အခန်း (၆၅-၆၆)
Vol. 5 Ch. 65-66
စူပါ-ဖမ်း(SFS)
အခန်း ၆၅ ။ နောက်ထပ် အားကောင်းမောင်းသန် လုပ်သားတစ်ယောက် ထပ်တိုးလာပြန်ပြီ
လင်းယန်သည် ကတုံးချန်တို့တစ်သိုက်၏ မျက်နှာပျက်နေပုံကို အထင်အရှား မြင်နေရသည်။ တကယ်ကို ရယ်စရာကောင်းလှပေသည်။
သို့သော် ကတုံးချန်တို့ကတော့ လင်းယန်၏ နှုတ်ခမ်းထောင့်က အပြုံးကို မြင်သောအခါ ရင်ထဲတွင် တထိတ်ထိတ် တုန်သွားကြတော့သည်။ အခြေအနေက တော်တော်လေး အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရ၏။
"ငါတို့ လုပ်လိုက်တဲ့အလုပ်က ကိုကြီးလင်းကို လုံးဝ ရန်စမိသွားပြီလား မသိဘူး။"
"ဘယ်လိုလုပ်ကြမလဲ!"
"ဒီရဲတွေက ငါတို့ဘက်ကနေ ဘယ်တော့မှ ပြောပေးမှာ မဟုတ်ဘူး။"
"ငါတို့ကလည်း အထဲကို ခဏခဏ ဝင်ဖူးတာကိုး။"
"ဟူး... အရင်ကတည်းက ရန်မဖြစ်ခဲ့သင့်ဘူး။"
လူငယ်တစ်စုမှာ ချက်ချင်းပင် ဇွဲလျော့ကာ နွမ်းဖတ်သွားကြတော့သည်။ လင်းယန်က လက်စားချေမည်ကိုလည်း အလွန်စိုးရိမ်နေကြ၏။ ဘာပဲဖြစ်ဖြစ် ဒါက သူ့နယ်မြေ မဟုတ်လား။ ဒီတောနက်ထဲမှာဆိုတော့ ပိုပြီးတော့တောင် အန္တရာယ်များသေးသည်။
တစ်ဖက်တွင်မူ ရဲအရာရှိမလေး ဟူရွှယ်ကတော့ အလွန်ပင် စိတ်အားထက်သန်နေ၏။
"ဒီရွာက ကျွန်မတို့ရဲ့ နယ်မြေထဲမှာပဲ ရှိတာဆိုတော့ တစ်ခုခု အခက်အခဲရှိရင် ကျွန်မတို့ကို အချိန်မရွေး ပြောပါနော်။
နောက်ပြီး ကျွန်မရဲ့ ဖုန်းနံပါတ်ကိုလည်း မှတ်ထားပေးပါ၊ ဘာကိစ္စပဲရှိရှိ ကျွန်မဆီ ဆက်သွယ်လို့ ရပါတယ်။"
"ရပါတယ်၊ ပြဿနာမရှိဘူး။"
ဤဟူရွှယ်အပေါ် လင်းယန်၏အမြင်ကတော့ မဆိုးလှပါ။ သူမက ငယ်ရွယ်သေးပြီး နောက်ခံအဆက်အသွယ်ကြောင့် ဤနေရာသို့ ရောက်လာခြင်း ဖြစ်နိုင်သော်လည်း၊ သူမ၏ ကြွက်သားနှင့် ခွန်အားကို လင်းယန် ခံစားမိသည်။ သူမသာ အစွမ်းပြလိုက်လျှင် ကျားသစ်မတစ်ကောင်ကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဟိုဘက်က လူမိုက်ငါးယောက်လောက်ကိုတော့ သူမ တစ်ယောက်တည်းနှင့် အေးဆေး ကိုင်တွယ်နိုင်ပေလိမ့်မည်။
သိသာသည်မှာ သူမကိုယ်တိုင်ကလည်း အရည်အချင်းရှိသူ ဖြစ်သည်။ အဘိုးစူးဘေးက လူယုံတွေလောက် မတော်သေးသော်လည်း၊ အမျိုးသမီးတစ်ယောက်အနေနှင့်မူ သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ လူကို ဆွဲဆောင်နိုင်စွမ်းရှိလှပေသည်။
ဖြစ်နိုင်သည်မှာ... သူမ၏ တရားမျှတလိုစိတ်ကြောင့် ဖြစ်ပေလိမ့်မည်။ သူမ ရပ်နေပုံကို ကြည့်ရုံနှင့်တင် တရားမျှတမှုတွေ ဝေနေသကဲ့သို့ပင်။ လင်းယန်သည် ဤကဲ့သို့သော အရှိန်အဝါမျိုးမှာ မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ပျိုးထောင်လာခဲ့သနည်းဟုပင် စဉ်းစားမရနိုင်အောင် ဖြစ်နေမိသည်။
ဟူရွှယ်သည် သူမ၏အသံကို တတ်နိုင်သမျှ နူးညံ့အောင် ကြိုးစားနေသော်လည်း လင်းယန်ကတော့ သူမ၏ ဖုံးကွယ်ထားသော ခွန်အားကို ရိပ်မိနေဆဲပင်။
ဖုန်းနံပါတ်တွေ အပြန်အလှန် ပေးပြီးနောက်...
