အခန်း (၇၁-၇၂)
Vol. 5 Ch. 71-72
စူပါ-ဖမ်း(SFS)
အခန်း ၇၁ ။ နှစ်တစ်ရာစုအတွင်း အကြီးကျယ်ဆုံး ဆေးပညာရှာဖွေတွေ့ရှိမှုလား?
မကြာမီမှာပင် ချွေရှောင်ဝမ်ကို စစ်ဆေးရေးခန်းထဲသို့ တွန်းသွင်းသွားကြသည်။
ပျင်းစရာကောင်းလှသော စစ်ဆေးမှုများ အပြီးတွင်တော့ ဆရာဝန်အဖွဲ့ကြီးသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသော ရလဒ်တစ်ခုကို တွေ့ရှိသွားကြသည်။
"ဒီကောင်မလေးရဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုက လုံးဝ ရပ်တန့်သွားပြီ။"
"ဒါက တကယ့်ကို အံ့မခန်း ရလဒ်ပဲ!"
"မှတ်တမ်းတွေအရတော့ အနီးစပ်ဆုံး ကာလအတွင်းမှာ ဘာကုသမှုမှလည်း ထူးထူးခြားခြား မလုပ်ထားဘူး။"
အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ပါရဂူကြီးများ စုဝေးကာ အချင်းချင်း ဆွေးနွေးနေကြသည်။
"အကြောက်ဆုံးက ကလေးအမေ ပြောစကားအရဆိုရင် ဒီကလေးက ကင်ဆာဆေးတွေ လုံးဝ မသောက်ခဲ့ဘူးတဲ့။ ဒါဆိုရင် သူမဆီမှာ တစ်ခုခု ထူးခြားတာ ဖြစ်နေပြီ သေချာတယ်။"
"ဒါက သွေးကင်ဆာ ကုသရေးမှာ အကြီးအကျယ် အချိုးအကွေ့တစ်ခု ဖြစ်သွားနိုင်တယ်။"
"ဒီရက်ပိုင်းအတွင်း ကလေးဆီမှာ ဘာအပြောင်းအလဲတွေရှိလဲ?"
"အရေပြား နည်းနည်း ဝါနေသလိုပဲ။"
"ဘာလို့ အဲ့ဒီလို အပြောင်းအလဲ ဖြစ်ရတာလဲ?"
တစ်ခဏတာအတွင်းမှာပင် ပါရဂူကြီးများအားလုံး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ထိုစဉ် ရှောင်ဝမ်ကို တာဝန်ယူရသော သူနာပြုဆရာမလေးက ရုတ်တရက် ဝင်ပြောသည်။
"ဒီရက်ပိုင်း သူမက မုန်လာဥနီကိုပဲ အမြဲ စားနေတာ။ မုန်လာဥနီစားလို့များလား?"
"အဲ့ဒါဆိုရင် ဘယ်လောက်တောင် စားရမှာလဲ။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က မုန်လာဥနီ ပေါင်အစိတ်လောက် လာပို့သွားတယ်။ ဒီရက်ပိုင်း သူမက ထမင်းလည်း ကောင်းကောင်း မစားဘူး။"
သုန်ကျဲ အံ့ဩသွားသည်။
"သူမအခန်းထဲမှာ ပေါင်အနည်းငယ်ပဲ ကျန်တော့တာလေ။"
ပါရဂူကြီးများအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆွံ့အသွားကြသည်။
ဒီကလေးမလေး ဒီရက်ပိုင်း ဘာတွေ ကြုံခဲ့ရတာလဲ?
ဘာလို့ ဒီလောက်အများကြီး မုန်လာဥနီကို စားရတာလဲ?
ဒီအတိုင်း ဆက်စားနေရင် မျက်နှာကြီး ဝါထိန်သွားတော့မှာပဲ။ သို့သော် ထိုအရောင်က ဖျားနာနေသည့် ဖြူရော်ရော်အရောင်ထက်စာလျှင် ပိုကောင်းပါသေးသည်။
"ဒီလိုစားနေတာကတော့ သဘာဝမကျဘူး။"
"ကင်ဆာဆဲလ်တွေ ရပ်တန့်သွားတာက ကလေးက မုန်လာဥနီ အများကြီး စားလိုက်လို့များလား?"
"မုန်လာဥနီက ဆေးဖက်ဝင်တယ်ဆိုပေမဲ့ ဒီလောက်အထိ အစွမ်းထက်တာမျိုး တစ်ခါမှ မကြားဖူးဘူး။"
"ငါတို့ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်စောင့်ကြည့်ကြတာပေါ့။"
ထို့ကြောင့်ပင် ပါရဂူကြီးတစ်သိုက်သည် တစ်နေကုန် ရှောင်ဝမ်၏ အနီးတဝိုက်တွင်သာ တဝဲလည်လည် လုပ်နေကြတော့သည်။ ၎င်းက ရှောင်ဝမ်ကို အနည်းငယ် ထိတ်လန့်စေ၏။ အထူးသဖြင့် သူမလက်ထဲက မုန်လာဥနီကို သူတို့ ကြည့်နေသည့် အကြည့်များက အရမ်းထူးဆန်းလွန်းသဖြင့် ရှောင်ဝမ်မှာ လန့်ဖြန့်ပြီး ပါးစပ်ထဲ အမြန်သွင်းလိုက်ရသည်။
မလုကြနဲ့! ဒါတွေအကုန် သမီးဟာတွေ!
