← Chapters

အခန်း (၁၅၇၆-၁၅၇၈)

Vol. 106 Ch. 1576-1578

အခန်း (၁၅၇၆-၁၅၇၈)

Vol. 106 Ch. 1576-1578

အခန်း( ၁၅၇၆ )

ယွမ်ယုတိ

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ ထိုဖိအားသည် သူတို့အား အသက်ရှူရပင် ခက်ခဲလာစေသည်။

ထိုဖိအား ကျရောက်လာသည့် ခဏ၌ပင် ပတ်ဝန်းကျင် အာကာသလည်း ချိပ်ပိတ်ခြင်း ခံလိုက်ရ၏။

ဤအခြေအနေတွင် သူတို့၏ စွမ်းအားကြီးမားလှသော မင်းကြီး ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့နှစ်ယောက်လည်း လုချန်းကို ကာကွယ်ပေးရန် အရှေ့တွင် ချက်ချင်း ရပ်လိုက်ကြသည်။

နောက်တစ်ခဏတွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင်ဖြူနှင့် အမျိုးသမီးတစ်ဦး လေထဲလမ်းလျှောက်လျက် ပေါ်ထွက်လာ၏။

ထိုအမျိုးသမီး၏ အသွင်အပြင်သည် အေးစက်ပြီး မှင်တက်ဖွယ် ကောင်းလောက်အောင် လှပနေကာ တစ်ကိုယ်လုံးမှလည်း နတ်အငွေ့အသက်များ ထွက်ပေါ်နေ၏။

သွယ်လျသော ခါးတွင် ပတ်ထားသည့် ခါးပတ်က သူမ၏ ပြည့်စုံ ခန္ဓာကိုယ် အချိုးအစားကို ပို၍ ပေါ်လွင်နေစေ၏။

ထိုအမျိုးသမီးကို မြင်လျှင် လုချန်း ခဏခန့် အတွေးလွင့်သွားသည်။

သူမ၏ ပုံစံကို တစ်နေရာရာတွင် တွေ့ဖူးသလိုမျိုး သူ ချက်ချင်း ခံစားလိုက်ရ၏။

အမှန်စင်စစ် သူရင်းနှီးနေရခြင်းက ထိုအမျိုးသမီးကို သိနေ၍ မဟုတ်ပဲ ယွမ်ချင်းရှုနှင့် များစွာ တူနေသောကြောင့် ဖြစ်၏။

တကယ်တော့ ဤအမျိုးသမီးသည် ယွမ်ချင်းရှုထက် အနည်းငယ် ပိုမိုရင့်ကျက်ပြီး ပိုမိုအေးစက်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

လုချန်း ချက်ချင်းပင် သတိပြန်ဝင်လာ၏။

ဤအမျိုးသမီးသည် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ ပြောခဲ့သည့် ဆံပင်ဖြူနှင့် အမျိုးသမီး ဖြစ်ရမည်။

ပြန်ပေးဆွဲ ခံရသည်ဟု စွပ်စွဲနေသော သူမ၏ ညီမဖြစ်သူမှာလည်း ယွမ်ချင်းရှု ဖြစ်နိုင်၏။

“သွားပြီ... မရီးက လက်စားချေဖို့ ရောက်လာတာပဲ”

လုချန်း ထိုသို့ တွေးနေစဉ်သည်ပင် စနစ်မျက်နှာပြင် ရုတ်တရက် ပေါ်ထွက်လာ၏။

[အမည် : ယွမ်ယုတိ]

[အချက်အလက် : လျှို့ဝှက်လဝန်းနန်းတော်သခင်။ နတ်ဘုရင်အဆင့်။ သူမသည် အမွေးဖြူမြို့အတွင်း၌ ကြီးမားသော ကံစွမ်းအားတစ်ခု မွေးဖွားလာသည်ကို အာရုံခံမိသဖြင့် ၎င်းကို ရှာဖွေရန် သီးသန့် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုသူကို လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လည် ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။]

[ရမှတ် : ၁၀၀]

[နှစ်သက်မှု : ၁၀]

ယွမ်ယုတိ၏ အကြောင်းအရာများကို မြင်လျှင် လုချန်း အံ့အားသင့်သွား၏။

ကြီးမားသော ကံစွမ်းအားဟု ဆိုပါလား။

သူ့ကို ပြောတာလား။

သူ တစ်ခုခု ရုတ်တရက် စဉ်းစားမိသွား၏။

ယွမ်ယုတိနှင့် သူသည် ယခင်က တစ်ခါမှ မဆုံဖူးသလို သူမကလည်း သူ့ကို မြင်ဖူးမည် မဟုတ်ပေ။

မြင်ဖူးခဲ့လျှင်ပင် နှစ်သန်းတစ်‌သောင်းကျော် အတွင်း သူ၏ ရုပ်သွင်လည်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ် ကဲ့သို့သော သူများ မဟုတ်လျှင် သူ့ကို မည်သူမှ မှတ်မိနိုင်မည် မဟုတ်ပေ။

ထိုအချက်ကို စဉ်းစားမိပြီးနောက် လုချန်း အကြံတစ်ခု ရသွား၏။ ယွမ်ယုတိ သူ့ကို မမှတ်မိနိုင်သည့် အချက်ကို အခွင့်ကောင်းယူရန် သူ ဆုံးဖြတ်လိုက်သည်။

လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် လုချန်းက သူတို့နှစ်ယောက်ကို ကျော်ဖြတ်၍ ရှေ့သို့ ထွက်လာ၏။

ထို့နောက် ကောင်းကင်ယံမှ ယွမ်ယုတိကို ရိုသေစွာ ဂါရဝပြုရင်း

“စီနီယာကို ဂျူနီယာ ချန်းလု ဂါရဝပြုပါတယ်။”

လုချန်း၏ စကားကို ကြားလျှင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ အနည်းငယ် မှင်တက်သွားသော်လည်း လုချန်း ဘာလုပ်ချင်သည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။

သူတို့ကလည်း

“စီနီယာကို ဂါရဝပြုပါတယ်”

ဟု ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။

လုချန်းကို ယွမ်ယုတိ တစ်ချက် ကြည့်လိုက်၏။

သူ့ကို မြင်လျှင် သူမ ခဏခန့် ကြောင်အသွားသည်။

အကြောင်းရင်းကို မသိသော်လည်း ဤလူကို မြင်ဖူးသလို ခံစားနေရခြင်းဖြစ်သည်။

မည်သည့်နေရာတွင် တွေ့ဖူးသည်ကို သူမ စဉ်းစား၍ မရပေ။

ထို့နောက် လုချန်း၏ ကံစွမ်းအားကို ယွမ်ယုတိ အာရုံခံကြည့်ရာ သူမထက်ပင် ပို၍ သိပ်သည်းနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံရန် သူမ ချက်ချင်း စိတ်ကူးရသွားသည်။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက

“ရှင် ကျွန်မရဲ့ တပည့်ရင်း ဖြစ်ချင်လား”

ဟု မေးလိုက်၏။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာ၏။

ဤအမျိုးသမီးသည် သူတို့၏ မင်းကြီးကို သိပင်မသိပဲ တိုက်ရိုက်တပည့် အဖြစ်ပင် လက်ခံရန် ကြံစည်နေပုံ ရ၏။

လုချန်း ချက်ချင်း သဘောမတူသေးပေ။

ခဏခန့် တွန့်ဆုတ်နေပြီးနောက်

“စီနီယာ... ကျုပ်က အမွေးဖြူမြို့ထဲကို ဝင်ဖို့ ပြင်နေတာပါ။”

