တိုင်းပြည်အကြံပေး
Vol. 6 Ch. 508
အဖြူရောင်တိမ်တိုက်သည် ပျောက်ကွယ်သွားလေသည်။ ဆန်းလျန်သည် မတ်တပ်ရပ်လိုက်ပြီး လေးစားသမှုဖြင့် တာ့ရှားဧကရာဇ်ကို အနည်းငယ်ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ရောက်လာမှတော့ ထွက်သွားဖို့မစဉ်းစားနဲ့”
တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်က အပြုံးပါးပါးလေးတစ်ချက် ပြုံးလိုက်ရင်း…
“ကျုပ်သွားချင်ရင်သွားလို့ရတာပါပဲလေ”
တာ့ရှားဧကရာဇ်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်လေသည်။
ချက်ချင်းပင် ခန်းမဆောင်အပြင်ဘက်မှ သံချပ်ကာ ဝတ်ဆင်ထားသည့် များပြားလှစွာသော စစ်သည်တော်များ ဝင်ရောက်လာကြလေသည်။
နန်းတော်ခေါင်မိုးထက်မှလည်း နဂါးဟိန်းသံကြီးတစ်ချက်ကိုလည်း ကြားလိုက်ရလေသည်။
သားရဲသတ္တဝါပေါင်းစုံ၏ ဟိန်းဟောက်သံများလည်းတစ်သံပြီးတစ်သံ ထွက်ပေါ်လာကြလေသည်။
တာ့ရှားဧကရာဇ်က ဟွန့်ခနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
“ကဲ… မင်း ထွက်ပြေးလို့ရဦးမလား ကြည့်ကြတာပေါ့”
သောင်းနှင့်ချီသည့် ရှားမျိုးနွယ် ထိပ်တန်းစစ်သည်တော်များသည် ခန်းမအပြင်ဘက်မှ ဝန်းရံထားကြပြီး အဆင့်အလိုက် ခန်းမအတွင်းသို့ ဝင်ရောက်လာကြလေသည်။ သူတို့ဆီမှထွက်ပေါ်နေသည့် တန်ခိုးစွမ်းအား များသည် လေထုတစ်ခုလုံးထဲတွင် ပြည့်သိပ်နေလေ၏။
လက်ရှိအခြေအနေတွင် တာအိုတန်ခိုးစွမ်းအားများကို အသုံးပြုမည်ဆိုလျှင်တောင် သက်ရောက်မှု သိပ်ပြီး ရှိလိမ့်မည် မဟုတ်ပေ။
တာ့ရှားဧကရာဇ်သည် မြင့်မားသည့်တောင်ကြီးတစ်လုံးအလား ခိုင်မာစွာဖြင့် မတ်တပ်ရပ်နေလေသည်။ သူ၏မျက်နှာသည် အလွန်အေးစက်နေပြီး သူ၏ခန္ဓာကိုယ်မှ အမျိုးမျိုးသော တန်ခိုးစွမ်းအားများ ထွက်ပေါ်နေလေသည်။
“ဝါးရုံတောကဘယ်လောက်ပဲထူထပ်ပါစေ စီးဆင်းနေတဲ့မြစ်ရေကို တားဆီးနိုင်မှာတဲ့လား ၊ ဘယ်လောက်မြင့်တဲ့ တောင်ဖြစ်ပါစေ မျောလွင့်နေတဲ့တိမ်တွေကို တားဆီးနိုင်မှာတဲ့လား”
ဆန်းလျန်က ရေရွတ်လိုက်လေသည်။
တာ့ရှားဧကရာဇ်က ဟားတိုက်ရယ်မောလိုက်ရင်း…