ဟူရွှယ်က ဘာကြောင့် သူ့နံပါတ်ကို ဇွတ်ယူနေရသလဲဆိုတာ လင်းယန် နားမလည်ပါ။ ထမင်းတူတူစားဖို့ ချိန်းမလို့လား? သူ့မှာ ဧက ၈၀၀ ကျော် စိုက်ဖို့ ကျန်သေးတာမို့လို့ တော်တော်လေး အလုပ်များနေတာလေ။
လင်းယန်သည် ဖြစ်စဉ်များကိုလည်း နားမလည်နိုင်အောင် ဖြစ်နေရသည်။ ဟူရွှယ်၏မျက်လုံးထဲတွင် ထိုလူမိုက်လေးများမှာ အရေးပင် မပါသလိုပင်။ သူမက လင်းယန်ကိုသာ ပို၍ အာရုံစိုက်နေသည်။ နံပါတ်ရပြီးသော်လည်း ပြန်မည့်ပုံမပြဘဲ ဟိုမေးဒီမေးလုပ်နေပြီးမှ အဓိကကိစ္စကို သတိရသွားပုံရသည်။
"ဒါနဲ့... ဒီလူတွေကို ဘယ်လို ကိုင်တွယ်စေချင်သလဲဟင်? ကျွန်မတို့ ရှင့်အတွက် တရားစီရင်ပေးပါ့မယ်။"
လင်းယန်သည် ထိတ်လန့်တုန်လှုပ်နေသော လူမိုက်များကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြီးမှ -
"ဘာမှ မဖြစ်ပါဘူး၊ လယ်ထဲမှာ အလုပ်က တော်တော်များနေတာဆိုတော့ သူတို့ကို ဒီမှာပဲ ထားပြီး ကူခိုင်းလိုက်တော့မယ်။"
ဟူရွှယ် ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်သွားသည်။ ရဲတိုင်ခဲ့သော လူမိုက်လေးကတော့ သူတို့ ဘယ်လောက် နှိပ်စက်ခံနေရကြောင်း တငိုငိုတရည်ရည်နှင့် ပြောခဲ့သော်လည်း... ဟူရွှယ်တို့လို အတွေ့အကြုံရှိတဲ့ ရဲတွေရှေ့မှာတော့ ဒါတွေက ကလေးကလားတွေပါ။
ဒီလူတွေက ဘယ်လိုလူတွေလဲဆိုတာ သူတို့ မိဘတွေထက်တောင် ရဲတွေက ပိုသိနေတာလေ။ ဒီလို တောခေါင်ခေါင်နေရာမှာ လာပြီး အနိုင်ကျင့်ခံရတယ်ဆိုတာ... သိသာလှသည်မှာ တစ်ဖက်လူကို အရင်လာနှောင့်ယှက်ပြီးမှ ပြန်အပိတ်ခံလိုက်ရခြင်းပင်။ အကယ်၍ နစ်နာသူက လင်းယန်သာ မဟုတ်လျှင် သူတို့ လှည့်တောင် ကြည့်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ လူမိုက်များသာ ဟူရွှယ်၏အတွေးကိုသိလျှင် ရင်ကွဲသွားပေလိမ့်မည်။
ငါတို့က တကယ့် နစ်နာသူတွေပါဟ! ပျိုးပင် နည်းနည်းပဲ နင်းမိတာကို လေးယောက်တောင် ခြေထောက်ကျိုးသွားတယ်၊ ကျန်တဲ့သူတွေလည်း လယ်ထဲမှာ ခိုင်းနွားတွေလို လုပ်နေရတာပါဆို!
သို့သော် ဟူရွှယ်ကတော့ ဒါတွေကို မသိပါ။
"သူတို့ကို အလုပ်လုပ်ခိုင်းတာလည်း ကောင်းပါတယ်။ ရန်ပွဲတွေ လိုက်ဖြစ်နေတာထက်စာရင်တော့ ပိုကောင်းတာပေါ့။ အကယ်၍ စကားနားမထောင်ရင် ကျွန်မကို ဆက်သွယ်လိုက်ပါ၊ ကျွန်မတို့ သူတို့ကို ခေါ်သွားပြီး အချုပ်ထဲမှာ ခဏ ထည့်ထားပေးမယ်။"
ကတုံးချန်တို့ ထိုစကားကို ကြားသောအခါ လုံးဝ လိမ္မာသွားကြတော့သည်။ အချုပ်ထဲမှာ နေရမည့်နေ့ရက်များထက်စာလျှင် ဒီမှာ ပင်ပန်းရသည်မှာ ခံသာပါသေးသည်။ ဘာပဲဖြစ်ဖြစ် အရိုက်တော့ မခံရဘူး မဟုတ်လား။ အချုပ်ထဲက လူမိုက်ကြီးတွေနဲ့သာ သွားတိုးရင်တော့ သိက္ခာဆိုတာ လုံးဝ ရှိတော့မှာ မဟုတ်ဘူးလေ။ ကိုကြီးချန်ဆိုတာလည်း အပိုစာလုံး ဖြစ်သွားမှာပေါ့။
"အရာရှိမင်း... စိတ်ချပါ၊ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပါ့မယ်။ အလုပ်လုပ်ရတာ ဂုဏ်ယူစရာပါပဲ။"
"ဟုတ်ပါတယ်... ကျွန်တော်တို့ လယ်စိုက်ရတာကို အရမ်းချစ်တာပါ။"
"မှန်ပါတယ်... အလုပ်လုပ်ရတာက စိတ်ကို လန်းဆန်းစေပါတယ်။"
ဟူရွှယ်သည် သူတို့ကို အံ့ဩတကြီး ကြည့်ပြီးနောက် လင်းယန်ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လာသည်။
"ရှင် သူတို့ကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လိမ္မာအောင် လုပ်လိုက်တာလဲ?"
