← Chapters

အခန်း (၁၅၈၈-၁၅၉၀)

Vol. 106 Ch. 1588-1590

အခန်း (၁၅၈၈-၁၅၉၀)

Vol. 106 Ch. 1588-1590

အခန်း (၁၅၈၈ )

ယွမ်ချင်းရှု ရင်သွေးမွေးဖွားခြင်း

ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ကာ ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားပြီး နတ်အငွေ့အသက်များ ထွက်ပေါ်နေသည့် လုချန်းကို ကုန်သည်အဖွဲ့၏ တပ်မှူး ရွှီဝေဖုန်း မြင်လျှင် သူ၏ အဆင့်အတန်း ထူးခြားကြောင်း သိလိုက်၏။

ရွှီဝေဖုန်းနှင့် အခြားနှစ်ဦးအတွက် အရက်တစ်ခွက်စီကို လုချန်းက ဦးဆောင်၍ ငှဲ့ပေးကာ သူတို့အနားတွင် ဝင်ထိုင်လိုက်ပြီး

“ကျုပ်ကောင်းကင်ဝံပုလွေမြို့ကို သွားဖို့ စဉ်းစားနေတာ။ ခင်ဗျားတို့ အဲဒီမြို့အကြောင်း ပြောနေတာ ကြားလို့ အခြေအနေလေး သိချင်လို့ပါ။”

ထိုအရာကို ကြားလျှင် ရွှီဝေဖုန်းက

“သခင်လေး... ကျုပ် အကြံတစ်ခု ပေးပါရစေ။ အခုတလော ကောင်းကင်ဝံပုလွေမြို့ကို မသွားတာ အကောင်းဆုံးပါပဲ။”

“အခု အဲဒီမြို့ထဲကို လူနည်းနည်းပဲ ဝင်လို့ရတာပါ။ ကျုပ် လည်း အဲ့ဒီကနေ အခုမှ ပြန်လာတာ။”

လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်က လာတဲ့ အထူးသံတမန်ကြောင့်လား။”

ရွှီဝေဖုန်းက

“ဟုတ်ပါတယ်။ အဲဒီသံတမန်ရဲ့ အဆင့်အတန်းက တော်တော်လေး မြင့်တယ်လို့ ကြားရတယ်။ သံတမန် တစ်ခုခု အန္တရာယ်ဖြစ်မှာစိုးလို့ ကောင်းကင်ဝံပုလွေ မြို့တော်ဝန်က မြို့ကို ပိတ်ထားတာပါ။”

လုချန်း

“သံတမန်က လျှို့ဝှက်လဝန်းနန်းတော်က ဆိုရင် နန်းတော်နယ်မြေထဲမှာ ဘယ်သူက ရန်ပြုရဲမှာလဲ။ ဘာကို ကာကွယ်နေတာလဲ။”

အရက်ခွက်ကို ရွှီဝေဖုန်း ကောက်သောက်လိုက်ရာ လုချန်းက ချက်ချင်းပင် အရက် ပြန်ဖြည့်ပေးလိုက်၏။ ရွှီဝေဖုန်း ဆက်လက်၍

“ဘယ်သူသိမှာလဲ။ အရင်က လျှို့ဝှက်လဝန်းနန်းတော်က သံတမန်တွေ ကောင်းကင်ဝံပုလွေမြို့ကို လာတုန်းက မြို့ကို ဒီလိုမပိတ်ဖူးဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလည်း နန်းတော်က နတ်သံတမန်တစ်ယောက်ကို ကျုပ် မြင်ဖူးတယ်။”

ထိုစဉ် ရွှီဝေဖုန်း အနားရှိ အစောင့်တစ်ဦးက

“ကောင်းကင်ဝံပုလွေမြို့မှာ တစ်ခုခု အကြီးအကျယ် ဖြစ်တော့မယ်လို့ ကျုပ် ခံစားနေရတယ်။ ကျုပ် တို့လို သာမန်လူတွေက နတ်စွမ်းအားရှင်တွေကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ပဲနဲ့ သာမန်လူတွေကိုတောင် ပေးမဝင်ဘူးဆိုတော့။ မြို့က မိသားစုကြီးတွေက သံတမန်ကို တစ်ခုခု လုပ်ဖို့ ကြံနေတာများလား။”

ထိုအရာကို ကြားလျှင် ရွှီဝေဖုန်းက

“စကားကို ဆင်ခြင်ပြောစမ်း။ နတ်စွမ်းအားရှင်တွေ ကြားသွားဦးမယ်။”

ထိုလူက

“ကျုပ် လျှောက်ပြောနေတာ မဟုတ်ပါဘူး။ အဲဒီမိသားစုကြီးတွေမှာ အခု နတ်စွမ်းအားရှင်တွေ အမြောက်အမြား ထွက်ပေါ်နေပြီ။ သူတို့နဲ့ ချီယန်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ဘူးဆိုတာ ကျုပ် မယုံဘူး။”

လုချန်းက

“အဲ့ဒီ မိသားစုကြီးတွေမှာ နတ်စွမ်းအားရှင်တွေရှိတာ မထူးဆန်းဘူး မဟုတ်လား။”

ရွှီဝေဖုန်းက ရှင်းပြ၏။

“မှန်ပါတယ်။ မထူးဆန်းပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်က အမျိုးသမီး တပည့်တွေကိုပဲ လက်ခံတာ ဆိုပေမဲ့ အဲဒီမိသားစုကြီးတွေက အမျိုးသားတွေကတော့ နန်းတော်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေထဲ ဝင်လို့ရတာပဲ။”

“ဒါပေမဲ့...”

“ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေရဲ့ လုပ်ငန်းတွေက တောင်ဘက်ကို မချဲ့ထွင်ကြဘူး။ ဒီကုန်သွယ်ရေး လမ်းကြောင်းမှာ မိသားစုကြီးတွေရဲ့ ကုန်သည်အဖွဲ့တွေ မတွေ့ရသလောက်ပဲ။ ဒါပေမဲ့ မြောက်ဘက်မှာရှိတဲ့ ချီယန်ဂိုဏ်း နယ်မြေထဲကိုကျတော့ သူတို့ ကုန်သည်အဖွဲ့တွေ သွားနေကြတယ်။ ဒါက အဓိပ္ပာယ်မရှိဘူး။”

ကောင်းကင်ဝံပုလွေမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိ၏။ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေထဲမှာဆိုလျှင် သူတို့၏ လုပ်ငန်းများနှင့် အကျိုးစီးပွားများကို အကာအကွယ် ရနိုင်သော်လည်း တောင်ဘက်သို့ လုပ်ငန်းမချဲ့ထွင်ပဲ မြောက်ဘက်သို့သာ ဦးတည်နေကြခြင်း ဖြစ်၏။

မြောက်ဘက်ကို ချီယန်ဂိုဏ်းက အုပ်ချုပ်နေခြင်း ဖြစ်ပြီး ထိုနယ်မြေတွင် သူတို့အတွက် အကာအကွယ် မရှိပေ။

