ်းအင်များ အားလုံးသည် ထိုမီးတောင်ထံမှ ထွက်ပေါ်လာခြင်းသာ။
ထူးဆန်းသည်မှာ ထို ဧရာမ မီးစွမ်းအင် ကြီးသည် လျှို့ဝှက် မီးတောက် ဂူ အတွင်း၌သာ ကိန်းအောင်းနေပြီး အပြင်သို့ ထွက်မလာခြင်းပင်။ အပြင်ဘက်တွင်မူ မီးတောင်၏ ပူပြင်းသော အပူရှိန်ကိုသာ ခံစားရ၏။
လျှို့ဝှက် မီးတောက် ဂူ အတွင်းရှိ မီးတောက်များသည် ယန်ဟွမ် သဲကန္တာရ အတွင်းရှိ မီးတောက်များထက်ပင် အဆပေါင်းများစွာ ပို၍ ကြမ်းတမ်းရက်စက်လှသည်။ ထို့အပြင် ထိုဂူအတွင်း၌ ယုတ်မာသော အငွေ့အသက်များ ပါဝင်သည့် မိစ္ဆာမီးတောက် များလည်း ကိန်းအောင်းနေသေး၏။
ထိုဂူသို့ လာရောက် ကျင့်ကြံကြသူများသည် ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့တော့ မဝင်ရဲကြချေ။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက် မီးတောက် ဂူ ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်သွားသူတိုင်း၊ တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်လည် ထွက်လာနိုင်ခြင်း မရှိခဲ့သောကြောင့်ပင်။ တကယ့်ကို ထူးဆန်းဆန်းကြယ်လှသော နေရာတစ်ခု ဖြစ်၏။
တစ်နာရီခန့် အကြာတွင်တော့ ဖုန်းဝူချန် သည် ရွှမ်ဟော့ တောင်တန်း ၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
"မီးစွမ်းအင်က တကယ်ကို ကြမ်းတမ်းတာပဲ"
ဖုန်းဝူချန် နှုတ်ခမ်းများ လှုပ်ရွရုံ မှတ်ချက်ပြုလိုက်၏။ ပူလောင်လှသော လေပူလှိုင်းများက သူ့ထံသို့ တရစပ် ရိုက်ခတ်လာတော့သည်။
ရွှမ်ဟော့ တောင်တန်း ပေါ်တွင် လာရောက် ကျင့်ကြံနေသူများ အများအပြား ရှိနေပြီး၊ အများစုမှာ ထျန်းယွမ်ဘုံ အဆင့် (၇) လွှာ မှ ကောင်းကင်ဘုံလူသား အဆင့် အတွင်း ရှိကြ၏။
ဆေးပညာရှင်၊ လက်နက်သွန်းလုပ်သူ၊ မှော်လက်နက် ပြုလုပ်သူ နှင့် အခင်းအကျင်းဆရာ များလည်း အများအပြား ရှိသော်ငြားလည်း၊ သူတို့၏ အဆင့်များမှာမူ သိပ်မမြင့်ကြချေ။ အမြင့်ဆုံးမှာ အဆင့် (၅) ခန့်သာ ရှိလေသည်။
မီးစွမ်းအင်ကို အခြေခံ၍ ကျင့်ကြံရသူတိုင်းသည် လျှို့ဝှက် မီးတောက် ဂူ သို့ လာရောက် ကျင့်ကြံလေ့ ရှိကြ၏။
ကျင့်ကြံခြင်း အဆင့် နိမ့်သူများပင်လျှင် မီးတောင်မှ ထွက်လာသော အပူရှိန်ကို အသုံးချ၍ သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းကို တိုးမြှင့်ရန် ဂူ၏ အပြင်ဘက်၌ နေ၍ ကျင့်ကြံတတ်သည်။
ရွှမ်ဟော့ တောင်တန်း ကြီးမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး၊ အကယ်၍ မီးတောင်သာ ပေါက်ကွဲသွားမည် ဆိုပါက ထွက်လာမည့် ချော်ရည်များသည် ယူဇနာ သောင်းချီ ကျယ်ဝန်းသော နေရာအထိ ဖုံးလွှမ်းသွားနိုင်၏။
လျှို့ဝှက် မီးတောက် ဂူ ၏ ဝင်ပေါက်မှာ ဆယ်ပေ ခန့် ကျယ်ဝန်းပြီး၊ အတွင်းသို့ ဝင်ထွက်နေသော ကျင့်ကြံသူများလည်း ပလူပျံနေတော့သည်။
ဖုန်းဝူချန် အောက်သို့ ဆင်းသက်လိုက်ပြီး လျှို့ဝှက် မီးတောက် ဂူ ၏ ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ အတွင်းသို့ ဝင်သွားတော့၏။
ဂူဝင်ပေါက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော မီးစွမ်းအင် ကြီးက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။ ဤအင်အားမှာ ယန်ဟွမ် သဲကန္တာရ အတွင်းရှိ စွမ်းအင်ထက် အဆပေါင်းများစွာ ပို၍ ကြမ်းတမ်းနေ၏။
ဒါက ဖုန်းဝူချန် အတွက် ပထမဆုံး အကြိမ် ဖြစ်သဖြင့် ဤမျှ ပြင်းထန်သော မီးစွမ်းအင် ကြောင့် သူ အနည်းငယ် အံ့အားသင့်သွားရ၏။
"ဒီလောက် ကြမ်းတမ်းတဲ့ မီးစွမ်းအင်ကြီးကို... ဝူမီးတောက် ကတောင် စိတ်လှုပ်ရှားနေပါလား"
ဖုန်းဝူချန် အံ့ဩတကြီးဖြင့် မှတ်ချက်ချလိုက်၏။ သူ၏ ကိုယ်တွင်းရှိ ဝူမီးတောက် လှုပ်ရှားနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသောကြောင့်ပင်။
"မင်း ဒီကို လာတာ ပထမဆုံး အကြိမ် မဟုတ်လား"
ဖုန်းဝူချန် ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ၊ အနီးရှိ အမျိုးသား တစ်ဦးက ပြုံးရင်း လှမ်းမေးလိုက်သည်။
"ငါ ပထမဆုံး လာတုန်းကလည်း မင်းလိုပါပဲကွာ။ ဒီဂူထဲက မီးစွမ်းအင်က အရမ်းကို ကြောက်စရာကောင်းတာ။ အထဲဝင်သွားရင် အရမ်း သတိထားမှ ရမယ်နော်"
"နင်က တစ်ယောက်တည်း လာတာလား။ ဒီနေရာက အရမ်း အန္တရာယ်များတယ်။ ထျန်းယွမ်ဘုံ အဆင့် (၅) လွှာ တွေတောင် ဒီက မီးစွမ်းအင်ကို ခံနိုင်ရည်ရှိဖို့ ခက်ခဲတာ။ ငါ့အထင်တော့ နင် အထဲမဝင်တာ ပိုကောင်းမယ်။ မဟုတ်ရင် မိစ္ဆာမီးတောက် တွေရဲ့ ဝါးမြိုတာ ခံရလိမ့်မယ်"
ထိုအမျိုးသား၏ ဘေးတွင် ရပ်နေသော လှပသည့် မိန်းမငယ်လေး တစ်ဦးက အထင်သေးသော လေသံဖြင့် ဝင်ပြောလိုက်ခြင်းပါ။
သို့သော် သူမ၏ လေသံထဲတွင် ဖုန်းဝူချန် အတွက် စိုးရိမ်ပေးသည့် သဘောလေးလည်း ပါဝင်နေသေးသည်။
"ရိုရွှေ... အပိုတွေ လျှောက်မပြောနဲ့"
အမျိုးသားက ချက်ချင်းပင် လှမ်းဟန့်လိုက်ရာ မိန်းမငယ်လေးက နှုတ်ခမ်းလေး စူသွားပြီး ဘာမှ ဆက်မပြောတော့ချေ။
အမျိုးသားက ဖုန်းဝူချန် ဘက်သို့ ပြန်လှည့်လာပြီး...
