← Chapters

ဂေါ်စွန်လွန်းတဲ့ ကျွန်မဆရာ (၁)

Vol. 14 Ch. 137

ဂေါ်စွန်လွန်းတဲ့ ကျွန်မဆရာ (၁)

Vol. 14 Ch. 137

သွမ်ထျန်းဝူဂိုဏ်း၏ တိတ်ဆိတ်နေသော အဆောင်တစ်ခုရှေ့သို့ ထန်ရော်ဝေနှင့် လီကျင်းယောင်တို့ နှစ်ယောက် ရောက်လာ၏။

အဆောင်တံခါးဝတွင် အစောင့်ကျနေသော သွမ်ထျန်းဝူတပည့်နှစ်ဦးက သူတို့ကို မြင်သည်နှင့် ချက်ချင်းပင် လက်ကာပြ၍ လှမ်းတားလိုက်သည်။

"စီနီယာအစ်မတို့... ခဏလောက် ရပ်ပေးပါ။ ဒီနေရာက အကြီးအကဲလျှို့ အနားယူနေတဲ့ သီးသန့်ဆောင်မို့ အကြီးအကဲ သတိမရမချင်း ၀င်ခွင့်မပြုပါဘူး ကိစ္စရှိတယ်ဆိုရင် နောက်မှပဲ ပြန်လာခဲ့ပေးကြပါ။"

ထိုစကားကို ကြားလိုက်ရချိန် ထန်ရော်ဝေနှင့် လီကျင်းယောင်တို့ အချင်းချင်း အဓိပ္ပာယ်ပါပါ အကဲခတ်လိုက်၏။ ထို့နောက် လီကျင်းယောင်က ရှေ့သို့ တစ်လှမ်းတိုးလာကာ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

" အစ်မတို့က ဂိုဏ်းချုပ်ယဲ့ရဲ့ အမိန့်နဲ့ ရောက်လာတာပါ။ မင်းတို့နေရာမှာ အစ်မတို့ အလှည့်ကျ ကင်းစောင့်ပေးမလို့လေ။ သွား... သွား... ကောင်းကောင်းသာ သွားနားလိုက်ကြတော့။"

"ဒါက..."

တပည့်နှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အနည်းငယ် တွေဝေသွား၏။

"ရော့။ ဒါက ဂိုဏ်းချုပ်ယဲ့ရဲ့ စာပဲ"

ထန်ရော်ဝေမှာ သူမ အင်္ကျီလက်ပွကြီးထဲမှ ခေါက်ထားသော စာလိပ်တစ်ခုကို ထုတ်ကာ ကမ်းပေးသည်။ တပည့်နှစ်ယောက်က စာလိပ်ကို ဖြန့်ကြည့်ပြီးနောက် သံသယမကင်းသော လေသံဖြင့် ပြောလာသည်။ "ဂိုဏ်းချုပ်ရဲ့ လက်ရေးအစစ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ကြိုပြီး ညွှန်ကြားထားတာမျိုး မရှိဘူးလေ။ သူကိုယ်တိုင် ရောက်မလာမချင်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနိုင်ဘူးခင်ဗျာ။"

"ဪ မောင်လေးတို့က အစ်မတို့ကို မယုံတာလား။ ဒါမှမဟုတ် အစ်မတို့ရဲ့ နောက်ခံဂိုဏ်းကြီးကိုပဲ မယုံကြည်ရဲတာလား။"

ထိုသို့ လေသံချိုချိုဖြင့် ပြောဆိုလိုက်စဉ်မှာပင် လီကျင်းယောင်သည် သူမ၏ နတ်ဆိုးမာယာလှည့်စားခြင်း ကျင့်စဉ် အစွမ်းအနည်းငယ်အား ထုတ်သုံးလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ ကိုယ်ဟန်အမူအရာတိုင်းက ရင်ခုန်သံမြန်စေလောက်အောင် ညှို့ဓာတ်များ ပြည့်နှက်သွားတော့၏။

"ကဲပါ။ မောင်လေးတို့နေရာမှာ အစ်မတို့က တာဝန်ယူပေးမယ်လေ။ ပြန်ပြီးတော့ ကောင်းကောင်းသာ အနားယူလိုက်နော်။"

ထိုစကားသံအဆုံးတွင် တပည့်နှစ်ယောက်၏ မျက်လုံးထဲ၌ သူတို့ရှေ့မှ ရိုးရိုးယဉ်ယဉ် မိန်းကလေးမှာ စိတ်ဝိဉာဉ်ကိုပင် ခိုးယူစားသောက်နိုင်သော ဆွဲဆောင်မှုအပြည့်ရှိသည့် စုန်းမလေးတစ်ပါးအလား အထင်မှား‌မိသွားသည်။ သူမ၏ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးမှ ထွက်ကျလာသော စကားလုံးတိုင်းသည် အသက်ဝင်နေသယောင် သူတို့ နားစည်မှတစ်ဆင့် နှလုံးသားထိတိုင် တိုး၀င်လာပြီး ရီဝေဝေပင်ဖြစ်သွားရသည်။

