အခန်း (၁၅၇၉-၁၅၈၁)
Vol. 106 Ch. 1579-1581
အခန်း (၁၅၇၉ )
နာမည်ကို ပြောင်းပြန်လှန်ထားသူ
ယဲ့ချူယောင်၏ အချက်အလက်များကို လုချန်း မြင်လိုက်ရသည့် ခဏ၌ သူ၏ နှလုံး အနည်းငယ် ရပ်တန့်သွားခဲ့၏။ လူဟောင်းတစ်ယောက်နှင့် တကယ် ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့ရှေ့မှ အမျိုးသမီးသည် တစ်ချိန်က ဝူကျန်းဝမ်၏ အနီးတွင်ရှိခဲ့သည့် အစေခံ ယဲ့ချူယောင်ပင် ဖြစ်သည်။
ယဲ့ချူယောင်သည် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ နန်းတော်အတွင်း၌ ဝူကျန်းဝမ်နှင့်အတူ ညီအစ်မများကဲ့သို့ ကြီးပြင်းလာခဲ့၏။ ဝူကျန်းဝမ်သည် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ မင်းသမီးတစ်ပါး ဖြစ်သော်လည်း လုံးဝ မျက်နှာသာပေးခြင်း မခံခဲ့ရပေ။
ထူးကဲသော ပါရမီရှိသော်လည်း သူမ၏ မိခင်သည် သာမန်လူသားတစ်ဦးဖြစ်ပြီး ဂုဏ်ငယ်သည့်အတွက်ကြောင့် ဝိညာဉ်စစ်သည် နိုင်ငံတော်တော်ဝင်မိသားစု၏ အာရုံစိုက်မှုကို သူမ မရရှိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဝူကျန်းဝမ်၏ ပါရမီသည် အလွန်မြင့်မားလှ၏။ ဝူဧကရာဇ်၏ သားသမီးအားလုံးထဲတွင် သူမ၏ ပါရမီသည် အကောင်းဆုံးဖြစ်ပြီး စွမ်းအားလည်း အကြီးဆုံး ဖြစ်၏။
ငယ်စဉ်ကတည်းက အေးစက်သော အကြည့်များကို ရင်ဆိုင်ခဲ့ရသဖြင့် ဝူကျန်းဝမ် စိတ်ထဲ အာဏာလိုချင်စိတ် အမြဲပြင်းပြခဲ့သည်။ တစ်နေ့တွင် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ နောက်ထပ် အုပ်စိုးသူ ဖြစ်လာစေရန်အတွက် သူမ အပတ်တကုတ် ကျင့်ကြံခဲ့သည်။
ဝူကျန်းဝမ်နှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီအစ်မကောင်းတစ်ဦးအနေနှင့် ဝိညာဉ်စစ်သည် နိုင်ငံတော် အုပ်စိုးသူ ရာထူးကို ရယူရန် ကြိုးပမ်းမှုကို ယဲ့ချူယောင် အမြဲတမ်း ထောက်ခံပေးခဲ့သည်။ ဝူကျန်းဝမ်၏ ပါရမီနှင့်ဆိုလျှင် အနာဂတ်တွင် ထီးနန်းကို ဧကန်မုချ ဆက်ခံနိုင်မည်ဟု သူမ ယုံကြည်ခဲ့၏။
သို့သော်လည်း တစ်နေ့တွင် အမျိုးသားတစ်ဦး ဝူကျန်းဝမ်၏ ဘဝထဲသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာပြီး သူမ၏ နှလုံးသားကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်မှစ၍ ဝူကျန်းဝမ်၏ ကျင့်စဉ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားပြီး နိုင်ငံတော် အုပ်စိုးသူ ရာထူးသည်လည်း သူမအတွက် အရေးမပါတော့ပေ။
ဝူကျန်းဝမ် စိတ်ဓာတ်ပျက်ယွင်းသွားသည့် ပုံစံကို မြင်လျှင် ယဲ့ချူယောင် အလွန် စိုးရိမ်ပူပန်ခဲ့၏။ ထိုရာထူးအတွက် ဝူကျန်းဝမ် မည်မျှ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသည်ကို သူမ သိထားပြီး ယခု အမျိုးသားတစ်ဦးအတွက်ကြောင့် အရာအားလုံးကို စွန့်လွှတ်တော့မည် ဖြစ်၏။
ဝူကျန်းဝမ် သတိဝင်လာစေရန် နည်းမျိုးစုံဖြင့် ယဲ့ချူယောင် ကြိုးစားခဲ့သော်လည်း အဆုံးတွင်တော့ ထိုအမျိုးသားက ဝူကျန်းဝမ်ကို ခေါ်ဆောင်သွားခဲ့သည်။ ပို၍ ဆိုးသည်က ဝူကျန်းဝမ်သည် ထိုအမျိုးသား၏ မိဖုရားဆောင်အတွင်းရှိ တစ်ဦးတည်းသော အမျိုးသမီး မဟုတ်ခဲ့ပေ။
ထို့ပြင် နတ်ဘုရား နိုင်ငံတော် အမြောက်အမြားက ထိုအမျိုးသားကို တိုက်ခိုက်ချိန်တွင် သူက ဝူကျန်းဝမ်ကိုပါ ခေါ်ဆောင်ပြီး ကစဉ့်ကလျား ပင်လယ်အတွင်းသို့ အတူတူ သေဆုံးရန် ဝင်ရောက်သွားခဲ့သည်။
သူမ၏ အစ်မကဲ့သို့ ရင်းနှီးချစ်ခင်ရသူ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်သွားစဉ်က ယဲ့ချူယောင် လိုက်သွားချင်ခဲ့သော်လည်း ထိုစဉ်က သူမ၏ စွမ်းအားသည် အလွန် အားနည်းလွန်းနေသည်။ သူမ၏ အဆင့်နှင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မခံနိုင်ခဲ့ပေ။ အဆုံးတွင် ဝူကျန်းဝမ်၏ ပုံရိပ် ကစဉ့်ကလျား ပင်လယ်အတွင်း ပျောက်ကွယ်သွားသည်ကိုသာ သူမ ငေးကြည့်နေခဲ့ရရုံသာ ရှိတော့၏။
ဤဖြစ်ရပ်အားလုံးက ထိုအမျိုးသား၏ အမှားဟု ယဲ့ချူယောင် ယူဆခဲ့သည်။ အကယ်၍ ထိုအမျိုးသားသာ မရှိခဲ့လျှင် ဝူကျန်းဝမ်သည် နိုင်ငံတော်အုပ်စိုးသူ ရာထူးရယူရန် ကြိုးပမ်းခြင်းကို စွန့်လွှတ်မည် မဟုတ်သလို ထိုအမျိုးသားနှင့်အတူ သေရန်အတွက် ကစဉ့်ကလျား ပင်လယ်ထဲသို့လည်း ဝင်ရောက်သွားမည်လည်း မဟုတ်ပေ။
