အခန်း (၇၅-၇၆)
Vol. 5 Ch. 75-76
စူပါ-ဖမ်း(SFS)
အခန်း ၇၅ ။ ကျန်းပြည်နယ် အချမ်းသာဆုံးသူဌေး၏ လက်စွမ်း
လင်းယန်သည် ကျင်းယွမ်ဟန်၏ အစီအစဉ်ကို မငြင်းပယ်ခဲ့ပေ။
လူယုံ၏ သစ္စာဖောက်ခံရခြင်းမှာ မည်မျှနာကျင်ရကြောင်းကို သူ ကောင်းကောင်း နားလည်ပါသည်။ ကျင်းယွမ်ဟန်၏ ဇနီးဟောင်းမှာ နိုင်ငံခြားသို့ ရောက်သွားပြီဖြစ်ရာ သူမကို လက်စားချေရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကျင်းယွမ်ဟန်က တာဝန်အားလုံးကို ခေါင်းခံယူချင်နေခြင်းဖြစ်သည်။ သို့သော် အလယ်မှ ကြားပွဲစားလုပ်ခဲ့သော ဤကားသမားကိုတော့ လင်းယန် လုံးဝ ခွင့်လွှတ်ရန် အစီအစဉ်မရှိပါ။
မိန်းမသားတစ်ယောက်တည်းနှင့်ဆိုလျှင် လမ်းဘေးလူမိုက်များနှင့် ဆက်သွယ်နိုင်ရန် မလွယ်ကူမှန်း လင်းယန် ရိပ်မိပါသည်။ သူမ မည်မျှပင် ဆိုးသွမ်းစေကာမူ ကျင်းယွမ်ဟန်၏ ဇနီးဖြစ်ခဲ့ဖူးသဖြင့် ဂုဏ်သိက္ခာကိုတော့ ထိန်းရဦးမည် မဟုတ်လား။ ဤကားသမား ရှောင်ဝူကို သူ လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။
သို့သော် ကျင်းယွမ်ဟန်ကိုယ်တိုင် လက်စားချေချင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒါကလည်း ကောင်းပါတယ်။ ငါ့လက်ကို ညစ်ပတ်ခံစရာ မလိုတော့ဘူးပေါ့။
"ဖြောင့်ဖြောင့်သာ ဝန်ခံလိုက်စမ်း၊ မဟုတ်ရင် ဘာဖြစ်မလဲ မင်းအသိဆုံးပဲ။"
ကျင်းယွမ်ဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ လူသတ်ချင်နေသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
"ကျွန်တော်... ကျွန်တော် လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်က သခင်လေးကျင်း ခိုင်းတာကို လုပ်ပေးရုံပါ။"
"သူလုပ်ခဲ့တဲ့ အောက်တန်းကျတဲ့ ကိစ္စတွေအကုန်လုံး ငါ သိပြီးသားပါ။ အခု မင်းက သူ့ကိုတောင် အပြစ်ပုံချချင်သေးတာလား!"
ကျင်းယွမ်ဟန်က ကားသမား၏ ဒူးခေါင်းကို အားကုန် ကန်ထည့်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"မင်းကို ဝန်ခံခိုင်းတာက မင်းကို နောက်ဆုံးအခွင့်အရေး ပေးနေတာပဲ။"
ကားသမား ရှောင်ဝူ မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေရင်း၊ ကျင်းယွမ်ဟန်က တကယ် သတ်တော့မည်ကို မြင်သောအခါ အမြန်ဝန်ခံတော့သည်။
"ပြောပါ့မယ်... ကျွန်တော် အကုန်ပြောပါ့မယ်။ ကျွန်တော် လောင်းကစား လုပ်မိလို့ အကြွေးတွေ တင်နေတာပါ။ အတိုးတွေက များလွန်းတော့ မဆပ်နိုင်ဘဲ ဒီလိုလုပ်ခဲ့မိတာပါ။ သူဌေးကျင်း ... ကျွန်တော်လည်း တကယ်ကို အခြားလမ်းမရှိလို့ပါ။ ပိုက်ဆံသာ မဆပ်ရင် အဲ့ဒီလူတွေက ကျွန်တော့် မိသားစုကိုပါ ဒုက္ခပေးမှာမို့လို့ပါ။"
ကျင်းယွမ်ဟန်၏ရင်ဘတ်ကြီးမှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"ဒီနှစ်တွေအတွင်းမှာ မင်း ငါ့ဆီက ပိုက်ဆံ ဘယ်လောက်တောင် ခိုးခဲ့ပြီးပြီလဲ။"
"ယွမ် သောင်းဂဏန်းလောက်ပဲ..."
"ဟင်?"
