← Chapters

ဘာတွေအခက်တွေ့နေတာလဲ ညီလေးရဲ့ (၂)

Vol. 14 Ch. 136

ဘာတွေအခက်တွေ့နေတာလဲ ညီလေးရဲ့ (၂)

Vol. 14 Ch. 136

ယွဲ့ချန်ရန် အံကြိတ်ကာ ကျန်ရှိနေသော ခွန်အားကိုသုံး၍ လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး လက်ထဲရှိ ဓားရှည်ကြီးကို အရူးအမူး ဝှေ့ယမ်းကာ မရေမတွက်နိုင်သော ဓားချီများအား ထုတ်လိုက်သည်။ ထိုဓားချီများသည် ပတ်ဝန်းကျင်ရှိ မြေပြင်ကိုပင် ခုတ်ထစ်ဖျက်ဆီးသွားသဖြင့် ဖုန်လုံးများ လှိုင်လှိုင်ထလာကာ ပိုင်ချူးရန် အမြင်အာရုံကို ပိတ်ဆို့သွားသည်။

"ဟေး... ဒီလောက် ကလေးဆန်တဲ့ လှည့်ကွက်မျိုးနဲ့ ငါ့ကို လာမလှည့်စားနဲ့။"

ရက်စက်သော ဓားချီတစ်ခုက ဖုန်များကို ထိုးဖောက်ဝင်ရောက်လာပြီး ယွဲ့ချန်ရန် ပခုံးကို ရက်စက်စွယ ဖောက်ထွင်းသွားရာ သွေးများပင် လေထဲတွင် လွင့်စင်လာ၏။

ယွဲ့ချန်ရန်သည် ဒဏ်ရာရသွားသော ပခုံးကို ဆုတ်ကိုင်လိုက်ပြီး လက်ထဲရှိ ဓားရှည်ကြီးကို လေထဲသို့ ပစ်လွှတ်ကာ ဖုန်များကြားရှိ ပိုင်ချူးရန်အား လှည့်ပတ်ခုတ်ထစ်ရန် စိတ်စွမ်းအင်သုံးလိုက်သည်။ ထို့နောက် ကျိုးကြေနေသော လက်ကို တဖန်လိမ်လိုက်ကာ မူလအတိုင်းဖြစ်အောင် ပြန်ဆက်သည်။

ချွမ်!

ပိုင်ချူးရန်သည် ပြင်းထန်လှသော ဓားချက်ကို ပေါ့ပေါ့ပါးပါးပင် ရိုက်ထုတ်လိုက်သဖြင့် ယွဲ့ချန်ရန် လက်ထဲသို့ အရှိန်ဖြင့် ပြန်လွင့်စဉ်သွားသည်။

ထို့နောက် ပိုင်ချူးရန်သည် လက်တစ်ဖက်ကို နောက်ပစ်ထားလျက် ဖုန်မှုန့်များကြားမှ တည်ငြိမ်စွာ လျှောက်ထွက်လာခဲ့ပြီး ယွဲ့ချန်ရန်၏ လက်ကို စူးစိုက်ကြည့်ကာ ပြောသည်။ "ဒီလိုစွမ်းအင်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါ မင်းတို့ခေတ်က ပညာရပ်တစ်ခုလား။"

ယွဲ့ချန်ရန်က ဘာမှ ပြန်မဖြေပဲ လက်တစ်ဖက်တွင် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အခြားလက်တစ်ဖက်တွင်မူ ကျောဘက်တွင်ထားလျက် နောက်ထပ် မှော်မန္တန်တစ်ခုကို တိတ်တဆိတ် ဖန်ဆင်းရန်ပြင်နေသည်။

"ငါ မှန်းတဲ့အတိုင်းသာဆို မင်းအခု ငါ့ကိုသတ်ဖို့ကြံနေတာမလား။ ဘာပဲဖြစ်ဖြစ် မင်းက အသက်တော်တော်ကြီးနေပြီဆိုတော့ ငါ ပေါ့ဆမိတဲ့အချိန်မှာ အလုပ်ဖြစ်နိုင်တဲ့ ငါမသိသေးတဲ့ ကျင့်စဉ်တွေ အများကြီး မင်းဆီမှာရှိနေမှာ သေချာတယ်။ ပြီးတော့ ဒီအဖွဲ့ထဲမှာ ငါက အသန်မာဆုံးဖြစ်နေလို့ ငါ့အဖော်တွေကလည်း ငါ့ကို အယုံကြည်ဆုံးပဲ။ အသန်မာဆုံးဖြစ်တဲ့ ငါ့ကိုသာ မင်းကျော်ဖြတ်နိုင်ခဲ့ရင် မင်းအတွက် အေးဆေး လွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ပေါ်လာလိမ့်မယ်လို့ တွေးနေတာမလား။"

