← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈) - အင်အားကြီး လျှို့ဝှက်ပုဂ္ဂိုလ်

~ဝူကျိနယ်မြေ၊ ကျန်းမိသားစု။

ခမ်းနားထည်ဝါလှသော နန်းတော်ကြီး၏ အထက် ကောင်းကင်ယံတွင် မူလက ကြည်လင်နေသော ကောင်းကင်ပြာကြီးမှာ ယူဇနာပေါင်းများစွာအထိ အဆုံးအစမဲ့ ကျယ်ပြန့်နေခဲ့၏။

သို့သော် ထိုအခိုက်အတန့်၌ ဘယ်ကမှန်းမသိသော တိမ်တိုက်မည်းကြီး တစ်ခုမှာ ရုတ်ချည်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အေးစက်ခြောက်ခြားဖွယ် အငွေ့အသက်များဖြင့် လွှမ်းမိုးလိုက်လေတော့သည်။

တိတ်ဆိတ်ငြိမ်သက်နေသော နန်းတော်ကြီးအတွင်းမှ ပြင်းထန်သော အရှိန်အဝါ ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားကြပြီး ထိုတိမ်တိုက်မည်းကြီးနှင့် .. ထိပ်တိုက်တွေ့ဆုံကြတော့၏။

"ဘုန်း..."

"ဝီ... ဝီ..."

ထိုထိပ်တိုက်တွေ့ဆုံမှုကြောင့် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံးမှာလည်း မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြိုကွဲပျက်စီးသွားသည်။

ကြည်လင်နေသော ကောင်းကင်ပြာကြီးမှာ မျက်တောင်တစ်ခတ်အတွင်း မှောင်မိုက်ညို့မှိုင်းသွားခဲ့ရပြီ ဖြစ်၏။ ဖျက်ဆီးခြင်း အငွေ့အသက်များမှာ အရပ်မျက်နှာ အသီးသီးသို့ လိမ့်ဆင်းသွားကြပြီး ဝိညာဉ်ကိုပင် တုန်လှုပ်စေသော အဟုန်ကြီးမှာ ပြင်းထန်လှသည်။

ရုတ်တရက် ပေါ်ပေါက်လာသော အခြေအနေကြောင့် ကျန်းမိသားစုဝင်များ အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ နန်းတော်ဆောင်များအတွင်းမှ ကျန်းမိသားစုဝင် ပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ကောင်းကင်ယံသို့ တုန်လှုပ်ခြောက်ခြားစွာဖြင့် မော့ကြည့်နေကြတော့သည်။

ကျန်းထျန်းရွှမ်းမှာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် အသည်းအသန် အော်ဟစ်လိုက်လေ၏။

"အားလုံး မလန့်ကြနဲ့ဦး... မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေ ကိုယ်တိုင် လှုပ်ရှားနေပြီ"

"ဝှစ်... ဝှစ်... ဝှစ်..."

လေဟာနယ်ကို ဖြတ်သန်းကာ ကျန်းဝူဟန်၊ ကျန်းထျန်းယွင်နှင့် အကြီးအကဲ ကျန်းဝူဖုန်းတို့မှာ နန်းတော်ထက်သို့ ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အစွန်းရောက်သော တင်းမာမှုများ အထင်းသား ပေါ်လွင်နေ၏။ ဤတိမ်တိုက်မည်းကြီးမှာ ကျန်းမိသားစုအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကြီး ဖြစ်နေကြောင်း သူတို့ ရိပ်မိနေကြပြီ မဟုတ်ပါလော။

"ဟင်... မိသားစုခေါင်းဆောင်ဟောင်း ကိုယ်တိုင် ထွက်လာတာလား"

ကျန်းမိသားစုဝင်များ၏ ရင်ထဲတွင် ထိတ်လန့်မှု လှိုင်းတံပိုးတို့က ဒလဟော ရိုက်ခတ်သွားသည်။

ကျန်းမိသားစု၏ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ဖြစ်သော ကျန်းဝူဟန်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် ဤအရာမှာ မည်မျှ အစွမ်းထက်လိမ့်မည်နည်းဟု သူတို့ တွေးတောမိရင်း ကျောချမ်းနေကြရ၏။

ကျန်းဝူဟန်က သူ၏ အိုမင်းရင့်ရော်နေသော မျက်နှာထားကို တင်းတင်းထားကာ ကောင်းကင်သို့ မော့ကြည့်ရင်း မေးလိုက်၏။

"မိတ်ဆွေက ဘယ်သူလဲဆိုတာ သိပါရစေ... ငါတို့ ကျန်းမိသားစုကို ဘာကြောင့်များ အခုလို လာပြီး တိုက်ခိုက်ရတာလဲ"

"ဝီ... ဝီ..."

ထိုလျှို့ဝှက်ဆန်းကြယ်သော တိမ်တိုက်မည်းကြီးထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်မလာခဲ့ချေ။ သို့သော် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်ကြီးမှာမူ ပေါက်ကွဲထွက်လာတော့သည်။ လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရာ ထိုတုန်ခါမှုကြီးမှာ ဝူကျိနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အလားပင်။

ဝူကျိနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော အင်အားစုများနှင့် ကျင့်ကြံသူများမှာ အစွန်းရောက်အောင် ထိတ်လန့်သွားကြရ၏။ တစ်နယ်မြေလုံး ဆူညံပွက်လောရိုက်သွားရခြင်း ဖြစ်၏။

"အားလုံး သတိထားကြစမ်း... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က တကယ့်ကို နက်နဲလွန်းတယ်"

ကျန်းထျန်းယွင်က တည်ကြည်လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။

ကျန်းဝူဟန်နှင့် အခြားသော ကျန်းမိသားစု ပညာရှင် ဒါဇင်ပေါင်းများစွာမှာ သူတို့၏ အစစ်အမှန်ယွမ်များကို အစွမ်းကုန် လှုံ့ဆော်လိုက်ကြတော့၏။

နတ်ဘုရားအသွင်ပြောင်းဘုံနှင့် ထျန်းကျီဘုံတို့၏ ပြင်းထန်လှသော အရှိန်အဝါများမှာ ရူးသွပ်စွာ လှည့်ပတ်သွားကြပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ဤရန်သူသည် မည်သူမှန်း မသိသော်လည်း ကျန်းမိသားစု၏ 'ရန်သူ' ဖြစ်နေသည်မှာတော့ သေချာလှ၏။

ကောင်းကင်ယံရှိ တိမ်တိုက်မည်းကြီးမှာ ပေသောင်းချီ ကြီးမားလှသော ဧရာမ လက်သည်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အသက်ရှူပင် ရပ်တန့်သွားစေလောက်သော စွမ်းအင်များ ပြည့်နှက်နေတော့သည်။ ထိုလက်သည်းကြီးကို မြင်လိုက်ရသောအခါ ကျန်းမိသားစုဝင်များမှာ သွေးပျက်မတတ် ကြောက်လန့်သွားကြရ၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ပါလား"