လင်းယန် မေးစေ့ကို ပွတ်ရင်း ခန စဉ်းစားလိုက်ကာ - "ဖြစ်နိုင်တာကတော့... ကျွန်တော်က အရမ်း ချောနေလို့လား?"
အမှန်စင်စစ် သူကိုယ်တိုင်လည်း ဘာကြောင့်မှန်း သေချာမသိပါ။ ဖြစ်နိုင်သည်မှာ ဤလူမိုက်များက ရဲကို ကြောက်ကြခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ဟူရွှယ်တို့ကို သူတို့ကိုယ်တိုင် ခေါ်လာခဲ့ကြတာ မဟုတ်လား။ တကယ်ကို နားမလည်နိုင်စရာပင်။
ဟူရွှယ်လည်း လင်းယန်၏အဖြေကြောင့် အနေခက်သွားရသည်။ ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ လင်းယန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်ဟု ထင်ရသော်လည်း၊ ဆွဲဆောင်မှုရှိလှသော ထိုမျက်နှာကို ကြည့်လိုက်သောအခါတွင်မူ ၎င်းမှာ ငြင်းမရသော အမှန်တရားဖြစ်ကြောင်း သူမ ဝန်ခံလိုက်ရသည်။
နောက်ဆုံးတွင် သူမက -
"တစ်ခုခုဖြစ်ရင် ကျွန်မကို ဆက်သွယ်ပါ၊ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
"မလိုပါဘူး၊ လယ်ထဲမှာ အလုပ်ကျန်သေးလို့ ကျွန်တော် မလိုက်ပို့တော့ဘူးနော်။"
ဟူရွှယ် ပါးစပ်လေး ဟသွားသည်။ သူမက လင်းယန်နှင့် စကားအကြာကြီး ပြောချင်နေသော်လည်း၊ လင်းယန်ကတော့ စကားဝိုင်းကို အမြဲတမ်း တန်းဖြတ်ပစ်နေသည်။ အခုလည်း ပြန်ခိုင်းနေပြီပေါ့။ ကျွန်မတို့လည်း ဝိုင်းကူပေးပါ့မယ်လို့ ပြောဖို့ကျတော့လည်း... ဒါက ရုံးချိန်ကြီးလေ...။
သူမ စဉ်းစားနေစဉ်မှာပင် လင်းယန်က သူမ၏အတွေးကို ဖြတ်လိုက်သည်။
"အရာရှိဟူ... လက်ကို ဒီအတိုင်း အကြာကြီး ဆုပ်ကိုင်ထားရင် ဘေးကလူတွေ မြင်ရင် မကောင်းဘူး။ ကျွန်တော်က ခင်ဗျားကို အခွင့်ကောင်း ယူနေတယ်လို့ ထင်ကုန်ကြဦးမယ်။"
"အာ... ဪ... ဟုတ်ကဲ့။"
ဟူရွှယ် ချက်ချင်း သတိဝင်လာပြီး ချွေးပြန်နေသော သူမ၏လက်ဖဝါးကို အမြန် ပြန်ရုတ်လိုက်သည်။ သူမ၏မျက်နှာမှာလည်း နီရဲနေတော့သည်။
လင်းယန်ကတော့ စေတနာနှင့် ပြုံးပြလိုက်၏။ သူ့လက်ကို ဆွဲထုတ်လိုက်ရန် လွယ်ကူသော်လည်း၊ အေးမြလှသော ထိုလက်ဖဝါးလေး၏ အထိအတွေ့မှာ မဆိုးလှကြောင်း သူ ဝန်ခံရပေမည်။
သို့သော် သူ့အပြုံးကြောင့် ဟူရွှယ် ပို၍ အနေခက်သွားကာ - "ရုံးမှာ အလုပ်ရှိသေးလို့ ကျမ သွားလိုက်ပါဦးမယ်" ဟု ဆိုကာ ကားပေါ်သို့ အမြန် တက်သွားတော့သည်။
လင်းယန်နှင့် နှုတ်ဆက်ခဲ့သော သူမ၏လက်ကို ကြည့်ရင်း ဟူရွှယ်၏ရင်ထဲတွင် အလွန်ပင် စိတ်လှုပ်ရှားနေ၏။
ခုနကတင် သူနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာနော်! ပြန်ရောက်ရင် လက်မဆေးတော့ဘူး။
တကယ်ကို ကံကောင်းလိုက်တာ။
သို့သော် မကြာမီမှာပင် ကားပေါ်က လုပ်ဖော်ကိုင်ဖက်များက သူမကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
"အစ်မဟူ... ဘာဖြစ်လို့လဲဟင်" အလုပ်သင် ရဲလေးတစ်ယောက်က ဇဝေဇဝါဖြင့် မေးလိုက်၏။
ဟူရွှယ် ချောင်းနှစ်ချက် ဟန့်လိုက်ကာ အခြေအနေကို ထိန်းလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး။"
ကားထဲတွင် ရယ်သံများ ပွက်လောရိုက်သွားတော့သည်။ ဟူရွှယ်ကတော့ သူတို့ ဘာတွေးနေမှန်း သိသဖြင့် ဒေါသထွက်ဟန်ဆောင်လိုက်ကာ -
"သေချင်နေကြတာလား!"