ယွမ်ယုတိ နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်မှ ဖိအားများကို ချက်ချင်းပင် ထုတ်လွှတ်လိုက်၏။

လုကျန့်ကျီလည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး

“စီနီယာ... ဒီလူမှာ ထူးချွန်တဲ့ ပါရမီ ရှိပါတယ်။ အမွေးဖြူမြို့မှာပဲ နေမယ်ဆိုရင် သူ့ရဲ့ ပါရမီတွေက အလဟဿ ဖြစ်သွားပါလိမ့်မယ်။ လျှို့ဝှက်လဝန်းနန်းတော်ကို လိုက်သွားတာက ပိုကောင်းပါလိမ့်မယ်”

ဟု အမြန် ပြောလိုက်သည်။

ဆက်လက်၍ လုကျန့်ကျီက လုချန်းကို အကြံပေးသည့် ဟန်ဆောင်ကာ

“ချန်းလု... ဒီက စီနီယာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ခန်းမသခင်ပဲ။ မင်းကို တပည့် ရင်းအဖြစ် လက်ခံတာက မင်းအတွက် ကံကောင်းခြင်းပဲ။ ဒီလို အခွင့်အရေးမျိုးကို လက်မလွှတ်နဲ့။”

“စီနီယာနောက်ကို လိုက်မှသာ မင်းအတွက် ပိုကောင်းတဲ့ အနာဂတ် ရှိမှာပါ။”

လုချန်း အခက်တွေ့နေသည့် ပုံစံ ပေါ်လာ၏။

ယွမ်ယုတိက လုချန်းကို ထပ်မံ စဉ်းစားခိုင်းရန် စကားပြောတော့မည့် အချိန်တွင် လုချန်းက

“ကောင်းပါပြီ... စီနီယာရဲ့ တပည့်အဖြစ် နေဖို့ ကျုပ် သဘောတူပါတယ်”

ဟု ရုတ်တရက် ပြောလိုက်သည်။

ထို့နောက် လုချန်းက ယွမ်ယုတိကို ဂါရဝပြုရင်း

“လေးစားအပ်တဲ့ ဆရာ့ကို... တပည့် ဂါရဝပြုပါတယ်”

ယွမ်ယုတိ အနည်းငယ် အံ့သြသွား၏။

သူ ဤမျှ လျင်မြန်စွာ သဘောတူလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမ သည် အမွေးဖြူမြို့တွင် ခဏတာ နေထိုင်ရန် အစီအစဉ် ရှိသောကြောင့် လုချန်းက စိတ်မပါလျှင် စဉ်းစားရန် အချိန်ပေးမည်ဟု အစက တွေးထားခြင်း ဖြစ်သည်။

ကြီးမားသော ကံစွမ်းအား ရှိသူတစ်‌ယောက်ကို အတင်းအကျပ် ခေါ်ဆောင်သွားခြင်းက မကောင်းသော ကံကြမ္မာ အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သောကြောင့် ထိုသို့ မလုပ်သင့်ပေ။

သို့သော် သူက သဘောတူလိုက်ပြီ ဖြစ်သဖြင့် ပြဿနာ မရှိတော့ပေ။

ထို့နောက် ယွမ်ယုတိက အာကာသလက်စွပ် တစ်ကွင်းကို ထုတ်ကာ လုချန်းထံသို့ ပစ်ပေးလိုက်ရင်း

“ဒါက မင်းအတွက် လက်ဆောင်ပဲ”

ယွမ်ယုတိ ပစ်ပေးလိုက်သည့် အာကာသလက်စွပ်ကို လုချန်း ချက်ချင်းပင် ဖမ်းယူလိုက်၏။

ထို့နောက် နတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အတွင်း၌ များပြားလှသော ကျင့်စဉ် အရင်းအမြစ်များနှင့် ဝိညာဉ်ကျောက်တုံး များကို တွေ့လိုက်ရ၏။

လုချန်း အလွန် ဝမ်းသာသွားသည်။

ဤမျှများပြားသော ကျင့်စဉ်အရင်းအမြစ်များသည် သူ၏ ကျင့်ကြံမှုအတွက် မုချ အထောက်အကူ ဖြစ်စေလိမ့်မည်။

လုကျန့်ကျီ ပေးထားသည့် ကျင့်စဉ် အရင်းအမြစ်များနှင့် ယခု ယွမ်ယုတိ ပေးသည့် အရာများသာ ပေါင်းလိုက်လျှင် မကြာမီ အချိန်အတွင်းမှာပင် နတ်ဘုရင်အဆင့်သို့ သူ ပြန်လည် ရောက်ရှိနိုင်တော့မည် ဖြစ်၏။

ထိုအခိုက်အတန့်တွင် အာကာသလက်စွပ်ထဲရှိ နတ်ဓား တစ်လက်ကို လုချန်း တွေ့လိုက်ရ၏။ ဓားမှ ထွက်ပေါ်နေသော အရှိန်အဝါကို ကြည့်ရုံဖြင့် အနည်းဆုံး မြေအဆင့် နတ်ဓား ဖြစ်ကြောင်း သိနိုင်သည်။

မြေအဆင့်နတ်ဓားကို တိုက်ရိုက် ပေးအပ်ခဲ့သဖြင့် ယွမ်ယုတိသည် တကယ်ပင် ရက်ရောသည်ဟု ဆိုရမည်။

အမှန်တကယ်တော့ လျှို့ဝှက်လဝန်းနန်းတော်၏ အမည်ကို ကြည့်ရုံဖြင့် ထိုအင်အားစု မည်မျှ ချမ်းသာကြွယ်ဝကြောင်း သိနိုင်၏။

မြေအဆင့် နတ်ဓား တစ်လက် ထုတ်ပေးနိုင်ခြင်းက ထူးဆန်းလှသည်တော့ မဟုတ်ပေ။

သို့သော် ပထမဆုံး တွေ့ဆုံခြင်းတွင် ဤမျှတန်ဖိုးကြီးသော လက်ဆောင်ကို ပေးခြင်းက ယွမ်ယုတိ၏ ရက်ရောမှုကို ဖော်ပြနေသည်။

ထို့နောက် ယွမ်ယုတိက ဆက်လက်၍ လုချန်းကို

“ငါအမွေးဖြူမြို့မှာ ခဏလောက် နေဦးမယ်။ ဒီအတောအတွင်း မင်းဘာသာမင်း ကျင့်ကြံနေပါ။ ငါ ပြန်တော့မယ်ဆိုရင် မင်းဆီကို လာခဲ့မယ်။”

နတ်ဘုရင် အဆင့်၏ နတ်အာရုံဖြင့် ဆိုလျှင် အမွေးဖြူမြို့အတွင်းရှိ လုချန်းကို ရှာဖွေရန် ခဏသာ ကြာမည် ဖြစ်သောကြောင့် သူ ပျောက်ကွယ်သွားမည်ကို ယွမ်ယုတိ စိတ်မပူပေ။

လုချန်းက

“တပည့် နားလည်ပါပြီ”

ယွမ်ယုတိ လှည့်ထွက်သွားပြီး လုချန်းကလည်း

“ဆရာ့ကို တပည့် ရိုသေစွာ နှုတ်ဆက်ပါတယ်”

ဟု ချက်ချင်းပင် ဆိုလိုက်၏။

ယွမ်ယုတိ ထွက်သွားပြီးနောက် လုချန်းက လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို လှည့်ကြည့်လိုက်ပြီး လုကျန့်ကျီက သူ့ကို”မင်းကြီး” ဟု အော်ခေါ်တော့မည့် အချိန်တွင် ချောင်းဟန့်လိုက်၏။

