သစ္စာဖောက် (၁)
Vol. 14 Ch. 139
အစီအရင် တည်ဆောက်ခြင်းကိစ္စ ပြီးစီးသွားပြီးနောက် မကြာမီမှာပင် အကြီးအကဲလျှို့ရှိနေသော အဆောင်ခန်းဆီမှ နာကျင်စွာ ညည်းညူလိုက်သည့် အသံအား ထန်ရော်ဝေနှင့် လီကျင်းယောင်တို့ ရှင်းလင်းစွာ ကြားလိုက်ရသည်။
မိန်းကလေးနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါပါ အကျင့်ဖလှယ်ကြသည်။ ထို့နောက် အဆောင်အပြင်ဘက်သို့ ပြေးထွက်ကာ အသံအား အစွမ်းကုန်မြှင့်၍ အော်လိုက်၏
"လာကြပါဦးဟေ့။ အကြီးအကဲလျှို့ သတိရလာပြီ။ မြန်မြန် လာကြပါဦး။"
"ဘာ။ အကြီးအကဲလျှို့ သတိရလာပြီ ဟုတ်လား။"
သူတို့ အော်ဟစ်သံများက သွမ်ထျန်းဝူဂိုဏ်းမှ တပည့်တစ်စုအား ချက်ချင်းပင် အလန့်တကြား ဖြစ်သွားစေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးအနားရှိ လူဒါဇင်ပေါင်းများစွာသည် အကြီးအကဲလျို့ အဆောင်ခန်းအတွင်းသို့ ဝရုန်းသုန်းကား တိုးဝှေ့ ဝင်ရောက်လာကြတော့သည်။ ထိုအထဲမှ စီနီယာအနည်းငယ်ကျသောလူတစ်ယောက်က ခေါင်းလှည့်ကာ အသံကုန် အော်ဟစ်လိုက်၏။ "မြန်မြန်။ ဂိုဏ်းချုပ်ဆီ သွားပြီး သတင်းပို့ကြစမ်း။"
ထိုအချိန်တွင် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲနှင့် ဆူညံရှုပ်ထွေးသွားတော့၏။ လီကျင်းယောင်နှင့် ထန်ရော်ဝေတို့သည် ထိုအခြေအနေအား အခွင့်ကောင်းယူကာ လူအုပ်ကြားထဲမှ တိတ်တဆိတ် ကိုယ်ယောင်ဖျောက်ကာ ထွက်ခွာသွားကြသည်။
————————————————
"ဘာ။ အကြီးအကဲလျှို့ သတိရလာပြီ ဟုတ်လား။"
ယွယ်ချန်လျန်သည် သတင်းလာပို့သော တပည့်ဖြစ်သူအား ကြည့်ပြီး သူ့မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ အတိုင်းသား ပေါ်လွင်နေခဲ့၏။
"ဟုတ်ပါတယ် ဂိုဏ်းချုပ်။"
အကြီးအကဲလျှို့၏ လက်အောက်တွင် ပညာသင်ကြားခဲ့သော သွမ်ထျန်းဝူဂိုဏ်း တပည့်မှာ အရိုအသေပေးကာ ပြောသည်။ "အကြီးအကဲလျှို့ တကယ်ပဲ သတိရလာတာကို တပည့်တို့ မျက်မြင်တွေ့ခဲ့ရတာပါ။ အခု စီနီယာတွေ အများကြီးက ဝိုင်းပြီး စောင့်ကြည့်ပေးနေကြပါတယ်။"
"ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကြားထဲမှာ နောက်ဆုံးတော့လည်း သတင်းကောင်းလေး ကြားရပြီပေါ့။"
ယွယ်ချန်လျန်သည် သူ၏ပေါင်အား ပျော်ရွှင်စွာ ပုတ်လိုက်ပြီး နေရာမှ ထရပ်လိုက်သည်။ "ငါ သူ့ဆီ အခုချက်ချင်း သွားကြည့်မှ ဖြစ်မယ်။"
