← Chapters

အခန်း (၇၇-၇၈)

Vol. 5 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 5 Ch. 77-78

စူပါ-ဖမ်း(SFS)

အခန်း ၇၇ ။ ဝါသနာ

လင်းယန်သည် လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။

ဒီလို သတင်းခေါင်းစဉ်တွေနဲ့ ပတ်သက်ပြီး သူလည်း တော်တော်လေး စိတ်ဝင်စားပါတယ်။ အထူးသဖြင့် လယ်ထဲမှာ အလုပ်လုပ်နေရင်း ကျောင်းသားတွေဆီကနေ ဒီလို သတင်းတွေကို ခဏခဏ ကြားရတတ်တာကိုး။

ပုံမှန်အားဖြင့်ဆိုလျှင် ချင်အဖေ နှင့် ကျင်းယွမ်ဟန်ကဲ့သို့သော လူများသည် ဤကဲ့သို့သော ကိစ္စများကို စိတ်ဝင်စားဖို့ အချိန်ပင် ရမည်မဟုတ်ပေ။

ဒါပေမဲ့ ဒီကိစ္စကတော့ နည်းနည်း ဆိုးရွားလွန်းတယ်။ နိုင်ငံခြား ဇိမ်ခံအမှတ်တံဆိပ်တော်တော်များများက နိုင်ငံသားတွေဆီက ပိုက်ဆံလည်း ယူသေးတယ်၊ နိုင်ငံသားတွေကိုလည်း အထင်သေးပြီး သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့ နေရာမှာ ထားချင်ကြတာလေ။

တကယ်တော့ ဒါက ကိုယ့်လူတွေက အလိုလိုက်ထားလို့ ဖြစ်တာပါ။ တကယ့် သူဌေးအစစ်တွေရဲ့ မျက်လုံးထဲမှာတော့ အဲ့ဒီအရာတွေက ဇိမ်ခံပစ္စည်းလို့တောင် ခေါ်လို့ မရပါဘူး။

ချင်အဖေမှာ ပိုက်ဆံမရှိလို့လား?

ပိုင်ဆိုင်မှု ယွမ်ဘီလီယံချီ ရှိတယ်။ သူ ဝါသနာပါတာက ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီ ကာလီဂရပ်ဖီတွေနဲ့ လက်ဖက်ရည် အနုပညာတွေပဲ။

ကျင်းယွမ်ဟန်အကြောင်းကိုတော့ လင်းယန် သေချာမသိသေးပေမဲ့၊ အဘိုးစူး ပြောဖူးတာတော့ သူက ကုမ္ပဏီတွေကို လိုက်ဝယ်ရတာ ဝါသနာပါတဲ့သူတဲ့။ သူ့ရဲ့ အကြီးမားဆုံး ဝါသနာက စီမံကိန်းအသစ်တွေ ဖော်ဆောင်တာပဲ။ တစ်ခါ ရင်းနှီးမြှုပ်နှံရင် ယွမ်သန်းရာချီ၊ ထောင်ချီ အကုန်ခံတာမျိုး။ ရှင်းရှင်းပြောရရင် သူ့ဘဝမှာ တခြား ပျော်စရာဆိုတာ မရှိဘူး။ သူ အသက်ရှင်နေတာက ပိုက်ဆံရှာဖို့ သက်သက်ပဲ။

ဒါက တကယ့် စီးပွားရေးသမားစစ်စစ်ပေါ့။ အမြင့်ဆုံးနေရာကနေ လွှမ်းမိုးနိုင်စွမ်းကိုပဲ သူ မက်မောတာ ဖြစ်နိုင်တယ်။ အဲ့ဒီအတွက် သူ့ရဲ့ ခွန်အားတွေ အားလုံးကို ပေးဆပ်ရဲတယ်။ ပရောဂျက်တစ်ခု လုပ်ပြီဆိုရင်လည်း ယွမ်သန်းချီပြီး ရေလိုသုံးတော့တာပဲ။

အဘိုးစူးကျတော့...

ဒီအဘိုးကြီးရဲ့ ဝါသနာက တော်တော်လေး ထူးဆန်းတယ်။ ဝတ်တာစားတာ ရိုးရှင်းတယ်၊ နေထိုင်တာ ခြိုးခြံတယ် (အနောက်ကန်ဘေးက ဗီလာကြီးကို မမြင်ဘူးလို့ပဲ မှတ်လိုက်တော့)။

သူက ရုပ်ဝတ္ထုပစ္စည်းတွေ အပေါ်မှာ ဘာတပ်မက်မှုမှ မရှိဘူး၊ အာဏာကိုလည်း သိပ်မက်မောတာ မဟုတ်ဘူး။ သူ့ရဲ့ တစ်ခုတည်းသော ဝါသနာ နှစ်ခုကတော့... (၁) ပါရမီရှင်တွေကို ရှာဖွေဖော်ထုတ်တာ၊ (၂) စစ်လက်နက် ပစ္စည်းတွေပဲ။

