ရေကိုပင်ဓားနှင့်ခွင်း
Vol. 6 Ch. 511
"ဆရာ... ကျွန်မ ဆရာ့ကိုမေးစရာရှိသေးတယ်"
လေ့ကျင်းက အနည်းငယ်စိတ်မသက်မသာဖြစ်နေဟန်ဖြင့်ဆရာဖြစ်သူကိုကြည့်လိုက်လေသည်။ ဆန်းလျန်သည် အသွေးအသားခန္ဓာဖြင့်ရောက်မလာဘဲ ကြယ်တာရာစွမ်းအားများဖြင့် ဖန်ဆင်းထားသည့် နာမ်ခန္ဓာဖြင့်ရောက်လာသည့်အတွက်သာ တော်သေးသည်ဟု လေ့ကျင်းတွေးနေမိလေသည်။
"ပြောပါ..."
ဆန်းလျန်က လေးလေးနက်နက်လေသံဖြင့် ပြောလိုက်သည်။
လေ့ကျင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်မတ်လိုက်သည်။ သူမ၏လည်ပင်းသွယ်သွယ်လေးများသည် အလွန်လှပပြီး သူမ၏မျက်ဝန်းများမှာလည်း ဆောင်းဦးညတွင်စီးဆင်းနေသည့်စမ်းချောင်းလေးပမာ ကြည်လင်လွန်းလေသည်။
“ဆရာက…. ကျွန်မအပေါ် အရမ်းကောင်းတာက ကျွန်မဆီက အကူအညီလိုချင်လို့လား ၊ ဒါမှမဟုတ် ဆရာက ကျွန်မကိုသဘောကျနေလို့လား”
“မင်းက ဒီလိုမေးခွန်းမျိုးမေးပြီဆိုမှတော့… ဆရာပြောပြမယ် ၊ မင်းက ဆရာ့တပည့်လေ ၊ ဆရာ့တာဝန်က မင်းကို ပညာသင်ပေးဖို့ ၊ ပြီးတော့ ဆရာ့မှာ တပည့်တွေအများကြီးရှိခဲ့ဖူးတယ် ၊ မင်းတစ်ယောက်တည်းကိုပဲ ဒီလိုမျိုး ကောင်းကောင်းဆက်ဆံတာ မဟုတ်ပါဘူး”
ဆန်းလျန်သည် ထိုစကားကိုပြောသည့်အချိန်တွင် ဆရာသခင်ကျန်းရော့ရွှီးကို သတိရနေမိလေသည်။
နောက်ဆုံးအချိန်ထိပင် ဆရာသခင်ကျန်းရော့ရွှီးသည် တပည့်များအားလုံးအပေါ်တွင် စေတနာထားကာ တာအိုကျင့်စဉ်များကို သင်ကြားမှုများပြုလုပ်သွားခဲ့သေးသည်။ ဆရာသခင်ကျန်းရော့ရွှီးသည် နွေးထွေးလွန်းသည့် ဆရာတစ်ယောက်၏နှလုံးသားကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဆန်းလျန် နားလည်သဘောပေါက်ထားလေသည်။
လက်ရှိအချိန်တွင် ဆန်းလျန်သည် ယခင်ကနှင့်မတူတော့ပေ။
အချိန်တွေလည်းများစွာပြောင်းလဲခဲ့ပြီဖြစ်သလို ဆန်းလျန်သည်လည်း ကျင့်စဉ်လမ်းတွင် အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီ။ သို့သော် သူ့ရင်ထဲတွင် ဆရာသခင်ကျန်းရော့ရွှီးကို လေးစားသည့် စိတ်သည် မည်သည့်အခါမှ ပြောင်းလဲပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။
ဆန်းလျန်၏အဖြေစကားကြောင့် လေ့ကျင်းမှာ စိတ်ပျက်သွားသည့်တိုင် ပျော်လည်းပျော်သွားရလေသည်။
သူမစိတ်ပျက်သွားရသည်မှာ ဆန်းလျန်က သူမကို စိတ်မဝင်စားသောကြောင့် ဖြစ်လေသည်။ ပျော်ရသည့်အကြောင်းမှာတော့ သူမကို စိတ်ရင်းဖြင့် သင်ကြားပြသပေးသည့် ဆရာကောင်းတစ်ယောက်ကို တွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။