ယွယ်ချန်လျန်သည် နေရာမှထကာ အပြင်ဘက်သို့ လျင်မြန်စွာ လျှောက်ထွက်သွားခဲ့ပြီး တပည့်ဖြစ်သူလည်း ယွယ်ချန်လျန် နောက်မှ ကမန်းကတန်း လိုက်ပါသွားခဲ့သည်။ သို့သော် ယွယ်ချန်လျန်က တံခါးအား ဆွဲဖွင့်လိုက်သည့် ခဏတွင်ပင် တံခါးဝ၌ ရပ်နေသော လူတစ်ယောက်ကြောင့် ယွယ်ချန်လျန်၏ခြေလှမ်းများ တန့်ခနဲ ရပ်တန့်သွားကာ တစ်ကိုယ်လုံး မှင်သက်သွားရတော့သည်။ တံခါးအပြင်ဘက်တွင် ရပ်နေသူကား တခြားသူမဟုတ်ပဲ ပိုင်ချူးရန်ပင် ဖြစ်နေလေ၏။
"ဓားဘိုးဘေး။ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။"
ယွယ်ချန်လျန်သည် ပိုင်ချူးရန်အား အံ့ဩတကြီး ကြည့်ရင်း မေးလိုက်မိသည်။ "မြေကမ္ဘာအင်မော်တယ်ရဲ့ ရှေးဟောင်းမြို့တော်ကို ရှင်းလင်းဖို့သွားတာ မဟုတ်ဘူးလား။"
"ဟိုဘက်မှာတော့ ပြီးသလောက်ရှိနေပါပြီ။"
ပိုင်ချူးရန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဒီမှာ အဆုံးသတ်ရမယ့် ကိစ္စလေးတစ်ခု ရှိနေလို့ ရောက်လာတာ။ အချိန်ရရင် ငါနဲ့ လိုက်ခဲ့ပေါ့။"
——————————————
အကြီးအကဲလျှို့၏ အခန်းအတွင်း၌မူ တပည့်တစ်စုသည် စိုးရိမ်ကြီးစွာ ဝိုင်းဝန်းမေးမြန်းနေကြ၏။
ယွယ်ချန်ရန်၏ လှည့်စားဖုံးကွယ်ထားမှုအောက်တွင် ရှေးဟောင်းမြို့တော်မှ သေလုမျောပါး အသက်ရှင်လွတ်မြောက်လာခဲ့သည့် အကြီးအကဲလျှို့သည် ကုတင်ပေါ်၌ ထိုင်နေခဲ့သည်။ အကြီးအကဲလျှို့သည် တပည့်များ၏ စိုးရိမ်ပူပန်မှုများအား ပြန်လည်တုံ့ပြန် စကားဆိုနေရင်း ချောင်းများလည်း ရံဖန်ရံဖန်ဆိုးနေသည်။
ကျင့်ကြံသူတစ်ဦး၏ ရုပ်ခန္ဓာဖွဲ့စည်းပုံမှာ သာမန်လူသားများထက်များစွာ ပိုမိုသန်မာလှပေသည်။ အကြီးအကဲလျှို့သည် သတိလစ်မေ့မြောရာမှ ယခုမှ နိုးထလာခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာမှလည်း သက်သာပျောက်ကင်းခြင်း မရှိသေးပေ။ သို့ရာတွင် သူ ယခုကဲ့သို့ ထိုင်နိုင်နေခြင်းမှာ တပည့်မိားအတွက် ပုံမှန်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ အကြီးအကဲလျှို့နေရာတွင် အခြားထိပ်တန်းဂိုဏ်းရှိ အကြီးအကဲသာဖြစ်ပါက ယခုကဲ့သို့ အဆက်မပြတ် ချောင်းဆိုးနေမည့်အစား နှုတ်ဆိတ်စွာသာ နေလိမ့်မည်ဖြစ်သည်။
တပည့်များသည် အကြီးအကဲလျှို့နှင့် ရင်းနှီးစွာ စကားပြောဆိုနေကြစဉ် တံခါးအပြင်ဘက်မှ လူတစ်ယောက်က အသံကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ် ရောက်လာပြီဟေ့။"
အခန်းတွင်းရှိ တပည့်များသည် အလျင်အမြန်ပင် ဘေးသို့ကပ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် သတင်းသွားပို့သော တပည့်နှင့်အတူ အခန်းတွင်းသို့ ဝင်ရောက်လာသည့် ယွယ်ချန်လျန်အား ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏။
"အဘိုးကြီးလျှို့"