"အဘိုးစူးက ပါရမီရှင်တွေကို ရှာဖွေတဲ့နေရာမှာ တစ်ခါပဲ မျက်စိမှားဖူးတာ ဖြစ်မယ်... အဲ့ဒါက ငါပဲ ထင်တယ်" လင်းယန်က ခေါင်းယမ်းရင်း တွေးလိုက်သည်။

"စစ်လက်နက်တွေ ဝါသနာပါတာကတော့ သူ စစ်တပ်က လာလို့ ဖြစ်မှာပါ။ လူကြီးတွေက ဒါမျိုးကို ကြိုက်ကြတာပဲ။ တချို့ စစ်သားဟောင်း အဘိုးကြီးတွေဆိုရင် ပိုက်ဆံကို အသေဆုပ်ကိုင်ထားပြီး မြေးတွေတောင်းရင်တောင် မပေးဘူး။ ဒါပေမဲ့ နိုင်ငံတော်က လိုတယ်ဆိုရင်တော့ ချက်ချင်း ဘဏ်ပြေးပြီး ငွေထုတ်ပေးမယ့်သူတွေချည်းပဲ။"

"ဒါပေမဲ့... ဒါကြောင့်ပဲ လူကြီးတော်တော်များများက လိမ်လည်ခံရတတ်တယ်လေ။" လင်းယန် သက်ပြင်းချလိုက်မိသည်။ ဒီခေတ်မှာ ဖုန်းနဲ့ လိမ်လည်တာတွေက အရမ်းများတာကိုး။

သူ့ဆိုရင် ရွာမှာ အင်တာနက်ရပြီး ဖုန်းက သိပ်တောင် မသုံးရသေးဘူး၊ အချက်အလက်တွေက ပေါက်ကြားသွားပြီ။ လိမ်တဲ့သူတွေက ဖုန်းဆက်လာကြသေးတယ်။ ရှောင်ဝူသာ နားမလည်လို့၊ ငွေမလွှဲတတ်လို့သာပေါ့... မဟုတ်ရင် လင်းယန်ရဲ့ ဘဏ်ကတ်ထဲက ပိုက်ဆံတွေ အကုန် အလိမ်ခံရလောက်ပြီ။

ဒါပေမဲ့... အဲ့ဒီ လိမ်တဲ့သူတွေက ဒီလောက်များတဲ့ ပိုက်ဆံတွေကို လိမ်ရသွားရင်... လန့်များ လန့်သွားမလား မသိဘူးနော်။ ဘာပဲဖြစ်ဖြစ် လင်းယန်ရဲ့ လက်ရှိ ပိုင်ဆိုင်မှုက တကယ့်ကို ထိတ်လန့်စရာ ကောင်းနေပြီလေ။

ဒါပေမဲ့ လင်းယန် သေချာသိတာ တစ်ခုရှိပါတယ်။

သူ့မှာ ပိုက်ဆံတွေ အများကြီးရှိပေမဲ့ သုံးစရာ နေရာ သိပ်မရှိပါဘူး။ စားစရာ၊ သောက်စရာဆိုရင် ဒီတောင်ကြားရွာမှာ အလုံအလောက် ရှိတယ်။ ဝတ်စရာ အဝတ်အစားတွေကလည်း ဈေးမကြီးဘူး။ လယ်ထဲဆင်းတာကို ဟို ဇိမ်ခံအမှတ်တံဆိပ်တွေ ဝတ်ပြီး ဆင်းလို့ ဖြစ်မလား? ခံနိုင်ရည်မှ မရှိတာ!

သူကတော့ လက်ပြတ်အင်္ကျီနဲ့ ကောက်ရိုးဦးထုပ်ဆောင်းပြီး လယ်ဆင်းရတာကိုပဲ အကြိုက်ဆုံးပါပဲ။ ချင်စုစုကတော့ သူ့ဦးထုပ်က နာမည်ကြီး ဘရန်းတစ်ခုနဲ့ ပုံစံတူတယ်လို့ ပြောတယ်။ အဲ့ဒီ ဘရန်းက ယွမ် ၈,၀၀၀ တန်တယ်တဲ့။ လင်းယန်ဆောင်းထားတာက ယွမ် ၅ ယွမ်ပဲ ပေးရတာ။ ဈေးလည်း ပေါတယ်၊ သုံးလို့လည်း ကောင်းတယ်။

"ငါလည်း လယ်စိုက်တာကလွဲရင် တခြား ဝါသနာတစ်ခုခု ရှာကြည့်သင့်ပြီလား?"

