← Chapters

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း (၁၅၈၅ )

စီကုန်းယုဖုန်း

လျှိုယောင်ရှန်က ဆက်လက်၍

“ကောင်းကင်ဝံပုလွေမြို့အတွက်နဲ့ ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်မှာ မဟုတ်ဘူး။ အလားတူပဲ မိသားစု တစ်စုနှစ်စု သစ္စာဖောက်သွားတာနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကလည်း ချီယန်ဂိုဏ်းနဲ့ ဆက်ဆံရေးကို အပြီးတိုင် ပျက်ပြားသွားစေမှာ မဟုတ်ဘူး။”

လျှို့ယောင်ရှန်၏ စကားကို ကြားလျှင် ဝမ်ယုံရှန် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။

“လျှို သခင်ကြီး ဆိုလိုတာက...”

ဝမ်ယုံရှန် တွေဝေသွားသော်လည်း လျှိုယောင်ရှန် ဖော်ပြလိုသည့် အဓိပ္ပာယ်ကို သူ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

လျှိုယောင်ရှန်က ဆက်လက်၍

“အခုပဲ ချီယန်ဂိုဏ်းဆီ စာရေးကြရအောင်။ အဲ့ဒီ အထူးသံတမန် မရောက်လာခင်မှာ ကျုပ်တို့ မိသားစု နှစ်စုလုံးကို ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့နိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် သံတမန် ရောက်လာရင်တောင် ကျုပ်တို့ မိသားစု နှစ်စုကို သူတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

ထိုအခိုက်တွင် လျှိုယောင်ရှန်က ခပ်ဖွဖွပြုံးလိုက်ပြီး

“ကျုပ်သား ချီယန်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်လာတာနဲ့ အတော်ပဲ။ သူ့ရဲ့ ဆရာကိုသာ အကူအညီတောင်းရင် သူ့ဆရာက ကျုပ်တို့ မိသားစုနှစ်စုကို ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့ခွင့်ပြုဖို့ သဘောတူလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

ထိုအရာကို ကြားလျှင် ဝမ်ယုံရှန် သက်ပြင်းချလိုက်သည်။

“နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ရမှာ နှမြောစရာပဲ။”

လျှို့ယောင်ရှန်က

“ဘာကို စိုးရိမ်နေတာလဲ။ သံတမန် ထွက်သွားပြီး ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းထဲကို တရားဝင် ဝင်ရောက်သွားတာနဲ့ ကျုပ်တို့ ကောင်းကင်ဝံပုလွေမြို့ကို ပြန်လာလို့ရပြီ။ ကျုပ်သားရဲ့ ဆရာ အနောက်မှာ ရှိနေရင် ကောင်းကင်ဝံပုလွေမြို့က မိသားစုတွေဟာ ကျုပ်တို့ရဲ့ စီးပွားရေးတွေကို သိမ်းပိုက်ရဲမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။”

ဝမ်ယုံရှန်က အလျင်အမြန်ပင်

“လျှိုသခင်ကြီး ပြောတာ မှန်တယ်။ စာရေးဖို့ မြန်မြန် ပြန်ကြရအောင်။”

“ကောင်းပြီ။”

ထို့နောက် လျှိုယောင်ရှန်နှင့် ဝမ်ယုံရှန်တို့လည်း အိမ်သို့ အမြန်ပြန်ကြပြီး မိသားစု နှစ်စုလုံး အကာအကွယ် ရရှိရန်အတွက် ချီယန်ဂိုဏ်း နယ်မြေထဲသို့ ပြောင်းရွှေ့နိုင်ဖို့ ကြားဝင် ကူညီပေးရန် ချီယန်ဂိုဏ်း၌ ရှိနေသော သူတို့၏ ဆွေမျိုးများထံသို့ စာစရေးကြလေတော့သည်။

…..

သုံးရက် ကြာပြီးနောက်

ချီယန်ဂိုဏ်း

ချောက်ကမ်းပါးတစ်ခုပေါ်တွင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ဝံပုလွေမြို့ဘက်သို့ လှမ်းကြည့်နေသည်။ ထိုအခိုက်အတန့်တွင် တပည့်တစ်ဦး သူ၏ နောက်ဘက်မှ ချဉ်းကပ်လာပြီး

“ဂါရဝပြုပါတယ် ဆရာ”

တပည့်၏ အသံကို ကြားလျှင် စီကုန်းယုဖုန်း က ခေါင်းမလှည့်ပဲ

“ဘာကိစ္စလဲ။”

လျှိုယဲ့က

“ဆရာ... ကျုပ် မိသားစုက စာရေးလိုက်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည်ရင်းက လေ့ကျင့်ဖို့အတွက် ကောင်းကင်ဝံပုလွေမြို့ကို ရောက်တော့မယ်လို့ ဆိုပါတယ်။ အဲ့ဒီလူ ကောင်းကင်ဝံပုလွေမြို့ကို ရောက်တာနဲ့ ကျုပ်တို့ တစ်မိသားစုလုံး သူတို့ သုတ်သင်တာကို ခံရနိုင်ပါတယ်။ ဒါကြောင့် လျှိုမိသားစုကို အကာအကွယ်ပေးဖို့အတွက် ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့ခွင့် ပေးစေလိုပါတယ်။”

ထိုအရာကို ကြားလျှင် စီကုန်းယုဖုန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး လျှိုယဲ့ကို လှည့်ကြည့်လိုက်သည်။

“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်း ဟုတ်လား။ သတင်းက ခိုင်လုံရဲ့လား။”

လျှိုယဲ့က

“လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်ဝံပုလွေမြို့တော်ဝန်ဆီ သတင်းပို့ပြီးပါပြီ။ ဒါက တကယ် ဖြစ်ဖို့ များပါတယ်။ နန်းတော်သခင်ရဲ့ တပည့်ရင်းဟာ တစ်လမပြည့်ခင် ကောင်းကင်ဝံပုလွေမြို့ကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

ထိုအရာကို ကြားလျှင် စီကုန်းယုဖုန်း၏ ပါးစပ်ဖျားတွင် လျှို့ဝှက်သော ခပ်ဖွဖွပြုံး အပြုံးတစ်ခု ပေါ်လာ၏။

“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက တကယ့် အချိန်ကောင်းမှာ ရောက်လာတာပဲ။”

ထိုအရာကို ကြားလျှင် သူ၏ဆရာ ဟာသပြောနေခြင်းဟု လျှိုယဲ့ ထင်မှတ်လိုက်သည်။ အကယ်၍ ထိုလူ ရောက်မလာခဲ့လျှင် ကောင်းကင်ဝံပုလွေမြို့သည် မကြာမီ ချီယန်ဂိုဏ်းထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့က အခုမှ ရောက်လာခြင်းဖြစ်သည်။