"ညီလေး... သူ့ကို စိတ်ထဲ မထားပါနဲ့။ ရိုရွှေ က မကောင်းတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ သူက စိတ်ထဲ ရှိတာကို ဗြုန်းခနဲ ပြောချတတ်လို့ပါ"
"ကိစ္စမရှိပါဘူးဗျာ"
ဖုန်းဝူချန်ကလည်း ပြုံးပြုံးလေးဖြင့်သာ ပြန်ဖြေလိုက်၏။ မိန်းကလေး တစ်ယောက်နှင့် သူက ဘာကိစ္စ ပြဿနာ ရှာနေစရာ လိုမည်နည်း။
"ငါ့နာမည်က ကူတင့် ပါ။ ညီလေး နာမည်ကရော ဘယ်လိုခေါ်လဲ"
ကူတင့် က ယဉ်ကျေးစွာဖြင့် လက်ယှက်ကာ မေးလိုက်သည်။
"ကျွန်တော့်နာမည် ဖုန်းဝူချန် လို့ ခေါ်ပါတယ်"
ဖုန်းဝူချန်ကလည်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
"အစ်ကိုကြီး ကူတင့်... ဟိုမှာ ကျောက်ဟိုင်ယွင် လာနေပြီ။ မြန်မြန် အထဲဝင်ကြရအောင်... သူတို့ ကျွန်မတို့ကို တွေ့နေမယ်"
ရိုရွှေ က ရုတ်တရက် အလန့်တကြား အော်ပြောလိုက်ရာ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အကြောက်တရားများ အထင်းသား ပေါ်လွင်နေတော့သည်။
"ညီလေးဖုန်း... အထဲရောက်ရင် သတိထားနော်။ ငါတို့ သွားလိုက်ဦးမယ်"
ကူတင့် က ကပျာကယာ နှုတ်ဆက်ပြီး ရိုရွှေ နှင့်အတူ ဂူထဲသို့ အပြေးအလွှား ဝင်သွားကြလေတော့သည်။
ဖုန်းဝူချန် ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူတစ်စုက ဂူဆီသို့ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများဖြင့် လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
"အဆင့် (၄) အခင်းအကျင်းဆရာ ပါလား"
ဖုန်းဝူချန် တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂရုမစိုက်တော့ဘဲ ဂူထဲသို့ ဝင်သွားတော့သည်။
ဖုန်းဝူချန် ကျင့်ကြံခြင်း မစရသေးခင်မှာပင် သူ၏ ကိုယ်တွင်းရှိ ဝူမီးတောက် သည် ဂူထဲရှိ ကြမ်းတမ်းလှသော မီးစွမ်းအင်များကို စတင် ဝါးမြိုနေပြီ ဖြစ်ရာ၊ သူ၏ သွေးကြောများကလည်း စတင် ကျယ်ပြန့်လာတော့၏။
'ဒီလို ကြမ်းတမ်းတဲ့ မီးစွမ်းအင် ကို အသုံးချပြီး အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ကို ကျင့်ကြံဖို့က အတော်ပဲ... ဒုတိယအဆင့်မှာ ရပ်နေတာ တော်တော်လေး ကြာနေပြီလေ။'
ဖုန်းဝူချန် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
"ဖယ်ကြစမ်း... ဖယ်ကြ... သခင်လေးကျောက် အတွက် လမ်းဖယ်ပေးကြစမ်း"
ဂူအပြင်ဘက်၌မူ ကြွက်သားအမြွှာမြွှာနှင့် လူမိုက်ကြီး တချို့က လမ်းရှင်းနေကြပြီး လူများကို မောက်မောက်မာမာနှင့် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ် ကြိမ်းမောင်းနေကြလေ၏။
ကျောက်ဟိုင်ယွင် ဆိုသော လူသည် နောက်ခံ အတော်လေး တောင့်တင်းပုံရသည်။ ဆေးပညာရှင် များနှင့် လက်နက်သွန်းလုပ်သူ များပင်လျှင် သူ့ကို မြင်သည်နှင့် လမ်းဖယ်ပေးရပြီး မည်သူကမျှ သူ့ကို သွားမရှုပ်ရဲကြချေ။
အဘယ်ကြောင့်ဆိုသော် ကျောက်ဟိုင်ယွင် သည် အဆင့် (၄) အခင်းအကျင်းဆရာ တစ်ဦး ဖြစ်နေသောကြောင့်ပင်။ တကယ့်ကို မြင့်မားသော အဆင့်အတန်း တစ်ခုပင် ဖြစ်၏။
"သခင်လေးကျောက်"
"သခင်လေးကျောက် ကျင့်ကြံဖို့ ထပ်လာပြန်ပြီပဲ... တကယ်ကို ကြိုးစားတာပဲ"
"သခင်လေးကျောက် က နေ့တိုင်း လာနေတာဆိုတော့ မကြာခင် အဆင့် (၅) အခင်းအကျင်းဆရာ ဖြစ်တော့မှာ သေချာတယ်"
ကျင့်ကြံသူများက ကျောက်ဟိုင်ယွင် ကို မြင်သည်နှင့် 'သခင်လေးကျောက်' ဟု ရိုရိုသေသေ ခေါ်ကြပြီး အများစုမှာမူ သူ့ကို မျက်နှာချိုသွေးကာ ဖားယားနေကြလေ၏။
ကျောက်ဟိုင်ယွင် ကလည်း ထိုသို့ ဖားယားခံရသည်ကို အလွန် သဘောကျနေပုံရပြီး သူ့မျက်နှာပေါ်တွင် မောက်မာသော အပြုံးကြီးက အထင်းသား ပေါ်လွင်နေတော့သည်။
နောက်ဆုံးတွင်တော့ လူတိုင်း၏ မနာလိုအားကျမှုများ၊ ဖားယားမှုများ ကြားထဲမှ သူသည် လျှို့ဝှက် မီးတောက် ဂူ ထဲသို့ ဝင်ရောက်သွားလေတော့၏။
လျှို့ဝှက် မီးတောက် ဂူ ကြီးမှာ အလွန်တရာ ကြီးမားလှပြီး ကျင့်ကြံသူ အများစုကတော့ ဂူ၏ အလယ်ပိုင်းလောက်၌သာ ကျင့်ကြံလေ့ ရှိကြသည်။ မည်သူကမျှ ပို၍ နက်ရှိုင်းသော နေရာသို့ မဝင်ရဲကြချေ။ ထျန်းကျီဘုံ အဆင့် (၁) လွှာ ပညာရှင် တစ်ဦးပင်လျှင် အတွင်းသို့ ဝင်ရန် မစွန့်စားရဲကြပေ။
ထို့ကြောင့် ဂူ၏ အလယ်ပိုင်းမှာ အစည်ကားဆုံး ဖြစ်နေပြီး နေရာကောင်းများ အားလုံးမှာလည်း အခြားသူများ ယူထားပြီးသား ဖြစ်နေ၏။
