← Chapters

ရဟန်းမင်းကြီး

Vol. 6 Ch. 509

ရဟန်းမင်းကြီး

Vol. 6 Ch. 509

တစ်ညလုံးအရက်သောက်ထားသည့်တိုင် တာ့ရှားဧကရာဇ်သည် လန်းဆန်းနေဆဲဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားများမှာ အကန့်အသတ်မရှိသည့်အတွက် အရက်မူးသောကြောင့် ပင်ပန်းခြင်းကို သူမခံစားရပေ။

ညစာစားပွဲအပြီး နံနက်မိုးသောက်သည်နှင့် တာ့ရှားဧကရာဇ်သည် ညစာစားပွဲခန်းမဆောင်မှ မြင်းရထားတစ်စီးဖြင့် ထွက်ခွာသွားလေတော့သည်။ နန်းတွင်းသူများနှင့် မိန်းမစိုးများက မြင်းရထားနောက်မှ လမ်းလျှောက်လိုက်ပါလာကြရလေသည်။

မြင်းရထားသည် ဥယျာဉ်တစ်ခုကို ဖြတ်သန်းပြီး ကျောက်စိမ်းရေကန်တစ်ခုရှိရာသို့ ရောက်ရှိလာလေသည်။ ရေကန်ထဲမှ ရေလှိုင်းများမှာ မှန်ကဲ့သို့ပင်ကြည်လင်နေပြီး မြက်ပင်များကလည်း နေရာအနှံ့စိမ်းလန်းစွာ ပေါက်ရောက်နေလေသည်။

ထိုရေကန်သည် တာ့ရှားပြည်တစ်ပြည်လုံးတွင် အကြီးဆုံးရေကန်ဖြစ်လေသည်။ ကောင်းကင်မှရေများက မြေပြင်သို့ စီးဆင်းဝင်ရောက်လာကြသည့်ရေကန်ဖြစ်လေသည်။ ဝိညာဉ်စွမ်းအားများက ရေကန်ထဲတွင် ပေါင်းစပ်နေကြပြီး ထိုရေကန်ကိုတည်ဆောက်ရန်အတွက် နှစ်ပေါင်းသုံးဆယ်ကြာခဲ့ပြီး ကျွန်ပေါင်းနှစ်သောင်း၏အသက်များ စတေးခဲ့ကြရလေသည်။

ကြည်လင်သည့်ကန်ရေပြင်သည် အလွန်များပြားလှသည့် သွေးနှင့်မျက်ရည်များကို ဖုံးကွယ်ထားလေသည်။

ရေကန်အလယ်တွင် ခန်းမဆောင်တစ်ခုရှိနေလေသည်။

ခန်းမဆောင်အတွင်းမှ ကြည့်မည်ဆိုလျှင် အလွန်လှပသည့် ကန်ရေပြင်ရှုခင်းကို တွေ့မြင်ရမည် ဖြစ်လေသည်။

နန်းတော်မှ လိုက်ပါလာကြသည့် နန်းတွင်းသူများနှင့် မိန်းမစိုးများသည် ရေကန်ပတ်ဝန်းကျင်တွင် နေထိုင်ကြရလေသည်။

တာ့ရှားဧကရာဇ်သည် ခြေတစ်လှမ်းတည်းဖြင့်ပင် ကန်ရေပြင်ကိုဖြတ်သန်းကာ ခန်းမဆောင်အတွင်းသို့ ရောက်ရှိသွားလေသည်။

ရေကန်အလယ်ရှိ ခန်းမဆောင်ထဲတွင် လူတစ်ယောက်ရပ်နေလေသည်။ ထိုသူကျောခိုင်းရပ်နေခြင်းဖြစ်ပြီး ကိုယ်ဟန်အနေအထားက အလွန်ပိန်ပိန်ပါးပါး ဖြစ်လေသည်။ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ဆံနွယ်ရှည်များမှာ မင်ရောင်ကဲ့သို့နက်မှောင်ပြီး ခါးထိရှည်လျားလေသည်။ ပခုံးထက်မှ ခါးထိရှည်လျားသည့်ဆံနွယ်များသည် ရေတံခွန်မှရေများကျဆင်းနေသည်နှင့်ပင် ဆင်တူလေသည်။