“ဟင်းဟင်း... ကျုပ်နာမည်က ချန်းလုပါ”

ထိုအရာကို နားလည်သွားသဖြင့် လုကျန့်ကျီ ပြုံးလိုက်ပြီး

“ချန်းလု... လေးစားအပ်တဲ့ စီနီယာရဲ့ တပည့် ဖြစ်လာတာ ဂုဏ်ယူပါတယ်။”

“နောက်နောင် တစ်ခုခု လိုအပ်တာ ရှိရင် မြို့ဝန်နန်းတော်ကို အချိန်မရွေး လာပြောနိုင်ပါတယ်။ ကျုပ်တို့ တတ်နိုင်သမျှ ကူညီပေးပါ့မယ်။”

လုချန်းက

“ကျုပ်ရဲ့ ဆရာက ခဏလောက် ဒီမှာ နေဦးမှာဆိုတော့ ကျုပ်လည်း အမွေးဖြူမြို့မှာပဲ ခဏ နေဦးမယ်။ မြို့စားမင်း လု... ကျုပ်အတွက် အခန်းတစ်ခန်းလောက် စီစဉ်ပေးပါ။”

လုကျန့်ကျီက

“ကောင်းပါပြီ... ကျုပ် ချက်ချင်း စီစဉ်ပေးပါ့မယ်”

ဟု အမြန် ပြန်ပြောလိုက်၏။

ထို့နောက် သူက မြို့ဝန်နန်းတော်၏ အိမ် တော်ထိန်းကို ခေါ်လိုက်ပြီး ဒုတိယ အကြီးဆုံးခန်းမတွင် လုချန်း နေထိုင်ရန် စီစဉ်ပေးလိုက်၏။

နောက်ပိုင်း ရက်များတွင် ကျင့်ကြံခြင်းဖြင့် လုချန်း အချိန်ကုန်ဆုံးခဲ့သည်။

ထျန်းရန် နတ်ဘုရား နယ်မြေသို့ မပြန်သည်မှာ ကြာပြီဖြစ်သောကြောင့် ထိုနေရာရှိ သိပ်သည်းလွန်းသော စိတ်ဝိညာဉ်စွမ်းအားများက သူ့အတွက် အနည်းငယ် နေရခက်စေ၏။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်းတော့ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်သာ အဓိက လုပ်ဆောင်နေခဲ့ခြင်းသာ ဖြစ်၏။

အမွေးဖြူမြို့၏ အထပ်မြင့် အဆောက်အဦးတစ်ခုပေါ်မှနေ၍ ကစဉ့်ကလျား ပင်လယ်ရှိရာ ဘက်သို့ ယွမ်ယုတိ နေ့တိုင်းလိုလို မျှော်ကြည့်နေသည်ကို လုချန်း သတိထားမိသည်။

သူမသည် ယွမ်ချင်းရှုကို လွမ်းဆွတ်တမ်းတနေပုံ ရ၏။

ယွမ်ယုတိ၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက် အနည်းငယ် ရောထွေးနေသည်ကို လုချန်း မြင်နိုင်သည်။

သူ၏ သိလိုစိတ်ကို မထိန်းချုပ်နိုင်သဖြင့် တစ်နေ့တွင် လုချန်းလည်း ထိုအထပ်မြင့် အဆောက်အဦးပေါ်သို့ တက်လာခဲ့၏။

လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိသဖြင့် ယွမ်ယုတိက လှည့်မကြည့်ပဲ

“ဘာကိစ္စ ရှိလို့လဲ”

ဟု မေးလိုက်၏။

လုချန်းက

“ ဆရာက ဘာလို့ ဒီရက်ပိုင်း ကစဉ့်ကလျား ပင်လယ်ဘက်ကိုပဲ ကြည့်နေရတာလဲ တပည့် သိချင်လို့ပါ။”

ထိုမေးခွန်းကို ကြားလျှင် ယွမ်ယုတိက အေးစက်စွာ တုံ့ပြန်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်‌သောင်းကျော်က ငါ တံခါးပိတ် ကျင့်စဉ် ဝင်နေတုန်း မိစ္ဆာသူခိုး တစ်ယောက်က ငါ့ရဲ့ အစ်မကို ကစဉ့်ကလျား ပင်လယ်ထဲ ခေါ်သွားခဲ့တယ်။”

……………

အခန်း (၁၅၇၇)

လုကျင့်ဖူ

ယွမ်ယုတိ၏ လေသံကို ကြားလျှင် လုချန်း ကျောချမ်းသွား၏။ ယွမ်ချင်းရှုကို လုချန်း ခေါ်ဆောင်သွားခြင်းကြောင့် ယွမ်ယုတိထံ၌ နက်ရှိုင်းသော နာကျည်းမှုရှိနေကြောင်း ထင်ရှားသည်။

လွန်ခဲ့သော နှစ်သန်းပေါင်း သောင်းတစ်ထောင်ကျော်မှ ထိုဗီလိန်က သူကိုယ်တိုင် ဖြစ်ကြောင်းကို ယွမ်ယုတိ သိသွားလို့ လုံးဝမဖြစ်တော့ပေ။

ထိုအခိုက်အတန့်တွင်

“နင် ဘယ်က လာတာလဲ”

ဟု ယွမ်ယုတိက မေးမြန်းလိုက်၏။

ယေဘုယျအားဖြင့် လုချန်းကဲ့သို့ ကြီးမားသော ကံစွမ်းအား ရှိသူများကို အရေးပါသော အင်အားစု တစ်ခုခုမှ လာကြသူများဟု ယူဆနိုင်၏။ လုချန်းကို တပည့်အဖြစ် လက်ခံလိုက်ပြီးနောက် သူ၏ အနောက်မှ အင်အားကြီး အဖွဲ့အစည်းအား စိတ်အနှောင့်အယှက် ဖြစ်စေမှာကို ယွမ်ယုတိ စိုးရိမ်မိသည်။

ထိုအခိုက်အတန့်တွင် လုချန်းက

“တပည့်က လေလွင့်ကျင့်ကြံသူ တစ်ဦးပါ။ ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ နှစ်သန်းပေါင်း များစွာ လှည့်လည်သွားလာနေခဲ့တာပါ။ ဘယ်က လာခဲ့တယ်ဆိုတာကို မေ့တောင် မေ့နေပါပြီ။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ လုချန်းသာ လေလွင့်ကျင့်ကြံသူ တစ်ဦးဆိုလျှင် ကိုင်တွယ်ရတာ ပိုလွယ်ကူပေလိမ့်မည်။

လေလွင့်ကျင့်ကြံသူ အများစုသည် အနည်းငယ် ကောင်းမွန်စွာ ဆက်ဆံပေးရုံဖြင့် ဂိုဏ်းအပေါ် သံယောဇဉ် ကြီးမားလာတတ်ကြ၏။

ယနေ့ခေတ် ထျန်းရန် နတ်ဘုရား နယ်မြေတွင် လေလွင့်ကျင့်ကြံသူများအတွက် အခြေအနေ မကောင်းသဖြင့် ဂိုဏ်းထဲဝင်ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်ကို သူ၏အိမ်ကဲ့သို့ လုချန်း မကြာမီ သတ်မှတ်လာလိမ့်မည်ဟု သူမ ယုံကြည်သည်။

ထို့နောက် ယွမ်ယုတိက

“အခုကစပြီး လျှို့ဝှက်လဝန်းနန်းတော်သည် မင်း၏ အိမ်ပဲ”