“ကျွန်မ ဆရာ့ကို စိတ်မပျက်စေရပါဘူး”
သူမက အလေးအနက်ဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ပြောလိုက်သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ဒါပေမယ့် ဒီလိုပြောလိုက်လို့ ဆရာကမင်းဆီကဘာအကျိုးမှ မမျှော်ကိုးဘူးလို့တော့ မဆိုလိုဘူးနော် ၊ ဒါပေမယ့် မင်းဆီက အများကြီးရယူခဲ့ပြီးပါပြီ ၊ ဒါကြောင့် မင်းအပေါ်မှာ အရမ်းကို အတ္တကင်းကင်းနဲ့ ပညာသင်ပေးခဲတာလို့တော့ပြောလို့မရဘူးပေါ့"
လေ့ကျင်းက ဆန်းလျန်ကိုကြည့်လိုက်ရင်း…
“ဆရာ… အဲဒါတွေက အရေးမကြီးပါဘူး ၊ ကျွန်မကိုသာ ပညာဆက်သင်ပေးပါ”
ပြောပြီးသည်နှင့် သူမက ဆန်းလျန်ကို လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
ဆန်းလျန်ကခေါင်းညိတ်လိုက်ရင်း…
“မင်းကျင့်စဉ်ပညာတွေမသင်ချင်ဘူးလား ၊ အခု ဆရာက မင်းကို ကျင့်စဉ်တွေသင်ပေးမလို့"
ဆန်းလျန်၏စကားကြောင့် လေ့ကျင်းအရမ်းပျော်သွားလေသည်။
သူမသည် ကျင့်စဉ်များကို အလွန်စိတ်ဝင်စားလေသည်။ သို့သော် တာ့ရှားပြည်တွင် ကျင့်စဉ်ကျင့်ကြံသူများမှာ ရှားပါးလွန်းလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျင့်ကြံသူများ မဟုတ်ကြသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်က…
“တကယ်တော့ ကျင့်စဉ်တွေဆိုတာ တန်ခိုးစွမ်းအားကို ဖော်ထုတ်တဲ့နည်းလမ်းတွေပါပဲ ၊ ဟိုး ရှေးခေတ်အချိန် ယဉ်ကျေးမှုတွေမထွန်းကားသေးတဲ့ခေတ်ကာလတွေတုန်းက အားနည်းတဲ့သူတွေဟာ မိုးကြိုးမုန်တိုင်းတွေ ၊ မိုးကြိုးတွေ ၊ လျှပ်စီးတွေကို ကြောက်ရွှံ့ကြတယ် ၊ တကယ်တော့ အဲဒါတွေက သဘာဝရဲ့စွမ်းအားတွေပဲ ၊ သတ္တိရှိတဲ့လူအချို့ကတော့ အဲဒီအရာတွေ ဖြစ်တည်လာရခြင်းရဲ့ဇာစ်မြစ်ကို ရှာဖွေနိုင်ဖို့ ကြိုးစားကြတယ်”
“ရှာဖွေတဲ့သူတွေက အေင်မြင်ခဲ့ကြသလား”
လေ့ကျင်းက မေးလိုက်သည်။
“ဘယ်သိနိုင်မှာလဲ ၊ ဒါပေမယ့် မင်းစိတ်ထဲမှာမှတ်ထားရမှာက ဘာမှမသိတဲ့အဆင့်မှာ စတင်ပြီးလှမ်းရတဲ့ခြေလှမ်းက အခက်ခဲဆုံ ဆိုတာကိုပဲ ၊ သူတို့အောင်မြင်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီလိုအောင်မြင်မှုရဖို့အတွက် အချိန်တွေအများကြီး အသုံးပြုခဲ့ကြရလိမ့်မယ် ၊ ဒါပေမယ့် သူတို့အဲဒီလို