"ယွမ် တစ်သန်း၊ နှစ်သန်းလောက်ပါ။"
"မင်းသိပါတယ်၊ ငါသာ သေချာစစ်ဆေးလိုက်ရင် မင်း ဘာမှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာကို။"
"ယွမ် ငါးသန်း၊ ခြောက်သန်း လောက်ပါ။ တကယ်ပါ သူဌေးကျင်း ... အဲ့ဒီလောက်ပဲ ရှိပါတယ်။ တခြား မရှိတော့ပါဘူး။"
ကျင်းယွမ်ဟန်သည် တံခါးဝတွင်ရှိသော ပေါက်တူးကို ကောက်ကိုင်လိုက်ပြီး ရှောင်ဝူ၏ ကိုယ်ပေါ်သို့ အားရပါးရ ရိုက်ချလိုက်တော့သည်။
အသည်းခိုက်မတတ် အော်ဟစ်သံကြီးနှင့်အတူ ကားသမား ရှောင်ဝူ၏ ညာဘက်ခြေထောက်မှာ လုံးဝ ကျိုးကြေသွားတော့သည်။
ကျင်းယွမ်ဟန်က လင်းယန်ကို လှည့်မေးလိုက်သည်။
"သူ့ကို ထောင်ထဲမှာ တစ်သက်လုံး ပိတ်ထားလိုက်ရင် ညီလေးလင်း ကျေနပ်နိုင်ပါ့မလား။ တကယ်လို့ ညီလေးလင်းက သူ့အသက်ကို လိုချင်တယ်ဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် သတ်ပေးပါ့မယ်။"
လင်းယန် လက်ယမ်းပြလိုက်သည်။
ဒီလောက်ဆို လုံလောက်ပြီဟု သူ ထင်သည်။ ကျင်းယွမ်ဟန်က ဟို ယွမ် ငါးသန်း၊ ခြောက်သန်းကို တကယ် နှမြောနေတာလား? ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒါက သူ့ကို ပြဇာတ် ကပြနေခြင်းသာ ဖြစ်သည်။ အရင်က သူ့ကို လုပ်ကြံခဲ့သည့် ကိစ္စများတွင် သူ တကယ် မပါဝင်ခဲ့ကြောင်း သက်သေပြနေခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤကားသမား၏ ညာခြေထောက်ကို ရိုက်ချိုးပြီး တစ်သက်လုံး ထောင်ချလိုက်ခြင်းက ဤလူကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင်။ သူသည် လင်းယန်ကို နောက်နောင် ဘယ်တော့မှ အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ပေ။
လင်းယန်မှာ လူမှုရေးအတွေ့အကြုံ သိပ်မရှိသော်လည်း ကျင်းယွမ်ဟန်၏ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပါသည်။ ဤကဲ့သို့သော လက်စွမ်းမျိုးက တကယ့်ကို ပြောင်မြောက်လှပေသည်။ ဒီလောက်ထိ လုပ်ပြနေမှတော့ သူက ကျင်းယွမ်ဟန်ကို ဆက်ပြီး အပြစ်ရှာနေဖို့ အကြောင်းမရှိတော့ပေ။
"အဘိုးစူးရဲ့မျက်နှာကို ထောက်ပြီးတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။"
လင်းယန်က လက်ယမ်းပြကာ အဘိုးစူးကို မျက်နှာသာ ပေးလိုက်သည်။
ထိုစကားကြောင့် အဘိုးစူးမှာလည်း မျက်နှာပွင့်သွားပြီး တဟားဟား ရယ်မောလိုက်တော့သည်။
"ရန်သူဆိုတာ ဖြေရှင်းလို့ရရင် ဖြေရှင်းရမယ်၊ အချင်းချင်း နားလည်မှုရသွားရင် သူငယ်ချင်းတွေ ဖြစ်သွားတာပဲလေ။"
ကျင်းယွမ်ဟန်လည်း ပြုံးလိုက်သည်။
"ညီလေးလင်းကို တွေ့လိုက်ရတာ အရမ်းကို ရင်းနှီးတဲ့ ခံစားချက်ရတယ်။ နောက်နောင် ညီလေးလင်းမှာ အခက်အခဲတစ်ခုခုရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်။ ကျန်းချန်တစ်မြို့လုံးက ကိစ္စတော်တော်များများကို ကျွန်တော် ဖြေရှင်းပေးနိုင်ပါတယ်။"