ပိုင်ချူးရန်သည် ယွဲ့ချန်ရန် ကျောဘက်ရှိ လက်များကို မျက်တောင်မခတ်တမ်း ကြည့်ကာ အဓိပ္ပာယ်ပါပါပြုံးသည်။

"အမှန်တိုင်း ပြောရရင် မင်း ငါ့ကို ကျော်သွားနိုင်ရင်တောင်မှ မင်း ဘယ်လိုမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှေ့ဆက်သွားရင် ဒီထက် ပိုကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ မင်း ကြုံရဖို့ပဲရှိတယ်။"

"ဟမ့်..." ယွဲ့ချန်ရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ဝါးကို ဖြန့်ချလိုက်လေရာ ဓားရှည်ကြီးသည် သူ့ အရှေ့တွင် ဖြည်းညင်းစွာ လွင့်မျောလာပြီးနောက် ရုတ်တရက် အလျင်အမြန် လည်ပတ်လာတော့သည်။ အစွမ်းထက်လှသော စစ်မှန်သည့်စွမ်းအင်၏ တွန်းအားအောက်တွင် ဓားရှည်ကြီးသည် အလွန်ထက်မြက်သော ဓားဘီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် ဟာရီကိန်းမုန်တိုင်းတစ်ခုအား ဖန်တီးလိုက်သည်။

ယွဲ့ချန်ရန်သည် မည်သည့်စကားမျှ ပြန်မပြောတော့ဘဲ လက်ကို ဆန့်ထုတ်ကာ ထိုဓားဘီးလုံးကြီးကို ထိန်းချုပ်လျက် ပိုင်ချူးရန်၏ ခေါင်းထက်သို့ အရှိန်ပြင်းစွာ ခုတ်ချလိုက်၏။

အလွန်လျင်မြန်သော ဓားဘီးလုံးကြီးသည် မြေပြင်အား ခုတ်ထစ်ရန် ပြေးဝင်လာသော်လည်း ပိုင်ချူးရန်မှာမူ ခြင်တစ်ကောင်အား မောင်းထုတ်လိုက်သည့်အလား သူ့လက်ကို မြှောက်ကာ လက်ဖြင့်သာ ပုတ်ထုတ်သည်။ လျင်မြန်စွာ လည်ပတ်နေသော ဓားဘီးလုံးကြီးသည် သူ၏ ပုတ်ထုတ်မှုကြောင့် မျက်တောင်တစ်ခတ်အတွင်း ဆယ်မိုင်ကျော်ဝေးသော နေရာဆီသို့ လွင့်စဉ်ပျောက်ကွယ်သွား၏။

"အသက်ဝင်စမ်း။"

ထိုအခိုက်အတန့်တွင် ယွဲ့ချန်ရန်သည် သူ့ကျောဘက်တွင် လျှို့ဝှက်စွာ မန္တန်ဖန်ဆင်းထားသော လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး အကျယ်ကြီး အော်ဟစ်လာသည်။

မှော်မန္တန် အသက်ဝင်သွားသည်နှင့် ဟင်းလင်းပြင်လည်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။ ပိုင်ချူးရန် အနည်းငယ် အံ့အားသင့်သွားမိချိန် ယွဲ့ချန်ရန်၏ ပုံရိပ်သည် သူ့အရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားပြီး ဆယ်မိုင်ဝေးသော နေရာဆီသို့ မျက်လှည့်ပြသလို ရောက်ရှိသွား၏။ ထို့နောက် အစောပိုင်းက လွင့်စဉ်သွားသော ဓားရှည်ကြီးမှာ လေခွင်းသံနှင့်အတူ ပိုင်ချူးရန် ရှေ့သို့ ကျဆင်းလာခဲ့သည်။

