← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 17 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 17 Ch. 245-246

အခန်း (၂၄၅) - တဖျတ်ဖျတ် လင်းလာသော သွေးစင်းများ (၂)

လီဝမ်ရှီးက လီယာကျွင်းနှင့် စကားပြောနေစဉ်အတွင်း ရွှီရှင်းမှာမူ ဤသစ်ပင်အိမ်၏ တည်ဆောက်ပုံကိုသာမက ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ အသေးစိတ် အကဲခတ်နေမိသည်။

ငွေရောင်ဘုရင်၏ ထူးဆန်းသော အခြေအနေမှာ ယခုအခါ ပြန်ငြိမ်သွားပြီ ဆိုသော်လည်း၊ ဤနေရာတွင် ထူးခြားသည့် အရာတစ်ခုခု ရှိနေသည်ဟု သူ ခံစားနေရဆဲပင်။

ဗီဇပြောင်းသတ္တဝါတွေရဲ့ ကိုယ်ပေါ်က သွေးစင်းတွေဆိုတာ အကြောင်းမဲ့ သက်သက် လင်းထိန်လာတတ်တာမျိုး မဟုတ်ကြပေ။

ဤပတ်ဝန်းကျင်မှာ ခြောက်သွေ့နေပြီး ထူးခြားတာဆိုလို့ ဤသစ်ပင်အိမ် တစ်ခုတည်းသာ ရှိသည်။

ကံဆိုးသည်မှာ သူ၏ အာရုံခံစွမ်းရည်အရ ပတ်ဝန်းကျင်တွင် ထူးခြားသော အရင်းအမြစ်နယ်မြေ မတွေ့ရခြင်းပင်။

မလှမ်းမကမ်းရှိ မြေအောက်ထဲတွင် အဝါရောင် အလင်းတန်းဖြာနေသော အဂ္ဂိရတ်ပစ္စည်းအချို့ ရှိနေသည်မှလွဲ၍ ကျန်သည့်နေရာများမှာ ပုံမှန်အတိုင်းပင် ဖြစ်သည်။

ထိုအဝါရောင် အလင်းတန်းမှာ ရွှီရှင်း၏ သစ်ပင်အိမ်နားက အလင်းနှင့် ဆင်တူသဖြင့် ကျောက်မီးသွေးတွင်း ဖြစ်နိုင်ခြေ အလွန်များသည်။

ဒါပေမဲ့ ဒီမှာ နေ့တိုင်းနေနေတဲ့သူ ရှိတာကြောင့် သူမကို မေးကြည့်တာ ပိုကောင်းပေလိမ့်မည်။

"ထူးခြားတာလား..."

လီယာကျွင်းက ရွှီရှင်းကို ဇဝေဇဝါဖြင့် ကြည့်ကာ ခဏမျှ စဉ်းစားပြီးမှ ခေါင်းခါပြသည်။

"ဘာကို ထူးခြားတယ်လို့ သတ်မှတ်ရမလဲဟင်။ ကျွန်မအတွက်တော့ ဒီရက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထူးခြားနေတာချည်းပါပဲ"

"အဲဒါကတော့..."

မှန်ပေသည်။

ဒီသစ်ပင်အိမ် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့သမျှ ဘယ်အရာကများ သာမန် ဖြစ်ဖူးလို့လဲ..။

သူသည် ခေတ္တစဉ်းစားလိုက်ပြီး ဥပမာတစ်ခုပေးကာ မေးလိုက်၏။

"ဥပမာပြောရရင်... အကာအကွယ်တိုက်ပွဲ မတိုင်ခင်တုန်းက ဒီနားက မြေပြင်ပေါ်မှာ ဗီဇပြောင်းသားရဲတွေကို တွေ့ခဲ့ရတာမျိုး ရှိလား"

"ဗီဇပြောင်းသားရဲတွေလား"

လီယာကျွင်းသည် ရွှီရှင်းတို့နောက်တွင် ငြိမ်သက်စွာ ဝပ်နေသော ငွေရောင်ဘုရင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

သူမ ကြည့်လိုက်သည့်အချိန်တွင် ငွေရောင်ဘုရင်က တစ်ချက် ဟိန်းဟောက်လိုက်၏။

"မရှိလောက်ပါဘူး...။ ဟာ... ရှင့်ရဲ့ ဝံပုလွေကြီး၊ ဘာလို့ သူ့ကိုယ်ပေါ်က သွေးစင်းတွေက လင်းလာရတာလဲ"