ကျင်းယွမ်ဟန်က သူ့လုပ်ငန်းလိပ်စာကတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ အပြာနုရောင်ရှိပြီး အလွန်ထူးခြားသော ကတ်ထူပြားပေါ်တွင် 'ကျင်းယွမ်ဟန်' ဆိုသော နာမည်နှင့် ဖုန်းနံပါတ်သာ ပါရှိသည်။ သူ့အဆင့်အတန်းအရ မည်သည့် ဂုဏ်ပုဒ်မှ တပ်ပြနေစရာ မလိုတော့ပေ။
သူက ဒီလောက်အထိ ရိုသေနေမှတော့ လင်းယန်လည်း လက်မခံဘဲ မနေနိုင်တော့ပေ။ အဘိုးစူး ပြောခဲ့သလိုပင်၊ ဤကျင်းယွမ်ဟန်မှာ တကယ့်ကို လူပါးဝသူတစ်ဦး ဖြစ်သည်။ အကယ်၍ သူကသာ တကယ့် ရန်သူဖြစ်ခဲ့မည်ဆိုလျှင် သူ့တိုက်ကွက်များက ဤမျှ ရိုးရှင်းမည်မဟုတ်ပေ။ အကြောင်းမှာ သူ လုပ်သမျှ ကိစ္စတိုင်းတွင် အလွန်သေသပ်သော အစီအစဉ်များနှင့် အဓိပ္ပာယ်များစွာ ပါဝင်နေသောကြောင့် ဖြစ်သည်။ သူ့အပြုအမူများက လင်းယန်ကိုပင် ရင်းနှီးသလို ခံစားလာရစေသည်။
"ဒါနဲ့... ကျွန်တော် မလာခင်က လက်ဆောင်လေးတွေ နည်းနည်း ပါလာတယ်။ အဘိုးစူးအတွက်ရော၊ ညီလေးလင်းအတွက်ရောပါ။ လက်ခံပေးပါဦး။"
ကျင်းယွမ်ဟန်က အတွင်းရေးမှူးကို ကားနောက်ဖုံး ဖွင့်ခိုင်းလိုက်ရာ လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ပုံးများစွာ ထွက်ပေါ်လာသည်။ 'မောင်ထိုင်း' အရက်ပုံး သုံးပုံးကို လင်းယန် ချက်ချင်း မြင်လိုက်ရသည်။ အခြား အဖိုးတန်ပစ္စည်းများလည်း မနည်းလှပေ။
အိမ်ထဲမှ ထွက်လာသော ချင်စုစုသည် ထိုပစ္စည်းများကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လင်းယန်အနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီပစ္စည်းတွေ အကုန်ပေါင်းရင် ယွမ် တစ်သန်း ကျော်လောက် တန်မယ်နော်။"
လင်းယန် နှုတ်ခမ်းလေး တွန့်သွားသည်။ ယွမ် တစ်သန်းဆိုတာ များလို့လား? ဘာမှ မဟုတ်ပါဘူး။ သို့သော် ဒါက ကျင်းယွမ်ဟန်၏ စေတနာဖြစ်သဖြင့် လင်းယန်လည်း ကျိုးသွားသော ပေါက်တူးအတွက် လျော်ကြေးတောင်းမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
ရွာထဲမှာ လယ်ကိရိယာ ဝယ်ရတာ ခက်ခဲပေမဲ့ အဲ့ဒီပေါက်တူးက ကျောင်းသားတစ်ယောက်ရဲ့ ပစ္စည်းဖြစ်မှာပါ။ ပြဿနာ မရှိပါဘူး။
အဘိုးစူးကလည်း လက်ဆောင်တွေ အများကြီး ရလိုက်သဖြင့် သဘောကျနေသည်။
"ကောင်လေးလင်း... မင်းက အိမ်ရှင်ဆိုတော့ တစ်ခုခုတော့ ဧည့်ခံသင့်တယ် မဟုတ်လား။"
လင်းယန် ခေါင်းနားပန်း ကြီးသွားသည်။ စူးရို့ရို့ကို မျက်နှာထောက်ပြီး နောက်ဆုံးတွင် ကျင်းယွမ်ဟန်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အဝေးကြီးကနေ လာရတာဆိုတော့ သူလည်း သိပ်ပြီး ကပ်စေးနှဲလို့ မဖြစ်ပါဘူး။
"ဒီနေ့ လယ်ထဲမှာလည်း သိပ်အလုပ်မရှိတော့ဘူး၊ အိမ်ထဲဝင်ပြီး လက်ဖက်ရည် သောက်ကြတာပေါ့။"
"ကျေးဇူးတင်ပါတယ် ညီလေးလင်း၊ ကျေးဇူးတင်ပါတယ် အဘိုးစူး။"
ကျင်းယွမ်ဟန်က အလွန်ယဉ်ကျေးစွာဖြင့် အိမ်ဝင်းထဲသို့ ဝင်လာခဲ့သည်။
သူတို့ ဝင်လာသည်မှာ အရှေ့ဘက် အိမ်ဝင်း ဖြစ်သည်။ လင်းယန်၏အိမ်ကြီးမှာ သုံးဆင့်ရှိပြီး၊ ယခု သူနှင့် ရှောင်ဝူက အနောက်ဘက်ဆုံး အိမ်ဝင်းတွင် နေထိုင်ကြသည်။ လူများလာသဖြင့် စူးရို့ရို့နှင့် ချင်စုစုလည်း ထိုနေရာသို့ ပြောင်းနေကြသည်။