လင်းယန် စဉ်းစားခန်း ဝင်သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟို ဇိမ်ခံပစ္စည်းတွေကတော့ သူ့ရဲ့ ရည်မှန်းချက် လုံးဝ မဟုတ်ပါဘူး။ သူသာ လိုချင်ရင် ကုမ္ပဏီ တော်တော်များများရဲ့ ရှယ်ယာတွေကို ဝယ်ပစ်လို့ ရနေပြီလေ။ ဒါပေမဲ့ ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး။ သူကတော့ လယ်စိုက်ရတာကိုပဲ ပိုသဘောကျတယ်။

"အင်း... ဆေးပညာလေး ဘာလေး လေ့လာကြည့်ရင် ကောင်းမလား။ ဒါပေမဲ့ နွားတွေ၊ မြင်းတွေက နည်းနေတယ်လေ။"

လင်းယန် အနည်းငယ် နှမြောသွားသည်။ လူနာကြည့်ပေးဖို့ဆိုတာကတော့ သူ အခုထိ သတ္တိမရှိသေးပါဘူး။ ဦးနှောက်ထဲမှာ ဆေးပညာဗဟုသုတတွေ အပြည့်ရှိနေပေမဲ့ အဲ့ဒါတွေက တရုတ်တိုင်းရင်းဆေးပညာရဲ့ အတွေ့အကြုံတွေလိုမျိုးလေ။ ခေတ်မီ သိပ္ပံကိရိယာတွေနဲ့ ပတ်သက်ပြီးတော့ သူ ဘာမှ နားမလည်ဘူး။

နောက်ပြီး တကယ့် ဆရာဝန်ကောင်းဆိုတာ လူနာ ထောင်သောင်းချီကို ကုသပေးပြီးမှ အတွေ့အကြုံယူရတာ။ အသက်ကြီးလေ၊ ပိုပြီး ကျွမ်းကျင်လေပဲ။ လင်းယန်ဆိုရင်တော့ တိရစ္ဆာန်ဆေးကုဆရာဝန် အလုပ်ကိုတောင် သေသေချာချာ မလုပ်ဖူးသေးဘူး။ မြင်းနက်ကလေးရဲ့ ခွာကို လှီးပေးတာကရော ဆေးပညာထဲ ပါသလား မသိဘူး။

အချုပ်ပြောရရင်တော့ သူက အရေးပေါ် အခြေအနေလောက်ပဲ ကူညီပေးနိုင်တာပါ။ ဒါပေမဲ့ အရေးပေါ် အခြေအနေတွေက ဘယ်မှာ ဒီလောက်ပေါနေမှာလဲ။

"လယ်ယာလုပ်ငန်းသုံးကိရိယာတွေ စုဆောင်းတာကရော ဝါသနာတစ်ခု ဖြစ်နိုင်မလား?"

လင်းယန် တွေးကြည့်မိသည်။ သေချာစဉ်းစားကြည့်တော့ ဒါလည်း မဆိုးဘူး။ ရှေးလူတွေက ရွှေပေါက်တူးကြီးနဲ့ လယ်စိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြသလိုမျိုးပေါ့...

လင်းယန်လည်း ရွှေပေါက်တူးကြီး ထမ်းပြီး လယ်ဆင်းကြည့်ဖို့ မတွေးဖူးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ကူးယဉ်ရုံ သက်သက်ပါပဲ။ တကယ်တမ်း ရွှေပေါက်တူး သုံးရင်တောင် ဘယ်သူက အစစ်လို့ ထင်မှာလဲ။ နောက်ပြီး ရွှေက ပျော့တော့ မြေတူးလို့ သိပ်အဆင်မပြေဘူးလေ။

"အဘိုးစူး စစ်လက်နက်တွေ ဝါသနာပါတာကလည်း ငါ့အတွက် အတွေးတစ်ခုရစေတယ်။"

အဘိုးစူးရဲ့ နောက်ခံက တောင့်တော့ အချို့သော စစ်သုံးပစ္စည်းတွေကို သုံးစွဲခွင့် ရှိတယ်။ ဥပမာ - ဟိုနေ့က ခေါ်လာတဲ့ ဟယ်လီကော်ပတာမျိုးပေါ့။ အဲ့ဒီတန်ဖိုးက သာမန် ပိုက်ဆံနဲ့ တွက်လို့ရတာ မဟုတ်တော့ဘူး။ အထဲက နည်းပညာအဆင့်အတန်းကမှ တကယ့် တန်ဖိုးပဲ။

ဒါပေမဲ့ စစ်လက်နက်ဆိုတာ တင့်ကား၊ လေယာဉ်၊ လေယာဉ်တင်သင်္ဘောတွေကိုပဲ ပြောတာမဟုတ်ဘူး၊ ဂြိုဟ်တုတွေ၊ ဒုံးပျံတွေ၊ ရေဒါတွေလည်း ပါတာပဲလေ။ နည်းပညာ တိုးတက်လာတာနဲ့အမျှ စစ်လက်နက်တွေက ပိုပိုပြီး ရှုပ်ထွေးလာတယ်။

အရေးအကြီးဆုံးကတော့... စစ်ဝတ်စုံတွေ၊ ဖိနပ်တွေ၊ စည်သွတ်ဘူးတွေလို နေ့စဉ်သုံး ပစ္စည်းတွေပဲ။ စစ်သားတွေ ကောင်းကောင်းစားရမှ၊ ကောင်းကောင်း အနားယူရမှ တိုက်ခိုက်ရေးစွမ်းရည် ပိုကောင်းမှာ မဟုတ်လား။