"ဖရဲသီးကိုကို ကို ကြိုက်ရင်လည်း အတည်ပြောလိုက်ပါလား၊ အစ်မ လက်ဦးအောင် မလုပ်ရင် တခြားလူတွေ ပါသွားဦးမယ်နော်။" အသက်ကြီးတဲ့ ရဲတစ်ယောက်က စေတနာနှင့် သတိပေးလိုက်သည်။
ဟူရွှယ် ပို၍ပင် ရှက်သွားကာ -
"မ... မဟုတ်ပါဘူး၊ ဘယ်ကလာတာလဲ။ အခုမှ တစ်ခါပဲ တွေ့ဖူးတာကို၊ ဘယ်လိုလုပ် အဲ့ဒီလောက် မြန်မြန် ကြိုက်မှာလဲ။"
ထိုရဲကြီးကတော့ ခေါင်းယမ်းလိုက်ကာ - "ငယ်သေးလို့ပါပဲ၊ ကိုယ့်စိတ်ကို ဖုံးကွယ်ဖို့တောင် မတတ်သေးဘူး။"
ဟူရွှယ် ပို၍ပင် ထိတ်လန့်သွားသော်လည်း ကားထဲက အငွေ့အသက်ကတော့ တကယ့်ကို ပျော်စရာ ကောင်းနေတော့သည်။
……
လင်းယန်သည် ရဲကား ထွက်သွားသည်ကို ကြည့်ပြီးမှ စိတ်အေးသွားတော့သည်။ သူတို့ အကြာကြီး နေသွားပြီး သူ လယ်စိုက်တာကို နှောင့်နှေးသွားမှာကို သူ တကယ် စိုးရိမ်နေခဲ့တာပါ။ ကံကောင်းသည်မှာ လာတာလည်း မြန်၊ ပြန်တာလည်း မြန်၏။
နောက်ပြီး... လင်းယန်အတွက် အင်အားရှိသော အလုပ်သမားတစ်ယောက်ပါ ထပ်တိုးပေးခဲ့သေးသည် မဟုတ်လား!
ကတုံးချန်တို့တစ်သိုက်မှာ လင်းယန်၏အကြည့်ကို မြင်သောအခါ အလုပ်ကိုသာ အာရုံစိုက်ကာ ခေါင်းငုံ့လုပ်နေကြတော့သည်။ ရဲတိုင်ခဲ့သော လူမိုက်လေး တစ်ယောက်သာလျှင် အတော်လေး ထိတ်လန့်နေ၏။ သူ လယ်မစိုက်တတ်ပေ!
ကံကောင်းသည်မှာ သူ့သူငယ်ချင်းငါးယောက်က တော်တော်လေး ကူညီကြသဖြင့် ခဏချင်းမှာပင် လယ်စိုက်နည်းကို သူ တတ်သွားခဲ့သည်။
ဟက်... လယ်စိုက်တာလည်း ဘာမှ မခက်ပါလား။ ငါက တော်တော် တော်တာပဲ။
ထိုလူမိုက်လေးသည် ရန်ဖြစ်တာကလွဲလျှင် ဤအလုပ်မှာ သူ အတော်ဆုံးဖြစ်လိမ့်မည်ဟု တွေးကာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတော့သည်။
အခြားငါးယောက်ကတော့ အသစ်ရောက်လာသူက အားရပါးရလုပ်နေသည်ကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဒီအတိုင်းသာ ဆက်လုပ်သွားရင်တော့ ညကျလျှင် ဒီကောင် လုံးဝ ခွေကျသွားမှာ သေချာသည် မဟုတ်လား။
ဒါပေမဲ့... လယ်စိုက်ရခြင်းမှရရှိသော အနည်းငယ် ရှက်စရာကောင်းသည့် ထိုအောင်မြင်မှု ခံစားချက်ကိုတော့... သူတို့ ဘယ်တော့မှ ဝန်ခံကြမည် မဟုတ်ပေ။
***
စူပါ-ဖမ်း(SFS)
အခန်း ၆၆ ။ ပထမဆုံး ကျောင်းသားအသုတ် ရောက်ရှိလာခြင်း
လင်းယန်သည် ကတုံးချန်တို့အဖွဲ့အပေါ် အတော်လေး ကျေနပ်အားရနေသည်။ လူငယ်တွေပီပီ တက်ကြွသည့် အားမာန်များ ရှိနေကြသည်။ သူတို့အချင်းချင်းပင် တိတ်တဆိတ် ယှဉ်ပြိုင်နေကြသလိုမျိုး ရှိနေသဖြင့် လယ်စိုက်သည့် အမြန်နှုန်းမှာ ပို၍ပင် မြန်ဆန်လာခဲ့သည်။
သို့သော် နံနက်ပိုင်းသို့ ရောက်သောအခါ အခြေအနေက ပြောင်းလဲသွားခဲ့သည်။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်မှ လက်တွေ့ဆင်းမည့် ပထမဆုံး ကျောင်းသားအသုတ် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လောင်ဝမ် ကိုယ်တိုင် ဦးဆောင်၍ လယ်ကွင်းထဲသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
