အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အခန်း (၆၇၉) - တစ်ကွင်းလုံးကို မှင်သက်သွားစေခြင်း
~ကျောက်ဟိုင်ယွင် ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထျန်းယွမ်ဘုံ အဆင့် (၆) လွှာ မျှသာ ရှိသေးသော ရိုရွှေ အနေဖြင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ချေ။
"ခွေးမလေး... ဒီညတော့ နင် ငါ့ကို ကောင်းကောင်းကြီး ပြုစုပေးရမယ် သိလား"
ကျောက်ဟိုင်ယွင် ရုတ်တရက် ရောက်လာပြီး... သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်ပြီး ရမ္မက်ခိုးများ ပြည့်နှက်နေသော အပြုံးကြီးတစ်ခု ပေါ်လွင်နေလေ၏။
"ဝှစ်..."
"ဒိုင်း..."
"ဝီ... ဝီ..."
ထိုအခိုက်အတန့်၌... ဖုန်းဝူချန် ၏ ပုံရိပ်က လျှပ်တစ်ပြက် ဝင်ရောက်လာပြီး သူ၏ လက်သီးက လေကိုခွင်းကာ ပေါက်ကွဲထွက်လာတော့သည်။ ကျောက်ဟိုင်ယွင် ၏ လက်သည်းချက်များကို သူက တည့်တည့်မတ်မတ် ဝင်ရောက် ပိတ်ဆို့လိုက်၏။ လက်သီးအဟုန်ကြောင့် ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး တုန်ခါသွားပြီး... ကြမ်းတမ်းလှသော လေမုန်တိုင်းများက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ လိမ့်ဆင်းသွားလေတော့သည်။
"ငါ ဒီမှာ ရှိနေတာကိုများ မေ့နေတာလား"
ကျောက်ဟိုင်ယွင် ၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်လိုက်ရင်း ဖုန်းဝူချန် က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"ခွေးကောင်လေး... မင်းကများ လူစွမ်းကောင်း ဝင်လုပ်ချင်နေတာလား။ မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား။ ကောင်းပြီလေ... ဒီနေ့ မင်း ဘယ်လောက်စွမ်းလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ လုံးဝ မှောင်မိုက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဝှစ်..."
ပြောပြောဆိုဆိုပင် ကျောက်ဟိုင်ယွင် ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြန်သည်။ သူ၏ အမြန်နှုန်းက ယခင်ကထက်ပင် ပိုမို ကြောက်စရာ ကောင်းလာသည်။
"ဝုန်း..."
ကျောက်ဟိုင်ယွင် က ရိုရွှေ ၏ ဘယ်ဘက်ခြမ်းသို့ လျှပ်တစ်ပြက် ရောက်လာပြီး ဖမ်းဆွဲရန် လက်လှမ်းလိုက်လေ၏။ သို့သော် ထို မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... ဖုန်းဝူချန် က ရောက်ရှိလာပြန်သည်။ 'ဝုန်း' ခနဲ မြည်သံကြီးနှင့်အတူ ကျောက်ဟိုင်ယွင် ၏ တိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်မံ ပိတ်ဆို့ခံလိုက်ရပြန်တော့သည်။
"ဟင်..."
ကျောက်ဟိုင်ယွင် ၏ မျက်မှောင်များ တွန့်ချိုးသွား၏။ ဖုန်းဝူချန် ၏ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အမြန်နှုန်းကြောင့် သူ၏ ရင်ထဲတွင် အကြီးအကျယ် အံ့အားသင့်သွားရ၏။
"ကြည့်ရတာ... ငါ တားနိုင်သွားပြီ ထင်တယ်နော်"
ဖုန်းဝူချန် က ခပ်ဟဟ လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။
"ဝှစ်... ဝှစ်... ဝှစ်..."
"ဝုန်း... ဝုန်း... ဝုန်း..."
ကျောက်ဟိုင်ယွင် က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး၊ ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုကာ ရိုရွှေ ၏ ပတ်ပတ်လည်တွင် ရပ်တန့်ခြင်းမရှိ ပုံရိပ်ယောင်များ ဖန်တီး၍ တိုက်ခိုက်နေတော့သည်။ သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ... သူ မည်သည့်ဘက်မှ ဝင်ရောက် တိုက်ခိုက်သည်ဖြစ်စေ၊ ဖုန်းဝူချန် က အမြဲတမ်း အတိအကျ ဝင်ရောက် ပိတ်ဆို့နိုင်နေခြင်းပင် ဖြစ်၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျောက်ဟိုင်ယွင် မှာ အစွန်းရောက်အောင် အံ့အားသင့်သွားရ၏။ သူ၏ အစွမ်းကုန် ထုတ်ဖော်ထားသော အမြန်နှုန်းသည် ဖိနှိပ်ခံလိုက်ရသည် မဟုတ်ပါလော။
ကျောက်ဟိုင်ယွင် သည် မိမိ၏ အမြန်နှုန်းကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်ဖော့ပညာမှာ ပြိုင်ဘက်ကင်းလှပြီး၊ သူ့အမြန်နှုန်းအပေါ် သူ အကြွင်းမဲ့ ယုံကြည်မှု ရှိထား၏။
ယခု ဖုန်းဝူချန် နှင့် ရင်ဆိုင်ရသောအခါ... ကျောက်ဟိုင်ယွင် ၏ ယုံကြည်မှုများ အကြီးအကျယ် ထိခိုက်သွားရတော့သည်။
အကြောင်းမှာတော့... ဖုန်းဝူချန် သည် အစစ်အမှန်ယွမ် ကိုပင် မသုံးရသေးဘဲ သူ၏ အမြန်နှုန်းကို လုံးဝ ဖိနှိပ်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်၏။ ထိုအချက်ကို ကျောက်ဟိုင်ယွင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ စိတ်ထဲတွင် ရူးသွပ်မတတ် ဖြစ်လာပြီး... သူ၏ အမြန်နှုန်းက ဖုန်းဝူချန် အောက် နိမ့်ကျနေသည် ဆိုသည်ကို သူ လုံးဝ လက်မခံနိုင်ချေ။
ရိုရွှေ မှာမူ ဖုန်းဝူချန် ကို ကြောင်အစွာဖြင့် ငေးကြည့်နေမိသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့၏။
"ညီလေးဖုန်း ရဲ့ ခွန်အားက ကျောက်ဟိုင်ယွင် ကိုတောင် ဖိနှိပ်ထားနိုင်ပါလား"
ဒဏ်ရာရနေသော ကူတင့် မှာလည်း ကျောက်ရုပ်ကြီးပမာ မှင်သက်နေပြီး... သူ၏ ဒဏ်ရာမှ နာကျင်မှုများကိုပင် လုံးဝ မေ့လျော့သွားခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
"ဝုန်း... ဝုန်း... ဝုန်း..."
အရှုံးမပေးလိုသော ကျောက်ဟိုင်ယွင် သည် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်နေဆဲပင်။ သို့သော် ဖုန်းဝူချန် သည် ကျောက်ဟိုင်ယွင် ၏ ဝမ်းဗိုက်ထဲမှ သန်ကောင် တစ်ကောင်ပမာ၊ သူ မည်သည့် လမ်းကြောင်းမှ ဝင်ရောက် တိုက်ခိုက်သည်ဖြစ်စေ ဖုန်းဝူချန် က အတိအကျ ကြိုတင် ခန့်မှန်းပြီး လျှပ်တစ်ပြက် ကာကွယ်နိုင်နေတော့၏။
"အရမ်း... အရမ်း အစွမ်းထက်တာပဲ... သခင်လေးကျောက် က သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး"
"ဒီကောင်လေး က ထျန်းကျီဘုံ ပညာရှင်များ ဖြစ်နေမလား။ သူက အစစ်အမှန်ယွမ် ကိုတောင် မသုံးရသေးဘဲ သခင်လေးကျောက် ကို လွှမ်းမိုးထားနိုင်တယ် ဆိုတော့... တကယ်ကို ကြောက်စရာကြီးပဲ"
"အခုမှ စဉ်းစားကြည့်မိတယ်... စောစောက လူမိုက် (၇) ယောက် ဘယ်လိုများ အပြင်းအထန် ဒဏ်ရာရသွားတာလဲ။ ငါတို့ ဘာမှတောင် သေချာ မမြင်လိုက်ရဘူးလေ"
"ငါတို့ အားလုံး အထင်မှားခဲ့ကြတာပဲ... ဒီကောင်လေး က သေလမ်း သွားရှာနေတာ မဟုတ်ဘူး။ သူက သခင်လေးကျောက် ကို သူ့မျက်စိထဲတောင် မထည့်ထားတာကိုး"
ဖုန်းဝူချန် ထုတ်ဖော်ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ... လျှို့ဝှက် မီးတောက် ဂူ မှ ကျင့်ကြံသူများ အားလုံး အံ့အားသင့် မှင်သက်သွားကြလေတော့သည်။
"ခွေးကောင်လေး..."