ထိုမိသားစုကြီးများ အနေနှင့် ထိုအရာကို မသိစရာ အကြောင်းမရှိပေ။ သူတို့၏ လုပ်ငန်းများ အကာအကွယ် မရနိုင်သည်ကို သိလျက်နှင့် ချီယန်ဂိုဏ်း နယ်မြေထဲကိုသာ သွားနေကြခြင်းက တကယ်ကို အဓိပ္ပာယ်မရှိသော ကိစ္စပင်။

ရွှီဝေဖုန်းက ဆက်လက်၍

“ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေဟာ လျှို့ဝှက်လဝန်းနန်းတော်ကနေ အချိန်မရွေး ခွဲထွက်ဖို့ ပြင်ဆင်နေကြတဲ့ ပုံပဲ။”

ရွှီဝေဖုန်း စကားကို လုချန်း ခဏခန့် တွေးတောလိုက်၏။ ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေ ချီယန်ဂိုဏ်းဘက် ကူးပြောင်းဖို့ တကယ်ကြံစည်နေကြခြင်း ဖြစ်နိုင်၏။ အကယ်၍ သူသာ ယနေ့ မြို့ထဲဝင်လျှင် သေတွင်းထဲ သက်ဆင်းသလို ဖြစ်သွားပေလိမ့်မည်။

ဒါက သူ့ကို တကယ် အခက်တွေ့စေသည်။ ထျန်းရန် နတ်ဘုရား နယ်မြေမှ မှတ်ဉာဏ်များ အားလုံးကို ပြန်ရထားသော်လည်း သူ၏ ကျင့်စဉ်အဆင့်က မြေနတ်အဆင့်တွင်သာ ရှိသေး၏။ လက်ရှိ စွမ်းအားနှင့်ဆိုလျှင် အရင်က တွေ့ခဲ့သော ရွှေနတ်အဆင့်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

သူတို့ တကယ်ပဲ ပြန်လှည့်သွားရတော့မှာလား။

လုချန်း ထိုသို့ တွေးနေစဉ်မှာပင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာ၏။

“ယွမ်ချင်းရှုသည် သခင့်အတွက် အမွှာရင်သွေးလေးများ မွေးဖွားပေးလိုက်ပြီ ဖြစ်သောကြောင့် သခင်ကို သူတော်စင်အဆင့် နတ်ဓားဖြစ်သော နတ်သတ်ဓားနှင့် နတ်ဘုရင်၏ ကျိန်စာတို့ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်ပါသည်”

စနစ်၏ အသိပေးချက်ကို ကြားလျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။

ယွမ်ချင်းရှု ကလေးမွေးပြီလား။

အမွှာတောင်လား။

နောက်ဆုံးတော့ မွေးလာကြပြီ။

သူ ဒီဆုလာဘ်ကို စောင့်နေတာ ကြာပြီ ဖြစ်၏။ သို့သော် ထိုဆုလာဘ်နှစ်ခု၏ အကူအညီဖြင့် လက်ရှိ အခြေအနေမှ လွတ်မြောက်ရန် လုံလောက်ပါ့မလား သူ မသေချာသေးပေ။

ထို့နောက် နတ်သတ်ဓားကို လုချန်း ကြည့်လိုက်၏။ ယခင်ဘဝ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ရှိစဉ်ကပင် သူတော်စင်အဆင့် နတ်ဓားမျိုး သူ မပိုင်ဆိုင်ဖူးသလို မြင်တောင် မမြင်ဖူးပေ။ ထိုကဲ့သို့သော နတ်လက်နက်များသည် နတ်ဂိုဏ်းအချို့၏ အဖိုးတန် ရတနာများဖြစ်ပြီး အလွယ်တကူ ထုတ်ပြလေ့မရှိကြပေ။

ထိုနတ်ဓားက သူ့အတွက် အသုံးဝင်သော်လည်း နတ်သတ်ဓား တစ်လက်တည်းနှင့် ရွှေနတ်အဆင့်ကို သတ်နိုင်ရန် မလုံလောက်သေးပေ။

ရွှေနတ်အဆင့်နှင့် မြေနတ်အဆင့်ကြားတွင် အဆင့်သုံးဆင့် ကွာခြား၏။ သူတော်စင်အဆင့် နတ်ဓားကို ကိုင်ထားလျှင်တောင် အများဆုံး အဆင့်နှစ်ဆင့်လောက်သာ ကျော်လွန် တိုက်ခိုက်နိုင်လိမ့်မည်။

ထို့နောက် နတ်ဘုရင်၏ ကျိန်စာကို လုချန်း ကြည့်လိုက်၏။

ထိုအရာအကြောင်း သူ တစ်ခါမှ မကြားဖူးသော်လည်း “နတ်ဘုရင်” ဟု ပါဝင်နေသည့်အတွက် သာမန်ရတနာ မဟုတ်သည်မှာ ထင်ရှား၏။

နတ်ဘုရင်၏ ကျိန်စာ၏ အကြောင်းအရာကို လုချန်း ချက်ချင်း ဖွင့်ကြည့်လိုက်၏။

[နတ်ဘုရင်၏ ကျိန်စာ : နတ်ဘုရင် တစ်ပါး မကွယ်လွန်မီ ထားရစ်ခဲ့သော အမှတ်အသား တစ်ခု ဖြစ်၏။ ထိုအမှတ်အသားကို အသုံးပြုလျှင် သခင်သည် နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို ယာယီ ရရှိမည် ဖြစ်ပြီး အကြိမ်ကြိမ် အသုံးပြုနိုင်ရန် စွမ်းအားကို သူ့အလိုလို ပြန်လည် ဖြည့်တင်းနိုင်သည်]

နတ်ဘုရင်၏ ကျိန်စာ၏ အ‌ကြောင်းအရာကို မြင်လျှင် လုချန်း တိတ်ဆိတ်သွား၏။

အိပ်ချင်နေစဉ် ခေါင်းအုံး ရလိုက်သလိုပင်။ စနစ်သည် အမြဲတမ်း သူ့အပေါ် အချိန်ကိုက် ကြည့်ရှုစောင့်‌ရှောက် တတ်ပေ၏။

လုချန်း အတွေးထဲနစ်မြောနေစဉ်မှာပင် ရွှီဝေဖုန်းက

“သခင်လေး... ကောင်းကင်ဝံပုလွေမြို့ရဲ့ အခြေအနေက မသေချာသေးဘူး။ အခု သွားမယ်ဆိုရင် အချိန်ကောင်း မဟုတ်ပါဘူး။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် ပြုံးလိုက်ပြီး

“ခင်ဗျား ပြောတာ မှန်ပါတယ်။ ကျုပ် ကျန့်နင်မြို့မှာ ရက်အနည်းငယ် ထပ်နေပြီး အခြေအနေကို စောင့်ကြည့်ဦးမယ်။”

“ဒီသတင်းတွေ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအရက်အိုးကို ကျုပ် လက်ဆောင်ပေးခဲ့မယ်။”