ဘာ...။

ရွှီရှင်းနှင့် လီဝမ်ရှီးတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။

မှန်ပေသည်၊ စောစောကမှ မှိန်သွားသော ငွေရောင်ဘုရင်၏ သွေးစင်းများမှာ ယခုအခါ တဖြည်းဖြည်း ပြန်လည် လင်းထိန်လာချေပြီ။

"အီး"

ခဲခဲကလည်း လန့်သွားကာအော်လိုက်ပြီး ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ခုန်တက်ကာ ထိုတောက်ပနေသော သွေးစင်းများကို သူမ၏ လက်သည်းလေးများဖြင့် အသာအယာ ကုပ်ခြစ်ကြည့်နေသည်။

"အူးးး"

လူတိုင်း သူ့ကို ဝိုင်းကြည့်နေကြသဖြင့် ငွေရောင်ဘုရင်မှာလည်း ဘာဖြစ်မှန်းမသိဘဲ ဇဝေဇဝါ အသံပြုနေရှာသည်။

ကြည့်ရသည်မှာ သူကိုယ်တိုင်လည်း မည်သည့် ထူးခြားမှုကိုမှ ခံစားရပုံမပေါ်ပင်။

ရွှီရှင်း မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။

ဒါက ဘာဖြစ်တာလဲ..။

ဒီပတ်ဝန်းကျင်မှာ ဘယ်လို ထူးခြားတဲ့အရာ ရှိနေလို့လဲ..။

ငွေရောင်ဘုရင်က ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး...။

တကယ်လို့ ဒါက ငွေရောင်ဘုရင်ရဲ့ စွမ်းရည်တက်လာတာ ဒါမှမဟုတ် ဆင့်ကဲပြောင်းလဲမှု တစ်ခုခုဆိုရင် သူ ကိုယ်တိုင် ခံစားမိရမှာလေ...။

အခုပြဿနာက သူကိုယ်တိုင်က သူ့ခန္ဓာကိုယ်ထဲမှာ ဘာအပြောင်းအလဲမှ မခံစားရတာပဲ...။

ဒါဆိုရင်တော့ သေချာသလောက် ရှိနေလေပြီ။

ဆားဂူတုန်းက ဧရာမတောင်ကုန်းကြီးရဲ့ ပါးစပ်ထဲက ထွက်လာတဲ့ အနီရောင်မြူ တွေလိုမျိုး ပတ်ဝန်းကျင်က တစ်ခုခုက သူ့ကို သက်ရောက်မှု ပေးနေတာပဲ ဖြစ်ရမယ်...။

ပြီးခဲ့တဲ့အကြိမ်က ငွေရောင်ဘုရင်နှင့် မီမီတို့၏ သွေးစင်းများ လင်းထိန်လာစဉ် အနီရောင်မြူ များ၏ သက်ရောက်မှုကြောင့် သူတို့၏ စွမ်းရည်များ မြင့်တက်လာခဲ့သည်။

ထိုအချိန်က ငွေရောင်ဘုရင်၏ အရှိန်နှင့် ပေါက်ကွဲအား တိုးတက်လာသည်ကို စီးနင်းထားသော ရွှီရှင်းကပါ သိသိသာသာ ခံစားခဲ့ရ၏။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘာမှ မခံစားရချေ။

သို့သော်လည်း သူ သတိထားမိတာ တစ်ခုရှိ၏။

ငွေရောင်ဘုရင်ဟာ ကီလိုမီတာ ဆယ်ဂဏန်းလောက်ကို တစ်ချက်ကလေးမှ မနားဘဲ ပြေးလာတာတောင် မောပန်းတဲ့ အရိပ်အယောင် လုံးဝ မပြတာပင်။

သူ့ရဲ့ ခံနိုင်ရည် က အမြဲတမ်း အထွတ်အထိပ်မှာ ရှိနေသလိုမျိုးပင်။

ဒါက... ခံနိုင်ရည်ကိုပဲ မြှင့်တင်ပေးတဲ့ အရာများလား။

တကယ်လို့ ဗီဇပြောင်းသတ္တဝါတွေကို သက်ရောက်မှုပေးနိုင်တဲ့ ဒီလို အရင်းအမြစ်မျိုး ဒီနားမှာ တကယ်ရှိနေမယ်ဆိုလျှင် သူ ဒါကို ရှာတွေ့အောင် ရှာရမည်။

