အခန်း (၂၄၇-၂၄၈)
Vol. 17 Ch. 247-248
အခန်း (၂၄၇) - ချီရွှယ်ဖေး တစ်ခုခု ဖြစ်နေတာလား (၂)
"ဒါလည်း ကောင်းတာပဲ။ ကျွန်မလည်း ရှင် အဂ္ဂိရတ်ပညာနဲ့ ဘယ်လို ပေါင်းစပ်ဖန်တီးလဲဆိုတာ ကြည့်ချင်နေတာ"
လီဝမ်ရှီးက စိတ်အားထက်သန်စွာ ပြောလိုက်၏။
"အဂ္ဂိရတ်ပညာဆိုတာ နာမည်ကသာ ဆန်းနေတာပါ၊ တကယ်တော့ ပစ္စည်းထုတ်လုပ်တာနဲ့ သိပ်မခြားနားပါဘူး"
သူတို့ စကားပြောနေစဉ်မှာပင် ငွေရောင်ဘုရင်က အရှိန်အဟုန်ဖြင့် တောအုပ်ထဲတွင် ဖြတ်သန်းပြေးလွှားနေဆဲပင်။
ရွှီရှင်းကတော့ စကားပြောရင်းနှင့် ငွေရောင်ဘုရင်၏ ကိုယ်ပေါ်ရှိ သွေးစင်းများကို မပြတ်စောင့်ကြည့်နေမိသည်။
ထိုနယ်မြေထဲမှ ထွက်လာပြီးနောက် ငွေရောင်ဘုရင်၏ သွေးစင်းများမှာ တဖြည်းဖြည်း ပြန်မှိန်သွားပြီး ယခုအခါ မူလအတိုင်း ပုံမှန် ပြန်ဖြစ်သွားချေပြီ။
ဒီတော့... အဲဒီနယ်မြေမှာ တကယ်ပဲ တစ်ခုခု မှားယွင်းနေတာပေါ့။
ရွှီရှင်း နောက်သို့ လှည့်ကြည့်လိုက်ရာ ခြောက်သွေ့နေသော ပတ်ဝန်းကျင်တွင် လီယာကျွင်း၏ သစ်ပင်အိမ်ရှိရာ နေရာလေးကသာ စိမ်းလန်းစိုပြည်လျက် ကျန်ရစ်ခဲ့၏။
အပြန်ကျလျှင်တော့ ဤနယ်မြေကို သေသေချာချာ ပြန်ရှာရပေလိမ့်မည်။
တောအုပ်တစ်ခုလုံးမှာ ခြောက်သွေ့တိတ်ဆိတ်နေဆဲပင်။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကိုစီးကာ ဤနယ်မြေတစ်ခုလုံးနီးပါးကို နှံ့အောင် လျှောက်သွားခဲ့ပြီးပြီ ဖြစ်သည်။
သစ်ပင်အိမ်များမှအပ ကျန်သည့်နေရာများတွင် သစ်ပင်ခြောက်များနှင့် သစ်ရွက်ခြောက်များသာ ရှိနေပြီး တိရစ္ဆာန်ကြီးကြီးမားမား တစ်ကောင်ကိုမျှ မတွေ့ရပေ။
အရွက်တွေ စကြွေခါစတုန်းကတော့ မြင်ကွင်းက ရှင်းလင်းပြီး ပတ်ဝန်းကျင်က သစ်ပင်အိမ်တွေကို အတိုင်းသား မြင်နေရတာမို့ စိတ်ထဲမှာ လန်းဆန်းသလို ခံစားခဲ့ရသော်လည်း၊ အခုလို အချိန်အကြာကြီး မြင်နေရတဲ့အခါမှာတော့ ဒီခြောက်ကပ်ကပ် မြင်ကွင်းက လူကို ပိုပြီး အထီးကျန်သလို ခံစားရစေသည်။
ဒါပေမဲ့ ဒါက ကောင်းတဲ့အချက်လည်း ဖြစ်နိုင်ပါတယ်..။
ဒီလို အခြေအနေမျိုးက နယ်မြေတူ ရှင်ကျန်သူတွေကို ငါတို့ဆီ ပိုပြီး အားကိုးလာအောင် တွန်းအားပေးသလို ဖြစ်နေတာကိုး...။
ယခုအခါ သူတို့နှစ်ဦးမှာ မြောက်ဘက်ရှိ သစ်ပင်အိမ်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။