ထိုသို့ ပြောပြီးနောက် လုချန်း လှည့်ထွက်လာခဲ့၏။

နတ်ဘုရင်၏ ကျိန်စာ ရှိနေမှတော့ ရွှေနတ်အဆင့်ကို သူ ဘာကြောင့် ကြောက်နေရတော့မည်နည်း။

ရှေ့သို့သာ ဆက်သွားရန် လုချန်း ဆုံးဖြတ်လိုက်၏။ ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေ ဘာတွေ ကြံစည်နေလဲဆိုတာကို သူ သိချင်နေပြီ ဖြစ်၏။

ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ အရက်ဆိုင်ထဲမှ လုချန်း ထွက်လာခဲ့၏။ လုချန်းတို့ ထွက်သွားသည်ကို ရွှီဝေဖုန်း မျက်တောင်မခတ် ကြည့်နေမိ၏။

ထိုအခိုက်အတန့်တွင် ကုန်သည်အစောင့် တစ်ဦးက

“ဒီသခင်လေးက သာမန်လူတော့ မဟုတ်ဘူး။ မိသားစုကြီးတစ်ခုခုက သခင်လေးများလား။ ကျုပ် တို့ အဲဒီမိသားစုကြီးတွေ

မကောင်းကြောင်း ပြောတာကို သူ ကြားသွားရင်...”

ထိုအစောင့် စကားစပြတ်သွား၏။ ထိုအရာကို ကြားလျှင် အခြားအစောင့် တစ်ဦးလည်း ချွေးစေးများ ထွက်လာတော့၏။

ရွှီဝေဖုန်းက လုချန်း စားပွဲပေါ်တွင် ထားခဲ့သည့် အရက်အိုးကို ယူလိုက်ပြီး အရက်တစ်ခွက် ငှဲ့သောက်ကာ ခပ်အေးအေး ပြောလိုက်သည်။

“သူ့ရဲ့ အဆင့်အတန်းက အဲ့ဒီသခင်လေးတွေထက် အများကြီး ပိုမြင့်တယ်။”

ရွှီဝေဖုန်း စကားကြောင့် အစောင့်များ မှင်တက်သွားကြ၏။ ရွှီဝေဖုန်းက ဆက်ပြောလိုက်သည်။

“ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်”

ရွှီဝေဖုန်းသည် သာမန်လူသား တစ်ဦး ဖြစ်သော်လည်း ကုန်သည်အဖွဲ့ကို ဦးဆောင်ကာ နေရာအနှံ့ ရောက်ဖူးသဖြင့် လူအမျိုးမျိုးကို တွေ့ဖူးပြီး နတ်စွမ်းအားရှင် အမြောက်အမြားကိုလည်း မြင်ဖူး၏။

ထိုသူ ကောင်းကင်ဝံပုလွေမြို့ အခြေအနေကို စုံစမ်းနေခြင်းနှင့် သူ၏ ထူးခြားလှသော အရှိန်အဝါတို့ကြောင့် သူ၏ အဆင့်အတန်းကို ရွှီဝေဖုန်း ခန့်မှန်းမိပြီးသား ဖြစ်သည်။ ကောင်းကင်ဝံပုလွေမြို့၏ ပြောင်းလဲမှုများကို ထိုသူအား သတိပေးရန်နှင့် မသွားဖို့ တားမြစ်ရန်အတွက်သာ ရည်ရွယ်၍ သူ အများကြီး ပြောပြခဲ့ခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် ရွှီဝေဖုန်း၏ ခန္ဓာကိုယ်အနှံ့ နွေးထွေးသော စီးဆင်းမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး စိတ်အလွန်ကြည်လင်သွား၏။ နောက်တစ်ခဏတွင် လေထုထဲ၌ စီးဆင်းနေသော အပြာရောင် ဝိညာဉ် စွမ်းအားများကို သူ အာရုံခံနိုင်သွား၏။

ဝမ်းသာအားရဖြင့် ရွှီဝေဖုန်း တုန်ရင်စွာ မတ်တပ်ရပ်လိုက်မိသည်။ သူ ဒူးထောက် ဂါဝရပြုချင်သော်လည်း စိတ်ကို ထိန်းချုပ်ကာ လုချန်း ထွက်သွားသည့် ဘက်သို့ အရိုအသေ ပေးလိုက်ရုံသာ ပြုလိုက်၏။

…………

အခန်း (၁၅၈၉ )

သူတို့ ရောက်နေကြပြီ

လုချန်း၊ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ သူတို့၏ အခန်းသို့ ပြန်ရောက်လျှင် အမျိုးသမီးနှစ်ဦးကို လုချန်းက

“ကျုပ်တို့ မနက်ဖြန် ကောင်းကင်ဝံပုလွေမြို့ကို သွားကြမယ်”

ကောင်းကင်ဝံပုလွေမြို့သို့ သွားမည့်အကြောင်း လုချန်း ပြောသည်ကို ကြားလျှင် အမျိုးသမီးနှစ်ဦး အနည်းငယ် အံ့အားသင့်သွားကြ၏။ လုချန်းနှင့် ကုန်သည်အဖွဲ့ အစောင့်များအကြား ပြောဆိုခဲ့သည်များကိုလည်း သူတို့လည်း ကြားခဲ့ကြ၍ဖြစ်သည်။

ထိုအရာများကို ကြားပြီးနောက် လုချန်းအနေနှင့် ပြန်လှည့်သွားရန် သို့မဟုတ် အခြေအနေကို စောင့်ကြည့်ရန် ကျန့်နင်မြို့တွင်သာ နေထိုင်ရန် စဉ်းစားလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

ရှောင်ရွှီရင်က ဇဝေဇဝါဖြစ်လျက်

“မောင်လေးချန်း... ကောင်းကင်ဝံပုလွေမြို့ရဲ့ အခြေအနေက မသေချာသေးဘူး။ အခုသွားရင် အန္တရာယ်ရှိနိုင်တယ်။”

ကောက်ရှီယွမ်ကလည်း

“ကုန်သည်အစောင့်တွေ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေ သူတို့ရဲ့ လုပ်ငန်းတွေကို တောင်ဘက်ကို မချဲ့ထွင်ဘူးဆိုတာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်။”

“ကောင်းကင်ဝံပုလွေမြို့ကို ချီယန်ဂိုဏ်းက သိမ်းပိုက်ထားပြီးတာလည်း ဖြစ်နိုင်တယ်။”

လုချန်းက ပြုံးလျက်

“ဆရာက ကျုပ်အတွက် အကာအကွယ်ပေးမယ့် ကျောက်စိမ်းလိပ် သုံးခု ထားပေးခဲ့တယ်။ တစ်ခုခုဖြစ်လာရင် အဲဒါတွေထဲက တစ်ခုကို သုံးလိုက်ရုံပဲ။”

ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး ခဏခန့် ငြိမ်သက်သွားကြ၏။ နန်းတော်သခင်၏ တပည့်ရင်း တစ်ဦးအနေနှင့်အကာအကွယ်ပစ္စည်းများ ဧကန်မုချ ရှိမည်ဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။ အကာအကွယ်ပစ္စည်းများ ရှိနေသည့်အတွက် မြို့ထဲဝင်ရောက်လျှင်ပင် ပြဿနာ မကြီးနိုင်ပေ။

ထိုသို့တွေးတောရင်း ရှောင်ရွှီရင်က

“ကောင်းပါပြီ...မနက်ဖြန် ကောင်းကင်ဝံပုလွေမြို့ကို သွားကြတာပေါ့။”

……..