လင်းယန်ကတော့ စစ်သုံး စည်သွတ်ဘူးတွေကို အရမ်းသဘောကျတယ်။ အမျိုးအစားလည်း စုံတယ်၊ အထဲမှာ ပါတာတွေကလည်း အပြည့်ပဲ၊ အရေးကြီးဆုံးက အရသာရှိတာပဲ! လယ်ထဲ သွားစားရင်လည်း တကယ် အဆင်ပြေတယ်။ တောင်သူတွေကြားမှာ ဒီလို လွယ်ကူတဲ့ စည်သွတ်ဘူးတွေကို ပြန့်ပွားအောင် လုပ်ပေးသင့်တယ်လို့ လင်းယန် ထင်တယ်။ အလုပ်များတဲ့ အချိန်ဆိုရင် ထမင်းချက်ရတဲ့ အချိန်ကို သက်သာစေပြီး အာဟာရလည်း ပိုပြည့်ဝတာပေါ့။

ပြဿနာက ကုန်ကျစရိတ်ပဲ ရှိမှာပါ။

"အစားအသောက်ကို ရူးသွပ်တဲ့ နိုင်ငံကြီးအနေနဲ့ နေရာဒေသအလိုက် အရသာတွေက မတူကြဘူး။ စည်သွတ်ဘူးတွေမှာတင် အရသာပေါင်း မြောက်မြားစွာရှိနေတာ၊ ဟူး..."

လင်းယန် စည်သွတ်ဘူးတွေကို တွေးပြီး သက်ပြင်းချလိုက်မိသည်။ စက်ရုံကွဲရင် အရသာလည်း ကွဲတာပဲလေ။

စစ်ဝတ်စုံတွေဆိုရင်လည်း လင်းယန် အရမ်းသဘောကျတယ်။ ဈေးလည်းပေါတယ်၊ ခံနိုင်ရည်လည်း ရှိတယ်၊ ဝတ်ရတာလည်း သက်သောင့်သက်သာပဲ။ ဘယ်လိုများ ချုပ်ထားလဲ မသိဘူး။

လင်းယန်က လူကြီးတွေ စကားပြောနေတာကို နားထောင်ရင်း အတွေးတွေ နက်နေမိသည်။ နောက်ဆုံးတော့ သူ သဘောပေါက်သွားတာက... သူ တကယ် ဝါသနာပါတာ လယ်စိုက်တာပါပဲ။ ကိုယ်တိုင် စိုက်လိုက်တဲ့ မျိုးစေ့လေး အပင်ပေါက်လာတာ၊ ကြီးထွားလာတာ၊ ရိတ်သိမ်းရတာကို ကြည့်ရတာလောက် ကျေနပ်စရာကောင်းတာ ဘာမှ မရှိပါဘူး။

အထူးသဖြင့် ပိုက်ဆံတွေ ဝင်လာတဲ့ အချိန်မှာ ခံစားရတဲ့ ကြည်နူးမှုကတော့ တစ်ကိုယ်လုံးကို ပေါ့ပါးသွားစေတာပါပဲ။ သာမန်လူတစ်ယောက်အနေနဲ့ ဘယ်သူကများ ပိုက်ဆံကို မချစ်ဘဲ နေမှာလဲ?

"အင်း... တကယ့် စိုက်ပျိုးရေး စက်ကိရိယာ အကြီးကြီးတွေ ဝယ်ပြီး သုံးကြည့်သင့်ပြီ။"

"ထွန်စက်ကနေ စလိုက်မလား?"

ဒါပေမဲ့ လင်းယန် နည်းနည်း ခေါင်းစားသွားတယ်။ ထွန်စက် အမျိုးအစားတွေက အရမ်းများလွန်းတယ်။ သူလည်း တစ်ခါမှ မဝယ်ဖူးတော့ ဘယ်လို ဝယ်ရမလဲ မသိဘူး။

အကြာကြီး စဉ်းစားပြီးတဲ့နောက် လင်းယန် လက်လျှော့လိုက်သည်။

"အမျိုးအစား တစ်ခုကို တစ်စီးစီသာ ဝယ်လိုက်တော့မယ်!"

"ဘာပဲဖြစ်ဖြစ် လယ်က ကျယ်တာပဲ။"

ဒီလိုတွေးလိုက်တော့ လင်းယန် ချက်ချင်း ပျော်သွားတယ်။ ဒီကိစ္စကို ကျောင်းသားတွေကို လွှဲပေးလိုက်ရင် သေချာပေါက် အဆင်ပြေပြေ လုပ်ပေးကြမှာပဲလေ။ စိုက်ပျိုးရေးတက္ကသိုလ်က ပါမောက္ခ လုပ်ရတာ တကယ် ဇိမ်ကျတာပဲ။

သူတို့ အေးအေးဆေးဆေး စကားပြောနေစဉ်မှာပင်... သူတို့ အကြာကြီး စောင့်နေခဲ့ရတဲ့ ကုန်ကားတစ်စီးဟာ ဒီတောခေါင်ခေါင် ရွာလေးဆီကို ဝင်ရောက်လာပါတော့သည်။

စူးရို့ရို့ ပြောတဲ့ မုန်လာဥနီ လာဝယ်မယ့်သူ ရောက်လာပြီပေါ့။

***

စူပါ-ဖမ်း(SFS)

အခန်း ၇၈ ။ မုန်လာဥနီ၏ ခေတ်မီဆေးပညာအပေါ် ပံ့ပိုးမှု!