သုတေသနလုပ်ခဲ့တာတွေကြောင့် ဆရာတို့က ကံကောင်းခဲ့ကြရတယ် ၊ ဆရာတို့ဟာ အစကနေပြန်ပြီး ရှာဖွေနေစရာမလိုတော့ဘူး ၊ အခု ဆရာမင်းကိုသင်ပေးမယ့် တန်ခိုးစွမ်းအားက လေနဲ့မိုးကိုဆင့်ခေါ်ခြင်းဆိုတဲ့ ပညာပဲ ၊ မင်းအဲဒီကျင့်စဉ်ကို ကျင့်ကြံအောင်မြင်သွားရင် မိုးနဲ့မြေမှာ တိုက်ခတ်နေတဲ့လေနဲ့ ရွာသွန်းတဲ့မိုးရေစက်တိုင်းက မင်းနဲ့ မိတ်ဆွေဖြစ်လာလိမ့်မယ်”
ဆန်းလျန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်လေသည်။
လေ့ကျင်းက နှုတ်ခမ်းလေးစူလိုက်ရင်း…
“ကြားရတာတော့ နားထောင်လို့ကောင်းသားပဲ”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“မင်းဒီပညာကို မသင်ချင်ရင်လည်း မသင်နဲ့လေ…”
“မလုပ်နဲ့… မလုပ်နဲ့ … ကျွန်မသင်မှာ…”
သူမ၏မျက်နှာသည် ချက်ချင်းပင် အမူအရာပြောင်းသွားလေသည်။
ဆန်းလျန်က သူမကို အလွယ်ဆုံးနှင့် ရယ်စရာအကောင်းဆုံး ကျင့်စဉ်ကို သင်ပေးမည်ဆိုလျှင်တောင်မှ သူမက ဝမ်းပန်းတသာနှင့်သင်ယူမည့်သူဖြစ်လေသည်။ သူမက ဆန်းလျန်ထံမှ သင်ယူရမည့်ပညာများကို သိပ်စိတ်မဝင်စားသည့်တိုင် ဆန်းလျန်နှင့်အတူ အချိန်ဖြုန်းရလျှင် ကျေနပ်နေမိသူ ဖြစ်လေသည်။
လေနှင့်မိုးကိုဆင့်ခေါ်ခြင်းကျင့်စဉ်သည် သဘာဝလွန်စွမ်းအားတစ်ခုဖြစ်ပြီး ထျန်းကန်းပုံပြောင်းပညာသုံးဆယ့်ခြောက်မျိုးမှ ဆင်းသက်လာသည့် ပညာရပ်ဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ချင်းရွှမ်နတ်တံခါးတွင်ပင်လျှင် ထိုပညာကို ကျင့်ကြံကြသူ အနည်းငယ်သာ ရှိတော့သည်။
သို့သော် ယန်ရွှီးကတော့ ထိုပညာကို ကျင့်ကြံခဲ့လေသည်။ ဆန်းလျန်ကိုယ်တိုင်လည်း ထိုပညာကို ကျင့်ကြံခဲ့လေသည်။
"လေနှင့်မိုးကိုဆင့်ခေါ်ခြင်း" ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် သော့ချက်မှာ လေတိုက်ခြင်းနှင့် မိုးရွာခြင်းနောက်ကွယ်မှ အကြောင်းရင်းများကို သိရှိရန်လိုအပ်လေသည်။ လေနှင့်မိုးတိုက်ခတ်ပြီဆိုပါက လျှပ်စီးနှင့် မိုးကြိုးသည် သဘာဝကျကျ ချိတ်ဆက်လာမည် ဖြစ်လေသည်။
လျှပ်စီးနှင့်မိုးကြိုးသည် ယင် နှင့် ယန် ဓာတ်ပြုဆက်နွယ်မှုမှ ဖြစ်ပေါ်လာသည့်အရာဖြစ်လေသည်။
အသူရာချောက်သည် ယင်စွမ်းအားကြွယ်ဝသည့် နေရာတစ်ခုဖြစ်လေသည်။ သို့သော် ယန်စွမ်းအားရရှိနိုင်သည့်အရင်းအမြစ်ဆို၍ နေရောင်ခြည်သာလျှင်ရှိလေသည်။