ထိုအခိုက်တွင် လျှိုယဲ့က

“ ဆရာ... အဲ့ဒီလူက ကောင်းကင်ဝံပုလွေမြို့မှာ ကြာကြာနေမှာ မဟုတ်ပါဘူး။ သူ ထွက်သွားတာနဲ့ ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းထဲကို ဝင်လာဦးမှာပါ။”

မည်သို့ပင်ဆိုစေ ချီယန်ဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကြား အတော်ကွာဝေးသော်လည်း ကောင်းကင်ဝံပုလွေမြို့ကတော့ ချီယန်ဂိုဏ်းနဲ့ အလွန်နီး၏။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသမီးတပည့်များကိုသာ လက်ခံသည့် ဂိုဏ်းဖြစ်ပြီး ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစုများသည် လျှို့ဝှက်လဝန်းနန်းတော်အပေါ် မကျေနပ်မှုများ အစောကတည်းက ရှိနေခဲ့ကြသည်။ ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစု အများစုသည် လျှို့ဝှက်လဝန်းနန်းတော်တွင် ဆက်နေမှာလား သို့မဟုတ် ချီယန်ဂိုဏ်းသို့ ဝင်မှာလား ဆိုသည်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။

ထိုအခိုက်တွင် စီကုန်းယုဖုန်းက

“တပည့်... မင်း ကိုယ်တိုင် ပြန်သွားပြီး‌ ပြောလိုက်ပါ။ ချီယန်ဂိုဏ်းက ဒီအတိုင်း ကြည့်မနေဘူးလို့ မင်းရဲ့ မိသားစုကို ပြောလိုက်။ မင်းရဲ့ မိသားစုအတွက် ယာယီနေထိုင်စရာ နေရာတစ်ခုကို ငါ စီစဉ်ပေးမယ်။”

စီကုန်းယုဖုန်း သဘောတူသည်ကို မြင်လျှင် လျှိုယဲ့က ချက်ချင်းပင်

“ကျေးဇူးတင်ပါတယ်...လေးစားရတဲ့ ဆရာ”

အစက သူ၏ ဆရာ သဘောမတူမှာကို လျှိုယဲ့ အလွန် စိုးရိမ်ခဲ့သည်။ လျှိုမိသားစုကို လက်ခံလိုက်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ထိပါးစော်ကားခြင်း ဖြစ်သည်။

အထူးသဖြင့် ချီယန်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် အပြီးတိုင် ဆက်ဆံရေး ဖြတ်တောက်ရမည့် အခြေအနေတွင် မရှိသေးသဖြင့် သူ၏ ဆရာဘက်က သဘောတူချင်မှ တူလိမ့်မည်။ ကောင်းကင်ဝံပုလွေမြို့ကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် သေးငယ်သော မိသားစုတစ်ခုအတွက်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်ဆံရေး ပျက်ပြားစရာ တကယ် မလိုပေ။

ကောင်းကင်ဝံပုလွေမြို့ ချီယန်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့လျှင်တော့ သူတို့ကို ကာကွယ်ပေးခြင်းက ပို၍ အဓိပ္ပာယ်ရှိပေလိမ့်မည်။

ငြင်းပယ်ခံရဖို့ ပြင်ဆင်ထားခဲ့သော လျှိုယဲ့ကို အံ့သြသွားစေသည်က သူ၏ ဆရာ ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်ခြင်းဖြစ်သည်။

စိတ်လှုပ်ရှားစွာဖြင့် လျှိုယဲ့လည်း သတင်းပေးရန် ချီယန်ဂိုဏ်းမှ ထွက်ခွာပြီး ကောင်းကင်ဝံပုလွေမြို့သို့ ပြန်ခဲ့သည်။

ထွက်ခွာသွားသော လျှိုယဲ့၏ ကျောပြင်ကို ကြည့်ရင်း စီကုန်းယုဖုန်း၏ ပါးစပ်ဖျားတွင် အပြုံးတစ်ခု ပေါ်လာ၏။ တဖြည်းဖြည်းနှင့် သူ၏ မျက်နှာပေါ်တွင် ပို၍ ထင်ရှားသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ယွမ်ယုတိရဲ့ တပည့်ရင်း ကောင်းကင်ဝံပုလွေမြို့မှာ သေဆုံးသွားမယ်ဆိုရင် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော် အပြင်းအထန် တိုက်ပွဲဝင်ဖို့ ဧကန်မုချ ဖြစ်လာမှာပဲ...”

….

မျက်စိတစ်မှိတ်အတွင်းမှာပင် လုချန်းနှင့် သူ၏ အပေါင်းအပါများသည် ကောင်းကင်ဝံပုလွေမြို့နှင့် မဝေးသော လော့ရှားတောင် ဆီသို့ နတ်လှေဖြင့် ရောက်ရှိလာကြသည်။ လုချန်းသည် နတ်လှေအတွင်း၌ တစ်လနီးပါး ကျင့်ကြံနေခဲ့သည်။

တကယ်တော့ သူ ကျင့်ကြံနေသည်ဟု ဆိုသော်လည်း သူ၏ အာရုံက ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့အပေါ်တွင်သာ ရှိနေသည်။

သူတို့ နှစ်ဦးသည် နတ်လှေပေါ်တွင် အများအားဖြင့် ရပ်နေတတ်ကြပြီး ရံဖန်ရံခါ ကျင့်ကြံခြင်းဆိုင်ရာ အမြင်များကို ဆွေးနွေးတတ်ကြသော်လည်း လက်တွေ့တွင် ကျင့်ကြံခြင်း မရှိသလို လုချန်းကိုလည်း စတင်၍ ချဉ်းကပ်ခြင်း မရှိကြပေ။

တကယ်တော့ ကိုယ့်အပေါ် အာရုံအစိုက်ဆုံးများက ရန်သူများသာ ဖြစ်တတ်သည် မဟုတ်ပါလား။

ယဲ့ချူယောင်သည် သူ့အပေါ် အာဃာတ ထားရှိပြီး သူ လုချန်းဖြစ်ကြောင်း သက်သေပြရန် အမြဲ ကြိုးစားနေသည်။

ဤနှစ်ဦးကတော့ သူ့အပေါ် အကောင်းမြင် သော်လည်း သူ လုချန်း ဟုတ် မဟုတ် အတည်ပြုရန် ရည်ရွယ်ချက် သို့မဟုတ် ဆန္ဒ မရှိကြပေ။

သူတို့နှင့် နည်းစပ်ရန် မည်သို့ အခွင့်အရေး ရှာရမလဲ မသေချာသဖြင့် လုချန်းစိတ်ထဲ သက်ပြင်းချလိုက်သည်။ ကောင်းကင်ဝံပုလွေမြို့ကို ရောက်ပြီးနောက် ထိုအမျိုးသမီး နှစ်ဦးနှင့် နှစ်ယောက်ချင်း ရှိနေမည့် အခွင့်အရေးကို သူ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