အကယ်၍ ထိုအမျိုးသားသာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်မသွားခဲ့လျှင် သူမ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ခဲ့မည် ဖြစ်၏။
နှစ်ပေါင်း သန်းတစ်သောင်းကျော် ကြာသွားခဲ့ပြီး ထိုအမျိုးသားအပေါ်ရှိ သူမ၏ အမုန်းတရားများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း လုချန်းကို ထပ်မံ မြင်လိုက်ရသည့် အခိုက်အတန့်တွင်တော့ သူမ ချက်ချင်း မှတ်မိသွားခဲ့သည်။
ယဲ့ချူယောင်က ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် ပြုံးလိုက်ပြီး ယဲ့ချူယောင်ကို
“ဆရာ။ ဒါက စီနီယာအစ်မလား။ မဂ်လာပါ စီနီယာအစ်မ... ကျုပ်က ဆရာရဲ့ တပည့်သစ်ပါ။”
ထိုစကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။
တပည့်သစ် ဟုတ်လား။
ထိုအခိုက်အတန့်တွင် သူမ၏ စိတ်များ အနည်းငယ် ပြန်လည် ကြည်လင်လာသည်။ လုချန်းထံမှ ဝိညာဉ်နတ်အဆင့် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ရုပ်ချင်းဆင်နေရုံသက်သက်များလားဟု ယဲ့ချူယောင် မတွေးပဲ မနေနိုင်ဖြစ်သွား၏။
ထိုစဉ် ယွမ်ယုတိကလည်း
“ယောင်ယောင်... ဒါက ငါ လက်ခံလိုက်တဲ့ တိုက်ရိုက်တပည့်သစ်ပဲ။ သူက မင်းရဲ့ ဂျူနီယာ မောင်လေးပေါ့။ နောက်ပိုင်း ငါ မရှိတဲ့အချိန်တွေမှာ သူ့ကို သေချာ လမ်းညွှန်ပေးလိုက်ဦး။ ကျင့်စဉ်နဲ့ ပတ်သက်ပြီး သူ နားမလည်တာရှိရင် မင်း ရှင်းပြပေးရမယ်။”
နတ်ဘုရင်တိုင်းသည် ပိုမိုမြင့်မားသော နယ်ပယ်များသို့ တက်လှမ်းလိုကြ၏။ နှစ်သန်းပေါင်းထောင်နှင့်ချီသော ကာလအတွင်း ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်းက ပို၍ စိပ်လာခဲ့သည်။
ယခုတစ်ခေါက် သူမ၏ ညီမဖြစ်သူကို လွမ်းဆွတ်တမ်းတရန်အတွက် အမွေးဖြူမြို့သို့ သွားရောက်ပြီးနောက် တံခါးပိတ် ကျင့်စဉ် ပြန်ဝင်မည် ဖြစ်၏။ လုချန်းကို တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သော်လည်း သူမအနေနှင့် လုချန်းကို တိုက်ရိုက်သင်ကြားပေးနိုင်မည့် အချိန်က အလွန်နည်းပါးလှသည်။
ကံကောင်းသည်က သူမ၏ အခြားသော တပည့်ရင်းက ကောင်းကင်နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်တက်ရန် အဆင်သင့် ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူမ၏ တပည့်ရင်းကို လုချန်းအား သင်ကြားခိုင်းခြင်းက လုံလောက်သည်ထက်ပင် ပိုနေ၏။
ယဲ့ချူယောင်လည်း သူမ၏ ခံစားချက်များကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီး ရင်းနှီးဖော်ရွေသော မျက်နှာဖြင့်
“ဪ...ဂျူနီယာ မောင်လေးကိုး။”
ထို့နောက် ယွမ်ယုတိက
“ငါ့မှာ တခြားကိစ္စတွေ ရှိသေးတယ်။ ယောင်ယောင်...နင့်ရဲ့ မောင်လေးကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် လိုက်ပြပေးပြီး နေစရာနေရာ စီစဉ်ပေးလိုက်ပါဦး။”
ယဲ့ချူယောင်က
“ဟုတ်ကဲ့ပါ ဆရာ”
နောက်တစ်ခဏတွင် ယွမ်ယုတိ၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ယုတိ ထွက်သွားပြီးနောက် ယဲ့ချူယောင် လုချန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူမ မည်သို့ပင် ကြည့်ကြည့် ရှေ့က ဂျူနီယာမောင်လေးအား ထိုလူယုတ်မာဟုသာ ခံစားနေရ၏။
လုချန်းကို ဓားနှင့် တစ်ချက်တည်း ထိုးချလိုက်လိုသည့် စိတ်ဆန္ဒကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး
“ ဟင်းဟင်း... မောင်လေး... အစ်မနောက် လိုက်ခဲ့ပါ။ အစ်မ အရင်ဆုံး နေစရာနေရာ စီစဉ်ပေးမယ်။”
လုချန်းက မျက်နှာတွင် အပြုံးတစ်ခုဖြင့်
“ဟုတ်ကဲ့ပါ စီနီယာအစ်မ”
ဟု တုံ့ပြန်၏။
ထို့နောက် အတွင်းစည်း တပည့်များ နေထိုင်သည့် အဆောင်သို့ ယဲ့ချူယောင်၏ နောက်မှ လုချန်း လိုက်သွားခဲ့သည်။ သွားရာလမ်းတွင်
“ မောင်လေး... အစ်မနာမည်က ယဲ့ချူယောင်ပါ။ အစ်မ မောင်လေးရဲ့ နာမည်ကို မသိသေးဘူးနော်”
ဟု ယဲ့ချူယောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လုချန်းက