ထိုစကားများကို ကြားလျှင် လုချန်းလည်း

‘ဒီလိုပဲ ဖြစ်ရမှာပေါ့’ ဟုစိတ်ထဲ ရေရွတ်လိုက်၏။

လုချန်းက ဆက်လက်၍

“ဆရာ။ လျှို့ဝှက်လဝန်း ကျောင်းတော်လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုအကြောင်း ကြားဖူးပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်တို့က ဘယ်လို ပတ်သက်မှု ရှိလို့လဲ။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ မျက်နှာ ချက်ချင်း အေးစက်သွားပြီး သူမ၏ အငွေ့အသက်များ မသိမသာ ထွက်ပေါ်လာသည်။

ယွမ်ယုတိ အဘယ်ကြောင့် ရုတ်တရက် အမျက်ထွက်သွားသည်ကို မသိသဖြင့် လုချန်း တုံ့ဆိုင်းသွား၏။

လုချန်း တောင်းပန်ရန် ပြင်လိုက်စဉ်တွင်ပင် “ငါ တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာပြီးတဲ့နောက် ငါ့ရဲ့ အစ်မ လျှို့ဝှက်လဝန်းနန်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်လို့ ကြားခဲ့တယ်။ ဒါကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်က လူတချို့နဲ့ ငါ ထွက်လာခဲ့ပြီး အခု လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်ခဲ့တာပဲ”

ဟု ယွမ်ယုတိက ဆို၏။

လုချန်းက

“ကျုပ် နားလည်ပါပြီ။”

ယွမ်ယုတိက သူမ၏ လှပသော မျက်ဝန်းများဖြင့် အတိုင်းအဆမဲ့သော ကစဉ့်ကလျား ပင်လယ်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်ပြီးနောက်

“ကောင်းပြီ။ တို့ လျှို့ဝှက်လဝန်း နန်းတော်ကို ပြန်ဖို့ အချိန်တန်ပြီ။ မနက်ဖြန် မနက် ငါနဲ့အတူ လိုက်ခဲ့ရမယ်။”

“ဟုတ်ကဲ့ပါ ဆရာ”

ဟု လုချန်း ပြန်လည် တုံ့ပြန်လိုက်၏။

…….

ညနေခင်း။

အမွေးဖြူ မြို့တော်ဝန်၏ နန်းတော်။

လုချန်း မနက်ဖြန်တွင် အမွေးဖြူမြို့မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြားသိရပြီးနောက် သူတို့အား နှုတ်ဆက်ရန် ကြီးကျယ်သော စားသောက်ပွဲတစ်ခုကို လုကျန့်ကျီက ကျင်းပပေး၏။ ယွမ်ယုတိကို သူကိုယ်တိုင် ဖိတ်ကြားခဲ့သော်လည်း သူမ ကတော့ တက်ရောက်ခြင်း မရှိပေ။

တကယ်တော့ ယွမ်ယုတိ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးမကြီးပေ။ အကြောင်းမှာ နှုတ်ဆက်ပွဲသည် အဓိကအားဖြင့် လုချန်းအတွက်သာ ဖြစ်သောကြောင့်ပင်။

စားသောက်ပွဲတွင် လုကျန့်ကျီက

“ချန်းလု။ ခင်ဗျား လျှို့ဝှက်လဝန်း နန်းတော်ကို ရောက်သွားပြီးရင် ကျုပ်တို့ ဘယ်တော့ ပြန်ဆုံမလဲ မသိနိုင်တော့ဘူး။”

လုချန်း အသာအယာ ပြုံးလိုက်ပြီးနောက် “ကျုပ် လျှို့ဝှက်လဝန်း နန်းတော်ကို ရောက်တာနဲ့ ခင်ဗျားဆီ စာရေးပါ့မယ်။ နောင်တစ်ချိန် အချိန်ရရင် အမွေးဖြူမြို့ကို ကျုပ် ပြန်လာခဲ့ပါ့မယ်။”

လုချန်း၏ စကားသည် ရိုးရှင်းသော်လည်း လုကျန့်ကျီတို့အတွက်မူ ကတိသစ္စာတစ်ခုနှင့် မျှော်လင့်ချက်တစ်ခု ဖြစ်လာသည်။

လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့သည် သူ၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြ၏။ ထို့ပြင် သူတို့၏ သက်တမ်းသည်လည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီးဖြစ်သည်။

သူတို့သည် လုချန်းကို နှစ်သန်းပေါင်း သောင်းတစ်ထောင်ကျော် စောင့်ဆိုင်းခဲ့ကြသူများ ဖြစ်၏။ သူတို့ကို သူ ဒီအတိုင်း စွန့်ပစ်ထား၍ မဖြစ်ပေ။

လုချန်း၏ စကားကို ကြားရလျှင် လုကျန့်ကျီ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ လုချန်း ထွက်ခွာသွားပြီးနောက် အမွေးဖြူမြို့သို့ ဘယ်တော့မှ ပြန်မလာပဲ သူတို့ကို ထားရစ်ခဲ့မည်ကို သူ အကြောက်ဆုံး ဖြစ်သည်။

တကယ်တော့ ထိုလူအနည်းငယ်သည် လုချန်းအတွက် တန်ဖိုး များများစားစား မရှိလှပေ။

အကယ်၍ သူတို့တွင် လူပေါင်း သိန်းနှင့်ချီ ရှိနေပါက လုချန်းအတွက် အထောက်အကူ ဖြစ်နိုင်သေး၏။ လက်ရှိ နတ်နှစ်ရာခန့်နှင့် လူလုံးဝနီးပါး မရှိတော့သည့် အမွေးဖြူမြို့သည် သူ၏အတွက် တန်ဖိုး မရှိပေ။ လုချန်း သူတို့ကို စွန့်ပစ်သွားခဲ့လျှင်ပင် မထူးဆန်းလှပေ။

ထိုစဉ် လုချန်း ဆက်ပြောလိုက်၏။

“မြို့စားမင်းလု။ အမွေးဖြူမြို့က တော်တော်လေးကို ဆိတ်သုဉ်းနေပြီ။ ကျုပ် ထွက်သွားပြီးလျှင် လူသာမန်တွေကို ပိုပြီး စုဆောင်းပါ။ ပြီးတော့ အမွေးဖြူမြို့ကို ဖွံ့ဖြိုးအောင် လုပ်ပါ။”

ထိုအရာက အမွေးဖြူမြို့အတွက် အနာဂတ် မျှော်မှန်းချက်တစ်ခု ဖြစ်သလို လုကျန့်ကျီအတွက် တာဝန်တစ်ခုလည်း ဖြစ်လာသည်။

ထိုစကားများကို ကြားလျှင် လုချန်း၏ ရည်ရွယ်ချက်ကို လုကျန့်ကျီ ချက်ချင်း နားလည်သွားသည်။ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လည် ရောက်ရှိလာပြီးနောက် အမွေးဖြူမြို့ကို အစပျိုးရာ နေရာအဖြစ် လုချန်း အသုံးပြုလိုခြင်း ဖြစ်၏။

လုကျန့်ကျီက ဝမ်းသာအားရဖြင့်

“စိတ်ချပါ ညီအစ်ကို ချန်းလု။ နောက်တစ်ခေါက် ခင်ဗျား ပြန်လာတဲ့အခါ စည်ကားသာယာနေတဲ့ အမွေးဖြူမြို့ကို မြင်တွေ့ရစေရမယ်။”

ထျန်းရန် နတ်ဘုရား နယ်မြေ၏ လူဦးရေသည် လျော့နည်းလာနေသော်လည်း ဖွံ့ဖြိုးတိုးတက်လိုသည့် ဆန္ဒ ရှိပါက အမွေးဖြူမြို့ ကြီးထွားလာနိုင်ပါသေးသည်။