၎င်းမှာ ချီရွှယ်ဖေးအိမ်၏ အနောက်ဘက်တွင် ရှိနေပြီး နှစ်ကီလိုမီတာ သို့မဟုတ် သုံးကီလိုမီတာခန့်သာ ဝေးတော့သည်။
ဤပတ်ဝန်းကျင်သည်လည်း ထူးခြားသော အရင်းအမြစ်များ မရှိသည့် ခြောက်သွေ့နယ်မြေသာ ဖြစ်သည်။
လီဝမ်ရှီးသည် ရွှီရှင်းကို မှီထားရင်း သူမ၏ နာရီကို ဖွင့်ကာ အဖွဲ့ထဲက စာများကို စစ်ဆေးလိုက်၏။
"ဟာ... ကျိချောင်းယန် ရောက်သွားပြီပဲ"
လီဝမ်ရှီးက အံ့သြတကြီး အော်လိုက်၏။
"ဟင်။ ဒီလောက်တောင် မြန်တာလား။ သူ ချီရွှယ်ဖေးနဲ့ တွေ့ပြီလား။"
ရွှီရှင်း အနည်းငယ် အံ့သြသွားမိသည်။
"အင်း... တွေ့တော့ မတွေ့သေးဘူး ထင်တယ်၊ ဒါပေမဲ့ သူ ချီရွှယ်ဖေးရဲ့ အကာအကွယ်နယ်မြေထဲကို ရောက်သွားပြီတဲ့။ ပြီးတော့ သူက နယ်မြေ ၁၈၇ က ရှင်ကျန်သူတစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာတယ်လို့ ပြောတယ်။"
လီဝမ်ရှီးက ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ - "ကျွန်မတို့ကကျတော့ လူနှစ်ယောက်တောင် ဖြစ်နေတာကို သူတို့ထက် အများကြီး နှေးနေတာပဲ..."
နယ်မြေ ၁၈၇ က ရှင်ကျန်သူတစ်ယောက်ကို ခေါ်လာတယ် ဟုတ်လား။
သူက ဒေသတွင်း ခြိမ်းခြောက်မှုကို ဖြေရှင်းပြီးသွားပြီပေါ့။
ကျိချောင်းယန်၏ လုပ်ဆောင်ချက်က သူတို့ထက် အဆမတန် မြန်ဆန်လှသည်။
ဘာမှမတတ်နိုင်ပေ။
သူတို့နှစ်ဦးမှာ လီဝမ်ရှီး၏ အိမ်မှာလည်း အချိန်အတော်ကြာ နေခဲ့မိသလို၊ တောင်ဘက်က မာဟုန်ဝေဆီမှာလည်း အချိန်ဖြုန်းခဲ့မိသည်။
လီယာကျွင်းဆီမှာလည်း ကြန့်ကြာခဲ့သေးသဖြင့် ကျိချောင်းယန်ထက် နှေးကွေးသွားခြင်းမှာ မဆန်းလှပေ။
ငွေရောင်ဘုရင်ကို သူ ထိန်းကျောင်းနေစရာ မလိုသဖြင့် ရှေ့ကိုပဲ အမြဲ စိုက်ကြည့်နေစရာ မလိုချေ။
ထို့ကြောင့် ရွှီရှင်းသည်လည်း သူ၏ နာရီကို ဖွင့်ကာ စူးစမ်းရှာဖွေသူများ ၏ မှတ်တမ်းများကို စစ်ဆေးလိုက်သည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က ကျိချောင်းယန် စာပို့ထားခဲ့ခြင်း ဖြစ်သည်။
ကျိချောင်းယန် : "ချီရွှယ်ဖေးအိမ်ရဲ့ အရှေ့ဘက် နယ်မြေ ၁၈၇ က ရှင်ကျန်သူကို ငါ ဖြေရှင်းလိုက်ပြီ။ သူ့အိမ်မှာ ချပ်ဝတ်တန်ဆာရော၊ မြှားသေနတ် ရော မရှိတော့ ကိုင်တွယ်ရတာ လွယ်ကူပါတယ်။ သူကလည်း တော်တော် သတိကြီးတဲ့သူမို့ သစ်ပင်အိမ်ကို တူးထုတ်ပြီး ငါ့နောက်ကို လိုက်ဖို့ ချက်ချင်း သဘောတူခဲ့တယ်။ အခု ငါ သူ့ကို ချီရွှယ်ဖေးရဲ့ သစ်ပင်အိမ်ဆီ ခေါ်သွားနေပြီ"