ကျန်းဝူဟန်က တုန်ရီနေသော လေသံဖြင့် မှတ်ချက်ချလိုက်သည်။ သူကိုယ်တိုင်မှာ နတ်ဘုရားအသွင်ပြောင်းဘုံ စတုတ္ထအလွှာ၌သာ ရှိနေ၏။ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံသော်လည်း ပဉ္စမအလွှာသို့ပင် မတက်လှမ်းနိုင်သေးသူ ဖြစ်သည်။

ကျန်းထျန်းယွင်ကလည်း စိုးရိမ်တကြီးဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။

"ဒီလူရဲ့ ခွန်အားက... 'နတ်ဘုရားငယ်' နဲ့တောင် ရင်ပေါင်တန်းနိုင်မယ့် အနေအထားမှာ ရှိနေတာ။ အစွန်းရောက်အောင် သတိထားမှ ဖြစ်မယ်"

ထိုဧရာမ လက်သည်းမည်းကြီးသည် ဖျက်ဆီးခြင်း အငွေ့အသက်များနှင့်အတူ အောက်သို့ အရှိန်ပြင်းပြင်းဖြင့် ဖိချလိုက်သည်။ ဤအဟုန်မှာ ကျန်းဝူဟန်နှင့် အခြားသူများကိုပါ တစ်ခါတည်း မျိုးဖြုတ်ပစ်တော့မည့်အလားပင်။

"မိသားစုခေါင်းဆောင်... ဒီစွမ်းအားက အရမ်းကြီးလွန်းတယ်။ ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး"

ထျန်းကျီဘုံ ဆဋ္ဌမအလွှာရှိ အကြီးအကဲ တစ်ဦးမှာ မျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူရော်သွားကာ အော်ဟစ်လိုက်၏။

"ပုန်းချင်ရင်လည်း ပုန်းလို့ရပါတယ်ကွာ... ငါကတော့ ခွင့်ပြုထားတယ်"

တိမ်တိုက်မည်းကြီးအတွင်းမှ မိစ္ဆာဆန်သော လှောင်ရယ်သံကြီး ထွက်ပေါ်လာလေ၏။ ထိုအသံမှာ ကျောချမ်းဖွယ် ကောင်းလှသည်။

ထိုလက်သည်းကြီးမှာ အကြင်နာ ကင်းမဲ့စွာဖြင့် ကျဆင်းလာ၏။ အကယ်၍ ကျန်းဝူဟန်တို့သာ ရှောင်တိမ်းလိုက်မည်ဆိုပါက သူတို့၏ အောက်ဘက်ရှိ ကျန်းမိသားစု၏ နန်းတော်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"အားလုံး အသေခံပြီး တိုက်ကြစမ်း"

ကျန်းဝူဟန်က အံကိုတင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်သည်။ သူ၏ ရင်ထဲတွင်မူ ကြီးမားလှသော ခြိမ်းခြောက်မှုနှင့်အတူ အားကိုးရာမဲ့မှုကိုပါ ခံစားနေရ၏။ ဤရန်သူ၏ ခွန်အားမှာ ယင်ယန်မိသားစုမှ သခင်လေး စီမင်နှင့်ပင် နှိုင်းယှဉ်နိုင်လောက်၏။

ကျန်းမိသားစုဝင်များမှာ သူတို့၏ အစွမ်းအထက်ဆုံးသော အင်မော်တယ်လက်နက်များနှင့် ချပ်ဝတ်များကို အသီးသီး ထုတ်ဖော်လိုက်ကြတော့၏။ ကျန်းဝူဟန်နှင့် အခြားသူများ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး အင်အားကြီး စစ်အင်အားကြီး တစ်ခုအဖြစ် ပုံပေါ်လာသည်။ ကျန်းမိသားစု၏ ဤစွမ်းအားမှာ မည်သူ့ကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်၏။

"မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက်... ကောင်းကင်သတ် သွေးဓားသွား"

"မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက်... ကောင်းကင်ခွဲ ဓားကိုးစင်း"

"မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက်... ကမ္ဘာပျက် တစ္ဆေလက်ဝါး"

"..."

ကျန်းဝူဟန်နှင့် ကျန်းမိသားစု အကြီးအကဲများ အားလုံးသည် သူတို့၏ အစွမ်းကုန် ခွန်အားများကို အသုံးပြုကာ သိုင်းကွက်များကို ထုတ်ဖော်လိုက်ကြသည်။ အင်မော်တယ်လက်နက်များ၏ ကူညီမှုကြောင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာ ရူးသွပ်စွာ ရိုက်ခတ်သွားတော့၏။

"ဝှစ်... ဝှစ်... ဝှစ်..."

"ဝီ... ဝီ..."

ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော သိုင်းကွက် ဒါဇင်ပေါင်းများစွာသည် လေကိုခွင်းသော အသံကြီးများနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်သွားကြရာ ဝူကျိနယ်မြေ တစ်ခုလုံး သိမ့်သိမ့်တုန်သွားရ၏။ သို့ဖြစ်သော်ငြားလည်း ကျန်းဝူဟန်ကဲ့သို့သော ထိပ်တန်းပညာရှင် ဒါဇင်ပေါင်းများစွာသည် နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာရှိ ပညာရှင် တစ်ဦးကို အနိုင်ယူနိုင်ရန်မှာ လုံးဝ မလွယ်ကူလှချေ။

"ကျန်းမိသားစု ဘက်ကနေ... နတ်ဘုရားအသွင်ပြောင်းဘုံ ရဲ့ အရှိန်အဝါတွေ ထွက်နေတာပဲ"

ကောင်းကင်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျန်းမိသားစုရှိရာ ဆီသို့ လှမ်းကြည့်နေမိသည်။

"နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ တဲ့လား... ဒီယုတ်မာတဲ့ စွမ်းအားတွေက ဘာလဲ။ ကျန်းမိသားစုမှာ တစ်ခုခု ဖြစ်နေပြီလား"

လင်မိုယန်မှာလည်း အလန့်တကြား မှတ်ချက်ချလိုက်သည်။ လေလံရုံမှ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးလည်း ထိုင်မရ ထမရ ဖြစ်ကုန်ကြတော့၏။

"ပြဿနာကြီးတော့မယ်"

နဂါးနတ်ဘုရားနန်းတော်၌ ဟန်ခွန်းမှာ ကျန်းမိသားစုရှိရာ ဆီသို့ လေးနက်သော မျက်နှာထားဖြင့် လှမ်းကြည့်နေမိ၏။ ထိုယုတ်မာသော စွမ်းအားများမှာ နဂါးနတ်ဘုရားနန်းတော်အထိပင် ရိုက်ခတ်လာခဲ့ပြီ မဟုတ်ပါလော။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ဖျက်ဆီးခြင်း သိုင်းကွက် ဒါဇင်ပေါင်းများစွာသည် ထိုလက်သည်းမည်းကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားကြ၏။ ပေါက်ကွဲသံကြီးမှာ ဝူကျိနယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး၊ ထွက်ပေါ်လာသော စွမ်းအင်ဂယက်များကြောင့် ကျန်းဝူဟန်နှင့် အခြားသူများ အားလုံး သွေးများ အန်ကျကာ နောက်သို့ လွင့်ထွက်ကုန်ကြတော့၏။

"ဝီ... ဝီ..."

ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာ ပေသောင်းချီသော လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကမ္ဘာပျက်တော့မည့်အလား ပြင်းထန်စွာ တုန်လှုပ်နေတော့သည်။ ထျန်းကျီဘုံ ပညာရှင် ဒါဇင်ကျော်မှာ ကောင်းကင်ယံမှနေ၍ ကျီးကန်းတောင်မှောက် ကျဆင်းလာကြပြီး ချက်ချင်းပင် သတိလစ်သွားကြလေသည်။

ကျန်းဝူဟန်နှင့် ကျန်းထျန်းယွင်တို့ကဲ့သို့ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များပင်လျှင် အပြင်းအထန် ဒဏ်ရာရသွားရလေပြီ။

ကျန်းဝူဟန်မှာ အဆင့် (၄) တွင် ရှိနေပြီး အင်မော်တယ်လက်နက်ကြောင့် အဆင့် (၅) ထက်ပင် ပို၍ အစွမ်းထက်သော်လည်း... ဆဋ္ဌမအလွှာရှိ ပညာရှင် တစ်ဦးကိုမူ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ချေ။

တစ်ချက်တည်းနှင့်ပင်... အင်အားကြီးလှသော ကျန်းမိသားစုမှာ ပြိုလဲသွားခဲ့ရ၏။

"ဘိုးဘိုး..."

"မိသားစုခေါင်းဆောင်..."

ထိုမြင်ကွင်းကြောင့် ကျန်းမိသားစု တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်၏။ အစွန်းရောက်သော အကြောက်တရားနှင့်အတူ မျှော်လင့်ချက် ကင်းမဲ့မှုများက နေရာအနှံ့ ရိုက်ခတ်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အစွမ်းထက်လှသော ပညာရှင်များ အားလုံး အရေးနိမ့်သွားရခြင်းက တကယ့်ကို ထိတ်လန့်ဖွယ်ရာပင်။

"ကျန်းမိသားစု ဆိုတာလည်း... ဒီလောက်ပဲ ရှိတာကိုး"

တိမ်တိုက်မည်းကြီးအတွင်းမှ အေးစက်စက် လှောင်ပြုံးသံနှင့်အတူ မထီမဲ့မြင် ပြုသော စကားသံ ထွက်ပေါ်လာလေသည်။

ကျန်းဝူဟန်၏ မျက်နှာမှာ ဖြူလျော့နေပြီး သူက ကောင်းကင်သို့ စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်၏။

"မင်းက တကယ်တမ်း ဘယ်သူလဲ။ ငါတို့ ကျန်းမိသားစုက မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘဲ... ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ"

"မင်းတို့ ကျန်းမိသားစုက... ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ဝင်ပါနေလို့ပဲ။ အဲဒါက သေတွင်းကို ကိုယ်တိုင်တူးနေတာနဲ့ အတူတူပဲကွ"

အေးစက်လှသော စကားသံက တိမ်တိုက်မည်းကြီးအတွင်းမှ ပြန်လည် ထွက်ပေါ်လာ၏။

"မဆိုင်တဲ့ ကိစ္စမှာ ဝင်ပါတယ် ဟုတ်လား... ဒီအဘိုးကြီးကတော့ ဘာကို ဆိုလိုတာလဲဆိုတာ လုံးဝ မသိဘူး"

ကျန်းဝူဟန်က ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ သူသည် ဤလျှို့ဝှက်ပုဂ္ဂိုလ်ကို တစ်ခါမျှ မတွေ့ဖူးသည်မှာ သေချာလှပေ၏။

"မင်း သိနေဖို့ မလိုပါဘူး။ မင်း သိထားရမှာက... ဒီနေ့ကစပြီး ဘာကိစ္စမှာမှ ဝင်မပါနဲ့တော့။ အကယ်၍ မင်းတို့ဘက်ကသာ ဆက်ပြီး ဝင်ပါဦးမယ် ဆိုရင်တော့... ကျန်းမိသားစု တစ်ခုလုံး မျိုးပြုတ်သွားမယ့် အကျိုးဆက်ကို ခံစားရလိမ့်မယ်"

တိမ်တိုက်မည်းကြီးအတွင်းမှ ခြိမ်းခြောက်သံကြီး ထွက်ပေါ်လာပြီးနောက် ထိုအငွေ့အသက်များမှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၆၈၉) - နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ

~"တခြား ဘာကိစ္စမှာမှ ဝင်မပါနဲ့တော့ ဟုတ်လား..."

"ဒါဆိုရင် ငါတို့ ကျန်းမိသားစုက ဒီလျှို့ဝှက်ပုဂ္ဂိုလ်ရဲ့ စိတ်ကြိုက် ခြယ်လှယ်တာကို ငြိမ်ခံနေရတော့မှာလား"

သို့သော်ငြားလည်း ထိုလျှို့ဝှက်ပုဂ္ဂိုလ်၏ ခြိမ်းခြောက်မှုမှာ ကျန်းဝူဟန်အတွက်တော့ အပိုပင် ဖြစ်လေ၏။

ကျန်းဝူဟန်က မျက်နှာကို တင်းတင်းထားကာ အံကိုကြိတ်လျက် တုံ့ပြန်လိုက်သည်။

"ငါတို့ ကျန်းမိသားစု ဘာလုပ်မယ်ဆိုတာ ငါတို့ အလုပ်ပဲ။ မင်းလိုကောင်ရဲ့ ထိန်းချုပ်မှုကိုတော့ အသေခံရင်ခံမယ်၊ လုံးဝ အညံ့မခံနိုင်ဘူး"

တိုက်ကြီး တစ်ခုလုံးတွင် အဆင့်အတန်း မြင့်မားလှသော လက်နက်သွန်းလုပ်ခြင်း မိသားစုကြီး ဖြစ်သည့်အတွက် ဤမျှလောက်သော ဖိနှိပ်မှုကို ကျန်းမိသားစုက ဦးညွှတ်လိမ့်မည် မဟုတ်ချေ။

"ဟွန်း... ကျန်းဝူဟန်။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် သတ်ရတာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသလောက်ပဲ လွယ်တယ်။ အညတရ ကျန်းမိသားစုကို ငါက ဂရုစိုက်နေမယ် ထင်နေလား။ နောင်တမရဘဲ ခေါင်းမာနေဦးမယ် ဆိုရင်တော့... မင်းတို့ မိသားစု တစ်ခုလုံးကို ငါကိုယ်တိုင် မျိုးဖြုတ်ပစ်မယ်"

ထိုအေးစက်လှသော စကားသံမှာ လျှို့ဝှက်ဆန်းကြယ်သည့် တိမ်တိုက်မည်းကြီးအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုတိမ်တိုက်ကြီးမှာ တဖြည်းဖြည်း လွင့်စင်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