အရင်က လုချန်း ကစဉ့်ကလျား ပင်လယ်ထဲ၌ သေဆုံးသွားပြီဟု လုကျန့်ကျီ ထင်ခဲ့၏။ နှစ်သန်းပေါင်း သောင်းကျော် စောင့်ဆိုင်းခဲ့သော်လည်း သူ ပြန်မလာသဖြင့် သက်တမ်း ကုန်ဆုံးလုနီး ဖြစ်နေသော လုကျန့်ကျီလည်း အမွေးဖြူမြို့ကို ထိန်းသိမ်းလိုစိတ် ကုန်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူနတ် အများစု ထွက်ခွာသွားကြခြင်း ဖြစ်၏။

ယခုတော့ ချန်ဘုရင်က အမွေးဖြူမြို့ကို သူ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် စီစဉ်နေပြီဖြစ်သည်။ ချန်ဘုရင် ပြန်လည် နိုးထလာစေရန် အမွေးဖြူမြို့ကို ပြန်လည် အသက်သွင်းရန်က လက်အောက်ငယ်သားဟောင်း တစ်ဦးဖြစ်သော လုကျန့်ကျီ၏ တာဝန်သာ ဖြစ်၏။

…….

တစ်ချိန်တည်းမှာပင်။

ထျန်းရှ နတ်ဘုရား နိုင်ငံတော်၌။

တောင်တန်းများနှင့် မြစ်များ ဘေးတွင် တည်ရှိသော နေရာတစ်ခု၌ မြူခိုးများ ဖုံးလွှမ်းနေ၏။ မြူခိုးများ တောင်တန်းများကြားတွင် အဆောင်များကို မထင်မရှား မြင်တွေ့ရပြီး အလွန် အေးချမ်းသာယာသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။

တောင်ထိပ်ရှိ အဆောင်တစ်ဆောင်တွင် ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုအမျိုးသားသည် အသက် ၄၀၊ ၅၀ ခန့်သာ ရှိပုံရ၏။ အမှန်စင်စစ် ထျန်းရန် နတ်ဘုရား နယ်မြေတွင် လူတစ်ဦး၏ အသက်ကို ရုပ်ရည်ဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။

ထိုသူ၏ တကယ့် သက်တမ်းက နှစ်သန်းပေါင်း သောင်းကျော် ရှိနေပြီ ဖြစ်သည်။ ထိုခဏတွင် အစေခံတစ်ဦး သူ့ထံသို့ ရိုသေစွာ ချဉ်းကပ်လာပြီး

“မဟာဘုရင်...သတင်းကောင်းပါ ခင်ဗျာ”

အစေခံ၏ စကားကို ကြားလျှင် ဝတ်ရုံဖြူနှင့် အမျိုးသားက သူ၏ ရှေ့ရှိ လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံ သောက်လိုက်ပြီးနောက်

“ဟိုလူကြီး ကျရှုံးတော့မှာလား”

ဟု ခပ်အေးအေး မေးလိုက်၏။

ထိုအရာကို ကြားလျှင် အစေခံက ချက်ချင်းပင်

“မဟာဘုရင် ခန့်မှန်းတဲ့အတိုင်းပါပဲ။ နေပြည်တော်ရဲ့ လှုပ်ရှားမှု တိုင်းဟာ မဟာဘုရင်ရဲ့ လက်ဖဝါးထဲမှာပါပဲ။”

“မင်းကြီး အဆင့်တက်ဖို့ ကြိုးစားတာ မအောင်မြင်ဘူးလို့ သတင်းထွက်နေပါတယ်။ အခု သူ့မှာ သေမင်း၏ အငွေ့အသက်တွေ ဝိုင်းရံခံနေရပြီဆိုတော့ အချိန် သိပ်ကျန်တော့ပုံ မရပါဘူး။”

လုကျင့်ဖူက အသာအယာ ရယ်မောလိုက်ပြီးနောက်

“နတ်ဘုရင် ဖြစ်နေတာ ဘာများ မှားနေလို့လဲ။ ဘာလို့ အဆင့်တက်ဖို့အတွက် အသက်နဲ့ ရင်းပြီး စွန့်စားရတာလဲ”

ဟု သူ၏ဘာသာ ရေရွတ်လိုက်၏။

“အကယ်၍ ခင်ဗျားသာ ကြိုးစားဖို့ မရွေးချယ်ခဲ့လျှင် နောက်ထပ် နှစ်သန်းပေါင်း များစွာ နေထိုင်သွားနိုင်ဦးမှာပဲ။”

ထိုအချိန်တွင် အစေခံက ဘေးမှနေ၍

“မဟာဘုရင်ကို ဂုဏ်ပြုပါတယ်။ မင်းကြီး နတ်ရွာစံသွားတာနဲ့ မဟာဘုရင်ဟာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အုပ်ချုပ်သူ အသစ် ဖြစ်လာမှာပါ”

ဟု မြှောက်ပင့် ပြောဆိုလိုက်၏။

လုကျင့်ဖူက

“ဒါက သေချာသေးတာ မဟုတ်ဘူး။ ကျုပ်ရဲ့ ညီအစ်ကို မောင်နှမတွေကလည်း အားနည်းတဲ့ ပြိုင်ဘက်တွေ မဟုတ်ကြဘူး။”

အစေခံက

“အဲ့ဒီတုန်းက ချန်ဘုရင်တောင် သူ့ရဲ့ အထွတ်အထိပ် အချိန်မှာ အရှင့်ရဲ့ အကွက်လေး တစ်ခုတည်းနှင့် အပြတ်ရှင်းခံလိုက်ရတာပဲ။ ကျန်တဲ့လူတွေကတော့ အရှင့်အတွက် ပြိုင်ဘက် မဟုတ်လောက်ကြပါဘူး”

ဟု ထပ်မံ မြှောက်ပင့်လိုက်ပြန်၏။

အစေခံက ချန်ဘုရင်အကြောင်း ပြောသည်ကို ကြားလျှင် လုကျင့်ဖူ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး

“လုချန်း ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားတာ နှစ်သန်းပေါင်း ၁၅၀၀၀ တောင် ရှိသွားပြီ မဟုတ်လား”

ဟု မေးမြန်းလိုက်၏။

အစေခံက

“ဟုတ်ပါတယ် အရှင်”

ဟု ရိုသေစွာ တုံ့ပြန်၏။

လုကျင့်ဖူက

“သူ့ရဲ့ ရုပ်အလောင်း ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်မျောလာမလားဆိုတာ ကျုပ်သိချင်မိတယ်။ ကျုပ် ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင် ဖြစ်လာမည့်နေ့ကို သူ မြင်တွေ့စေချင်လိုက်တာ။”

ထိုစဉ်က လုချန်းကို ဖယ်ရှားရန်အတွက် လုကျင့်ဖူသည် ပြင်ပမှ မဟာအင်အားစုများအပြင် နတ်ဘုရား နိုင်ငံတော်တို့ရှိ အင်အားစုများနှင့်ပါ ပူးပေါင်းကာ လုချန်း ကြီးထွားလာပါက ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုကို ချဲ့ကား ပြောဆိုခဲ့၏။ အတွင်းပိုင်းတွင်လည်း သူတို့၏ ဖခင်နှင့် လုချန်းအကြား သွေးခွဲကာ လုချန်း ပုန်ကန်ရန် ကြံစည်နေကြောင်း လုပ်ကြံ ဇာတ်လမ်းများ ဖန်တီးခဲ့သည်။

ထိုသို့ဖြင့် မဟာအင်အားစုများသည် လုချန်းကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် လုချန်းလည်း ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ကာ သူ့ကိုယ်သူ အဆုံးစီရင်ရန်မှတပါး အခြားရွေးစရာ မရှိသည့် အခြေအနေသို့ တွန်းပို့ခံခဲ့ရတော့သည်။