ပိုင်ချူးရန် ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း သဘောကျစွာ ရယ်မောကာ ပြောလိုက်သည်။ "ဟားဟား။ မြေအင်မော်တယ်ဆိုတဲ့အတိုင်း မျက်လှည့်ပြနေသလို လှည့်ကွက်တွေက တော်တော်များလှချည်လား။"

မြေပြင်ပေါ်သို့ ကျလာသော ဓားရှည်ကြီးသည် အသက်ငင်နေသော ငါးတစ်ကောင်အလား နှစ်ကြိမ်ခန့် ခုန်ပေါက်သွားပြီးနောက် သခင်ဖြစ်သူဆီမှ အခေါ်ခံလိုက်ရသဖြင့် ယွဲ့ချန်ရန်ရှိရာ လမ်းကြောင်းအတိုင်း လျင်မြန်စွာ ပျံသန်းသွားသည်။ သို့သော် ပိုင်ချူးရန်ကမူ ထိုဓားပျံအား အေးအေးဆေးဆေးပင် ကြည့်နေပြီး တားဆီးရန် မကြိုးစားခဲ့ပေ။

"ငါ့အနောက်မှာ ပိုကြောက်စရာကောင်းတဲ့ ရန်သူတွေ ရှိနေဦးမယ်လို့ ပြောခဲ့သားပဲ။ မင်း ဘာလို့ မယုံရတာလဲ။ ဟူး... ငါ ပိုင်ချူးရန်က လူတွေကို အမြဲတမ်း ရိုးရိုးသားသား ဆက်ဆံပေမဲ့ ဘယ်သူကမှ ငါ့ကို မယုံကြဘူး။ ငါ့စိတ်တောင် ထိခိုက်လာပြီ။"

ပိုင်ချူးရန်သည် ယွဲ့ချန်ရန် ထွက်ပြေးသွားသော လမ်းကြောင်းဆီသို့ ကြည့်ရင်း ခေါင်းယမ်းကာ ရေရွတ်၏။ "အခု မင်းက ယွဲ့ချန်ရန်ရဲ့ခန္ဓာကိုယ်ကို လုယူထားတာဆိုတော့ မင်းကို အသတ်ချင်ဆုံးလူက ငါ မဟုတ်တော့ဘူး။"

ပိုင်ချူးရန်သည် အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ထိုနေရာမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

——————————————————————

ယွဲ့ချန်ရန်သည် သူ ပြန်ခေါ်ယူထားသော ဓားရှည်ကြီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အသက်လုကာ အသည်းအသန် ပြေးလွှားနေရသည်။ သူ နောက်လှည့်ပင် မကြည့်ရဲတော့ချေ။

ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှစ်ခုအပြီးတွင် ဤခေတ်ရှိလူများ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရသည်။ သူသာ မှော်မန္တန်ဖန်ဆင်းရန် သတိလက်လွတ် ဖြစ်နေခဲ့လျှင် အသားစိုင်များအဖြစ် ကြေမွသွားမည်မှာ သံသယပင်ဖြစ်စရာမလိုပေ။

ယွဲ့ချန်ရန် လမ်းတစ်လျှောက် လေကြမ်းကြီးတစ်ခုပမာ လျင်မြန်စွာ ပြေးလွှားလာစဉ် မြေပြင်ပေါ်ရှိ ဝင်္ကပါ အတားအဆီးများလည်း စတင်အားနည်းလာသည်အား ခံစားမိသည်။

"ရောက်တော့မယ်။ မကြာခင် ရောက်တော့မယ်။ ရှေ့က မြစ်ကြီးကို ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တာနဲ့ ငါ ဝင်္ကပါရဲ့ ချုပ်နှောင်မှုထဲကနေ လွတ်မြောက်ပြီ။ အဲဒီအခါကျရင် ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း မှော်ပညာကိုသုံးပြီး တိုက်ရိုက် ထွက်ပြေးလို့ရပြီ။ အခွင့်ကောင်းရတာနဲ့ ရှေးဟောင်းမြို့တော်နဲ့ ကျီရှန်းနတ်ဂူဗိမာန်ကို ပြန်လည်သိမ်းပိုက်ဖို့ ငါ သေချာပေါက် ပြန်လာခဲ့မယ်။"