“စီနီယာအစ်မယဲ့။ ကျုပ်ရဲ့ မျိုးရိုးနာမည်သည် ချန်းပါ။ နာမည်ကတော့ ချန်းလုပါ။”
ထိုအရာကို ကြားလျှင် ရှေ့မှ ယဲ့ချူယောင်၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
ချန်းလု ဟုတ်လား။
လုချန်း လား။
နောက်တစ်ခဏ၌ ယဲ့ချူယောင် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လုချန်းကို ဓားနှင့် တည့်တည့် ချိန်လိုက်သည်။
လုချန်းက ထိတ်လန့်တုန်လှုပ်နေသော ပုံစံဖြင့်
“စီနီယာအစ်မ... ဘာလုပ်တာလဲ”
ယဲ့ချူယောင်က အံကြိတ်ပြီး
“လူယုတ်မာ... ရှင့်နာမည်ကို ပြောင်းပြန်လှန်ထားရုံနဲ့ ရှင့်ကို ကျွန်မ မှတ်မိမှာ မဟုတ်ဘူးလို့ မထင်နဲ့။”
ထိုသို့ပြောပြီးနောက် ယဲ့ချူယောင် လုချန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
လုချန်းက
“စီနီယာအစ်မ... ဘာတွေပြောနေတာလဲ။ ဘယ်က လူယုတ်မာလဲ”
ဟု အမြန်ပြောလိုက်၏။
ယဲ့ချူယောင်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး
“လုချန်း...ဟန်ဆောင်မနေနဲ့တော့။ ရှင့်မျက်နှာ ခွေးချီသွားရင်တောင် ကျွန်မ မှတ်မိတယ်။”
စကားဆုံးသည်နှင့် ယဲ့ချူယောင်က သူမ၏ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ လုချန်းလည်း စကားတစ်ခွန်းမှ မပြောတော့ပဲ လှည့်ပြေးတော့သည်။ ပြေးရင်းဖြင့်
“ဆရာ...ကယ်ပါဦး။ စီနီယာအစ်မ ကျုပ်ကို သတ်တော့မယ်”
ဟု အော်ဟစ်လိုက်၏။
မည်သို့ပင်ဖြစ်စေ ယွမ်ယုတိသည် နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသည် သူမ၏ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်း၌ ရှိနေသည်။ သူ အနည်းငယ် အော်လိုက်ရုံနှင့် ယွမ်ယုတိ ကြားနိုင်သည်။
တကယ်လည်း လုချန်း ပြေးပြီး မကြာမီမှာပင် ယွမ်ယုတိ၏ ပုံရိပ် ယဲ့ချူယောင်၏ ရှေ့၌ ရုတ်တရက် ပေါ်လာပြီး ယဲ့ချူယောင်၏ ဓားဦးကို လက်ချောင်းနှစ်ချောင်းဖြင့် တိုက်ရိုက် ညှပ်ဖမ်းလိုက်သည်။
ယွမ်ယုတိက ယဲ့ချူယောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး
“ယောင်ယောင်၊ မင်း ဘာလုပ်နေတာလဲ”
ယဲ့ချူယောင်က
“ဆရာ... ကျွန်မမှာ ဒီလူယုတ်မာနဲ့ မပြေလည်နိုင်တဲ့ ရန်ငြိုးတွေ ရှိနေပါတယ်”
ဟု ခါးခါးသီးသီး ပြောလိုက်သည်။
ယဲ့ချူယောင်၏ စကားကို ကြားလျှင် ယွမ်ယုတိ အနည်းငယ် မှင်တက်သွား၏။
လူယုတ်မာ ဟုတ်လား။
ထို့နောက် သူမ လုချန်းကို ခပ်အေးအေး ကြည့်လိုက်သည်။
လုချန်းက အမြန်ပြောလိုက်၏။
“ဆရာ။ ကျုပ် စီနီယာအစ်မနဲ့ အရင်က တစ်ခါမှ မဆုံဖူးပါဘူး။ သူက ကျုပ်ကို စွပ်စွဲနေတာပါ”
ယဲ့ချူယောင်က နှာခေါင်းရှုံ့လိုက်ပြီး
“လုချန်း... လုပ်ရဲရင် ခံရဲရမှာပေါ့...ဟုတ်တယ်မလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်သောင်းက ရှင်ဟာ ထျန်းရန် နတ်ဘုရား နယ်မြေမှာ အကျော်ကြားဆုံး လူတစ်ယောက်ပဲ ရှင့်ရဲ့ နာမည်ဆိုးကို ဘယ်သူက မသိပဲ နေမှာလဲ။”
“လုချန်း” ဆိုသည့် နာမည်ကို ကြားလိုက်ရချိန်တွင် ယွမ်ယုတိ၏ ကိုယ်ပေါ်မှ နတ်ဘုရင် ဖိအားများ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ယဲ့ချူယောင်နှင့် လုချန်း နှစ်ဦးစလုံးလည်း ထိုဖိအားကြောင့် လှုပ်ရှားမရနိုင်အောင် ဖိနှိပ်ခံလိုက်ရသည်။
ယွမ်ယုတိတွင်လည်း လုချန်းနှင့် ရန်ငြိုးရှိသည်ကို ယဲ့ချူယောင် မသိပေ။ ထို့ကြောင့် သူမက စကားကို မဆင်မခြင် ပြောသဖြင့် ယွမ်ယုတိ စိတ်ဆိုးနေသည်ဟု ထင်မှတ်ကာ ဖိအားကို အံတုရင်း ယွဲ့ချူယောင်က
“ဆရာ... ကျွန်မ လုချန်းရဲ့ ပုံစံကို မြင်ဖူးပါတယ်။ သူက လုချန်းနဲ့ တစ်ထေရာတည်း တူရုံတင်မကပဲ နာမည်ကို ပြောင်းပြန်လှန်လိုက်ရင်လည်း လုချန်း ဖြစ်နေပါတယ်။”
“သူဟာ ထျန်းရန် နတ်ဘုရား နယ်မြေမှာ မီးရှို့၊ လူသတ်၊ လုယက်မှုတွေ လုပ်ခဲ့ပြီး မရေတွက်နိုင်တဲ့ မိန်းလှလေးတွေကို ဖမ်းဆီးပြီး သူ့ရဲ့ပျော်ရွှင်ဖို့အတွက် ချုပ်နှောင်ထားခဲ့တဲ့သူပါ။ အခု ဆရာ့ အနားကို ချဉ်းကပ်လာတာကလည်း ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်တာ သေချာပါတယ်။ ဆရာ...ကျွန်မ သူ့ကို အခုပဲ သတ်ပါရစေ။”
……………..