လူအများ၏ အမြင်တွင်တော့ ကစဉ့်ကလျား ပင်လယ်၏ တိုက်စားမှုကို မည်သူမှ မခံနိုင်ပေ။ နတ်ဧကရာဇ် တစ်ဦးပင်လျှင် ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားပါက ပြန်ထွက်မလာနိုင်ပေ။

နတ်ဘုရင် အဆင့်သာ ရှိသေးသော လုချန်းအတွက်ဆိုလျှင်တော့ ပို၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် လုချန်း ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားပြီးနောက်တွင် သူ့ကို သေဆုံးသွားပြီဟု အားလုံးက မှတ်ယူခဲ့ကြ၏။

လုချန်းကဲ့သို့သော ကြီးမားသော ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ခဲ့သည်ကို တွေးတောရင်း လုကျင့်ဖူ အလွန် ကျေနပ် အားရနေမိ၏။

ထိုအခိုက်အတန့်တွင် လုကျင့်ဖူ မတ်တပ်ရပ်လိုက်ပြီး

“အဲ့ဒီ ရာထူးကို သိမ်းပိုက်ဖို့အတွက် ငါ့ရဲ့လက်ရှိ အင်အားနဲ့ မလုံလောက်သေးဘူး။ နတ်ဘုရင် တစ်ပါးရဲ့ ထောက်ခံမှု လိုအပ်နေသေးတယ်”

“လျှို့ဝှက်လဝန်းနန်းတော်ကို ချက်ချင်း လူလွှတ်လိုက်။ လာမည့် လထဲ လျှို့ဝှက်လဝန်းနန်းတော် သခင်ဆီ ကျုပ် ကိုယ်တိုင် သွားရောက် တွေ့ဆုံမယ်။”

…………..

အခန်း (၁၅၇၈)

ယဲ့ချူယောင်

စားသောက်ပွဲတွင် ရှင်းပြသင့်သမျှ အရာအားလုံးကို လုချန်း ရှင်းပြခဲ့၏။ နောက်တစ်နေ့ မနက်စောစော သူ ကျင့်စဉ်အဆင့် တက်ရန် ကျင့်ကြံနေဆဲ၌ အေးစက်သော နတ်စွမ်းအားတစ်ခု သူ၏ အခန်းထဲသို့ ပျံ့နှံ့လာသည်ကို လုချန်း ခံစားလိုက်ရသည်။

ထိုသူသည် ယွမ်ယုတိဖြစ်ကြောင်း သိလိုက်သဖြင့် ကျင့်စဉ်ကို လုချန်း ချက်ချင်းရပ်နားကာ အခန်းထဲမှ ထွက်လာခဲ့သည်။

လုချန်းကို ယွမ်ယုတိ ကြည့်လိုက်ရာ သူ၏ အငွေ့အသက်သည် မနေ့ကထက် များစွာ ပိုအားကောင်းနေပြီး နောက်ထပ် အဆင့်တက်တော့မည့် အရိပ်အယောင်များ ပြသနေသည်ကို တွေ့ရှိလိုက်ရသည်။

ယွမ်ယုတိ စိတ်ထဲ အံ့အားသင့်သွား၏။

သူသည် တကယ့်ကို ကံစွမ်းအားကြီး တစ်ဦးဖြစ်သည်။

သူမ သူ့ကို ပထမဆုံး စတွေ့စဉ်က သူ၏ အငွေ့အသက်သည် အလွန်မတည်မငြိမ် ဖြစ်နေဆဲဖြစ်ကာ အဆင့်တက်ပြီးခါစဖြစ်ကြောင်း ထင်ရှား၏။ သူ ဤမျှ မြန်မြန် နောက်ထပ် အဆင့်တက်တော့မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

လုချန်းက

“ဆရာ။ ကျုပ် အဆင်သင့်ဖြစ်ပါပြီ”

ယွမ်ယုတိက ဘာမှပြန်မပြောပဲ လက်ကို မြှောက်လိုက်ရာ မြို့‌တော်ဝန် နန်းတော်ထက် ပိုကြီးမားသော နတ်လှေတစ်စင်း အမွေးဖြူမြို့၏ အထက်ကောင်းကင်တွင် ပေါ်ပေါက်လာခဲ့သည်။

နတ်လှေပေါ်သို့ ယွမ်ယုတိ ပျံသန်းသွားပြီးနောက်လုချန်းလည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားခဲ့၏။

နတ်လှေပေါ် ရောက်ပြီးနောက် ရှေ့သို့ ကြည့်ကာ နတ်လှေဦးတွင် ယွမ်ယုတိ ရပ်နေသည်။ သူမ၏ ရှည်လျားသော ဝတ်ရုံဖြူနှင့် ငွေဖြူရောင် ဆံနွယ်များ လေထဲတွင် လွင့်မြောနေ၏။

ယွမ်ယုတိ၏ ကျောပြင်ကို မြင်လျှင် ယွမ်ရှန်ရှန်နှင့်အတူ ကုန်ဆုံးခဲ့သည့် နေ့ရက်များကို လုချန်း သတိရသွားကာ ယွမ်ရှန်ရှန်ကို လွမ်းဆွတ်မိသွားသည်။ ခဏခန့် သူ၏ သွေးများ ဆူပွက်လာသဖြင့် ခန္ဓာကိုယ်အတွင်းမှ မတည်ငြိမ်မှုများကို ထိန်းချုပ်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန်ပင် လှည့်ပတ်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက

“ချန်းလု။ လျှို့ဝှက်လဝန်းနန်းတော်က မိန်းမပျိုတွေ အဓိကနေတဲ့ နေရာဖြစ်တယ်။ မင်း အထဲကို ရောက်သွားတဲ့အခါ ကျင့်စဉ်ကိုပဲ အဓိကထားရမယ်။ အချစ်ရေး ကိစ္စတွေကို ရှောင်ကြဉ်ရမယ်။ မဟုတ်ရင် မင်းကို လျှို့ဝှက်လဝန်းနန်းတော်ကနေ နှင်ထုတ်ဖို့ ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”

ယွမ်ယုတိ၏ သတိပေးမှုကို ကြားလျှင်

“ဟုတ်ကဲ့ပါ ဆရာ။ ဆရာရဲ့ ဆုံးမစကားကို ကျုပ် မှတ်သားထားပါ့မယ်”

ထို့နောက် ယွမ်ယုတိ ဆက်မေးလိုက်၏။

“မင်း အခု အဓိက ကျင့်ကြံနေတဲ့ နတ်ဘုရား နိယာမက ဘာလဲ။”

လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ အတိတ်ဘဝမှ အဆင့်နိမ့် နတ်ဘုရား နိယာမတစ်ခုကို တွေးမိပြီး

“ဆရာ။ ကျုပ် ကျင့်ကြံနေတဲ့ နတ်ဘုရား နိယာမက ကြယ်ကြွေနှလုံးသား နည်းစနစ်လို့ ခေါ်တဲ့ အဝါရောင်အဆင့် နတ်ဘုရား နိယာမ တစ်ခုပါ။”

လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိက

“မင်းက ငါ့တပည့်ဖြစ်နေပြီဆိုတော့ မင်း ကျင့်ကြံတဲ့ နတ်ဘုရား နိယာမ အဆင့်က သိပ်ပြီး မနိမ့်သင့်ဘူး။ ဒီမြေအဆင့် နတ်ဘုရား နိယာမကို ယူထားပြီး ဒီနေ့ကစပြီး ကျင့်ကြံပါ။”