ကောင်းကင်ဝံပုလွေမြို့။

မြို့တော်ဝန်စံအိမ်။

သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော တိန့်ချင်းဖုန်းက လက်တင်ကို ရိုက်လိုက်ရင်း

“လျှိုမျိုးနွယ်နဲ့ ဝမ်မျိုးနွယ်တွေ... ဘယ်လောက်တောင် သတ္တိရှိလို့ ခွင့်ပြုချက်မရှိပဲ ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားကြတာလဲ။”

ထိုအခိုက်အတန့်တွင် တိန့်ချင်းဖုန်း စိတ်ထဲ ဒေါသများဖြင့် ပြည့်နှက်နေပြီး မျက်နှာကလည်း များစွာပျက်ယွင်းနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လျှိုမိသားစုနှင့် ဝမ်မိသားစုတို့သည် မြို့တော်ဝန်ဖြစ်သူ သူ့ကို ဖုံးကွယ်၍ သူတို့၏ ဆွေမျိုးသားချင်းများကို ခေါ်ဆောင်ကာ ချီယန်ဂိုဏ်း နယ်မြေထဲသို့ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြ၏။

ထိုမိသားစုတို့၏ အကြံအစည်ကို သူ အပြည့်အဝ နားလည်သည်။ သံတမန်က သူတို့နှင့် ချီယန်ဂိုဏ်းတို့၏ နီးကပ်သော ဆက်ဆံရေးကို သိသွားပြီး ဥပမာအဖြစ် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ကာ အကာအကွယ်ရရန် ကြိုတင်၍ သစ္စာဖောက်သွားကြခြင်း ဖြစ်၏။ သူတို့ ထွက်ပြေးသွားကြသော်လည်း ကောင်းကင်ဝံပုလွေမြို့တွင် ကျန်ရစ်သူများမှာတော့ အကျိုးဆက်ကို ခံစားကြရပေလိမ့်မည်။

ချီယန်ဂိုဏ်း နယ်မြေသို့ ထွက်ခွာသွားသူများက မိသားစုငယ်လေးများသာ ဖြစ်ပါက ကိစ္စမရှိပေ။ သို့သော် လျှိုမိသားစုနှင့်

ဝမ်မိသားစုတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ ထောက်ပံ့မှုကို ရရှိထားကြပြီး နန်းတော်နှင့်လည်း ပတ်သက်မှုများ ရှိသည့်အပြင် သူတို့၏ မိသားစုဝင်များမှာလည်း နန်းတော်၏ တပည့်များ ဖြစ်နေကြသောကြောင့် ကိစ္စက ထူးခြားသွား၏။

လက်ရှိအထိ လျှို့ဝှက်လဝန်းနန်းတော်တွင် ကောင်းကင်ဝံပုလွေမြို့ သစ္စာဖောက်နေသည်ဟု အထောက်အထား မရှိသေးသော်လည်း သံတမန် ရောက်လာချိန်တွင် မိသားစုနှစ်စု ချီယန်ဂိုဏ်းဘက်သို့ ကူးပြောင်းသွားသည်ကို တွေ့ရှိသွားပါက ကောင်းကင်ဝံပုလွေမြို့ သစ္စာဖောက်ရန် ပြင်ဆင်နေကြောင်း ထင်ရှားသွားပေလိမ့်မည်။

ထိုထွက်ပြေးမှုများကို အကြောင်းပြချက် အဖြစ်အသုံးချ၍ သံတမန်က ကောင်းကင်ဝံပုလွေမြို့ကို အကြီးအကျယ် ရှင်းလင်းရေး ပြုလုပ်နိုင်၏။ မြို့တော်ဝန်လည်း အပြစ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအရာကို တွေးတောမိကာ တိန့်ချင်းဖုန်း ဒေါသအလိပ်လိပ် ထွက်လာပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ မြေပြင်ပေါ်သို့ ရိုက်ခွဲလိုက်ရင်း

“ဒီလူယုတ်မာတွေ”

ဟု ကျိန်ဆဲလိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင်

“ဘယ်သူက မြို့တော်ဝန်တိန့်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲ”

ဟူသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအသံကို ကြားလျှင် တိန့်ချင်းဖုန်း တုန်လှုပ်သွားသည်။

သူသည် လူနတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ ယခု မြို့တော်ဝန်စံအိမ်ထဲသို့ တစ်စုံတစ်ယောက် တိတ်တဆိတ် ဝင်ရောက်လာနိုင်ခြင်းက ထိုသူသည် သူ့ထက် စွမ်းအားကြီးသော နတ်စွမ်းအားရှင် တစ်ဦး သာ ဧကန်မုချ ဖြစ်ရပေမည်။

တိန့်ချင်းဖုန်းက သတိထားလျက်

“ဘယ်သူလဲ”

သူ၏ အသံဆုံးသည်နှင့် အခန်းထဲတွင် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာသည်။ ရောက်ရှိလာသူကို မြင်လျှင် တိန့်ချင်းဖုန်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကြမ်းပြင်ပေါ်သို့ အမြန်ဒူးထောက်ကာ

“ဂါရဝပြုပါတယ် နတ်စွမ်းအားရှင်”

တိန့်ချင်းဖုန်းသည် စီကုန်းယုဖုန်းကို မတွေ့ဖူးသော်လည်း သူ၏ ဝတ်စုံကို ကြည့်ခြင်းဖြင့် ချီယန်ဂိုဏ်းမှ ဖြစ်ကြောင်း သိနိုင်သည်။ ချီယန်ဂိုဏ်းအတွင်းရှိ စီကုန်းယုဖုန်း၏ အဆင့်အတန်းကို သူ မသိသော်လည်း စီကုန်းယုဖုန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ သူသည် သာမန်ပုဂ္ဂိုလ် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။

ချီယန်ဂိုဏ်းက ယခုအချိန်တွင် ကောင်းကင်ဝံပုလွေမြို့သို့ ဘာကြောင့် လူလွှတ်လိုက်သည်ကို တိန့်ချင်းဖုန်း နားမလည်နိုင်ပေ။

မြို့ကို သိမ်းပိုက်ရန် ကြံစည်နေခြင်းများလား။

တိန့်ချင်းဖုန်းက သတိထားလျက်

“နတ်စွမ်းအားရှင် ကောင်းကင်ဝံပုလွေမြို့ကို ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေ။ ကျုပ် က နတ်စွမ်းအားရှင်ကို အတတ်နိုင်ဆုံး ကူညီပါ့မယ်။”