ထိုလျှို့ဝှက်ပုဂ္ဂိုလ်သည် ကျန်းမိသားစုကို သတိပေးရန်အတွက်သာ လာရောက် တိုက်ခိုက်ခဲ့ခြင်းလော။

ကျန်းမိသားစုက ဘယ်လိုကိစ္စမျိုးမှာ ဝင်ပါမိလို့ ဤမျှ ကြမ်းတမ်းသော ရန်သူကြီးနှင့် ထိပ်တိုက်တွေ့ရသနည်း ဆိုသည်မှာ ကျန်းဝူဟန်အတွက် ပဟေဠိ တစ်ခု ဖြစ်နေတော့၏။ ကျန်းမိသားစုသည် လျှို့ဝှက်အင်အားစုများ၏ ကိစ္စတွင် တစ်ခါမျှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိသလို၊ သူတို့ကို စော်ကားမိခြင်းလည်း လုံးဝ မရှိခဲ့ချေ။

ထို့အပြင် တိမ်တိုက်မည်းအတွင်း ပုန်းကွယ်နေသော ထိုသူမှာ ယင်ယန်မိသားစုမှလည်း မဟုတ်သည်မှာ သေချာလှ၏။

ဒုတိယ အကြီးအကဲက လေးနက်သော လေသံဖြင့် ဆိုလိုက်၏။

"ဒီလူက ယုတ်မာတဲ့ အငွေ့အသက်တွေ ပြည့်နေတာပဲ။ ခွန်အားကလည်း တကယ့်ကို ကြောက်စရာကောင်းတယ်။ သူက ဘယ်သူများလဲ"

ကျန်းထျန်းယွင်ကလည်း သူ၏ အတွေးများကို စုစည်းကာ ဝင်ရောက် ပြောဆိုလိုက်၏။

"လျှို့ဝှက် အင်အားစု တစ်ခုခုက ပညာရှင် ဖြစ်ဖို့ များတယ်။ ဒါပေမဲ့ ငါတို့ ကျန်းမိသားစုက ယင်ယန်မိသားစုကလွဲလို့ တခြား ဘယ်လျှို့ဝှက် အင်အားစုကိုမှ မစော်ကားမိပါဘူး။ ဒီလူကလည်း ယင်ယန်မိသားစုက မဟုတ်ဘူးလေ"

ကျန်းဝူဟန်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ စဉ်းစားနေမိ၏။

"ဒီယုတ်မာတဲ့ အငွေ့အသက်ကို ငါ တစ်နေရာမှာ ခံစားဖူးသလိုပဲ။ တော်တော်လေး ကြာခဲ့ပြီ... ဒါပေမဲ့ သူတို့ ဘယ်ကလာသလဲ ဆိုတာကိုတော့ ငါလည်း မမှတ်မိတော့ဘူး"

"ဝီ... ဝီ..."

ထိုအခိုက်အတန့်၌ ငြိမ်သက်သွားကာနီး လေဟာနယ်ကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။ အသက်ရှူပင် ရပ်တန့်သွားစေလောက်သော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုက ကျန်းမိသားစု၏ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ပါလား..."

ကျန်းဝူဟန်၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် မှတ်ချက်ချလိုက်မိ၏။

ကျန်းဝူဖုန်းကလည်း အလန့်တကြား အော်ဟစ်လိုက်၏။

"ဒုက္ခပဲ... အင်မော်တယ် လက်နက် စံအိမ် မှာ တစ်ခုခု ဖြစ်နေပြီနဲ့ တူတယ်"

ကျန်းထျန်းယွင်မှာမူ အကြောက်တရားကြောင့် အော်ဟစ်မိတော့သည်။

"ဒီယုတ်မာတဲ့ အငွေ့အသက်က... စောစောက လျှို့ဝှက်ပုဂ္ဂိုလ်နဲ့ တစ်ထေရာတည်းပဲ။ ဒါပေမဲ့ အခုက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာတောင် ဖြစ်နေပြီ"

"တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ..."

ကျန်းဝူဟန်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေရ၏။ အကြောင်းမဲ့သက်သက် ဘာကြောင့် သူတို့ကို ပစ်မှတ်ထားနေကြသနည်း ဆိုသည်ကို သူ စဉ်းစား၍ မရနိုင်တော့ချေ။

"ထျန်းရွှမ်း... မင်း ကျန်းမိသားစုကို ဒီမှာပဲ စောင့်ရှောက်ထားလိုက်။ ကျန်တဲ့လူတွေ ငါနဲ့အတူ အင်မော်တယ် လက်နက် စံအိမ်ကို လိုက်ခဲ့ကြ။ အခြေအနေ ဘယ်လိုရှိလဲဆိုတာ သွားကြည့်ရမယ်"ကျန်းဝူဟန်က အသည်းအသန် အမိန့်ပေးလိုက်ပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

ကျန်းဝူဖုန်းနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များမှာလည်း အပြင်းအထန် ဒဏ်ရာရထားသော်ငြားလည်း အခြား ရွေးချယ်စရာ မရှိသဖြင့် နောက်မှ အပြေးအလွှား လိုက်ပါသွားကြရတော့၏။

"ဝီ... ဝီ..."

ဖျက်ဆီးခြင်း စွမ်းအင်များက ဝူကျိနယ်မြေ၏ ထောင့်တိုင်းသို့ နောက်တစ်ကြိမ် ထပ်မံ ပျံ့နှံ့သွားပြန်သည်။ လေဟာနယ်များ ပြိုကွဲပျက်စီးကာ တောင်တန်းများနှင့် မြေပြင်များမှာလည်း အက်ကွဲကုန်ကြသည်။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ၏ စွမ်းအားမှာ ယခင်ကထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းနေ၏။

ထိုအခါ အင်မော်တယ် လက်နက် စံအိမ်၏ အထက် ကောင်းကင်ယံတွင် ဂိုဏ်းချုပ် ချီယွမ်နှင့် စံအိမ်မှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာသည် အနက်ရောင် ဝတ်စုံဝတ် လျှို့ဝှက်ပုဂ္ဂိုလ် တစ်ဦးနှင့် အသည်းအသန် တိုက်ခိုက်နေကြသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝီ... ဝီ..."

နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာရှိ ထိုလျှို့ဝှက်ပုဂ္ဂိုလ်သည် လူဒါဇင်ပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေသော်လည်း အသာစီး ရနေဆဲပင် ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာလည်း ထပ်ဆင့်၍ ရိုက်ခတ်နေတော့သည်။

အင်အားချင်းက လုံးဝ မမျှလှချေ။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ၏ ခွန်အားမှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှ၏။

ယခင်က ယင်ယန်မိသားစုမှ လုပ်ကြံသတ်ဖြတ်သူ တစ်ဦး လှုပ်ရှားခဲ့စဉ်ကပင် သူ တစ်ဦးတည်းနှင့် ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်များကို ဖိနှိပ်ထားနိုင်ခဲ့သည် မဟုတ်ပါလော။ ယခု ရောက်လာသော သူမှာမူ ထိုလုပ်ကြံသတ်ဖြတ်သူထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာ ကောင်းနေ၏။

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝေါ့... ဝေါ့... ဝေါ့..."