လုချန်းက ထိုသို့ တွေးလိုက်သည့် ခဏမှာပင် သူတို့၏ နတ်လှေဆီသို့ တစ်စုံတစ်ဦး အလျင်အမြန် ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံရလိုက်သည်။ ထိုအခိုက်အတန့်တွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း ၎င်းကို အာရုံရလိုက်ကြ၏။ သူတို့က ချက်ချင်းပင် သူတို့၏ နတ်ဓားများကို ထုတ်ယူကာ သတိကြီးစွာဖြင့် ရှေ့သို့ ကြည့်လိုက်ကြသည်။

နောက်တစ်ခဏတွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး သူတို့၏ နတ်လှေရှေ့၌ ရုတ်တရက် ပေါ်လာသည်။ ရှောင်ရွှီရင်က အေးစက်စွာ မေးလိုက်၏။

“ရှင်က ဘယ်သူလဲ။”

ထိုလူလတ်ပိုင်း အမျိုးသားက ချက်ချင်း မလှုပ်ရှားပဲ လှေကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက်

“ဒီနတ်လှေပေါ်မှာ ပါလာတာ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းလား။”

ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် အံ့သြသွားသည်။

ကောင်းကင်ဝံပုလွေမြို့မှ ကျင့်ကြံသူတစ်ဦးက သူ့ကို လာကြိုတာများလား။

ကောင်းကင်ဝံပုလွေမြို့ အနီး၌ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများစွာ ရှိသည်။ သူတို့ ခရီးမထွက်ခင်က ကောင်းကင်ဝံပုလွေမြို့ကို အကြောင်းကြားထားပြီးသား ဖြစ်သဖြင့် ကောင်းကင်ဝံပုလွေမြို့ အနီးရှိ လက်အောက်ခံ အင်အားစုများလည်း သတင်းရရှိထားကာ သူ ရောက်ရှိလာမည်ကို သိထားပေလိမ့်မည်။

များသောအားဖြင့် လျှို့ဝှက်လဝန်းနန်းတော် သြဇာလွှမ်းမိုးသော နယ်မြေအတွင်း မည်သည့် အင်အားစုကမှ နန်းတော်သခင်၏ တပည့်ရင်းကို ဤအချိန်တွင် ရန်စရဲမှာ မဟုတ်သဖြင့် ရှောင်ရွှီရင်က စီကုန်းယုဖုန်း၏ မေးခွန်းကို ဖြေရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် နတ်လှေ၏ အခန်းထဲမှ လုချန်း ထွက်လာပြီး

“ကျုပ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ချန်မိသားစုဝင် တစ်ယောက်ပါ။ ဒီနေရာကို ဖြတ်သွားနေတာပါ။ မိတ်ဆွေပြောနေတဲ့ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက ဘယ်သူလဲ ဆိုတာ ကျုပ် သိပါရစေ။ ပြီးတော့ ကျုပ်တို့ကိုလည်း မိတ်ဆက်ပေးနိုင်မလား။”

လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးလုံး အံ့သြသွားကြသည်။

ထျန်းရှ နတ်ဘုရား နိုင်ငံတော် ဟုတ်လား။

သူတို့ရဲ့ ဂျူနီယာ မောင်လေးက ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကလား။

…………

အခန်း (၁၅၈၆ )

အလိမ်ခံရသူ

ထင်ရှားသည့် အဖွဲ့အစည်းများသည် သူတို့၏ အလံများကို နတ်လှေများတွင် လွှင့်ထူထားလေ့ရှိကြသော်လည်း လုချန်းတို့၏နတ်လှေတွင်တော့ တိုက်ဆိုင်စွာပင် အလံမပါရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုနတ်လှေက ယဲ့ချူယောင်၏ ကိုယ်ပိုင်နတ်လှေ ဖြစ်သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဤနတ်လှေ၌ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းပါမပါ စီကုန်းယုဖုန်း အတည်မပြုနိုင်သဖြင့် တိုက်ရိုက် မေးမြန်းလိုက်ခြင်းဖြစ်သည်။

ကောင်းကင်ဝံပုလွေမြို့သို့ တိုက်ရိုက်ဦးတည်နေသည့် နတ်လှေပေါ်တွင် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ပါလာနိုင်သည်ဟု အစက သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ထိုသူက ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ သခင်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ချန် မိသားစုလား။

ဘယ်လိုပဲဖြစ်ဖြစ် ထိုမိသားစုအကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်ကို တွယ်ကပ်ရန် ကြိုးစားနေသည့် ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ မိသားစုအသေးလေးတစ်စုသာ ဖြစ်နိုင်၏။ ထိုရည်ရွယ်ချက်ဖြင့် နန်းတော်သို့ သွားရောက်ရာမှ နှင်ထုတ်ခံရ၍ ပြန်လာခြင်းဖြစ်ပေမည်။

စီကုန်းယုဖုန်း ဝေခွဲမနေတော့ပဲ ချက်ချင်းပဲ လှည့်ထွက်သွား၏။

စီကုန်းယုဖုန်း ထွက်ခွာသွားသည်ကို မြင်လျှင် ဇဝေဇဝါဖြစ်နေကြသည့် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့က လုချန်းကို လှည့်ကြည့်လိုက်ကြသည်။

လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်ကြောင်း ထင်ရှားပါလျက် အဘယ်ကြောင့် ပွင့်ပွင့်လင်းလင်း မပြောသနည်းဟု သူတို့ တွေးတောနေကြခြင်းဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ သြဇာသက်ရောက်ရာ နယ်ပယ်အတွင်း နန်းတော်သခင်၏ တပည့်ရင်းကို မည်သူကမှ ရန်မူဝံ့မည်မဟုတ်ပေ။ ထိုသူသည် ကောင်းကင်ဝံပုလွေမြို့အနီးရှိ လက်အောက်ခံအဖွဲ့အစည်းတစ်ခုက သူ့ကို လာရောက်ကြိုဆိုရန် စေလွှတ်လိုက်သည့်သူ ဖြစ်နိုင်သည် မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် ကောက်ရှီယွမ်က လုချန်းကို

“မောင်လေးက... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ ထုတ်မပြောတာလဲ။”

လုချန်းက ချက်ချင်း အဖြေမပေးပဲ သူ့ရှေ့ရှိ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်သည်။

[အမည် : စီကုန်းယုဖုန်း]

[အချက်အလက် : ချီယန်ဂိုဏ်း၏ အတွင်းစည်းအကြီးအကဲ၊ သွေးလင်းယုန်နန်းဆောင်၏ အကြီးအကဲ]

[စွမ်းအား : ရွှေနတ်အဆင့်]