သို့သော် နောက်ဆုံးတွင်တော့ မုန်လာဥနီ နှစ်ခုကို သူတို့ ယူသွားကြလေသည်။ ဤသည်က ရှောင်ဝမ်ကို အလွန်နှမြောတသ ဖြစ်စေသည်။ ကံကောင်းသည်မှာ ဤရက်ပိုင်းအတွင်း သူမကို ဟိုအရသာဆိုးလှသော ကင်ဆာဆေးများ မတိုက်တော့ခြင်းပင်။
ရက်အတော်ကြာ ဆက်တိုက် စောင့်ကြည့်ပြီးနောက်တွင်တော့ ပါရဂူကြီးများသည် အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့ကြသည်။
"မုန်လာဥနီကို အများကြီးစားတာက သွေးကင်ဆာကို အံ့ဩလောက်အောင် ဟန့်တားပေးနိုင်စွမ်း ရှိတယ်။ လက်ရှိ တွေ့ရှိထားတဲ့ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးကတော့ အရေပြား ဝါလာတာပဲ။"
"ဒါက သေချာပေါက် ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိမှုပဲ!"
"ဒါပေမဲ့ ဒီကိစ္စကို ထပ်ပြီး အတည်ပြုဖို့တော့ လိုသေးတယ်။"
"တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် သွေးကင်ဆာဝေဒနာရှင်တွေ အားလုံးကို မုန်လာဥနီ အများကြီး စားခိုင်းလို့ရပြီ။ အဲ့ဒီလူတွေက ကင်ဆာဆေး မဝယ်နိုင်ရင်တောင် မုန်လာဥနီတော့ ဝယ်စားနိုင်မှာပါ။"
"ဈေးထဲမှာဆိုရင် တစ်ကျင်းကို နှစ်ယွမ်၊ သုံးယွမ်လောက်ပဲ ရှိတာလေ။"
"ဟင်? ဒီလောက် ဈေးကြီးသွားပြီလား? ဈေးတက်သွားတာလား?"
"ဆရာကြီး ဈေးမသွားရတာ ဘယ်လောက်ကြာပြီလဲ။"
"တခြားလူနာတွေကိုလည်း စမ်းသပ်ကြည့်ခိုင်းလို့ ရပါတယ်။ တကယ်လို့သာ ဒါက အမှန်တကယ် အလုပ်ဖြစ်မယ်ဆိုရင် ငါတို့နာမည်တွေက သမိုင်းမှာ အစဉ်အဆက် ကျန်ရစ်တော့မှာပဲ!"
ချက်ချင်းဆိုသလိုပင် အဘိုးကြီးများအားလုံး တက်ကြွသွားကြသည်။ သူတို့သည် လူ့အဖွဲ့အစည်းအတွက် အလွန်ကြီးကျယ်သော ကောင်းမှုတစ်ခုကို ပြုလုပ်နေသည်ဟု ခံစားရ၏။ သွေးကင်ဆာဝေဒနာရှင်ပေါင်းများစွာကို ကယ်တင်နိုင်မည် မဟုတ်လား။ လူသားတို့သည် ဤရောဂါဆိုးကြီးကို ကြောက်စရာ မလိုတော့ပေ။
တစ်ချိန်တည်းမှာပင် မုန်လာဥနီ၌ ဤကဲ့သို့သော အစွမ်းသတ္တိ ရှိနေသည်ကိုလည်း သူတို့ အံ့ဩနေမိကြသည်။ မိုးမခပင်မှ အက်စပရင်ထုတ်ယူနိုင်သကဲ့သို့ မုန်လာဥနီကလည်း ဤသို့ အသုံးဝင်နေတာလား! တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
တကယ်တော့ ဤပါရဂူကြီးများအတွက် ဤကဲ့သို့သော ကိစ္စမျိုးမှာ အလွန်အမင်း အံ့ဩစရာတော့ မဟုတ်ပေ။ ပတ်ဝန်းကျင်ရှိ ရိုးရှင်းသော အစားအစာများစွာသည် ဆေးဝါးအဖြစ် အသုံးပြုနိုင်ပြီး တစ်ခါတစ်ရံတွင် အလွန်ပင် အစွမ်းထက်တတ်သည်။
ဥပမာ - ကူးစက်ရောဂါ ကာကွယ်ဆေးများကို ကြက်ဥမှတစ်ဆင့် ထုတ်လုပ်ခြင်းမျိုး၊ ငယ်စဉ်က ထိုးခဲ့ရသော ကျောက်ရောဂါ ကာကွယ်ဆေးမှာ နွားကျောက်မှ ရရှိခြင်းမျိုးပင်။ ရှင်းရှင်းပြောရလျှင် ဆေးပညာဆိုသည်မှာ အတွေ့အကြုံများကို စုဆောင်း၍ နိဂုံးချုပ်ရသော အနုပညာတစ်ရပ်ပင်ဖြစ်သည်။