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ ရက်စက်စွာ ပုံပျက်သွား၏။ ဤသို့ အနှောင့်အယှက် ပေးခံရပြီး အရှက်ခွဲခံရခြင်းက သူ့အတွက် သေရသည်ထက်ပင် ပို၍ နာကျင်စေ၏။
"ဝီ... ဝီ..."
ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ကျောက်ဟိုင်ယွင် သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ... ရိုရွှေ ကို ဖမ်းဆီးရန် အစီအစဉ်ကို စွန့်လွှတ်ကာ ရူးသွပ်စွာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သူ၏ အမြန်နှုန်းက ဖုန်းဝူချန် ကို မယှဉ်နိုင်လျှင်တောင်မှ... သူ၏ သိုင်းကွက်များက ဖုန်းဝူချန် ထက် မသာလွန်နိုင်ဘူး ဆိုသည်ကို သူ လုံးဝ မယုံကြည်ချေ။
ရူးသွပ်လုမတတ် ဖြစ်နေသော ကျောက်ဟိုင်ယွင် ကို ကြည့်ရင်း... ဖုန်းဝူချန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး၊
"မင်းရဲ့ ခွန်အားက သိပ်အားနည်းလွန်းတယ်။ ဒီလောက်နဲ့ပဲ ရပ်လိုက်ဖို့ ငါ အကြံပေးချင်တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ... ကျောက်ဟိုင်ယွင် ၏ ရုပ်ဆိုး အကျည်းတန်နေသော မျက်နှာကြီးမှာ ရုတ်ချည်း တောင့်တင်းသွားတော့၏။
သူက အားနည်းလွန်းတယ် တဲ့လား။
ကျောက်ဟိုင်ယွင် သည် သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရသကဲ့သို့... ဖုန်းဝူချန် က သူ့ကို ဤမျှ လွယ်လွယ်ကူကူ အထင်သေး ရဲလိမ့်မည်ဟုလည်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
တစ်ခဏအတွင်းမှာပင် လျှို့ဝှက် မီးတောက် ဂူ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
လူတိုင်းက ဖုန်းဝူချန် ၏ စကားများမှာ အလွန်တရာ မောက်မာလွန်းသည်ဟု ထင်မြင်နေကြပုံ ရ၏။
ကျောက်ဟိုင်ယွင် သည် လူငယ် ပါရမီရှင် တစ်ဦး မဟုတ်သော်ငြားလည်း၊ သူ၏ ခွန်အားမှာ အလွန် အစွမ်းထက်လှရာ... မည်သည့် လူငယ် ပါရမီရှင် ကမျှ သူ့ကို အလွယ်တကူ ခြေမဆေးရဲကြချေ။
"အား..."
ရင်ထဲမှ ဒေါသမီးတောက်ကြီး ဟုန်းခနဲ တောက်လောင်လာပြီး... ကျောက်ဟိုင်ယွင် သည် ကောင်းကင်သို့ မော့ကာ အသံကုန် ဟိန်းဟောက်လိုက်သည်။ သူ၏ ကြမ်းတမ်းသော အရှိန်အဝါများက ရူးသွပ်စွာ လှည့်ပတ်သွားပြီး၊ သူ၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။
သူ၏ ဒေါသတရားများနှင့်အတူ ကျောက်ဟိုင်ယွင် ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။
"မြေကမ္ဘာအဆင့် အနိမ့်စား သိုင်းကွက်... ချန်ခွင်း ဆန်းကြယ် ရေခဲ ဓားသွား"
ကျောက်ဟိုင်ယွင် က ရုတ်တရက် အော်ဟစ်လိုက်ပြီး၊ သူ၏ လက်များက ဆန်းကြယ်သော လက်ဟန် ရေးဆွဲလိုက်ရာ... ကြောက်မက်ဖွယ် ကောင်းလှသော ရေခဲစွမ်းအင်ကြီး တစ်ခု ထွက်ပေါ်လာလေတော့သည်။
အရိုးကွဲမတတ် အေးစက်လှသော အအေးဓာတ်ကြီးက အရပ်မျက်နှာ အသီးသီးသို့ ရိုက်ခတ်သွား၏။ ၎င်း ဖြတ်သန်းသွားရာ လေဟာနယ် တစ်ခုလုံး ရေခဲများအဖြစ် အေးခဲသွားကာ... မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ကျယ်ပြန့်လာတော့သည်။
"ညီလေးဖုန်း... သတိထား"
ကျောက်ဟိုင်ယွင် ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့်... အဝေးမှနေ၍ ကူတင့် က စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်၏။
"ဝှစ်..."
"ဝီ... ဝီ..."
ကျောက်ဟိုင်ယွင် သည် သူ၏ အစွမ်းကုန် ခွန်အားများကို ထုတ်ဖော်ကာ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ပစ်လွှတ်လိုက်၏။ ပေရာပေါင်းများစွာ ကြီးမားသော ဧရာမ ရေခဲဓားသွားကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းသွားမတတ် အရှိန်အဟုန်ဖြင့် တဟုန်ထိုး ပြေးထွက်လာတော့၏။ လေကို ခွင်းသွားသော အသံကြီးကြောင့် လျှို့ဝှက် မီးတောက် ဂူ မှ လူများမှာ နားများကိုပင် လက်ဖြင့် ပိတ်ထားကြရသည်။
မြေကမ္ဘာအဆင့် သိုင်းကွက် ၏ စွမ်းအားမှာ ယုံမှားဖွယ်မရှိ အလွန်တရာ အံ့မခန်း ဖြစ်၏။
ထိုကြောက်မက်ဖွယ် စွမ်းအင်ကြီး ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသောအခါ... လျှို့ဝှက် မီးတောက် ဂူ မှ ကျင့်ကြံသူများ အားလုံး၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားကြရတော့၏။
သို့ဖြစ်သော်ငြားလည်း၊ ဤမျှ ကြမ်းတမ်းသော မြေကမ္ဘာအဆင့် သိုင်းကွက်ကြီးကို ရင်ဆိုင်ရသည့်တိုင်... ဖုန်းဝူချန် သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ ရုပ်တုကြီးပမာ မတ်မတ် ရပ်နေဆဲပင် ဖြစ်သည်။ သူ၏ မျက်နှာ အမူအရာမှာလည်း အပ်ဖျားခန့်မျှ ပြောင်းလဲခြင်း မရှိချေ။
"မြန်မြန် ရှောင်လိုက်လေ..."
ဖုန်းဝူချန် မတုန်မလှုပ် ရပ်နေသည်ကို မြင်သောအခါ... ရိုရွှေ ၏ ရင်ထဲတွင် အပူမီးများ တောက်လောင်လာပြီး လက်ဖဝါးများပင် ချွေးပြန်လာတော့၏။
ကူတင့် မှာလည်း ထိုနည်းတူပင်။ ဖုန်းဝူချန် ကို စိုးရိမ်တကြီးဖြင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိသည်။
ဖုန်းဝူချန် ဤသို့ ငြိမ်သက်နေခြင်းက လူတိုင်းကို ရင်တမမ ဖြစ်သွားစေခဲ့ပြီ ဖြစ်၏။
"ဝုန်း..."
"ဝီ... ဝီ..."
ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းဝူချန် သည် မရှောင်တိမ်းချေ။ ကြောက်မက်ဖွယ် ရေခဲဓားသွားကြီးက သူ့ထံသို့ အကြင်နာ ကင်းမဲ့စွာ ဝင်ရောက် ရိုက်ခတ်သွား၏။
ဧရာမ ရေခဲဓားသွားကြီးမှာ တောင်ကြီး တစ်လုံး ပြိုကျလာသည့်အလား ပေါက်ကွဲထွက်သွားပြီး... ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံ လွှမ်းခြုံသွားကာ လေဟာနယ်နှင့် တောင်တန်းများပင် ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
"ညီလေးဖုန်း"
ကူတင့် မှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အသံကုန် အော်ဟစ်လိုက်သော်လည်း... ကြောက်မက်ဖွယ် စွမ်းအားများကြောင့် အနားသို့ ကပ်ရန် လုံးဝ မဖြစ်နိုင်ခဲ့ချေ။
"ဟိုကောင်လေး မရှောင်လိုက်ဘူးဟေ့"
လျှို့ဝှက် မီးတောက် ဂူ မှ လူများ အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြသည်။
"ငါ့ကို အထင်သေးရဲသေးတယ်ပေါ့။ ငါ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းကွက် ကို အလှပြထားတယ်လို့များ ထင်နေတာလား။ သေလမ်းကို ကိုယ်တိုင် သွားရှာတာပဲ"
ကျောက်ဟိုင်ယွင် က မဲ့ပြုံး ပြုံး ရင်း ရက်စက်စွာ မှတ်ချက်ချလိုက်၏။ ဖုန်းဝူချန် ၏ မထီမဲ့မြင် ပြုမှုများကြောင့် သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။
လူတိုင်း၏ အကြည့်များက ပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့သာ စူးစိုက်ကျရောက်နေပြီး... လက်ရှိ အခြေအနေကို မည်သူကမျှ မသိရှိကြသေးချေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်နှင့်အမျှ... ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ လေဟာနယ်ကြီးမှာလည်း ပိုမို ငြိမ်သက်လာလေ၏။ အားလုံးက တင်းမာသော အမူအရာများဖြင့် ကောင်းကင်ယံကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြတော့သည်။
အကြောင်းမူကား... ဝေဝါးသော လူရိပ်တစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထိုလူရိပ်မှာ ဖုန်းဝူချန် ပင် ဖြစ်၏။
ဖုန်းဝူချန် ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ... လူတိုင်း၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပြူးကျယ်သွားကြပြီး၊ အံ့အားသင့်မှုများနှင့် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။
"သူ... သူ အသက်ရှင်နေသေးတယ်... မသေသေးဘူး"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ဒဏ်ရာ တစ်စက်လေးတောင် မရဘူးလား။ ဟိုကောင်လေးက တကယ်ကြီး ဘာမှ မဖြစ်ဘူးဟေ့။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါ... ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်။ အဲဒီ ကောင်လေး က မရှောင်ဘဲ နေတာတောင်မှ ဘာဒဏ်ရာမှ မရဘူးတဲ့လား"
တစ်ခဏအတွင်းမှာပင် ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး ရေနွေးအိုး ပွက်ပွက်ဆူသည့်အလား ဆူညံပွက်လောရိုက် သွားတော့၏။
ရိုရွှေ နှင့် ကူတင့် တို့မှာလည်း အစွန်းရောက်အောင် အံ့အားသင့် သွားကြပြီး... သူတို့၏ ရင်ထဲတွင် ကြီးမားလှသော လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားသည့်အလား ခံစားလိုက်ကြရသည်။
ကျောက်ဟိုင်ယွင် ၏ ခန္ဓာကိုယ် တစ်ခုလုံး အံ့အားသင့်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေတော့၏။
၎င်းမှာ သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက် ဖြစ်ပြီး သူ၏ အစွမ်းကုန် ခွန်အားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် ဖုန်းဝူချန် မှာ ခြစ်ရာလို ဒဏ်ရာပင် မရရှိခဲ့ချေ။
"အစ်ကို... အစ်ကိုကြီး ကူတင့်... ဖုန်းဝူချန်.အရမ်းကို စွမ်းတာပဲ"
ရိုရွှေ ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ဖုန်းဝူချန် ကို ကြည့်ကာ ပြောလိုက်လေသည်။ သူမ၏ လေသံမှာ တုန်ယင်နေပြီး မိစ္ဆာ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်နေတော့၏။
အခန်း (၆၈၀) - အကူအညီ ခေါ်ယူခြင်း
~ကျောက်ဟိုင်ယွင် သည် အစွမ်းထက်သူ တစ်ဦး ဖြစ်သော်ငြားလည်း... ဖုန်းဝူချန် ကမူ သူ့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေ၏။
ကျောက်ဟိုင်ယွင် ၏ ကျင့်ကြံခြင်း အဆင့်မှာ ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ မျှသာ ရှိပြီး၊ ကောင်းကင်ဘုံလူသား အဆင့် (၅) လွှာ ၏ ကြောက်မက်ဖွယ် စွမ်းအားများကို အတင်းအကျပ် ထုတ်ဖော်နိုင်ခဲ့လျှင်တောင်မှ... အလကားပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော်... ယခုအခါ ဖုန်းဝူချန် သည် ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် သို့ ရောက်ရှိနေပြီ ဖြစ်သကဲ့သို့၊ သူ၏ ရုပ်ခန္ဓာမှာလည်း အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာနေပြီ ဖြစ်သောကြောင့်ပင်။ ကောင်းကင်ဘုံလူသား အဆင့် (၅) လွှာ ၏ စွမ်းအားမျှဖြင့် ဖုန်းဝူချန် ကို မည်သို့များ ဒဏ်ရာရစေနိုင်မည်နည်း။
ကောင်းကင်ဘုံလူသား အဆင့် (၅) လွှာ နေနေသာသာ... ကောင်းကင်ဘုံလူသား အဆင့် (၆) လွှာ ပညာရှင် ပင်လျှင် ဖုန်းဝူချန် ကို အပ်ဖျားခန့်မျှ ထိခိုက်စေနိုင်မည် မဟုတ်ချေ။
ဤအခိုက်အတန့်၌... လူတိုင်း၏ အမြင်တွင် ဖုန်းဝူချန် သည် အကြင်နာ ကင်းမဲ့သော မိစ္ဆာ တစ်ကောင်ပမာ ဖြစ်နေတော့၏။
ဖုန်းဝူချန် ၏ ရေခဲတမျှ အေးစက်သော အကြည့်များက အံ့အားသင့် မှင်သက်နေဆဲ ဖြစ်သော ကျောက်ဟိုင်ယွင် ထံသို့ စူးစိုက်ကျရောက်သွားပြီးနောက်... သူက အေးတိအေးစက် လေသံဖြင့် ဆိုလိုက်သည်။
"ငါ့စွမ်းရည်ကို ကြည့်ချင်တယ် ဆိုပေမယ့်... မင်းမှာ အဲဒီ အရည်အချင်းမှ မရှိတာ။ ငါ လက်ပါလာအောင် လုပ်နိုင်ဖို့တောင် မင်းက သိပ်အားနည်းလွန်းနေတယ်"
ဖုန်းဝူချန် ၏ စကားက ကျောက်ဟိုင်ယွင် ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားစေသော်လည်း၊ ယခုအချိန်တွင်မူ သူ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများသာ လွှမ်းမိုးနေတော့၏။
ဤမျှ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသော ပြိုင်ဘက်မျိုးကို သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ တိုက်ခိုက်လိုစိတ်ကိုပင် လုံးဝ ပျောက်ဆုံးသွားစေလောက်အောင် အစွမ်းထက်လွန်းလှ၏။ ဖုန်းဝူချန် ၏ ကြောက်မက်ဖွယ် ကောင်းမှုက သူ၏ ယုံကြည်မှု အားလုံးကို အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်၏။
"ဝှစ်..."
"ဝုန်း..."
"ဝေါ့..."