"ဒီတစ်ခေါက် ငါတို့ စိုက်ပျိုးရမှာက ဖရဲပျိုးပင်တွေပဲ။"
လောင်ဝမ်က သူ့နောက်ရှိ ကျောင်းသား နှစ်ဆယ်ကျော်ကို ရှင်းပြနေသည်။
"ဒီပျိုးပင်တွေက ကြိုတင်ပြီး ပျိုးထောင်ထားပြီးသားမို့၊ ရေထဲစိမ်၊ မြေကြီးဖုံးပေးလိုက်ရုံနဲ့ ကောင်းကောင်း ရှင်သန်နိုင်တယ်။ ဒါပေမဲ့ ပိုပြီး ကောင်းကောင်း ကြီးထွားလာအောင်တော့ အပေါ်ကနေ ပလတ်စတစ်စလေး ဖုံးပေးထားတာ အကောင်းဆုံးပဲ။ ဒါမှ မြေကြီးထဲက ရေငွေ့တွေကို ထိန်းထားနိုင်ပြီး၊ မြေဆီလွှာအတွက် အပူဓာတ် ပိုရစေလို့ ဖရဲပျိုးပင်တွေကို ပိုပြီး ကြီးထွားစေမှာ။"
သို့သော် ကျောင်းသားများကတော့ နားထောင်ရင်း စိတ်လွင့်နေကြသည်။ သူတို့၏အကြည့်များက အလုပ်လုပ်နေသော လင်းယန်အပေါ်တွင်သာ အမြဲ ရပ်တန့်နေသည်။ ကျောင်းသူများစွာ၏ မျက်လုံးများထဲတွင်တော့ အရောင်များပင် တလက်လက် တောက်နေကြသည်။
'လယ်စိုက်နေတာတောင် ဒီလောက် ခန့်နေတာပဲလား။'
'ဖရဲသီးကိုကို့ ကိုယ်ပေါ်က အရှိန်အဝါက ဖုန်တွေ၊ ရွှံ့တွေနဲ့တောင် ဖုံးကွယ်ထားလို့ မရဘူး။ အမှောင်ထဲက ပိုးစုန်းကြူးလေးလိုပဲ... လင်းလက်ပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေတာပဲ။'
'ဒီတစ်ခါတော့ သူ့ကို ပါမောက္ခလင်း လို့ ခေါ်ရတော့မှာပေါ့။'
'အရမ်းကို ငယ်ရွယ်လွန်းတယ်။'
ဟူ၍ ကျောင်းသားများက တိတ်တဆိတ် ကြိတ်ပြီး ပြောဆိုတွေးတောနေကြသည်။
လောင်ဝမ်သည် မေးစေ့ကို ပွတ်လိုက်မိသည်။ အရင်တုန်းက ကျောင်းမှာဆိုလျှင် သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ အသိအမှတ်ပြုမှုကို ခံရရန်အတွက် ကျောင်းသားမည်မျှက အနားသို့ ဝိုင်းအုံလာကြသလဲ ဆိုသည်ကို သူသာ အသိဆုံး ဖြစ်သည်။ ယခုတော့ ကြည့်ရသည်မှာ... သူ၏ လူကြိုက်များမှု အရှိန်အဝါများ အားလုံးကို လင်းယန်က လုယူသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူကတော့ ဤသို့ဖြစ်နေသည်ကိုပင် သဘောကျနေသေးသည်။ မည်သို့ပင်ဖြစ်စေ လူငယ်များအတွက် လမ်းဖယ်ပေးရမည်သာ မဟုတ်လား။
ထိုစဉ် လူငယ် ကျောင်းသူလေးတစ်ယောက်က စကားစ၍ မေးလိုက်သည်။
"ပါမောက္ခဝမ်... ကျွန်မတို့ ဒီတစ်ခါ စိုက်ရမယ့်ဟာက ဟို... မိုးပျံမတတ် ဈေးကြီးတဲ့ ဖရဲသီး တွေများလားဟင်?"
လောင်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး-
"ဒီဖရဲသီး မျိုးစိတ်က တော်တော်လေး ထူးခြားတယ်။ အကုန်လုံး သေချာ ကြိုးကြိုးစားစား လုပ်ကြ။ ဆောင်းဦးပေါက်လာရင် မင်းတို့တွေ ပိုက်ဆံပေးစရာမလိုဘဲ ဖရဲသီး စားရမယ်။"
"ဝေး! အရမ်းကောင်းတာပဲ!"