ငွေရောင်ဘုရင်အတွက် ခံနိုင်ရည် တိုးလာတာက သိပ်ပြီး ထူးခြားမှု မရှိဘူးဆိုစေဦးတော့၊ မီမီအတွက်ကတော့ လုံးဝ ခြားနားသွားပေလိမ့်မည်။

မီမီရဲ့ အားနည်းချက်က ခံနိုင်ရည် နည်းတာပင်။

အခု သူမကို ခေါ်မလာခဲ့တာလည်း အဲဒီအကြောင်းပြချက်ကြောင့်ပင်။

တကယ်လို့ ဒီလို အရင်းအမြစ်မျိုးသာ သူ့လက်ထဲ ရှိနေမယ်ဆိုလျှင်၊ သူမကို အမြဲတမ်း အားအကောင်းဆုံး တိုက်ခိုက်ရေး အခြေအနေမှာ ရှိနေအောင် လုပ်ထားလို့ ရလေပြီ။

ဒါ့အပြင် ဒီလိုအရာမျိုးသာ တကယ်ရှိနေမယ်ဆိုရင်၊ အင်အားကြီးလာမှာက ငါ့ရဲ့ စာချုပ်ချုပ်ထားတဲ့ သားရဲတွေတင် မဟုတ်ဘူး၊ ရန်သူ့ဘက်က သားရဲတွေလည်း သန်မာလာနိုင်တယ်..။

နောင်တစ်ချိန်မှာ သားရဲတပ်ဖွဲ့ကြီးက ငါ့ကို လာတိုက်တဲ့အခါ သူတို့ရဲ့ ခံနိုင်ရည်က မကုန်ခမ်းနိုင်ဘူးဆိုရင်...။

အဲဒါကတော့ တကယ်ကို ကြောက်စရာ ကောင်းနေပေလိမ့်မည်။

ဒါကြောင့် ဒီအရာကို ငါ့လက်ထဲ ရောက်အောင် အရင်ဦးဆုံး ယူထားရမယ်..။

ဒါက တကယ့် အရင်းအမြစ်ကြောင့် မဟုတ်ဘဲ ဒီနေရာက ထူးခြားနေတာမျိုး ဆိုရင်တော့ အလုပ်ရှုပ်ပြီပေါ့...။

"ငွေရောင်ဘုရင်... မင်း ခုထိ ဘာမှ ထူးထူးခြားခြား မခံစားရသေးဘူးလား"

ရွှီရှင်း ထပ်မေးလိုက်၏။

"အူးးး..."

ငွေရောင်ဘုရင်က မတ်တတ်ထရပ်ပြီး ခေါင်းခါပြရှာသည်။

"ဒါက..."

လီဝမ်ရှီးက စိုးရိမ်တကြီးဖြင့် "ငွေရောင်ဘုရင် ဘာမှ မဖြစ်နိုင်ဘူးမလား"

"... လောလောဆယ်တော့ ကောင်းကျိုးပဲ ရှိပုံရပါတယ်"

ရွှီရှင်းက မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။

ဘာပဲဖြစ်ဖြစ် ချီရွှယ်ဖေးကို အရင်ရှာတာက ပိုအရေးကြီး၏။

တကယ်လို့ ချီရွှယ်ဖေးရဲ့ အိမ်နားရောက်တဲ့အထိ ငွေရောင်ဘုရင်က ဒီလိုပဲ ဖြစ်နေဦးမယ်ဆိုရင်တော့ ဒါက သူ့ရဲ့ ကိုယ်ပိုင်ပြဿနာပင်။

မဟုတ်ဘူးဆိုရင်တော့...

ဒီနယ်မြေတစ်ခုလုံးကို နှံ့နှံ့စပ်စပ် ပြန်ရှာရတော့မှာပင်။

---

လီယာကျွင်းသည် လူနှစ်ဦးနှင့် သားရဲနှစ်ကောင်ကို သစ်ပင်အိမ်ပေါ်မှ ပြန်လည် ချပေးလိုက်၏။

ရွှီရှင်းက ဝံပုလွေပေါ် တက်လိုက်ပြီး သူမကို မှာကြားလိုက်သည်။

"ဒီနေ့အတွင်း ငါတို့ နင့် ကို လာခေါ်မယ်။ အဲဒီအချိန်အတွင်း ပတ်ဝန်းကျင်မှာ ဘာတွေ ထူးခြားလဲဆိုတာကို သေသေချာချာ စောင့်ကြည့်ပေးထားပါ"

"ဟုတ်ကဲ့ပါ"