စီကုန်းယုဖုန်းက ခပ်အေးအေးပင်

“ဘာမှမဟုတ်ပါဘူး။ လူတစ်ယောက်ကို လာရှာတာပါ”

စီကုန်းယုဖုန်း၏ အဖြေကို ကြားလျှင် တိန့်ချင်းဖုန်း အံ့အားသင့်သွား၏။

လူရှာတာလား။

ဘယ်သူ ဖြစ်မလဲ။

တိန့်ချင်းဖုန်းက

“ဘယ်သူ့ကို ရှာနေတာလဲဆိုတာ သိခွင့်ရှိမလား”

စီကုန်းယုဖုန်းက

“လျှို့ဝှက်လဝန်းနန်းတော်က သံတမန်ကိုပဲ”

ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်း ထိတ်လန့်သွားသည်။

ချီယန်ဂိုဏ်းက လူတွေက ကောင်းကင်ဝံပုလွေမြို့မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သံတမန်ကို ရှာနေကြတာလား။

သံတမန်သည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်ကြောင်း သူတို့ သိသွားပြီး ပြဿနာရှာရန် ကြံစည်နေခြင်းများလား။

အကယ်၍ ထိုသံတမန် တစ်ခုခုဖြစ်သွားပြီး နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းအကြား စစ်ပွဲဖြစ်ပွားပါက သာမန်မြို့တော်ဝန် တစ်ယောက်သာဖြစ်သော သူသည်သာ အပြစ်တင်ခံရပေလိမ့်မည်။

ထိုအရာကို တွေးတောမိကာ တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်က သံတမန်နဲ့ ဘာကိစ္စရှိလို့လဲဆိုတာ သိပါရစေ”

ဟု ထပ်မံ မေးမြန်းလိုက်၏။

စီကုန်းယုဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့်

“မမေးသင့်တာ မမေးနဲ့...သူ့ကိုပဲ ရှာပေးစမ်း”

လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းသည် ကောင်းကင်ဝံပုလွေမြို့ကို စုံစမ်းစစ်ဆေးရန် ရောက်ရှိနေသည့်အတွက် သူ့အနေနှင့် လွယ်လွယ်နှင့် ပြန်သွားမည် မဟုတ်ကြောင်း စီကုန်းယုဖုန်း ယူဆထားသည်။ ထို့ပြင် သူသည် သူ့ကိုယ်သူ အလွယ်တကူ ထုတ်ဖော်ပြမည် မဟုတ်ပဲ တိတ်တဆိတ် စုံစမ်းစစ်ဆေးလိမ့်မည်ဖြစ်သည်။ မိသားစုကြီးများ သစ္စာဖောက်သည့် အထောက်အထားများ ရရှိပြီးမှသာ ပေါ်ထွက်လာရန် ကြံစည်ထားပေလိမ့်မည်။

ထို့ကြောင့် သူ့ကို ရှာဖွေတွေ့ရှိရန် အလွန်အရေးကြီးသည်။ သူသည် ရွှေနတ်အဆင့် ဖြစ်သဖြင့် နတ်အာရုံကို အဝေးကြီးအထိ ဖြန့်ကျက်နိုင်သော်လည်း နတ်စွမ်းအားရှင် တစ်ဦးက သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ သာမန်လူအဖြစ် ဟန်ဆောင်ထားပါက သူ သတိမထားမိနိုင်ပေ။

ထို့ပြင် တစ်ဖက်လူသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည့်အတွက် သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် အဆင့်မြင့် ရတနာများ ဧကန်မုချ ပိုင်ဆိုင်ထားပေလိမ့်မည်။

လက်ရှိတွင် ကောင်းကင်ဝံပုလွေမြို့၏ အင်အားအားလုံးကို အသုံးပြု၍ ရှာဖွေရန်သာ ရွေးချယ်စရာ ရှိတော့၏။

ကောင်းကင်ဝံပုလွေမြို့က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခြင်း ရှိ မရှိ စုံစမ်းရန် ထိုသူ ရောက်လာခြင်း ဖြစ်သဖြင့် မြို့တော်ဝန် တိန့်ချင်းဖုန်းနှင့် မိသားစုကြီးအချို့ထံတွင် ထိုသူစုံစမ်းမှုများ ပြုလုပ်နေသည့် ခြေရာလက်ရာများ ကျန်ရစ်မည်မှာ သေချာသည်။

စီကုန်းယုဖုန်းထံမှ ထွက်ပေါ်နေသော ဖိအားများကို ခံစားရသောကြောင့် တိန့်ချင်းဖုန်းလည်း

“ကောင်းပါပြီ နတ်စွမ်းအားရှင်... ကျုပ် လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်”

ဟုသာ ပြောလိုက်ရတော့၏။

ထိုအချိန်တွင် တိန့်ချင်းဖုန်းက တစ်ခုခုကို သတိရသွားကာ

“ဒါပေမဲ့ နတ်စွမ်းအားရှင်... သံတမန်က ကောင်းကင်ဝံပုလွေမြို့ကို မရောက်သေးဘူးထင်တယ်”

စီကုန်းယုဖုန်းက

“သူတို့ ရောက်နေကြပြီ”

ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်း အံ့အားသင့်သွား၏။

ရောက်နှင့်နေပြီလား။

အဓိပ္ပာယ်က သံတမန်သည် ကောင်းကင်ဝံပုလွေမြို့ကို တိတ်တဆိတ် စုံစမ်းနေပြီဟု ဆိုလိုခြင်းလား။

သွားပြီ.....

ဒီတစ်ခါတော့ တကယ်ကို ဒုက္ခရောက်ပေပြီ။

သူ၏အဆင့်အတန်းကို မဖော်ပြပဲ တိတ်တဆိတ် ရောက်ရှိလာခြင်းက ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေကို ကြိုတင်သိထား သိထားပြီး သက်သေများ စုဆောင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

ဖြစ်လာမည့် အရာများကို တွေးတောကြောက်ရွံ့နေသော တိန့်ချင်းဖုန်းလည်း

အခြေအနေကို သဘောပေါက်သွားပြီး မတွန့်ဆုတ်ပဲ စီကုန်းယုဖုန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အားယူလိုက်၏။

တုန်လှုပ်ချောက်ချားနေသော တိန့်ချင်းဖုန်း၏ မျက်နှာပေါ်မှ ချွေးစေးများကို ကြည့်လျက် စီကုန်းယုဖုန်းက ခပ်အေးအေးပင်

“ကောင်းကင်ဝံပုလွေမြို့မှာ ဘာတွေဖြစ်နေလဲဆိုတာ လျှို့ဝှက်လဝန်းနန်းတော်က ဘာမှမသိဘူးလို့ ခင်ဗျားတကယ်ထင်နေတာလား။”