ယိုဟူမျိုးနွယ်များသည် လျှပ်စီးနှင့် မိုးကြိုးပစ်ခြင်းများကို ပင်ကိုယ်စွမ်းအားအဖြစ်ပိုင်ဆိုင်ကာ မွေးဖွားခဲ့ကြသူများ ဖြစ်လေသည်။ ထို့ကြောင့် ယိုဟူမျိုးနွယ်သွေးတစ်ဝက်ပါသည့် လေ့ကျင်းကို ဆန်းလျန်က လေနှင့်မိုးကိုဆင့်ခေါ်ခြင်းပညာကို သင်ကြားပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။
လေ့ကျင်းသည် မွေးရာပါတန်ခိုးစွမ်းအားများကိုပိုင်ဆိုင်ထားသူဖြစ်လေရာ လေနှင့်မိုးကိုဆင့်ခေါ်ခြင်းကျင့်စဉ်ကိုသာ ကျင့်ကြံနိုင်လျှင် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်၏ "လေ ၊ ရေ နှင့် မိုး" အစိတ်အပိုင်းကိုလည်း နားလည်သွားမည်ဖြစ်လေသည်။ ထိုအချက်သည် လေ့ကျင်းအတွင် တန်ဖိုးရှိသည့်အချက်ပင် ဖြစ်လေသည်။
သူမ အာရုံစူးစိုက်လေ သူမသင်ယူရသည်မှာ မြန်ဆန်လေဖြစ်ပေလိမ့်မည်။
နောက်တစ်နေ့နံနက်တွင်တော့ ကြယ်တာရာအလင်းတန်းများဖြင့် ဖန်ဆင်းထားသည့် ဆန်းလျန်သည် ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော် လေ့ကျင်းကတော့ ဆန်းလျန်သင်ပေးသည့် ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေဆဲ ဖြစ်လေသည်။ သူမ၏ကိုယ်ထဲမှ ထူးခြားသည့် မွေးရာပါတန်ခိုးစွမ်းအားများသည် ကျင့်စဉ်နှင့်ပေါင်းစပ်လိုက်သည့်အခါ အသစ်သောတန်ခိုးစွမ်းအားများ ပွင့်လင်း၍လာလေသည်။
လေနှင့်မိုးသည် အဖျက်စွမ်းအား တစ်ခုတည်းမဟုတ်ပါ။
လေနှင့်မိုးသည် နွေရာသီတွင် သစ်ပင်များကိုစိမ်းလန်းစေသည့် ရှင်သန်မှုကိုယူဆောင်လာသည့် အရာလည်း ဖြစ်လေသည်။
……………………
နံနက်ခင်းနေရောင်ခြည်သည် ရှားတူးမြောင်းအတွင်းမှ ရေများဆီသို့ ဖြာကျနေလေသည်။ လှိုင်းထနေသည့်ရေပြင်ထက်တွင် နေရောင်ခြည်သည် အနီရောင်သန်းနေလေသည်။
ဝူတင်သည် အခြားနေ့များကဲ့သို့ပင် အိပ်ယာမှ စောစောထလာလေသည်။ သူ၏လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားလေသည်။ သူက ရှားတူးမြောင်းအတွင်းမှ ရေများကို ကြည့်နေလေသည်။
သူ၏ဝိညာဉ်စွမ်းအားများသည် ရေလှိုင်းများနှင့်အတူ တုန်ခါနေပြီး ရေလှိုင်းများကို အသေးစိတ်သိမြင်ခံစားနေရလေသည်။
သူက ဓားကို ရုတ်တရက် ရေပြင်ထက်သို့ ထိုးခွင်းလိုက်လေသည်။
ထိုအခါ အားကြီးစွာစီးဆင်းနေသည့်ရေပြင်သည် ထက်ပိုင်းကွဲသွားရလေသည်။ ထိုသို့ ကွဲအက်သွားသည့်ရေပြင်သည် အချိန်အတော်ကြာသည်အထိ ကွဲအက်နေခဲ့လေသည်။
ထိုအချိန်မှာပင် …