အခန်း (၁၅၈၀)
ထိုသူသည် ကစဉ့်ကလျား ပင်လယ်အတွင်း သေဆုံးသွားခဲ့ပြီ
ယဲ့ချူယောင်၏ စကားများကို ယွမ်ယုတိ တုံ့ပြန်ခြင်း မပြုပေ။ သူ၏ ညာဘက်ရှိ လုချန်းကို သူမ အေးစက်စွာ စိုက်ကြည့်နေသော်လည်း သူ့အပေါ် ချက်ချင်း လက်ဦးမှု ရယူခြင်း မရှိသေးပေ။ ထိုအစား သူမက လုချန်းကို
“ရှင်က လုချန်းလား”
လုချန်းက ချက်ချင်းပင်
“ဆရာ... ကျုပ်က ချန်းလုပါ။ လုချန်း မဟုတ်ပါဘူး”
“ဆရာ... ကျုပ်သာ တကယ်လို့ လုချန်း ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် လူမသိအောင် ဖုံးကွယ်ချင်တယ်ဆိုရင် ဘာလို့ နာမည်ကို ပြောင်းပြန်လှန်ထားရမှာလဲ။ ဒီလို ပြောင်းပြန်လှန်ထားတာတော့ တခြားလူတွေ သတိထားမိအောင် လုပ်သလို ဖြစ်နေမှာပေါ့။”
“ နောက်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျုပ် မမွေးသေးပါဘူး။ နတ်ဘုရင်
လုချန်း ဆိုတဲ့ နာမည်ကို သမိုင်းမှတ်တမ်းတွေထဲမှာပဲ ကြားဖူးတာပါ။”
လုချန်း ပြောသည်ကို ကြားလျှင် ယွမ်ယုတိ ခဏခန့် တိတ်ဆိတ်သွားသည်။
သူပြောသည်က အကျိုးအကြောင်း ဆီလျော်၏။ လုချန်းသာ ရုပ်ဖျက်ရန် ရည်ရွယ်ပါက သူ့နာမည်ကို ပြောင်းပြန်လှန်ထားမည် မဟုတ်ပေ။ လုံးဝမသက်ဆိုင်သည့် အမည်တစ်ခုကိုသာ ရွေးချယ်မည် ဖြစ်သည်။
ထို့ပြင် ထိုစဉ်က လုချန်းသည် သူ၏ ဇနီးများနှင့်အတူ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်ကို လူပေါင်းများစွာနှင့် အင်အားစုများစွာက မြင်တွေ့ခဲ့ကြပြီး ကမ်းခြေတွင် စောင့်ကြည့်နေသူများလည်း သူ ပြန်လာသည်ကို မတွေ့ခဲ့ကြပေ။
ထို့ပြင် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသော ဧကရာဇ် အဆင့်ပင် ပြန်မထွက်လာနိုင်ခဲ့ရာ နတ်ဘုရင်အဆင့်သာ ရှိသည့် လုချန်းအတွက်တော့ ဆိုဖွယ်ရာ မရှိပေ။ သူ၏ ရုပ်အလောင်းသည် ကစဉ့်ကလျား ပင်လယ်၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် လုံးဝ ပျက်စီးသွားလောက်ပြီ ဖြစ်၏။
ထိုအတွေးနှင့်အတူ ယွမ်ယုတိက ယဲ့ချူယောင်ကို
“ယောင်ယောင်... အဲ့ဒီလူ ကစဉ့်ကလျား ပင်လယ်ထဲမှာ သေဆုံးသွားခဲ့ပြီ။ ဒါက မင်းရဲ့ မောင်လေး ချန်းလုပဲ။”
ယွမ်ယုတိ၏ စကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။ ထိုစဉ် ယွမ်ယုတိက ဆက်လက်၍
“အဲဒီလူက အဲ့ဒီကာလတုန်းက ငါ့မိသားစုကို သတ်ခဲ့တာ။ တကယ်လို့ ချန်းလုက သူသာဆိုရင် ငါ သူ့ကို အစောကြီးကတည်းက သတ်ပစ်လိုက်မှာ။ လျှို့ဝှက်လဝန်းနန်းတော်ကို ခေါ်လာမှာ မဟုတ်ဘူး။”
ယွမ်ယုတိ ပြောသည်ကို ကြားလျှင် ယဲ့ချူယောင် အံ့အားသင့်သွားပြန်၏။ လုချန်းနှင့် သူမ၏ ဆရာတို့အကြားတွင်လည်း ရန်ကြွေးရှိနေသည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဤချန်းလုက တကယ်ပဲ လုချန်း မဟုတ်ပေဘူးလား။
သို့သော်လည်း...
သူတို့က ရုပ်ချင်း အလွန်ဆင်တူနေသည်။ နာမည်သည်လည်း သံသယဖြစ်စရာ ကောင်းလွန်းလှ၏။
ယဲ့ချူယောင်က သတိထား၍
“သူက ဟိုလူ ဘဝကူးလာတာများ ဖြစ်နေမလား”
ယွမ်ယုတိက
“ကစဉ့်ကလျား ပင်လယ်က နတ်ဘုရားတစ်ပါးရဲ့ နတ်အာရုံ အပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။”
ယွမ်ယုတိ၏ စကားက ရှင်းလင်းလှသည်။ လုချန်း၏ နတ်အာရုံသည် ကစဉ့်ကလျား ပင်လယ်ထဲ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ရာ ဘဝကူးရန် မဖြစ်နိုင်တော့ပေ။ အယုတ်ဆွဆုံး ဆိုရလျှင် ဤချန်းလုသည် လုချန်းနှင့် ရုပ်ချင်းတူနေခြင်းသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေကာမူ နှစ်သန်းပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်ရာ လုချန်းနှင့် တူသူတစ်ဦး ပေါ်လာခြင်းက မထူးဆန်းပေ။ ထျန်းရန် နတ်ဘုရား နယ်မြေသည် ကျယ်ပြောလှပြီး လူဦးရေ အမြောက်အမြား ရှိသဖြင့် ရုပ်ချင်းတူသူ တစ်ထောင်ခန့် ရှိနေလျှင်ပင် အံ့သြစရာ မဟုတ်ပေ။
ထို့နောက် ယွမ်ယုတိက သူမ၏ နတ်ဘုရင် ဖိအားများကို ရုပ်သိမ်းလိုက်ပြီး ယဲ့ချူယောင်ကို
“ယောင်ယောင်... အခုကစပြီး မင်းရဲ့ မောင်လေးကို နောက်ထပ် တိုက်ခိုက်တာမျိုး မလုပ်ရဘူး။”
သူမ လက်ခံထားသော တပည့်သည် ကြီးမားသော ကံစွမ်းအား ရှိသူဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်က သူ့အပေါ် ကောင်းမွန်စွာ မဆက်ဆံသဖြင့် သူ ထွက်ခွာသွားလျှင် သူအင်အားကြီးလာသည့်အခါ နန်းတော်အတွက် ပြဿနာ ဖြစ်လာနိုင်ပေသည်။
ယွမ်ယုတိ၏ သတိပေးမှုကို ကြားပြီးနောက် ယဲ့ချူယောင်က စိတ်ပျက်လက်ပျက်ဖြင့်
“ဟုတ်ကဲ့ပါ ဆရာ”
ယွမ်ယုတိက လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး
“မင်းက သူမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ လုချန်းလို လူယုတ်မာမျိုး မဖြစ်လာဖို့ ငါ သတိပေးချင်တယ်။ တကယ်လို့ တစ်နေ့မှာ မင်း အဲဒီလို လူယုတ်မာမျိုး ဖြစ်လာတာကို ငါတွေ့လျှင် ငါကိုယ်တိုင် မင်းကို ရှင်းပစ်မယ်။”
လုချန်းက ချက်ချင်း ဂါရဝပြုလိုက်ပြီး
“တပည့်... ဆရာ့ရဲ့ ဆုံးမမှုကို အမြဲမှတ်သားထားပါ့မယ်”
ယွမ်ယုတိ ပြောပြီးနောက် လေထုထဲတွင် ပြန်လည် ပျောက်ကွယ်သွား၏။ သူမ ထွက်ခွာသွားသည်နှင့် ယဲ့ချူယောင်က လုချန်းထံမှ တစ်စုံတစ်ရာသော အပြစ်အနာအဆာကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေပြန်သည်။