ကုသရန် ခက်ခဲသော ရောဂါဆိုးများစွာသည် အတွေ့အကြုံရင့် ဆရာဝန်ကြီးများ၏အမြင်တွင်တော့ သာမန်ကိစ္စလေးများ ဖြစ်နေတတ်သည်။ ယခု သွေးကင်ဆာကို မုန်လာဥနီစား၍ ထိန်းချုပ်နိုင်သည်ဆိုသည်ကို မည်သူက တွေးမိမည်နည်း။ အဘယ်ကြောင့် စောစောစီးစီး မတွေ့ရှိခဲ့ရသနည်း။ မဟုတ်လျှင် လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့မည် မဟုတ်လား။
သို့သော် ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ ဤပါရဂူကြီးများကို လူနာများက လိမ်လည်သူများအဖြစ်ပင် စွပ်စွဲတော့မည့် အခြေအနေသို့ ရောက်သွားကြသည်။
"လူကြီးမင်းတို့... ဟိုကောင်မလေးကလွဲလို့ ကျန်တဲ့သူတွေ မုန်လာဥနီစားတာက ကင်ဆာဆဲလ်တွေကို လုံးဝ မထိန်းချုပ်နိုင်ပါဘူး။"
"ဒါက တစ်ဦးတည်းအပေါ် သက်ရောက်တဲ့ကိစ္စသက်သက် ဖြစ်နိုင်တယ်။ ဒီကောင်မလေးက နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခံရတဲ့ ကံထူးရှင်လေးပဲ။"
အကယ်၍ သုန်ကျဲသာ ဤစကားကို ကြားပါက ဝမ်းသာလွန်း၍ ငိုချမိမည်မှာ သေချာသည်။ သို့သော် ဤပါရဂူကြီးများအတွက်တော့ အတော်လေး လက်ခံရခက်သော ကိစ္စဖြစ်သည်။ သမိုင်းတွင် အမည်တွင်မည့် အိပ်မက်ကြီးမှာ ဤသို့ပင် ပျက်စီးသွားရပြီ မဟုတ်လား။
"တစ်ခုခု မှားနေတာ သေချာတယ်!"
"ဟို မုန်လာဥနီရဲ့ ဓာတ်ခွဲစမ်းသပ်မှု ရလဒ် ထွက်ပြီလား?"
"ထွက်ပါပြီ။ ကောင်မလေးစားတဲ့ မုန်လာဥနီထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက သာမန်မုန်လာဥနီထက် အဆပေါင်းများစွာ ပိုများနေပါတယ်။ ဒါပေမဲ့ အဲ့ဒီအထဲမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်း ပါဝင်သလား ဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။"
"ဒါပဲလား?"
"ပြီးတော့... ဒီမုန်လာဥနီရဲ့ အရသာက တကယ့်ကို ကောင်းတာ။ သစ်သီးတစ်လုံးလိုပဲ စားလို့ရတယ်၊ တစ်ခုစားပြီးရင် ထပ်စားချင်နေတာ။"
ဓာတ်ခွဲစမ်းသပ်သူက ပြောရင်းနှင့်ပင် တံတွေးမျိုချလိုက်မိသည်။
"..."
"..."
"..."
အခန်းထဲရှိ ပါရဂူကြီးများအားလုံး သူ့ကို ဆွံ့အစွာဖြင့် ဝိုင်းကြည့်နေကြသည်။
မင်းကို အဲ့ဒါ မေးနေတာလား!
ကလေးမလေးဆီကနေ နည်းနည်းလေးရအောင် မနည်း လိမ်ယူလာခဲ့ရတဲ့ နမူနာကို... မင်းက စားပစ်လိုက်တယ်ပေါ့လေ!
ဒါက လူလုပ်ရမယ့် အလုပ်လား? နည်းနည်းလောက် စနစ်တကျ လုပ်လို့မရဘူးလား။
ထိုသူက အနေခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်ကာ -
"ဒါလည်း စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲလေ။"
ပါရဂူကြီးများကတော့ သူ့ကို လုံးဝ ဂရုမစိုက်ချင်တော့ပါ။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း ဘာတွေ ကွာခြားလဲဆိုတာကို မြည်းကြည့်ချင်နေကြတာ... အခုတော့ နမူနာတောင် မကျန်တော့ဘူး။
"ဒီမုန်လာဥနီက သာမန်မုန်လာဥနီတွေနဲ့ မတူတာ ဖြစ်နိုင်တယ်။ ဒီမုန်လာဥနီ ဘယ်ကရလဲဆိုတာ ကောင်မလေးကို သွားမေးကြည့်ရအောင်။"
မကြာမီမှာပင် ဆရာဝန်ကြီးတစ်ဦးက အပြင်ဘက်တွင် စောင့်နေသော သုန်ကျဲထံ သွားရောက်မေးမြန်းသည်။
"အာ... မုန်လာဥနီ ဘယ်ကရတာလဲ ဟုတ်လား?"