ဖုန်းဝူချန် ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်... သူ၏ ပုံရိပ်က ကျောက်ဟိုင်ယွင် ၏ ရှေ့သို့ တစ္ဆေတစ်ကောင်ပမာ လျှပ်တစ်ပြက် ရောက်ရှိလာပြီး၊ အကြင်နာ ကင်းမဲ့စွာဖြင့် လက်သီး တစ်ချက် ထိုးချလိုက်လေတော့သည်။ မိုးခြိမ်းသံကြီးပမာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ လွှမ်းမိုးနိုင်စွမ်း ရှိသော ခွန်အားကြီးကြောင့် ကျောက်ဟိုင်ယွင် မှာ သွေးများ အန်ကျကာ... အမြောက်ဆံ တစ်လုံးပမာ လေထဲသို့ လွင့်ထွက်သွားလေတော့၏။
"သခင်လေး..."
အပြင်းအထန် ဒဏ်ရာရနေသော လူမိုက်ကြီး (၇) ယောက်မှာ အလန့်တကြား အော်ဟစ်လိုက်ကြပြီး၊ ကျောက်ဟိုင်ယွင် ထံသို့ အသည်းအသန် ပျံသန်းသွားကြ၏။
"ဒိုင်း... ဒိုင်း..."
ကျောက်ဟိုင်ယွင် ၏ ခန္ဓာကိုယ်မှာ တောင်ကုန်း တစ်ခုကိုပင် ဖောက်ထွင်းသွားပြီး... ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး ဆူညံပွက်လောရိုက် သွားတော့သည်။
လက်သီး တစ်ချက်တည်းနှင့်ပင် ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ပညာရှင် ကျောက်ဟိုင်ယွင် မှာ သွေးများ အန်ကျသွားခဲ့ရ၏။
"ရှူး..."
ပွဲကြည့်နေကြသော ကျင့်ကြံသူ အများအပြားမှာ နောက်တစ်ကြိမ် လေအေးများကို တရှူးရှူး စုပ်သွင်းမိကြပြန်ပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် ပို၍ပင် ပြင်းထန်သော ကြောက်ရွံ့မှုများ ပြည့်နှက်လာကြတော့၏။
"သူ့ရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။ လက်သီး တစ်ချက်တည်းနဲ့ သခင်လေးကျောက် ကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်ပစ်လိုက်တာပဲ"
"သူက အစစ်အမှန်ယွမ် ကိုတောင် မသုံးရသေးဘူး... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး။ ဒါပေမဲ့ လက်သီး တစ်ချက်တည်းနဲ့ သခင်လေးကျောက် ကို ဒီလောက်ဖြစ်အောင် လုပ်နိုင်တယ် ဆိုတော့... သူများ ထျန်းကျီဘုံ ပညာရှင် တစ်ယောက် ဖြစ်နေမလား"
"ထျန်းကျီဘုံ ပညာရှင် မဟုတ်ရင်တောင်မှ အဲဒီအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့တာ သေချာတယ်"
ရွှမ်ဟော့ တောင်တန်း ပေါ်ရှိ ကျင့်ကြံသူများ အားလုံး အကြောက်တရား လွှမ်းမိုးခံလိုက်ကြရသည်။
ကူတင့် နှင့် ရိုရွှေ တို့မှာလည်း လုံးဝ ကြောင်အ သွားကြတော့၏။ သူတို့ မျက်စိထဲတွင် အလွန်တရာ အစွမ်းထက်လှသော ကျောက်ဟိုင်ယွင် မှာ... ဖုန်းဝူချန် ၏ ရှေ့တွင်တော့ ပုရွက်ဆိတ် တစ်ကောင်ပမာ ဘာမှ မဟုတ်တော့ချေ။
"ဝုန်း..."
သိပ်မကြာခင်မှာပင် ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ကျယ်လောင်သော အသံကြီးနှင့်အတူ ကျောက်တုံး ကျောက်စများ လွင့်စင်သွားတော့သည်။ နောက်တစ်စက္ကန့်တွင်တော့... ကျောက်ဟိုင်ယွင် သည် အဝေးရှိ တောင်ထွတ် တစ်ခုဆီမှ တဟုန်ထိုး ထွက်ပေါ်လာ၏။
"သခင်လေး... ဒဏ်ရာ အခြေအနေ ဘယ်လိုနေလဲ"
တစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ထွက်သွားစမ်း"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန် ထံသို့သာ စူးစိုက်ကျရောက်နေ၏။
ကျောက်ဟိုင်ယွင် မှာ အပြင်းအထန် ဒဏ်ရာရထားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော် နေသော်လည်း၊ သူ လုံးဝ မလဲကျသေးချေ။
"ခွေးကောင်လေး... မင်း ဘယ်သူလဲ"
ကျောက်ဟိုင်ယွင် က ဖုန်းဝူချန် ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်သည့်အလား ရက်စက်စွာ မေးလိုက်၏။
"ဖုန်းဝူချန်"
ဖုန်းဝူချန် က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"ဒီနေ့... မင်း ရွှမ်ဟော့ တောင်တန်း ပေါ်ကနေ အသက်ရှင်လျက် ပြန်ဆင်းသွားဖို့တော့ အိပ်မက် မမက်နဲ့"
ကျောက်ဟိုင်ယွင် က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လေသံဖြင့် ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
သို့သော် ဖုန်းဝူချန် ကမူ သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ အကယ်၍ သူသည် ကျင့်ကြံရန်အတွက် လာခဲ့ခြင်း မဟုတ်ဘဲ အချိန် မဖြုန်းချင်၍သာ မဟုတ်ပါက၊ ကျောက်ဟိုင်ယွင် ကို အသေအချာ သတ်ပစ်ခဲ့မည်မှာ ယုံမှားဖွယ်မရှိ ပေ။
ဖုန်းဝူချန် တွင် အချိန် (၁) လ သာ ရှိတော့သဖြင့်၊ စက္ကန့်တိုင်းကို အသုံးချ၍ ကျင့်ကြံရမည် ဖြစ်သည်။ ထျန်းကျီဘုံ သို့ အမြန်ဆုံး ချိုးဖြတ်နိုင်ရန် သူ အသည်းအသန် ကြိုးစားနေရသည် မဟုတ်ပါလော။
"အစ်ကိုကြီး ကူတင့်... ကျင့်ကြံဖို့ အထဲ ဝင်ကြရအောင်"
ဖုန်းဝူချန် က မလှမ်းမကမ်းရှိ ကူတင့် ထံသို့ လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ ဒေါသထွက်နေသော ကျောက်ဟိုင်ယွင် ကို တစ်ချက်လေးမျှပင် ဂရုမစိုက်တော့ဘဲ အောက်သို့ ဆင်းသက်သွား၏။
ထိုစကားကို ကြားလိုက်ရမှသာ ကူတင့် နှင့် ရိုရွှေ တို့ သတိပြန်ဝင်လာကြပြီး... ကပျာကယာပင် အောက်သို့ ဆင်းလာခဲ့ကြတော့သည်။
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ ပိုမို၍ အရုပ်ဆိုး အကျည်းတန် သွားပြီး၊ သူ၏ သွေးကြောများ အားလုံး ထောင်ထလာကာ... မျက်နှာပေါ်ရှိ အသားစိုင်များပင် ပြင်းထန်စွာ တုန်ရီနေတော့၏။ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် အနေအထားပင်။
သို့သော် ကျောက်ဟိုင်ယွင် သည် ဝင်ရောက် တိုက်ခိုက်ရန် သတ္တိ လုံးဝ မရှိတော့ချေ။
ဖုန်းဝူချန် သည် လျှို့ဝှက် မီးတောက် ဂူ ၏ ဝင်ပေါက်သို့ ပြန်လည် ရောက်ရှိလာသောအခါ... ဝင်ပေါက်ရှိ ကျင့်ကြံသူများ အားလုံး အလန့်တကြား လမ်းဖယ်ပေးကြပြီး ဘေးသို့ ကပ်သွားကြ၏။
ဆေးပညာရှင်၊ လက်နက်သွန်းလုပ်သူ နှင့် အခင်းအကျင်းဆရာ များပင်လျှင် ခြွင်းချက်မရှိ လမ်းဖယ်ပေးရတော့သည်။