လုချန်းက လျင်မြန်စွာပင်
“အစ်မ... ဆရာတောင် ကျုပ် အဲဒီလုချန်း မဟုတ်ဘူးလို့ ပြောသွားပြီပဲ။ ဘာလို့ ကျုပ်ကို စိုက်ကြည့်နေရတာလဲ။”
ယဲ့ချူယောင်က သူမ၏ နှုတ်ခမ်းကို ဖိလိုက်ပြီး နတ်ဓားကို ပြန်သိမ်းကာ
“မောင်လေး... အစ်မ တောင်းပန်ပါတယ်။ လူမှားသွားလို့ပါ”
လုချန်းက ပြုံးလိုက်ပြီး
“ရပါတယ် အစ်မ... နားလည်မှု လွဲတာတွေ ရှင်းသွားရင် ပြီးတာပါပဲ။”
လုချန်း ခွင့်လွှတ်သည်ကို မြင်လျှင် ယဲ့ချူယောင်က အာကာသ လက်စွပ်တစ်ခုကို ထုတ်လိုက်ပြီး
“မောင်လေး... ဒါက အစ်မ တောင်းပန်တဲ့အနေနှင့် ပေးတဲ့ စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းပါ။”
လုချန်းက
“အစ်မ... မလိုပါဘူး။ ကျုပ်ဆီမှာ ကျင့်ကြံဖို့အတွက် လုံလောက်တဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိပါတယ်။”
ယဲ့ချူယောင်က အာကာသ လက်စွပ်ကို လုချန်း၏ လက်ထဲသည် အတင်းထည့်ပေးကာ
“ဒါက အစ်မ တောင်းပန်တဲ့ လက်ဆောင်ပဲ။ မင်း လက်ခံရမယ်။”
ယဲ့ချူယောင်က ဇွတ်အတင်း ပြုမှု နေသည်ကို မြင်လျှင် လုချန်းက
“ဒါဆိုလည်း... ကောင်းပါပြီ”
ယဲ့ချူယောင်က ဆက်လက်၍
“မောင်လေး... မင်း ဘယ်ကလာသလဲဆိုတာ မှတ်မိလား”
ချန်းလုသည် လုချန်း မဟုတ်ကြောင်း ယွမ်ယုတိက ပြောခဲ့သော်လည်း ယဲ့ချူယောင်ကတော့ အနည်းငယ် သံသယရှိနေဆဲ ဖြစ်သည်။
လုချန်းက
“ကျုပ်က ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ နှစ်သန်းပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာဆိုတော့ အစက ဘယ်ကလာသလဲဆိုတာကိုတောင် မေ့နေပါပြီ။ ဒါပေမဲ့ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ မြောက်ဘက်က ဖြစ်မယ်လို့တော့ မှတ်မိပါတယ်။”
လုချန်း၏ တုံ့ပြန်မှုကို ကြားလျှင် ယဲ့ချူယောင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ မြောက်ဘက်လား။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ မြောက်ဘက်က ကျယ်ပြောလွန်းရာ သူ အတိအကျ ဘယ်ကလာသည်ကို သူမ မည်သို့ သိနိုင်မည်နည်း။
သို့သော်လည်း သူပြောသမျှ အရာအားလုံး အမှန်ဖြစ်နေမည် မဟုတ်သဖြင့် မေးခွန်းများ မေးခြင်းဖြင့် သူ့ထံမှ အချက်အလက်များ ထပ်မံ ရယူရန်ခြင်းက မဖြစ်နိုင်သလောက်ပင်။
ယဲ့ချူယောင်လည်း ထပ်မံ၍ အတင်းအကြပ် မမေးတော့ပဲ
“မောင်လေး... ဒါတွေက အတွင်းစည်း တပည့်တွေ နေထိုင်တဲ့ နေရာတွေပဲ။ လွတ်နေတဲ့ ဘယ်အဆောင်ကိုမဆို မင်း ရွေးချယ်နိုင်ပါတယ်။”
အတွင်းစည်း တပည့်များ နေထိုင်ရာ နေရာသည် အလွန်ကျယ်ဝန်းပြီး တိတ်ဆိတ်ငြိမ်သက်လှ၏။ တပည့် တစ်ဦးစီအတွက် ကြီးမားသော အဆောင်တစ်ခုစီ ရှိပြီး အတွင်း၌ အစေခံ အနည်းငယ်စီ ရှိကြသည်။ ယဲ့ချူယောင်၏ လမ်းညွှန်မှုဖြင့် ကျင့်ကြံရန်အတွက် အကောင်းဆုံးဖြစ်သည့် ဝါးရုံပင်များ ဝန်းရံထားသော ဝါးရုံဆောင်ကို လုချန်း ရွေးချယ်လိုက်၏။
အဆောင်ကို ရွေးချယ်ပြီးနောက် ယဲ့ချူယောင်က
“မောင်လေး... ဆရာက မင်းကို ကျင့်စဉ် တစ်ခုခု ပေးထားသလား။”
လုချန်းက
“ဟုတ်ကဲ့... ဆရာက ကျုပ်ကို မြေအဆင့် နတ်ကျင့်စဉ် တစ်ခု ပေးထားပါတယ်။”
ယဲ့ချူယောင်က
“ကျင့်ကြံတဲ့အခါ နားမလည်တာ တစ်ခုခုရှိရင် အစ်မကို အားမနာပဲ မေးနိုင်တယ်။ အစ်မက ဟိုဘက်က သစ်ရွက်စိမ်းတော အလွန်က အဆောင်မှာ နေတယ်။”
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် အံ့အားသင့်သွား၏။ စောစောက ထိုအဆောင်ကို ဖြတ်လာစဉ်က ဤအမျိုးသမီးက ဘာမှ မပြောခဲ့ပေ။ ယခုမှ ပြောလာခြင်း ဖြစ်သည်။
သူမသည် သူ့ကို သံသယရှိနေဆဲဖြစ်ပြီး အမြဲမပြတ် စောင့်ကြည့်လိုပုံရ၏။
အတွေးများ ပြန်လည် စုစည်းမိပြီးနောက် လုချန်းက ပြုံး၍
“ဟုတ်ကဲ့ပါ အစ်မ... အကူအညီပေးတဲ့အတွင် ကျေးဇူးတင်ပါတယ်”
ယဲ့ချူယောင်က ဆက်လက်၍
“ဒါဆိုလည်း မောင်လေး အနားယူတာကို အစ်မ မနှောင့်ယှက်တော့ဘူး။”
ထိုသို့ ပြောပြီးနောက် ယဲ့ချူယောင် လှည့်၍ ထွက်ခွာသွား၏။ ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွားသည်။
သူ၏ စွမ်းအား အလွန် နည်းနေသဖြင့် လက်ရှိ အခြေအနေက အတော်လေး စိုးရိမ်စရာ ကောင်းလှသည်။ သူ၏ အနီးအနား၌ စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီး နှစ်ဦး ရှိနေသော်လည်း နှစ်ဦးစလုံးသည် သူ့အပေါ် နက်နဲသော ရန်ငြိုးများ ရှိနေကြသဖြင့် သူတို့နှင့် စုံတွဲကျင့်စဉ် ကျင့်ရန်က မဖြစ်နိုင်သလောက်ပင်။
ထို့ပြင် ဤနေရာသည် ထျန်းချန်ကမ္ဘာ မဟုတ်သကဲ့သို့ နဂါးဖီးနစ်ပင်များလည်း မရှိပေ။ ထို့ပြင် နဂါးဖီးနစ်ပင်၏ အရွက်များ ရှိနေလျှင်ပင် ကောင်းကင်နတ် နှင့် နတ်ဘုရင် အဆင့်တို့အပေါ်တွင်တော့ အကျိုးသက်ရောက်မှု ရှိနိုင်မည် မဟုတ်ပေ။
လောလောဆယ်တော့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ရမည် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သူ လုချန်း ဖြစ်ကြောင်း ဤအမျိုးသမီး နှစ်ဦးသည် သိမသွားစေရန် သူ အလွန်သတိထားရမည်ဖြစ်သည်။ လုံလောက်သော စွမ်းအား မရှိသေးမီ အချိန်အထိတော့ လျှို့ဝှက်စွာ နေထိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
…………..