"ရှောင်ဝမ်ရဲ့ သူငယ်ချင်း ပို့ပေးလိုက်တာပါ။ ဘယ်တောင်တန်းက ဒေသထွက်ကုန်လဲတော့ မသိဘူး။"
ဆရာဝန်ကြီးမှာ သိသိသာသာ စိတ်လှုပ်ရှားလာသည်။
"ဒါဆို ကျွန်တော်တို့ ဝယ်လို့ရမလား?"
"အဲ့ဒီကလေးမလေးဆီ ဖုန်းဆက်မေးကြည့်လိုက်ပါ့မယ်။"
"ဒုက္ခပေးသလို ဖြစ်သွားပြီ။"
မကြာမီပင် ဖုန်းထဲမှ စူးရို့ရို့၏ ပျင်းရိနေသော အသံကို ကြားလိုက်ရသည်။ ဤရက်ပိုင်းအတွင်း သူမသည် ရွာထဲတွင် နေထိုင်စားသောက်ရသည်မှာ အလွန်ကောင်းမွန်လှသဖြင့် ကိုယ်အလေးချိန်ပင် တက်လာခဲ့သည်။ အဝတ်အစားများပင် ကျပ်လာ၏။ ဝိတ်ချသင့်ပြီလား? ဒါပေမဲ့ ဘာလို့ လင်းယန်က သူမကို ကြည့်တဲ့ အကြိမ်ရေ ပိုများလာရတာလဲ? ယောကျ်ားတွေက ပိန်တဲ့သူတွေကို ကြိုက်ကြတာ မဟုတ်ဘူးလား? ယန်ကျင်းလီလိုမျိုးလေ။ အင်း... လုံးဝ နားမလည်တော့ပါဘူး။
"ဟယ်လို... ဒေါ်လေးသုန်၊ ရှောင်ဝမ် ဒီရက်ပိုင်း နေကောင်းရဲ့လား?"
"ကောင်းပါတယ်ကွယ်။ ဒေါ်လေး သမီးကို တစ်ခုလောက် မေးချင်လို့။ ဟို မုန်လာဥနီက ဘယ်ကရတာလဲဟင်?"
"အာ... သမီး သူငယ်ချင်း ကိုယ်တိုင် စိုက်တာလေ။"
"အဲ့ဒါ ဒေါ်လေး နည်းနည်းလောက် ဝယ်ချင်လို့၊ ရမလား?"
သုန်ကျဲက လူမှုဆက်ဆံရေး အလွန်ကောင်းသူ ဖြစ်သည်။ သူမက ပိုက်ဆံစိုက်ထုတ်ဝယ်ယူပြီး ဆေးရုံကို လှူဒါန်းမည်ဆိုပါက ဆေးရုံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည် ဖြစ်ပြီး ဆရာဝန်များကလည်း သူမ၏ သမီးအပေါ် ပို၍ ဂရုစိုက်လာကြမည် မဟုတ်လား။
"ဪ... ဒေါ်လေး ဘယ်လောက် လိုချင်လို့လဲ? သမီး မေးကြည့်လိုက်မယ်၊ ဈေးတော့ နည်းနည်း ကြီးနိုင်တယ်နော်။"
စူးရို့ရို့သည် လင်းယန်၏ ယွမ်ငါးထောင်တန် ဖရဲသီးကို သတိရသွားပြီး အနည်းငယ် တွေဝေသွားသည်။ ဒီရက်ပိုင်း လင်းယန်နှင့် ရင်းနှီးနေသဖြင့် မုန်လာဥနီများကို အလကား စားနေရသော်လည်း၊ ရောင်းမည်ဆိုပါက ဈေးက ကောင်းကင်အထိ ရောက်နေမည်မှာ သေချာသည်။ သူမပင် တွေးမကြည့်ရဲပေ။
ကံကောင်းသည်မှာ လင်းယန်က အိမ်မှာ ရှိနေခြင်းပင်။
"မုန်လာဥနီ ဝယ်ချင်တဲ့သူ ရှိတယ်? ရတာပေါ့၊ မင်း အသိလား? လျှော့ဈေးပေးလို့ ရတယ်။ လိုချင်ရင်တော့ ပေါင် ၂,၀၀၀ လောက် ရှိတယ်။ ဈေးကတော့..."
လင်းယန်သည် စနစ်ကို ဖွင့်ကာ အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးနောက် မုန်လာဥနီ၏ နောက်တွင် သတ်မှတ်ထားသော တန်ဖိုးကို တွေ့လိုက်ရသဖြင့် အလွန်အံ့ဩသွားသည်။
"တစ်ပေါင်ကို ယွမ် ၂၀? ဆုကြေးက အဆ ၁၀?"
"ဒီမုန်လာဥနီက ဘယ်လောက်ပဲ စားကောင်းစားကောင်း၊ ဒီဈေးနဲ့ ရောင်းရင် တကယ် ဝယ်မယ့်သူ ရှိပါ့မလား?"