အလယ်ပိုင်းသို့ ရောက်သောအခါ ဖုန်းဝူချန် တစ်ယောက် ကြောင်အသွားရ၏။ နေရာတိုင်း၌ လူများ ပြည့်ကျပ်နေပြီး ထိုင်စရာ နေရာလေး တစ်နေရာမျှ မကျန်တော့လောက်အောင် ဖြစ်နေသောကြောင့်ပင်။
"လူတွေ ဒီလောက်တောင် များတာလား"
ဖုန်းဝူချန် တကယ်ကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
ဖုန်းဝူချန် အပြင် အခြားလူများလည်း အများအပြား ရှိနေသေးပြီး သူတို့သည် အခြားသူများ ကျင့်ကြံလို့ ပြီးပြီး ထသွားမည့် အချိန်ကို စောင့်နေကြရခြင်း ဖြစ်၏။
"ဖယ်စမ်း... ဖယ်စမ်း... မကျင့်ကြံဘူးဆိုရင်လည်း အပြင်ထွက်နေကြ"
ဖုန်းဝူချန် တစ်ယောက် ကြောင်အ နေစဉ်မှာပင် ရုတ်တရက် လူမိုက်ကြီး တစ်ဦးက သူ့ကို အနောက်မှ အကြမ်းပတမ်း တွန်းဖယ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဂူထဲမှာဆိုတော့ ထိုအသံကြီးက ပဲ့တင်ထပ်ပြီး တော်တော်လေး ကျယ်လောင်နေတော့၏။
မမျှော်လင့်ဘဲ အတင်း တွန်းခံလိုက်ရသဖြင့် ဖုန်းဝူချန် တစ်ယောက် ဟန်ချက်ပျက်ပြီး မြေကြီးပေါ် လဲကျမလိုပင် ဖြစ်သွားရ၏။
နေရာမရသေးသော ကျင့်ကြံသူ တချို့ဆိုလျှင် အလန့်တကြားဖြင့် ဂူအပြင်ဘက်သို့ပင် ထွက်ပြေးသွားကြတော့သည်။
ရောက်လာသူများမှာ အခြားသူများ မဟုတ်၊ ကျောက်ဟိုင်ယွင် နှင့် သူ့လူများပင်။
ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး လူမိုက်ကြီးကို တစ်ချက် စူးစူးရဲရဲ ကြည့်လိုက်သော်လည်း ဘာမှတော့ ပြန်မလုပ်ခဲ့ချေ။ အခြားသူများ ကျင့်ကြံနေသည်ကို အနှောင့်အယှက် မဖြစ်စေချင်သောကြောင့်ပင်။
သို့သော် ထိုလူမိုက်ကြီးကမူ ပို၍ မောက်မာလာလေ၏။ နေရာလွတ် မရှိသည်ကို မြင်သောအခါ သူက ရှေ့သို့ လျှောက်သွားပြီး ကျင့်ကြံနေသော လူတစ်ဦးကို အတင်း ဆွဲထုတ်လိုက်တော့သည်။
"ခင်ဗျား ဘာလုပ်တာလဲ"
အဆွဲခံလိုက်ရသော လူမှာ အကြီးအကျယ် လန့်ဖြန့်သွားလေ၏။ သူက ကျင့်ကြံနေသည့် အချိန်ကြီးတွင် ဤသို့ အကြမ်းပတမ်း အနှောင့်အယှက် ပေးခံလိုက်ရသည် ဖြစ်ရာ... နည်းနည်းလေး မှားသွားသည်နှင့် အတွင်းဒဏ်ရာ အပြင်းအထန် ရသွားနိုင်သည် မဟုတ်ပါလော။
"ထွက်သွားစမ်း"
လူမိုက်ကြီးက ဟိန်းဟောက်လိုက်ပြီး ထိုလူကို အကြမ်းပတမ်း ကိုင်ပေါက်လိုက်သည်။
"သခင်လေးကျောက်... ဒီမှာ နေရာ ရပါပြီ"
လူမိုက်ကြီးက ကပျာကယာ အပြုံးကြီးဖြင့် လှမ်းပြောလိုက်၏။
ဤသို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်းကြောင့် အခြား ကျင့်ကြံနေသူများလည်း အနှောင့်အယှက် ဖြစ်သွားကြသော်ငြားလည်း၊ ကျောက်ဟိုင်ယွင် ကို မြင်လိုက်ရသော အခါတွင်မူ မည်သူကမျှ တစ်ခွန်းမှ မဟရဲကြတော့ချေ။
အဘယ်ကြောင့်ဆိုသော်... သူတို့သည် ဤသို့ အနိုင်ကျင့်ခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သောကြောင့်ပင်။
ထိုလူမိုက်ကြီးက အခြားသူများကို လူရာမသွင်းဘဲ ဤမျှလောက် မောက်မောက်မာမာ လုပ်နေသည်ကို မြင်လိုက်ရသော အခါတွင်တော့ ဖုန်းဝူချန် ၏ ရင်ထဲ၌ ဒေါသများ ထတောက်လာတော့၏။
"ညီလေးဖုန်း... ဘာမှ မလုပ်လိုက်ပါနဲ့... သည်းခံလိုက်ပါ... ကျောက်ဟိုင်ယွင် က သွားရှုပ်လို့ ကောင်းတဲ့ လူမျိုး မဟုတ်ဘူး"
ဖုန်းဝူချန် ဒေါသတကြီးဖြင့် ဝင်ပါရန် ပြင်လိုက်စဉ်မှာပင် သူ့နားထဲသို့ ခပ်တိုးတိုး အသံလေး တစ်ခု ဝင်ရောက်လာလေတော့၏။
အခန်း (၆၇၇) - ဝင်ရောက် စွန့်စားခြင်း
~"ညီလေးဖုန်း..."
အသံပိုင်ရှင်မှာ ကူတင့် ပင် ဖြစ်၏။
ဖုန်းဝူချန် လှည့်ကြည့်လိုက်သောအခါ ကူတင့် နှင့် ရိုရွှေ တို့ နှစ်ဦးစလုံး လူအုပ်ထဲတွင် ပုန်းကွယ်နေသည်ကို တွေ့လိုက်ရ၏။ ကူတင့် က မည်သို့မည်ပုံ ဖုန်းဝူချန် ၏ နောက်သို့ ရောက်လာမှန်းပင် မသိလိုက်ချေ။
"ညီလေးဖုန်း... ဟိုလူက ကျောက်မိသားစု ရဲ့ သခင်လေး ကျောက်ဟိုင်ယွင် ပဲ။ ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ပညာရှင်လေ။ ကျောက်မိသားစု က ရွှမ်ဟော့မြို့ မှာ အရမ်းကို ဩဇာကြီးတာ။ သူ့ကို သွားစော်ကားမိရင် သေချာပေါက် သေလမ်းရှာတာပဲ"
ကူတင့် က ခပ်တိုးတိုး သတိပေးလိုက်၏။ စောစောက လူမိုက်ကြီး တွန်းထုတ်လိုက်သည်ကို မြင်ပြီး အလန့်တကြား ဝင်ရောက် တားမြစ်ခြင်း ဖြစ်၏။
"အဲဒီ ကျောက်ဟိုင်ယွင် ဆိုတဲ့ ကောင်က တကယ်ကို ရွံစရာကောင်းတာ။ လူတိုင်းက သူ့ကို တွေ့တာနဲ့ ကြောက်နေကြတာပဲ"
ရိုရွှေ က မလှမ်းမကမ်းရှိ ကျောက်ဟိုင်ယွင် ကို မထီမဲ့မြင် ကြည့်ရင်း ခပ်တိုးတိုး ဝင်ပြောလိုက်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...