“ငါကိုယ်တော်က လောင်ကျွမ်းနေတဲ့နေတစ်စင်းပဲ ၊ မင်းဟာမင်း မြစ်ပဲဖြစ်ဖြစ် တိမ်တိုက်ပဲဖြစ်ဖြစ် တစ်ခါထဲ ခမ်းခြောက်သွားအောင် လောင်ကျွမ်းပစ်လိုက်မယ်”
“ဒါဖြင့် မင်းကြီးရဲ့နေစွမ်းအင်က မြစ်တစ်စင်းဖြစ်တဲ့ ကျုပ်ကို ခြောက်ခမ်းသွားတဲ့အထိ လောင်ကျွမ်းပစ်နိုင်လောက် တဲ့ တန်ခိုးစွမ်းအားမရှိမှာ စိုးရွံ့မိပါတယ် ၊ တိမ်တိုက်တွေဆိုတာကတော့ နေမင်းက လောင်ကျွမ်းပစ်နိုင်ရိုးထုံးစံ မရှိပါဘူး”
ဆန်းလျန်က တိုးလျသည့်လေသံဖြင့် ပြောလိုက်လေသည်။
တာ့ရှားဧကရာဇ်က မျက်လုံးများကို မှေးစင်းလိုက်သည့်တိုင် သူ၏မျက်ဝန်းများက တောက်ပနေလေသည်။
ထိုအချိန်မှာပင်…
ကမ္ဘာမြေတစ်ခုလုံးစတင်တုန်လှုပ်လာပြီး လေထဲမှ အလင်းမှုံလေးများသည် အလွန်လျှင်မြန်သည့်အရှိန်ဖြင့် လှည့်ပတ်နေကြလေသည်။
ရှားတူးမြောင်းမှ စီးဆင်းနေသည့်ရေများသည် ချက်ချင်းပင်ရပ်တန့်သွားပြီး တိချိုးမြို့တော်တစ်ခုလုံးမှ ဝိညာဉ်စွမ်းအားများသည် ရှားထိုက်အကျဉ်းထောင်ရှိရာနေရာသို့ စုဝေးရောက်ရှိလာကြလေသည်။
ခန်းမအတွင်းမှလူများအားလုံးမှာ အေးစိမ့်မှုနှင့်အတူ သူတို့နှလုံးသားထဲသို့ဝင်ရောက်လာသည့် မမြင်ရသည့် စူးရှမှုတစ်ခုကို ခံစားလိုက် ကြရလေသည်။
စူးရှမှုသည် ဓားဝိညာဉ်တစ်ခုနှင့်ဆင်တူသလို မပျက်စီးနိုင်သည့်စည်းမျဉ်းတစ်ခုနှင့်လည်း ဆင်တူလေသည်။
ဆန်းလျန်သည် တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေဆဲ ဖြစ်လေသည်။
အေးစိမ့်မှုနှင့် မမြင်နိုင်သည့်စူးရှမှုသည် ဆန်းလျန်အပေါ်တွင်တော့ မသက်ရောက်သကဲ့သို့ ရှိနေလေသည်။ သူ၏ပုံစံမှာ ဤလောကနှင့်မဆိုင်ဘဲ သီးခြားခွဲထွက်နေသကဲ့သို့ ဖြစ်လေသည်။
လေ့ကျင်းသည် သတိလက်လွတ်ဖြင့် ဆန်းလျန်အနားသို့ လမ်းလျှောက်သွားလေသည်။ ဆန်းလျန်နှင့် နီးကပ်လာ လေလေ စူးရှမှုနှင့်ဝေးကွာသွားလေလေဖြစ်သည်ကို သူမခံစားလိုက်ရလေသည်။
“မိုးပြိုရင်တောင်မှ ဆရာဟာ ပြိုလဲသွားမယ့်သူမဟုတ်ဘူးပဲ”
သူမစိတ်ထဲတွင် တွေးလိုက်မိလေသည်။
တာ့ရှားဧကရာဇ်ထံမှ ကျုံးဝါးသံကြီးတစ်ချက်ထွက်ပေါ်လာလေသည်။
ထို့နောက်တွင်တော့….