ရှည်လျားသည့်အကျႌလက်များဆီမှ တစ်စွန်းတစ်စမြင်နေရသည့် ထိုသူ၏လက်များသည် ကျောက်စိမ်းသားအလား ဖြူဖွေးသန့်စင်လွန်းပြီး လက်ချောင်းလေးများက ရှည်လျားလှပလွန်းလှသည်။

ထိုသူက လက်နှစ်ဖက်ကို နောက်ပစ်ထားလေသည်။

တာ့ရှားဧကရာဇ်သည် ကောင်းကင်ဆီသို့ ငြီးငွေ့သည့်ဟန်ဖြင့် တစ်ချက်မော့ကြည့်လိုက်ပြီး သတိလက်လွတ်ရေရွတ်လိုက်လေသည်။

“ငါကိုယ်တော်ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ ဒီနေရာမှာ နေခွင့်မပေးခဲ့ဘူး ၊ မင်းကိုနေခွင့်ပြုတာကတော့ အကြောင်းပြချက်ကောင်းကောင်းရှိလို့ပဲ”

အနက်ရောင်ဝတ်လူက ဖြည်းညင်းစွာဖြင့်လှည့်လာလေသည်။

ထိုအခါ သူ၏နောက်ကျောဘက်ဆီသို့ နေရောင်က ဖြာကျနေပြီး ထိုသူ၏ပုံမှာ ပန်းချီကားတစ်ချပ်အလား လှပလွန်းလှသည်။ ထိုလူ၏မျက်နှာထက်တွင် ကြေးနီစိမ်းမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားလေသည်။မျက်နှာဖုံးများကြားမှ မျက်ဝန်းတစ်စုံကိုတွေ့မြင်နိုင်လေသည်။ ထိုမျက်ဝန်းများသည် နက်ရှိုင်းတိတ်ဆိတ်ပြီး အဆုံးမရှိသည့်အမှောင်ထုအလားပင် ဖြစ်လေသည်။

သူက တာ့ရှားဧကရာဇ်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေလေသည်။ တာ့ရှားပြည်၏ စွမ်းအားအကြီးမားဆုံး ဧကရာဇ်မင်းနှင့်ရင်ဆိုင်ရသည့်တိုင် သူ၏ပုံစံက အေးအေးဆေးဆေးပင် ရှိလေသည်။ တာ့ရှားဧကရာဇ်က သူ့ကို ပြန်လည်စိုက်ကြည့်နေသည့်တိုင် ထိုသူ၏အကြည့်များက တစ်ချက်ယိမ်းယိုင်လှိုင်းထသွားခြင်းမျိုး မရှိပေ။

“အဓိပတိတွေပြောကြတာတော့ မင်းက လူတွေအပေါ် သည်းခံမှုလည်းမရှိသလို ရက်ရောမှုလည်းမရှိဘူးတဲ့ ၊ မင်းရဲ့ သဘောထားကြီးမှုကိုပြလိုက်တော့ရော ဘာအန္တရယ်ရှိမှာမို့လို့လဲ”

“တခြားသူတွေ ငါကိုယ်တော်ကို ဘယ်လိုထင်ထင် သောက်ဂရုမစိုက်ဘူး”

“ဂရုမစိုက်ဘူးလို့ပြောနေကတည်းက ဂရုစိုက်နေလို့ပဲ”

“နေမကောင်းဖြစ်နေတာတောင် ဒီလိုရဲတင်းတဲ့စကားတွေပြောနေသေးတယ်”

ကြေးနီစိမ်းမျက်နှာဖုံးတပ်ဆင်ထားသည့် အနက်ရောင်ဝတ်လူမှာ တာ့ရှားပြည်၏ ရဟန်းမင်းကြီးပင် ဖြစ်လေသည်။ သူ၏အသက်မည်မျှရှိပြီကို မည်သူမျှ မသိနိုင်ပေ။ ထို့အတူပင် သူ၏တန်ခိုးစွမ်းအားများ မည်မျှ မြင့်မားသည်ကို လည်းမည်သူမျှ မသိနိုင်ပေ။