လင်းယန်၏လမ်းမှာ ယခုမှ ဖောက်လုပ်ပြီးစီးကာစဖြစ်သဖြင့် ဖြတ်သန်းသွားလာသော ကားများ သိပ်မရှိသေးပေ။ ထို့ပြင် ဂိတ်မှာလည်း မဆောက်ရသေးသဖြင့် အပြင်လူများ ဝင်ရောက်လာမည်ကို ယာယီအားဖြင့် မတားဆီးနိုင်သေးပါ။

ယခုအချိန်တွင် ရွာထဲ၌ အခြေခံ အဆောက်အအုံများစွာ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်သည်။ အထူးသဖြင့် တောင်ခြေရှိ မြေကွက်လပ်တွင်ဆိုလျှင် နေ့စဉ် ဖုန်လုံးကြီးများ ထောင်းထောင်းထနေသည်။ အစကတော့ ဓာတ်ခွဲခန်းတစ်ခုတည်း ဆောက်မည်ဟု ပြောထားသော်လည်း ယခုမူ တက္ကသိုလ်ကျောင်းခွဲတစ်ခုစာမျှ ကြီးမားနေလေပြီ။

လောင်ဝမ်က လင်းယန်ကို ပြောပြဖူးသည်။ ဤရွာ၏ပတ်ဝန်းကျင်က ဓာတ်ခွဲခန်းဆောက်ရန် အလွန်သင့်တော်သည်ဟု ဆို၏။

"ယွမ်သန်းချီတန်တဲ့ စမ်းသပ်ကိရိယာ တော်တော်များများက အရမ်းကို တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်။ နည်းနည်းလေး တုန်ခါသွားတာနဲ့တင် အလုပ်မဖြစ်တော့ဘူး။

ဥပမာ - ငါတို့နိုင်ငံရဲ့ အကောင်းဆုံး 'ကျစ်ကျင်းတက္ကသိုလ်' ဆိုရင် ဘေးမှာ မြေအောက်ရထားလမ်း ဖောက်လိုက်လို့ ယွမ်သန်း ၄၀၀ တန်တဲ့ အနုစိတ်ကိရိယာကြီးကို အသုံးမပြုနိုင်တော့ဘဲ ထားထားရတယ်။

စိုက်ပျိုးရေးတက္ကသိုလ်မှာလည်း ဒီလို ကိရိယာတွေ အများကြီး ရှိတယ်။ တောင်ကြားရွာက ပတ်ဝန်းကျင်က အရမ်း တည်ငြိမ်တယ်၊ ဘာတုန်ခါမှုမှ မရှိဘူး။ နေ့စဉ်သုံး ပစ္စည်းတွေ သယ်လာနိုင်ရင် ဘာပြဿနာမှ မရှိတော့ဘူး။

စားစရာ သောက်စရာဆိုရင်လည်း ဒီအနားမှာတင် ဧက ၈၀၀ လောက် လယ်မြေရှိနေတာ၊ လူအများကြီး နေဖို့ လုံလောက်ပါတယ်။"

ဒီရက်ပိုင်းအတွင်း လောင်ဝမ်နဲ့ စကားပြောရင်း၊ ဝူယင်းကလည်း ထူးဆန်းတဲ့ စက်ကိရိယာတွေကို ခဏခဏ ထုတ်သုံးနေတာကို ကြည့်ရင်း လင်းယန်လည်း စက်ကိရိယာတွေရဲ့ အသုံးပြုပုံကို တော်တော်လေး နားလည်လာသည်။

အင်း...

တကယ်တော့ သိပ်ခက်ခဲတာတော့ မဟုတ်ပါဘူး။ ဟို ပါရဂူကျောင်းသားတွေက ဘာလို့ ဒါကို အရမ်းခက်တယ်လို့ ထင်နေကြလဲ မသိဘူး။ လင်းယန်ဆိုရင် လက်နဲ့ တစ်ချက်နှစ်ချက် ကိုင်ကြည့်လိုက်တာနဲ့ ချက်ချင်းကို သဘောပေါက်သွားတာပဲ။ ဒါက ကျောင်းသား တော်တော်များများအတွက်တော့ မနာလိုစရာ ဖြစ်နေတာပေါ့။

ကံကောင်းတာက လင်းယန်မှာ 'ပါမောက္ခ' ဆိုတဲ့ ဂုဏ်ပုဒ် ရှိနေလို့ သူတို့လည်း သိပ်ပြီး မပြောရဲကြတာပါ။ ဒါပေမဲ့ ဒီစက်တွေကို သုံးဖို့ နှစ်ပေါင်းများစွာ အချိန်ကုန်ခံခဲ့ရတဲ့ ပါမောက္ခကြီးတွေကတော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေကြတာပေါ့။