အလယ်အိမ်ဝင်းသည် ဧည့်ခန်းဖြစ်သော်လည်း ယခုအခါ မင်မင်းဆက်ခေတ်က ရှေးဟောင်းပစ္စည်းများဖြင့် အပြည့်ဖြစ်နေသဖြင့် ချင်အဖေ၊ အဘိုးစူးနှင့် လောင်ဝမ်တို့မှလွဲ၍ မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့ပေ။
အရှေ့ဘက် အိမ်ဝင်းမှာတော့ အရင်က သူနှင့် ရှောင်ဝူ နေခဲ့သော နေရာဖြစ်ပြီး အကျယ်ဆုံးဖြစ်သည်။ ကျောင်းသားများနှင့် အဘိုးစူး၏ သက်တော်စောင့်များက ထိုနေရာတွင် နေထိုင်ကြသည်။ သို့သော် ဤနေရာတွင် အသုံးအဆောင် ပစ္စည်းများ အစုံလင်ဆုံးဖြစ်သည်။
အားလုံးက အရှေ့ဘက် အိမ်ဝင်း၏ ဧည့်ခန်းမသို့ ဝင်လာကြသည်။ ဤနေရာကို ကျောင်းသားများက သန့်ရှင်းရေးလုပ်ထားပြီး ပုံမှန် စာသင်ရန်နေရာအဖြစ် အသုံးပြုကြသည်။ ယခုတော့ လင်းယန်က ဧည့်ခံရန် သုံးလိုက်ခြင်းဖြစ်သည်။
ချင်စုစုက လက်ဖက်ရည်အိုးနှင့် ခွက်များကို ယူလာပေးသည်။ ဤအသုံးအဆောင်များမှာ ချင်အဖေ ယူလာပေးခြင်းဖြစ်ပြီး စန္ဒကူးနီသား နှင့် ပြုလုပ်ထားကာ အလွန်တန်ဖိုးကြီးသည်ဟု ဆိုသည်။ သို့သော် လင်းယန်၏ အိမ်ဝင်းကြီးနှင့် ယှဉ်လိုက်လျှင်တော့ ဘာမှမဟုတ်တော့ပေ။
ကျင်းယွမ်ဟန်သည် လင်းယန်၏ အိမ်ဝင်းအတွင်းသို့ ဝင်လာချိန်တွင် အနည်းငယ် မှင်တက်သွားရသည်။ အိမ်ဝင်းက အလွန်ကျယ်ဝန်းပြီး တောရွာတွင် ဤမျှကျယ်သည်မှာ မဆန်းသော်လည်း၊ သူသည် အုတ်တံတိုင်းကို ကျော်၍ အလယ်အိမ်ဝင်း၏ ရှေးဟောင်း အငွေ့အသက်များကို မြင်နေရသည်။
စန္ဒကူးနီသား အဆောက်အအုံများကို သူ ကောင်းကောင်း နားလည်ပါသည်။ အထူးသဖြင့် အလယ်အိမ်ဝင်းသို့ ဝင်ရာ တံခါးပေါက်မှာ လက်ရာမြောက်လွန်းပြီး မင်မင်းဆက်၏ ပုံစံအစစ်အမှန် ဖြစ်သည်။ ဤတံခါးပေါက် တစ်ခုတည်းနှင့်တင် ရှေးဟောင်းရတနာတစ်ခုအဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
လင်းယန်သည် သူကြားဖူးထားသည်ထက်ပင် အများကြီး ပိုချမ်းသာကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ ဤအိမ်ဝင်းတစ်ခုတည်းနှင့်တင် သာမန်လူတွေ ဘဝပေါင်း ရာချီ ကြိုးစားရှာဖွေလျှင်တောင် ရနိုင်မည့် အရာမဟုတ်ပေ။
"ငါ ပိုက်ဆံနဲ့ ဖြေရှင်းဖို့ မကြိုးစားမိတာ တကယ် ကံကောင်းတာပဲ။"
ကျင်းယွမ်ဟန် ကျိတ်ပြီး ဝမ်းသာသွားသည်။
မကြာမီ လူသုံးဦး ထိုင်လိုက်ကြသည်။ ဘယ်တွေ သွားနေမှန်းမသိသော ချင်အဖေကလည်း ပြန်ရောက်လာပြီး ကျင်းယွမ်ဟန်ကို အားတက်သရော ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ပြည်နယ်ရဲ့ အချမ်းသာဆုံး သူဌေးဆိုတော့ ခင်မင်ထားသင့်တယ် မဟုတ်လား။
သို့သော် ကျင်းယွမ်ဟန်သည် ရွှေရောင်သန်းနေသော လက်ဖက်ရည်စိမ်းကို တစ်ငုံ သောက်လိုက်ချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
"ဒီလောက် ကောင်းတဲ့ လက်ဖက်ရည်မျိုး... ကျွန်တော် တစ်ခါမှ မသောက်ဖူးဘူး!"