တစ်ခဏတာမျှ လင်းယန်ပင် သံသယ ဝင်လာမိသည်။
မုန်လာဥနီ ပေါင် ၂,၀၀၀ ဆိုလျှင် ယွမ် ၄၀,၀၀၀ ရမည်။ စနစ်ကတော့ တိုက်ရိုက် ယွမ် ၄ သန်း ဆုချမည် ဖြစ်သည်။
အင်း... ရောင်းရတာ သိပ်မများပေမဲ့ ဒီလောက်ဆိုရင်လည်း လက်ခံနိုင်စရာ ရှိပါတယ်။
***
စူပါ-ဖမ်း(SFS)
အခန်း ၇၂ ။ ငါ သူ့ကို ဒုက္ခပေးမိသွားပြီလား?
လင်းယန်သည် ဤမုန်လာဥနီ၏ ဈေးနှုန်းအတွက် တစ်ခုတည်းသော စိုးရိမ်ချက်မှာ ဝယ်မည့်သူ မရှိမည်ကိုသာ ဖြစ်သည်။
ယွမ် ၄ သန်း ဆိုသည်ကိုတော့ သူ မမက်မောပါ။ လယ်စိုက်ပျိုးမှုက အရှိန်ရနေပြီဖြစ်ရာ နေ့စဉ်နှင့်အမျှ ငွေသားများ အမြောက်အမြား ဝင်ရောက်နေသည်။ ယခုဆိုလျှင် သူသည် ပိုက်ဆံများလွန်း၍ သုံးစရာ နေရာပင် မရှိသလို ဖြစ်နေပြီ။ သူ၏ ပိုင်ဆိုင်မှုမှာ ယွမ်သန်း ၅၀၀ သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာခြင်းသာ။
ဒါတွေအားလုံးက လူမိုက်ခြောက်ယောက်နှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ၊ ကျောင်းသားများ၏ ကြိုးစားပမ်းစား လုပ်ဆောင်မှုများကြောင့် ဖြစ်သည်။ အထူးသဖြင့် ထိုလူမိုက်ခြောက်ယောက်။ အခုဆိုလျှင် နွားတင်းကုပ်တွင်ပင် အိပ်ခွင့်မရတော့ဘဲ အပြင်ဘက် မြေပြင်ပေါ်တွင်သာ အိပ်နေရသည်။ ကံကောင်းသည်မှာ ဤရက်ပိုင်းအတွင်း မိုးမရွာသဖြင့် အပြင်မှာအိပ်ရသည်က အေးဆေးပါသေးသည်။
"တောင်ခြေက အဆောင်တွေ ပြီးဖို့က အချိန်လိုသေးတယ်လေ။ ရွာထဲမှာ အလွတ်ဖြစ်နေတဲ့ အိမ်ဟောင်းလေးတွေ ရှိတယ်၊ နောက်နေ့ သွားပြင်ပြီး သူတို့ကို အဲ့ဒီမှာ နေခိုင်းရမယ်။"
ယေဘုယျအားဖြင့် လင်းယန်သည် ကတုံးချန်တို့တစ်သိုက်ကို စိတ်ချသွားပြီဖြစ်သည်။ ဤရက်ပိုင်း ထိတွေ့ဆက်ဆံမှုများအရ သူတို့သည် သိုင်းဝတ္ထုများထဲမှ ဇာတ်လမ်းများကို အတုခိုးကာ လူမိုက်လုပ်နေကြသော လမ်းလွဲနေသည့် လူငယ်များသာဖြစ်ကြောင်း သူ နားလည်သွားသည်။ သူတို့က သိုင်းလောကမှာ ကျင်လည်နေသည်ဟု သူတို့ဘာသာ ထင်နေကြခြင်းသာ။ လင်းယန်က သူတို့ထက် ပိုအင်အားကြီးမှန်း သိသွားလျှင်တော့ သူတို့ လုံးဝ အညံ့ခံသွားကြတော့သည်။
အင်း... ရိုက်နှက်ပြီးမှ အညံ့ခံသွားတာလို့ ပြောရင် ပိုမှန်မည်။ အခုဆိုလျှင် ထိုလူများက သူတို့ကိုယ်သူတို့ လင်းယန်၏ တပည့်များအဖြစ်ပင် သတ်မှတ်နေကြသည်။ ဤသည်က လင်းယန်ကို အတော်လေး အနေခက်စေသည်။ သူက အထူးပါမောက္ခ တစ်ယောက်လေ၊ ဘာကိစ္စ လူမိုက်တပည့်တွေ မွေးနေရမှာလဲ။
သူ့အမြင်တွင်တော့ ဤလူများမှာ အကောင်းဆုံး အခမဲ့လုပ်အားရှင်များသာ ဖြစ်သည်။ အခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ နောင်တစ်ချိန်ကျလျှင် သူတို့ကို လစာတချို့ ပေးလိုက်ရုံနှင့် ကိစ္စပြတ်သည်။ အနည်းဆုံးတော့ သူတို့ လုပ်နေသော လယ်အလုပ်များကို လင်းယန် တော်တော်လေး သဘောကျမိသည်။