ဝူယင်းကရော ဒီလောက် ငယ်ငယ်လေးနဲ့ ဓာတ်ခွဲခန်းမှာ ဘယ်လိုလုပ် ဆရာကြီး ဖြစ်နေရတာလဲ? သူက ဓာတ်ခွဲခန်းကိရိယာတွေကို အကျွမ်းကျင်ဆုံး ဖြစ်နေလို့ပဲ မဟုတ်လား? သူ့အဖေက ကျောင်းအုပ်ကြီး ဖြစ်နေတာနဲ့ လုံးဝ (လုံးဝ) မဆိုင်ပါဘူး!

ဒါပေမဲ့ လင်းယန်ရဲ့ ပါရမီကိုတော့ ဝူယင်းတောင်မှ အရမ်း အားကျနေရတာပါ။ လင်းယန် ကိုယ်တိုင်လည်း တဖြည်းဖြည်း နားလည်လာပါတယ်။ လယ်စိုက်တာနဲ့ ပတ်သက်သမျှ အရာရာတိုင်းမှာ သူက အရမ်း ပါရမီပါနေတာကိုး။

မတတ်နိုင်တော့ဘူး၊ ဒီဘဝမှာတော့ လယ်သမားဘဝနဲ့ပဲ အဆုံးသတ်ရတော့မှာပေါ့!

ဒါပေမဲ့ ဒီလို ကိုယ့်အားကိုယ်ကိုး၊ သူများဆီက ဘာမှ တောင်းစရာမလိုဘဲ တောင်ကြားထဲမှာ အေးအေးဆေးဆေး နေရတာကိုပဲ သူ တကယ် သဘောကျနေမိပါတယ်။ မဟုတ်ရင် စူးရို့ရို့တို့လို လူတွေက ဘာလို့ ဒီတောခေါင်ခေါင် ရွာလေးမှာ လာနေချင်ကြမှာလဲ?

လောင်ဝမ်တို့ကတော့ လင်းယန်ရဲ့သီးနှံတွေကြောင့် လာကြတာပေါ့လေ။

လင်းယန် စဉ်းစားနေစဉ်မှာပင် စူးရို့ရို့ ပြေးလာသည်။

"မုန်လာဥနီ လာဝယ်တဲ့သူ ရောက်ပြီ။"

လင်းယန် ခေါင်းညိတ်လိုက်သည်။ သူ မုန်လာဥနီ ရောင်းချင်ရတဲ့ အဓိက အကြောင်းရင်းကတော့ အိမ်မှာ နေရာမရှိတော့လို့ပါ။ သီးနှံတွေက များလွန်းလို့ အိမ်ဝင်းထဲမှာ ပုံထားတာ ပြည့်လုနီးပါး ဖြစ်နေပြီ။ လင်းယန်တောင် အိမ်ဝင်းကို ထပ်ချဲ့ပြီး အိမ်ဝင်းငါးဆင့်လောက် လုပ်ရမလားလို့ စဉ်းစားနေမိသည်။ ဒါမှ သီးနှံတွေ ပိုထားလို့ရမှာကိုး။

"ငါ သွားကြိုလိုက်ဦးမယ်။"

အဘိုးစူးတို့ကတော့ ထိုစကားကို ကြားသောအခါ မျက်စောင်းထိုးလိုက်ကြသည်။ သူ လာတုန်းကတော့ လင်းယန်က လာကြိုဖို့ နေနေသာသာ၊ သူ့မြေးမလေးကိုသာ သဘောမကျရင် အိမ်ထဲတောင် အဝင်ခံမှာ မဟုတ်ဘူးလေ။

ဟက်... ငါ့ရဲ့ အဆင့်အတန်းက မုန်လာဥနီ လာဝယ်တဲ့သူလောက်တောင် မရှိပါလား!

ဒီကောင်လေး အောင်မြင်လာအောင် ဘယ်လို လမ်းခင်းပေးရမလဲလို့ တွေးနေမိတဲ့ ငါ့ကိုယ်ငါတောင် ရယ်ချင်လာတယ်။

"သွား... ငါတို့လည်း ထွက်ကြည့်ကြတာပေါ့။"

အဘိုးစူးက မထိုင်နိုင်တော့ဘဲ ထလိုက်သည်။ ကျင်းယွမ်ဟန်လည်း အနောက်ကနေ လိုက်လာသည်။

ချင်အဖေကတော့ လက်ထဲက လက်ဖက်ရည်ခွက်ကို တစ်လှည့်၊ ထွက်သွားတဲ့ နှစ်ယောက်ကို တစ်လှည့် ကြည့်ပြီး... ဒီလက်ဖက်ရည်ကို သူ မပစ်ရက်ပါဘူး!