တာ့ရှားဧကရာဇ်သည် တာ့ရှားပြည်တွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးလူတစ်ယောက် ဖြစ်မည်ဆိုလျှင် အဆန်းကျယ်ဆုံးလူကတော့ ရဟန်းမင်းကြီးပင် ဖြစ်လေသည်။

ရဟန်းမင်းကြီးက ချောင်းများဆိုးလာပြီး သူ၏ပါးစပ်ကို ပိုးလက်ကိုင်ပုဝါတစ်ထည့်ဖြင့် အသာအုပ်လိုက်လေသည်။ အနက်ရောင်သွေးစများ လက်ကိုင်ပုဝါတွင်စွန်းထင်းသွားသည်ကို မြင်လိုက်ရသည်။

တာ့ရှားဧကရာဇ်၏မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုအနည်းငယ် ဖြတ်ပြေးသွားလေသည်။ ထိုခံစားချက်သည် စစ်မှန်လွန်းလေသည်။

“စိတ်မပူပါနဲ့ ၊ ကျုပ်အသက်ဆက်ရှင်ဖို့ ခက်နေပေမယ့် သေဖို့လည်းမဖြစ်နိုင်သေးပါဘူး”

ပြောရင်းနှင့်ပင် ရဟန်းမင်းကြီးက အနီရောင်တောက်ပနေသည့်ဆေးလုံးတစ်လုံးကိုထုတ်ကာ မြိုချလိုက်လေသည်။

တာ့ရှားဧကရာဇ်က…

“ကောင်းပြီလေ ၊ ဘာပဲဖြစ်ဖြစ် ကိုယ်အသက်ရှင်နိုင်မယ့်လမ်းကို ရအောင်ရှာပါ ၊ တစ်နေ့တော့ ကျုပ်လည်း မင်းရဲ့ရောဂါကိုကုသပေးနိုင်တဲ့နည်းလမ်း ရှာလို့တွေ့ချင်တွေ့မှာပါ”

ရဟန်းမင်းကြီးက တာ့ရှားဧကရာဇ်ကို စိုက်ကြည့်လိုက်ရင်း…

“မကုသနိုင်တော့ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး ၊ ကျုပ်က အချိန်အကြာကြီးနေခဲ့ပြီးပြီပဲ”

တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့်ရယ်မောလိုက်ရင်း….

“လောကမှာ အသက်မရှည်ချင်တဲ့သူ ဘယ်သူရှိလို့လဲ ၊ ဒါမှမဟုတ် ငါကိုယ်တော်က ကုသပေးမယ်လို့ပြောတာကို မင်းကစက်ဆုပ်လို့လား”

တာ့ရှားဧကရာဇ်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရင်း…

“လူတွေက ငါကိုယ်တော်ကို စက်ဆုပ်ရွံမုန်းကြတယ်ဆိုပေမယ့် ငါကိုယ်တော်က မင်းကိုတော့ အသက်ဆက်ရှင်သန်စေချင်သေးတယ်”

“ကျုပ်ကတော့ အသက်ရှင်သန်ဖို့ အရေးမစိုက်ပါဘူး ၊ သေသေရှင်ရှင်ပေါ့… ၊ ကျုပ်က တာ့ရှားပြည်အဓွန့်ရှည်ရေးကိုပဲ ဂရုစိုက်တယ် ၊ ရှားမျိုးနွယ်တွေ ဆက်လက်ရှင်သန်ဖို့ကိုပဲ ဂရုစိုက်တယ် ၊ မင်းမွေးလာတုန်းက ဘယ်လိုလဲ ဆိုတာမင်းသိရဲ့လား ၊ သူ့ရဲ့သားတော်တွေထဲမှာ မင်းက အားအကြီးဆုံးပဲဆိုတာ ကျုပ် ချက်ချင်းသိခဲ့တယ် ၊ ပြီးတော့ မင်းဟာ တာ့ရှားပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဖြစ်လာလိမ့်မယ်"