ချက်ချင်းပင် ထိုစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများ အားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။ သေချာသည်ကတော့ စိုက်ပျိုးရေးတက္ကသိုလ်ဆိုသည်မှာ အနည်းငယ် ထူးဆန်းသော ကျောင်းမျိုး ဖြစ်သည်။ အခြားကျောင်းများက စာသင်ခန်းထဲတွင်သာ စာသင်ကြသော်လည်း၊ သူတို့ကမူ လယ်ကွင်းထဲတွင်သာ အချိန်ပိုကုန်ကြပြီး ကိုယ်တိုင် လုပ်အားစိုက်ထုတ်ကာ ဗဟုသုတများ ရှာဖွေရခြင်း ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းက ပို၍ အရေးကြီးသည် မဟုတ်လား။
ထို့ကြောင့်ပင် ကျောင်းသား အများစုမှာ နေလောင်ထားသဖြင့် အသားများ မည်းနေပြီး၊ အချို့ဆိုလျှင် လက်တွင် အသားမာများပင် ရှိနေကြသည်။ ဤသည်က ကျောင်း၏သင်ကြားမှုမှာ အလွန် ထိရောက်ကြောင်း ပြသနေခြင်းဖြစ်သည်။ အကယ်၍ တစ်ယောက်ချင်းစီတိုင်းက ဖြူဖြူဖွေးဖွေးနှင့် အလုပ်ကြမ်း လုံးဝမလုပ်ဖူးသော ပုံစံမျိုးဆိုလျှင် ထိုစိုက်ပျိုးရေး သုတေသနမှာ စာရွက်ပေါ်တွင်သာ အသုံးကျသော အချည်းနှီးအရာသာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော ပညာရှင်များကိုသာ အလေးထားမည်ဆိုပါက တောင်သူလယ်သမား အားလုံးအတွက် ဘေးဒုက္ခကြီးတစ်ရပ်သာ ဖြစ်လာပေမည်။
သေချာသည်မှာ ဤကျောင်းသားများအတွက် ပို၍ ဆွဲဆောင်မှုရှိသည်မှာ ထို ဈေးကြီးလှသော ဖရဲသီးကို မြည်းစမ်းခွင့် ရမည့်အချက်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်လုံးကို ယွမ် ငါးထောင်တန် ဖရဲသီးကို သူတို့ မဝယ်စားနိုင်ကြပေ။ လုပ်ငန်းခွင်ထဲ ရောက်သွားလျှင်တောင်မှ မဝယ်နိုင်မည့်သူများ အများကြီး ရှိနေဦးမည်သာ ဖြစ်သည်။ ထို့အပြင်၊ အချို့လူများမှာ ပိုက်ဆံထုပ်ကြီး ကိုင်ကာ လှုပ်ယမ်းပြနေလျှင်ပင် ဤဖရဲသီးမျိုးကို ဝယ်၍ရမည် မဟုတ်ပေ။ သို့သော် သူတို့ကတော့ ကိုယ်တိုင်လယ်စိုက်ခြင်းဖြင့် ဦးဆုံး မြည်းစမ်းခွင့် ရကြတော့မည်ဖြစ်သည်။
'အဲ့ဒီအချိန်ကျရင်... လယ်ထဲကနေ နည်းနည်းလောက် ခိုးထုတ်သွားလို့ ရမလားမသိဘူး?' ဟု တွေးကာ ကျောင်းသားများစွာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
လောင်ဝမ်သည် သူ့ဘေးရှိ ဝူယင်းကို လှမ်းကြည့်လိုက်သည်။
"ဒီတစ်ခေါက်၊ မင်းပဲ ဒီကျောင်းသားတွေကို ဦးဆောင်ပြီး လက်တွေ့လုပ်ငန်း လုပ်လိုက်တော့။"
ဝူယင်း မျက်မှောင်ကြုတ်သွားသည်။ လယ်ကွင်းထဲထက်စာလျှင် ဓာတ်ခွဲခန်းကို သူမ ပို၍ ကျွမ်းကျင်သည်။ သို့သော် ဒီတစ်ခေါက်တော့ ရှောင်လွှဲ၍ ရတော့မည် မထင်ပေ။
'ပြီးတော့... ဒီလောက် ချောမောတဲ့ အမျိုးသားတစ်ယောက်တောင် လယ်စိုက်နေတာပဲ၊ သူ့ဘေးနားမှာ အတူတူ လယ်စိုက်ရမယ်ဆိုရင်တော့ မျက်စိပသာဒ ဖြစ်စရာပဲ' ဟု သူမ တွေးလိုက်သည်။
"ရပါတယ်၊ ကျွန်မ သွားပြီး ပါမောက္ခလင်းနဲ့ သွားညှိနှိုင်းကြည့်လိုက်ပါ့မယ်" ဟု သူမက ပြန်ဖြေလိုက်သည်။
ဝူယင်းသည် သူမ၏ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်သည်။ သူမ အသားအရမ်းမည်းသွားမှာကိုတော့ မလိုလားပေ။ မကြာမီမှာပင် သူမသည် လင်းယန်၏အနားသို့ ပြေးသွားကာ မေးလိုက်သည်။
"ပါမောက္ခလင်း... ဒီကျောင်းသားတွေက လက်တွေ့ဆင်းဖို့ လာကြတာ။ ဘယ်လို စီစဉ်ပေးရမလဲ။"
လင်းယန်က ထိုလူအုပ်ကြီးကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကျောင်းက ပုံမှန်ဆို ဘယ်လို စီမံခန့်ခွဲလေ့ရှိလဲ?"
"သူတို့ ကိုယ်ပိုင် လယ်ကွက်လေးတွေ အသီးသီး ခွဲယူစေပြီး၊ သီးခြားစီ ပြုစုစောင့်ရှောက်ခိုင်းတာပါ။ ဆောင်းဦးရောက်လို့ ရိတ်သိမ်းတဲ့ အခါကျမှ ရလဒ်ကို စစ်ဆေးပြီး အမှတ်တွက်ပေးတာပါ။"
"ဒါဆိုလည်း အဲ့ဒီအတိုင်းပဲ လုပ်လိုက်လေ။"
"ဒါက ပထမဆုံးအသုတ်ပါ။ စုစုပေါင်း ၂၅ ယောက် ရှိတယ်။ တစ်ယောက်ကို တစ်ဧက ခွဲပေးလိုက်ရမလား?"