နောက်ဆုံးတော့ ချင်အဖေဟာ လက်တစ်ဖက်က လက်ဖက်ရည်ခွက်၊ နောက်တစ်ဖက်က လက်ဖက်ရည်အိုးကို ကိုင်ပြီး အနောက်ကနေ လိုက်သွားတော့သည်။

စူးရို့ရို့သည် သုန်ကျဲကို မြင်သောအခါ အလွန် ဝမ်းသာသွားသည်။

"ဒေါ်လေးသုန်... ဘယ်လိုလုပ် ကိုယ်တိုင်ရောက်လာရတာလဲ။ ရှောင်ဝမ်ရော နေကောင်းလားဟင်?"

သုန်ကျဲကလည်း နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ရှောင်ဝမ်က နေကောင်းပါတယ်။ သမီးကိုတောင် လာတွေ့ချင်သေးတယ်လို့ ပူဆာနေတာ။ အချိန်အတော်ကြာ မတွေ့ရတဲ့ကြားထဲ ရို့ရို့လေးက ပိုလှလာပါလား။"

စူးရို့ရို့ ရှက်သွေးဖြာသွားသည်။

ဟူရွှယ်က ငယ်ငယ်ကတည်းက စူးရို့ရို့ အနောက်ကို တကောက်ကောက် လိုက်ခဲ့သူဖြစ်ပြီး၊ သူမသည်လည်း ချွေရှောင်ဝမ်အိမ်သို့ တစ်ခါတစ်ရံ သွားလည်လေ့ရှိသည်။ သုန်ကျဲ ချက်သည့် ဟင်းများကိုလည်း သူမ အလွန်ကြိုက်သည်။

သုန်ကျဲအတွက်တော့ စူးရို့ရို့သည် သူမ၏ သမီးတစ်ပိုင်းကဲ့သို့ပင်။ စူးရို့ရို့၏ မိဘများမှာ သုတေသနလုပ်ငန်းများတွင်သာ အချိန်ကုန်နေကြသဖြင့် သူမကို သိပ်ဂရုမစိုက်နိုင်ကြပေ။ ထို့ကြောင့် သုန်ကျဲနှင့် စူးရို့ရို့၏ ဆက်ဆံရေးမှာ အလွန်ရင်းနှီးလှသည်။ သို့သော် ချွေရှောင်ဝမ်၏ ရောဂါကြောင့် ယခုအခါ သုန်ကျဲ၏ ဆံပင်များ ဖြူလာပြီး အတော်လေး အိုမင်းသွားခဲ့ပြီ ဖြစ်သည်။

သုန်ကျဲသည် လင်းယန်ကို မြင်သောအခါ အံ့ဩသွားသည်။

"ဖရဲသီးကိုကို?"

လင်းယန် အနေခက်စွာဖြင့် ပြုံးပြလိုက်သည်။ သူ့ရဲ့ အင်တာနက်ပေါ်က နာမည်ပြောင်က ဒီလောက်အထိ လူသိများနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ အွန်လိုင်းကလူတွေက ဒီလို နာမည်ပြောင်တွေကို တော်တော် သဘောကျကြတာကိုး။ "သလဲသီးကိုကို"၊ "အင်္ကျီကြီးကိုကို"၊ "ခေါက်ဆွဲကိုကို" အစရှိသဖြင့်ပေါ့။

သူ့ကို "ဖရဲသီးကိုကို" လို့ ခေါ်တာလည်း ကိစ္စမရှိပါဘူး။ နာမည်ဆိုတာ ခေါ်ရလွယ်ရင် ပြီးတာပါပဲ၊ ရှေးခေတ်ကလို စည်းကမ်းတွေ အများကြီး မရှိပါဘူး။

"ဖရဲသီးရော ရှိသေးလားကွယ်၊ ဒေါ်လေး နှစ်လုံးလောက် ဝယ်သွားချင်လို့။"

သုန်ကျဲက လင်းယန်အကြောင်းကို ရှောင်ဝမ်ဆီကနေ ကြားခဲ့တာပါ။ မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူ စိတ်ဝင်စားတာကို သူမလည်း အမြဲ သတိထားနေတာကိုး။ ရှောင်ဝမ်က ဟို အခွံမည်း ဖရဲသီးကို စားချင်တယ်လို့ ပူဆာနေခဲ့တာလေ။

ဒါပေမဲ့ သူမ ဝယ်ချင်နေတဲ့ မုန်လာဥနီက လင်းယန်ဆီက ဖြစ်နေလိမ့်မယ်လို့တော့ သူမ ထင်မထားခဲ့ပါဘူး။

"ဖရဲသီးကတော့ ကုန်သွားပြီ၊ စားချင်ရင် နောက်ထပ် သုံးလလောက် စောင့်ရဦးမယ်။

မုန်လာဥနီကတော့ ပေါင် ၂,၀၀၀ ရှိတယ်။ ဈေးကတော့ တစ်ပေါင်ကို ယွမ် ၂၀ ပဲ၊ ဈေးဆစ်လို့ မရဘူးနော်။"