ချက်ချင်းပင် လှုပ်ရှားနေသည့်မြေပြင်မှာ ရပ်တန့်သွားပြီး ရှားထိုက်အကျဉ်းထောင်သို့ စုရုံးရောက်ရှိလာသည့် ဝိညာဉ်စွမ်းအားများသည် ကြီးမားသောအင်အားတစ်ခုဖြင့် ချည်နှောင်ခြင်းကို ခံလိုက်ရလေသည်။
တာ့ရှားဧကရာဇ်၏မျက်နှာကတော့ အေးစက်တင်းမာနေဆဲ ဖြစ်လေသည်။ သူက ဆန်းလျန်ကို စိုက်ကြည့်လိုက် ရင်း…
“တာ့ရှားမှာ တိုင်းပြည်အကြံပေးအမတ်မင်းရာထူးနေရာ လစ်လပ်နေတယ်”
ထိုမျှသာပြောပြီး တာ့ရှားဧကရာဇ်က ဆက်မပြောတော့ပါ။
သို့သော် တာ့ရှားဧကရာဇ်ဆိုလိုသည့်အဓိပ္ပါယ်ကို အားလုံးက နားလည်လိုက်ကြလေသည်။ တာ့ရှားဧကရာဇ်သည် ဆန်းလျန်ကို တာ့ရှားပြည်၏ တိုင်းပြည်အကြံပေးအမတ်မင်းနေရာတွင် တာဝန်ပေးအပ်ရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်လေသည်။
တာ့ရှားဧကရာဇ်ဘက်မှ ဤသို့ကမ်းလှမ်းလိုက်သည်မှာ မကြုံစဖူး ထူးဆန်းသည့် အဖြစ်အပျက်ပင် ဖြစ်လေသည်။
သို့သော် တာ့ရှားဧကရာဇ်၏ကမ်းလှမ်းချက်မှာ ဆန်းလျန်၏တန်ခိုးစွမ်းအားမြင့်မားမှုတစ်ခုတည်းကြောင့် မဟုတ်ပေ။
ထျန်းယီအကြီးအကဲနှင့်လည်း သက်ဆိုင်လေသည်။
တိချိုးမြို့တော်တစ်ခုလုံးမှ ဝိညာဉ်စွမ်းအားများကို တစ်ခါတည်းဖြင့် စုစည်းနိုင်သည့် ထျန်းယီ၏စူးရှသည့် ဓားဝိညာဉ်မှာ မည်မျှအဆင့်မြင့်နေပြီဖြစ်သည်ကို တာ့ရှားဧကရာဇ် သဘောပေါက်သွားသောကြောင့်ပင်။
ထျန်းယီသည် အလွန်မှ ကြောက်စရာကောင်းသည့် လူတစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်သည် တစ်ခဏကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ….
“ကျုပ်မှာ အရည်အချင်းပြည့်မီတယ်လို့ ယူဆရတာပါပဲ”
သူက ထိုစကားကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်လေသည်။
“တိုင်းပြည်အကြံပေးရာထူးက မင်းရဲ့အရည်အချင်းနဲ့ဆိုရင် အသင့်တော်ဆုံးပါပဲ”
တာ့ရှားဧကရာဇ်၏အသံသည် အလွန်မှ နူးညံ့သိမ်မွေ့နေလေသည်။
ဆန်းလျန်က ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ ပြန်မပြောပေ။
“လာကြစမ်း ၊ တိုင်းပြည်အကြံပေးအမတ်မင်းအတွက် ထိုင်ဖို့နေရာ စီစဉ်ပေးကြစမ်း”
တာ့ရှားဧကရာဇ်က ပြောလိုက်လေသည်။
သိပ်မကြာခင်တွင်တော့ ဆန်းလျန်သည် တာ့ရှားဧကရာဇ်၏ ညဘက်တွင် ထိုင်ခွင့်ရသွားတော့သည်။
“ဒါနဲ့ တိုင်းပြည်အကြံပေးအမတ်မင်းရဲ့ အမည်ကဘယ်လိုခေါ်ပါသလဲ”
တာ့ရှားဧကရာဇ်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
“မင်းကြီး… ကျုပ်ကို ချင်းရွှမ်လို့ခေါ်နိုင်ပါတယ်”