ဝမ်လေ့ : "ဝါး... အစ်ကိုချောင်းယန်ကတော့ တကယ့်ကို အထင်ကြီးစရာပဲဗျာ။ ချီရွှယ်ဖေးအတွက် တစ်ယောက်တောင် ရှင်းပေးပြီးပြီလား။ ကျွန်တော်ဆိုရင် ခုထိတောင် မရောက်သေးဘူး"
ဝမ်ကွေ့ရှင်း : " နင့်ကို ငါ မြန်မြန်ပြေးပါလို့ ပြောထားတယ်လေ။ နင် ဒီလိုမျိုး လမ်းလျှောက်နေရင် ငါတို့ ဘယ်လိုဆုံကြမှာလဲ"
ဝမ်လေ့ : "အာ... လမ်းမှာ ဂူတစ်ခု တွေ့လို့ ဘာအရင်းအမြစ်တွေ ရှိမလဲဆိုပြီး ဝင်ကြည့်နေတာပါ။ တစ်ဝက်လောက် တူးကြည့်တာ ဘာမှမတွေ့လို့ အချိန်တွေပဲ ကုန်သွားတယ်"
လီဝမ်ရှီးက ဝမ်လေ့၏ စကားကို ကြားသောအခါ သူမ၏ နာရီထဲသို့ ချက်ချင်း ပြောလိုက်သည်။
"ကျောက်တုံးနဲ့ သတ္တုအရင်းအမြစ် ကိစ္စတွေကို ငါ့ကိုပဲ လွှဲထားလိုက်ပါ။ နင် အဲဒီအတွက် အချိန်တွေ ထပ်မဖြုန်းနဲ့တော့"
ကျောက်ရှောင်ချွမ်း : "ထောက်ခံတယ်။ အလှလေး ဝမ်ရှီးက ဒီဘက်မှာ ကျွမ်းကျင်ပြီးသားပဲဟာကို။ သူမ တစ်ချက်ကြည့်လိုက်တာက မင်း တစ်နေ့လုံး တူးနေတာထက် ပိုထိရောက်တယ်လေ။ ဘာလို့ အားစိုက်ထုတ်နေတာလဲ"
ဝမ်လေ့ : "ဒါပေမဲ့... မမဝမ်ရှီးက ကျွန်တော့်ဘက်ကိုမှ လာလို့မရတာ"
ရွှီရှင်း : "ဒီညကျရင် တည်နေရာကူးပြောင်းစက်ကို ငါ အပြီးလုပ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့နေရာတွေကြားမှာ ကူးလူးဆက်သွယ်လို့ ရသွားမှာပါ"
ချင်ယွန်လုံ : "ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ။ ငါနဲ့ ငါ့ညီလည်း အခုပဲ ဆုံမိကြပြီ။ ဒီမှာ... သစ်ပင်စောင်းစောင်းကြီး ရှိတဲ့ တောင်ခြေရင်းမှာလေ။ ဒါနဲ့ ဝမ်ကွေ့ရှင်းက ဘာလို့ ခုထိ မရောက်သေးတာလဲ"
ဝမ်ကွေ့ရှင်း : "ဟင် ငါလည်း တောင်ခြေရင်းမှာပဲလေ။ နင်တို့က အရှေ့ဘက်မှာလား"
ချင်ယွန်လုံ : "... အနောက်ဘက်"
ဝမ်ကွေ့ရှင်း : "အိုကေ... ငါ အခုပဲ လာခဲ့မယ်"
ကျောက်ရှောင်ချွမ်း : "... အားကျလိုက်တာဗျာ"
ရွှီရှင်း တစ်ခုခုကို သတိပြုမိသွား၏။
နယ်မြေချန်နယ်မှာ လူတွေ အများကြီး စကားပြောနေကြပြီး ကျိချောင်းယန်ကတောင် သူ ချီရွှယ်ဖေးရဲ့ နယ်မြေထဲ ရောက်နေပြီလို့ ပြောနေတာတောင်၊ ချီရွှယ်ဖေးဘက်က ဘာပြန်စာမှ မတက်လာခြင်းပင်။