***
စူပါ-ဖမ်း(SFS)
အခန်း ၇၆ ။ တကယ့် စစ်မှန်သော ဇိမ်ခံပစ္စည်း
ချင်အဖေသည် ရှေးဟောင်းပစ္စည်းများတွင်သာမက လက်ဖက်ရည်ဖျော်သည့် အနုပညာတွင်လည်း အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး ယခုအချိန်အထိလည်း စွဲလမ်းနေဆဲ ဖြစ်သည်။ သူ၏ လက်ဖက်ရည်ဖျော်သည့် ဟန်အမူအရာမှာ အလွန်သေသပ်ပြီး ကြည့်ရသည်မှာပင် မျက်စိပသာဒ ဖြစ်လှပေသည်။
လင်းယန်လည်း ဤအချက်ကို သတိထားမိသည်။
ရေအတူတူ၊ လက်ဖက်ခြောက်အတူတူပင် ဖြစ်လင့်ကစား ချင်အဖေ ဖျော်သည့် လက်ဖက်ရည်က သူဖျော်သည်ထက် အများကြီး ပိုသောက်လို့ ကောင်းသည်။
ဤနေရာတွင် အနုပညာတစ်ခုရှိနေသည်။ ရေအမျိုးအစား၊ အပူချိန်၊ အချိန်... အားလုံးက အရေးကြီးသည်။ ချင်အဖေ၏ ဖျော်နည်းက လက်ဖက်ခြောက်အတွင်းရှိ ရနံ့အားလုံးကို အပြည့်အဝ ထွက်ပေါ်လာစေပြီး၊ လက်ဖက်ရည် အရောင်မှာလည်း ပိုမိုကြည်လင်ကာ အရသာလည်း အလွန် ပြည့်စုံလှသည်။ တစ်ခုတည်းသော ပြဿနာမှာ ဤလက်ဖက်ရည် တစ်ခွက်ရရန် အချိန်အတော်ကြာ စောင့်ရခြင်းပင်။
လင်းယန်ကတော့ ကိုယ့်ကိုယ်ကိုယ် ကြမ်းတမ်းတဲ့သူလို့ပဲ သတ်မှတ်ထားသည်။ ရေနွေးလောင်းထည့်ပြီး သောက်ရုံပဲ သူသိသည်။ အရသာ ပေါ့သွားလျှင် လွှင့်ပစ်လိုက်ရုံသာ။ လောင်ဝမ်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက် 'မိခင်ပင် တာ့ဟုန်ဖောင်' ကို ဒီလို ဖြုန်းတီးနေကြသည်ကို မြင်တိုင်း ချင်အဖေမှာ ရင်ကျိုးရသည်။
သို့သော် ဤကဲ့သို့ သုတေသနလုပ်ရင်းဖြင့်ပင် ချင်အဖေသည် 'ဂင်ဂိုလက်ဖက်ရည်' ၏ အကောင်းဆုံး ဖျော်နည်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ အမှန်တကယ်တော့ ဂင်ဂိုလက်ဖက်ရည်ကို ရေနွေးစိမ်သောက်ခြင်းထက် ဆူပွက်နေအောင် ကျိုသောက်ခြင်းက ပိုကောင်းသည်။ ထိုအခါ အခြားသော အမွှေးအကြိုင်အချို့ကိုလည်း ထည့်သွင်းနိုင်သည်။ အခြားအနံ့များက ဂင်ဂို၏ မူလရနံ့ကို မဖုံးလွှမ်းသွားဘဲ အချင်းချင်း ပေါင်းစပ်သွားစေသည်။
ဤပညာရပ်ကို တတ်မြောက်ရန်အတွက် ရှစ်နှစ်၊ ဆယ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ကျင်းယွမ်ဟန်၏ အံ့ဩနေသော မျက်နှာကို မြင်သောအခါ ချင်အဖေမှာ အလွန်ဂုဏ်ယူသွားတော့သည်။
"ဒါက ညီလေးလင်း အိမ်က နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဂင်ဂိုပင်ကြီးကနေ ခူးထားတဲ့ လက်ဖက်ရည်။ ကျွမ်းကျင်သူကိုယ်တိုင် အခြောက်လှန်းထားတာဆိုတော့ အရသာက တကယ့်ကို ထူးခြားတယ်။