လူအုပ်ကြီးမှာ အလွန်အမင်း အံ့အားသင့် နေကြ၏။ ကျောက်ဟိုင်ယွင် ကို စော်ကားထားပြီးသည့်တိုင်အောင်... ဖုန်းဝူချန် တို့ အဖွဲ့က ဘာမှ မဖြစ်သလို ကျင့်ကြံဖို့ ဝင်သွားရဲသေးသည်လား။ အကယ်၍ အခြား တစ်ယောက်ယောက်သာ ဆိုပါက... ဤအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးသွားလောက်ပြီပင်။
"ဘာရပ်လုပ်နေကြတာလဲ... ဘာလုပ်ရမလဲ ဆိုတာ မသိဘူးလား။ အိမ်ပြန်ပြီး လူသွားခေါ်စမ်း။ ပြီးတော့... အစ်ကိုဟို ကိုပါ တစ်ခါတည်း ခေါ်လာခဲ့"
ကျောက်ဟိုင်ယွင် က လူမိုက်ကြီး (၇) ယောက်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူမိုက်ကြီး (၇) ယောက်မှာ အကြီးအကျယ် လန့်ဖြန့်သွားကြပြီး... အနည်းငယ်မျှပင် မနှောင့်နှေးရဲဘဲ အပြေးအလွှား ထွက်ခွာသွားကြတော့၏။
ကျောက်ဟိုင်ယွင် ၏ ဒေါသသဘောသဘာဝကို သူတို့ အသိဆုံး ဖြစ်သည်။ သူ့ကို စော်ကားမိသူတိုင်းကို ကျောက်ဟိုင်ယွင် က ဘယ်တော့မှ အလွတ်မပေးတတ်ကြောင်း... တစ္ဆေဖြစ်သွားရင်တောင် လိုက်နှောင့်ယှက်တတ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည် မဟုတ်ပါလော။
"စောင့်နေလိုက်စမ်းပါ... မင်းကို ဒီလောကကြီးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ်"
ကျောက်ဟိုင်ယွင် က ဖုန်းဝူချန် ၏ ကျောပြင်ကို ရက်စက်စွာ စိုက်ကြည့်ရင်း သွားကို ကြိတ်ကာ မှတ်ချက်ချလိုက်၏။
ကျောက်ဟိုင်ယွင် သည် မထွက်ခွာဘဲ ဂူအပြင်ဘက်တွင်ပင် စောင့်ကြပ်နေတော့၏။ သူသည် ဖုန်းဝူချန် ကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး... ထွက်ပြေးရန် အခွင့်အရေး အပ်ဖျားခန့်မျှ ပေးမည် မဟုတ်ချေ။
ဖုန်းဝူချန် ကို သူ မယှဉ်နိုင်လျှင်တောင်မှ... ဖုန်းဝူချန် ထွက်မပြေးနိုင်အောင်တော့ အသက်စွန့်ပြီး တားဆီးထားမည်ဟု သူ ဆုံးဖြတ်ထား၏။
လျှို့ဝှက် မီးတောက် ဂူ အတွင်းသို့ ဝင်ရောက်ပြီးနောက်... ကူတင့် က ကပျာကယာပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ညီလေးဖုန်း... ငါတို့ကို ကယ်ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ မင်းသာ မရှိရင် ငါနဲ့ ရိုရွှေ သေချာပေါက် သေရတော့မှာ"
"အစ်ကိုကြီး ကူတင့် ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ။ ခင်ဗျားကတောင် အသက်စွန့်ပြီး ကျွန်တော့်ကို လာကယ်သေးတာပဲ... ကျွန်တော်ကတောင် ကျေးဇူးမတင်ရသေးဘူး"
ဖုန်းဝူချန် က ပြုံးကာ ပြန်ဖြေလိုက်၏။
ကူတင့် က မချိပြုံးလေး ပြုံးလိုက်မိသည်။ 'မင်း ဒီလောက်တောင် အစွမ်းထက်မှန်း သိရင် ငါ လုံးဝ ဝင်ပါမှာ မဟုတ်ဘူးကွာ'
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားခဲ့ဘူး"
ရိုရွှေ မှာ ဖုန်းဝူချန် ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေဆဲပင်။ သူမသည် ဖုန်းဝူချန် ၏ ကျင့်ကြံခြင်း အဆင့်ကို အလွန် သိချင်နေသော်လည်း... မေးရန်မူ မဝံ့ရဲချေ။
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့်သာ နေပြီး ဘာမှ ပြန်မပြောခဲ့ချေ။
ထိုအခိုက်အတန့်တွင် ဂူ၏ အလယ်ပိုင်း၌ နေရာလွတ် အတော်များများ ပေါ်လာသဖြင့်... သူတို့ သုံးယောက်လုံး နေရာယူကာ ကျင့်ကြံခြင်းကို စတင်လိုက်ကြလေတော့သည်။
"ညီလေး... မင်းက တော်တော်လေး အစွမ်းထက်တာပဲ။ ဒါပေမဲ့ အခု မထွက်သွားရင်... နောက်ဆိုရင် ထွက်သွားချင်တောင် ရတော့မှာ မဟုတ်ဘူးနော်။ သခင်လေးကျောက် က ဒီကိစ္စကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး"
ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် တစ်ဦးက ရုတ်တရက် ဝင်ရောက် သတိပေးလိုက်၏။
"မှန်တယ် ညီလေး... သခင်လေးကျောက် ဘယ်လောက်တောင် ရက်စက်တတ်လဲ ဆိုတာ မင်း မသိသေးလို့ပါ။ ရွှမ်ဟော့မြို့ က လူတိုင်း သူ့ကို ကြောက်ကြတယ်"
အခြား တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
"အခု သခင်လေးကျောက် က အပြင်းအထန် ဒဏ်ရာရနေတော့ မင်းတို့ကို တားနိုင်မှာ မဟုတ်ဘူး။ ညီလေးတို့ မြန်မြန် ထွက်သွားကြတာ အကောင်းဆုံးပဲ"
နောက်တစ်ယောက်ကလည်း စိုးရိမ်တကြီးဖြင့် အကြံပေးလိုက်ပြန်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ကူတင့် ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး... ကပျာကယာပင် တိုက်တွန်းလိုက်လေ၏။
"ဟုတ်တယ် ညီလေးဖုန်း... ကျောက်ဟိုင်ယွင် က သူ့လူတွေကို အိမ်ပြန်လွှတ်လိုက်ပြီ။ မကြာခင်မှာ အစွမ်းထက် ပညာရှင်တွေ အများကြီး ရောက်လာတော့မယ် ထင်တယ်။ ငါတို့ အခုပဲ ထွက်သွားကြရအောင်"
"ကျောက်မိသားစု ရဲ့ အင်အားက တကယ်ကို ကြောက်စရာကောင်းတယ်။ သူတို့ရဲ့ အရှင်သခင် က ထျန်းကျီဘုံ ပညာရှင် တစ်ယောက်ပဲ"
ရိုရွှေ ကလည်း ထိတ်လန့်တကြား ဝင်ပြောလိုက်သည်။
ဖုန်းဝူချန် သည် ကျောက်ဟိုင်ယွင် ကို အနိုင်ယူနိုင်ခဲ့သော်ငြားလည်း... ကျောက်မိသားစု တွင် ထိုထက် ပို၍ အစွမ်းထက်သော ပညာရှင်များ ရှိနေသေးသည် မဟုတ်ပါလော။
"ကျွန်တော် က ရွှမ်ဟော့ တောင်တန်း ကို ကျင့်ကြံဖို့ လာတာလေ။ အခု ပြန်ထွက်သွားရင် အလကား ဖြစ်သွားမှာပေါ့"
ဖုန်းဝူချန် က အေးအေးဆေးဆေးပင်။ အနည်းငယ်မျှပင် ကြောက်ရွံ့ စိုးရိမ်နေပုံ မရချေ။
"ညီလေးဖုန်း... နောက်နေ့မှ ပြန်လာကျင့်လို့ ရတာပဲလေ။ လျှို့ဝှက် မီးတောက် ဂူ ထဲက မီးစွမ်းအင်တွေက လျော့သွားမှာမှ မဟုတ်တာ။ ကိုယ့်အသက် ဆုံးရှုံးရမယ့် အခြေအနေမှာ ဘာလို့ ဆက်ကျင့်နေဦးမှာလဲ"
ကူတင့် က စိုးရိမ်တကြီးဖြင့် ဖုန်းဝူချန် ကို ဆွဲခေါ်ရန် ကြိုးစားလိုက်၏။
"အခု ထွက်သွားရင်တော့ အသက်ဘေးက လွတ်နိုင်ကောင်းပါရဲ့။ ဒါပေမဲ့ နည်းနည်းလေး နောက်ကျသွားရင်တောင် လွတ်ဖို့ ခက်သွားလိမ့်မယ်"
ဂူထဲတွင် ကျင့်ကြံနေသော ဆရာကြီးဟယ် က ဖြည်းညင်းစွာ ဝင်ရောက် ပြောဆိုလိုက်သည်။
ဖုန်းဝူချန် သည် ဆရာကြီးဟယ် ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့်...