"ခုနက သူ့ကိုတွေ့တော့ ခင်ဗျားတို့ ဘာလို့ ပုန်းနေတာလဲ။ သူနဲ့ ပြဿနာ တစ်ခုခု ရှိထားလို့လား"
"လွန်ခဲ့တဲ့ ရက်ပိုင်းက ရွှမ်ဟော့မြို့ ထဲမှာ ရိုရွှေ က သူ့ကို သွားစော်ကားမိထားလို့ပါဗျာ"
ကူတင့် က မဲ့ပြုံးလေးဖြင့် ဖြေလိုက်လေ၏။
ရိုရွှေ က ချက်ချင်းပင် နှုတ်ခမ်းလေး စူကာ...
"အဲဒါ ကျွန်မအမှား မဟုတ်ပါဘူး။ ဆံထိုးလေး တစ်ချောင်းကို ကျွန်မက အရင်တွေ့တာလေ။ သူက တခြား မိန်းမတစ်ယောက်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ အဲဒီဆံထိုးကို (၃) ဆ ပေးပြီး လုဝယ်တာကိုး။ ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ အဲဒီဆံထိုးကို ချိုးပစ်လိုက်တာ"
ရိုရွှေ မှာ ပြောရင်းဖြင့် ပို၍ ဒေါသထွက်လာကာ ပါးလေး နှစ်ဖက်ပင် ဖောင်းတက်လာတော့သည်။
ကူတင့် က မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး...
"ညီလေးဖုန်း... ဒီမှာ နေရာလွတ် တစ်နေရာ ရှိတယ်။ မင်း အရင် ကျင့်ကြံလိုက်ပါ" ဟု ဆိုလိုက်၏။
"အစ်ကိုကြီး ကူတင့် ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ပဲ အရင် ကျင့်ကြံလိုက်ပါ။ ကျွန်တော် တခြားမှာ နေရာလွတ် ရှိမလားလို့ လိုက်ရှာကြည့်လိုက်ဦးမယ်"
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့် ငြင်းဆန်လိုက်၏။
ထိုအခိုက်အတန့်၌...၊
ဖုန်းဝူချန် စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ လူတစ်ယောက်က နေရာမှ ထကာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်လေ၏။
ဖုန်းဝူချန် နေရာလုခံရမည်ကို စိုးရိမ်သဖြင့် ကပျာကယာပင် ထိုနေရာသို့ သွားလိုက်သည်။
သို့သော်..၊ သူ ထိုင်ချရန် ပြင်လိုက်စဉ်မှာပင် အရပ်ရှည်ရှည် လူမိုက်ကြီး တစ်ယောက်က သူ၏ ရှေ့သို့ ရုတ်တရက် ရောက်လာတော့၏။
"ထစမ်း"
လူမိုက်ကြီးက တောရိုင်းတိရစ္ဆာန် တစ်ကောင်ပမာ ကြမ်းတမ်းသော မျက်နှာထားဖြင့် ဖုန်းဝူချန် ကို အော်ဟစ် ကြိမ်းမောင်းလိုက်၏။
ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး...
"ဘာလို့ ထရမှာလဲ" ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
ထိုလူမိုက်ကြီးမှာ ကျောက်ဟိုင်ယွင် ၏ လက်ပါးစေ ဖြစ်ကြောင်း ဖုန်းဝူချန် တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်၏။
"ဘာလို့လဲဆိုတော့... မင်းကို ငါ သတ်ပစ်နိုင်လို့ပဲ"
လူမိုက်ကြီးက ခြိမ်းခြောက်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး... 'နေရာဖယ်ပေးမလား၊ အသက်အသေခံမလား' ဟု ရွေးချယ်ခိုင်းနေသည့်အလား ပင်။
"ဪ... ဟုတ်လား"
ဖုန်းဝူချန် က ခပ်ဟဟ ရယ်မောလိုက်၏။
သူ၏ ရှေ့မှ လူမိုက်ကြီးမှာ ကောင်းကင်ဘုံလူသား အဆင့် (၁) လွှာ မျှသာ ရှိရာ... ဖုန်းဝူချန် အနေဖြင့် အပ်ဖျားခန့်မျှပင် ဂရုမစိုက်ချေ။
'ဒုက္ခပဲ... ညီလေးဖုန်း ပြဿနာ တက်တော့မယ်'
မလှမ်းမကမ်းတွင် ရှိနေသော ကူတင့် မှာ ဖုန်းဝူချန် ၏ အခြေအနေကို မြင်ပြီး စိုးရိမ်တကြီး ဖြစ်သွားရတော့၏။
သို့သော် ထိုလူမိုက်ကြီးမှာ ကျောက်ဟိုင်ယွင် ၏ လူ ဖြစ်နေသဖြင့်... အကယ်၍ သူသာ ဝင်ပါလိုက်ပါက ကျောက်ဟိုင်ယွင် နှင့် ပြဿနာတက်ကာ သူတို့ပါ ဒုက္ခရောက်သွားနိုင်သည်။
"နည်းနည်းလောက် တိတ်တိတ် နေလို့ မရဘူးလား။ မကျင့်ကြံဘူး ဆိုရင်လည်း ထွက်သွားကြစမ်း။ တခြားလူတွေကို အနှောင့်အယှက် မပေးနဲ့"
ထိုအခိုက်တွင်... ရိုသေလေးစားဖွယ် ကောင်းလှသော အိုမင်းသည့် အသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့၏။
"ဆရာကြီးဟယ် ပါလား"
ထိုအသံကို ကြားလိုက်ရသည်နှင့် လူမိုက်ကြီး ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။
"သခင်လေးကျောက်... ခင်ဗျားရဲ့ လူတွေကို နည်းနည်းပါးပါး ထိန်းချုပ်ထားလို့ မရဘူးလား"
ဆရာကြီးဟယ် ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဆရာကြီးဟယ် သည် အဆင့် (၆) လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်ပြီး အလွန်တရာ မြင့်မားသော အဆင့်အတန်း ရှိသူ ဖြစ်၏။ ထို့ကြောင့် သူ တစ်ဦးတည်းသာ ဝင်ရောက် ပြောဆိုရဲပြီး အခြားသူများမှာမူ ဝင်ပါရန် အပ်ဖျားခန့်မျှ မဝံ့ရဲကြချေ။
ထိုစကားကို ကြားသောအခါ ကျောက်ဟိုင်ယွင် က ဂူ၏ အနောက်ဘက်ဆုံးတွင် ထိုင်နေသော အဘိုးအို တစ်ဦးကို လှမ်းကြည့်လိုက်ပြီး...