“နန်းတော်သခင်က သူ့ရဲ့ တပည့်ရင်းကို လွှတ်လိုက်တာဟာ ခင်ဗျားတို့လို သစ္စာဖောက်တွေကို ရှင်းလင်းဖို့ပဲ။”

“ တကယ်ကျင့်ကြံဖို့ လာတာသက်သက်ဆိုရင် သူ့ကို ကောင်းကင်ဝံပုလွေမြို့မှာ ခဏပဲ နေခိုင်းပြီး ပြန်သွားခိုင်းမှာ မဟုတ်ဘူး။”

စီကုန်းယုဖုန်း၏ စကားအဆုံးတွင် တိန့်ချင်းဖုန်း နားလည်သွား၏။ အကယ်၍ သံတမန်သည် ကျင့်ကြံရန် လာခြင်းသာ ဖြစ်ပါက စမ်းသပ်မှုများ ဧကန်မုချ ရှိမည်ဖြစ်သည်။

အကယ်၍ သံတမန်က ကောင်းကင်ဝံပုလွေမြို့တွင် ခဏခန့်သာ နေထိုင်ပြီး ပြန်သွားမည်ဆိုလျှင် ထိုအရာက မည်သို့သော ကျင့်ကြံမှုမျိုး ဖြစ်သွားမည်နည်း။

ထိုသို့ဆိုလျှင် ကောင်းကင်ဝံပုလွေမြို့က နန်းတော်သခင်၏ တပည့်အတွက် ဓားသွေးကျောက် ဖြစ်နေပြီလား။

.................

အခန်း (၁၅၉၀)

အကောင်းဆုံး သစ္စာခံခြင်း လက်ဆောင်

လျှို့ဝှက်လဝန်းနန်းတော်က မလွှဲမရှောင်သာသော အပြစ်ပေးလာမည်ကို တွေးမိပြီး တိန့်ချင်းဖုန်း အလွန် ထိတ်လန့်သွား၏။ တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်... ကျုပ်ကို ကယ်တင်ပေးပါဦး”

စီကုန်းယုဖုန်းက မျက်နှာသေဖြင့်

“ခင်ဗျားနဲ့ မိသားစုကြီးတွေ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချီယန်ဂိုဏ်းကို အကြွင်းမဲ့ သစ္စာခံဖို့ပဲ။”

တိန့်ချင်းဖုန်းက

“ဒါပေမဲ့ ချီယန်ဂိုဏ်းဘက်က အခုထိ ဘာမှ အကြောင်းမပြန်သေးဘူး ခင်ဗျ။”

စီကုန်းယုဖုန်းက နှာခေါင်းရှုံ့လိုက်၏။

ချီယန်ဂိုဏ်းထဲသို့ မည်သူမဆို ဝင်ရောက်နိုင်သည်ဟု သူ တကယ်ပဲ ထင်မှတ်နေတာလား။

တိန့်ချင်းဖုန်း မှင်တက်သွားပြန်ပြီး

“နတ်စွမ်းအားရှင်... ကျုပ်ကို လမ်းပြပေးပါဦး”

စီကုန်းယုဖုန်းက တိုက်ရိုက်ပင်

“ချီယန်ဂိုဏ်းထဲ ဝင်ချင်ရင် ခင်ဗျားရဲ့ တန်ဖိုးကို အရင် သက်သေပြရမယ်။”

“လျှို့ဝှက်လဝန်းနန်းတော်က လာတဲ့ သံတမန်ဟာ ခင်ဗျားတို့ သစ္စာခံဖို့အတွက် အကောင်းဆုံး လက်ဆောင်ပဲ။”

ဤအရာက...

တိန့်ချင်းဖုန်း နှုတ်ဆိတ်သွား၏။

ရောက်လာမည့်သူသည် လျှို့ဝှက်လဝန်းနန်းတော်၏ သာမန်တပည့်တစ်ဦးသာ ဖြစ်ခဲ့လျှင် သူတို့ လက်ရဲဇက်ရဲ ပြုမူဝံ့ပေလိမ့်မည်။ သို့သော် ယခုလာမည့်သူက နတ်ဘုရင်တစ်ပါး၏ တပည့်ရင်း ဖြစ်နေသည်။

လျှို့ဝှက်လဝန်းနန်းတော်နှင့် စစ်မဖြစ်လိုသော ချီယန်ဂိုဏ်းက သူ့ကို အပြစ်ဖို့ရန် စတေးလိုက်မလားဆိုတာကို မည်သူမှ တပ်အပ်မပြောနိုင်ချေ။

တိန့်ချင်းဖုန်း၏ အတွေးကို ရိပ်မိပုံရသော စီကုန်းယုဖုန်းက

“ကောင်းကင်ဝံပုလွေမြို့မှာ ကျင့်ကြံနေတဲ့ သာမန်လူသားတွေဟာ လျှို့ဝှက်လဝန်း နန်းတော်သခင်ရဲ့ တပည့်ရင်းကို ယှဉ်နိုင်မယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား။”

“ခင်ဗျားတို့ဘက်က အဲဒီလူ ဘယ်မှာလဲဆိုတာပဲ ရှာပေးဖို့ လိုတယ်။ ကျန်တာကို ချီယန်ဂိုဏ်းက တာဝန်ယူလိမ့်မယ်။ ဂိုဏ်းထဲဝင်ပြီးတာနဲ့ ကောင်းကင်ဝံပုလွေမြို့ကနေ ချက်ချင်းထွက်သွားလိုက်။ လျှို့ဝှက်လဝန်းနန်းတော်က ခင်ဗျားတို့ သစ္စာဖောက်တာကို သိသွားရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

စီကုန်းယုဖုန်း၏ စကားကို ကြားလျှင် တိန့်ချင်းဖုန်းလည်း အကျိုးအကြောင်းဆီလျော်သည်ဟု ယူဆမိ၏။ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းတစ်ဦး၏ စွမ်းအားကို ခန့်မှန်းကြည့်နိုင်၏။

သူတို့ကဲ့သို့ လူသားကျင့်ကြံသူများက ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

အကယ်၍ ထိုသူ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်က ချီယန်ဂိုဏ်းကိုသာ အဓိက အပြစ်တင်လိမ့်မည်။ ချီယန်ဂိုဏ်းက သူတို့ကဲ့သို့ အရေးမပါသော လူပုဂ္ဂိုလ်များကို အပြစ်ဖို့ခဲ့လျှင်ပင် နန်းတော်ဘက်က ယုံကြည်မည် မဟုတ်သလို နန်းတော်၏ ဒေါသကိုလည်း ပြေလျော့စေနိုင်မည် မဟုတ်ချေ။

ကောင်းကင်ဝံပုလွေမြို့ကို ချီယန်ဂိုဏ်းက သိမ်းပိုက်သည့် အချိန်အထိ စောင့်ဆိုင်းပြီး ထိုမြို့မှ သူ ချက်ချင်း ထွက်ခွာသွားနိုင်ပါက မည်သည့်အန္တရာယ်မှ ကျရောက်မည် မဟုတ်ချေ။