လီယာကျွင်းက ခေါင်းညိတ်ပြပြီးမှ မနေနိုင်ဘဲ မေးလိုက်သည်။

"ဒီဝံပုလွေကြီးကို ကိုင်ကြည့်လို့ ရမလားဟင်။ သူ့နာမည်က ငွေရောင်ဘုရင် ဆိုတာလား"

"ရတာပေါ့"

ရွှီရှင်းက ခေါင်းညိတ်ပြလိုက်၏။

ငွေရောင်ဘုရင်က ခဲခဲလို ရှက်တတ်တဲ့အမျိုးအစား မဟုတ်ချေ။

သူက ခွေးတစ်ကောင်လိုပဲ ဖော်ရွေတတ်၏။

သူ့အပေါ် ရန်လိုတဲ့စိတ် မရှိဘူးဆိုလျှင် ဘယ်သူမဆို ပွတ်သပ်လို့ ရ၏။

တကယ်တော့ ခွေးတွေဆိုတာ ဝံပုလွေတွေကနေ ဆင်းသက်လာတာ မဟုတ်လား။

ရွှီရှင်း ယဉ်ပါးအောင် မွေးမြူထားတဲ့ ဒီဝံပုလွေဘုရင်ကြီးက ခွေးတစ်ကောင်လို ဖြစ်နေတာကလည်း မဆန်းပါချေ။

"သိပ်ကောင်းတာပဲ... ရှင်တို့က တကယ်ကို သန်မာတာပဲနော်။ ဒီလောက် အားကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ကြတယ်"

လီယာကျွင်းက ငွေရောင်ဘုရင်ရဲ့ ခေါင်းကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

"ကျွန်မက တိရစ္ဆာန်တွေကို တကယ် ချစ်တာ။ ကျွန်မ တက္ကသိုလ်မှာ တက်ခဲ့တဲ့ မေဂျာကလည်း တိရစ္ဆာန် သိပ္ပံ ပဲလေ"

သူမက နှစ်ချက်လောက် ပွတ်သပ်ပြီးနောက် ရွှီရှင်းရဲ့ အချိန်ကို မဖြုန်းချင်တာကြောင့် ချက်ချင်းပဲ လက်ကို ရုပ်လိုက်၏။

"ဪ... ဟုတ်လား"

ရွှီရှင်း သူမကို သေသေချာချာ တစ်ချက် ကြည့်လိုက်မိသည်။

တိရစ္ဆာန် သိပ္ပံဆိုတော့ မွေးမြူရေးနဲ့ ပတ်သက်တာပေါ့..။

ဒါကတော့ တကယ့် ပါရမီရှင်တစ်ယောက်ပင်။

နောင်ကျလျှင်လည်း မွေးမြူရေးလုပ်ငန်းတွေ လုပ်ဖြစ်မှာ သေချာ၏။

တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ အသိပညာက လက်တွေ့မှာ အသုံးမဝင်လှဘူးဆိုစေဦးတော့၊ သူမကသာ စာကို သေသေချာချာ သင်ယူခဲ့သူဆိုလျှင် သီအိုရီပိုင်းမှာတော့ အားကိုးလို့ ရလောက်၏။

မြို့ပေါ်မှာ ကြီးပြင်းပြီး ကြောင်တစ်ကောင်ပဲ မွေးဖူးတဲ့ သူနဲ့တော့ အများကြီး ကွာခြားပေသည်။

ဒါ့အပြင် ရှင်ကျန်သူတွေရဲ့ အသက်အရွယ်က ၁၈ နှစ်ကနေ ၃၀ ကြားပဲ ရှိတာဆိုတော့ ဒီအရွယ်နဲ့ တကယ့် ပညာရှင်ကြီးတွေကို ရှာဖို့ဆိုတာ ခက်လှ၏။

စာနည်းနည်း သင်ဖူးတဲ့သူဆိုရင်တောင် ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပါပြီ။

"ဒါဆိုရင်တော့ နောင်ကျရင် ငါတို့တွေ မွေးမြူရေးလုပ်မယ်ဆိုရင် နင့်ဆီကနေ အကြံဉာဏ်တွေ အများကြီး ယူရမှာပဲ"

ရွှီရှင်းက လီဝမ်ရှီးကို ဝံပုလွေပေါ် ဆွဲတင်ပေးလိုက်သည့်အချိန်တွင် လီဝမ်ရှီးက မြေပြင်ပေါ်က လီယာကျွင်းကို လှမ်းပြောလိုက်သည်။