"ဆရာကြီးဟယ် ရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့... ခဏလေးလောက်တော့ သည်းခံပေးပါ။ ဒီကိစ္စကို ချက်ချင်း ရှင်းလင်းလိုက်ပါ့မယ်"
ကျောက်ဟိုင်ယွင် ၏ လေသံမှာ အလွန်အမင်း မယဉ်ကျေးနေသကဲ့သို့ မောက်မာလွန်းနေခြင်းလည်း မရှိချေ။ ဆရာကြီးဟယ် ကို မစော်ကားရဲသော်ငြားလည်း အနည်းငယ်မျှ မကြောက်နေပေ။
စကားဆုံးသည်နှင့် ကျောက်ဟိုင်ယွင် ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန် ထံသို့ ခြိမ်းခြောက်သည့်ဟန်ဖြင့် စူးစိုက်ကျရောက်သွားတော့၏။
"ခွေးကောင်လေး... အခုချက်ချင်း လစ်လိုက်စမ်း။ မဟုတ်ရင် မင်း အသက်ကို အာမမခံဘူးနော်"
လူမိုက်ကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဖုန်းဝူချန် ကို ဟိန်းဟောက်လိုက်သည်။
"မင်းသာ လစ်လိုက်စမ်းပါ"
ဖုန်းဝူချန် က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
ဖုန်းဝူချန် ၏ စကားကြောင့် လူမိုက်ကြီးမှာ ခေတ္တမျှ ကြောင်အသွားပြီး... သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရ၏။
ကျောက်ဟိုင်ယွင် ပင်လျှင် အံ့အားသင့်သွားတော့၏။
ကျင့်ကြံနေကြသော သူများ အားလုံးလည်း မျက်လုံးများ ပွင့်လာကြပြီး... ဖုန်းဝူချန် ကို မယုံကြည်နိုင်စွာဖြင့် ဝိုင်းကြည့်နေကြ၏။
ဒီကောင်လေးက ဘယ်ကများ သတ္တိတွေ ရလာတာလဲ။ သေချင်နေတာလား။
လူတိုင်းက ဖုန်းဝူချန် ၏ သတ္တိကို စိတ်ထဲမှ လေးစားမိကြသော်လည်း... သူ၏ ကံကြမ္မာအတွက်မူ မည်သူကမျှ အကောင်း မမြင်ရဲကြချေ။
ဆရာကြီးဟယ် ပင်လျှင် ဖုန်းဝူချန် ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး... သူ၏ ရဲရင့်မှုကို အတော်လေး အံ့အားသင့်သွားပုံ ရ၏။
'ညီလေးဖုန်း က အရမ်း စိတ်လိုက်မာပါ လုပ်တာပဲ'
ကူတင့် မှာ အလွန်အမင်း စိုးရိမ်နေသော်လည်း ရိုရွှေ ပါ ရှိနေသဖြင့် ဝင်မကူညီရဲဘဲ ဖြစ်နေရှာသည်။
"သူ့ကို သတ်ပစ်လိုက်"
ကျောက်ဟိုင်ယွင် က အေးစက်စွာ အမိန့်ပေးလိုက်၏။ သူ၏ ရှေ့တွင် မောက်မာရဲသူ မှန်သမျှ သေလမ်းရှာခြင်းသာ။
အမိန့်ရသည်နှင့် လူမိုက်ကြီးသည် သူ၏ အစစ်အမှန်ယွမ်များကို လှုံ့ဆော်လိုက်ပြီး... ဖုန်းဝူချန် ၏ မျက်နှာဆီသို့ အကြင်နာ ကင်းမဲ့စွာ လက်သီးဖြင့် ထိုးချလိုက်လေတော့၏။ ကြောက်မက်ဖွယ် လက်သီးအဟုန်ကြောင့် ပတ်ဝန်းကျင်ရှိ မီးစွမ်းအင်များပင် လွင့်စင်သွားရသည်။
ဖုန်းဝူချန် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဖျတ်ဖျတ် လက်သွားပြီး... ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...
"ဝှစ်..."
"ဘုန်း..."
လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူမိုက်ကြီး၏ လက်သီးကို ဝင်ရောက် တားဆီးလိုက်လေ၏။ 'ဘုန်း' ခနဲ မြည်သံကြီးနှင့်အတူ ကြောက်မက်ဖွယ် ခွန်အားကြီးကြောင့် လူမိုက်ကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး ဂူ၏ ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားတော့သည်။
ဝင်ရောက် ကူညီလိုက်သူမှာ အခြားသူ မဟုတ်... ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ ပညာရှင် ကူတင့် ပင် ဖြစ်၏။
"ညီလေးဖုန်း... သွားကြစို့"
ကူတင့် က ဖုန်းဝူချန် ၏ လက်ကို ဆွဲကာ ဂူအပြင်ဘက်သို့ အပြေးအလွှား ထွက်ပြေးသွားတော့၏။
"ကူတင့်"
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ လုံးဝ မှောင်မိုက်သွားပြီး...
"ရန်သူတွေက လမ်းကျဉ်းကျဉ်းလေးမှာ လာဆုံကြတာပဲ။ မင်းကိုယ်မင်း သေတွင်းထဲ လာပို့မယ်လို့ ငါ မထင်ထားဘူး။ ဒီနေ့ မင်း ဘယ်ကို ပြေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ဒေါသတကြီး မှတ်ချက်ချလိုက်၏။
"ဝှစ်..."
စကားဆုံးသည်နှင့် ကျောက်ဟိုင်ယွင် ၏ ပုံရိပ်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး... အခြားသော လူမိုက်များကလည်း နောက်မှ အပြေးအလွှား လိုက်ပါသွားကြတော့၏။
"ဟိုကောင်လေးက ဘယ်သူလဲ... ရူးနေတာလား။ သခင်လေးကျောက် ကိုတောင် သွားစော်ကားရဲတယ်"
"မြန်မြန် သွားကြည့်ကြရအောင်... အဲဒီကောင်လေးကတော့ သေချာပေါက် သေပြီ။ အခု ကူတင့် ပါ ဝင်ပါလာပြီဆိုတော့..."
"ကူတင့် လည်း သေလမ်း သွားရှာတာပဲ"
ဂူအတွင်းရှိ ကျင့်ကြံသူများ အားလုံး အချင်းချင်း တီးတိုး ပြောဆိုနေကြပြီး... ပွဲကြည့်ရန်အတွက် ဂူအပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြလေတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ဂူအပြင်ဘက်၌... ကျောက်ဟိုင်ယွင် သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပုံရိပ်ယောင် ရာပေါင်းများစွာ ဖန်တီးကာ လိုက်လံ ဖမ်းဆီးနေလေ၏။ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် ကူတင့် ကို ပိတ်ဆို့ ဟန့်တားလိုက်နိုင်တော့သည်။
လျှို့ဝှက် မီးတောက် ဂူ အပြင်ဘက်ရှိ ကျင့်ကြံသူများ အားလုံးလည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပြီး... ကျောက်ဟိုင်ယွင် ကို မည်သူက သွားရောက် စော်ကားမိသနည်း ဟု သိချင်စိတ် ပြင်းပြနေကြ၏။
"ပြေးလို့ လွတ်မယ် ထင်နေတာလား"
ကျောက်ဟိုင်ယွင် က မောက်မာစွာဖြင့် မေးလိုက်၏။
ကျောက်ဟိုင်ယွင် သည် ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ပညာရှင် ဖြစ်သကဲ့သို့... ကိုယ်ဖော့ပညာတွင်လည်း အထူး ကျွမ်းကျင်သူ ဖြစ်ရာ၊ သူ၏ အမြန်နှုန်းမှာ အလွန်တရာမှ နာမည်ကြီးလှ၏။
ကူတင့် မှာ သူထက် အဆင့် တစ်ဆင့် နိမ့်ကျနေသဖြင့်... ကျောက်ဟိုင်ယွင် ၏ လက်တွင်းမှ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
"ကူတင့်... ရိုရွှေ ဆိုတဲ့ ကောင်မလေး ဘယ်မှာလဲ။ သူ့ကို ငါ့ဆီ အပ်မယ်ဆိုရင် မင်း အသက်ကိုတော့ ချမ်းသာပေးမယ်"
ကျောက်ဟိုင်ယွင် က အေးစက်စွာ တောင်းဆိုလိုက်၏။ လွန်ခဲ့သော ပြဿနာကို သူ အညှိုးထားနေဆဲ ဖြစ်ကြောင်း သိသာလှ၏။
"ညီလေးဖုန်း... မင်း အရင် သွားနှင့်တော့"
ကူတင့် က တည်ကြည်လေးနက် စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး ကူတင့်... ကျွန်တော့်အတွက်နဲ့ ခင်ဗျား ဘာလို့ ဒီလောက် အန္တရာယ်ခံနေရတာလဲ"
ဖုန်းဝူချန် က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ တစ်ခါသာ တွေ့ဖူးသော သူ့အတွက် ကူတင့် က အသက်စွန့်၍ ကယ်တင်ပေးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
"ကျောက်ဟိုင်ယွင် တို့ အဖွဲ့ လူတွေကို အနိုင်ကျင့်နေတာ ငါ ကြည့်မနေနိုင်လို့ပါကွာ။ ညီလေးဖုန်း... မြန်မြန် သွားတော့"
ကူတင့် က အတင်းအကျပ် တိုက်တွန်းလိုက်၏။
"ဟွန်း... သေချင်နေတာပဲ"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ... ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ၏ ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲထွက်လာပြီး၊ သူ၏ အရှိန်အဝါမှာ အလွန်တရာ ကြမ်းတမ်း ရက်စက်လှသည်။
"ဝုန်း..."