လက်ခုပ်တီးသံတစ်ချက်ကို သူ့နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
“ကျီကျောက် ၊ မင်းရဲ့ဓားသိုင်းက အရမ်းကိုတိုးတက်လာတယ် ၊ ရေကိုတောင် ပိုင်းဖြတ်ပစ်နိုင်နေပြီပဲ ၊ အဲဒီနေ့က မင်းကိုလုပ်ကြံတဲ့ အရှေ့တိုင်းစစ်သည်တော်သာ အခု မင်းရဲ့အရည်အချင်းမျိုးနဲ့ ထပ်ရင်ဆိုင်ရမယ်ဆိုရင် အဲဒီလူကို နိုင်ချေတစ်ဝက်ရှိနေပြီ”
ကြည်လင်သည့်အသံသည် လေထဲတွင် စီးမျောလာလေသည်။
ရှားတူးမြောင်းကို ဖြတ်ကျာ်ဆောက်လုပ်ထားသည့် တံတားတစ်ဖက်စွန်းတွင် ချောမောလှပသည့် တာအိုဆရာတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
ဝူတင်က…
“မင်းသားလေး ၊ အစောကြီးနိုးနေတာလား ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ဓားသိုင်းဘယ်လောက်ပဲတော်တော် မင်းသားလေးအတွက်တော့ ရယ်စရာဖြစ်နေမှာပေါ့”
ဆန်းလျန်က ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဝူတင်၏ဘေးနားသို့ ရောက်လာလေသည်။
ဆန်းလျန်ကဲ့သို့ တန်ခိုးစွမ်းအားမျိုးကိုရရှိရန်အတွက် ဝူတင်သည် စိတ်ထဲမှ ကြိတ်ပြီးတောင့်တလိုက်မိလေသည်။
“မိုင်တစ်ထောင်ခရီးဟာ ခြေတစ်လှမ်းက စခဲ့တာပဲ ၊ ဘုံကိုးဆင့်ဆိုတာကိုလည်း အောက်ခြေကစပြီး တည်ဆောက် ခဲ့ရတာပဲ မဟုတ်လား ၊ မင်းလျှောက်လှမ်းနေတဲ့လမ်းကြောင်းမှန်နေသရွေ့ အချိန်ကြာလာတာနဲ့အမျှ ကျင့်စဉ် လမ်းမှာတိုးတက်လာမှာပဲ ၊ ကျုပ်လည်း ဒီလိုလျှောက်လှမ်းခဲ့ရင်းနဲ့ ဒီအဆင့်ကို ရောက်လာတာပါပဲ ၊ ကျုပ်ကမင်းကိုဘာလို့ ရယ်စရာဖြစ်ရမှာလဲ"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
ဝူတင်က ဆန်းလျန်ကို ပြုံးပြလိုက်လေသည်။
ဆန်းလျန်ပြောသည့်စကားများသည် မှန်ကန်ကောင်းမှန်ပေလိမ့်မည်။
သို့သော် ကျင့်စဉ်လမ်းကို ထိုမျှအချိန်ကြာကြာလျှောက်လှမ်းနိုင်ရန်အတွက် လုံလောက်စွာ အသက်ရှည်နိုင်ပါမည်လား။ လူ့ဘဝဆိုသည်က မလွယ်ကူလှပေ။
ဝမ်ချန်နန်းတော်တွင် ညစာစားပွဲကျင်းပသည့်နေ့မှစတင်ပြီး ယင်းစန်းမှလူများသည် များစွာ ဖိနှိပ်ချုပ်ခြယ်ခြင်းများ ခံခဲ့ကြရလေသည်။
ထိုသတင်းသည် တာ့ရှားပြည်နှင့် တာ့ရှားပြည်ကိုသစ္စာခံကြသည့် တိုင်းပြည်များအားလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
သို့တိုင်အောင် နံနက်စောစော ဓားသိုင်းလေ့ကျင့်နေသည်မှလွဲပြီး သူ၏လူမျိုးများအတွက် သူ မည်သို့မျှ မကူညီနိုင်ခဲ့သေးပေ။