ဆန်းလျန်က သိမ်မွေ့စွာဖြင့်ပြောလိုက်လေသည်။
“တာ့ရှားမှာ စိမ်းလန်းတဲ့သဘာဝသစ်တောတွေပေါများတယ် ၊ ချင်းရွှမ်ဆိုတဲ့နာမည်ဟာ တာ့ရှားနဲ့လည်း အင်မတန်မှ လိုက်ဖက်ပါတယ် ၊ ကြည့်ရတာ အမတ်မင်းက တာ့ရှားမှာ တိုင်းပြည်အကြံပေးဖြစ်လာတာက ကံတရား အတိုင်းပဲထင်ပါရဲ့”
(ချင်းရွှမ် ဆိုသည်မှာ စိမ်းညို့နက်ရှိုင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ် - ဘာသာပြန်သူ)
တာ့ရှားဧကရာဇ်က အေးဆေးစွာဖြင့်ဆိုသည်။
သူ၏စကားသံက သန့်စင်ပြီး နက်ရှိုင်းနေလေသည်။ ကြောက်မက်ဖွယ်ရာ ဧကရာဇ်တစ်ပါး၏အသွင်သဏ္ဍန်သည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
အခြားသောအမတ်များကတော့ တာ့ရှားဧကရာဇ်ကိုကြည့်ပြီး အံ့သြမနေကြတော့ပါ။
ဆန်းလျန်ကတော့ နဂိုအတိုင်းပင် တည်တည်ငြိမ်ငြိမ်ရှိနေလေသည်။
တာ့ရှားဧကရာဇ်နှင့် ဆန်းလျန်သည် မိုး ၊ မြေ နှင့် လူသားများ အကြောင်း ၊ ဖန်ဆင်းခြင်းများအကြောင်း ၊ စကြာဝဠာကြီး၏နက်ရှိုင်းမှုများအကြောင်း ပြောဆိုဆွေးနွေးနေကြလေသည်။ ဆန်းလျန်၏အသံမှာ တိုးညင်းသည့် တိုင်အခြားသောဆူညံနေမှုများကို ဖုံးလွှမ်းနိုင်စွမ်းရှိလေသည်။ သူပြောသည့် စကားလုံးတိုင်းတွင်လည်း ရဲရင့်မှုရှိပြီး အခြားသောအမတ်များသည် ဆန်းလျန်ကို မလေးစားဘဲ မနေနိုင်ကြတော့ပေ။
တာအိုဆရာမုကျန်းနှင့် တာ့ကြွယ်ကျောင်းတော်မှ ဆရာတော်တို့မှာ ကျင့်ကြံသူများအကြားတွင် ထင်ရှားသူများ ဖြစ်ကြလေသည်။ သို့သော် ဆန်းလျန်နှင့်ယှဉ်လျှင်တော့ သူတို့သည် အလွန်မှ မှေးမှိန်သွားပြီ ဖြစ်လေသည်။ ထိုခံစားချက်က သူတို့ကို အရှက်ရစေလေသည်။
တာ့ရှားပြည်၏မင်းမျိုးမင်းနွယ်များသည် ထူးခြားသည့်တန်ုခိုးစွမ်းအားများကိုပိုင်ဆိုင်ကြသော်လည်း သတ္တိအရာတွင် တော့ဘိုးဘေးများကို မယှဉ်နိုင်ကြပေ။
ထို့ကြောင့် တာ့ရှားဧကရာဇ်သည် သူ၏အမတ်များကို အထင်မကြီးခြင်းဖြစ်လေသည်။
တာ့ရှားဧကရာဇ်သည် အလွန်စည်းကမ်းတင်းကြပ်သူတစ်ယောက်ဖြစ်လေသည်။ တာ့ရှားဧကရာဇ်တွင် ထိုကဲ့သို့ နူးညံ့သည့်စရိုက်လက္ခဏာရှိလိမ့်မည်ဟု ဆးန်လျန် လုံးဝထင်မထားခဲ့မိပေ။ သို့သော် နူးညံ့သိမ်မွေ့သည်ဆိုခြင်း ထက် နူးညံ့သိမ်မွေ့ဟန်ဆောင်နေခြင်းလည်း ဖြစ်နိုင်လေသည်။
တာ့ရှားဧကရာဇ်၏အခက်အခဲများကို ဆန်းလျန်သိရလေ သူ့အတွက်ပိုပြီး စိတ်ထက်သန်စရာကောင်းလေ ဖြစ်ပေမည်။ မိုးနှင့် မြေကို အံတုရသည်မှာ ပျော်စရာကောင်းလေသည်။