"ဝီ... ဝီ..."
ကျောက်ဟိုင်ယွင် လေဟာနယ်ကို နင်းလိုက်သည်နှင့် ဟိန်းညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်လာတော့၏။ သူ၏ ကြီးမားလှသော စွမ်းအားများကြောင့် လေဟာနယ် တစ်ခုလုံးပင် ပြင်းထန်စွာ တုန်ခါသွားရသည်။
ကူတင့် ကလည်း အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် လှံရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး... အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ပွဲဝင်ရန် ပြင်လိုက်တော့သည်။
"ကူတင့်... ပြီးခဲ့တဲ့ အကြိမ်က မင်း ကံကောင်းလို့ လွတ်သွားတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း ကံကုန်ပြီပဲ။ မင်းကို သတ်လိုက်ရင်... ဟိုကောင်မလေး ရိုရွှေ လည်း ထွက်လာမှာပဲလေ"
ကျောက်ဟိုင်ယွင် က အေးစက်စွာ ပြောလိုက်၏။ သူ၏ ခြောက်ခြားဖွယ် လေသံက ကြားရသူတိုင်းကို ကျောချမ်းသွားစေတော့သည်။
အခန်း (၆၇၈) - ဖုံးကွယ်ထားသော ခွန်အား
~ကျောက်ဟိုင်ယွင် ၏ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လှပြီး၊ ကောင်းကင်ဘုံလူသား အဆင့် (၅) လွှာ ပညာရှင် တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်၏။
ကူတင့် သည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ကို ကိုင်ဆောင်ထားသော်ငြားလည်း၊ သူ၏ အရှိန်အဝါမှာ ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ အထွတ်အထိပ် တွင်သာ ရှိသေး၏။
သူတို့နှစ်ဦးကြားရှိ ခွန်အား ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှ၏။
"ဝုန်း..."
"ဝီ... ဝီ..."
မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင်၊ သူတို့နှစ်ဦး ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်လိုက်ကြ၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး၊ အားလှိုင်းများက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ လိမ့်ဆင်းသွားတော့၏။
ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာပြီး တောင်တန်းပေါ်ရှိ သစ်ပင်ကြီးများပင် ပြင်းထန်စွာ ယိမ်းထိုးသွားကြရသည်။
ထိုပြင်းထန်လှသော တိုက်ခိုက်မှုအတွင်း ကူတင့် သည် နောက်သို့ ဆုတ်မသွားခဲ့သော်လည်း၊ သူ၏ မျက်နှာမှာမူ အလွန်တရာ အားစိုက်ထားရကြောင်း သိသာထင်ရှားလှပေ၏။
'ကွာဟချက်က တကယ်ကို ကြီးမားလွန်းတယ်'
ဖုန်းဝူချန် စိတ်ထဲမှ တွက်ဆလိုက်၏။
ကူတင့် သည် ကျောက်ဟိုင်ယွင် ၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်း သူ ကောင်းကောင်း သိရှိထားသဖြင့် ထွက်မသွားဘဲ နေနေခြင်း ဖြစ်၏။
ကူတင့် အသတ်ခံရမည်ကို သူ မည်သို့များ ဒီအတိုင်း ရပ်ကြည့်နေနိုင်မည်နည်း။
ထို့အပြင် ကူတင့် က သူ၏ အသက်ကိုပင် ပဓာနမထားဘဲ ဝင်ရောက် ကူညီပေးခဲ့သည် ဖြစ်ရာ၊ ဖုန်းဝူချန် အနေဖြင့် ပို၍ပင် လျစ်လျူမရှုသင့်ဘူး မဟုတ်ပါလော။
"ကူတင့်... မင်းရဲ့ စွမ်းရည်က ဒီလောက်လေးပဲလား"
ကျောက်ဟိုင်ယွင် က မဲ့ပြုံး ပြုံး ကာ မေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် ပြုမှုများက အထင်းသား ပေါ်လွင်နေ၏။
ကျောက်ဟိုင်ယွင် သည် မိမိ၏ ခွန်အားအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသူ ဖြစ်၏။ ကူတင့် သာမက၊ သူနှင့် ကျင့်ကြံခြင်း အဆင့်တူ ပညာရှင်များပင်လျှင် သူ့ကို အပ်ဖျားခန့်မျှ ကြောက်ရွံ့စေနိုင်စွမ်း မရှိခဲ့ချေ။
"ငါ့ခွန်အားရဲ့ (၅၀) ရာခိုင်နှုန်း ကိုပဲ သုံးရသေးတယ်ကွ"
ကျောက်ဟိုင်ယွင် က အေးစက်စွာ လှောင်ပြောင်လိုက်၏။
ကူတင့် ၏ မျက်နှာမှာ မှောင်မိုက်သွား၏။ ကျောက်ဟိုင်ယွင် ၏ ကြောက်မက်ဖွယ် ခွန်အားကို သူ အလွန် ရှင်းလင်းစွာ သိရှိထား၏။
"ညီလေးဖုန်း... မြန်မြန် ထွက်သွားတော့"
ကူတင့် က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
"ပြေးလို့ လွတ်မယ် ထင်နေတာလား"
ကျောက်ဟိုင်ယွင် က မထီမဲ့မြင် လေသံဖြင့် ပြန်ပြောလိုက်ပြီး၊ ဖုန်းဝူချန် ထံသို့ အေးစက်သော အကြည့်တစ်ချက် ဝေ့ကြည့်လိုက်၏။ ထို့နောက်...
"ကောင်လေး... တကယ်တော့ မင်းကို ကျေးဇူးတင်ရဦးမယ်။ မင်းသာ မရှိရင် ငါ ကူတင့် ကို ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး"
"သူ့ကို ဖမ်းထား... ဟိုကောင်လေးကို သတ်ပစ်လိုက်"
ကျောက်ဟိုင်ယွင် က အေးစက်စွာ အမိန့်ပေးလိုက်၏။ ထို့နောက် သူကိုယ်တိုင်လည်း ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ၏ စွမ်းအား အပြည့်ကို ထုတ်ဖော်ကာ၊ အကြင်နာ ကင်းမဲ့စွာဖြင့် ပြင်းထန်သော တိုက်ခိုက်မှုများကို စတင်လိုက်တော့သည်။
ကျောက်ဟိုင်ယွင် ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသောအခါ ကူတင့် ၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန် သွားရ၏။
ကူတင့် မှာ အခြားအရာများကို တွေးတောနေရန် အချိန်မရှိတော့ဘဲ၊ ရင်ဆိုင် တိုက်ခိုက်ရန်သာ ရှိတော့၏။
ဤအချိန်တွင် ထွက်ပြေးရန်မှာ လုံးဝ နောက်ကျသွားခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
"ဝီ... ဝီ..."