ပြင်းထန်လှသော တိုက်ပွဲအတွင်း အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်များမှာ အဆက်မပြတ် ရိုက်နှက်ခံနေရပြီး၊ သွေးများ အန်ကျကာ နောက်သို့ ပစ်လွင့်ကုန်ကြ၏။ အားလုံးမှာ အပြင်းအထန် ဒဏ်ရာရကုန်ကြပြီ ဖြစ်သည်။

နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ၏ လက်သီးတစ်ချက်အတွင်း ပါဝင်သော စွမ်းအားမှာ အင်မော်တယ် လက်နက် စံအိမ်မှ စစ်သည်တော်များ တောင့်ခံနိုင်မည့် အနေအထားတွင် မရှိချေ။

နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာရှိ ဂိုဏ်းချုပ် ချီယွမ်ပင်လျှင် အင်မော်တယ် လက်နက်ကို အသုံးပြု၍ ခုခံသော်ငြားလည်း ထိုလက်သီးချက်ဒဏ်ကို မရှုမလှ ခံစားလိုက်ရလေတော့၏။

လက်သီး တစ်ချက်တည်းနှင့်ပင် ချီယွမ်မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ရပြီ ဖြစ်၏။ တိုက်ပွဲ စတင်ပြီး မကြာမီမှာပင် အင်မော်တယ် လက်နက် စံအိမ်မှ အစွမ်းထက် ပညာရှင်များ အားလုံး ပြိုလဲသွားခဲ့ရသည်။

"ဂိုဏ်းချုပ်..."

"ဒီကောင်က နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာတဲ့ဗျာ။ ဂိုဏ်းချုပ်တို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး"

"အခု ဘယ်လိုလုပ်ကြမလဲ။ ငါတို့ရဲ့ ဆရာကရော ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"

အင်မော်တယ် လက်နက် စံအိမ်မှ လူများ အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားနေကြရသည်။

ခွန်အား၊ အမြန်နှုန်း သို့မဟုတ် တုံ့ပြန်နိုင်စွမ်းနှင့်.န.တ်ဘရုားအာရုံ.. မည်သည့်နေရာတွင်မဆို ထိုလျှို့ဝှက်ပုဂ္ဂိုလ်က ချီယွမ်တို့ထက် အများကြီး သာလွန်နေ၏။ ၎င်း၏ ရှေ့တွင်တော့ သူတို့မှာ အားနည်းလှသော ပုရွက်ဆိတ်လေးများပမာ ဖြစ်နေတော့သည်။

အကယ်၍ ထိုအနက်ရောင် ဝတ်စုံဝတ် လူသာ ဆန္ဒရှိလျှင် ချီယွမ်ကို လက်သီး တစ်ချက်တည်းနှင့် သတ်ပစ်ကာ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်သည်မှာ သေချာလှ၏။

"တိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ခြင်း ဂိုဏ်း ဖြစ်တဲ့ အင်မော်တယ် လက်နက် စံအိမ် ဆိုတာ... ဒါပဲလား။ တကယ်ကို စိတ်ပျက်စရာ ကောင်းတာပဲ"အနက်ရောင် ဝတ်စုံဝတ် လူက မထီမဲ့မြင် ပြုသော လေသံဖြင့် လှောင်ပြောင်လိုက်လေသည်။

သူ၏ အေးစက်လှသော အကြည့်များက ချီယွမ်ထံသို့ စူးစိုက်ကျရောက်သွားပြီးနောက် သူက ဆက်ပြောလိုက်၏။

"ချီယွမ်... မင်းရဲ့ ခွန်အားကတော့ မဆိုးပါဘူး။ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာရဲ့ တိုက်ခိုက်ရေး စွမ်းအားနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်။ ဒါပေမဲ့... အားနည်းလွန်းနေသေးတာပဲ။ ကျန်တဲ့ အကောင်တွေကတော့ အမှိုက်တွေချည်းပဲ"

ချီယွမ်မှလွဲ၍ အင်မော်တယ် လက်နက် စံအိမ်မှ အကြီးအကဲများနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးကို 'အမှိုက်' ဟု ခေါ်ဝေါ်ရဲသည် တဲ့လား။

မောက်မာလိုက်လေခြင်း။ အစွန်းရောက်အောင်ပင် မောက်မာလွန်းလှသည်။

သို့သော်ငြားလည်း အင်မော်တယ် လက်နက် စံအိမ်မှ လူများမှာမူ သူတို့၏ ဒေါသများကို အတင်းအကျပ် မြိုသိပ်ထားကြရရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြချေ။ ရန်သူ၏ နောက်ခံကလည်း လျှို့ဝှက်လွန်းသလို ခွန်အားကလည်း ကြောက်စရာ ကောင်းနေသည် မဟုတ်ပါလော။

"မင်း... မင်းက တကယ်တမ်း ဘယ်သူလဲ"ချီယွမ်က မျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူရော်နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ မေးလိုက်၏။

"မင်းကတော့ ငါ ဘယ်သူလဲဆိုတာ သိဖို့ အဆင့်မမီသေးဘူး"အနက်ရောင် ဝတ်စုံဝတ် လူက မထီမဲ့မြင် ပြုသော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

"ကဲ... အစွမ်းကုန် ကြိုးစားကြည့်ကြဦးလေ။ အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြစမ်းပါ"

"ဂိုဏ်းချုပ်... ဒီလူရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းကို ကြောက်စရာကောင်းတယ်။ ကျုပ်တို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး"ကာကွယ်ရေးမှူး တစ်ဦးက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။

"ကောင်းကင်ကြီးက ငါတို့ အင်မော်တယ် လက်နက် စံအိမ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပြီလား..."

ဒုတိယ အကြီးအကဲမှာ အားအင်ကုန်ခမ်းစွာဖြင့် မှတ်ချက်ချလိုက်မိ၏။ ဤမျှ ကြမ်းတမ်းသော ရန်သူကို အစွမ်းကုန် တိုက်ခိုက်သော်လည်း သူတို့မှာ အားကိုးရာမဲ့နေဆဲပင်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုအခိုက်အတန့်၌ ကျန်းဝူဟန် အပါအဝင် ကျန်းမိသားစုဝင်များမှာ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာကြသည်။ အားလုံးမှာ အပြင်းအထန် ဒဏ်ရာရထားကြသူများ ဖြစ်၏။

ချီယွမ်က ကျန်းဝူဟန်တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။

'ထင်တဲ့အတိုင်းပဲ... ကျန်းဝူဟန်တို့ အားလုံးလည်း အပြင်းအထန် ဒဏ်ရာရထားကြတာပဲ။'

ကျန်းမိသားစုတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို အင်မော်တယ် လက်နက် စံအိမ်မှ လူများ သိရှိလိုက်ကြသော်လည်း၊ သွားရောက် ကူညီရန် ကြိုးစားစဉ်မှာပင် ထိုအနက်ရောင် ဝတ်စုံဝတ် လူ၏ တားဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။ သို့သော် ချီယွမ်ကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်မှာ... ကျန်းမိသားစုကို တိုက်ခိုက်ခဲ့သော ထိုလျှို့ဝှက်ပညာရှင်သည် ဘာကြောင့် သူတို့ကို အပြတ်မရှင်းခဲ့သနည်း ဆိုသည့် အချက်ပင် ဖြစ်၏။

"ဂိုဏ်းချုပ် ချီယွမ်... သူတို့ အားလုံး အပြင်းအထန် ဒဏ်ရာရထားကြတာပဲ"ကျန်းထျန်းယွင်က အစွန်းရောက်သော ကြောက်ရွံ့မှုများဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ပါလား..."