အခန်း (၁၅၈၁ )
လူ့လောကသို့ စေလွှတ်ခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်တွင် အခြေချနေထိုင်စဉ်ကတည်းက ကျင့်စဉ်အပေါ်၌သာ အာရုံအားလုံးကို လုချန်း နှစ်မြှုပ်ထားခဲ့ပြီး နန်းတော်အတွင်းရှိ မည်သည့်ကိစ္စကိုမှ လုံးဝ ဂရုမစိုက်ခဲ့ပေ။
လျှို့ဝှက်လဝန်းနန်းတော်ကို အမျိုးသမီးတပည့်များဖြင့်သာ အဓိက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နန်းတော်သခင်က အမျိုးသားတပည့်တစ်ဦးကို တပည့်ရင်းအဖြစ် လက်ခံလိုက်ကြောင်း ကြားရသည့်အခါ သူတို့အကြားတွင် သိလိုစိတ်များ အလွန် ပြင်းထန်လာခဲ့၏။
လုချန်းတွင် မည်သည့် ထူးခြားချက်များ ရှိနေသနည်းဆိုသည်ကို သူတို့ ကြည့်ချင်နေကြသည်။
သို့သော်လည်း သူ၏ အဆောင်အတွင်းမှ အပြင်သို့ ထွက်ရန် လုချန်း အမြဲတမ်း ဝန်လေးနေခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်မှ နှစ်စဉ် ကျင့်စဉ်အရင်းအမြစ်များ ခွဲဝေပေးရာတွင်ပင် သူကိုယ်တိုင် မသွားပဲ သူ၏ ဆောင်ရှိ အစေခံများကိုသာ ကိုယ်စား သွားရောက်ထုတ်ယူခိုင်းခဲ့သည်။
ချန်းလု တကယ် လုချန်း ဟုတ်မဟုတ်ကို သူ၏ အပြုအမူအချို့မှတစ်ဆင့် ယဲ့ချူယောင် အတည်ပြုလိုခဲ့သော်လည်း လုချန်းသည် ကျင့်ကြံရန်အတွက် အဆောင်အတွင်း၌သာ အမြဲအောင်းနေသဖြင့် သူမအတွက် သဲလွန်စ ရှာဖွေရန် ခက်ခဲနေခဲ့၏။
ဤဆယ်နှစ်အတွင်း ယွမ်ယုတိနှင့် လုချန်း သုံးကြိမ်သာ တွေ့ဆုံခဲ့ပြီး တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ကျင့်စဉ်များ သို့မဟုတ် အရင်းအမြစ်အချို့ကို ယွမ်ယုတိက ပေးအပ်ခဲ့သည်။
လုချန်းကိုယ်တိုင်က နတ်ဘုရင်တစ်ပါး ဘဝကူးပြောင်းလာသူ ဖြစ်သဖြင့် အတိတ်ဘဝမှ မှတ်ဉာဏ်အမြောက်အမြားကို ပိုင်ဆိုင်ထား၏။ ကျင့်စဉ်ပိုင်းတွင် သူသည် လမ်းညွှန်မှု မလိုအပ်သလောက် ဖြစ်နေသဖြင့် ယွမ်ယုတိက သူ့ကို အရင်းအမြစ်များ ပေးရုံသာ လိုအပ်သည်။
သူမ၏ တပည့်သည် ထူးခြားသည့် ကျင့်စဉ်ပါရမီနှင့် ကံစွမ်းအား ကြီးမားသူဖြစ်၍ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း ယူဆကာ ဤအခြေအနေကို ထူးဆန်းသည်ဟု ယွမ်ယုတိ မထင်ခဲ့ပေ။ တကယ်တမ်းတွင်လည်း ကျင့်စဉ်၌ အလွန် ဝင်ရောက်စွက်ဖက်ခြင်းက သူ့အတွက် အကျိုးယုတ်စေနိုင်၏။
ဤဆယ်နှစ်အတွင်း မြေနတ်အဆင့်သို့ လုချန်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထိုဆယ်နှစ်အတွင်း ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ ကွမ်းရန်ဘုရင် လုကျင့်ဖူက ယွမ်ယုတိထံ ဖိတ်ကြားစာများ အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း တံခါးပိတ်ကျင့်စဉ် ကျင့်နေသည်ဟု အကြောင်းပြကာ ယွမ်ယုတိက ငြင်းပယ်ခဲ့၏။
ထိုအကြောင်းကို ကြားလျှင် လုချန်း မထီမဲ့မြင် ပြုံးရုံသာ ပြုံးခဲ့ပြီး အလွန် ဂရုမစိုက်ခဲ့ပေ။ အတိတ်က သူရင်ဆိုင်ခဲ့ရသည့် တိုက်ခိုက်မှုက ကွမ်းရန်ဘုရင် လုကျင့်ဖူ၏ လက်ချက်ဖြစ်ကြောင်း သူ ကောင်းစွာ သိထား၏။
ဤရန်ကြွေးကို သူ ဧကန်မုချ ပြန်ဆပ်မည် ဖြစ်သော်လည်း လက်ရှိတွင် သူ၏ ကျင့်စဉ်အဆင့်က မြေနတ်အဆင့်သာ ရှိသေးပြီး ကွမ်းရန်ဘုရင်ကတော့ ရွှေနတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချက်ချင်း လက်စားချေရန် မဖြစ်နိုင်သေးပေ။ လုကျင့်ဖူနှင့် စာရင်းမရှင်းမီ သူ၏ အင်အား နတ်ဘုရင်အဆင့်သို့ ပြန်ရောက်အောင် အချိန်စောင့်ရန် လိုအပ်၏။
……
ဝါရုံပင်တောအတွင်းရှိ အဆောင်ငယ်လေး၏ အပြင်ဘက်၌ ဖြစ်သည်။
အစိမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဝါးရုံပင်တော၏ အစပ်တွင် ရပ်နေပြီး သူမ၏ လှပသော မျက်ဝန်းများက လုချန်း၏ အဆောင်ကို စူးစိုက်ကြည့်နေ၏။
လုချန်းကို ယဲ့ချူယောင် ဆယ်နှစ်တိုင်တိုင် စောင့်ကြည့်ခဲ့သော်လည်း ဤဆယ်နှစ်အတွင်း သူတို့၏ ဆရာနှင့် တွေ့ဆုံခြင်းမှလွဲ၍ အဆောင်ပြင်သို့ လုချန်း ထွက်ခဲလှပြီး အမြဲတမ်း ကျင့်ကြံနေခဲ့သည်။ သူသည် ကျင့်စဉ်ကိုသာ ရူးသွပ်သူတစ်ဦးကဲ့သို့ ဖြစ်နေ၏။
