ဘာတွေအခက်တွေ့နေတာလဲ ညီလေးရဲ့ [၁]
Vol. 14 Ch. 135
ယွဲ့ချန်ရန်သည် ချက်ချင်း ဆုတ်ခွာသွားပြီး မည်သူမျှ သတိမထားမိသည့် ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူကာ စစ်မြေပြင်မှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး တောင်ဘက်သို့ ပျံသန်းသွားသည်။
တောင်ဘက်တွင်လည်း အရှေ့ဘက်ထက် မလျော့သော ဝင်္ကပါတစ်ခုက သူ့ကို စောင့်ကြိုနေ၏။ လေထုထဲတွင် မရေမတွက်နိုင်သော အမည်းရောင်သံချပ်ကာဝတ် စစ်သည်များသည် တိမ်တိုက်များထဲတွင် ရပ်နေကြပြီး ၎င်းတို့ဘေးတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ဘုန်းကြီးတစ်စု ရှိနေသည်။ ဤစစ်တပ်နှစ်ခုသည် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။ ဖွဲ့စည်းထားသော စစ်ရေးပြဝင်္ကပါသည် အဝါရောင်ခေါင်းစွပ် စစ်သည်တော်များ၏ ထိုးစစ်ဆင်မှုကို ကြိတ်ဆုံတစ်ခုအလား သနားညှာတာမှုကင်းမဲ့စွာ ကြိတ်ချေဖျက်ဆီးပစ်သည်။
ထိုနေရာ၌ အမည်းရောင်သံချပ်ကာဝတ် စစ်သူကြီးတစ်ဦးနှင့် ဆရာတော်တစ်ဦးတို့ ရှိနေပြီး သူတို့သည် ဤအဝါရောင်ခေါင်းစွပခ တပ်သားများကို ရက်ရက်စက်စက် ဖိချေဖျက်ဆီးနေကြလေသည်။
ယခင်လူနှစ်ယောက်ကဲ့သို့ပင် သူတို့နှစ်ယောက်စလုံးသည် ကျင့်ကြံခြင်း၏ ခန္ဓာကိုယ်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေကြသည်။ အမည်းရောင်ဝတ်စုံနှင့် စစ်သူကြီး၏ လက်ထဲရှိ ဓားသည် ပျံသန်းနေပြီး သိပ်သည်းသော ဓားကွန်ရက်ကြီးတစ်ခုအလား ကခုန်နေသည်။ ဆရာတော်မှာမူ လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်နေကာ တိုက်ပွဲ အပြင်းထန်ဆုံးအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်သည် ဧရာမအရွယ်အစားအထိ ကြီးထွားလာကာ ဒေါသထွက်နေသော စစ်ဘုရင်ကြီးတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုနှစ်ဦးမှာ သာမန်ထက်ကဲလွန်စွာ ကြမ်းကြုတ်ရက်စက်နေသည်ကို မြင်လိုက်ရသောအခါ ယွဲ့ချန်ရန်လည်း တွေဝေမနေတော့ဘဲ ထပ်မံဆုတ်ခွာလိုက်ကာ အခြားလမ်းကြောင်းတစ်ခုဆီသို့ တိတ်တဆိတ် ထွက်ပြေးသွားတော့၏။
"လမ်းမရှိတော့ဘူး။ အရပ်လေးမျက်နှာလုံး ပိတ်ဆို့ခံထားရပြီ။"
ယွဲ့ချန်ရန် အကြိမ်ကြိမ် အသည်းအသန် ထွက်ပြေးရန် ကြိုးစားပြီးနောက် သူအဖြစ်မှန်ကို နားလည်သွားသည်။
အရှေ့နှင့် တောင်အရပ်တို့တွင် ထွက်ပေါက်မရှိအောင် တင်းကျပ်စွာ ပိတ်ဆို့ခံထားရရုံမျှမက အနောက်နှင့် မြောက်အရပ်တို့တွင်လည်း မရေမတွက်နိုင်သော တပည့်များဖြင့် ဖွဲ့စည်းထားသည့် ဝင်္ကပါကြီးက စောင့်ကြိုနေ၏။ ထိုမျှမကသေး ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိနေသည့် ထိပ်တန်းကျင့်ကြံသူ နှစ်ဦးပါ ထပ်မံ ရှိနေသေးသည်။
အရှေ့ဘက်အရပ်တွင်မူ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းအဆင့်ရှိ အမျိုးသမီးနှစ်ဦး ရှိနေသည်။ တစ်ဦးမှာ ဓားကို ကိုင်ဆောင်ထားကာ သူမထံမှ ဖြာထွက်နေသော ဓားစွမ်းအင်များမှာ ထက်ရှကြမ်းတမ်းလှ၏။ အခြားတစ်ဦးမှာမူ စောင်းကို ကိုင်ဆောင်သည်။ ထိုအမျိုးသမီးနှစ်ဦးထံမှ သွေးဆောင်ဖြားယောင်းလိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေပြီး သူတို့တပည့်များ ဖွဲ့စည်းထားသော ဝင်္ကပါကြီးမှာလည်း လိင်ပိုင်းဆိုင်ရာ သွေးဆောင်မှုများအပြင် ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များနှင့် ကျောချမ်းဖွယ် နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေလေရာ ဝင်ရောက်သွားသူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။