ဤရှုပ်ထွေးသော ကိစ္စများထက်စာလျှင် သူက စူးရို့ရို့ကို ပို၍ သဘောကျသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ပင် ပြည့်စုံလာသည်။
"နည်းနည်းပြည့်တဲ့ မိန်းကလေးတွေကမှ တကယ်ကို ဆွဲဆောင်မှု အရှိဆုံးပဲ။" လင်းယန် ကြည့်ရင်းနှင့်ပင် စိတ်လှုပ်ရှားနေမိသည်။ ယခုအချိန်အထိတော့ အသားပြည့်ပြည့်လေးနှင့် ထိုလက်လေးကိုသာ ကိုင်ခွင့်ရသေးသည်။ ထိုခံစားချက်က... တကယ့်ကို... ဖရဲသီး ဆယ်လုံးစားရတာထက် ပိုမိုက်တယ်! ရင်ထဲမှာ တင်းကျပ်နေတာပဲ။
………
ထိုအချိန်တွင် စူးရို့ရို့က သုန်ကျဲထံသို့ တည်နေရာ ပို့ပေးလိုက်သည်။ ရွာတွင် ဖုန်းလိုင်းရပြီဖြစ်သဖြင့် အပြင်လောကနှင့် ဆက်သွယ်ရန် အလွန်လွယ်ကူသွားပြီ ဖြစ်သည်။ ဖုန်းချပြီးနောက် သုန်ကျဲမှာ အလွန်ပင် စိတ်လှုပ်ရှားနေ၏။
"ဈေးနည်းနည်း ကြီးပေမဲ့ လက်ခံနိုင်ပါတယ်၊ ကားတစ်စီးရှာပြီး အခုပဲ သွားသယ်လိုက်မယ်။"
သို့သော် သူမထံသို့ ပို့လာသော တည်နေရာကို ဖွင့်ကြည့်လိုက်သောအခါတွင်မူ လုံးဝ ဇဝေဇဝါ ဖြစ်သွားတော့သည်။
"ဒါက ဘယ်လိုဖြစ်တာလဲ? မှားနေတာလား? ပတ်ဝန်းကျင်မှာ လမ်းလေးတစ်ကြောင်းတောင် မရှိပါလား။ ဘာဖြစ်တာလဲ?"
ချင်းရှန်းရွာ၏ လမ်းမှာ ယခုမှ ဖောက်လုပ်ပြီးစီးခြင်း ဖြစ်သဖြင့် မြေပုံပေါ်တွင် လမ်းကြောင်း မပေါ်သေးပေ။ ထို့ကြောင့် သုန်ကျဲမှာ တည်နေရာကို သိသော်လည်း မည်သည့်လမ်းမှ ဝင်ရမည်ကို မသိဘဲ လမ်းပျောက်နေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဖုန်းပြန်ဆက်၍ သေချာမေးမြန်းပြီးမှသာ စိတ်အေးသွားတော့သည်။
"ဆရာဝန်ကြီးတို့... ကျွန်မ သွားပြီး မုန်လာဥနီတွေ အကုန် သွားသယ်လိုက်ပါ့မယ်။"
သုန်ကျဲသည် ဤကိစ္စကို အလွန် အလေးထားပါသည်။ အကြောင်းမှာ ဤမုန်လာဥနီက ရှောင်ဝမ်၏ ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ဟန့်တားပေးနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော အရာဖြစ်သည်။ ယွမ် ၄၀,၀၀၀ ဆိုသည်မှာ သူမအတွက် မများပါ။ ရှောင်ဝမ် တစ်လစာ သောက်နေရသော ကင်ဆာဆေးဖိုးကပင် ထိုပမာဏလောက် ရှိနေပြီလေ။ ပြီးတော့ ကလေးက ခဏခဏ လွှင့်ပစ်တတ်သေးသည်။
မုန်လာဥနီ ပေါင် ၂,၀၀၀ ဆိုလျှင်... သူမကိုယ်တိုင် စားမည်ဆိုလျှင်တောင် ကမ္ဘာပျက်သည့်တိုင်အောင် စားလို့ရလောက်သည်။
သို့သော် သူမ ထွက်ခွာတော့မည့်အချိန်တွင် ဆေးရုံထဲမှ ပါမောက္ခကြီးတစ်ဦး အပြေးအလွှား ထွက်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ ဆရာဝန်များနှင့် သူနာပြုများက လမ်းဖယ်ပေးကာ ရိုသေစွာ နှုတ်ဆက်ကြသည်။
"ပါမောက္ခသုန်... မင်္ဂလာပါ။"
"အေး... အေး..."