ကျန်းဝူဟန်နှင့် အခြားသူများမှာ အနက်ရောင် ဝတ်စုံဝတ် လူကို လေးနက်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်နေမိကြ၏။ ထိုလူသည်လည်း ကျန်းဝူဟန်တို့ အဖွဲ့ကို ပြန်လည် အကဲခတ်နေ၏။

"ဒီလောက် ဒဏ်ရာတွေနဲ့တောင် ဒီကို ရောက်လာရဲတယ်ပေါ့။ မင်းတို့က အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်"အနက်ရောင် ဝတ်စုံဝတ် လူက မောက်မာစွာဖြင့် ပြောလိုက်သည်။ သူ၏ ကိုယ်မှ ကြောက်မက်ဖွယ် ယုတ်မာလှသော အရှိန်အဝါများ ထွက်ပေါ်နေဆဲပင် ဖြစ်၏။

"မင်းကို ငါ တစ်ခုပဲ မေးချင်တယ်။ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ဝင်ပါနေတယ် ဆိုတာ ဘာကို ပြောတာလဲ"ကျန်းဝူဟန်က လေးနက်သော အသံဖြင့် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အနက်ရောင် ဝတ်စုံဝတ် လူက ကောက်ကျစ်စွာ လှောင်ပြုံးလိုက်ပြီး...

"မင်း သိထားရမှာက... ဆက်ပြီး ဝင်ပါဦးမယ် ဆိုရင်တော့... အကျိုးဆက်က မျိုးပြုတ်သွားဖို့ပဲ ရှိတယ် ဆိုတာပဲ"

"မင်းကို. ဘယ်သူလဲလို့ ငါ မေးနေတယ်လေ..."

ကျေနပ်လောက်သော အဖြေကို မရရှိသဖြင့် ကျန်းဝူဟန် တစ်ယောက် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်လေတော့သည်။ သူ၏ ဒေါသမီးတောက်များမှာ ကောင်းကင်ယံအထိ ထိုးတက်နေ၏။

ကျန်းဝူဟန်၏ ဟိန်းဟောက်သံကြောင့် အနက်ရောင် ဝတ်စုံဝတ် လူ၏ မျက်လုံးများထဲတွင် ရက်စက်ပြီး အေးစက်လှသော အလင်းတန်းများ တဖျတ်ဖျတ် လက်သွားလေတော့သည်။

အခန်း (၆၉၀) - ကြီးမားသော တိုက်ပွဲကြီး ရောက်ရှိလာတော့မည်

~ထိုဝတ်ရုံခြုံထားသော လျှို့ဝှက်ပုဂ္ဂိုလ်သည် ကျန်းဝူဟန်၏ ရှေ့မှောက်သို့ ကြောက်မက်ဖွယ်ကောင်းလှသော ပုံသဏ္ဌာန်ဖြင့် ရုတ်ချည်း ပေါ်ထွက်လာလေ၏။ အမည်းရောင် လက်သည်းကြီးသည် လျှပ်တစ်ပြက်အတွင်း ဆန့်ထွက်လာပြီး ကျန်းဝူဟန်၏ လည်ပင်းကို အမိအရ ဆုပ်ကိုင်ကာ အထက်သို့ မြှောက်တင်လိုက်တော့သည်။

ကျန်းဝူဟန်၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့်ပင် ထိုသူ၏ လှုပ်ရှားမှုကို အပ်ဖျားခန့်မျှ အာရုံမခံနိုင်ခဲ့ချေ။ ဝတ်ရုံခြုံထားသူ၏ အမြန်နှုန်းမှာ တိတ်ဆိတ်လွန်းလှသကဲ့သို့ အလွန်တရာမှလည်း ထူးဆန်းဆန်းကြယ်လှ၏။

ရုတ်တရက် ပေါ်ပေါက်လာသော ထိုပုဂ္ဂိုလ်ကြောင့် ကျန်းဝူဟန်၏ ရင်ထဲတွင် ကြီးမားလှသော တုန်လှုပ်မှုကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြောင့် အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရလေ၏။

"မင်းက အသက်မရှင်ချင်တော့ဘူးလား..."

ထိုသူက သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အေးစက်လှသော မျက်ဝန်းများဖြင့် ကျန်းဝူဟန်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ၏ ခြောက်ခြားဖွယ် ဖိအားအောက်တွင် ကျန်းဝူဟန်နှင့် အခြားသူများမှာ လုံးဝ မလှုပ်နိုင်တော့ချေ။ ကျန်းဝူဟန်မှာလည်း အပြင်းအထန် ဒဏ်ရာရထားသဖြင့် ရုန်းကန်ရန်ပင် အားအင် မရှိတော့ပါချေ။

ကျန်းထျန်းယွင်မှာမူ အခြေအနေကို ကြည့်ရင်း အလွန်စိုးရိမ်သွားကာ မနေနိုင်ဘဲ ဝင်ရောက် ဟန့်တားလိုက်လေ၏။

"တော်တော့... ရပ်လိုက်စမ်း"

"ဘာလဲ... မင်းလည်း သေချင်နေတာလား"

ဝတ်ရုံခြုံထားသူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက ကျန်းထျန်းယွင်ထံသို့ ဝေ့ဝဲသွားတော့သည်။

ကျန်းထျန်းယွင်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ ခွန်းတုံ့ပြန်လိုက်လေ၏

"လောကမှာ ဘယ်သူက သေချင်မှာလဲဗျ။ ကျွန်တော်တို့က ဘာဖြစ်လို့ အခုလို တိုက်ခိုက်ခံရတာလဲ ဆိုတဲ့ အကြောင်းရင်းကိုပဲ သိချင်တာပါ"

အကြီးအကဲ ကျန်းဝူဖုန်းကလည်း တဆက်တည်း၌ပင် ဆိုလိုက်၏

"လူကြီးမင်းရဲ့ လုပ်ရပ်က ကျွန်တော်တို့ကို အတင်းအကျပ် ရပ်တန့်ခိုင်းဖို့ ရည်ရွယ်ချက် ရှိနေတာပဲ။ ဒါပေမဲ့ ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးဘူးလေ။ အဲဒီတော့ သေသေချာချာ မေးရမှာပေါ့"