"ဟို... ကျွန်မ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

လီယာကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်၏။

သူမက ကျောင်းမှာ စာအရမ်းတော်သူ ဖြစ်ပြီး တတိယနှစ်အထိ တက်ခဲ့ဖူးကာ စာအုပ်ထဲက အသိပညာနဲ့ လက်တွေ့လုပ်ငန်းဆိုတာ တခြားစီပင်။

စတုတ္ထနှစ် လက်တွေ့ဆင်းမှု မရှိခဲ့တဲ့ သူမရဲ့ အသိပညာကတော့ စာအုပ်ကြီးအတိုင်းပဲ ရှိနေဦးမှာပင်။

ကံကောင်းတာက သူမက နယ်ဘက်မှာ ကြီးပြင်းခဲ့ပြီး ကြက်၊ ဘဲ မွေးဖူးတဲ့ လက်တွေ့အတွေ့အကြုံ အနည်းငယ် ရှိနေခြင်း ဖြစ်သည်။

"ကျောင်းစာက သိပ်မကာမိဘူးဆိုပေမဲ့လည်း နင်က ငါတို့ထက်တော့ ပိုပြီး ကျွမ်းကျင်မှာပဲလေ"

လီဝမ်ရှီးက ရယ်မောရင်း လက်ဝှေ့ယမ်းပြလိုက်သည်။

"ဒါဆို ငါတို့ သွားတော့မယ်နော်၊ မကြာခင် ပြန်လာခေါ်မယ်။ နင့်ကို သတ္တုတွင်းတွေဆီ ခေါ်သွားရမယ်လေ၊ ဟီးဟီး"

"အင်း ကျွန်မ စောင့်နေပါ့မယ်"

လီယာကျွင်းသည် ဝံပုလွေကြီးကို စီးပြီး ထွက်ခွာသွားသော လူနှစ်ယောက်၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေမိသည်။

"အားကျလိုက်တာ... ဒီလိုကမ္ဘာကြီးမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးနိုင်တဲ့သူ ရှိနေတာက..."

လီယာကျွင်းက အားကျတဲ့ အကြည့်တွေနဲ့ ရေရွတ်လိုက်လေတော့သည်။

---

အခန်း ၂၄၅ ပြီး။

အခန်း (၂၄၆) - ချီရွှယ်ဖေး တစ်ခုခုဖြစ်နေတာလား

လီယာကျွင်းကို နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦး မြောက်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြ၏။

ယခု သူတို့ရောက်နေသော နေရာမှာ ချီရွှယ်ဖေး၏ သစ်ပင်အိမ်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။

အမှန်တော့ ချီရွှယ်ဖေး၏ သစ်ပင်အိမ်မှာ လီယာကျွင်းအိမ်၏ မြောက်ဘက်နှင့် အရှေ့ဘက်ကြား တွင် ရှိနေခြင်းဖြစ်သည်။

အရှေ့မြောက်ဘက်သို့ လှမ်းကြည့်လိုက်လျှင် စိမ်းလန်းစိုပြည်နေသော နယ်မြေတစ်ခုကို လှမ်းမြင်နေရပြီ ဖြစ်၏။

သို့သော် သစ်ပင်အိမ်နှစ်ခုမှာ ထောင့်ဖြတ်အနေအထား ရှိနေသဖြင့် အကွာအဝေးမှာ ၁၂ ကီလိုမီတာထက်မက ပိုဝေးနေပြီး သူတို့၏ အကာအကွယ်နယ်မြေများမှာ ချိတ်ဆက်မိရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ရွှီရှင်းတို့အနေဖြင့် ကြားကနေ တည့်တည့်ဖြတ်သွား၍ မရဘဲ မြောက်ဘက် သို့မဟုတ် အရှေ့ဘက်ကနေ ပတ်သွားကြရမည် ဖြစ်သည်။

သူတို့တွင် ရွေးချယ်စရာ လမ်းကြောင်းနှစ်ခု ရှိသည်။

ပထမတစ်ခုမှာ မြောက်ဘက်သို့ အရင်သွားပြီး မြောက်ဘက်ရှိ သစ်ပင်အိမ်၏ အကာအကွယ်နယ်မြေထဲသို့ ဝင်ကာ၊ ထိုမှတစ်ဆင့် အရှေ့ဘက်ရှိ ချီရွှယ်ဖေး၏ နယ်မြေထဲသို့ သွားရန်ဖြစ်သည်။