ပါမောက္ခသုန်သည် အသက် ၈၀ ကျော်နေပြီဖြစ်ပြီး ဆံပင်များ အားလုံး ဖြူဖွေးနေပြီ ဖြစ်သော်လည်း ကျန်းမာရေး လိုက်စားသူဖြစ်သဖြင့် အလွန်သွက်လက်ဖျတ်လတ်နေဆဲ ဖြစ်သည်။ အချို့သော အိမ်တွင်းအောင်း လူငယ်များ (ဥပမာ- စာရေးသူ) ထက်ပင် ကျန်းမာရေး ပိုကောင်းပေလိမ့်မည်။
သုန်ကျဲသည် ပါမောက္ခသုန် ထွက်လာသည်ကို မြင်သောအခါ အလွန်အံ့ဩသွားသည်။ သူတို့သည် မျိုးရိုးတူသော်လည်း ဆွေမျိုးနီးစပ်တော့ မဟုတ်ပေ။ သို့သော် ထိုအဆက်အသွယ်နှင့် စူးရို့ရို့၏ အဘိုး အကူအညီကြောင့်သာ သူမ၏ သမီးသည် ဤနေရာတွင် ဆေးကုသခွင့်ရရှိခြင်းဖြစ်သည်။ ပါမောက္ခသုန်၏ ဆေးပညာလောကရှိ အဆင့်အတန်းမှာ ထိပ်တန်း တောင်ကတုံးကြီးသဖွယ် ဖြစ်ပြီး ဤတောင်ပိုင်းဆေးရုံတွင်လည်း အဖိုးတန်ရတနာတစ်ပါးကဲ့သို့ပင်။
မထင်မှတ်ဘဲ ပါမောက္ခသုန်သည် သူမရှေ့သို့ တည့်တည့်လျှောက်လာကာ -
"ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်၊ အဲ့ဒီ မုန်လာဥနီကို သွားကြည့်မယ်။"
"ပါမောက္ခသုန်... ခရီးက နည်းနည်း ဝေးတယ်နော်။"
"စိတ်ချပါ၊ ငါ့ကျန်းမာရေးက အပြည့်အဝ ကောင်းပါတယ်။ ပြီးတော့ ဒါက ဆေးပညာလောကကို အကြီးအကျယ် ပြောင်းလဲစေမယ့် တွေ့ရှိမှုမျိုး ဖြစ်နိုင်တယ်။ ငါ ဘယ်လိုလုပ် မသွားဘဲ နေနိုင်မှာလဲ?"
သုန်ကျဲသည် ပါမောက္ခသုန် ပြောစကားကို သေသေချာချာ နားမလည်သော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ရသည်။ ဤသို့ဖြင့် လူနှစ်ဦးသည် ချင်းရှန်းရွာသို့ ဦးတည်၍ ထွက်ခွာလာခဲ့ကြသည်။
ထိုအချိန်တွင် လင်းယန်သည် လယ်ကိရိယာများကို သိမ်းဆည်းနေသည်။ လယ်ကူစိုက်သူများပြားသဖြင့် သူ့လယ်ကွက်များအားလုံးမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီ။ ထို့ကြောင့် သူ အနည်းငယ် အနားယူရန် အချိန်ရလိုက်ခြင်း ဖြစ်သည်။ စူးရို့ရို့က မုန်လာဥနီ လာဝယ်မည့်သူ ယနေ့ ရောက်လာနိုင်သည်ဟု ပြောထားသည် မဟုတ်လား။
ဒါပေမဲ့...
ရောက်လာတဲ့ အရှိန်ကတော့ နည်းနည်း မြန်လွန်းနေသလိုပဲ။ ဖုန်းဆက်ပြီး သိပ်မကြာသေးဘူးလေ။ ပြီးတော့ ဘန်တလေကားကြီးနဲ့ မုန်လာဥနီ လာဝယ်တာတဲ့။ တွေးကြည့်ရုံနဲ့တင် တကယ်ကို ဇိမ်ခံလွန်းလှသည်။
ချင်အဖေတောင် A8L (Audi) ပဲ စီးတာလေ။ သူ့မှာတော့ 'စီးတော်ယာဉ်' ရှိပါရဲ့၊ ဒါပေမဲ့ မကြီးသေးဘူး။ နေ့တိုင်း မြင်းစာ ကျွေးနေရတုန်းပဲ။ စီးလို့ရဖို့ဆိုရင် အနည်းဆုံး နောက်ထပ် ခြောက်လလောက်တော့ စောင့်ရဦးမည်။
နောက်ပြီး... ဒီရက်ပိုင်း မြင်းနက်ကလေးက မုန်လာဥနီ အရွက်တွေကိုတင် မဟုတ်ဘဲ မုန်လာဥနီကိုပါ စားချင်နေသည်။ ဝါးစားလိုက်တိုင်း 'ဂွပ်၊ ဂွပ်' ဆိုသည့် အသံထွက်နေပြီး အလွန်ပင် အရသာရှိပုံရသည်။ ဘာပဲဖြစ်ဖြစ် အိမ်မှာ မုန်လာဥနီတွေ အများကြီး ရှိနေတာဆိုတော့ လင်းယန်က အဝသာ ကျွေးထားလိုက်သည်။ သူက ဒီလောက်လေးကို နှမြောမနေပါဘူး။
ဒါပေမဲ့... ခွေးကြီးတာ့ဟွမ်ကပါ မုန်လာဥနီကို လိုက်စားနေတာကိုတော့ လင်းယန် လုံးဝ နားမလည်နိုင်တော့ပါ။ အရင်က မြင်းနက်ကလေးနဲ့ မြက်လုစားတာက ထားပါတော့။ အခု မုန်လာဥနီ လုစားတာက ဘာသဘောလဲ? တစ်ခုခုများ ထူးဆန်းတဲ့ အကြိုက်တွေ ရှိနေတာလား?
