လောကကြီးဟာ လူတွေကြောင့်ပြောင်းလဲ
Vol. 6 Ch. 510
တိချိုးမြို့တော်တောင်ဘက်…
ရှားတူးမြောင်းဘေး ၊ တော်ဝင်ကျောင်းတော်နှင့်မျက်နှာချင်းဆိုင်တွင် ရိုးရှင်းသည့် တာအိုကျောင်းတော်တစ်ခု ဆောက်လုပ်ထားလေသည်။ တာအိုကျောင်းတော်သည် သေးငယ်သော်လည်း ထင်ထင်ရှားရှားရှိလေသည်။ တာအိုကျောင်းတော်၏အမည်မှာ “ကျီဝေးကျောင်းတော်” ဟူ၍ဖြစ်လေ၏။
ကျောင်းတော်တံခါးဝတစ်ဖက်တစ်ချက်တွင် ကဗျာတစ်ပုဒ် ရေးသားထားလေသည်။
“မိုးကောင်းကင်ကအနက်ရောင်… မြေပြင်ကတော့အဝါရောင်
စကြာဝဠာကြီးဟာ မဟာတွင်းနက်ကြီးတစ်ခုလို နက်ရှိုင်းလွန်တယ်”
တာအိုကျေင်းတော်တံခါးစောင့်မှာ အသားညိုညို ၊ အရပ်ပုပုနှင့် လူတစ်ယောက်ဖြစ်လေသည်။ ထိုသူမှာ ဆန်းလျန် ကိုရန်စခဲ့သည့် ပါတိုင်းပြည်မှ သံတမန်ပင် ဖြစ်လေသည်။
သူက ဆန်းလျန်သည် တိုင်းပြည်အကြံပေးအမတ်မင်းဖြစ်သွားသည်ကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ဆန်းလျန် ဆီသို့သွားရောက်တောင်းပန်ကာ အပြစ်ပေးပါရန် တောင်းဆိုခဲ့လေသည်။
ဆန်းလျန်မှာ သူဆောက်လုပ်နေသည့်တာအိုကျောင်းတော်အတွက် တံခါးစောင့်လိုနေသည့်အချိန်ဖြစ်သည့်အတွက် ထိုသူကို တံခါးစောင့်လုပ်ခိုင်းလိုက်လေသည်။
သူ၏အမည်က ရှယ်ကျောက်ဖြစ်လေသည်။
တာအိုကျောင်းတော်အဝင်တံခါးဘေး တစ်ဖက်တစ်ချက်တွင် နတ်ရုပ်တုများရှိနေပြီး ဆန်းလျန်က ထိုနတ်ရုတ်တုများကို တံခါးစောင့်နတ်များအဖြစ် နေရာချထားလေသည်။ တံခါးစောင့်နတ်များတွင် သဘာဝလွန်စွမ်းအားများရှိပြီး ရှယ်ကျော်သည် ထိုနတ်ရုပ်တုများကို ကိုးကွယ်လေ့ရှိလေသည်။
ယခုအချိန်တွင်တော့….
ရှယ်ကျောက်သည် စူပုပ်သည့်မျက်နှာထားဖြင့် ကျားနက်ကြီး၏အမွေးများကို သန့်ရှင်းရေးလုပ်ပေးနေလေသည်။ ကျားနက်ကြီးသည် ဇိမ်ခံနေပြီး တအီအီညည်းညူနေလေသည်။ နှစ်ပေါင်းများစွာ သခင်လေးနောက်သို့ လိုက်ခဲ့ပြီးသည့်နောက် ယခုတော့ ကျားဘုရင်တစ်ကောင်ကဲ့သို့ စည်းစိမ်ခံစားနေရပြီ။
ကျီဝေးကျောင်းတော်နှင့်မျက်နှာချင်းဆိုင်ရှိ တော်ဝင်ကျောင်းတော်ထဲမှ တပည့်များကတော့ စိတ်ညစ်နေကြလေသည်။ သူတို့သည် တစ်ချိန်တုန်းက ဆန်းလျန်၏စာသင်ခန်းဆီသို့ ပညာသွားရောက်သင်ကြားရန် ငြင်းပယ်ခဲ့မိ သည့်အတွက် သူတို့ကိုယ်သူတို့ ကျိန်ဆဲနေကြလေသည်။
တာ့ရှားဧကရာဇ်က အမတ်မင်းပေါင်းများစွာထဲမှ တိုင်းပြည်အကြံပေးအမတ်မင်းရာထူးကို မည်သူ့ကိုမှ ပေးအပ်ခဲ့ခြင်းမရှိပေ။ ဆန်းလျန်ကိုသာ ရွေးခြယ်ပေးအပ်ခဲ့သည် မဟုတ်ပါလား။
ထို့ပြင် ယခုတော့ ဆန်းလျန်သည် သေခြင်းနှင့်ရှင်ခြင်းကို ကျော်လွန်သည့် နတ်ဘုရားတစ်ပါးဖြစ်သည်ကို အားလုံးကလည်း သိရှိနေကြပြီ ဖြစ်လေသည်။