ထိုသို့ တွေးတောမိသော တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်... စိတ်ချပါ။ လျှို့ဝှက်လဝန်းနန်းတော်က သံတမန်ကို ဘယ်နည်းနဲ့မဆို ကျုပ်တို့ ရှာဖွေသွားမှာပါ။”

တိန့်ချင်းဖုန်း သဘောတူသည်ကို မြင်လျှင် စီကုန်းယုဖုန်းက အာကာသလက်စွပ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ

“သူ့ရဲ့ တည်နေရာကို သိတာနဲ့ ဒီကျောက်စိမ်းဆွဲပြားကို ချက်ချင်း အသက်သွင်းလိုက်ပါ။ ကျုပ် ချက်ချင်း ရောက်လာခဲ့မယ်။”

တိန့်ချင်းဖုန်းက စီကုန်းယုဖုန်း၏ လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ရိုရိုသေသေယူလိုက်ပြီး

“နတ်စွမ်းအားရှင်... ချီယန်ဂိုဏ်းက ကောင်းကင်ဝံပုလွေမြို့ကို ဘယ်အချိန်မှာ သိမ်းပိုက်ဖို့ စဉ်းစားထားတာပါလဲ။”

စီကုန်းယုဖုန်းက မျက်နှာသေဖြင့်

“အခုပဲ သိမ်းပိုက်ပြီးသား ဖြစ်မနေဘူးလား။”

ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်း ရုတ်ချည်း ဉာဏ်ပွင့်သွား၏။ ကောင်းကင်ဝံပုလွေမြို့သည် ယခု ချီယန်ဂိုဏ်း၏ နယ်မြေဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်ကာ သူ၏ရင်ထဲ အတိုင်းမသိ ဝမ်းသာသွားသည်။

လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းကို ရှာဖွေရန် ချီယန်ဂိုဏ်းက လူလွှတ်ခဲ့တာ မဆန်းတော့ချေ။ သူတို့သည် နန်းတော်နှင့် စစ်ခင်းရန် အသင့်ပြင်ထားပုံ ရ၏။

လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းကို ရှာတွေ့နိုင်ခဲ့လျှင် ထိုအရာသည် သူ့အတွက် ကြီးမားသော စွမ်း‌ ဆောင်မှု ဖြစ်ပေလိမ့်မည်။ ထိုအခါ ချီယန်ဂိုဏ်းသို့ ဝင်ရောက်သည့်အခါတွင်လည်း ဆုလာဘ်များ ဧကန်မုချ ရရှိပေလိမ့်မည်။

ထိုအချက်များကို တွေးတောရင်း တိန့်ချင်းဖုန်း၏ ရင်ထဲ အလွန် ကြည်နူးလှုပ်ရှားနေမိ၏။

ထိုအခိုက်အတန့်တွင် စီကုန်းယုဖုန်း၏ ပုံရိပ် ထိုနေရာမှ ကွယ်ပျောက်သွားရာ တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်... ကောင်းကောင်း ကြွပါ”

စီကုန်းယုဖုန်း ထွက်ခွာသွားသည်နှင့် လျှို့ဝှက်လဝန်းနန်းတော် သံတမန်၏ ခြေရာကို ရှာဖွေရန် လူများကို တိန့်ချင်းဖုန်း ချက်ချင်း စေလွှတ်လိုက်ပြီး အခြားမိသားစုများကိုလည်း သတင်းပေးလိုက်၏။

လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရန် ကြံစည်နေသော မိသားစုများလည်း ထိုသတင်းကို ကြားသောအခါ များစွာ စိတ်လှုပ်ရှားသွားကြ၏။ ချီယန်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရရန် သူတို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ၏။ ယခုတော့ အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်သည်။

မကြာမီပင် မိသားစုအသီးသီးကလည်း လျှို့ဝှက်လဝန်းနန်းတော် သံတမန်၏ တည်နေရာကို ရှာဖွေရန် သူတို့၏ တပည့်များကို စေလွှတ်လိုက်ကြ၏။

…..

မိသားစုကြီးများနှင့် မြို့တော်ဝန်စံအိမ်တို့က လုချန်းနှင့် အပေါင်းအပါများကို ရှာဖွေနေကြစဉ်မှာပင် လုချန်းက ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို ခေါ်ဆောင်ကာ ကောင်းကင်ဝံပုလွေမြို့ တံခါးဝသို့ ပေါ်ပေါ်တင်တင်ကြီး ရောက်ရှိလာ၏။

လုချန်းကို မြင်လျှင် တံခါးစောင့်စစ်သားများက

“ဒီနေ့ မြို့ကို ပိတ်ထားတယ်။ ဘယ်သူမှ ကောင်းကင်ဝံပုလွေမြို့ထဲကို ဝင်ခွင့်မရှိဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်ရွှီရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင်တို့ရဲ့ ညစ်ပတ်တဲ့မျက်လုံးတွေကို ဖွင့်ပြီး ဒါ ဘာလဲဆိုတာ သေချာကြည့်လိုက်စမ်း။”

ရှောင်ရွှီရင်က လျှို့ဝှက်လဝန်းနန်းတော်၏ အမှတ်အသားတံဆိပ်ကို သူမ၏ အာကာသလက်စွပ်ထဲမှ တိုက်ရိုက် ထုတ်ယူလိုက်သည်။ ရှောင်ရွှီရင်၏ လက်ထဲရှိ အမှတ်အသားတံဆိပ်ကို မြင်လျှင် တံခါးစောင့်စစ်သားများ မှင်တက်သွားသည်။

တိန့်ချင်းဖုန်းကို အကြွင်းမဲ့ သစ္စာခံထားသော မြို့တော်ဝန်စံအိမ်မှ စစ်သားများ ဖြစ်ကြသည့်အလျောက် တိန့်ချင်းဖုန်း ဘာစဉ်းစားထားသည်ကိုလည်း သူတို့ သိထားကြ၏။ လျှို့ဝှက်လဝန်းနန်းတော် သံတမန် ကောင်းကင်ဝံပုလွေမြို့မှ ထွက်မသွားနိုင်စေရန် တိန့်ချင်းဖုန်းက သူတို့ကို တံခါးဝ၌ စောင့်ကြပ်ခိုင်းထားခြင်း ဖြစ်သည်။

သို့သော် ယခုတော့ တစ်ဖက်လူက မြို့ထဲမှ လာခြင်းမဟုတ်ပဲ အမှတ်အသားတံဆိပ်နှင့်အတူ အပြင်ဘက်မှ မြို့ထဲသို့ ဝင်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော် သံတမန် မြို့ထဲသို့ ရောက်ရှိနေပြီဟု သူတို့ကို ပြောထားခဲ့သည် မဟုတ်ပါလား။