[သစ္စာရှိမှု : ၀]

စီကုန်းယုဖုန်းတွင် အဆင့်အတန်း နှစ်ခုရှိနေသည်ကို မြင်လျှင် လုချန်း ရယ်လိုက်မိ၏။ ထိုသူ သူလျှိုတစ်ဦးဖြစ်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။

လုချန်းက ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်ကို

“အဲ့ဒီလူက ချီယန်ဂိုဏ်းကပဲ”

ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး ထပ်မံ မှင်တက်သွားကြပြီး သူတို့၏ အေးစက်လှသော မျက်နှာများလည်း ချက်ချင်းပင် တည်ကြည်လေးနက်သွားကြ၏။

ထို့နောက် သူတို့ တွေဝေမနေတော့ပဲ နတ်လှေ၏ အမြင့်ကိုလျှော့ချကာ ကောင်းကင်ဝံပုလွေမြို့သို့ အမြန်ဆုံး ဦးတည်မောင်းနှင်လိုက်ကြသည်။

ဤနယ်မြေသည် လျှို့ဝှက်လဝန်းနန်းတော် အုပ်ချုပ်သည့် နေရာဖြစ်၏။ ယခု ချီယန်ဂိုဏ်းမှ လူတစ်ဦး ရုတ်တရက် ပေါ်လာကာ လုချန်း နန်းတော်သခင်၏ တိုက်ရိုက်တပည့် ဟုတ်မဟုတ် မေးမြန်းနေခြင်းက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေခြင်းသာဖြစ်သည်။

ထိုသူ ချီယန်ဂိုဏ်းကဖြစ်ကြောင်း လုချန်း မည်သို့သိသနည်းဟု သူတို့ မသိသော်လည်း လုချန်း ပြောသည့်အတွက် သတိထားရမည် ဖြစ်သည်။

ထို့ပြင် လုချန်းသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သောကြောင့် တစ်ချက်ကြည့်ရုံဖြင့် ချီယန်ဂိုဏ်းမှလူကို ခွဲခြားနိုင်သည့် အထူးနတ်လက်နက်တစ်ခုခုကို နန်းတော်သခင်က သူ့ကို ပေးထားခြင်းလည်း ဖြစ်နိုင်သည်။

အမျိုးသမီးနှစ်ဦးလည်း လုချန်း မည်သို့သိသနည်းဟု မမေးမြန်းတော့ပဲ သူ၏စကားကိုသာ အကြွင်းမဲ့ ယုံကြည်လိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ဖြစ်ပျက်သမျှကို လျှို့ဝှက်လဝန်းနန်းတော်သို့ အကြောင်းကြားရန် အသံလွှင့်အင်းစာရွက်ကို အသုံးပြုဖို့ ရှောင်ရွှီရင် ချက်ချင်း ပြင်ဆင်လိုက်သည်။

အသံလွှင့်အင်းစာရွက်ကို သုံးရန် ပြင်နေသည့် ရှောင်ရွှီရင်ကို လုချန်းက အမြန်တားဆီးလိုက်ရင်း

“အစ်မ ရှောင်... ခဏနေပါဦး။ အသံလွှင့်အင်းစာရွက်ကို ကျုပ်တို့ လုံးဝ မသုံးသင့်ဘူး။”

ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း နန်းတော်သခင်၏ တပည့်ရင်းကို ပေါ်ပေါ်ထင်ထင် လာရောက်ရှာဖွေနေသည့် ယခုလို ကိစ္စကြီးတစ်ခုကို အဘယ်ကြောင့် အစီရင်ခံစာ မတင်ရမည်နည်းဟု ရှောင်ရွှီရင်က လုချန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

ရှောင်ရွှီရင်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်လျှင် သူမသည် နန်းတော်၏ ကာကွယ်မှုအောက်တွင်သာ နေခဲ့ရလွန်းသဖြင့် ဒီလောက်တောင် နုံအနေတာလားဟု လုချန်း တွေးလိုက်မိကာ စကားပင် မဆိုနိုင်တော့ချေ။

လုချန်းက

“အဲ့ဒီလူက ရွှေနတ်အဆင့်ရှိတဲ့သူပဲ။ အခု အသံလွှင့်အင်းစာရွက်ကို ခင်ဗျား သုံးလိုက်ရင် စွမ်းအားလှိုင်းတွေကို သူ ခံစားမိသွားလိမ့်မယ်။ အဲ့ဒါကို သူ သိသွားရင် ကျုပ် သူ့ကို လိမ်လိုက်မှန်း ချက်ချင်း ရိပ်မိသွားလိမ့်မယ်။”

ထိုသူ ရွှေနတ်အဆင့် ဖြစ်ကြောင်း ကြားလျှင် အသံလွှင့်အင်းစာရွက်ကို အဘယ်ကြောင့် မသုံးသင့်ကြောင်း ရှောင်ရွှီရင် ချက်ချင်း နားလည်သွားသည်။ နတ်တစ်ပါး၏ စွမ်းအား အဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် သိမ်မွေ့သော စွမ်းအားလှိုင်းများကိုပင် အာရုံခံနိုင်၏။

အသံလွှင့်အင်းစာရွက်ကို အသုံးပြုလိုက်သည်နှင့် ထိုသူ သံသယဝင်သွားပေလိမ့်မည်။ ရှောင်ရွှီရင်က အသံလွှင့်အင်းစာရွက်ကို အမြန်သိမ်းလိုက်ရင်း

“တောင်းပန်ပါတယ် မောင်လေး... ။ သူက ရွှေနတ်အဆင့်မှန်း အစ်မ မသိခဲ့လို့ပါ။”

စောစောက ပုဂ္ဂိုလ်သည် စွမ်းအားကြီးသူတစ်ဦး၏ ပြင်းထန်သော အငွေ့အသက် သို့မဟုတ် ဖိအားများကို ထုတ်မပြခဲ့သဖြင့် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း သူ့ကို ကောင်းကင်နတ်အဆင့်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သူက ရည်ရွယ်ချက်ရှိရှိ စွမ်းအားကို ဖုံးကွယ်ထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။

ထိုသူ လုချန်း နောက်ကို လိုက်နေတာ သေချာ၏။

ယခုတော့ ပြဿနာ တက်ပြီ ဖြစ်သည်။

ချီယန်ဂိုဏ်းမှ လူများ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ လူရှာနေခြင်းက ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေ မကောင်းလှကြောင်း ဖော်ပြနေသည်။ ကောင်းကင်ဝံပုလွေမြို့သည် ချီယန်ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိနေပြီးဖြစ်ကာ နန်းတော်သခင်ကို ခြိမ်းခြောက်ရန်အတွက် လုချန်းကို ဖမ်းဆီးလိုနေခြင်းလည်း ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် ကောက်ရှီယွမ်က