တစ်ငုံလောက် သောက်လိုက်တာနဲ့တင်... နှစ်ပေါင်း ထောင်ချီတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်ပြီး လောကီရေးရာတွေကို အေးအေးဆေးဆေး ထိုင်ကြည့်နေရသလို ခံစားရတာ။"
ချင်အဖေကတော့ လက်ဖက်ရည် သောက်ပြီး နတ်ပြည်ရောက်နေသည့်အလား ခံစားနေရပြီ ဖြစ်သည်။ လက်ဖက်ရည်ကို ဒီလောက်အထိ အရသာခံတတ်တဲ့သူမျိုး နောက်ထပ် ရှိမယ်မထင်ဘူးလို့ လင်းယန် တွေးမိလိုက်သည်။
ကျင်းယွမ်ဟန်လည်း ရင်ထဲတွင် အလွန်အံ့ဩနေမိသည်။
လင်းယန်ကို သေသေချာချာ လေ့လာကြည့်လေ၊ သူ ထင်ထားသည်ထက် ပို၍ နက်နဲကြောင်း တွေ့ရလေ ဖြစ်သည်။ တောထဲက ရသေ့ကြီးတစ်ပါးလိုပင်။
"ပုံမှန်ဆိုရင် သူက သာမန်တောင်သူလေးလိုပဲ လယ်စိုက်နေတယ်။ သူ့ရဲ့ ကြေးနီရောင်သန်းနေတဲ့ အသားအရေက နေပူထဲ အလုပ်လုပ်ပြီး လေ့ကျင့်ခန်း အမြဲလုပ်နေမှသာ ရနိုင်တဲ့ ကြံ့ခိုင်မှုမျိုးကို ပြသနေတယ်။ တကယ့် သားရဲတစ်ကောင်လိုပဲ။
ဒါပေမဲ့ ဒီလို လူငယ်လေးက ဒီလောက် ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေရှိနေပြီး လောကကြီးကို တုန်လှုပ်စေတဲ့ အောင်မြင်မှုတွေ ရထားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
သူနဲ့ ယှဉ်လိုက်ရင်တော့ အခုခေတ် လူငယ်တွေ အားလုံး အသက်ရှင်ဖို့တောင် မတန်တော့ဘူး။"
ကျင်းယွမ်ဟန် သူ့သားကို သတိရသွားသည်။ လင်းယန်နဲ့ ယှဉ်ကြည့်လိုက်တော့ သူ့သားကို သူကိုယ်တိုင် သတ်ပစ်ချင်စိတ်တောင် ပေါက်လာသည်။
အရမ်းကို ရှက်စရာကောင်းလွန်းတယ်။
ပိုက်ဆံရှိတဲ့ ဒုတိယမျိုးဆက်သူဌေးသားအနေနဲ့ အေးအေးဆေးဆေးနေမယ်ဆိုရင်တောင် တစ်သက်လုံး ဇိမ်ကျနေမှာကို။ အခုတော့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့... ငါသေသွားရင် ဒီစည်းစိမ်တွေ အကုန်လုံး သူ ဖျက်ဆီးပစ်တော့မှာပဲ!
လင်းယန်ကို ပြန်ကြည့်လိုက်တော့ တကယ့် ပညာရှိကြီး တစ်ယောက်လို တည်ငြိမ်နေသည်။ အဘိုးစူးကလည်း သူ့ကို အကာအကွယ် ပေးထားသေးသည်။ သူကိုယ်တိုင် လူငယ်ဘဝတုန်းကတောင် လင်းယန်ရဲ့ အခုအခြေအနေကို မမီခဲ့ပါဘူး။
စူပါမုန်ညင်းစေ့တစ်ခုတည်းနဲ့တင် တစ်သက်လုံး ဂုဏ်သိက္ခာတွေနဲ့ ပိုက်ဆံမပူဘဲ နေလို့ရနေပြီလေ။ ဒါပေမဲ့ သူက အဲ့ဒီလို မနေဘဲ လယ်ဆက်စိုက်ဖို့ ရွေးချယ်ခဲ့တယ်။
ကျင်းယွမ်ဟန်ကိုယ်တိုင်တောင် ဒီလို တည်ငြိမ်တဲ့ စိတ်ထားမျိုး မရှိပါဘူး။
ဒါပေမဲ့... ကျင်းယွမ်ဟန် လုံးဝ မသိတာကတော့ သူ အများကြီး လျှောက်တွေးနေတယ် ဆိုတာပါပဲ။
လင်းယန် လယ်စိုက်ရတဲ့အကြောင်းရင်းက လယ်စိုက်ရင် ပိုက်ဆံပိုရလို့ပါ! ဘာအလုပ်ပဲလုပ်လုပ် ထမင်းစားဖို့ပဲလေ။ လယ်စိုက်တာက ပိုက်ဆံအမြန်ဆုံးရမှတော့ လယ်ပဲ စိုက်ရမှာပေါ့!