ပြင်းထန်လှသော တိုက်ပွဲကြီး စတင်သွားပြီ ဖြစ်၏။ ကောင်းကင်ယံတွင် ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ် စွမ်းအားများက အရပ်မျက်နှာ အသီးသီးသို့ ရိုက်ခတ်သွားရာ၊ ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေတော့သည်။ ကျောက်ဟိုင်ယွင် ၏ ရူးသွပ်သော တိုက်ခိုက်မှုများ အောက်တွင်၊ ကူတင့် မှာ အင်အားချင်း မမျှသဖြင့် လျင်မြန်စွာပင် နောက်သို့ ဆုတ်ခွာနေရ၏။
"အဲဒီ ကောင်လေးကို ကယ်ဖို့အတွက် ကိုယ့်အသက်ကိုတောင် စတေးရဲတယ်ပေါ့"
"ကူတင့် က သခင်လေးကျောက် ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူးလေ။ သူက သေလမ်းကို ကိုယ်တိုင် သွားရှာနေတာပဲ"
"ကိုယ် မယှဉ်နိုင်ဘူး ဆိုတာ သိသိကြီးနဲ့ ရှေ့ထွက်လာတာ... တကယ့်ကို မိုက်မဲလွန်းတယ်"
ပွဲကြည့်နေသူ အများအပြားက ခေါင်းခါယမ်းကာ မှတ်ချက်ချနေကြလေသည်။ ကူတင့် ကို အလွန် မိုက်မဲသူ တစ်ဦးဟု သူတို့ ထင်မြင်နေကြ၏။
သူတို့နှစ်ဦးကြားရှိ ခွန်အား ကွာဟချက်မှာ အလွန်တရာ ကြီးမားလွန်းလှရာ၊ ယွမ်ဒန်ဘုံ ကျင့်ကြံသူများ ပင်လျှင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
'ဘယ်လို လုပ်ကြမလဲ... အစ်ကိုကြီး ကူတင့် က ကျောက်ဟိုင်ယွင် ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး... ဒါတွေ အားလုံးက ဖုန်းဝူချန် ကြောင့်ပဲ။ သူသာ ကယ်စရာ မလိုခဲ့ရင် အစ်ကိုကြီး ကူတင့် လည်း ကျောက်ဟိုင်ယွင် ရဲ့ ဖမ်းတာကို ခံရမှာ မဟုတ်ဘူး'
မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ရိုရွှေ မှာ အလွန်အမင်း စိုးရိမ် ပူပန်နေတော့၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဝင်ရောက် ကူညီရန်မှာ လုံးဝ မဖြစ်နိုင်သကဲ့သို့၊ လျှို့ဝှက် မီးတောက် ဂူ မှ မည်သူကမျှလည်း ကျောက်ဟိုင်ယွင် ကို ဝင်ရောက် မစော်ကားရဲကြချေ။
တစ်ချိန်တည်းမှာပင်...။
လူမိုက်ကြီး (၇) ယောက်ကလည်း အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ဖုန်းဝူချန် ကို စတင် တိုက်ခိုက်လိုက်ကြသည်။ သူတို့ထဲတွင် အစွမ်းအထက်ဆုံးသူမှာ ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ ဖြစ်ပြီး၊ အနိမ့်ဆုံးသူမှာ ထျန်းယွမ်ဘုံ အဆင့် (၈) လွှာ ဖြစ်ရာ သူတို့၏ ခွန်အားမှာ ယုံမှားဖွယ်မရှိ အလွန် အစွမ်းထက်လှ၏။
ထိုအစွမ်းထက် ပညာရှင် (၇) ယောက်ကို ရင်ဆိုင်ရသော်လည်း၊ ဖုန်းဝူချန် သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ လုံးဝ တည်ငြိမ်နေလေ၏။ သူတို့ကို အပ်ဖျားခန့်မျှပင် အာရုံစိုက်နေပုံ မရချေ။
"ခွေးကောင်လေး... ငါတို့ရှေ့မှာ မောက်မာခဲ့တဲ့ ရလဒ်က ဘာလဲဆိုတာ အခု မင်းကို ပြမယ်"
ယခင်က ဖုန်းဝူချန် နှင့် ထိပ်တိုက် တွေ့ခဲ့သော လူမိုက်ကြီးက ရုပ်ဆိုး အကျည်းတန်သော မျက်နှာထားဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဖုန်းဝူချန် ကမူ သူ့ကို လုံးဝ လျစ်လျူရှုထားပြီး အေးအေးဆေးဆေးပင် ရပ်နေတော့၏။
သို့သော် လူတိုင်းက ဖုန်းဝူချန် သေချာပေါက် သေပြီဟု ထင်မှတ်နေချိန်မှာပင်၊ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေတော့သည်။
လူမိုက်ကြီး (၇) ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြခြင်း ဖြစ်၏။ သူတို့၏ ကြောက်မက်ဖွယ် ခွန်အားများကို ဘေးဖယ်ထားလျှင်ပင်၊ သူတို့၏ အမြန်နှုန်း တစ်ခုတည်းကပင် လွတ်အောင် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်လောက်အောင် လျင်မြန်လွန်းလှသည်။
သို့သော် ဖုန်းဝူချန် က ရှောင်တိမ်းနိုင်ခဲ့၏။
ထိုအစွမ်းထက် ပညာရှင် (၇) ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို၊ ဖုန်းဝူချန် သည် ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ဆန်းကြယ်လှသော ကိုယ်ဖော့ပညာကို အသုံးပြုကာ အားလုံးကို လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။
"ဝှစ်... ဝှစ်... ဝှစ်..."
လူမိုက်ကြီး (၇) ယောက်၏ တိုက်ခိုက်မှုများမှာ ပြင်းထန် လျင်မြန်လွန်းလှသော်လည်း အားလုံး သဲထဲရေသွန် ဖြစ်သွားရပြီး၊ ဖုန်းဝူချန် ၏ အင်္ကျီစွန်းကိုပင် မထိလိုက်နိုင်ကြချေ။
ပို၍ မယုံကြည်နိုင်စရာ ကောင်းသည်မှာ ဖုန်းဝူချန် သည် သူတို့ကို ကြည့်ပင် မကြည့်ဘဲ၊ သူ၏ အလိုအလျောက် တုံ့ပြန်မှုဖြင့်သာ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခြင်းပင်။
"..."