ဆန်းလျန်နေထိုင်သည့် တာအိုကျောင်းတော်ကို ရှိခိုးကန်တော့ရုံမျှဖြင့် သူတို့သည်လည်း နတ်ဘုရားတစ်ပါးဖြစ်လာရန် မျှော်လင့်ချက်ရှိလာမည်ဟု အားလုံးက ယူဆကြလေသည်။
ယခင်တုန်းကတော့ ဆန်းလျန်ကို မည်သူမှ စိတ်ဝင်စားခြင်း မရှိခဲ့ပါ။ ယခုတော့ ဆန်းလျန်ကို လူအများက ကိုးကွယ်နေကြပြီ ဖြစ်လေသည်။
သူတို့၏နှလုံးသားထဲတွင် ဆန်းလျန်သည် တာ့ရှားဧကရာဇ်ကို ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ တာ့ရှားဧကရာဇ်၏လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားနိုင်ခြင်းမရှိဟု ယုံကြည်နေကြလေသည်။
လူတိုင်းသည် ထျန်းယီအကြီးအကဲ၏ နတ်ဘုရားအဖြစ်တက်ရောက်ခါနီးအဆင့် ဓားသိုင်းပညာကို တွေ့ကြုံဖူးကြလေသည်။ ထို့ကြောင့် တာ့ရှားဧကရာဇ်က ထျန်းယီအကြီးအကဲကို ကွက်မျက်ခြင်းမရှိသည်ကို မည်သူမှ မအံ့သြကြပါ။ တာ့ရှားဧကရာဇ်သည် ထျန်းယီကိုသတ်မည်မဟုတ်ဟု ပညာရှိအများစုကလည်း ခန့်မှန်းကြလေသည်။
ဆန်းလျန်နှင့် ထျန်းယီသည် တာ့ရှားဧကရာဇ်ကို အခြိမ်းခြောက်နိုင်ဆုံးသော ပြိုင်ဘက်များဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ကျီဝေးကျောင်းတော်ကို တော်ဝင်ကျောင်းတော်လောက် နှစ်သက်မိခြင်း မဖြစ်မိပါ။ သို့သော် သူ၏အဆင့်အတန်းဖြင့် သူတစ်ပါး၏နေရာတွင် ဆက်လက်နေထိုုင်ရန် မသင့်တော်၍သာ နေရာအသစ်ဆောက်လုပ်ကာ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်လေသည်။
သို့ရာတွင် ကျောက်စိမ်းကျောင်းတော်ပင်ဖြစ်စေ ၊ ဝါးရွက်မိုးကျောင်းတော်င်ဖြစ်စေ ဆန်းလျန်အတွက်က အတူတူပင် ဖြစ်လေသည်။ အားလုံးသည် နေစရာနေရာများပင် ဖြစ်လေသည်။
သူသည် ယခုတော့ တာ့ရှားပြည်၏ တိုင်းပြည်အကြံပေးအမတ်မင်းဖြစ်လာခဲ့ရပြီ။ ထို့ကြောင့် တာ့ရှားပြည်၏ ကံကြမ္မာသည် သူနှင့်လည်း သက်ဆိုင်နေလေသည်။
တာ့ရှားပြည်၏ ကံကြမ္မာသည် အဆုံးမသတ်သေးကြောင်း ဆန်းလျန် သိရှိခဲ့လေသည်။ ပို၍ကြောက်စရာကောင်းသည့် အချက်မှာ နဂါးတန်ခိုးစွမ်းအားနှင့် တာ့ရှားပြည်၏ကံကြမ္မာသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်းဖြစ်လေသည်။
ဆန်းလျန်သည် ဆန္ဒရှိလျှင် ဧကရာဇ်တစ်ပါးလည်း ဖြစ်လာနိုင်လေသည်။ သို့သော် သူက ထိုသို့သော ရာထူးဂုဏ်းများကို စိတ်ထဲထားသည့်သူမဟုတ်ပေ။ သူက မိုးနှင့်မြေတွင် လွတ်လပ်စွာ ဖြစ်တည်ချင်သူတစ်ယောက် ဖြစ်လေသည်။