ရဟန်းမင်းကြီးက သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။

“မင်းမပြောလည်း ဒီကိစ္စတွေကို ငါကိုယ်တော်က သိပြီးသားပါ ၊ ခမည်းတော်လည်း သိခဲ့တာပဲလေ ၊ ဒါကြောင့် ခမည်းတော်က တာ့ရှားပြည် ဆက်လက်တည်တံ့အောင်လို့ ငါကိုယ်တော်ကို သတ်ပစ်ချင်ခဲ့တာ ၊ အဲဒီတုန်းကသာ ငါကိုယ်တော် သေသွားခဲ့ရင်တော့ တာ့ရှားပြည်ကြီး ဆက်ပြီးတည်ရှိချင်ရင် တည်ရှိနေမှာပေါ့လေ”

တာ့ရှားဧကရာဇ်က ပြောလိုက်လေသည်။

“ငါကိုယ်တော် ဒီအကြောင်းတွေသိသွားလို့လည်း … သူ့ကိုသတ်ပစ်လိုက်တာ”

တာ့ရှားဧကရာဇ်က ဆက်ပြောလိုက်လေသည်။

ထိုအကြောင်းအရာများသည် ဘာမှမဟုတ်သကဲ့သို့ တာ့ရှားဧကရာဇ်၏နှုတ်ဖျားမှ ထွက်လာခြင်း ဖြစ်လေသည်။ သူ၏ခမည်းတော်ကို သူကိုယ်တိုင်သတ်လိုက်ခြင်းကသူသည်မည်မျှဆိုးဝါးသူဖြစ်ကြောင်းသက်သေပြရန် လုံလောက်ခဲ့လေသည်။

ရဟန်းမင်းကြီးက နှုတ်ခမ်းလေးများကို အသာတွန့်ကွေးလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒီကိစ္စတွေကို ကျုပ်ဆီလာပြီး ဝန်ခံနေစရာမလိုပါဘူး”

“ဒါတွေကပြီးခဲ့ပါပြီ ၊ ငါကိုယ်တော်က ဝန်ခံနေတာမဟုတ်ဘူး ၊ ဒါပေမယ့် မင်းက ငါကိုယ်တော်မွေးလာကတည်းက ဒီအကြောင်းအရာတွေကို သိထားပြီးသားပဲ ၊ ဘာလို့ အစကတည်းကငါကိုယ်တော်ကိုမသတ်လိုက်ရတာလဲ ၊ ဘာလို့ ငါကိုယ်တော်ကို ပညာတွေသင်ပေးပြီး ဒီလိုကိစ္စတွေကို လွန်ကျူးတဲ့လူတစ်ယောက်ဖြစ်လာအေင် လုပ်ပေးရတာလဲ”

တာ့ရှားဧကရာဇ်က ရဟန်းမင်းကြီးကို အေးစက်စွာစိုက်ကြည့်ရင်း မေးလိုက်လေသည်။

“ကျုပ်ထင်တာက မင်းက အင်အားကြီးတဲ့သူတစ်ယောက်ဖြစ်လာရင် ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်ပေါ့ ၊ ပြီးတော့ မင်းက ကျုပ်ကိုစိတ်ဓာတ်ကျအောင် ဘယ်တော့မှ မလုပ်ခဲ့ဘူးလေ ၊ တာ့ရှားတိုင်းပြည်မှာ အရည်အချင်းရှိတဲ့သူတွေအများကြီး ပေါ်ထွက်ခဲ့တယ် ၊ အဲဒီလူတွေအားလုံးကို ဖိနှိပ်ထားနိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ မင်းပဲ ၊ အဲဒီအရည်အချင်းရှိတဲ့သူတွေအားလုံးက မင်းနဲ့ အရည်အချင်းအတူတူပဲဆိုရင်တောင်မှ မင်းကပိုပြီးမျှော်လင့်ချက်ရှိတယ်”