"ဆရာကြီး အနေနဲ့ အဆင့် (၇) လက်နက်သွန်းလုပ်သူ အဖြစ်ကို တက်လှမ်းချင်တယ် ဆိုရင်... ကိုယ်တွင်းက မီးအဆိပ် ကို အရင်ဆုံး မဖယ်ထုတ်ဘဲနဲ့တော့ တစ်သက်လုံး တက်နိုင်မှာ မဟုတ်ဘူး"
"မီးအဆိပ် ဟုတ်လား"
ထိုစကားကို ကြားလိုက်ရသောအခါ ဆရာကြီးဟယ် ၏ ဇရာ မျက်နှာမှာ တုန်လှုပ်သွားပြီး... သူ၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
သူက ဖုန်းဝူချန် ကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်၏။
"ညီလေး ကလည်း လက်နက်သွန်းလုပ်သူ တစ်ယောက်ပဲလား"
အခန်း (၆၈၁) - နတ်ဘုရား တစ်ပါးအလား ကိုးကွယ်ခံရခြင်း
~"ဆရာကြီး... ဆရာကြီးရဲ့ ကိုယ်တွင်းက မီးအဆိပ် တွေက အရမ်းကို နက်ရှိုင်းလွန်းနေပြီ။ အပြင်ပန်းကတော့ အဆင့် (၆) လက်နက်သွန်းလုပ်သူ လို့ နာမည်ခံထားပေမယ့်... တကယ်တမ်းကျတော့ အခုချိန်မှာ အဆင့် (၅) လက်နက် လေးတစ်ခုကိုတောင် သေချာ မသွန်းလုပ်နိုင်တော့ဘူး မဟုတ်လား"
ဖုန်းဝူချန် က သူ၏ ထက်မြက်လှသော အမြင်အာရုံဖြင့် ဆရာကြီးဟယ် ၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် အကဲဖြတ်ကာ မေးလိုက်၏။
ဆရာကြီးဟယ် မှာ ဖုန်းဝူချန် ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း... အံ့အားသင့်လွန်းသဖြင့် စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။
ဂူအတွင်းရှိ ကျင့်ကြံသူ အများအပြားမှာလည်း အကြီးအကျယ် လန့်ဖြန့်သွားကြပြီး မျက်နှာများ သွေးဆုတ်ဖြူရော် သွားတော့သည်။
ဆရာကြီးဟယ် သည် ရွှမ်ဟော့မြို့ နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် အထင်ရှားဆုံးသော လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်ပြီး... 'လက်နက်သွန်းလုပ်ခြင်း သခင်ကြီး' ဟုပင် တင်စားခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာကြီးဟယ် သည် လက်နက်သွန်းလုပ်ခြင်း နယ်ပယ်တွင် မည်မျှလောက် ဂုဏ်ယူဝင့်ကြွားဖွယ် အောင်မြင်မှုများ ရရှိထားသနည်း ဆိုသည်ကို သိရှိနိုင်ပေသည်။
သို့သော် ယခုအခါတွင်မူ ဖုန်းဝူချန် က ဆရာကြီးဟယ် သည် အဆင့် (၅) လက်နက် ကိုပင် မသွန်းလုပ်နိုင်တော့ဟု ပြောဆိုလိုက်ရာ... ဒါက ဆရာကြီးဟယ် ကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် မဟုတ်ပါလော။
'ဒီကောင်လေး က အရမ်းကို မောက်မာလွန်းနေပြီ။ ကျောက်ဟိုင်ယွင် ကို နိုင်လိုက်တာနဲ့ပဲ သူ့ကိုယ်သူ အထင်ကြီးနေတာလား။ ဆရာကြီးဟယ် ကိုတောင် ဒီလို စော်ကားရဲတယ်ပေါ့လေ။'
လူတိုင်း၏ ရင်ထဲတွင် ထိုသို့ တွေးတောနေမိကြသော်ငြားလည်း... ဖုန်းဝူချန် ကို မစော်ကားရဲသဖြင့် မည်သူကမျှ ဝင်ရောက် မပြောဆိုရဲကြချေ။
"ဆရာကြီး... ဆရာကြီးရဲ့ လက်ရှိ အခြေအနေ အရဆိုရင်... မီးအဆိပ် က လဝက် တစ်ခါ လောက် ထဖောက်နေတယ် မဟုတ်လား။ ကျွန်တော့်ရဲ့ လုံခြုံရေး အတွက် စိုးရိမ်ပေးနေမယ့်အစား... ဆရာကြီးရဲ့ မီးအဆိပ် ကို ဘယ်လို ဖယ်ရှားရမလဲ ဆိုတာကို အရင် တွေးသင့်တယ်။ အတင်းအကျပ် ဖိနှိပ်ထားရင်တောင်မှ... တစ်နေ့နေ့ကျရင်တော့ မီးအဆိပ် ရဲ့ ဝါးမြိုတာကို ခံရမှာပဲ။ လုံးဝ ထိန်းချုပ်လို့ မရတော့တဲ့ အချိန်ရောက်ရင်... အသက်အန္တရာယ်ပါ စိုးရိမ်ရလိမ့်မယ်"
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်၏။
ကူတင့် နှင့် ရိုရွှေ တို့မှာ ဖုန်းဝူချန် ကို အံ့အားသင့်စွာဖြင့် ကြည့်နေမိကြ၏။ ဖုန်းဝူချန် သည် ပေါက်ကရတွေ လျှောက်ပြောနေသည်ဟု ထင်ရသော်ငြားလည်း... သူတို့၏ ရင်ထဲတွင်မူ ဖုန်းဝူချန် ၏ စကားများကို အလွန်အမင်း ယုံကြည်နေမိတော့သည်။
ဆရာကြီးဟယ် မှာမူ နေရာတင် ကျောက်ရုပ်ကြီးပမာ မှင်သက်နေပြီး... မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေလေ၏။
ဖုန်းဝူချန် သည် သူ၏ ရောဂါ အခြေအနေကို အတိအကျ သိရှိနေရုံသာမက... မီးအဆိပ် ထဖောက်သည့် အချိန်ကိုပါ တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည် မဟုတ်ပါလော။
ဆရာကြီးဟယ် ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ... အခြားသူများကတော့ ဆရာကြီးဟယ် ဒေါသပေါက်ကွဲတော့မည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ စောင့်ကြည့်နေကြတော့သည်။
ဆရာကြီးဟယ် သည် ထျန်းကျီဘုံ အဆင့် (၂) လွှာ ပညာရှင် တစ်ဦး ဖြစ်ရာ... အကယ်၍ သူသာ တကယ် ဒေါသပေါက်ကွဲသွားပါက၊ ဖုန်းဝူချန် အနေဖြင့် သူ၏ ကြောက်မက်ဖွယ် ဒေါသကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
သို့သော်...။
"ညီလေး..အဲဒါတွေကို ဘယ်လို သိတာလဲ။ မှန်တယ်... ငါ့ရဲ့ မီးအဆိပ် က တကယ်ပဲ လဝက် တစ်ခါ ထဖောက်နေတာပါ"
ဆရာကြီးဟယ် က ဖုန်းဝူချန် ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း... အံ့အားသင့်တကြီး မေးလိုက်လေတော့သည်။
"ဘာ..."