"ရပါတယ်။"
တွက်ကြည့်လိုက်လျှင် ၂၅ ဧကသာ ရှိသေးသည်။ ဘာမှမဟုတ်သေးပေ။ သို့သော် စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများမှာ အဆက်မပြတ် လာနေဦးမည်ကို လင်းယန် ရှင်းလင်းစွာ သိထားသည်။ ဤအသုတ် လက်တွေ့ဆင်းပြီးပါက နောက်ထပ် ကျောင်းသားများ ရောက်လာဦးမည်သာ ဖြစ်သည်။
"အဲ့ဒီ ပါမောက္ခကြီးတွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဦးဆောင်ပြီး အလုပ်လုပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ အတိအကျ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ရှင့်ကိုမေးဖို့ လိုပါသေးတယ်။"
ဝူယင်းက ထပ်ပြောလိုက်သည်။
လင်းယန် ခေတ္တစဉ်းစားပြီးနောက် ဘေးရှိ လွတ်နေသော လယ်ကွင်းများကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုနေရာမှာပဲ လုပ်ကြပေါ့။ ဒါပေမဲ့ မြေကို သေချာပြန်ထွန်ယက်ဖို့တော့ လိုလိမ့်မယ်။ ရွာထဲက နွားတွေကို ငှားသုံးလို့ရပါတယ်။ အရမ်းကြီး ပင်ပန်းပြီး မသေသွားအောင်တော့ ဂရုစိုက်ကြပေါ့။ တကယ်လို့ နွားမလောက်ရင် လူလွှတ်ပြီး ထပ်ဝယ်ခိုင်းလိုက်ပါ။ ပိုက်ဆံ ကျွန်တော် ရှင်းမယ်။"
လင်းယန်က နေရာကို သတ်မှတ်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်လယ်ကွင်းမဆို ယခုအခါ သူ့ပိုင်ဆိုင်မှုများသာ ဖြစ်သည်။ ဤကျောင်းသားများ စိုက်ပျိုး၍ ရလာသော အထွက်နှုန်းများထဲမှ၊ ကျောင်းက သုတေသန လုပ်ရန်အတွက် ခွဲပေးရမည့် အစိတ်အပိုင်းမှလွဲ၍ ကျန်သည့် ရိတ်သိမ်းမှု အားလုံးမှာ သူ့အကျိုးအမြတ်များသာ ဖြစ်သည်။
တကယ်တမ်းတွင် ရိတ်သိမ်းမှု မည်မျှရမည်ကို လင်းယန် သိပ်ဂရုမစိုက်ပေ။ သူ ပို၍ အရေးစိုက်သည်က ဖြစ်စဉ်ကိုသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကပင် သူ့လယ်ကွင်းကို စိုက်ပျိုးပေးသည်ဖြစ်စေ ဆုကြေးများ ရရှိမည်ဖြစ်သောကြောင့်ပင်။ အခြားသူ စိုက်ပျိုးပေးလျှင် ၈၀ ရာခိုင်နှုန်းသာ ရရှိခြင်းကလွဲ၍ပေါ့။
မကြာမီမှာပင် ထိုလူငယ် ကျောင်းသားလေးများမှာ ကိုယ့်အဖွဲ့နှင့်ကိုယ် ခွဲသွားကြပြီး၊ လူငယ်တို့၏ တက်ကြွမှုများဖြင့် အားတက်သရော ရှိနေကြသည်။ လယ်ကွင်းထိပ်များတွင် တာဝန်ခံ အမည်များ ရေးသားထားသော ဆိုင်းဘုတ်များကိုပင် စိုက်ထူလိုက်ကြသည်။
သို့သော် လင်းယန်နှင့် ပိုမိုနီးကပ်ရန်အတွက် ဤကျောင်းသားများမှာ အချင်းချင်း လုယက်ရန်ဖြစ်လုနီးပါး ဖြစ်သွားခဲ့ကြသည်။ ဤသည်က လင်းယန်ကို အတော်လေး နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။ မည်သို့ပင်ဆိုစေ ဤလယ်ကွက်ကို စိုက်ပျိုးပြီးပါက သူက အခြားနေရာသို့ သွား၍ ဆက်စိုက်ရဦးမည် ဖြစ်သည်။ ဘာတွေများ လုယက်နေစရာရှိလို့လဲ?
အထူးသဖြင့် ထိုကျောင်းသူလေးများက သူ့ကို ကြည့်နေသည့် အကြည့်များမှာ လုံးဝ ရိုးသားသည့်ပုံ မပေါ်ပေ။
ဟူး... စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသူလေးတွေဆိုတာ တကယ်ကို စကားနဲ့ဖော်ပြဖို့ ခက်ခဲလွန်းလှတယ်!