“ကောင်းကင်ဝံပုလွေမြို့ရဲ့ အခြေအနေက မသေချာဘူး။ တို့ အခုပဲ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ကြရအောင်။”

လုချန်းသည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်သည့်အတွက် ထိခိုက်မှု တစ်ခုခု ဖြစ်သွား၍ မရဟု ကောက်ရှီယွမ် တွေးတောနေမိသည်။ အကယ်၍ သူ တစ်စုံတစ်ခု ဖြစ်သွားပါက နန်းတော်သခင် တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာသောအခါ သူတို့ကို အပြစ်တင်ပေလိမ့်မည်။

လုချန်းက

“မလိုပါဘူး။ ကျုပ်က အစကတည်းက လျှို့ဝှက်လဝန်းနန်းတော်ကနေ ကောင်းကင်ဝံပုလွေမြို့ကို စေလွှတ်လိုက်တဲ့ သံတမန်တစ်ယောက်ပဲ။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က အတွေ့အကြုံယူဖို့ရော မြို့တော်ရဲ့ အပြောင်းအလဲတွေကို တားဆီးဖို့ရောပဲ။”

လုချန်းက

“အခု ကျုပ်သာ ထွက်ပြေးသွားရင် ရယ်စရာကြီး ဖြစ်သွားလိမ့်မယ်။ နန်းတော်က အကြီးအကဲတွေက ကျုပ်ကို ဘယ်လိုမြင်ကြမလဲ။ ပြီးတော့ ကျုပ်ဆရာအပေါ်မှာရော ဘယ်လို ထင်သွားကြမလဲ။”

လုချန်း၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦး ပြန်လည် စဉ်းစားကြည့်ပြီး ယုတ္တိရှိသည်ဟု ယူဆလိုက်ကြ၏။ လုချန်းသည် ကောင်းကင်ဝံပုလွေမြို့၏ ကိစ္စရပ်များကို စီမံခန့်ခွဲရန် အထူးသံတမန်အဖြစ် စေလွှတ်ခြင်း ခံထားရသူ ဖြစ်သည်။

ချီယန်ဂိုဏ်းက မြို့ကို ကျူးကျော်သိမ်းပိုက်ခြင်းမှ သူ မတားဆီးနိုင်ခဲ့လျှင်တောင် အနည်းဆုံးတော့ သူ ကြိုးစားခဲ့သင့်သည်။ ကောင်းကင်ဝံပုလွေမြို့သို့ပင် မရောက်သေးပဲ လုချန်း ထွက်ပြေးသွားပါက သူရဲဘောကြောင်သူတစ်ဦးအဖြစ် ရှုမြင်ခံရပေလိမ့်မည်။

ထိုကိစ္စက လုချန်း၏ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားရုံနှင့်လည်း ပြီးသွားမည် မဟုတ်ပေ။ အရေးကြီးဆုံးအချက်က နန်းတော်သခင်ကိုပါ ထိခိုက်စေနိုင်ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နန်းတော်သခင်တွင် တပည့်ရင်း နှစ်ဦးသာရှိပြီး တစ်ဦးက သေဘေးကို ကြောက်ရွံ့သော သူရဲဘောကြောင်သူဟု ကျော်ကြားသွားပါက နန်းတော်သခင်ကို လူများက မည်သို့မြင်ကြမည်နည်း။

လုချန်းက

“ကျုပ်တို့ အရင်ဆုံး ကျုပ်တို့ရဲ့ ဇစ်မြစ်တွေကို ဖုံးကွယ်ပြီး ကောင်းကင်ဝံပုလွေမြို့ရဲ့ အခြေအနေကို သွားကြည့်ရအောင်။ အကယ်၍ မြို့တော်ကို ချီယန်ဂိုဏ်းက တကယ်သိမ်းပိုက်ထားပြီဆိုရင်တောင် ကျုပ်တို့ အချိန်မီ ပြန်ထွက်လာလို့ ရပါသေးတယ်။”

ကောက်ရှီယွမ်က

“ကောင်းပါပြီ... မောင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”

ထို့နောက် သူတို့ သုံးဦးစလုံး ကောင်းကင်ဝံပုလွေမြို့သို့ ဆက်လက် ဦးတည်ထွက်ခွာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင်။

လုချန်းတို့နှင့် လမ်းခွဲခဲ့ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်ဘက်သို့ စီကုန်းယုဖုန်း ဆက်လက် ထွက်ခွာခဲ့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် နန်းတော်သခင်၏ တပည့်ရင်းကို မတွေ့ရှိသဖြင့် တစ်ခုခု မှားယွင်းနေပြီဟု သူ ခံစားလိုက်ရသည်။

ယုတ္တိဗေဒအရ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လှေသည် ယခုအချိန်တွင် ကောင်းကင်ဝံပုလွေမြို့ အနီးအနားသို့ ရောက်ရှိနေသင့်ပြီ ဖြစ်၏။

မည်သည့် အတွက်ကြောင့် မတွေ့ရသနည်း။

ခဏလေး...

သူတို့နှင့် တွေ့ဆုံခဲ့သော်လည်း သူကိုယ်တိုင်က မသိလိုက်ခြင်းများ ဖြစ်နိုင်မလားဟု စီကုန်းယုဖုန်း ရုတ်တရက် တွေးတောလိုက်မိသည်။

နန်းတော်သခင်၏ တပည့်ရင်းဖြစ်သည့်အတွက် သူရှာနေသောသူ၌ ခန့်ညားထည်ဝါသော ပုံရိပ်ရှိလိမ့်မည်ဟု သူ ယူဆထားခဲ့သည်။ ကောင်းကင်ဝံပုလွေမြို့သို့ သွားမည့် သံတမန်တစ်ဦးအနေနှင့် နတ်လှေပေါ်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ အလံနှင့် အမှတ်အသားများကို တပ်ဆင်ထားမည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်၏။

သို့သော် ယခု ပြန်လည်စဉ်းစားကြည့်လျှင် အဖြေတစ်မျိုး ထွက်နေပြန်၏။ သူတို့သည် မြို့တော်အတွင်း ပုန်ကန်လိုသော စိတ်ဆန္ဒရှိသူများ ရှိမရှိကို စုံစမ်းရန် လာရောက်ခြင်းဖြစ်ရာ ပေါ်ပေါ်ထင်ထင် လာရောက်ပါက မြို့တော်ရှိ မိသားစုကြီးများကို ကြိုတင်ပြင်ဆင်ခွင့် ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့ ရောက်သွားသည့်တိုင် မည်သည့်အရာကိုမှ ရှာတွေ့မည် မဟုတ်ချေ။ ထို့ကြောင့် ထိုသူက လျှို့ဝှက်စွာ လာရောက်ခြင်းဖြစ်ပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိပြီးမှသာ သူ၏ အဆင့်အတန်းကို ထုတ်ဖော်ရန် ကြံစည်ထားခြင်းလည်း ဖြစ်နိုင်သည်။

ထိုသို့တွေးမိသည်နှင့် စောစောက လူငယ်ကို စီကုန်းယုဖုန်း ချက်ချင်း သတိရသွားသည်။

ထိုသူ၏ ဘေးတွင် ကောင်းကင်နတ်အဆင့် အစေခံ နှစ်ဦးရှိနေ၏။ ကောင်းကင်နတ် နှစ်ဦးကို အတူခေါ်ဆောင်နိုင်သူမှာ အဆင့်အတန်း မြင့်မားသူတစ်ဦးသာ ဖြစ်နိုင်ပြီး ထိုသူသည် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်ရင်း ဖြစ်ရန် အလားအလာ အလွန်များသည်။

………….