တောင်ဘက်အရပ်၌ကား မျက်နှာထား မှုန်ကုပ်ကုပ်နှင့် အဘိုးအိုနှစ်ဦးက အနက်ရောင်ဝတ် တပည့်တစ်စုနှင့်အတူ သေမင်းတိမ်တိုက်ကြီးတစ်ခုအား ခြယ်လှယ်နေကြသည်။ အပြင်ပန်းကြည့်လျှင် သာမန်တိမ်မည်းကြီးတစ်ခုဟု ထင်ရသော်လည်း "
ယွဲ့ချန်ရန် အမြင်အာရုံထဲတွင်မူ ထိုအမည်းရောင် တိမ်တိုက်ကြီးထဲမှ အဆုံးအစမရှိ သော ရက်စက်သည့် ဓားအလင်းတန်းများကို ရှင်းလင်းစွာမြင်ရသည်။
ထိုဓားအလင်းတန်းများကို ဖန်တီးနေသော တပည့်များ၏ မျက်နှာထက်တွင် နာကျင်ခါးသီးမှုများနှင့် အကူအညီမဲ့နေဟန်များ အထင်းသား ပေါ်လွင်နေသော်ငြား သူတို့လက်ထဲမှ စီးဆင်းလာသော ဓားစွမ်းအင်များမှာမူ အတုအယောင် မဟုတ်ပေ။ ယွဲ့ချန်ရန်၏ စိတ်အစဉ် ထိုဓားသွားများမှာ အမည်းရောင်တိမ်တိုက်ကြီးထက်ပင် ပို၍ အန္တရာယ်ကြီးမားလှသည်ဟု ကောက်ချက်ချလိုက်မိသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက် မည်သည့်အရပ်သို့ လှမ်းသည်ဖြစ်စေ သေလမ်းသာ ရှိနေလေရာ ယွဲ့ချန်ရန်၏ ခြေလှမ်းများ ရပ်တန်သွားပြီး ရှေးဟောင်းမြို့တော် အနီးသို့သာ ပြန်လည် ဆုတ်ခွာလာခဲ့ရ၏။
သူသည် လွတ်မြောက်ရာလမ်းစအဖြစ် ဟင်းလင်းပြင် မှော်ပညာကို အသက်သွင်းရန် အသည်းအသန် ကြိုးပမ်းလိုက်သေးသည်။ သို့သော် အရပ်လေးမျက်နှာစလုံးရှိ ဝင်္ကပါများက အသေပိတ်ဆို့ထားလေရာ သူ အားအကိုးဆုံးဖြစ်သည့် ဟင်းလင်းပြင် ဖြတ်သန်းခြင်း လျှို့ဝှက်ကျင့်စဥ်ပင် အသုံးမဝင်တော့ပေ။ သူ အကြံအိုက်ကာ ရုန်းကန်နေရဆဲတွင် သူ့ ကျောဘက်မှ လူတစ်ယောက်က ပခုံးအား ရုတ်တရက် ပုတ်လာသည်။
"ဘာတွေအခက်တွေ့နေတာလဲ ညီလေးရဲ့။"
ယွဲ့ချန်ရန် ထိုအသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ဓားကို ဆွဲထုတ်လိုက်သည်။ သူ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ စစ်မှန်သောစွမ်းအင် အဆီအနှစ်များကို အစွမ်းကုန် စုစည်းလျက် နောက်ကျောဘက်သို့ အရှိန်ပြင်းစွာ ခုတ်ပိုင်းချလိုက်သည်။
ကိုယ်ခန္ဓာပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအင်များသည် မြေကမ္ဘာအင်မော်တယ်၏ ထိန်းချုပ်မှုအောက်၌ အားအင်အပြည့်ဖြင့် ယွဲ့ချန်ရန် အနောက်ရှိလူထံသို့ ကျရောက်သွားတော့သည်။ သို့ရာတွင် လေထုကိုပင် ပိုင်းဖြတ်သွားသော ဓားချီများကို ယွဲ့ချန်ရန် အနောက်မှလူသည် လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါးပင် ဖမ်းကိုင်လိုက်သည်။
"အိုးး။ ဒေါသကတော့ တော်တော်ကြီးပါလား။"
ပိုင်ချူးရန်သည် ဓားသွားကို ဆုပ်ကိုင်ထားရင်း ယွဲ့ချန်ရန်အား ကြည့်ကာ ပြုံး၏။
"မြေကမ္ဘာအင်မော်တယ်ဆိုတာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီးလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းကိုကြည့်ပြီးမှ မင်းနဲ့ အဆင့်တူတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းလည်း တော်တော်လေး အရှက်ကွဲရတာပဲဆိုတာ ငါ မြင်လိုက်ရတယ်။"
ပိုင်ချူးရန်သည် လက်ကို ရုတ်တရက် မြှောက်ကာ ရိုက်ထုတ်လိုက်ရာ ယွဲ့ချန်ရန်လည်း အလန့်တကြား ကာကွယ်လိုက်ရသည်။ သို့သော် ရွှေရောင်လက်ဝါးရာနှင့်အတူ ဧရာမစွမ်းအားကြီးတစ်ခုက သူ့ ခန္ဓာကိုယ်ထဲသို့ အရှိန်ပြင်းစွာ စီးဝင်လာသည်။ထိုတိုက်ခိုက်မှုကို ခုခံလိုက်သော ယွဲ့ချန်ရန် ဘယ်ဘက်လက်မောင်းမှာလည်း တစ်လက်မချင်းစီ အပိုင်းပိုင်း ကျိုးကြေသွားကာ သွေးများနှင့် အရိုးစများပင်ပေါ်လာပြီး ထိတ်လန့်ဖွယ် လိမ်ကောက်သွား၏။