ကူတင့် နှင့် ရိုရွှေ တို့မှာ အလန့်တကြား အော်ဟစ်လိုက်မိကြ၏။
ဖုန်းဝူချန် ပြောခဲ့သည်များ အားလုံး အမှန်တကယ်ပင် ဖြစ်နေခဲ့၏။
ဆရာကြီးဟယ် ၏ ဝန်ခံချက်ကြောင့် ဂူအတွင်းရှိ လူများ အားလုံး အကြီးအကျယ် လန့်ဖြန့်သွားကြပြီး... အစောက ဝမ်းသာအားရ စောင့်ကြည့်နေခဲ့သူများမှာလည်း မျက်နှာပူသွားကြလေတော့သည်။
ထို့နောက် ဖုန်းဝူချန် က အနီးရှိ ဆေးပညာရှင် တစ်ဦးဘက်သို့ လှည့်ကာ ဆက်ပြောလိုက်၏။
"ပြီးတော့ စီနီယာ... အဆင့် (၄) ဆေးပညာရှင်... ခင်ဗျားဆီမှာလည်း မီးအဆိပ် တွေ တော်တော်များများ ရှိနေတယ်။ ခင်ဗျားက သမာဓိ အစစ်အမှန်မီးတောက်ကို အတင်း သန့်စင်ဖို့ ကြိုးစားခဲ့လို့ တခြား မီးအဆိပ် တွေနဲ့ ရောထွေးသွားတာပဲ။ ကျင့်ကြံနေတဲ့ မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက် ကလည်း နည်းနည်း ချို့ယွင်းချက် ရှိနေတယ်။ အဲဒါကို ဆက်မကျင့်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်က တစ်သက်လုံး တက်လာတော့မှာ မဟုတ်ဘူး"
"ဆရာဖုန်း ရဲ့ စကားတွေက တကယ့်ကို ကွက်တိပါပဲဗျာ။ ဆရာက တကယ့်ကို ဉာဏ်ပညာကြီးမားတဲ့ ပညာရှိကြီး တစ်ပါးပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ ဆရာဖုန်း"
ထို ဆေးပညာရှင် မှာ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး... ဖုန်းဝူချန် ကို နတ်ဘုရား တစ်ပါးအလား ရိုသေစွာ ရှိခိုးတောင်းပန် လိုက်လေတော့သည်။
သူသည် ဖုန်းဝူချန် ကို တစ်ခါမျှ မမြင်ဖူးခဲ့သော်ငြားလည်း... ဖုန်းဝူချန် က သူ၏ လျှို့ဝှက်ချက်များကို စကားအနည်းငယ်ဖြင့်ပင် အတိအကျ ဖော်ထုတ်နိုင်ခဲ့သဖြင့်၊ ထို အဆင့် (၄) ဆေးပညာရှင် မှာ လုံးဝ ယုံကြည်သွားခဲ့ခြင်းပင် ဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကူတင့်၊ ရိုရွှေ နှင့် ဂူအတွင်းရှိ လူများ အားလုံး လုံးဝ ကြောင်အ သွားကြတော့၏။
ဆရာကြီးဟယ် မှာ ပို၍ပင် အံ့အားသင့်နေပြီး... ဖုန်းဝူချန် သည် မည်သူဖြစ်ကြောင်းနှင့် သူတို့၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကို တစ်ချက်ကြည့်ရုံဖြင့် မည်သို့များ သိရှိနိုင်သနည်း ဟူသည်ကို အလွန်အမင်း သိချင်စိတ် ဖြစ်ပေါ်နေမိ၏။
ဂူအပြင်ဘက်တွင်မူ... ဖုန်းဝူချန် က ဆရာကြီးဟယ် ကို စော်ကားသည်ဟု ကြားသိရသဖြင့် လူများ ပိုမို ရောက်ရှိလာကြသော်ငြားလည်း... မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် အားလုံး အံ့အားသင့် မှင်သက်သွားကြလေတော့သည်။
ဖုန်းဝူချန် က ဆက်လက်၍...
"ဟိုက အဆင့် (၅) မှော်လက်နက် ပြုလုပ်သူ.. မီးအဆိပ် က တစ်လ တစ်ခါ ထဖောက်တယ် မဟုတ်လား။ သားရဲ မီးတောက် ကို အတင်းအကျပ် ဝါးမြိုဖို့ ကြိုးစားခဲ့လို့ ခင်ဗျားရဲ့ အတွင်းကလီစာတွေ အပြင်းအထန် ဒဏ်ရာရထားပြီး သွေးကြောတွေကိုပါ ထိခိုက်နေပြီ"
"ဆရာဖုန်း ပြောတာတွေ အားလုံး အမှန်ပါပဲ ခင်ဗျာ"
ထို အဆင့် (၅) မှော်လက်နက် ပြုလုပ်သူ မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ချက်ချင်း ဒူးထောက်ချလိုက်၏။
ဖုန်းဝူချန် က အခင်းအကျင်းဆရာ အမျိုးသမီး တစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ပြီးတော့... အဆင့် (၄) အခင်းအကျင်းဆရာ... အခင်းအကျင်းဆရာ တွေက မီးအဆိပ် ဒဏ်ကို မခံရဘူး ဆိုပေမယ့်၊ ခင်ဗျားက ရေခဲစွမ်းအင် ကို အဓိကထား ကျင့်ကြံနေတာ ဆိုတော့... အဆင့်မြင့် အခင်းအကျင်းတွေကို အတင်းအကျပ် ရေးဆွဲဖို့ ကြိုးစားရင်းနဲ့ အအေးဆိပ် တွေ တော်တော်များများ စုပုံနေပြီ။ ဒီအတိုင်းသာ အဆင့်မြင့် အခင်းအကျင်းတွေကို ဆက်ပြီး အတင်းအကျပ် ရေးဆွဲနေမယ် ဆိုရင်... သိပ်မကြာခင်မှာ ခင်ဗျား အအေးဆိပ် မိပြီး သေရလိမ့်မယ်"
"ဆရာဖုန်း... ကျွန်မရဲ့ အအေးဆိပ် ကို ကျေးဇူးပြုပြီး ဖယ်ရှားပေးပါရှင်"
အဆင့် (၄) အခင်းအကျင်းဆရာ အမျိုးသမီး မှာ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ယင်သွားပြီး... ကပျာကယာပင် ဒူးထောက် တောင်းပန်လိုက်လေ၏။
လူအုပ်ကြီး၏ ရင်ထဲတွင် ကြီးမားလှသော အံ့အားသင့်မှု လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားပြီး... ဖုန်းဝူချန် ကို နတ်ဘုရား တစ်ပါးအလား ရိုသေစွာ ငေးကြည့်နေမိကြတော့သည်။
လက်နက်သွန်းလုပ်သူ ဖြစ်စေ၊ ဆေးပညာရှင် ဖြစ်စေ၊ မှော်လက်နက် ပြုလုပ်သူ ဖြစ်စေ... ဖုန်းဝူချန် သည် သူတို့၏ ပြဿနာများကို တစ်ချက်ကြည့်ရုံဖြင့်ပင် အတိအကျ ထောက်ပြနိုင်ခဲ့၏။ ဒါက မည်သို့သော နတ်ဘုရား စွမ်းရည်မျိုး ဖြစ်ပါသနည်း။
နတ်ဘုရား များသာ ပိုင်ဆိုင်နိုင်မည့် စွမ်းရည်မျိုး ဖြစ်နေသည် မဟုတ်ပါလော။
လက်နက်သွန်းလုပ်သူ၊ ဆေးပညာရှင်၊ မှော်လက်နက် ပြုလုပ်သူ၊ အခင်းအကျင်းဆရာ... အားလုံး တစ်ယောက်မကျန် ဖုန်းဝူချန် ၏ ရှေ့တွင် ဒူးထောက်နေကြပြီ ဖြစ်၏။
ဤအခိုက်အတန့်၌... ဂူအတွင်းရှိ လူရာပေါင်းများစွာ ၏ ဖုန်းဝူချန် အပေါ် ထားရှိသော အမြင်များမှာ လုံးဝ ပြောင်းလဲသွားခဲ့၏။ ရိုသေလေးစားမှုများ၊ သတိထား စိုးရိမ်မှုများနှင့်အတူ ကြောက်ရွံ့မှုများပါ ရောယှက်နေတော့သည်။