ဒုတိယတစ်ခုမှာ အရှေ့ဘက်သို့ အရင်သွားပြီး အရှေ့ဘက်ရှိ သစ်ပင်အိမ်မှတစ်ဆင့် မြောက်ဘက်သို့ တက်ရန်ဖြစ်သည်။

သို့သော် လက်ရှိတွင် အရှေ့ဘက်ရှိ သစ်ပင်အိမ်မှာ လီဝမ်ရှီးအိမ်၏ မြောက်ဘက်တည့်တည့်တွင် ရှိနေပြီး ၎င်းမှာ သေဆုံးသွားပြီဖြစ်သော အိမ်ဖြစ်သည်။

ထိုအိမ်၏ ဟန်ပြအကာအကွယ်နယ်မြေမှာ လီဝမ်ရှီး၏ နယ်မြေနှင့်ပင် မချိတ်ဆက်နိုင်သဖြင့် ချီရွှယ်ဖေး၏ နယ်မြေနှင့်လည်း ချိတ်ဆက်နိုင်ခြေ မရှိပေ။

ထို့ကြောင့် သူတို့သည် မြောက်ဘက်အတိုင်း တောက်လျှောက်သွားရန်သာ ရွေးချယ်လိုက်ကြ၏။

မြောက်ဘက်ရှိ သစ်ပင်အိမ်မှာ ချီရွှယ်ဖေးအိမ်၏ အနောက်ဘက်တွင် ရှိနေခြင်းဖြစ်ပြီး ၎င်းမှာ နယ်မြေ ၁၈၇ မှ ရှင်ကျန်သူတစ်ဦး၏ အိမ်ဖြစ်သည်။

ထိုအိမ်မှာ ရွှီရှင်း လာရောက်ရှင်းလင်းပေးရန် လိုအပ်နေသော အိမ်များထဲမှ တစ်လုံးလည်း ဖြစ်သဖြင့် သူလာရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ပါဝင်နေ၏။

ကံကောင်းထောက်မစွာဖြင့် စောစောက လီယာကျွင်း၏ အိမ်ပေါ်မှ အကဲခတ်ကြည့်ရာ ထိုသစ်ပင်အိမ်မှာ အဆင့် နိမ့်သည်ကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

၎င်းမှာ နှစ်ထပ်သစ်ပင်အိမ်မျှသာ ဖြစ်သဖြင့် အိမ်ရှင်မှာ မာဟုန်ဝေကဲ့သို့ ထိပ်သီးပညာရှင် ဖြစ်နိုင်ခြေ မရှိဘဲ ရှင်းလင်းရသည်မှာလည်း သိပ်ပြီး အားစိုက်စရာ လိုမည်မဟုတ်ပေ။

လမ်းကြုံဝင်ရှင်းလိုက်ပြီး ထိုလူကိုပါ ဖမ်းဆီးကာ ချီရွှယ်ဖေး၏ သစ်ပင်အိမ်တွင် အလုပ်သမားအဖြစ် ခိုင်းစေရန်သာ သူ စဉ်းစားထားတော့၏။

"ဒါနဲ့ ရွှီရှင်း... ငါတို့ ပြန်သွားတဲ့အခါကျရင် ဘယ်လိုလုပ်ကြမလဲ"

လီဝမ်ရှီးက ရုတ်တရက် ရွှီရှင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဟင် ဘာကို ဘယ်လိုလုပ်မှာလဲ"

ရွှီရှင်းက လီဝမ်ရှီး ဘာကို ဆိုလိုမှန်းမသိဘဲ ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"လီယာကျွင်းအကြောင်းကို ပြောတာလား။ အပြန်ကျရင် ဒီလမ်းကနေပဲ ပြန်လာပြီး သူမကို တစ်ပါတည်း ခေါ်သွားမှာပေါ့"

"ဒါဆို ရှင့်ဆိုလိုရင်းက... ကျွန်မတို့အားလုံးကို အိမ်ကို အရင်ပြန်ပို့ပြီးမှ ရှင်က ရှင့်အိမ်ကို ပြန်မှာလား"

"... မင်းက ငါ့အိမ်ကို ပတ်သွားချင်နေတာ မဟုတ်လား"

ရွှီရှင်း သဘောပေါက်သွား၏။

လီယာကျွင်းပါလာလျှင် သူ့အိမ်ကို လိုက်မကြည့်ရတော့မှာကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။

"အင်းလေ... နောက်တစ်ခါ ဘယ်တော့မှ ပြန်ဆုံဦးမလဲ မသိဘူးဟာ..."