ယွမ်ယုတိ စကားပြောအပြီးတွင် သူမ၏ လက်ထဲ၌ ကျောက်စိမ်းပေလွှာတစ်ခု ပေါ်လာပြီး နောက်သို့ပင် လှည့်မကြည့်ပဲ လုချန်းထံသို့ လွှင့်ပစ်ပေးလိုက်၏။

ကျောက်စိမ်းပေလွှာကို လက်ခံရရှိပြီးနောက် လုချန်းက ချက်ချင်းပင်

“ဒီနတ်ဘုရား နိယာမကို ကျုပ်အတွက် ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။”

ယွမ်ယုတိက ခပ်အေးအေးပင်

“လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ရောက်ဖို့ အချိန်နည်းနည်း လိုသေးတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ နတ်လှေပေါ်က အခန်းတစ်ခန်းရှာပြီး ကျင့်စဉ်ကိုပဲ အာရုံစိုက်ပါ။”

လုချန်းက

“ဟုတ်ကဲ့ပါ ဆရာ။ ကျုပ် ခွင့်ပြုပါဦး”

ထိုစကားများနှင့်အတူ လုချန်း နောက်လှည့်ကာ နတ်လှေထဲသို့ ဝင်သွားပြီး အခန်းတစ်ခန်းကို သင့်တော်သလို ရှာဖွေကာ ထိုင်၍ ကျင့်ကြံနေလိုက်၏။

………

လျှို့ဝှက်လဝန်း နန်းတော်။

လျှို့ဝှက်လဝန်းနန်းတော်သည် မြင့်မားသော ကောင်းကင်ထက်တွင် ပျံဝဲနေ၏။ ၎င်းသည် အောက်ဘက်ရှိ ကြီးမားသော မြို့ပေါင်း သိန်းနှင့်ချီကို အုပ်ချုပ်နေသည်။

လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာ နေရာသည် အစက စိတ်ဝိညာဉ်စွမ်းအား အလွန်ပါးလျသော နေရာတစ်ခုဖြစ်ခဲ့ကာ မည်သည့် နတ်ဘုရား နိုင်ငံ၏ သတိထားမှုကိုမှ မခံခဲ့ရပေ။ ထိုနေရာသည် ကစဉ့်ကလျားဖြစ်ကာ ဥပဒေမဲ့သော နယ်မြေတစ်ခု ဖြစ်ခဲ့၏။

ယွမ်ယုတိသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ တပည့်အချို့ကို ခေါ်ဆောင်ကာ သီးခြားခွဲထွက်ခဲ့ပြီးနောက် လျှို့ဝှက်လဝန်း‌ ကျောင်းတော်မှ တပည့်များနှင့်အတူ ထိုကစဉ့်ကလျား နယ်မြေရှိ အင်အားစုအားလုံးကို နှိမ်နင်းခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏ နယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

………

လျှို့ဝှက်လဝန်းနန်းတော်၏ တံခါးဝတွင်။

အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အဝေးသို့ ငေးကြည့်နေ၏။ ထိုအမျိုးသမီးသည် အလွန်ပင် လှပကာ ကိုယ်ဟန်ကလည်း ပြေပြစ်လှသည်။ သုမ၏ ဒူးအထိသာ ဖုံးအုပ်ထားသော ဝတ်စုံကြောင့် သူမ၏ ရှည်လျားပြီး ဖြူဝင်းလှပသော ခြေထောက်များကို မြင်တွေ့နေရ၏။

“ဒီရက်ပိုင်းအတွင်း ဆရာ ဘယ်ကိုများ သွားနေတာလဲ။ ငါ ဘာလို့ သူ့ကို လုံးဝ မတွေ့ရတာပါလိမ့်”

ဟု ထိုအမျိုးသမီး သူဘာသာ ရေရွတ်နေ၏။

ယဲ့ချူယောင်သည် မကြာသေးမီက သူမ၏ ကျင့်စဉ်တွင် ပြဿနာအချို့ ကြုံတွေ့နေရသဖြင့် သူမ၏ ဆရာထံမှ လမ်းညွှန်မှု ခံယူချင်နေခြင်းဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်ရှိ နေရာအနှံ့သို့ သွားရောက်ရှာဖွေခဲ့သော်လည်း သူမ ဆရာ၏ အရိပ်အယောင်ကိုပင် မတွေ့ရှိခဲ့ရပေ။

အစက သူမ၏ ဆရာ ပြန်လာသည်အထိ စောင့်ဆိုင်းပြီးမှ ပြောပြရန် ယဲ့ချူယောင်သည် စဉ်စားထားခဲ့၏။

မနေ့က ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ကွမ်းရန်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်သို့ လာရောက်လည်ပတ်ရန် ရည်ရွယ်ကာ စာတစ်စောင် ပေးပို့လိုက်သဖြင့် ယဲ့ချူယောင်လည်း သူမ၏ ဆရာကို ထပ်မံ ရှာဖွေရန် ဖိအားပေးခံလိုက်ရသည်။ ထို့နောက် လျှို့ဝှက်လဝန်းနန်းတော်ရှိ အကြီးအကဲများကို သူမ မေးမြန်းခဲ့သော်လည်း နန်းတော်သခင် နန်းတော်မှ ထွက်ခွာသွားခဲ့ပြီး မည်သည့်နေရာသို့ သွားသည်ကို မသိကြောင်းသာ ပြောခဲ့ကြ၏။

ဤအရာက ယဲ့ချူယောင်ကို ဇဝေဇဝါ ဖြစ်သွားစေ၏။ အတိတ်ကာလများက သူမ၏ ဆရာသည် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားသည့် အခါတိုင်း သူမကို အမြဲ အသိပေးတတ်ပြီး ကိစ္စအချို့ကို ရှင်းပြလေ့ရှိ၏။

ယခုတစ်ကြိမ်တွင်တော့ ဘာကြောင့် တစ်ခွန်းမှ မပြောပဲ ထွက်သွားခဲ့ရသနည်း။

ထို့ပြင် ဘယ်ကို သွားမယ်ဆိုတာကိုလည်း မပြောခဲ့ပေ။

သူမ၏ ဆရာကို မည်သည့်နေရာတွင် ရှာရမည်မှန်း မသိသဖြင့် ယဲ့ချူယောင်လည်း အဝေးသို့ နောက်တစ်ကြိမ် ငေးကြည့်နေမိ၏။ ခဏခန့် စဉ်းစားပြီးနောက် ကွမ်းရန်မဘုရင်၏ သံတမန် တည်းခိုနေသည့် အဆောင်သို့ သူမ သွားခဲ့သည်။

ယဲ့ချူယောင် ရောက်လာသည်ကို မြင်လျှင် ဖိတ်ကြားလွှာ လာရောက်ပေးပို့သည့် မင်းသားအိမ်တော်မှ အစေခံမလေးက

“နှုတ်ခွန်းဆက်သပါတယ် သခင်မ။ လျှို့ဝှက်လဝန်းနန်းတော် သခင်က သဘောတူလိုက်ပြီလား”

ဟု ရိုသေစွာ ဆီးကြို နှုတ်ဆက်လိုက်၏။

ယဲ့ချူယောင်က

“ကျွန်မရဲ့ ဆရာက အခု လျှို့ဝှက်လဝန်းနန်းတော်မှာ မရှိပါဘူး။ အကြီးအကဲတွေ ပြောတာကတော့ သူ အပြင်သွားနေပြီး မကြာခင် အချိန်အတွင်း ပြန်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆရာ ပြန်ရောက်လာတဲ့အခါ လူလွှတ်ပြီး အသိပေးပါ့မယ်လို့ ကွမ်းရန်ဘုရင်ကို ပြောပြပေးပါ။”