စကားဝိုင်းမှာတော့ ကျန်တဲ့ သုံးယောက်ကပဲ အဓိက ပြောနေကြတာပါ။ လင်းယန်ကတော့ နားထောင်ရတာကို ပိုသဘောကျသည်။ ကျင်းယွမ်ဟန်၏ စကားပြောဆိုပုံကလည်း ချင်အဖေထက် မနိမ့်မှန်း သူ သတိထားမိသည်။ တစ်ခုတည်းသော ပြဿနာကတော့ သူက စီးပွားရေးသမား အရမ်းဆန်ပြီး အရာရာကို အကျိုးအမြတ်နဲ့ပဲ တွက်ချက်တတ်တာပါပဲ။
"ညီလေးလင်း... ဒီလက်ဖက်ရည်ကို ကျွန်တော် နည်းနည်းလောက် ဝယ်သွားလို့ ရမလား။"
နောက်ဆုံးတွင် ကျင်းယွမ်ဟန် မနေနိုင်တော့ဘဲ မေးလိုက်သည်။ သူ တကယ် စွဲသွားပြီလေ။ အရေးကြီးဆုံးက သူက ဆေးလိပ် အမြဲသောက်တော့ လည်ချောင်းမှာ သလိပ်ရှိတတ်သည်။ ဒီလက်ဖက်ရည် သောက်လိုက်ပြီးနောက် လည်ချောင်းက အများကြီး ရှင်းသွားသလို ခံစားရသည်။ ဒါကြောင့် ဒီ 'နှစ်တစ်ထောင် ဂင်ဂိုလက်ဖက်ရည်' ကို သူ တကယ် ကြိုက်သွားခြင်းဖြစ်သည်။
ဒါ့အပြင် အင်တာနက်ပေါ်က ယွမ်ငါးထောင်တန် ဖရဲသီးကိုလည်း သူ သတိရသွားသည်။ ပိုက်ဆံဆိုတာ သူ့အတွက် ဂဏန်းတစ်ခုပါပဲ။
လင်းယန် မျက်မှောင်ကြုတ်သွားသည်။ ဒီလက်ဖက်ရည်ကို သူတို့အိမ်မှာပဲ သောက်ကြတာ၊ လောင်ဝမ်က နည်းနည်းပါးပါး လက်ဆောင်ပေးတာကလွဲရင် တစ်ခါမှ မရောင်းဖူးပါဘူး။ ရောင်းမယ်ဆိုရင်တော့ ဂင်ဂိုပင်ကြီး ပြောင်သလင်းခါသွားမှာ သေချာတယ်။
တန်ဖိုးကရော ဘယ်လောက်ထားရမလဲ... လင်းယန် ချက်ချင်း မဆုံးဖြတ်နိုင်သေးပါ။
"ခင်ဗျားပဲ ဈေးတစ်ခု ပြောကြည့်လိုက်လေ။"
လင်းယန်က အခက်အခဲကို တစ်ဖက်လူဆီ ပြန်တွန်းပို့လိုက်သည်။
ကျင်းယွမ်ဟန် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
"မိခင်ပင် တာ့ဟုန်ဖောင်က တစ်ဂရမ်ကို ယွမ် ၁၀,၀၀၀ တန်တယ်။ ဒီဂင်ဂိုလက်ဖက်ရည်က အဲ့ဒီထက် အများကြီး ပိုကောင်းတာ သိသာပါတယ်။"
"ဒါဆို... တစ်ဂရမ်ကို ယွမ် ၂၀,၀၀၀ (တစ်ပေါင်လျှင် ယွမ် ၁၀ သန်း) နဲ့ ကျွန်တော် နှစ်ပေါင် ယူမယ်။"
လင်းယန် ခေါင်းညိတ်လိုက်သည်။ ဤဂင်ဂိုလက်ဖက်ရည်သည် အဆင့်အတန်းတစ်ခုကို ပြသသည့် ဇိမ်ခံပစ္စည်း ဖြစ်သွားပြီဖြစ်သည်။ နှစ်ပေါင်ကို ယွမ် သန်း ၂၀... သာမန်လူတွေ သောက်နိုင်မယ့်ဟာ မဟုတ်ဘူးလေ။
လင်းယန် တစ်နှစ်မှာ ထုတ်နိုင်မယ့် လက်ဖက်ရည်ကလည်း ကိုယ်တိုင်သောက်ဖို့ ဖယ်ထားရင် အများကြီး ကျန်မှာ မဟုတ်ပါဘူး။ ဒါက ဇိမ်ခံပစ္စည်းတွေထဲမှာမှ ထိပ်တန်း ဇိမ်ခံပစ္စည်းပါပဲ။
"စုစု... လက်ဖက်ရည် နှစ်ပေါင်လောက် သွားထုပ်ပေးလိုက်။"