လီဝမ်ရှီးက သူ့ရင်ခွင်ထဲ မှီလိုက်ရင်း "ရှင့်အိမ်ကို မြင်ဖူးချင်တယ်..."

"နောက်တစ်ခါ ဘယ်တော့မှ ဆုံမလဲ ဟုတ်လား"

ရွှီရှင်း ခဏမျှ ကြောင်သွားပြီးမှ ရယ်မောလိုက်သည်။

"ငါ မင်းကို ပြောဖို့ မေ့သွားတာ၊ ဒီည ငါတို့အိမ်တွေကို ချိတ်ဆက်ဖို့ တည်နေရာကူးပြောင်းစက်ကို ငါ လုပ်ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် ဒီညကစပြီး ငါတို့က အိမ်နီးချင်းတွေလို ဖြစ်သွားမှာပါ"

"... တကယ်လား"

လီဝမ်ရှီးက ရုတ်တရက် သူ့ကို လှည့်ကြည့်လာရာ သူမ၏ လှပသော မျက်နှာလေးမှာ အံ့သြဝမ်းသာမှုများဖြင့် ပြည့်နှက်နေတော့သည်။

"တကယ်ပေါ့။ မနက်ဖြန် မင်းအိမ်ရဲ့ တောင်ဘက်က လူကို ရှင်းဖို့ဆိုရင် တည်နေရာကူးပြောင်းစက်က မရှိမဖြစ် လိုအပ်တာလေ။ အဲဒါကြောင့် ဒီညကို အပြီးလုပ်ရမှာပေါ့"

ရွှီရှင်းသည် မာဟုန်ဝေကို သူ ဘယ်လိုလှည့်စားခဲ့သလဲဆိုသည့် အကြောင်းနှင့် မနက်ဖြန် ဘာတွေလုပ်မည်ဆိုသည့် သူ၏ အစီအစဉ်ကို လီဝမ်ရှီးအား ပြောပြလိုက်၏။

"ဝါး... ရှင်ကတော့... တကယ်ကို ပါးနပ်တာပဲ"

လီဝမ်ရှီးက မျက်လုံးလေး အဝိုင်းသားဖြင့် သူ့ကို ကြည့်နေမိသည်။

သူမ၏ ဖြူစင်သော နှလုံးသားမှာ နောက်ထပ်တစ်ကြိမ် ထိခိုက်သွားရပြန်ပြီ။

"ရှင်... ရှင်... ရှင်က လိမ်ရတာကို တကယ်ကျွမ်းကျင်တာပဲနော်။ ကျွန်မတောင် မသိလိုက်ဘူး"

"အီး"

သူမရင်ခွင်ထဲက ခဲခဲကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းကို အားရပါးရ ညိတ်ပြနေ၏။

"ငါ မင်းကိုတော့ တစ်ခါမှ မလိမ်ဖူးပါဘူး"

ရွှီရှင်းက ပြုံးလျက် ပြောလိုက်သည်။

"ဟွန်း... ဘယ်သူသိမှာလဲ။ အခုတော့ ရှင့်အိမ်မှာရှိတဲ့ လုဖေးအာ ဆိုတဲ့ မိန်းကလေးကို ကျွန်မ တကယ်တွေ့ချင်သွားပြီ။ ဒါတွေအားလုံးကို သူမက ရှင့်ကို သင်ပေးတာ မဟုတ်လား"

"သူမက ငါ့ကို ဘာသင်ပေးရမှာလဲ။ ငါက ပင်ကိုယ်ပါရမီ ရှိတာပါ၊ ငါ့ဘာသာငါ တတ်မြောက်လာတာနော် သိလား"

ရွှီရှင်းက ချက်ချင်း ငြင်းဆိုလိုက်၏။

"အော်... ဒါဆို ရှင်က ပင်ကိုယ် လိမ်ရတာကို ကျွမ်းကျင်တာပေါ့"

လီဝမ်ရှီးက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"ငါ အဲဒီလို မပြောပါဘူး"

ရွှီရှင်း သက်ပြင်းချလိုက်မိ၏။

ဘုရားရေ... ဘာပြောပြော အမှားဖြစ်နေတော့တာပဲ..။

"ဟွန်း... ဒါဆို ဒီည ဘယ်လိုလုပ်ကြမလဲ။ ရှင့်အိမ်ကို လိုက်ကြည့်လို့ ရသေးလား"