နှစ်သန်းထောင်ချီ အသက်ရှည်ကြသည့် သူတို့ကဲ့သို့ နတ်များအတွက် ဆယ်နှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်ခန့်သာ ဖြစ်သော်လည်း ဤသူက အမှန်တကယ် လုချန်းသာဆိုလျှင် ဤမျှ အထီးကျန်မှုကို ခံနိုင်ရည်ရှိရန် ခဲယဉ်းပေလိမ့်မည်။ လုချန်းသည် ကာမဂုဏ် မက်မောသူအဖြစ် ကျော်ကြားပြီး မည်သည့်အချိန်တွင်မဆို အမျိုးသမီး အခြံအရံ မပြတ်ခဲ့သူ ဖြစ်သည်။
အကယ်၍ ဤချန်းလု လုချန်းသာဆိုလျှင် သူ၏ ပင်ကိုယ်ဗီဇက အစောကတည်းက ပေါ်လွင်နေသင့်၏။ အမှန်စင်စစ် လျှို့ဝှက်လဝန်းနန်းတော်သည် လှပသော နတ်သမီးလေးများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ အကယ်၍ လုချန်းသာ ဤနေရာ၌ ရှိနေပါက စိတ်မထိန်းနိုင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
သူမ တကယ်ပဲ အထင်မှားမိနေသလားဟု ယဲ့ချူယောင် တွေးတောနေမိ၏။
ရုပ်ချင်း ဆင်တူနေရုံ သက်သက်လား။
ယဲ့ချူယောင် အတွေးထဲ နစ်မြောနေစဉ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ယောင်ယောင်... ချန်းလု... ငါ့ရဲ့ ခန်းမဆီကို လာခဲ့ကြ”
ဟု ယွမ်ယုတိက ခေါ်လိုက်သည်။
ထိုအသံကို ကြားလျှင် ဝန်လေးခြင်းမရှိပဲ ယွမ်ယုတိ၏ ခန်းမဆီသို့ ယဲ့ချူယောင် တိုက်ရိုက် ဦးတည်သွားခဲ့ပြီး မကြာမီ လုချန်းလည်း ထိုနေရာသို့ ရောက်ရှိလာ၏။
ခန်းမအတွင်းရှိ ပလ္လင်ပေါ်တွင် အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော ယွမ်ယုတိ ထိုင်နေပြီး ခန့်ညားထည်ဝါကာ မြင့်မြတ်သည့် အသွင်ကို ဆောင်နေ၏။
ခန်းမသို့ ရောက်ရှိသည့်အခါ လုချန်းက
“ဆရာ့ကို ဂါရဝပြုပါတယ်”
ယွမ်ယုတိက
“အင်း”
ယဲ့ချူယောင်က ယွမ်ယုတိကို
“ဆရာ... ကျွန်မတို့ကို တစ်ခုခု ခိုင်းစရာ ရှိလို့လား”
ယွမ်ယုတိက ယဲ့ချူယောင်နှင့် လုချန်းကို
“ငါ တံခါးပိတ်ကျင့်စဉ် စခန်းဝင်ဖို့ ပြင်နေတယ်။ ဒီတစ်ခေါက်က အချိန် တော်တော်ကြာနိုင်တယ်။”
ပြီးခဲ့သည့်အကြိမ် ပြန်ရောက်လာကတည်းက တံခါးပိတ်ကျင့်စဉ် ဝင်ရန် ယွမ်ယုတိ စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ စိတ်အခြေအနေ မတည်ငြိမ်သေးသည့်အပြင် တပည့်သစ်တစ်ဦးကိုလည်း လက်ခံထားသဖြင့် ထိုတပည့်၏ အခြေအနေကို စောင့်ကြည့်လိုသောကြောင့် တံခါးပိတ်ကျင့်စဉ်ကို ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူမ၏ စိတ်အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်ရာ တံခါးပိတ်ကျင့်စဉ် ဝင်ရန် အချိန်တန်ပြီ ဖြစ်သည်။
ယွမ်ယုတိ၏ စကားကို ကြားလျှင် ယဲ့ချူယောင်ရော လုချန်းပါ အံ့သြခြင်း မရှိကြပေ။ အကြောင်းမှာ ထျန်းရန်နတ်ဘုရားနယ်မြေတွင် တံခါးပိတ်ကျင့်စဉ် ကျင့်ခြင်းက သာမန်ကိစ္စတစ်ခုသာ ဖြစ်သောကြောင့်ဖြစ်၏။
ယွမ်ယုတိက ယဲ့ချူယောင်ကို
“ငါ တံခါးပိတ်ကျင့်စဉ် ကျင့်နေတုန်း လျှို့ဝှက်လဝန်းနန်းတော်ကို စီမံခန့်ခွဲဖို့ မင်းကို တာဝန်ပေးမယ်။ အကြီးအကဲတွေကိုလည်း ငါ ပြောထားပြီးပြီ။ သူတို့ မင်းကို ကူညီကြလိမ့်မယ်။ မင်းရဲ့ အမိန့်ကို မနာခံတဲ့သူ ရှိခဲ့ရင် သူတို့ရဲ့ နာမည်တွေကို မှတ်ထားလိုက်ရုံပဲ။”
ယဲ့ချူယောင်သည် ကောင်းကင်နတ်အဆင့်သာ ရှိသေးသော်လည်း နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများက သူမကို မလွန်ဆန် ဝံ့ကြပေ။
ယဲ့ချူယောင်သည် နောက်တက်မည့် နန်းတော်သခင် ဖြစ်လာလိမ့်မည်ဟူသော ကောလာဟလများ လျှို့ဝှက်လဝန်းနန်းတော်တွင် အမြဲ ပျံ့နှံ့နေခဲ့သည်။ လက်ရှိ နန်းတော်သခင်က အခြား တပည့်ရင်း တစ်ဦးကို လက်ခံလိုက်သော်လည်း ထိုတပည့်သည် အမျိုးသား ဖြစ်နေသည့်အပြင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း အမျိုးသမီးများကိုသာ အဓိကထားသဖြင့် နန်းတော်သခင်က နောက်ဆုံးတွင် ယဲ့ချူယောင်ကိုသာ ဆက်ခံသူအဖြစ် ရွေးချယ်ရန် အခွင့်အလမ်း ပိုများနေ၏။
လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများသည် ယဲ့ချူယောင်အပေါ် အလွန် လေးစားကြပြီး ယွမ်ယုတိ မရှိသည့်တိုင်အောင် သူမကို မနာခံပဲ မနေဝံ့ကြသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ တည်ငြိမ်မှုအတွက် စိုးရိမ်စရာ မရှိပေ။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက လုချန်းကို စူးစိုက်ကြည့်ကာ
“ချန်းလု... မင်း အခု မြေနတ်အဆင့်ကို ရောက်နေပြီဆိုတော့ တံခါးပိတ်ကျင့်စဉ်ကိုပဲ အကြာကြီး လုပ်နေတာက မင်းရဲ့ ကျင့်စဉ်အတွက် အကျိုးမရှိဘူး။ မင်းကို လူ့လောကထဲ လွှတ်ဖို့ ငါ စီစဉ်ထားတယ်။”
ထိုအရာကို ကြားလျှင် ယဲ့ချူယောင်ရော လုချန်းပါ အံ့အားသင့်သွားကြ၏။
လူ့လောကသို့ အတွေ့အကြုံ သွားယူရမှာလား။
လုချန်း လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်သည်မှာ ဆယ်နှစ်သာ ရှိသေးသော်လည်း လူ့လောကသို့ အတွေ့အကြုံယူရန် စေလွှတ်ခံရတော့မှာလား။
“သူ တံခါးပိတ်ကျင့်စဉ် ကျင့်နေတုန်း ငါက လျှို့ဝှက်လဝန်းနန်းတော်က နတ်သမီးလေးတွေကြားမှာ ပြဿနာရှာမှာကို ကြောက်လို့ ယွမ်ယုတိက ကြိုတင် နှင်ထုတ်လိုက်တာများလား” ဟု လုချန်း တွေးလိုက်မိ၏။
လုချန်း ထိုသို့ တွေးနေစဉ်မှာပင် ယဲ့ချူယောင်က
“မောင်လေး... မင်း မြေနတ်အဆင့်ကနေ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းဖို့ဆိုရင် စိတ်ကို လေ့ကျင့်ဖို့ လူ့လောကက အတွေ့အကြုံတွေ လိုအပ်တယ်။ မဟုတ်ရင် ကောင်းကင်နတ်အဆင့်ကို တက်ဖို့ ခက်ခဲလိမ့်မယ်။”
ယဲ့ချူယောင်က ဆက်လက်၍
“ငါ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းတုန်းကဆိုရင် လူ့လောကမှာ နှစ်ပေါင်း တစ်သိန်းလောက် အချိန်ဖြုန်းခဲ့ရတာ။”
ခဏခန့် လုချန်း မှင်တက်သွားခဲ့သည်။ သူ ချန်ဘုရင် ဖြစ်စဉ်က ကျင့်စဉ်သည် ရေသောက်သကဲ့သို့ လွယ်ကူလွန်းသဖြင့် လူ့လောက အတွေ့အကြုံများ မလိုအပ်ခဲ့ခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည်သွား၏။ သို့သော်လည်း ထျန်းရန်နတ်ဘုရားနယ်မြေတွင် မြေနတ်အဆင့် ကျင့်ကြံသူ အမြောက်အမြားသည် သာမန်လူများကဲ့သို့ ဟန်ဆောင်ကာ မြို့ပြများတွင် နေထိုင်တတ်ကြကြောင်း သူ သိထားသည်။
ယွမ်ယုတိကို သူ အထင်လွဲခဲ့ပုံရ၏။
ထိုအချက်ကို သိသွားသည့်အခါ လုချန်းက ယွမ်ယုတိကို
“ဟုတ်ကဲ့ပါ ဆရာ”
ထို့နောက် ယွမ်ယုတိက အာကာသလက်စွပ်တစ်ကွင်းနှင့် ကျောက်စိမ်းပေလိပ်သုံးလိပ်ကို ထုတ်ယူကာ လုချန်းကို ကမ်းပေးရင်း
“ဒီအာကာသလက်စွပ်ထဲမှာ မင်း မြေနတ်အဆင့်ကနေ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ ကျင့်စဉ်အရင်းအမြစ်တွေ ပါတယ်။ ကျောက်စိမ်းလိပ်သုံးလိပ်မှာတော့ ငါရဲ့ နတ်အာရုံတွေ ပါဝင်တယ်။ အကယ်၍ မင်း နတ်ဘုရင်အဆင့်အောက် ရန်သူတွေနဲ့ တွေ့ရင် ဒီကျောက်စိမ်းလိပ်သုံးခုက မင်းကို ထွက်ပြေးဖို့ ကူညီပေးလိမ့်မယ်။”
ယွမ်ယုတိ၏ စကားအဆုံးတွင် အာကာသလက်စွပ်နှင့် ကျောက်စိမ်းလိပ်သုံးလိပ် လုချန်းထံသို့ လွင့်ပျံလာ၏။ လက်စွပ်နှင့် စာလိပ်များကို ဖမ်းယူလိုက်ရင်း လုချန်းက
“ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”
ယဲ့ချူယောင်က ယွမ်ယုတိကို အကြံပြုလိုက်၏။
“ဆရာ... ကောင်းကင်ဝံပုလွေမြို့ကို မောင်လေး အတွေ့အကြုံယူမယ့်နေရာအဖြစ် ရွေးချယ်ရင် မကောင်းဘူးလား။ မကြာသေးခင်က ကောင်းကင်ဝံပုလွေမြို့ ပတ်ဝန်းကျင်က အင်အားစုတွေဆီမှာ လှုပ်ရှားမှုတချို့ ရှိနေလို့ သူတို့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လိုအပ်နေတာ။”
ကောင်းကင်ဝံပုလွေမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ လူ့လောကမြို့တစ်မြို့ ဖြစ်ပြီး လူဦးရေ ထူထပ်လှ၏။ ထို့ပြင် မကြာသေးမီ နှစ်များအတွင်း နတ်ဘုရားနယ်မြေရှိ အင်အားစုငယ်အချို့အတွက် မက်မောစရာ နေရာတစ်ခုလည်း ဖြစ်နေခဲ့သည်။