← Chapters

ဝိညာဉ်ဓား [၁]

Vol. 14 Ch. 133

ဝိညာဉ်ဓား [၁]

Vol. 14 Ch. 133

ရက်အနည်းငယ် ကြာပြီးနောက်...

အဓိကဂိုဏ်းကြီးများမှ တပည့်များသည် ပုံသွင်းကောင်းကင် ရဲတိုက် တံခါးအပြင်၀၌ အသင့်အနေအထားဖြင့် စုရုံးရောက်ရှိနေကြပြီဖြစ်၏။

ယခုထိတိုင် အရိပ်အယောင်ပင် ပေါ်မလာသေးသော ယွယ်ချန်လျန်အား ဆက်မစောင့်တော့ရန် ပိုင်ချူးရန်နှင့် အခြားသူများက သဘောတူကြသည်။ ထို့နောက် ရှေးဟောင်းမြို့တော်အား ကြား၀င်တိုက်ခိုက်မည့် နေရာဆီသို့ ချီတက်ကြရန် ဆုံးဖြတ်လိုက်၏။

သို့သော် သူတို့အားလုံး ထွက်ခွာရန် ပြင် နေသည့်ဆဲဆဲတွင်ပင် ယွယ်ချန်လျန် ရုတ်တရက် ရောက်လာခဲ့သည်။

ယွယ်ချန်လျန် မျက်နှာတစ်ပြင်လုံးမှာ ပင်ပန်းမှုများ ဖုံးလွှမ်းနေကာ ဝတ်ရုံမှာလည်း တွန့်ကြေနေ၏။ သူ့ မျက်နှာပေါ်ရှိ မီးလောင်ကျွမ်းထားသော ဒဏ်ရာအချို့ကြောင့် သူသည် မြင့်မြတ်သော ကျင့်ကြံသူတစ်ဦးနှင့် တူမနေတော့ပေ။

ယွယ်ချန်လျန်သည် အဖြူရောင်အဝတ်ဖြင့် ထုပ်ပိုးထားသော အရာတစ်ခုအား လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားရးပြီး ဟွမ်ဖုဖိန်ရှေ့သို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။ "အစ်ကိုဟွမ်ဖူ။ ဒါက ခင်ဗျားအတွက်ပါ။"

ယွယ်ချန်လျန် အဖြူရောင်အဝတ်ကို ဖြေချလိုက်ရာ ထိုအထဲမှ အေးစက်စက် အလင်းရောင်များ ယှက်သန်းဖြာထွက်နေသည့် အဖိုးတန်ဓားတစ်လက် ထွက်ပေါ်လာသည်။ ဓားသွားမှာ နက်မှောင်ကာ ရိုးရှင်းလှပြီး ဓားရိုးနောက်ဘက်တွင် အစိမ်းရောင် ကျောက်မျက်တစ်ခုကိုသာ မြှုပ်ထားသည်

ဟွမ်ဖုဖိန်မှာ ဓားရိုးတွင် မြှုပ်နှံထားသော ကျောက်မျက်ကို ချက်ချင်း မှတ်မိသွားပြီး စကားပင် ထစ်သွားရသည်။ "ဒါ ဝိညာဉ်စုပ် ကျောက်တုံးပဲ။ ရှောင်ယွဲ့ဇီ... မင်း..."

"ကျွန်တော့်အစ်ကိုကြီးကို ကျွန်တော် မကယ်တင်နိုင်တော့ဘူးဆိုတာ သဘောပေါက်လိုက်ပါပြီ။ ဒီဓားရဲ့နာမည်က ကျီလင်လို့‌ခေါ်တယ်။ နတ်ဆိုးနဂါးရဲ့ အရိုးနဲ့ ဝိညာဉ်သိမ်းဆည်း ကျောက်တုံးကို ကောင်းကင်နဲ့မြေကြီး မီးဖိုထဲမှာထည့်ပြီး ကျွန်တော်ကိုယ်တိုင် သွန်းလုပ်ခဲ့တာပါ။ သူက သတ်လိုက်တဲ့ ကျင့်ကြံသူတိုင်းရဲ့ ဝိညာဉ်တွေကို စုပ်ယူသိမ်းဆည်းနိုင်စွမ်း ရှိတယ်။"

ယွယ်ချန်လျန်သည် ဓားကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ရှေ့သို့ ကမ်းပေးလိုက်သည်။

"အစ်ကိုဟွမ်ဖူ။ ဒီဓားက ခင်ဗျားအတွက် ကျွန်တော့်ရဲ့ ကျေးဇူးဆပ်လက်ဆောင်ပါ။ ကျွန်တော့်အစ်ကိုကြီးကို သတ်ဖို့အတွက် ဒါကိုသုံးပေးပါဗျာ။"

သူ ခေါင်းကိုငုံ့လိုက်ကာ နာကျင်နေသော မျက်နှာအမူအရာကို ဖုံးကွယ်လိုက်ပြီး ထိုအဖိုးတန်ဓားအား ဟွမ်ဖုဖိန်ထံသို့ ကမ်းပေးသည်။

"အင်း။"

ဟွမ်ဖုဖိန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအဖိုးတန်ဓားကို လက်ခံယူကာ သူ့ကျောဘက်တွင် ထားလိုက်၏။

"တာ့ယွဲ့ဇီအတွက် လက်စားချေပေးဖို့ ငါ ဒီဓားကို သေချာပေါက် သုံးပါ့မယ်။"

