ဝိညာဉ်ဓား [၂]
Vol. 14 Ch. 134
ယွဲ့ချန်ရန်သည် ရှေးဟောင်းမြို့တော် အပြင်ဘက်အား ကြည့်ကာ ခပ်တိုးတိုး ရေရွတ်မိသည်။ "အင်း။ ဘယ်လိုပဲဖြစ်ဖြစ် ပြင်ဆင်မှုတွေကတော့ ပြီးသွားပြီ။ မင်း ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။ မင်း ငါ့ကို ဖမ်းနိုင်ပါ့မလား ဓားဘိုးဘေးရယ်။"
ယွဲ့ချန်ရန် အသိစိတ်မှာ ရှင်းလင်းနေသော်လည်း သူ့ရင်ထဲတွင် နောက်ဆုတ်နိုင်မည့် လမ်းတစ်ခုကို ကြိုပြင်ထားပြီးဖြစ်သည်။ ရှေးဟောင်းမြို့တော်၏ နေရာရွှေ့ပြောင်းခြင်းကျင့်စဥ်မှာ အခြားသောဟင်းလင်းပြင်တစ်ခုသို့ ထွက်ပြေးပုန်းအောင်းနိုင်သဖြင့် ထိုအရာမှာ သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်ကယ သူသာ အခြားသောဟင်းလင်းပြင်တစ်ခုတွင် ပုန်းအောင်းနေမည်ဆိုပါလျှင် ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေလျှင်တောင်မှ နက်နဲလှသော ဟင်းလင်းပြင်များကြားတွင် သူ၏ တိကျသောတည်နေရာကို ရှာတွေ့ရန် ခက်ခဲလှ၏။
——————————————————
ယွဲ့ချန်ရန်၏ ထိန်းချုပ်မှုအောက်တွင် ရှေးဟောင်းမြို့တော်ကြီးသည် ဟင်းလင်းပြင်နေရာလွတ်ထဲမှ သတ်မှတ်ထားသော နေရာဆီသို့ တိတ်တဆိတ် ရွေ့လျားသွား၏။ ချင်ကျိုးနယ်မြေရှိ ရှန်လင်းနိုင်ငံတော်၏ ရှေးဟောင်းအင်ပါယာမြို့တော် အပျက်အစီးများအနီးတွင် ထူထပ်သော မြူခိုးများမှာ လေဟာနယ်ထဲ၌ ရုတ်တရက်ပေါ်လာသည်။
ထို့နောက် တံလျှပ်တစ်ခုအလား ရှေးဟောင်းမြို့တော်၏ ပုံရိပ်မှာလည်း မြူခိုးများထဲမှ တဖြည်းဖြည်း ထင်ရှားလာကာ ပုံရိပ်ယောင်ပမာ မှုန်ဝါးနေမှုများသည် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ လေးလံစွာ ဖိချလာရာ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်သွား၏။
မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် ရှေးဟောင်းမြို့တော်ထဲရှိ ယွဲ့ချန်ရန်သည် မြို့တွင်းရှိ ဝင်္ကပါကို ချက်ချင်းပင် အသက်သွင်းသည်။
အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်ဖြစ်သူသည် သူ အသုံးပြုထားသော ဝင်္ကပါကို နားမလည်လျှင်တောင်မှ ရှေးဟောင်းမြို့တော် ရွေ့လျားသွားလာရာ လမ်းကြောင်းအား စစ်ဆေးပြီးလောက်ပြီဖြတ်ကာ သူ့နောက်ဆုံးပန်းတိုင်ကို ခန့်မှန်းမိနိုင်ကြောင်း သူ့စိတ်ထဲတွင် ကြိုသိနေသည်။
သူထင်ထားသည့်အတိုင်းပင်။ ရှေးဟောင်းမြို့တော်၏ ပင်မခန်းမဆောင်ထဲမှတဆင့် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ အရှိန်ပြင်းစွာ ထိုးထွက်ထွက်သွားသည်။ ဝင်္ကပါတစ်ခုလုံး အသက်ဝင်လာသောအခါ ကျင့်ကြံသူစွာ၏ မရေမတွက်နိုင်သော သက်စောင့်စွမ်းအင်များသည် အရပ်လေးမျက်နှာမှ ရုတ်တရက် ထွက်ပေါ်လာတော့၏။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော စစ်မှန်သည့်စွမ်းအင်စီးဆင်းမှုသည် အရပ်လေးမျက်နှာတွင် အသီးသီးပေါ်လာသည်။ ဤစစ်မှန်သောစွမ်းအင်များ၏ တွန်းအားပေးမှုအောက်တွင် ကြီးမားလှပြီး ရှုပ်ထွေးလှသော ဝင်္ကပါတစ်ခုမှာ ကောင်းကင်ယံတွင် ထွက်ပေါ်လာကာ မြေကြီးပေါ်သို့ ကျဆင်းလာ၏။ ထိုအစီအရင်သည် မြေကြောများ၏ စွမ်းအားကို ပိတ်ဆို့ကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ရှေးဟောင်းမြို့တော် တည်နေရာကို ပိတ်လှောင်လိုက်သည်။
"ကျစ်... သောက်ကျိုးနည်းပဲ"