လင်းယန် ခေါင်းယမ်းလိုက်ပြီး ဧည့်သည်များကို ဆီးကြိုရန် ထွက်လာခဲ့သည်။ ပထမဆုံး ကားပေါ်မှ ဆင်းလာသူက သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။
"အရာရှိဟူလား?"
ယနေ့ ဟူရွှယ်သည် ဂျင်းဝတ်စုံကို ရိုးရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားဖြောင့်စင်းသော ခြေတံများမှာ ခွန်အားများ ပြည့်နှက်နေကာ မြင်သူတကာ၏အာရုံကို ဖမ်းစားထားနိုင်သည်။ ထို့ပြင် သူမက မိတ်ကပ် အပါးလေး လိမ်းထားသဖြင့် ပို၍ပင် လှပနေသေးသည်။ စုပေါင်းပြောရလျှင် ယနေ့ သူမ၏ ပြင်ဆင်မှုမှာ အလွန်ပင် သပ်ရပ်လှပနေသည်။
"ဟူရွှယ်လို့ပဲ ခေါ်ပါ... ဖရဲသီးကိုကို... ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်။"
ဟူရွှယ်၏ ရင်ထဲတွင် ကြိတ်၍ ပျော်နေသော်လည်း လင်းယန်ကို တွေ့လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်နေမိသည်။
"လူတစ်ယောက်က ရှင့်ကို လာရှာခိုင်းလို့ ကျွန်မ လိုက်ပို့ပေးတာပါ။ ဒါက ယွမ်ကျင့်ခရီးသွားလုပ်ငန်းစုက ဥက္ကဌ ကျင်းယွမ်ဟန်ပါ။ သူ နောင်ခရိုင်ကို ရောက်နေတာ ကြာပြီ၊ ရှင့်ကို လာတွေ့ချင်နေတာ။"
လင်းယန်၏မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလို ဟူရွှယ် ခံစားလိုက်ရသည်။
ကျင်းယွမ်ဟန်သည် လင်းယန်၏အကြည့်ကို မြင်သောအခါ ရင်ထဲတွင် ခါးသီးသွားရသည်။ တွေ့လိုက်ရချိန်တွင် သူထင်ထားသည်ထက်ပင် အရှိန်အဝါ ပိုကြီးမားနေသည်။ အထူးသဖြင့် ထိုအကြည့်များ... ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး အလွန်အန္တရာယ်များသည့်ပုံ ပေါက်နေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် လင်းယန်၏ အနာဂတ်အောင်မြင်မှုမှာ အကန့်အသတ်မရှိနိုင်ကြောင်း ကျင်းယွမ်ဟန် ပို၍ သေချာသွားတော့သည်။
"ကျွန်တော် အခုလာတာ... ညီလေးလင်းဆီကို လာရောက် တောင်းပန်တာပါ။ အဲ့ဒါက ကျွန်တော့်ရဲ့ အသုံးမကျတဲ့ သားကြောင့်ပါ။ ငယ်ငယ်ကတည်းက သေချာ မဆုံးမခဲ့လို့ ညီလေးလင်းကို အများကြီး ဒုက္ခပေးမိသွားတယ်။ ညီလေးလင်းကို ပြဿနာရှာချင်နေတဲ့ ကျွန်တော့်ရဲ့ ဇနီးကိုလည်း ကျွန်တော် ဆုံးမပြီးပြီ။ သူမနဲ့လည်း လုံးဝ ကွာရှင်းလိုက်ပါပြီ။
ဒီနေ့ ကျွန်တော် လာတာက... ညီလေးလင်းရဲ့ ခွင့်လွှတ်မှုကို ရဖို့အတွက် သက်သက်ပါ။"
ကျင်းယွမ်ဟန်၏ အပြုအမူမှာ ချက်ချင်းပင် အလွန်တရာ အောက်ကျို့သွားတော့သည်။
ဟူရွှယ်မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
"ဟို လူမိုက်တွေက... ရှင့်ရဲ့ နောက်ကွယ်ကနေ လာတာလား။"
ဟူရွှယ် ဘာမှ ဆက်မပြောနိုင်တော့ပါ။ ကျင်းယွမ်ဟန်၏ အဆင့်အတန်းနှင့် သူ၏ ဂန္ထဝင်ဇာတ်လမ်းများကို သူမ သတိရသွားသည်။ သူသည် အလွန် ပြတ်သားပြီး ရက်စက်သော လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သည်။ သူမကိုယ်တိုင်ပင် ကျင်းယွမ်ဟန်ကို လင်းယန်ထံသို့ လမ်းပြခေါ်လာမိခြင်းအတွက် နောင်တရနေမိလေပြီ။
"ငါ သူ့ကို ဒုက္ခများ ပေးမိသွားပြီလား?"
***