————————————————

တစ်ဖက်တွင်မူ ရှေးဟောင်းမြို့တော်ကြီးအတွင်း၌ ယွဲ့ချန်ရန်တစ်ယောက် ချင်ကျိုးနယ်မြေအနီးရှိ မြေပုံပေါ်မှ သိပ်သည်းစွာ စုပြုံနေသော အလင်းစက်များကို ကြည့်ကာ ကျေနပ်ပြုံးနေ၏။

ယွဲ့ချန်ရန်သည် ရှေးဟောင်းမြို့တော်အတွင်းရှိ သေးငယ်သော နေရာလွတ်တစ်ခုအား ဖန်တီးနိုင်သည့် ဝင်္ကပါကို အသုံးပြု၍ ဧရာမဝိညာဉ်စွမ်းအင် လေဝဲကြီးတစ်ခုအား ဖန်တီးနေသည်။ ဤအသက်ဝင်လာသည့် ဝင်္ကပါကြီးသည် ဇီရှန်း နတ်ဂူဗိမာန်ကို ဖွင့်ရန် အဓိက သော့ချက်ပင်။

ဤသည်မှာ သန့်စင်မင်းဆက် ပြိုလဲပျက်စီးခါနီးအချိန်တွင် မြေကမ္ဘာအင်မော်တယ်များ ချန်ရစ်ခဲ့သော နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်ပေသည်။

"ဒီနည်းနဲ့ဆိုရင် သန့်စင်မင်းဆက် ပြန်လည်အသက်ဝင်လာမယ့် အစီအစဉ် ကျရှုံးသွားခဲ့ရင်တောင် ငါတို့ပြန်ထလာနိုင်မယ့် အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး။"

ယွဲ့ချန်ရန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်နေ၏။ "နောက်တစ်ဆင့်ကတော့ နောက်ဆုံးအဆင့်ပဲ။"

ယွဲ့ချန်ရန်သည် ဗိမာန်အတွင်းရှိ ပလ္လင်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး အမှောင်ထုကို ထိုးဖောက်ကာ ဗိမာန်အပြင်ဘက်ရှိ ရင်ပြင်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။

ရင်ပြင်ကျယ်ကြီးပေါ်တွင်မူ အမည်းရောင်ခန္ဓာကိုယ်များထက်၌ အဖြူရောင်ဂါထာမန္တန်များ ယှက်နွယ်စီးဆင်းနေသော နတ်ဆိုးကောင်များက နေရာလပ်မကျန် သိပ်သည်းစွာ ဖုံးလွှမ်းနေကြ၏။ ဤသူများမှာ လွန်ခဲ့သောရက်များက ရှေးဟောင်းမြို့တော်၏ ခေါင်းလောင်းသံများကြောင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး သူတို့စွမ်းအားများမှာ လွှဲပြောင်းခြင်းအဆင့်တွင် ရှိနေသရွေ့ ထိုလွှဲပြောင်းမှုအပြီးတွင် သူတို့အားလုံးအား သွေးအေးနတ်ဆိုးကောင်များအဖြစ် ပြောင်းလဲနိုင်ပြီဖြစ်သည်။

ထိုခေတ်က သန့်စင်မင်းဆက်တွင် ၎င်းတို့အား အဝါရောင်ခေါင်းစောင်း စစ်သည်တော်များဟုခေါ်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆင်းသဏ္ဌာန်ကို ဖုံးကွယ်ရန်အတွက် သန့်စင်မင်းဆက်သည် ဤတပ်ဖွဲ့ဝင် နတ်ဆိုးကောင်များကို အဝါရောင်ပဝါများ ပတ်ပေးခဲ့ကြကာ ထိုအရာကိုအစွဲပြုကာ ခေါ်ဝေါ်ခဲ့သည်။

၎င်းတို့ကို ဖန်တီးရန် မြေကမ္ဘာအင်မော်တယ် စွမ်းအင်ဖြင့် ပြောင်းလဲရမည်ဖြစ်ပြီး သူတို့၏ စွမ်းအားအမြင့်ဆုံး ကန့်သတ်ချက်မှာ နတ်အသွင်ပြောင်းလဲခြင်းအဆင့်အထိသာ အများဆုံး ရောက်ရှိနိုင်သည်။ ထိုလူများကို ဤသို့ပြောင်းလဲနိုင်ရန် ယွဲ့ချန်ရန်သည် နိုးထလာကတည်းက ကုန်ကြမ်းပစ္စည်းများကို စုဆောင်းခဲ့ရပြီး ဤမျှကြီးမားသော စစ်တပ်ကြီးတစ်ခု မဖြစ်လာမီ သန့်စင်မင်းဆက်၏ နောက်ဆုံးဧကရာဇ်ချန်ရစ်ခဲ့သော အင်မော်တယ်စွမ်းအားများကိုပါ ကုန်စင်အောင်သုံးလိုက်သည်။

ဤမျှကြီးမားသော စစ်တပ်ကြီးသည် မျက်မှောက်ခေတ်တွင် ပြိုင်ဘက်ကင်းဖြစ်သင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ ဤခန္ဓာကိုယ် ပိုင်ရှင်ဟောင်းထံမှ ရရှိခဲ့သော မှတ်ဉာဏ်များအရဆိုလျှင်လည်း သူမှန်းထားသည့်အတိုင်းပင်။

သို့သော် သူ အောင်မြင်မည်ဟု ရာခိုင်နှုန်းပြည့် မပြောရဲသည်မှာ ထိုလူကြောင့်ဖြစ်သည်။

"ဓားဘိုးဘေး ဓားဘိုးဘေး။ ဒီလောကကြီးမှာ ဒီလိုမျိုး သာမန်မဟုတ်တဲ့ သူကရှိနေတာပဲ။”

All Chapters