သို့သော်... လူသားအချင်းချင်းယှဉ်ပြိုင်ရသည်က ပိုပြီး ပျော်စရာကောင်းလိမ့်မည်။
တာ့ရှားဧကရာဇ်က သူ့ကိုအဘယ့်ကြောင့် တိုင်းပြည်အကြံပေးအဖြစ်ခန့်အပ်ရသည်ကို ဆန်းလျန် နားမလည်နိုင် သေးပေ။ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်လေသည်။ သို့သော်... ထောင်ချောက်ဖြစ်မည်ဆိုလျှင် တောင်မှ ဆန်းလျန်ကတော့ တစ်ချက်ပင် မတုန့်ဆိုင်းဘဲ ထောင်ချောက်အတွင်းသို့ ခုန်ဝင်သွားမည့်သူတစ်ယောက်ဖြစ်လေ သည်။
မည်သည့်အကြောင်းပြချက်မှတော့မရှိပေ။ တာ့ရှားဧကရာဇ်သည် ကြားခံတစ်ယောက်လိုအပ်နေသူဖြစ်ပြီး ဆန်းလျန် သည်လည်းအတူတူပင်ဖြစ်လေသည်။
တာ့ရှားဧကရာဇ်ကလည်း ဆန်းလျန်အကြောင်း အသေးစိတ်သိနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် မသိနိုင်ခဲ့ပေ။ ဆန်းလျန်၏ မြင့်မားလှသည် မူလဝိညာဉ်ခန္ဓာသည် အပြည့်အ၀ ရုပ်ခန္ဓာနှင့်ပေါင်းစပ်နိုင်ခြင်း မရှိသေးကြောင်း တာ့ရှားဧကရာဇ် မသိခဲ့ပါ။ သူသည် ဆန်းလျန်ကို သုံးဆယ်ရာခိုင်နှုန်းသာ ခန့်မှန်းကြည့်နိုင်ခဲ့လေ သည်။
အရေးကြီးသည့်အချက်မှာ ဆန်းလျန်သည် တိချိုးမြို့တော်မှ ထွက်ခွာသွားလိုခြင်း မရှိသေးခြင်းပင် ဖြစ်လေသည်။ ထို့ပြင် သူက တာ့ရှားဧကရာဇ်ကို သူ၏တန်ခိုးစွမ်းအားကိုပြသရန်အတွက် လေ့ကျင်းကို ပန်းပုရုပ်တု ထုခိုင်းပြီး တော့ပင် သွားစွလိုက်သေးသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏စိတ်ထဲတွင် ဆန့်ကျင်လိုစိတ်များရှိနေ သည်ကိုသိနိုင်လေသည်။
ယခုတော့ တာ့ရှားဧကရာဇ်နှင့် ဆန်းလျန်သည် အပေးအယူဈေးတည့်သွားကြပြီ ဖြစ်သည့်အတွက် သူတို့ နှစ်ယောက်ကြားမှ ပြဿနာသည် အပေါ်ယံအားဖြင့်တော့ အဆင်ပြေသွားပြီဟု ဆိုနိုင်လေသည်။
အခြားဘက်တွင်လည်း တာ့ရှားဧကရာဇ်၏စိတ်မှာ ရှုတ်ထွေးလျှက်ရှိလေသည်။ ထျန်းယီနှင့်ဆန်းလျန် တစ်ယောက် ကို ရွေးခြယ်ရင်ဆိုင်ရမည်ဆိုလျှင် တာ့ရှားဧကရာဇ်သည် နှိမ်နင်းရလွယ်ကူမည်ဖြစ်သည့် ထျန်းယီကို ရွေးခြယ်မည် ဖြစ်လေသည်။ ဆန်းလျန်က တန်ခိုးစွမ်းအားမြင့်မားသောကြောင့်မဟုတ်ပါ။ ဆန်းလျန်သည် အကြောက်တရား ကင်းမဲ့သည့် လူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် ရှားရှားပါးပါးသူ့ကိုစွဲဆောင်နိုင်သည့်လူတစ်ယောက်ဖြစ်သည်ကိုတော့ တာ့ရှားဧကရာဇ် အနေဖြင့် ဝန်ခံရမည် ဖြစ်လေသည်။ သူက ဆန်းလျန်နှင့်အတူ ကျင့်စဉ်လမ်းအကြောင်းများကို သတိလက်လွတ် ပြောဆိုနေမိလေတော့သည်။