ထိုစကားကို ကြားသောအခါ ဝတ်ရုံခြုံထားသူသည် ကျန်းဝူဟန်၏ လည်ပင်းကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး အေးစက်စွာ မှာကြားလိုက်၏။

"မင်းတို့ အသက်ရှင်ချင်တယ်၊ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို မပျက်စီးစေချင်ဘူး ဆိုရင်တော့... ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်နေပြီး ကိုယ်နဲ့မဆိုင်တာကို ဝင်မပါကြနဲ့။ မဟုတ်ရင်တော့ မင်းတို့ကို အချိန်မရွေး ပြာဖြစ်သွားအောင် ငါ လုပ်ပစ်မယ်။ အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုရဲ့ နှစ်ပေါင်း ရာချီ၊ ထောင်ချီ ခိုင်မာခဲ့တဲ့ အုတ်မြစ်တွေ... တစ်ညတည်းနဲ့ ပြာဖြစ်သွားတာမျိုးတော့ မင်းတို့လည်း အဖြစ်ခံမှာ မဟုတ်ဘူး မဟုတ်လား"

သူက စကားပြောပြောဆိုဆိုပင် အကြင်နာ ကင်းမဲ့လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်ရာ ဂိုဏ်းချုပ် ချီယွမ်နှင့် ကျန်းဝူဟန်တို့ အပါအဝင် လူတိုင်းမှာ ကျောချမ်းသွားကြရလေ၏။

ထိုသူ၏ ခြောက်ခြားဖွယ် ဖိအားရှေ့တွင် သူတို့မှာ တိုက်ခိုက်လိုစိတ်များပင် ပျောက်ဆုံးသွားရတော့သည်။ ကျန်းမိသားစုကို တိုက်ခိုက်ခဲ့သော နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာရှိ ပညာရှင်အပြင် ယခု အဋ္ဌမအလွှာရှိ ပညာရှင်ပါ ရှိနေသည် ဖြစ်ရာ သူတို့နောက်ကွယ်မှ အင်အားစုမှာ မည်မျှ ကြောက်စရာ ကောင်းလိမ့်မည်နည်း။

စကားဆုံးသည်နှင့် ဝတ်ရုံခြုံထားသူ၏ ပုံရိပ်မှာ လေထဲသို့ အရည်ပျော်ဝင်ကာ ပျောက်ကွယ်သွားလေတော့၏။ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားမှာလည်း ရုတ်ချည်းပင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ချီယွမ်နှင့် အခြားသူများမှာမူ ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့၏။

"ဂိုဏ်းချုပ် ချီယွမ်... ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ခင်ဗျား သိလား"

ကျန်းဝူဖုန်းက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။

ချီယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း တည်ကြည်စွာ ဆိုလိုက်၏။

"တစ်ခါမှ မမြင်ဖူးပါဘူး။ သူတို့ ကိုယ်ပေါ်က ယုတ်မာတဲ့ အငွေ့အသက်တွေက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ဒီတိုက်ကြီးပေါ်မှာ သူတို့လိုလူမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးသေးဘူး"

"ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့တော့... သူတို့ရဲ့ ကမ္ဘာကို ထိတွေ့နိုင်ဖို့တောင် အရည်အချင်း မမီသေးဘူး ထင်တယ်"

ကျန်းဝူဟန်က အားမလိုအားမရစွာဖြင့် မှတ်ချက်ချလိုက်သည်။

ကျန်းဝူထျန်းကမူ စိုးရိမ်တကြီးဖြင့် ၊

"သူတို့ရဲ့ ခွန်အားက တကယ့်ကို ထိတ်လန့်စရာပဲ။ နဂါးမျိုးနွယ်စုနဲ့ ယင်ယန်မိသားစုလောက်ပဲ သူတို့ကို သိရင် သိလိမ့်မယ်"

"သူတို့က ကိုယ်နဲ့မဆိုင်တာ ဝင်ပါလို့ ပြောပြီး ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်သွားတာဆိုတော့... ငါတို့ နှစ်ဖွဲ့လုံးက တစ်ခုခုမှာ ပတ်သက်နေလို့ ဖြစ်ရမယ်။ ဒါပေမဲ့ ဘာကိစ္စလဲ ဆိုတာကိုတော့ ငါ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်"

ကျန်းဝူဟန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

"ဆရာနဲ့ ပတ်သက်နေတာများလား..."

ချီယွမ်က ရုတ်တရက် အသိဝင်သွားဟန်ဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

“ဆေးဧကရာဇ် လား…”

ကျန်းဝူဟန်နှင့် အခြားသူများမှာ မျက်နှာ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

သေသေချာချာ စဉ်းစားကြည့်လျှင် သူတို့ နှစ်ဖွဲ့စလုံး ပူးပေါင်းပါဝင်ခဲ့သော ကိစ္စမှာ ယင်ယန်မိသားစု၏ ကိစ္စသာ ရှိသည် မဟုတ်ပါလော။

သို့သော် ဤလျှို့ဝှက်ပုဂ္ဂိုလ် နှစ်ဦးမှာ ယင်ယန်မိသားစုမှ မဟုတ်သည်မှာ သေချာလှ၏။

"အရင်ဆုံး ပြန်ပြီး ဒဏ်ရာတွေ ကုသကြရအောင်ဗျာ။ သူတို့က ဘယ်သူတွေလဲ ဆိုတာကိုတော့ တစ်နေ့နေ့ကျရင် သိရမှာပါ"

ချီယွမ်၏ လေသံမှာ အေးစက်နေပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ လက်သွားတော့သည်။

နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာရှိ အင်မော်တယ် လက်နက် စံအိမ်၏ ဂိုဏ်းချုပ် တစ်ဦး အနေဖြင့် သူသည် ယနေ့ကဲ့သို့ အားကိုးရာမဲ့သည့် ခံစားချက်မျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။

ဤအရှက်ရမှုအတွက် သူ၏ ရင်ထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေလေတော့၏။

---

အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။ တစ်လဟူသော အချိန်မှာလည်း ကုန်ဆုံးရန် နီးကပ်လာခဲ့၏။ နဂါးနတ်ဘုရား နန်းတော်ကို တစ်လအတွင်း ဖျက်ဆီးပစ်မည်ဟူသော လိန်ဟွန်း၏ ကြွေးကြော်သံကြောင့် နန်းတော်အတွင်းရှိ လူတိုင်းမှာ ရင်တမမဖြင့် စိုးရိမ်နေကြရ၏။ ထို့အပြင် ဖုန်းဝူချန် ထွက်သွားကတည်းက ယခုအချိန်ထိ ပေါ်မလာသေးခြင်းက သူတို့ကို ပို၍ပင် အပူဖုံးစေတော့သည်။

"အစ်ကိုဖုန်း တစ်ယောက် ဘာဖြစ်နေတာလဲ မသိဘူး။ ထွက်သွားတာ တစ်လပြည့်တော့မယ်... အခုထိလည်း ပေါ်မလာသေးဘူး"

လျိုချင်းယန်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဖုန်းဝူချန် ပြန်မရောက်သေးကြောင်း သိလိုက်ရသဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။