အခန်း (၁၅၈၇ )

ကျန့်နင်မြို့ထဲဝင်၍ ထောက်လှမ်းခြင်း

လုချန်း၏ လှည့်စားမှုကို ခံလိုက်ရသည်ဟူသော အတွေးက စီကုန်းယုဖုန်း၏ ရင်ထဲ ဒေါသမီးများ တောက်လောင်သွားစေသည်ဟု ဆိုရမည်။

ထို့ကြောင့် နည်းနည်းမှ မတွေ‌ဝေတော့ပဲ လုချန်းကို ခြုံခိုတိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်လျက် နောက်သို့လှည့်ကာ ကောင်းကင်ဝံပုလွေမြို့ဆီသို့ စီကုန်းယုဖုန်း အမြန်ဦးတည် သွားလိုက်တော့သည်။

နန်းတော်သခင်၏ တပည့်သည် ကောင်းကင်ဝံပုလွေမြို့သို့ သွားနေခြင်း ဖြစ်သောကြောင့် ထိုနေရာသို့ ဧကန်မုချ ရောက်လာမည်မှာ သေချာ၏။ မည်သူမှ သံသယမဝင်စေရန် လုချန်း ကောင်းကင်ဝံပုလွေမြို့သို့ မရောက်မီ ကြားဖြတ်ရှင်းလင်းရန် စီကုန်းယုဖုန်း အစက ရည်ရွယ်ခဲ့ခြင်းဖြစ်၏။

ချီယန်ဂိုဏ်းတွင် သူ အချိန်အတန်ကြာ ဆက်လက်ပုန်းအောင်းနေရန် လိုအပ်နေသေး၏။ ထို့ကြောင့် အချိန်မတိုင်မီ သူ၏ ဇာတိရုပ် ဖော်ထုတ်ခံရပါက သူ့အတွက် ကောင်းကျိုး ဖြစ်စေမည် မဟုတ်ပေ။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းကို သူ မမြင်ဖူးသည့်အတွက် အခွင့်အရေးကိုသာ စောင့်ကြည့်ရန် စီကုန်းယုဖုန်း ဆုံးဖြတ်လိုက်သည်။

ထိုသို့တွေးရင်း ကောင်းကင်ဝံပုလွေမြို့ဆီသို့ သူ၏ အမြန်ဆုံး အရှိန်ဖြင့် စီကုန်းယုဖုန်း ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင် နတ်လှေကို သိမ်းဆည်းရန် ရှောင်ရွှီရင်ကို လုချန်း ပြောထားပြီးဖြစ်သည်။ သူတို့သည် ဓားပျံကို အသုံးပြုကာ ခပ်နိမ့်နိမ့် ပျံသန်း၍ ကောင်းကင်ဝံပုလွေမြို့ဆီသို့ ဆက်လက်ထွက်ခွာလာကြ၏။

ဖြစ်ပျက်နေသည့်အရာကို စီကုန်းယုဖုန်း ရိပ်မိသွားနိုင်ကြောင်း လုချန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ရိပ်မိသွားသည်နှင့် သူတို့နောက်သို့ အမြန်ဆုံးနှုန်းဖြင့် လိုက်လာမည်မှာ ဧကန်မုချ ဖြစ်၏။

ရွှေရောင်နတ် အဆင့်ရှိသည့် စီကုန်းယုဖုန်းထက် သူတို့၏ သွားနှုန်း ပိုမမြန်နိုင်တာသေချာ၏။ ထို့ကြောင့် နတ်လှေကို စွန့်ပယ်ပြီး ရုပ်ဖျက်ကာ ကောင်းကင်ဝံပုလွေမြို့သို့ သွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။

လမ်းခရီး၌ လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့်

“ဘာလို့ ကောင်းကင်ဝံပုလွေမြို့မှာ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ မရှိရတာလဲ။”

ထျန်းရန် နတ်ဘုရား နယ်မြေသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ စကြဝဠာထက် များစွာကျယ်ပြောလှသဖြင့် ခရီးသွားလျှင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို အကြိမ်ရေ အမြောက်အမြား အသုံးပြုကြရ၏။

ဝေးကွာလှသော ကောင်းကင်ဝံပုလွေမြို့ကဲ့သို့ နေရာမျိုးကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ရှိသင့်သည်ဟု လုချန်း တွေးတောမိသည်။ သို့မှသာ လျှို့ဝှက်လဝန်းနန်းတော်မှ လူများ ကောင်းကင်ဝံပုလွေမြို့သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်၏။

ရှောင်ရွှီရင်က

“အရင်ကတော့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာအတွင်း မြို့တော်တော်များများက နည်းဗျူဟာပုံစံတွေ ပျက်စီးသွားပြီး ဘယ်သူမှ ပြန်မပြင်ကြတော့ဘူး။ အဲ့ဒါတွေကိုသာ အကုန်ပြန်ပြင်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အမြောက်အမြား ကုန်ကျမှာမယ့်အပြင် ထိန်းသိမ်းစရိတ်ကလည်း ကြီးလွန်းလို့ မပြင်ပဲ ထားလိုက်တာက ပိုလွယ်လို့ပါ။”

လျှို့ဝှက်လဝန်းနန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရေတွက်မကုန်နိုင်သော မြို့များစွာ ရှိနေ၏။ ထို့ကြောင့် မြို့တိုင်း၌ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ထားရှိပါက ဝိညာဉ်ကျောက်တုံး အသုံးစရိတ် အလွန်များပြားမည်ဖြစ်ကြောင်း လုချန်း နားလည်သွား၏။

ယင်းသည် စီးပွားရေးအရ တွက်ချက်မှုတစ်ခုသာဖြစ်သည်။ မပြင်နိုင်၍ မဟုတ်ပဲ မလိုအပ်ပဲ အကုန်အကျ မခံလိုခြင်းသာ ဖြစ်၏။