ယွဲ့ချန်ရန်သည် စိတ်ထဲတွင် ကိုယ်ကိုယ်ကို အားပေးကာ မြစ်ကမ်းစပ်သို့ ရောက်လာ၏။ သို့သော် မြစ်အလယ်၌ မားမားမတ်မတ် ရပ်နေသော ပုံရိပ်တစ်ခုကြောင့် သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။

တသွင်သွင် ပြင်းထန်စွာ ရိုက်ခတ်နေသော မြစ်လှိုင်းလုံးကြီးများထက်တွင် ဟွမ်ဖုဖိန်သည် လှိုင်းများအား နင်းလျက် မြစ်အလယ်၌ ခန့်ညားစွာ ရပ်နေသည်။ သူ့ ကျောဘက်တွင် အမည်းရောင်ဓားတစ်လက်အား လွယ်ထားပြီး ယွဲ့ချန်ရန်အား ကျောခိုင်းထား၏။ ဟွမ်ဖုဖိန်၏ သားမွေးအင်္ကျီအောက်နားစမှာ မြစ်ပြင်မှ တိုက်ခတ်လာသော လေပြင်းများကြားတွင် တလွင့်လွင့် ဖြစ်နေသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က အတူတူ သောက်ဖို့အတွက် သွမ်ထျန်းဝူဆီ ငါ လာရှာတုန်းက မင်းက သူ့အတွက် ကုန်ကြမ်းတွေသွားရှာပေးဖို့ အပြင်ထွက်သွားပြီး သူ့ကို အဖော်အဖြစ် ခေါ်သွားတယ်လို့ ရှောင်ယွဲ့ဇီ ပြောတာ ငါ ကြားခဲ့ရတယ်။ ငါ ကံကောင်းထောက်မစွာနဲ့ ပြန်ရောက်လာတဲ့အချိန်မှာ မင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ တကယ်မထင်ထားခဲ့ဘူး။"

"ငါ့ရဲ့ ကောင်းကင်ကပ်ဘေးကြီး မကျရောက်ခင်နေ့မှာ ဝိုင်အိုးသယ်လာပြီး ငါ့အိမ်ပေါက်ဝရောက်လာတဲ့သူက ဘယ်သူလဲဆိုတာ မင်း မှတ်မိသေးလား။ အဲ့တာမင်းပဲ။ ငါသာ အဲ့ကပ်ဘေးကနေ အသက်ရှင်လွတ်မြောက်ခဲ့ရင် ငါနဲ့အတူ တစ်လတိတိ သောက်ဖော်လုပ်ပေးမယ်လို့ ပြောပြီး မင်းက ရယ်နေခဲ့တာ။"

ဟွမ်ဖုဖိန်သည် ဖြည်းညင်းစွာ လှည့်လာပြီး မြစ်ကမ်းဘေးတွင် ရပ်နေသော ယွဲ့ချန်ရန်အား စိုက်ကြည့်လာ၏။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘယ်သူကများ ငါတို့ကို သူငယ်ချင်းတွေ ဖြစ်စေခဲ့တာလဲ။ မင်း ကတိဖျက်ခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲ့လို အမှိုက်ကောင်မျိုးရဲ့ လှည့်စားတာကို ခံခဲ့ရတာပဲဖြစ်ဖြစ် ငါ မင်းကို ခွင့်လွှတ်တယ်။"

ဟွမ်ဖုဖိန်သည် လက်ကိုဆန့်ထုတ်ကာ ကျောဘက်ရှိ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေရာ ဟွမ်ဖုဖိန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များက ဖုံးကွယ်မရအောင် လျှံကျလာတော့သည်။

"တာ့ယွဲ့ဇီ။ ဒီနေ့ မင်းကို ခရီးဆုံးလိုက်ပို့ပေးဖို့ ငါ ရောက်လာခဲ့ပြီ။"

မြစ်ကမ်းဘေးတွင် လေပြင်းများ တိုက်ခတ်သွားပြီး မြစ်ကြီးအတွင်းရှိ လှိုင်းများသည် မျက်စိဖြင့်မမြင်နိုင်သော ပြင်းထန်လှသည့် ဓားဆန္ဒကြောင့် ချက်ချင်းပင် နှစ်ခြမ်းကွဲသွား၏။ ထို့နောက် အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များမှာ ကမ်းပေါ်ရှိ ယွဲ့ချန်ရန်ထံသို့ မုန်တိုင်းတစ်ခုသဖွယ် အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသည်။

All Chapters