ဟန်ခွန်းကမူ ချော့မော့ပြောဆိုလိုက်၏။

"အရမ်း စိတ်မလောပါနဲ့။ နန်းတော်သခင် က ကိစ္စတစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်"

"နောက်ထပ် (၃) ရက်ပဲ ကျန်တော့တာနော်။ လိန်ဟွန်းက ကျွန်တော်တို့ကို ဘယ်လိုများ နှိမ်နင်းမလဲ ဆိုတာ စဉ်းစားလို့တောင် မရဘူး"

ဟု ယဲ့ထျန်းဝေက အလွန်တရာ လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

လျိုချင်းယန်ကမူ စိတ်ပူပန်စွာဖြင့် ၊

"အဲဒါတွေကို စိတ်ပူမနေပါနဲ့ဗျာ။ နတ်ဘုရား ဘုရင် နန်းတော်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ရှောင်ရှောင်ရဲ့ အကာအကွယ်ကို ဖျက်နိုင်ပါ့မလား။ ပြီးတော့ စီနီယာ အောက်ယွမ် လည်း ရှိနေတာပဲလေ။ အခု ကျွန်တော် စိတ်ပူတာက အစ်ကိုကြီးဖုန်း ပါ။ သူ တစ်ယောက်တည်း ထွက်သွားတာ... အခုထိ ပြန်မလာသေးဘူးဆိုတော့ တစ်ခုခု ဖြစ်နေပြီလားလို့ပဲ"

ထိုအခါ၊ လေ့ထျန်းကျွယ်ကလည်း အာမခံလိုက်သည်။

"မှန်တယ်... ရှောင်ရှောင်ရဲ့ အကာအကွယ်က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။ နတ်ဘုရား ဘုရင် နန်းတော်သခင် ကိုယ်တိုင်တောင် အဲဒါကို ဖောက်နိုင်မှာ မဟုတ်ဘူး"

"စိတ်အေးအေးထားကြပါ... အစ်ကိုဖုန်း ဘာမှ မဖြစ်ပါဘူး။ သူ့ရဲ့ သွေးမျိုးဆက် အငွေ့အသက်ကို ကျွန်မ ခံစားနေရတုန်းပဲ"

လင်ရှောင်ရှောင်က ညင်သာသော လေသံဖြင့် နှစ်သိမ့်လိုက်၏။

ဟန်ခွန်းကမူ ကျန်းကျွင့်လန်ကို တစ်ချက် လှမ်းကြည့်ရင်း တည်ကြည်စွာ ပြောလိုက်သည်။

"အရမ်းကြီးတော့ စိတ်မချကြနဲ့ဦးဗျ။ မကြာသေးခင်ကပဲ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်တို့ တိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သတင်းရတယ်။ လျှို့ဝှက် ပညာရှင် တစ်ယောက်ရဲ့ လက်ချက်တဲ့ဗျာ။ သူတို့ရဲ့ အင်အားတွေလည်း တော်တော်လေး ချိနဲ့သွားပြီ"

"ဘာ..."

ထိုသတင်းကြောင့် လျိုချင်းယန်နှင့် အခြားသူများမှာ အံ့အားသင့် မှင်သက်သွားကြရသည်။

ကျန်းကျွင့်လန်၊ ယန်ရန်နှင့် တုန်ကျန့်ထျန်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။

"အသေးစိတ်ကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ ဒီကိစ္စက နတ်ဘုရား ဘုရင် နန်းတော်နဲ့ ပတ်သက်နေလောက်တယ်" ဟု ဟန်ခွန်းက ထပ်မံ ဆိုလိုက်သည်။

ကျန်းကျွင့်လန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ဘာမှ ဆက်မမေးတော့ဘဲ ကျန်းမိသားစုရှိရာ ဆီသို့ အသည်းအသန် ပြေးထွက်သွားတော့၏။

"အစ်ကိုကြီးကျန်း... နေဦး... ကျွန်မလည်း လိုက်မယ်"

ယန်ရန်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

"ဘယ်သူ့လက်ချက်လဲ ဆိုတာ သိလား"

ယီထျန်းချင်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်ကဲ့သို့သော ဧရာမ အင်အားစုကြီးများကို ဒူးထောက်စေနိုင်သော လျှို့ဝှက်ပုဂ္ဂိုလ် ဆိုသည်မှာ မည်မျှ အစွမ်းထက်လိမ့်မည်နည်း။

ဟန်ခွန်းက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်၏။

"ဒါ နတ်ဘုရား ဘုရင် နန်းတော်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် လိန်ဟွန်းက ငါတို့ နဂါးနတ်ဘုရား နန်းတော်မှာ လာပြီး ဒီလောက် မောက်မာရဲမှာ မဟုတ်ဘူး"

လျိုချင်းယန်က သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဒေါသတကြီး ကြွေးကြော်လိုက်လေတော့သည်။

နတ်ဘုရား ဘုရင် နန်းတော်သည် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်အားစု ဖြစ်ရာ၊ ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်တို့ပါ အင်အားချိနဲ့သွားပြီ ဖြစ်သဖြင့် နဂါးနတ်ဘုရား နန်းတော်မှာ ပို၍ပင် အခြေအနေ ဆိုးရွားသွားခဲ့ပြီ ဖြစ်၏။ လိန်ဟွန်း၏ စကားကြီး စကားကျယ်များ နောက်ကွယ်တွင် အကြွင်းမဲ့ ခွန်အားများ ရှိနေကြောင်း သိသာထင်ရှားလှသည်။

"လာမှာကတော့ လာမှာပဲလေ။ ငါတို့ အသင့်ပြင်ထားဖို့ပဲ လိုတယ်"

ဟန်ခွန်းက လေးနက်သော အသံဖြင့် ဆိုလိုက်၏။

ယီထျန်းချင်းကလည်း တဆက်တည်း၌ပင် တည်ကြည်စွာ ပြောလိုက်သည်။

"ဆေးဆရာကြီး ဟန်ခွန်း ပြောတာ မှန်ပါတယ်။ ဖြစ်လာမှာကိုတော့ ရှောင်လွှဲလို့ မရဘူး။ ကျွန်တော်ကတော့ လူညံ့တစ်ယောက်လို အသက်ရှင်နေရမယ့်အစား... စစ်မြေပြင်မှာ အသေခံ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီးသား။ အဆိုးဆုံး ဖြစ်လာရင်လည်း အသေခံရုံပဲ ရှိတာပေါ့"

"မှန်တယ်... အသေခံ တိုက်ကြမယ်ဟေ့"

စစ်သည်တော်များကလည်း တက်ကြွလှသော လေသံများဖြင့် ဝိုင်းဝန်း ကြွေးကြော်လိုက်ကြသဖြင့် စိတ်ဓာတ်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။

သို့သော်ငြားလည်း သူတို့ အားလုံး၏ ရင်ထဲတွင်မူ ယခင်က မခံစားဖူးသော ကြီးမားလှသော ဖိအားကို ခံစားနေကြရဆဲပင် ။

All Chapters