သုန်ကျဲကတော့ အလွန်ပြတ်သားသည်။

"အကုန်လုံး ယူမယ်။"

လင်းယန် မျက်မှောင်ကြုတ်သွားသည်။ သုန်ကျဲ ဒီလောက်မြန်မြန် ဆုံးဖြတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တစ်ပေါင်ကို ယွမ် ၂၀ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ ဈေးကွက်ပေါက်ဈေးထက် ၁၀ ဆလောက်ကို များနေတာလေ။ ဒါပေမဲ့ သုန်ကျဲက အကုန်ယူမယ်လို့ ချက်ချင်း ပြောလိုက်တော့ လင်းယန် အံ့ဩသွားရသည်။

အကုန်ရောင်းလိုက်ရင်တောင် ပိုက်ဆံက သိပ်မများပါဘူး။ ဖရဲသီးတစ်လုံး ဈေးလောက်တောင် မရှိပါဘူး။ ဒါပေမဲ့ ဒီလောက် ပြတ်ပြတ်သားသား ဝယ်လိုက်တာကတော့ အံ့ဩစရာပါပဲ။ လင်းယန် လုံးဝ နားမလည်တော့ပါ။

ထိုအချိန်တွင် ကားပေါ်မှ ဆင်းလာသော ဆံပင်ဖြူ အဘိုးကြီးကို မြင်သောအခါ လင်းယန် အနည်းငယ် အံ့ဩသွားသည်။ ဒီအရွယ်ကြီးကို သူ့အိမ်က အဘိုးကြီး နှစ်ယောက်လိုပဲ ကျန်းမာရေး တော်တော်ကောင်းတာပဲ။ ဒီခေတ်က အဘိုးကြီးတွေ အကုန်လုံး ကျန်းမာရေးကောင်းနေကြတာလား?

"ဟို မုန်လာဥနီတွေက မင်းစိုက်ထားတာလား။"

ပါမောက္ခသုန်က လင်းယန်ကို အလွန် စိတ်အားထက်သန်စွာ ကြည့်နေသည်။

"ဟုတ်ပါတယ်။"

"လူငယ်လေးက တကယ် တော်တာပဲကွာ! မင်းက ခေတ်မီဆေးပညာအတွက် ကြီးမားတဲ့ ပံ့ပိုးမှုကြီးကို လုပ်ပေးလိုက်တာပဲ။"

လင်းယန်၏ ခေါင်းထဲတွင် မေးခွန်းအမှတ်အသားတွေ အပြည့်ဖြစ်သွားသည်။

ငါက မုန်လာဥနီလေး စိုက်လိုက်ရုံပဲလေ။ ဘယ်လိုလုပ် ဆေးပညာအတွက် ပံ့ပိုးမှု ဖြစ်သွားရတာလဲ! ဘာတွေဖြစ်နေမှန်း သူ လုံးဝ နားမလည်တော့ပါ။

သို့သော် စနစ်၏ ထူးခြားဆန်းကြယ်မှုများကို စဉ်းစားမိပြီးနောက် လင်းယန် တဖြည်းဖြည်း သဘောပေါက်လာသည်။

"ဒီမုန်လာဥနီက... ဆေးအဖြစ် သုံးလို့ ရနေတာလား။"

လင်းယန်၏ စမ်းသပ်မေးမြန်းမှုကြောင့် ပါမောက္ခသုန်မှာ အလွန်သဘောကျစွာ ရယ်မောလိုက်သည်။ နှစ်ပေါင်းများစွာအတွင်း သူ ဒီနေ့လောက် မပျော်ဖူးပါချေ။

"မှန်တယ်! ငါတို့ရဲ့ စမ်းသပ်ချက် ရလဒ်တွေအရ၊ မင်းရဲ့ မုန်လာဥနီက ကင်ဆာဆေးတွေကို အစားထိုးနိုင်တဲ့ အလားအလာရှိတယ်။ ဒါက သွေးကင်ဆာ ကုသနိုင်စွမ်းကို အများကြီး မြှင့်တင်ပေးနိုင်တယ်။"

လင်းယန် နည်းနည်း ကြောင်သွားသည်။ သွေးကင်ဆာဆိုတာကို သူ အကြမ်းဖျင်းတော့ သိပါတယ်။ ဒါက ခေတ်မီဆေးပညာရဲ့ အခေါ်အဝေါ်ပါ။ လင်းယန် သိထားတဲ့ တရုတ်တိုင်းရင်းဆေးပညာမှာတော့ ဒါကို "သွေးရောဂါ" ဒါမှမဟုတ် "အားနည်းခြင်း” လို့ ခေါ်ပြီး ကျောက်ကပ်နဲ့ အသည်း အားနည်းလို့ ဖြစ်ရတဲ့ ရောဂါလို့ သတ်မှတ်တယ်။

ဒါပေမဲ့ သူ နားမလည်တာက...

ဒီမုန်လာဥနီက ဘယ်လိုလုပ် သွေးကင်ဆာနဲ့ ပတ်သက်သွားရတာလဲ??

***

All Chapters