လျှို့ဝှက် မီးတောက် ဂူ အတွင်းမှ ပွဲကြည့်နေကြသော ကောင်းကင်ဘုံလူသား အဆင့် နှင့် ထျန်းကျီဘုံ ပညာရှင်များ အားလုံးမှာ အံ့အားသင့် မှင်သက်သွားကြပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"လက်သီး တစ်ချက်လေးတောင် မထိဘူး... အကုန်လုံး လွဲသွားတာပဲ"
"ဒီကောင်လေးက တော်တော် ထူးဆန်းတာပဲ... သူ့ရဲ့ ခွန်အားက သာမန်တော့ မဟုတ်ဘူး"
လူမိုက်ကြီး (၇) ယောက်မှာလည်း အစွန်းရောက်အောင် အံ့အားသင့် သွားကြလေသည်။ သူတို့၏ တိုက်ခိုက်မှုများ မည်မျှပင် ပြင်းထန်ပြီး ကောက်ကျစ်စဉ်းစားပါစေ၊ ဖုန်းဝူချန် ကို လက်သီး တစ်ချက်လေးမျှပင် မထိနိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် တစ်ခါမှ မတွေးထင်ခဲ့ဖူးချေ။
သူတို့ (၇) ယောက်လုံး လူမိုက်များ မဟုတ်ကြချေ။ ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်တွင်၊ ဖုန်းဝူချန် သည် သူတို့ ထင်ထားသလို အားနည်းသူ တစ်ဦး မဟုတ်ကြောင်း အားလုံး သဘောပေါက်သွားကြ၏။
အားနည်းဖို့ နေနေသာသာ... သူသည် အလွန်တရာ အစွမ်းထက်သူ တစ်ဦး ဖြစ်နေ၏။
သို့မဟုတ်ပါက သူတို့ (၇) ယောက်၏ ခွန်အားဖြင့် ဖုန်းဝူချန် ကို မထိနိုင်စရာ အကြောင်း လုံးဝ မရှိချေ။
ကူတင့် နှင့် တိုက်ခိုက်နေသော ကျောက်ဟိုင်ယွင် သည်လည်း ဤဘက်ရှိ အခြေအနေကို သတိပြုမိသွားပြီး မျက်နှာ အမူအရာ ချက်ချင်း တောင့်တင်း သွားတော့သည်။ ဤမျှ ငယ်ရွယ်သော ဖုန်းဝူချန် တွင် ဤမျှ နက်နဲသော ခွန်အားများ ဖုံးကွယ်ထားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
"ညီလေးဖုန်း မှာ ဒီလို စွမ်းရည်မျိုး ရှိနေတာပါလား"
ကူတင့် မှာ ဖုန်းဝူချန် ကို ကြည့်ရင်း အံ့အားသင့် မှင်သက်နေမိတော့သည်။
"သူ... သူ အရမ်း အစွမ်းထက်တာပဲ..."
ရိုရွှေ မှာလည်း ဖုန်းဝူချန် ကို ကြောင်အစွာဖြင့် ငေးကြည့်နေမိ၏။
"ဒီကောင်လေး ရဲ့ ခွန်အားက သူတို့ထက်တောင် ပိုသာနေပါလား"
"ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ ပညာရှင် တွေတောင် သူ့ကို မထိနိုင်ဘူးတဲ့လား"
"တကယ်ကို မယုံနိုင်ဘူးဗျာ... အဲဒီကောင်လေးက အရမ်း အစွမ်းထက်တာပဲ... သူ့ရဲ့ အစစ်အမှန်ယွမ် ကိုတောင် မသုံးရသေးဘူး"
ပွဲကြည့်နေကြသော ကျင့်ကြံသူများ အားလုံး အံ့အားသင့် မှင်သက်သွားကြပြီး မျက်နှာများ ကြောင်အ နေကြတော့၏။
ကျင့်ကြံခြင်း အဆင့်ကို မခန့်မှန်းနိုင်သော ဖုန်းဝူချန် သည် ဤမျှ အစွမ်းထက်သော ပညာရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"ဝုန်း... ဝုန်း... ဝုန်း..."
"ဝေါ့... ဝေါ့... ဝေါ့..."
ဖုန်းဝူချန် ရုတ်တရက် တန်ပြန် တိုက်ခိုက်လိုက်သည်။ သူ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် လူမိုက်ကြီး (၇) ယောက်မှာ သွေးများ ပန်းထုတ်ကာ၊ သူတို့၏ ခန္ဓာကိုယ်များမှာ အမည်းရောင် မျဉ်းကြောင်းများအဖြစ် လေထဲတွင် လွင့်ထွက်သွားကြလေတော့သည်။
"ရှူး..."
ဖုန်းဝူချန် ၏ စွမ်းအား အစစ်အမှန်ကို သူ တိုက်ခိုက်လိုက်သော အခါမှသာ အားလုံး သိရှိလိုက်ကြရပြီး၊ ပွဲကြည့်နေကြသော ကျင့်ကြံသူများ အားလုံး အလွန်အမင်း အံ့အားသင့် သွားကြကာ လေအေးများကိုပင် တရှူးရှူး စုပ်သွင်းမိကြလေတော့၏။
"သူ အရမ်း အစွမ်းထက်တာပဲ"
ကူတင့် ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဖုန်းဝူချန် သည် အစွမ်းထက် ပညာရှင် (၇) ယောက်ကို မျက်တောင်တစ်ခတ်အတွင်း အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည် ဆိုသည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
ထို (၇) ယောက်ထဲတွင် ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် (၃) ယောက်ပင် ပါဝင်ပြီး၊ အစွမ်းအထက်ဆုံးသူမှာ အဆင့် (၃) လွှာ တွင် ရှိနေသည် မဟုတ်ပါလော။
"သူ အရမ်း အစွမ်းထက်တာပဲ..."
ရိုရွှေ မှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေပြီး အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်တော့ချေ။
အစပိုင်းက အံ့အားသင့်နေခဲ့သော ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ ရုတ်တရက် မှောင်မိုက်သွားလေသည်။
"ခွေးကောင်လေး... တော်တော် စွမ်းရည် ရှိနေတာပဲ"
ကျောက်ဟိုင်ယွင် က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏ ရေခဲတမျှ အေးစက်ပြီး ရက်စက်သော အကြည့်များက ဖုန်းဝူချန် ထံသို့ တင်းမာစွာ စူးစိုက်ကျရောက်သွားတော့သည်။
"ဝုန်း..."
"ဝေါ့..."
အားလုံး အံ့အားသင့် နေကြစဉ်မှာပင်၊ ကျောက်ဟိုင်ယွင် သည် ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်လိုက်ပြီး ကူတင့် ၏ ရင်ဘတ်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်၏။ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ကြီးမားလှသော ခွန်အားကြီးကြောင့် ကူတင့် မှာ သွေးများ အန်ကျကာ လေထဲ လွင့်ထွက်သွားတော့၏။
"အစ်ကိုကြီး ကူတင့်"
ရိုရွှေ မှာ အလန့်တကြား အော်ဟစ်လိုက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ ပြေးထွက်သွားလေတော့သည်။
"ရိုရွှေ ပါလား"
ရိုရွှေ ကို မြင်လိုက်ရသောအခါ ကျောက်ဟိုင်ယွင် က ရက်စက်စွာ လှောင်ပြုံး ပြုံး လိုက်ပြီး...
"ကောင်မစုတ်လေး... နင် ထွက်လာမယ် ဆိုတာ ငါ သိပြီးသားပါ... အခု နင် ဘယ်ကို ပြေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တဲ့အတွက် ဒီနေ့ နင့်ကို အလျော်အစား အနေနဲ့ ငါ ယူရမယ်"
စကားဆုံးသည်နှင့် ကျောက်ဟိုင်ယွင် သည် ဖုန်းဝူချန် ကို လျစ်လျူရှုကာ ရိုရွှေ ထံသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့၏။
ကျောက်ဟိုင်ယွင် ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ သူ၏ ကိုယ်ဖော့ပညာနှင့် ပေါင်းစပ်လိုက်သောအခါ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် ရိုရွှေ ၏ အနီးသို့ ရောက်ရှိသွားကာ သူမကို ဖမ်းဆီးရန် လက်လှမ်းလိုက်လေတော့သည်။
"ရိုရွှေ... သတိထား"
ဒဏ်ရာရနေသော ကူတင့် က စိုးရိမ်တကြီးဖြင့် အော်ဟစ် သတိပေးလိုက်၏။ အကယ်၍ ရိုရွှေ သာ ကျောက်ဟိုင်ယွင် ၏ လက်တွင်းသို့ ကျရောက်သွားပါက အကျိုးဆက်ကို တွေးကြည့်ရန်ပင် မဝံ့ရဲလောက်အောင် ဆိုးရွားပေလိမ့်မည်။