သူ့အဖြစ်ကိုသာ သူကိုယ်တိုင် သတိပြန်ပြုမိမည်ဆိုပါက ရယ်ရမလို ငိုရမလို မအီမလည်ခံစားရပေဦးမည်။
အမှန်တော့ တာ့ရှားဧကရာဇ်သည် အထီးကျန်နေခြင်း ဖြစ်လေသည်။ အထီးကျန်ခြင်းဆိုသည့်အရာမှာ ဖော်ပြရန် အခက်ခဲဆုံးအရာဖြစ်လေသည်။
သူက သူ၏အမတ်များကို မိုက်မဲသောသတ္တဝါများ ၊ ငတုံးများဟု မှတ်ယူထားလေသည်။ ထို့ကြောင့် ထိုသူများသည် သူနှင့်စကားပြောဆိုဆွေးနွေးရန် မတန်ဟု ယူဆထားလေသည်။
သို့သော်… တဖြည်းဖြည်းအဖော်ကင်းမဲ့လာသည့်အတွက် အထီးကျန်ခြင်းကိုတော့ မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။
ထိုအချက်သည် တာ့ရှားဧကရာဇ်မှာ သတိလက်လွတ်ဖြင့် ဆန်းလျန်နှင့် စကားလက်ဆုံကျနေရသည့် အကြောင်းရင်းပင် ဖြစ်တော့သည်။
ညစာစားပွဲသည် နံနက်အရုဏ်တက်မှပင် ပြီးဆုံးလေတော့သည်။
ဆန်းလျန်နှင့် စကားစမြည်ပြောခဲ့ကြသည့် သံတမာန်များက အရုဏ်မတက်ခင် ဆန်းလျန်ဆီသို့လာရောက် နှုတ်ဆက်ကြသေးသည်။
ထိုအခါ ဆန်းလျန်၏ပတ်ပတ်လည်တွင် ဆန်းလျန်ကိုစောင့်ရှောက်နေသည့် ကိုယ်ရံတော်များ ရှိနေသည့်အတွက် သူတို့သည် ဆန်းလျန်ကို ခပ်ဝေးဝေးမှပင် နှုတ်ဆက်ကြရလေသည်။
သံတမာန်များမှာ ဆန်းလျန်ကို ပိုပြီးစိတ်ဝင်စားနေကြလေသည်။ ရှီးလျန်တိုင်းပြည်မှ မင်းသားငယ်လေးသည် သာမန်လူမဟုတ်သည်မှာတော့ သေချာလေသည်။
"မင်းသားလေး ၊ သခင်လေးကြည့်ရတာ မြောက်ပိုင်းကို စိတ်ဝင်စားပုံရတယ် ၊ ဒါကြောင့် မင်းသားလေးကို မြောက်ပိုင်းက ဒေသထွက်လက်ဆောင်လေးတွေလာပေးတာပါ ၊ ပြီးတော့ မင်းသားလေး လာရောက်လည်ပတ်မယ် ဆိုရင်လည်း မြောက်ပိုင်းက အမြဲကြိုဆိုနေပါတယ်"
မြောက်ပိုင်းမှ သံတမာန်များက ပြောလိုက်ကြလေသည်။
ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…
"အစ်ကိုတို့ရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ် ၊ ကျုပ်က ဘာမှပိုင်ဆိုင်တဲ့သူမဟုတ်တော့ အစ်ကိုတို့ကို ဘာလက်ဆောင်မှ ပြန်မပေးနိုင်တော့ အားနာမိတယ်”
သံတမန်များက ပြုံးလိုက်ရင်း…
"ဒါ ဘာမှမဟုတ်တဲ့ ဒေသထွက်လေးတွေပါ ၊ အဖိုးတန်တာမှမဟုတ်ဘဲကို"
တခြားသံတမာန်တစ်ယောက်က…
"ဒါနဲ့ မင်းသားလေး ၊ တိချိုးကနေ ဘယ်ကိုဆက်သွားဖို့ အစီအစဉ်ရှိပါသလဲ ၊ ပြီးတော့ ညက ဝမ်ချန်နန်းတော် ၊ ညစာစားပွဲခန်းမထဲမှာ ထူးဆန်းတာတွေ ဖြစ်ပျက်သွားတာ ၊ မင်းသားလေးသိတယ်မဟုတ်လား"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အားလုံးပဲ အပြင်မှာသွားပြောကြရအောင်…"