လုချန်းနှင့် စကားပြောပြီးနောက် ရှောင်ရွှီရင်က

“ဂျူနီယာမောင်လေးချန်းက... တကယ်ပဲ ထျန်းရှ နတ်ဘုရား နိုင်ငံတော်က လာတာလား။”

ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်ကလည်း သူမ၏ အရှိန်ကို လျှော့ချလိုက်ကာ လုချန်း၏ အဖြေကို စိတ်ဝင်တစား နားစွင့်နေ၏။

ဓားပျံဖြင့် ဆက်လက်ထွက်ခွာရင်း လုချန်းက

“ကျုပ် အဲ့ဒါကို လုပ်ကြံပြောလိုက်တာပါ။ ကျုပ်က ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ နှစ်သန်းပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာဆိုတော့ ကိုယ့်ကိုယ်ကို ဘယ်ကလာလဲဆိုတာကိုတောင် မေ့နေပါပြီ။”

လုချန်း၏ စကားကို ကြားရသောအခါ အမျိုးသမီးနှစ်ဦး အနည်းငယ် စိတ်ပျက်သွားကြ၏။ ဤချန်းလုသည် လုချန်း၏ ဘဝကူးဝင်စားခြင်း ဖြစ်နိုင်မလားဟု သူတို့ အစက တွေးတောခဲ့ကြသေး၏။

သို့သော် ယခု ပြန်လည်စဉ်းစားကြည့်ပါက ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင် နတ်ဧကရာဇ်တစ်ပါး၏ စိတ်အာရုံပင် ပျောက်ကွယ်သွားရမည်ဖြစ်ရာ နတ်ဘုရင်တစ်ပါးက မည်သို့မည်ပုံ ဘဝကူးဝင်စားလို့ ရနိုင်မည်နည်း။

ချန်းလုသည် ချန်းလုသာဖြစ်ပြီး လုချန်းနှင့် မည်သို့မှ မပတ်သက်ချေ။ ထိုသို့ဖြင့် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ အတွေးလွန်နေမှုများကို ရပ်တန့်လိုက်ကြတော့၏။

ရက်အနည်းငယ် ခရီးနှင်ပြီးနောက် ကောင်းကင်ဝံပုလွေမြို့သို့ သူတို့ ရောက်ရှိလာကြသော်လည်း မြို့တံခါးသို့ ရောက်သည့်အခါ ချက်ချင်း မဝင်ကြသေးပေ။ လုံခြုံရေးကို တင်းကျပ်ထားသည့် ပုံစံအရ ကောင်းကင်ဝံပုလွေမြို့ အပြင်ဘက်တွင် စစ်သည်အမြောက်အမြား ရှိနေမှာ ထင်ရှား၏။

သံတမန်ကို အန္တရာယ်ပြုမည့်သူများ ရှိလာမည်ကို စိုးရိမ်သဖြင့် သံတမန် လာမည့်ခရီးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကောင်းကင်ဝံပုလွေမြို့ဘက်မှ အကြောင်းပြထားပြီး ကင်းစောင့်များကိုလည်း တိုးမြှင့်ထားသည်။

သို့သော် ကောင်းကင်ဝံပုလွေ မြို့တော်ဝန်၏ ရည်ရွယ်ချက်က သက်သက်ရှိ၏။ တကယ်တော့ လူအုပ်ကြားထဲမှ မြို့ထဲသို့ သူတို့ ခိုးဝင်သွားမည်ကိုသာ မြို့တော်ဝန် စိုးရိမ်နေခြင်း ဖြစ်ကြောင်း လုချန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထို့ကြောင့် သံတမန်၏ လုံခြုံရေးကို အကြောင်းပြကာ စစ်ဆေးနေခြင်း ဖြစ်သည်။

သူ၏ စိတ်အာရုံကို အသုံးပြု၍ လုချန်း စူးစမ်းကြည့်လိုက်ရာ မြို့တံခါးအနီးတွင် သာမန်လူများသာ ရှိနေသော်လည်း မြို့ရိုးပေါ်တွင်မူ ကောင်းကင်နတ် တစ်ပါး ရှိနေသည်ကို တွေ့လိုက်ရသည်။ ရိပ်မိမသွားစေရန် သူ၏ စိတ်အာရုံကို လုချန်း ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။

မြို့တံခါးကို စောင့်ကြပ်နေသည့် လူအမြောက်အမြားကို တွေ့ရသောအခါ ရှောင်ရွှီရင်က

“အခု တို့ ဘာဆက်လုပ်ကြမလဲ”

ခဏခန့် စဉ်းစားပြီးနောက် ကောက်ရှီယွမ်က

“တို့တတွေ အပြင်မှာပဲ အမြဲ နေနေလို့ မရဘူးလေ။ တို့ တကယ်ဘယ်သူလဲ ဆိုတာကိုပဲ ထုတ်ဖော်လိုက်ရင် ပိုကောင်းမလား။”

ရှောင်ရွှီရင်က

“ကောင်းကင်ဝံပုလွေမြို့ တစ်မြို့လုံးကို ချီယန်ဂိုဏ်းက အပြည့်အဝ ထိန်းချုပ်ထားသလားဆိုတာ မသေချာသေးဘူး။ အခုအချိန်မှာ တို့ ဘယ်သူလဲ ဆိုတာကို ထုတ်ဖော်လိုက်ရင် တို့အတွက် အခြေအနေ မဟန်ဖြစ်သွားနိုင်တယ်။”

လုချန်း အတန်ကြာ တွေးတောလိုက်၏။ ကောင်းကင်ဝံပုလွေမြို့သို့ သူတို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ထဲသို့ မဝင်ပဲနေပါက အတွင်းပိုင်း အခြေအနေမှန်ကို သိနိုင်မည် မဟုတ်ပေ။

ကောင်းကင်ဝံပုလွေမြို့ အပြင်ဘက်တွင် သွားလာနေကြသည့် လူသားများကို လုချန်း ကြည့်လိုက်ပြီးနောက် လတ်တလော ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မေးမြန်းရန် လမ်းပေါ်ရှိ လူသားတစ်ဦးထံသို့ ချဉ်းကပ်သွား၏။ ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေကို အခြားလူများထံ၌လည်း သူတို့ အစောကတည်း မေးမြန်းခဲ့ပြီး ဖြစ်၏။

လောလောဆယ်တွင် ကောင်းကင်ဝံပုလွေမြို့သည် အမည်ခံအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အောက်တွင် ရှိနေဆဲဖြစ်ပြီး မြို့သူမြို့သားများကလည်း ထိုအတိုင်းပင် ယုံကြည်နေကြဆဲ ဖြစ်၏။