အခြားသူများ မည်သည့်အရာများကိုလုပ်ကြသည်ဖြစ်စေ ဆန်းလျန်ကတော့ သူ့အလုပ်ကိုယခင်အတိုင်းပင် ပြုလုပ်နေခဲ့လေသည်။ သူ၏ခန္ဓာကိုယ်သည် ကျောင်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးနှစ်လုံးကို ပိတ်ထားလေသည်။ သူ၏ခန္ဓာကိုယ်မှ အစိမ်းရောင်ရောင်ခြည်များ ထွက်လျှက်ရှိလေသည်။
လူအများက သူ၏ကျောင်းတော်ကို ကြည့်မိမည်ဆိုပါက ကျောင်းတော်ထိပ်တွင် တောက်ပနေသည့် နဂါးငွေ့တန်းကို မြင်တွေ့ရမည် ဖြစ်လေသည်။
ညစာစားပွဲနေ့မှစတင်ပြီး လေ့ကျင်းသည် အိမ်ထဲမှအိမ်ပြင် ထွက်ခွင့်မရတော့ပေ။ သူ့ကို အိမ်ထဲတွင် သော့ခတ် ထားခြင်းခံရလေသည်။
ထိုသို့ပြုလုပ်ရန် သူမ၏မိခင်က အမိန့်ပေးထားခြင်းဖြစ်ပြီး သူမက တငိုငိုတရီရီဖြင့် ဂျီကျနေသည့်တိုင် သူမကို အပြင်သို့ ပေးမထွက်တော့ပေ။
သူမက ခိုးပြီးထွက်ရန် ကြံစည်သော်လည်း မအောင်မြင့်ခဲ့ပေ။
ညဥ့်နက်နေပြီဖြစ်လေသည်။
လေ့ကျင်းသည် အိပ်မပျော်သေးပါ။ သူမအတွက် ယနေ့နှင့်မနက်ဖန်သည်လည်း ခြားနားမှုမရှိပါ။ သူမ၏ရင်ထဲတွင် ဒေါသတရားများနှင့် ပြည့်နက်နေလေသည်။ သူသည် သူမ၏မိဘများကို အပြစ်မတင်သည့်တိုင် ဆရာဖြစ်သူကို အပြစ်တင်နေမိလေသည်။
သူမ အိမ်ထဲမှ အိမ်ပြင် ထွက်ခွင့်မရသည်ကို သိသည့်တိုင် ဆရာဖြစ်သူသည် အဘယ့်ကြောင့် သူမကို လာမရှာရပါလိမ့်။
သူက တိုင်းပြည်အကြံပေးအမတ်မင်းပဲဖြစ်ဖြစ် ၊ ရှီးလျန်ပြည်၏ မင်းသားငယ်ပဲဖြစ်ဖြစ် ၊ တာ့ရှားပြည်ကြီးတစ်ပြည် လုံး၏ရန်သူတော်ကြီးပဲဖြစ်ဖြစ် လေ့ကျင်းအတွက်တော့ သူသည် သူမ အလွန်လေးစားရသည့် ထာဝရ ဆရာပင် ဖြစ်လေသည်။
"လောကကြီးဟာ လူတွေကြောင့်ပြောင်းလဲ…. ကိုယ့်ဘဝနှင့်ကိုယ် ငြိမ်းချမ်းစွာနေလိုသူ လူတစ်ယောက်ရယ်…."
လေ့ကျင်းသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ခေါင်းလေးတင်ရင်း သီချင်းလေးညည်းနေမိလေသည်။ သူမ၏အသံလေးသည် နိုက်တင်ဂေးငှက်လေး၏အသံအလား ချိုမြသာယာလွန်းလှသည်။
သူမသည် ထိုသီချင်းကို သိပ်ပြီး မကြိုက်လှပါ။ သို့သော် "ကိုယ့်ဘဝနှင့်ကိုယ် ငြိမ်းချမ်းစွာနေလိုသူ တစ်ယောက်ရယ်…" ဆိုသည့်စာသားကို စဉ်းစားမိသည်နှင့် သူမအတွေးထဲသို့ ပထမဆုံးရောက်ရှိလာသူမှာ သူမ၏ ဆရာဖြစ်လေသည်။
သူမ၏ဆရာသည် အလွန်မှ ငြိမ်းချမ်းသည့်ဘဝကို ပိုင်ဆိုင်သူဖြစ်လေသည်။ မည်ကဲ့သို့သော မိန်းမပျိုမျိုးသည် သူမဆရာ၏ လက်တွဲဖော်ဖြစ်လာမည်ဆိုသည်ကို လေ့ကျင်း မခန့်မှန်းတတ်ပါ။
"ဘယ်လောက်ကောင်းတဲ့သီချင်းလေးလဲ ၊ ကျင်းအော် … ဒီနေ့သာ ဆရာရောက်မလာရင် ဒီလောက်ကောင်းတဲ့ သီချင်းသံကို နားထောင်ခွင့်ရမှာ မဟုတ်ဘူး"
သူမနားထဲတွင် လုံးဝထင်မှတ်မထားသည့် စကားသံတစ်သံကို ကြားလိုက်ရလေသည်။