ရဟန်းမင်းကြီးက ပြောလိုက်လေသည်။

“ဒါ မင်းပြောချင်တဲ့ တကယ့်အကြောင်းပြချက်မဟုတ်ပါဘူး ၊ ဒါပေမယ့် မင်းမပြောပြချင်ရင်လည်း အတင်းမမေးပါဘူး ၊ အခုတော့ မင်းကို ငါကိုယ်တော် ကိစ္စတစ်ခုပြောဖို့ရှိတယ် ၊ "ချင်းရွှမ်" လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ငါကိုယ်တော်ဆီကိုရောက်လာတယ်"

တာ့ရှားဧကရာဇ်က စကားအကြောင်းအရာပြောင်းလိုက်လေသည်။

“ကျုပ်တို့ အခုနေတဲ့လောကဟာ တကယ့်သက်ရှိတွေနေတဲ့ လူ့လောကနဲ့ မတူဘူးဆိုတဲ့အချက်ကို မင်းသိသင့်တယ် ၊ ကြယ်တွေ နေတွေမရှိဘူးဆိုရင် မွေးဖွားလာတဲ့ကလေးတွေဟာ ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး ၊ ဒါဆိုရင် ဒီနေ့အချိန်အခါလိုမျိုး မျိုးနွယ်စုတွေအနေနဲ့ လူဦးရေများပြားလာအောင် မျိုးဆက်ပွားနိုင်မှာ မဟုတ်တော့ဘူး”

ရဟန်းမင်းကြီးက ပြောလိုက်သည်။

“ဒါတွေကို ငါကိုယ်တော်သိပါတယ် ၊ ဒီလောကက သေခြင်းကမ္ဘာလောကပဲ ၊ ဒါမှမဟုတ် လူ့လောက ကနေ ထွက်ခွာလာတဲ့ဝိညာဉ်တွေရဲ့ နောက်ဆုံးပန်းတိုင်လို့ပြောရင်လည်း ရတယ်မဟုတ်လား”

တာ့ရှားဧကရာဇ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“မင်းပြောတာမှန်ပါတယ် ၊ ဒီလောကကို ရှားမျိုးနွယ်တွေရဲ့ မူလဖြစ်တည်တဲ့လောကလို့ ပြောလို့ရတယ် ၊ ရှားမျိုးနွယ်တွေမွေးဖွားလာတာကိုပြောရရင် မင်းရဲ့ ဘိုးဘေးတွေမွေးဖွားလာမှုနဲ့ သွေးနီရောင်ပင်လယ်ထဲက သက်ရှိတွေမွေးဖွားလာတာက ဆက်စပ်မှုရှိတယ် ၊ ဒါကြောင့် ဒီလောကကိုပိုင်းခြားမယ်ဆိုရင် တစ်ဝက်က ရှားမျိုးနွယ်တွေပိုင်ဆိုင်ပြီး ကျန်တဲ့တစ်ဝက်ကတော့ သွေးနီရောင်ပင်လယ်ထဲက သက်ရှိတွေပိုင်ဆိုင်တာပဲ”

ရဟန်းမင်းကြီးက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

“ဒါကြောင့်ပဲ ငါကိုယ်တော်က သွေးနီရောင်ပင်လယ်ကို ဖျက်စီးပစ်ပြီး ဒီလောကတစ်ခုလုံးကို သိမ်းပိုင်ချင်တာပေါ့ ၊ သွေးနီရောင်ပင်လယ်ထဲကလူတွေသာ သွေးဓားကျင့်စဉ်ကိုကျင့်ကြံပြီး အသူရာနတ်ဆိုးတွေဖြစ်မလာကြဘူးဆိုရင် ငါကိုယ်တော် သူတို့ကို ကောင်းကောင်းအနိုင်ယူနိုင်တယ်”

တာ့ရှားဧကရာဇ်က လေးနက်စွာဖြင့်ပြောလိုက်လေသည်။ ထိုကိစ္စသည် သူရင်လေးနေရသည့် ကိစ္စလည်း ဖြစ်လေ၏။