လုချန်းနှင့် သူ၏ အဖော်များ မြို့ထဲဝင်ရန် တွန့်ဆုတ်နေရခြင်းမှာ မြို့တော်ဝန်နှင့် ကောင်းကင်ဝံပုလွေမြို့ရှိ အချို့သော မိသားစုများ ပုန်ကန်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ချီယန်ဂိုဏ်းမှ လူများ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းသို့ ဝင်ရောက်၍ သူတို့ကို ရှာဖွေနေခြင်းက ကောင်းကင်ဝံပုလွေမြို့အတွင်း၌ ပူးပေါင်းဆောင်ရွက်သူများ တကယ်ရှိနေသောကြောင့်သာ ဖြစ်ရမည်။ ယခုအချိန်တွင် မြို့ထဲသို့ ဝင်ရောက်ခြင်းက ထောင်ချောက်ထဲသို့ ကိုယ်တိုင်တိုးဝင်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။

ထိုလူနှင့် စကားပြောပြီးသောအခါ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ လုချန်းထံသို့ လျှောက်လာကြပြီး ရှောင်ရွှီရင်က

“ဂျူနီယာမောင်လေးချန်း... အခြေအနေက တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ တို့ ပြန်သင့်တယ် ထင်တယ်”

လုချန်းက

“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်က စေလွှတ်လိုက်တဲ့ သံတမန်ဖြစ်တာကြောင့် ကျုပ်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရလိမ့်မယ်။”

လုချန်းက

“ကျုပ်တို့ အနီးနားက မြို့တွေကို သွားပြီးတော့ ကောင်းကင်ဝံပုလွေမြို့ရဲ့ လက်ရှိအခြေအနေကို စုံစမ်းကြည့်လို့ ရတာပဲ။”

ကောင်းကင်ဝံပုလွေမြို့၏ အနီးနားတွင် အခြားမြို့အနည်းငယ် ရှိနေသေး၏။ ဤနေရာရှိ အခြေအနေများက ရှုပ်ထွေးနေသဖြင့် အခြားမြို့များကို အရင် စစ်ဆေးကြည့်ခြင်းက ပို၍ ပညာရှိရာ ရောက်ပေလိမ့်မည်။ သူသည် ကျင့်စဉ်အတွက်သာ ကောင်းကင်ဝံပုလွေမြို့သို့ လာခြင်းဖြစ်ပြီး မြို့ထဲသို့ မဖြစ်မနေ ဝင်ရန် မလိုအပ်ချေ။

ပညာရှိသောသူသည် ဘေးအန္တရာယ်ရှိသည့် နေရာသို့ မသွားတတ်ပေ။ ကောင်းကင်ဝံပုလွေမြို့သည် အန္တရာယ်ရှိနေနိုင်ပြီး သူ့အတွက် အကာအကွယ် မရှိကြောင်း သိထားသဖြင့် လုချန်း ဇွတ်အတင်း ဝင်ရောက်မည် မဟုတ်ချေ။

လုချန်း၏ အကြံပြုချက်ကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလည်း သင့်တော်သည်ဟု ယူဆကြသဖြင့် ကောင်းကင်ဝံပုလွေမြို့မှ ထွက်ခွာခဲ့ပြီး မလှမ်းမကမ်းရှိ ကျန့်နင်မြို့သို့ ဦးတည်ထွက်ခွာလာကြ၏။

ကျန့်နင်မြို့သည် မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်လည်း နတ်တစ်ပါးအတွက်မူ ကောင်းကင်ဝံပုလွေမြို့မှ တစ်နာရီပင် မကြာသော ခရီး ဖြစ်သည်။ လူသားများအတွက်မူ ကျန့်နင်မြို့မှ ကောင်းကင်ဝံပုလွေမြို့သို့ အနည်းဆုံး နှစ်ရက်ကြာ ခရီးနှင်ရမည် ဖြစ်၏။

ကောင်းကင်ဝံပုလွေမြို့သို့ သွားကြသည့် လူသားကုန်တင်ယာဉ်တန်းများသည် ကျန့်နင်မြို့၌ တစ်ညတာ အနားယူလေ့ရှိကြသဖြင့် ထိုနေရာတွင် ကောင်းကင်ဝံပုလွေမြို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာ ရှိနေသည်ကတော့ အမှန်ပင် ဖြစ်၏။

ကျန့်နင်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် အခြေချပြီးနောက် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ ကုန်သည်များ လာရောက်တတ်သည့် အရက်ဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ အရက်သောက်ရင်း လူများ၏ စကားဝိုင်းကို လုချန်း နားစွင့်နေလိုက်၏။

“ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး။ မကြာသေးခင်ကပဲ ကောင်းကင်ဝံပုလွေမြို့က ရုတ်တရက်ကြီး ပိတ်လိုက်တယ်။ ကျုပ်တို့ရဲ့ ကုန်တင်ယာဉ်တန်းတွေတောင် ဝင်လို့မရတော့ဘူး။ လာဘ်ထိုးရင်တောင် မရဘူးဗျ။”

“ခင်ဗျား မကြားမိဘူးလား...လျှို့ဝှက်လဝန်းနန်းတော်က သံတမန် လာတော့မယ်လို့ ပြောနေကြတယ်။ သံတမန်ကို တစ်ယောက်ယောက်က ကုန်တင်ယာဉ်တန်းတွေနဲ့အတူ ရောနှောဝင်ရောက်ပြီး အန္တရာယ်ပြုမှာကို ကောင်းကင်ဝံပုလွေ မြို့တော်ဝန်က စိုးရိမ်နေတာကြောင့် အခုလို ပိတ်လိုက်တာတဲ့။”

“ငါတို့က သာမန်လူတွေပဲလေ။ နတ်တစ်ပါးကို အန္တရာယ်ပြုဖို့ ငါတို့မှာ ဘာစွမ်းအား ရှိမှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က သံတမန်ကို အန္တရာယ်ပြုချင်တယ်ဆိုရင်တောင် အဲဒီလူက နတ်တစ်ပါးပဲ ဖြစ်မှာပေါ့။”

“အမှန်ပဲ။ သံတမန်ကို အန္တရာယ် အပြုနိုင်ဆုံးက ကောင်းကင်ဝံပုလွေမြို့ထဲက အထက်တန်းလွှာ မိသားစုတွေပဲ ဖြစ်လိမ့်မယ်။”

ထိုစကားများကို ကြားလိုက်ရသဖြင့် အရက်အိုးကြီး တစ်လုံးကို ကိုင်ကာ ဘေးစားပွဲသို့ လုချန်း လျှောက်သွားလိုက်၏။ လုချန်း ရောက်လာသည်ကို မြင်သောအခါ လူသားများ ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်နေကြ၏။

ကုန်တင်ယာဉ်တန်း၏ အစောင့်တပ်မှူးက လုချန်းကို ကြည့်ကာ လုချန်းကို

“လူငယ်လေး... မင်း ဘာလိုချင်လို့လဲ”

All Chapters