ပထမတော့ လေ့ကျင်းသည် ထိတ်လန့်သွားမိလေသည်။ သို့သော် ချက်ချင်းပင် ပျော်ရွှင်သွားရလေသည်။
သူမ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါတွင်တော့ အပြင်ဘက်တွင် ကြယ်စင်ရောင်များ ဖြာကျနေသည်ကို တွေ့မြင်လိုက်ရလေသည်။ လေပြင်းတစ်ချက် ရုတ်တရက်တိုက်ခတ်လာပြီး ကြယ်စင်ရောင်များသည် ဆန်းလျန်၏ပုံသဏ္ဍန်အဖြစ် ပြောင်းလဲသွားလေသည်။
"ဆရာ နောက်ဆုံးတော့ ကျွန်မကို လာရှာပြီပေါ့"
သူမ၏အသံက မကျေနပ်သည့်ပုံပေါ်နေသည့်တိုင် သူမ၏ပျော်ရွှင်နေမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"မင်ကို လာမတွေ့ဘူးလို့ ဘယ်တုန်းကပြောခဲ့လို့လဲ ၊ ပြီးတော့ မင်းကို ပညာသင်ပေးစရာတွေလည်း ကျန်သေးတယ်လေ ၊ ဒီတိုင်းမကျင့်ကြံဘဲ နေမယ်ဆိုရင် မင်းရဲ့စိတ်က အမြဲတမ်းအတက်အကျတွေများနေတော့ မှာပေါ့"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်စကားကြောင့် လေ့ကျင်းမျက်နှာမှာ နီရဲသွားလေသည်။
"အင်းပါ… ကျွန်မ အခုအမြန်ပြန်ပြီး ကျင့်ကြံပါ့မယ်"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းကိုကျင့်ကြံဖို့ကို အတင်းမတိုက်တွန်းပါဘူး ၊ ဒါပေမယ့် အရင်ကပြောခဲ့သလိုမျိုး မင်း ဝူတင်နဲ့ပြိုင်ရဦးမယ်လေ ၊ ပြိုင်ပွဲဝင်ရမယ့်နေ့ကျမှ မင်းရှုံးသွားမယ်ဆိုရင် ဒီဆရာတော့ သိက္ခာကျတော့မှာပဲ"
လေ့ကျင်းက သူမ၏မျက်နှာလှလှလေးကို အသာမော့လိုက်လေသည်။
"ဆရာ… ဒီအိမ်ထဲမှာ ကျွန်မကို သော့ခတ်ထားတာ ဆရာမတွေ့ဘူးလား ၊ ဘာလို့ ကျွန်မကို အပြင်ကို ခေါ်ထုတ်မသွားရတာလဲ ၊ ပြီးတော့ ပြိုင်ပွဲနေ့ကျ အဲဒီဝူတင်ကို သွားတွေကျွတ်ထွက်တဲ့အထိ ကောင်းကောင်း ရိုက်ပစ်ဦးမှာ"
"မင်းသာ ကျုပ်အကြံပေးတဲ့အတိုင်းလုပ်မယ်ဆိုရင် ဒီနေရာကနေ အချိန်မရွေးထွက်သွားလို့ရနိုင်တယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်သည် လေ့ကျင်းကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေလေသည်။
သူမသည် ချင်းရွှမ်နတ်တံခါးမှ သူ၏တပည့်ဖြစ်သူ ချန်ကျင်းချင်ထက် အနည်းငယ်သာလေသည်။ သူမ ဆန်းလျန်အပေါ်တွင် တစ်ဖက်သတ်သဘောကျနေသည့်အချက်ကိုတော့ ဆန်းလျန်ရိပ်မိသည့်တိုင် ခေါင်းထဲ သိပ်မထည့်ထားခဲ့ပေ။ ချစ်ခြင်းမုန်းခြင်းဆိုသည်မှာ လူသားတိုင်းတွင်ရှိသည့် သဘာဝတရားပင်ဖြစ်လေသည်။ ဆန်းလျန်သည်လည်း ချစ်ခြင်းမုန်းခြင်းများမှ မည်သို့ပင် ရုန်းထွက်ရန်ကြိုးစားပါစေ စိတ်ခံစားမှုတော့ ရှိနေဆဲ ဖြစ်လေသည်။ သို့သော် သူ၏ခံစားချက်များက သာမန်လူများထက်ပိုပြီးလျော့နည်းလေသည်။ ထို့ကြောင့် သူ့တွင် ခံစားချက်မရှိဟု ထင်မြင်ကြခြင်းဖြစ်လေသည်။