လီဝမ်ရှီးက ဆက်ပြီး မရစ်တော့ဘဲ ရွှီရှင်း၏ ရင်ခွင်ထဲ ပြန်မှီလိုက်ကာ မေးလိုက်သည်။

"အင်း... မင်း ငါ့အိမ်ကို အရင်လိုက်ခဲ့လို့ ရပါတယ်။ ငါ တည်နေရာကူးပြောင်းစက် လုပ်တာကို စောင့်ပြီးမှ မင်းကို ငါကိုယ်တိုင် ပြန်လိုက်ပို့ပေးမယ်။ တကယ်တော့ ဒါက အကောင်းဆုံး နည်းလမ်းပဲ"

အခု တည်နေရာကူးပြောင်းစက်ကို မလုပ်ရသေးတာကြောင့် ကုန်သွယ်မှု ကဏ္ဍကနေတစ်ဆင့် ပို့လို့ရမလားဆိုတာ ရွှီရှင်း မသေချာသေးပေ။

တကယ်လို့ ကုန်သွယ်လို့ရပြီး တစ်ဖက်လူက အသုံးပြုနိုင်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေမှာပင်။

သူ တိုက်ရိုက် ပို့ပေးလိုက်ပြီး တစ်ဖက်လူက နေရာချလိုက်ရင် သူက တိုက်ရိုက် ကူးပြောင်းသွားရုံပဲ မဟုတ်လား...။

ဒါပေမဲ့ ရွှီရှင်းက တည်နေရာကူးပြောင်းစက်ရဲ့ ဖော်ပြချက်ကို ပြန်စဉ်းစားမိလိုက်၏။

[တည်နေရာကူးပြောင်းစက် (အပြာရောင်အဆင့်): ညီညာသော မည်သည့် မျက်နှာပြင်ပေါ်တွင်မဆို ထားရှိနိုင်သည်။ မဟာမိတ် သို့မဟုတ် ကြားနေအဆင့်အတန်းရှိသူ မည်သူမဆို ဖန်တီးသူ၏ ခွင့်ပြုချက်ဖြင့် ကူးပြောင်းစက်များအကြား ကူးပြောင်းသွားလာနိုင်သည်။]

ဖော်ပြချက်မှာ နေရာချသူ လို့ မသုံးဘဲ ဖန်တီးသူ လို့ သုံးထားတာကြောင့်၊ ဒီကူးပြောင်းစက်ကို နေရာချဖို့နဲ့ ချိန်ညှိဖို့အတွက် ဖန်တီးသူဖြစ်တဲ့ သူကိုယ်တိုင်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပေလိမ့်မည်။

ပြီးမှပဲ ကုန်သွယ်လို့ရမရ စစ်ကြည့်ရတော့မည်။

တကယ်လို့ မရဘူးဆိုရင်တော့ သူကိုယ်တိုင် လိုက်ပြီး နေရာချပေးရပေလိမ့်မည်။

သို့သော် ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ကုန်သွယ်၍ ရနိုင်ခြေ မရှိပေ။

ဘာပဲဖြစ်ဖြစ် ဒါက အပြာရောင်အဆင့် အရင်းအမြစ် တစ်ခုမျှသာ ဖြစ်သော်လည်း ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှသည်။

တကယ်လို့ ဒါကို ကုန်သွယ်ပြီး နေရာချလို့ရမယ်ဆိုရင် သူသွားချင်တဲ့ နေရာတိုင်းကို တည်နေရာကူးပြောင်းစက် တစ်ခု ပို့လိုက်ရုံနဲ့ ရနေမှာ ဖြစ်ရာ ဒါက အဆမတန် အားကောင်းလွန်းနေပေလိမ့်မည်။

ဒါကြောင့် သူတို့ကို သူ့အိမ်မှာ ခဏစောင့်ခိုင်းပြီး အလှဆင်မှုအဆင့်ကို မြှင့်ကာ တည်နေရာကူးပြောင်းစက်ကို အရင်လုပ်လိုက်တာက ပိုကောင်းပါလိမ့်မည်။

မဟုတ်လျှင် သူတို့ကို အရင်ပြန်ပို့၊ ပြီးမှ သူ့အိမ်ပြန်ပြီး ကူးပြောင်းစက်လုပ်၊ ပြီးသွားရင် သူတို့ဆီ ကူးပြောင်းစက် သွားပို့ဆိုရင် သူ နှစ်ခေါက် သွားနေရမှာ မဟုတ်ပါလား။

---

အခန်း ၂၄၆ ပြီး။

All Chapters