နယ်ပယ်ကြီး လေးခုလုံးမှ အစွမ်းထက် ပညာရှင်များကို တစ်ပြိုင်နက်တည်း ဒူးထောက်စေနိုင်သော သူတစ်ဦးမှာ... မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသော ဖြစ်တည်မှုမျိုး ဖြစ်နေမည်နည်း။
သူတို့၏ အမြင်တွင်တော့ ဖုန်းဝူချန် သည် ဤလူများ၏ အသက်ကို သူ၏ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည်မှာ ယုံမှားဖွယ်မရှိ ပေ။
တစ်ခဏအတွင်းမှာပင် ဂူတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေ၏။
ယခင်က မြင့်မြတ်သော ကျင့်ကြံရာ နေရာကြီးမှာ ယခုအခါ ဖုန်းဝူချန် ၏ တာအိုပို့ချရာ ခန်းမကြီးအဖြစ် ပြောင်းလဲသွားသည့်အလား... အားလုံးက တိတ်ဆိတ်စွာ နားထောင်နေကြတော့သည်။
ဖုန်းဝူချန် ကို ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်ရင်း... လူတိုင်းက သူ့ကို ပြိုင်ဘက်ကင်းသော အစွမ်းထက် ပညာရှင်ကြီး တစ်ဦး၊ အထက်သို့သာ မော့ကြည့်ရမည့် ပုဂ္ဂိုလ်ကြီး တစ်ဦး အဖြစ် ခံစားနေကြရ၏။
ကူတင့် နှင့် ရိုရွှေ တို့မှာမူ အိပ်မက် မက်နေသည့်အလား ခံစားနေကြရ၏။ နယ်ပယ်ကြီး လေးခုလုံးမှ ဤမျှများပြားလှသော ပညာရှင်များက ဖုန်းဝူချန် ကို ဒူးထောက်နေကြသည်မှာ တကယ့်ကို မယုံကြည်နိုင်စရာပင်။ သူတို့ လုံးဝ လက်မခံချင်လောက်အောင်ပင် ဖြစ်နေတော့သည်။
"ဆရာဖုန်း က လူ့လောကကို ဆင်းသက်လာတဲ့ နတ်ဘုရားပါပဲ... ကျွန်တော်တို့ကို ဒီဒုက္ခတွင်းထဲကနေ ကယ်တင်ပေးပါလို့ တောင်းပန်ပါတယ်ဗျ"
အဆင့် (၅) အခင်းအကျင်းဆရာ တစ်ဦးက ရိုသေစွာ ဦးညွှတ်ရင်း တောင်းဆိုလိုက်၏။
"ကျွန်တော်တို့ကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးပါလို့ ရိုသေစွာ တောင်းပန်ပါတယ် ဆရာဖုန်း"
နယ်ပယ်ကြီး လေးခုလုံးမှ ပညာရှင်များ အားလုံး တစ်ပြိုင်နက်တည်း ရိုသေစွာ ဦးညွှတ်ကာ တောင်းပန်လိုက်ကြလေ၏။
ဖုန်းဝူချန် က ဘာမှ ပြန်မပြောခဲ့ချေ။ သူ ပြုလုပ်ခဲ့သည်မှာ ထိုသူများ၏ ကိုယ်တွင်းရှိ အန္တရာယ်များကို ထောက်ပြခဲ့ခြင်းသာ။
"ဆရာဖုန်း... မီးအဆိပ် ကို ဖယ်ရှားဖို့ နည်းလမ်းများ ရှိပါသလား ခင်ဗျာ"
ဆရာကြီးဟယ် က ရိုသေစွာ မေးလိုက်၏။ ဖုန်းဝူချန် သည် သူ့ထက် အသက်အရွယ် အများကြီး ငယ်ရွယ်သော်ငြားလည်း သူက 'ဆရာဖုန်း' ဟုပင် ရိုသေစွာ ခေါ်ဝေါ်နေ၏။
"မရှိဘူး"
ဖုန်းဝူချန် က ခေါင်းကို အသာအယာ ခါယမ်းရင်း ပြန်ဖြေလိုက်၏။
အကယ်၍ သူ၏ ထံတွင် နည်းလမ်း ရှိနေခဲ့လျှင်တောင်မှ ဖုန်းဝူချန် က 'မရှိဘူး' ဟုသာ ဖြေဆိုမည် ဖြစ်၏။ သူသည် ဤလူများအတွက် အချိန်ဖြုန်းနေရန် ဆန္ဒမရှိသောကြောင့်ပင်။
"ဖုန်းဝူချန်... ထွက်ခဲ့စမ်း... အခုချက်ချင်း ထွက်ပြီး သေပေးလိုက်တော့"
ထိုအခိုက်အတန့်၌... ဂူအပြင်ဘက်မှ ကျောက်ဟိုင်ယွင် ၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ရွှမ်ဟော့ တောင်တန်း ၏ အထက် ကောင်းကင်ယံတွင် လူရိပ် ဒါဇင်ပေါင်းများစွာ တစ်ယောက်ပြီး တစ်ယောက် ပျံသန်းလာကြပြီး... သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများက တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
ရောက်လာသူများမှာ အခြားသူများ မဟုတ်ဘဲ ကျောက်မိသားစု မှ အစွမ်းထက် ပညာရှင်များ၊ မိသားစုခေါင်းဆောင် နှင့် အကြီးအကဲများပင် ဖြစ်၏။
ဂူအတွင်း၌... ကျောက်ဟိုင်ယွင် ၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ဖုန်းဝူချန် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကျင့်ကြံရန် အချိန်ပင် မရလိုက်သေးဘဲ ပြဿနာက သူ့ဆီ ထပ်ရောက်လာပြန်ပြီ မဟုတ်ပါလော။
"ဒုက္ခပဲ... ကျောက်မိသားစု ရဲ့ မိသားစုခေါင်းဆောင် နဲ့ အကြီးအကဲတွေ အကုန်လုံး ရောက်လာကြပြီဟေ့"
"ဘာ... မိသားစုခေါင်းဆောင် ကိုယ်တိုင် ရောက်လာတာလား"
"ကျောက်ခေါင်းဆောင် ရောက်လာတော့ကော ဘာဖြစ်လဲ။ အကယ်၍ သူတို့က ဆရာဖုန်း ကို မရိုမသေ လုပ်ရဲရင်... ငါတို့က အသေခံပြီး တိုက်ပွဲဝင်မှာပဲ"
ဂူအတွင်း၌ ဆူညံပွက်လောရိုက် သွားတော့သည်။
"ဆရာဖုန်း... စိတ်မပူပါနဲ့"
ဆရာကြီးဟယ် က ကပျာကယာ ဝင်ပြောလိုက်၏။ သူသည် ဖုန်းဝူချန် အတွက် ရှေ့ထွက်၍ ရင်ဆိုင်ပေးမည့် ပုံရနေသည်။
အဆင့် (၆) လက်နက်သွန်းလုပ်သူ တစ်ဦး အနေဖြင့် ဆရာကြီးဟယ် သည် အလွန်တရာ မြင့်မားသော အဆင့်အတန်း ရှိပြီး ကျောက်မိသားစု ကို အနည်းငယ်မျှပင် မကြောက်ချေ။
"ဆရာကြီး ဝင်ပါစရာ မလိုပါဘူး... ကျွန်တော် ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ့မယ်"
ဖုန်းဝူချန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး နေရာမှ ထကာ ဂူအပြင်ဘက်သို့ လျှောက်သွားလိုက်၏။
"ညီလေးဖုန်း... အဲ... ဆရာဖုန်း... ကျောက်ခေါင်းဆောင် က ထျန်းကျီဘုံ အဆင့် (၂) လွှာ ပညာရှင် တစ်ယောက်ပါ။ အရမ်းကို ကြောက်စရာ ကောင်းတာမို့ သတိထားပါနော်"
ကူတင့် က စိုးရိမ်တကြီးဖြင့် အကြံပေးလိုက်သည်။
ဂူအပြင်ဘက်၌မူ... ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ ဒါဇင်ပေါင်းများစွာ က ဂူအတွင်းသို့ ရိုက်ခတ်လာပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော အဟုန်ကြီးဖြင့် ပြည့်နှက်နေတော့၏။