သူတို့ မည်သို့မည်ပုံ သဘောတူလိုက်မိမှန်းပင် မသိလိုက်ဘဲ တပည့်နှစ်ယောက်သည် မိန်းမောတွေဝေစွာ ခေါင်းညိတ်လိုက်ကြပြီး ထိုနေရာမှ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားကြတော့သည်။

"အစ်မလီရဲ့ လှည့်ကွက်က တကယ်ကို ကြက်သီးထစရာပဲ။"

ထန်ရော်ဝေသည် ထွက်ခွာသွားသော အစောင့်နှစ်ဦး၏ ကျောပြင်ကို ကြည့်ပြီး အံ့ဩမှုတစ်၀က် ထိတ်လန့်တစ်၀က် ဖြင့် သက်ပြင်းချလေ၏။

"မဟုတ်တာ။ ငါက ဂိုဏ်းချုပ်စုရှန်းရွှယ်နဲ့ ယှဉ်ရင် ငါက အများကြီး လိုပါသေးတယ်။ အဆင့်ဘယ်လောက်တောင် ကွာနေသေးလဲ မသိဘူး။" လီကျင်းယောင်က ခေါင်းကိုခါယမ်းလိုက်သည်။ "တကယ်လို့ ဂိုဏ်းချုပ်စုသာ ဒီနေရာမှာဆိုရင် သူတို့ကို တစ်ခုခုခိုင်းဖို့ စကားတောင် ပြောစရာမလိုဘူး။ အကြည့်တစ်ချက်လေးနဲ့တင် လုံလောက်ပြီ။"

သူတို့နှစ်ယောက်သား ခြံဝင်းတံခါးအနီးသို့ ချဉ်းကပ်၍ သေချာစွာ စစ်ဆေးလိုက်သည်။ လီကျင်းယောင်သည် အနားတွင် မည်သူမျှမရှိတော့သည်အား သေချာသွားမှသာ ဆက်ပြောသည်။ "ကဲ အဲဒီအကြောင်းတွေ ထားလိုက်ပါတော့။ ဓားဘိုးဘေး ခိုင်းထားတဲ့ကိစ္စကို အရင်ပြီးအောင် လုပ်ကြရအောင်။"

သူမသည် သိုလှောင်အိတ်ထဲမှ အစီအရင်တည်ဆောက်ရာတွင် သုံးသော ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်အတိုင်း မြေကြီးပေါ်တွင် နေရာကျကျ ဖြန့်ကြဲလိုက်သည်။

ထန်ရော်ဝေသည်တော့ အဝေးတစ်နေရာမှ ခေါင်းလေးစောင်းကာ ကြည့်နေပြီးနောက် ရုတ်တရက် မေးလာသည်။ "အစ်မလီ။ အစ်မက ဒီကိစ္စမှာ အရမ်း တက်ကြွနေတာပဲ။ ကျွန်မရဲ့ဆရာအိုကြီးကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်။"

"နားထောင်ရတာ မကောင်းလောက်ပေမယ့် ငါ စီနီယာဓားဘိုးဘေးကို တကယ် သဘောကျတယ်။"

လီကျင်းယောင်မှာမူ ရှက်ရွံ့နေခြင်း အလျင်းမရှိပဲ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဟွမ်ဖုဖိန်၏ မျိုးဆက်ပီသစွာ ပွင့်ပွင့်လင်းလင်းပင် ပြတ်သားစွာ ဝန်ခံသည်။ "ငါ့ရဲ့ တွေးခေါ်နိုင်စွမ်းကို လိုက်မီရုံတင်မကပဲ ငါ့ကိုပါ လမ်းပြဦးဆောင်နိုင်တဲ့ ယောကျ်ားတစ်ယောက် တွေ့ရဖို့ဆိုတာ တော်တော်လေး ရှားတယ်။ ဒါကြောင့် ဂျူနီယာညီမလေးရော်ဝေကို ကိုကြို‌ပြောထားရဦးမယ်။ တစ်နေ့မှာ ငါ့စိတ်က ရုတ်တရက်ပြောင်းသွားပြီး နင့်ရဲ့ဆရာကတော် ဖြစ်ချင်လာတာမျိုးလည်း ရှိနိုင်တာပဲ။ သေချာတော့ မပြောနိုင်သေးဘူး။"

လီကျင်းယောင်သည် ထန်ရော်ဝေအား စနောက်ဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြ၏။

ဘာလို့များ ငါ့ရဲ့ သေခါနီးဆရာက အဲ့လောက်တောင် ဂေါ်စွန်နေရတာလဲ။

ထန်ရော်ဝေသည် ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အကြောင်းပြချက်မရှိဘဲ အနည်းငယ် ကသိကအောက် ဖြစ်သွားရသည်။ သို့သော် သူမမှာ ထိုအတွေးများအား ချက်ချင်းဖိနှိပ်လိုက်ပြီး အစီအရင်ပစ္စည်းများကို ထုတ်ယူကာ လီကျင်းယောင်အား ကူညီရန်သာ အာရုံစိုက်လိုက်၏။

All Chapters