“သွေးနီရောင်ပင်လယ်ထဲက အသူရာနတ်ဆိုးတွေကို နှိမ်နင်းဖို့က အရှေ့တိုင်းစစ်သည်တော်တွေနဲ့ ယင်းစန်းကို နှိမ်နင်းဖို့ထက် အများကြီးပိုပြီးအရေးကြီးတယ်ဆိုတာ မင်းသိသင့်တယ် ၊ တစ်ချိန်မှာတော့ မင်းလုပ်နိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်ခဲ့မိတယ် ၊ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ့်သုံးနှစ်ကတော့ ကံကြမ္မာကို ပြုပြင်ပြောင်းလဲလို့မရနိုင်ဘူးဆိုတာ ကျုပ်သဘောပေါက်သွားတယ် ၊ ဘာလို့လဲဆိုတော့ သွေးနီရောင်ပင်လယ်ရဲ့ တစ်ဖက်ကမ်းမှာ အနီရောင်ပင့်ကူ ငရဲပန်းတွေပွင့်ခဲ့တယ်လေ”

“အဲဒီလိုပန်းတွေပွင့်တဲ့ နိမိတ်လက္ခဏာကတော့ ဒီလောကရဲ့ စစ်မှန်တဲ့အရှင်သခင် ရောက်ရှိလာမယ်ဆိုတဲ့ သင်္ကေတပဲ ၊ လောကမှာ နေတစ်စင်းပဲ ထွန်းလင်းနိုင်သလို လောကတစ်ခုကိုပိုင်ဆိုးတဲ့သူကလည်း တစ်ယောက်ပဲ ရှိနိုင်တယ် ၊ သူရောက်လာရင်တော့ ရှားမျိုးနွယ်တွေပျက်စီးကြရတော့မှာပဲ ၊ ဒါပေမယ့် အားသာချက်က ရှားမျိုးနွယ်တွေဟာဒီလောကနဲ့တစ်ဝက်ဆိုင်နေတယ် ၊ ဒါကြောင့် အဲဒီအသစ်ရောက်လာမယ့်အရှင်သခင်ကို မင်းအရှုံးမပေး သရွေ့အခွင့်အရေးရှိသေးတယ် ၊ မင်းအရှုံးပေးမယ်လို့လဲ ကျုပ်မထင်ဘူး”

“မင်းပြောတဲ့ ချင်းရွှမ်ဆိုတဲ့လူငယ်လေးဟာ သွေးနီရောင်ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာ အနီရောင်ပင့်ကူငရဲပန်းတွေ ပွင့်လန်းလာခြင်းအကြောင်းရင်းဖြစ်နေနိုင်တယ် ၊ ပြီးတော့ သူက ဒီလောကရဲ့ အရှင်သခင်ဖြစ်လာနိုင်တယ်”

ရဟန်းမင်းကြီးက ရှည်လျားစွာ ပြောလိုက်လေသည်။

“ဒါဆိုလည်း သူ့ကိုရှင်းပစ်လိုက်တာပေါ့”

တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“မင်း ထျန်းယီကိုတောင်မသတ်နိုင်ဘဲနဲ့ သူ့ကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ ၊ ဒါကြောင့် ဘာမှမဖြစ်သေးခင်မှာ သူနဲ့အရင် ညှိနှိုင်းဖို့လိုမယ် ၊ ဒါမှ အနာဂတ်မှာ ရှားမျိုးနွယ်တွေ ဆက်လက်တည်ရှိနေနိုင်လိမ့်မယ်”

ရဟန်းမင်းကြီးက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

ယခုရင်ဆိုင်ရမည့်ကိစ္စများအတွက် သူနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ရလေသည်။

ကံကြမ္မာကို ပြုပြင်ပြောင်းလဲ၍ မရနိုင်ပါ။ ထို့ကြောင့်… အပြောင်းအလဲကိုလက်ခံကာ အလိုက်အထိုက်စီးမျောသွားရုံသာ ရှိလေသည်။

All Chapters