ငွေလွှဲမည့် ကိစ္စကိုတော့ အတွင်းရေးမှူးက လုပ်ဆောင်ပေးမည်ဖြစ်သည်။ လင်းယန်ကတော့ တည်ငြိမ်နေဆဲပင်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံကတော့ လျော့သွားမှာ မဟုတ်ပါဘူး။ ဒီနေ့ နေ့လယ်ခင်းလေးက တကယ်ကို တန်သွားတာပဲ။ ဂင်ဂိုလက်ဖက်ရည်ရဲ့ ဈေးက တာ့ဟုန်ဖောင်ထက်တောင် ပိုသွားပြီလေ။
တစ်နှစ်ကို ရောင်းရရင်တောင် ၁၀ ပေါင်လောက်ပဲ ရောင်းနိုင်မှာပါ။ ဝယ်မယ့်သူ ရှိမလား မရှိဘူးလား ဆိုတာကတော့ မသိနိုင်ဘူးပေါ့။ လင်းယန်ကတော့ ဒါကို ဂရုမစိုက်ပါဘူး။
ချင်အဖေကတော့ ရယ်မောရင်း -
"ဒီနောက်ပိုင်း နိုင်ငံခြားက ဇိမ်ခံအမှတ်တံဆိပ်တွေက ငါတို့နိုင်ငံသားတွေကို အထင်သေးကြတယ်။ သူတို့က နှစ်တစ်ရာ သမိုင်းကြောင်းရှိတယ်၊ တော်ဝင်မိသားစုတွေ သုံးခဲ့တာ ဆိုပြီး တို့လူတွေကို တောသားတွေလို့ ခေါ်ကြတာ။"
ကျင်းယွမ်ဟန်ကလည်း လှောင်ပြုံး ပြုံးလိုက်သည်။
"ယွမ် သောင်းဂဏန်းလောက် တန်တဲ့ ပစ္စည်းတွေကို ဇိမ်ခံပစ္စည်းလို့ ခေါ်ရဲသေးတယ်ပေါ့။ နှစ်တစ်ရာ သမိုင်းက ကြာလှပြီလို့ ထင်နေတာလား?"
အဘိုးစူးကလည်း ဝင်ပြောသည်။
"လူ တစ်သန်းတောင် မပြည့်တဲ့ နိုင်ငံလေးကို အုပ်ချုပ်နေတာကို 'တော်ဝင်မိသားစု' တဲ့လား။"
လင်းယန် ခေါင်းယမ်းလိုက်သည်။
"သူတို့က ငါတို့ နိုင်ငံသားတွေကို ဝေဖန်ဖို့ အရည်အချင်း မရှိပါဘူး။"
လင်းယန်က ချင်စုစုဆီကနေ ဒီဇိမ်ခံအမှတ်တံဆိပ်တွေ အကြောင်းကို သိထားပြီးသားပါ။ သူမအတွက်လည်း ဝယ်ပေးဖူးပါတယ်။ အများစုကတော့ အဝတ်အစား၊ အိတ်၊ ဖိနပ်တွေပါပဲ။ သိသာတာက အမျိုးသမီးတွေဆီက ပိုက်ဆံရအောင် အမည်နာမတွေကို သုံးပြီး ဈေးတင်ရောင်းနေတာပါ။ လက်ရာပိုင်းဆိုရင်... တချို့ဟာတွေက လမ်းဘေးက ယွမ်ဆယ်ဂဏန်းတန် ပစ္စည်းလောက်တောင် မကောင်းပါဘူး။ နာမည်ကြီးတာရယ်၊ ကြွားလို့ကောင်းတာရယ်ကလွဲရင် ဘာသုံးစားလို့ရမှန်း လင်းယန် နားမလည်ပါဘူး။
တကယ့် သူဌေးအစစ်တွေက ဒီလို ကြွားလုံးထုတ်တဲ့ အရာတွေကို ဝယ်ကြမှာလား?
ဒီနိုင်ငံက သူဌေးတွေ တကယ် ဇိမ်ခံကြပြီဆိုရင် အဲ့ဒီ နိုင်ငံခြားက ဇိမ်ခံအမှတ်တံဆိပ်တွေ စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။
နှစ်ပေါင်း ထောင်ချီတဲ့ ယဉ်ကျေးမှု သမိုင်းကြောင်းရှိတဲ့ နိုင်ငံကြီးရဲ့ အဆင့်အတန်းကို ဟို ဖားသူငယ်လေးတွေ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။
အဝတ်အစားနဲ့ ဖိနပ်လေးတွေကို ဇိမ်ခံပစ္စည်း လုပ်နေတာက ကလေးကလား ကစားစရာတွေပါ။
တကယ့် စစ်မှန်တဲ့ ဇိမ်ခံပစ္စည်းဆိုတာ... သူတို့ လုံးဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ဥပမာ... အခု ချင်အဖေ သောက်လိုက်တဲ့ လက်ဖက်ရည် တစ်ငုံတည်းနဲ့တင် ယွမ်သောင်းချီ ပျောက်သွားတာမျိုးပေါ့။
***