ထိုအရာကို ကြားလျှင် ကွမ်းရန်ဘုရင် အိမ်တော်မှ အစေခံမလေး ခဏခန့် မှင်တက်သွားသော်လည်း

“ဒါဆိုရင် သခင်မကို ဒက္ခပေးမိပါပြီ”

ဟု ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်၏။

လျှို့ဝှက်လဝန်းနန်းတော် သခင်သည် ဂိုဏ်းအင်အားစု တစ်ခု၏ နတ်ဘုရင် တစ်ပါးဖြစ်သဖြင့် ယဲ့ချူယောင် သူမကို လှည့်စားနေသည်ဟု ကွမ်းရန်ဘုရင် အိမ်တော်မှ အစေခံမလေး မထင်ပေ။ သူမ သူတို့ကို မတွေ့ချင်ပါက ဆင်ခြေပေးနေစရာ မလိုပဲ တိုက်ရိုက် ငြင်းပယ်နိုင်၏။

ယဲ့ချူယောင်က ယွမ်ယုတိ မရှိဟု ပြောနေသဖြင့် ထိုစကားက အမှန်ဖြစ်နိုင်၏။ ယခု အစေခံမလေး လုပ်နိုင်သည်သည် ပြန်သွားပြီး အစီရင်ခံရန်သာ ရှိသည်။

မကြာမီပင် ကွမ်းရန်ဘုရင် အိမ်တော်မှ အစေခံမလေးလည်း အထုပ်အပိုးများကို ပြင်ဆင်ပြီး လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားခဲ့၏။

ကွမ်းရန်ဘုရင် အိမ်တော်မှ အစေခံမလေး ထွက်ခွာသွားပြီး မကြာမီတွင်ပင် ခန့်ညားထည်ဝါသော နတ်လှေတစ်စင်း လျှို့ဝှက်လဝန်းနန်းတော် အနီးတွင် ပေါ်လာ၏။ ယွမ်ယုတိ၏ လှေဖြစ်ကြောင်း အာရုံခံမိသဖြင့် ယဲ့ချူယောင်လည်း ချက်ချင်းပင် နန်းတော်တံခါးဝသို့ သွားခဲ့သည်။

ခဏအကြာတွင် နတ်လှေသည် လျှို့ဝှက်လဝန်းနန်းတော်၏ တံခါးဝ၌ ဆိုက်ကပ်လိုက်ပြီး ယွမ်ယုတိ လှေပေါ်မှ ဆင်းလာခဲ့၏။

သူမ၏ ဆရာကို မြင်လျှင် ယဲ့ချူယောင် အလျင်အမြန် ရှေ့သို့ တိုးသွားကာ

“ဆရာ... စောစောက ထျန်းရှ နတ်ဘုရား နိုင်ငံတော်က ကွမ်းရန်ဘုရင်က သံတမန်တစ်ယောက် လွှတ်ပြီး ဖိတ်ကြားလွှာ လာပေးပါတယ်။ သူက နောက်တစ်လအတွင်း လျှို့ဝှက်လဝန်းနန်းတော်ကို လာရောက် လည်ပတ်ချင်တယ်လို့ ဆိုပါတယ်။”

ယွမ်ယုတိ၏ မျက်ခုံးများ တွန့်သွားကာ သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ယွမ်ယုတိ၏ ဒေါသကို ခံစားမိသဖြင့် ယဲ့ချူယောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

“ကွမ်းရန်ဘုရင်” ဟူသော စကားလုံးကို ကြားရုံမျှဖြင့် သူမ၏ ဆရာ ဘာကြောင့် ဤမျှ ဒေါသထွက်သွားမှန်း သူမ နားမလည်နိုင်ပေ။

ယွမ်ယုတိက ခပ်အေးအေးပင်

“ ငါ့မှာ အချိန်မရှိဘူးလို့ ကွမ်းရန်ဘုရင် အိမ်တော်က အစေခံတွေကို ပြောလိုက်။”

ထိုအရာကို ကြားလျှင်

“ကျွန်မသူတို့လူတွေကို ပြန်လွှတ်လိုက်ပါပြီ၊း။ ဆရာ အပြင်သွားနေပြီး မကြာခင် ပြန်လာမှာ မဟုတ်ဘူးလို့ပဲ ပြောလိုက်ပါတယ်”

ဟု ယဲ့ချူယောင်က အလျင်အမြန် ပြန်လည် တုံ့ပြန်လိုက်၏။

ယွမ်ယုတိ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်း နတ်လှေပေါ်မှ ဆင်းလာခဲ့၏။ တစ်စုံတစ်ယောက် ဆင်းလာသည်ကို မြင်လျှင် ယဲ့ချူယောင်၏ အကြည့်က လုချန်းထံသို့ အလိုအလျောက် ကျရောက်သွား၏။ သို့သော် လုချန်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါယဲ့ချူယောင် လုံးဝကို မှင်တက်သွားတော့၏။

ယဲ့ချူယောင်ကို မြင်လိုက်ရသည့် ခဏတွင် လုချန်းလည်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။

လူဟောင်းတစ်ယောက်နဲ့များ ဆုံမိတာလား။

ဒီ လောကကြီးက ဒီလောက်တောင် ကျဉ်းမြောင်းနေလား။

နှစ်သန်းပေါင်း များစွာ ကြာပြီး သူ ပြန်ရောက်လာချင်းမှာတင် ဘာကြောင့် လူဟောင်းတစ်ယောက်နဲ့ ဆုံနေရတာလဲ။

ဒါသည် သိပ်ပြီး တိုက်ဆိုင်လွန်းမနေဘူးလား။

ရုပ်ချင်းတူတာပဲ ဖြစ်မှာပါဟု တွေးကာ ယဲ့ချူယောင်၏ အချက်အလက်ကို စနစ် အသုံးပြု၍ အလျင်အမြန် စစ်ဆေးလိုက်သည်။

[အမည် : ယဲ့ချူယောင်]

[အချက်အလက် : လျှို့ဝှက်လဝန်းနန်းတော် သခင်၏ တပည့်ရင်း။

ဝိညာဉ်စစ်သည် နိုင်ငံတော်မှ မင်းသမီးကြီး ဝူကျန်းဝမ်၏ အစေခံ။ ကောင်းကင်နတ် အဆင့်။ ဝူကျန်းဝမ်ကို သခင်က ဖြားယောင်းခေါ်ဆောင်သွားခဲ့သဖြင့် သူမသည် ဝိညာဉ်စစ်သည် နတ်ဘုရား နိုင်ငံတော်မှ ထွက်ခွာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ယွမ်ယုတိနှင့် ဆုံတွေ့ခဲ့ကာ သူမ၏ တပည့် ဖြစ်လာခဲ့သည်။ အကယ်၍ သခင့်ကြောင့်သာ မဟုတ်ခဲ့လျှင် ဝူကျန်းဝမ်သည် ဝိညာဉ်စစ်သည် နတ်ဘုရား နိုင်ငံတော်၏ ဧကရီ ဖြစ်နေလောက်ပြီဖြစ်ပြီး ကစဉ့်ကလျား ပင်လယ်ထဲတွင် သေဆုံးသွားလိမ့်မည် မဟုတ်ဟု သူမ ယုံကြည်နေသဖြင့် သခင့် အပေါ်တွင် နက်ရှိုင်းသော နာကျည်းမှုများ ထားရှိနေ၏။]

[ရမှတ် : ၉၃]

[နှစ်သက်မှု : ၀]

All Chapters