နေလောင်ထားလို့ အကုန်လုံး အသားတွေ မည်းနေကြတာပဲ။ သေချာတာကတော့ အဲ့ဒီအထဲမှာ 'ပုလဲနက်' လေး တချို့လည်း ပါပါတယ်။ တကယ်လို့သာ လယ်ထဲမဆင်းတော့ဘဲ အသားပြန်ဖြူလာအောင် လုပ်လိုက်မယ်ဆိုရင်တော့၊ လူတွေအများကြီး ဝိုင်းဝိုင်းလည်နေမယ့် အလှလေးတွေ ဖြစ်လာမှာ သေချာသည်။ ဒါ့အပြင် စိုက်ပျိုးရေးတက္ကသိုလ်ကို ရောက်လာသူတိုင်း၏ ခန္ဓာကိုယ် အချိုးအစားက အလွန် တောင့်တင်းကျန်းမာကြသည်။ ထို့ကြောင့် ကျောင်းသူလေးများ၏ ကိုယ်ပေါ်တွင် အပိုအဆီပို ဟူ၍ သိပ်မရှိကြပေ။
ကတုံးချန်တို့အဖွဲ့မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြောင်းရင်းမရှိဘဲ စိုးရိမ်ပူပန်စိတ်များ ပေါ်ပေါက်လာခဲ့သည်။
"အစ်ကိုလင်းဆီမှာ ဒီလောက် လူတွေအများကြီး ရှိနေပြီဆိုတော့၊ ငါတို့ကို
အသုံးမလိုတော့ဘူးများလား။"
"အသုံးမဝင်တဲ့ လူတွေက အသက်ရှင်ဖို့ မထိုက်တန်ဘူးတဲ့..."
"အစ်ကိုချန်... ငါတို့ သေချာ ကြိုးကြိုးစားစား လုပ်မှရမယ်။ မဟုတ်ရင် အစ်ကိုလင်းသာ ဒေါသထွက်သွားလို့ကတော့၊ ငါတို့ ဒီနေရာမှာ အသေခံရရင်တောင် လာကောက်မယ့်သူ ရှိမှာမဟုတ်ဘူး!"
လူမိုက်လေးများမှာ ချက်ချင်းပင် အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားကြသည်။ ဤရက်ပိုင်းအတွင်း သူတို့သည် လင်းယန်ကို အရိုးထဲစွဲသည်အထိ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ သူတို့က သာမန် လူမိုက်လေးများသာ ဖြစ်ပြီး၊ သာမန်ဆိုသည့် အဆင့်ထက်ကို ပိုမို၍ သာမန်ဆန်လွန်းလှသည်။ သို့သော် လင်းယန် အသုံးပြုနိုင်သော အင်အားများက သူတို့ကို အကြောက်တရားများ ခံစားလာရစေသည်။ ပါမောက္ခအိုကြီးများ၊ ကျောင်းသား အမြောက်အမြား၊ စစ်တပ်ထဲမှ အထူးတပ်ဖွဲ့ဝင် စစ်သားများ... အားလုံးက သူ့ဆီမှာ ရှိနေကြသည်။ အကြောက်စရာအကောင်းဆုံးကတော့ သူ့ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်က ကန့်သတ်ချက်ကိုပင် ကျော်လွန်နေခြင်း ဖြစ်သည်။ ထိုခွန်အားက ရှေးခေတ်က ရှီးချူပါဝမ် (ရှန်ယွီ) နှင့်ပင် ယှဉ်နိုင်ပေသည်။ လုကျိရှန်း သစ်ပင်ကို အမြစ်မှဆွဲနှုတ်သည်ဆိုသည်မှာပင် လင်းယန်ရှေ့တွင် အဆင့်တစ်ဆင့်လောက် နိမ့်ကျသွားပေလိမ့်မည်။
လင်းယန်မှာ တကယ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော တောင်ပေါ်ရွာလေးက သူတို့၏ သိမြင်နားလည်မှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီး၊ သူတို့၏ မူလသဘာဝအရ ကြောက်ရွံ့မှုကို စတင်ဖြစ်ပေါ်စေခဲ့သည်။ ဤသို့ကြောင့်ပင် သူတို့ အလုပ်လုပ်ရာတွင် ပိုမို၍ ကြိုးစားပမ်းစား ရှိလာကြသည်။ လင်းယန်အနေဖြင့် သူတို့၏ ရိုးသားကြိုးစားမှုကို မြင်တွေ့ပြီး လယ်စိုက်ပြီးစီးသွားချိန်တွင် သူတို့ကို လွှတ်ပေးရန်သာ ဆုတောင်းနေကြတော့သည်။
လင်းယန်ထံမှ ချီးကျူးသည့် အကြည့်တစ်ချက်ကို မြင်လိုက်ရချိန်တွင် သူတို့၏ ရင်ထဲ၌ အဆုံးအစမရှိသော ခွန်အားများ ရရှိသွားသလို ခံစားလိုက်ရပြီး အလုပ်လုပ်ချင်စိတ်များ ပိုမို ပြင်းပြလာခဲ့သည်။
'ဒီလူမိုက်လေးတွေ အလုပ်လုပ်တာ ပိုပိုပြီး ကောင်းလာတာပဲ၊ တော်တော်လေး မထင်မှတ်ထားဘူး'
'ရှေးခေတ်ကဆိုရင်တော့ မြေရှင်ကြီးအိမ်က အရည်အသွေး အကောင်းဆုံး အလုပ်သမားတွေ သေချာပေါက် ဖြစ်မှာပဲ။'
'နေဦး... ဒါက အလုပ်သမားခတောင် ပေးစရာ မလိုဘူးလေ။'
'အင်း... ဆက်ပြီး စောင့်ကြည့်ရဦးမယ်။ အဆင်ပြေရင် သူတို့ကို ဒီမှာပဲ လယ်စိုက်ဖို့ တစ်သက်လုံး ထားလိုက်လို့ ရတာပဲ' ဟု လင်းယန်က တိတ်တဆိတ် စဉ်းစားနေမိလေတော့သည်။
***