ယခုမှ အဘယ်ကြောင့် ရောက်ရှိလာရသနည်းဟု တွေးတောရင်း စစ်သားများ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ထိုအခိုက်အတန့်တွင် မြို့တော်ဝန်စံအိမ်၏ ကိုယ်ရံတော်တပ်မှူးလည်း အခြေအနေကို ရိပ်မိသွားပြီး လုချန်း၏အနားသို့ အမြန်ချဉ်းကပ်လာကာ

“ဂိုဏ်းချုပ်ရဲ့ သံတမန်တော်ကြီးကို ဂါရဝပြုပါတယ်။”

ကိုယ်ရံတော်တပ်မှူး ဒူးထောက်လိုက်သည်ကို မြင်လျှင် အခြားသော စစ်သားများကလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ

“ဂိုဏ်းချုပ် သံတမန်ကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက တည်ငြိမ်စွာပင်

“ခင်ဗျားတို့ မြို့တော်ဝန်ကို ချက်ချင်း သွားအကြောင်းကြားလိုက်။”

တပ်မှူး ပိုင်ယုဖုန်းက အမြန်ထရပ်ကာ

“ဟုတ်ကဲ့ပါ သံတမန်ကြီး... သံတမန်တော်ကြီး ရောက်ရှိလာတဲ့အကြောင်း မြို့တော်ဝန်ကို ကျုပ် ချက်ချင်း သွားအကြောင်းကြားပါ့မယ်။”

ထိုစကားများနှင့်အတူ ပိုင်ယုဖုန်း မြို့တော်ဝန်စံအိမ်သို့ အပြေးအလွှား ထွက်ခွာသွားလေတော့၏။

ထိုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော် သံတမန်ကို မည်သို့ရှာဖွေရမည်ကို တိန့်ချင်းဖုန်းနှင့် မိသားစုကြီးအချို့တို့ ဆွေးနွေးနေကြဆဲ ဖြစ်၏။

မြို့တော်ဝန်စံအိမ်၏ အစည်းအဝေးခန်းမထဲသို့ ပိုင်ယုဖုန်း အလောတကြီး ပြေးဝင်လာပြီး

“မြို့တော်ဝန်... သတင်းထူးရှိပါတယ်။”

ပိုင်ယုဖုန်း၏ စကားကို ကြားလျှင် အစည်းအဝေးခန်းမအတွင်းရှိ ဆွေးနွေးမှုများ ရပ်တန့်သွား၏။ တိန့်ချင်းဖုန်းက မျက်မှောင်ကြုတ်လျက်

“ပိုင်ယုဖုန်း... ခင်ဗျားကို မြို့တံခါးမှာ စောင့်ခိုင်းထားတာ မဟုတ်လား။ ဘာလို့ ဒီကို ရောက်နေတာလဲ။”

ပိုင်ယုဖုန်းက

“မြို့တော်ဝန်... သံတမန် ကိစ္စပါ။ ကျုပ်တို့ သံတမန်ကို တွေ့ပါပြီ။”

ထိုစကားကို ကြားလျှင် တိန့်ချင်းဖုန်း အပါအဝင် ရှိသမျှ လူအားလုံး ပြိုင်တူ မတ်တပ်ရပ်လိုက်ကြ၏။ တိန့်ချင်းဖုန်းက

“ဘယ်မှာလဲ”

ပိုင်ယုဖုန်းက

“မြို့တံခါးဝမှာပါ”

ထိုစကားကို ကြားလျှင် တိန့်ချင်းဖုန်း၏ မျက်နှာပျက်သွားကာ

“ဒုက္ခပဲ... သူက ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားဖို့ ကြိုးစားနေတာပဲ။”

သူတို့၏ လှုပ်ရှားမှုများ အလွန်ကြီးမားလွန်းသဖြင့် ထိုသူ သတိထားမိသွားကာ ကောင်းကင်ဝံပုလွေမြို့မှ ထွက်ပြေးရန် ပြင်ဆင်နေသည်ဟု တိန့်ချင်းဖုန်း ထင်မှတ်လိုက်ခြင်း ဖြစ်သည်။

တိန့်ချင်းဖုန်း အထင်လွဲနေသည်ကို ပိုင်ယုဖုန်း ချက်ချင်း ရိပ်မိသွားကာ

“မြို့တော်ဝန်... အထင်လွဲနေပါပြီ။ သံတမန်က မြို့ထဲက ထွက်သွားတာ မဟုတ်ပါဘူး။ အပြင်ကနေ ဝင်လာတာပါ။”

ဤအရာက...

လူတိုင်း နောက်တကြိမ် မှင်တက်သွားပြန်၏။

လျှို့ဝှက်လဝန်းနန်းတော် သံတမန် ကောင်းကင်ဝံပုလွေမြို့သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ပြီး သူတို့ သစ္စာဖောက်သည့် သက်သေများကို မြို့ထဲတွင် လိုက်လံစုဆောင်းနေသည်ဟု သူတို့ အတိအကျ ထင် ကြေးပေးထားကြခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် သံတမန်က အပြင်ဘက်မှ အဘယ်ကြောင့် ယခုမှ ဝင်ရောက်လာရသနည်း။

ထိုအခိုက်အတန့်တွင် မိသားစုခေါင်းဆောင်တစ်ဦးက တိန့်ချင်းဖုန်းကို

“မြို့တော်ဝန်... အခု ဘာဆက်လုပ်ကြမလဲ”

တိန့်ချင်းဖုန်းက ထိုမေးခွန်းကို ပြန်မဖြေခဲ့ချေ။ သူက သူ၏ အာကာသလက်စွပ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို တိုက်ရိုက်ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်၏။

နောက်တစ်စက္ကန့်တွင် အစည်းအဝေးခန်းမအတွင်း၌ ဝတ်ရုံနီဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာ၏။ ထိုသူကို မြင်လျှင် တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်... ဂါရဝပြုပါတယ်”

တိန့်ချင်းဖုန်း ဂါရဝပြုသည်ကို မြင်လျှင် မိသားစုခေါင်းဆောင်များလည်း ထိုသူ၏ မည်သူဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားကာ ဒူးထောက်လျက်

“နတ်စွမ်းအားရှင်... ဂါရဝပြုပါတယ်”

စီကုန်းယုဖုန်းက တိန့်ချင်းဖုန်းကို ကြည့်ကာ

“ဘာကိစ္စလဲ”

တိန့်ချင်းဖုန်းက

“နတ်စွမ်းအားရှင်... လျှို့ဝှက်လဝန်းနန်းတော်က သံတမန် ကောင်းကင်ဝံပုလွေမြို့ကို ရောက်နေပါပြီ။ အခုလေးတင် ဝင်လာတာပါ။”

တိန့်ချင်းဖုန်း၏ စကားကို ကြားလျှင် စီကုန်းယုဖုန်း အနည်းငယ် အံ့အားသင့်သွား၏။ လျှို့ဝှက်လဝန်းနန်းတော် သံတမန် မြို့ထဲသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကာ တစ်နေရာရာတွင် ပုန်းအောင်းနေသည်ဟု သူ ထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

All Chapters