ယွဲ့ချန်ရန်က ဒေါသတကြီး အံ့ကြိတ်သည်။ "ငါတို့ မအိပ်စက်ခင်တုန်းက ဒီလောကကြီးမှာရှိတဲ့ ဟင်းလင်းပြင် ကျင့်စဉ်နဲ့ အစီအရင်တွေ အားလုံးကို ရှင်းလင်းပစ်ဖို့ အရှင်မင်းကြီးက လူတစ်ယောက်ကို အထူးအမိန့်ပေးခဲ့တာကို ဒီလူတွေမှာ ဘယ်လိုမျိုးရှိနေရတာလဲ"
ယွဲ့ချန်ရန်၏ မူလအစီအစဉ်မှာ ချက်ချင်းပင် ရေစုန်မျောသွားသည်။ ယွဲ့ချန်ရန်သည် ရှေးဟောင်းမြို့တော်၏ ကာကွယ်ရေးယန္တရားအား ချက်ချင်းပင် ဖွင့်လိုက်၏။
ရှေးဟောင်းမြို့တော်အတွင်းရှိ ဗိမာန်အရှေ့ဘက်ရင်ပြင်တွင် ထားရှိသော ခေါင်းလောင်းကြီးသည် လှုပ်ခါသွားကာ ကြီးမားကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ အဝါရောင်ခေါင်းစွပ်စစ်သည်တော်များသည် လေထဲသို့ ပျံတက်လာကြပြီး အရပ်လေးမျက်နှာမှ သက်စောင့်စွမ်းအင်များ ထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ အငမ်းမရ ပြေးဝင်တိုက်ခိုက်ကြသည်။
ထို့နောက် ယွဲ့ချန်ရန်ကိုယ်တိုင်လည်း မတ်တပ်ထရပ်လိုက်ကာ ရှေးဟောင်းမြို့တော်တွင် နောက်ဆုံးကျန်ရှိနေသော မြေကမ္ဘာအင်မော်တယ် စွမ်းအင်ကို အသုံးပြု၍ သူ့ခန္ဓာကိုယ်တွင် အမည်းရောင်အလွှာပါးတစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက် အဝါရောင်ခေါင်းစွပ် စစ်သည်တော်များ၏ အဖွဲ့ထဲသို့ မသိမသာ ရောဝင်သွားသည်။
ယွဲ့ချန်ရန်သည် ဦးစွာ အရှေ့ဘက်သို့ ချီတက်မည့် အဖွဲ့နောက်သို့ လိုက်ပါသွားခဲ့သော်လည်း အရှေ့ဘက် မိုးကုတ်စက်ဝိုင်းပေါ်ရှိ တိမ်တိုက်တစ်ခုမှာ ကျင့်ကြံသူ တစ်ထောင်ကျော်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်အား ထိတ်လန့်ဖွယ် မြင်လိုက်ရ၏။ ထိုလူများသည် တိမ်တိုက်ပေါ်တွင် သိပ်သည်းစွာ ရပ်နေကြပြီး သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုကို ဖော်ဆောင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်။
တိမ်တိုက်သတ်ဖြတ်ခြင်း ဝင်္ကပါရှေ့တွင် နောက်ထပ် လူနှစ်ယောက် ရပ်တန့်နေ၏။ သူတို့အထဲမှ တစ်ယောက်သည် ကျောက်စိမ်းစုတ်တံကြီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ တိမ်တိုက်ထဲသို့ မှင်များ ပက်ဖျန်းနေပြီး ကောင်းကင်ယံအား ပန်းချီကားချပ်အဖြစ် အသုံးပြုကာ တိမ်တိုက်ထဲတွင် မရေမတွက်နိုင်သော နဂါးများ၊ ရောင်စုံဖီးနစ်ငှက်များနှင့် ချီလင်များကို အသက်ဝင်စွာ ရေးဆွဲနေသည်။ ထိုမှတစ်ဆင့် ဧရာမကျားကြီးများစသည့် ထူးဆန်းသော သားရဲများသည် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားကာ အလွန်များပြားလှသော အဝါရောင်ခေါင်းစွပ် စစ်သည်တော်များကို သုတ်သင်သတ်ဖြတ်ကြသည်။
အခြားလူတစ်ယောက်မှာမူ လက်နှစ်ဖက်ဖြင့် မှော်မန္တန်များကို ဆက်တိုက် ဖန်ဆင်းနေပြီး ယွဲ့ချန်ရန်ပင် တစ်ခါမှ မမြင်ဖူးခဲ့သော စွမ်းအားအချို့ကို အသုံးပြုနေ၏။ သူ့ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးကြားရှိ ရာသီဥတုများသည် ဤနေရာသို့ စတင်စုဝေးလာကြသည်။ ပြင်းထန်သော မီးတောက်များ၊ လေမုန်တိုင်းများနှင့် မိုးကြိုးများသည် အဝါရောင်ခေါင်းစွပ် စစ်သည်တော်များ ရှေ့ဆက်မသွားနိုင်ရန် တားဆီးထားသည်။
သူတို့နှစ်ဦးသည် သတ်ဖြတ်ခြင်း ဝင်္ကပါနှင့် ပေါင်းစပ်ကာ မြေပြင်ပေါ်ရှိ အလွန်များပြားလှသော အဝါရောင်ခေါင်းစွပ် စစ်သည်တော်များကို ဤနေရာတွင် အောင်မြင်စွာ တားဆီးနိုင်ခဲ့၏။
'ဒီနေရာက ဝင်ရှုပ်ဖို့ သိပ်မလွယ်ဘူးပဲ…’