"ဘာဖြစ်တာလဲ"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
မကောင်းတဲ့ အတိတ်နိမိတ်တစ်ခုကို သူ ခံစားလိုက်ရ၏။
"ချီရွှယ်ဖေး တစ်ခုခု ဖြစ်နေတာလား"
"ဟုတ်တယ်"
လီဝမ်ရှီးလည်း စိုးရိမ်သွားပုံရသည်။
"ဘာဖြစ်လို့လဲ မသိဘူး၊ မမရွှယ်ဖေး ဘာလို့ စာမပြန်တာလဲ။ ကျွန်မ သူမဆီ သီးသန့်စာ ပို့ထားတာလည်း အကြောင်းမပြန်ဘူး"
ရွှီရှင်း မျက်လုံးကို မှေးကာ စဉ်းစားလိုက်၏။
အရှေ့ဘက်က အန္တရာယ်ကိုတော့ ကျိချောင်းယန်က ရှင်းပေးလိုလေပြီ။
ချီရွှယ်ဖေးကိုယ်တိုင် ပြောပြချက်အရဆိုရင် သူမအိမ်ရဲ့ တောင်ဘက်နဲ့ မြောက်ဘက် ၁၀ ကီလိုမီတာ ပတ်လည်မှာ စိမ်းလန်းတဲ့နေရာတွေ မရှိဘူးလို့ ဆိုထားတာကြောင့်၊ တောင်နဲ့ မြောက်က ခြိမ်းခြောက်မှု မရှိနိုင်ပေ။
အဲဒီက အိမ်တွေက သေဆုံးသွားတာ ကြာလှချေပြီ။
ဒါဆိုရင် သူမ အန္တရာယ်တွေ့နိုင်တာက တစ်နေရာပဲ ရှိတော့သည်။
ရွှီရှင်းသည် သူတို့နှင့် တစ်ကီလိုမီတာပင် မဝေးတော့သည့် နှစ်ထပ်သစ်ပင်အိမ်ကို လှမ်းကြည့်လိုက်၏။
ထို့နောက် သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရ၏။
ထိုသစ်ပင်အိမ်ပေါ်တွင် မြှားပစ်စက်ကြီး အမြောက်အမြား တပ်ဆင်ထားသည်ကို သူ ခပ်ရေးရေး မြင်လိုက်ရခြင်းကြောင့်ပင်။
"ငွေရောင်ဘုရင်... အရှိန်မြှင့်လိုက်"
မထင်မှတ်ထားစရာပင်။
ဒီသစ်ပင်အိမ်မှာ ဒီလောက်အထိ မြှားပစ်စက် တွေ အများကြီး တပ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ငါ တကယ် အမှားလုပ်မိတာပဲ..။
နှစ်ထပ်သစ်ပင်အိမ်ဆိုတော့ ဒီရှင်ကျန်သူက သိပ်မသန်မာတဲ့ သာမန်လူပဲလို့ သူ ထင်မှတ်ခဲ့မိတာကိုး..။
ဒါပေမဲ့ သစ်ပင်အိမ်ရဲ့ အဆင့်ဆိုတာ အစပိုင်းက ကံကောင်းမှုအပေါ်မှာ အများကြီး မူတည်တယ်ဆိုတာကို သူ မေ့သွားခဲ့သည်။
ကံမကောင်းတဲ့သူအချို့က အရင်းအမြစ်ဇုန်တွေကို ရှာမတွေ့တာကြောင့် သစ်ပင်အိမ်ကို အဆင့်မမြှင့်နိုင်ကြပေမဲ့၊ ဒါက နောက်ပိုင်း လှုပ်ရှားမှုတွေမှာ သူတို့က တခြားသူတွေထက် ညံ့ဖျင်းတယ်လို့ မဆိုလိုချေ။
ဒါ့ကြောင့် နှစ်ထပ်သစ်ပင်အိမ် ပိုင်ရှင်ဟာ အားနည်းတဲ့သူလို့ ပြောလို့မရပါချေ။
အထူးသဖြင့် ဒီနယ်မြေမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာကြောင့် ဒီလူကလည်း သန်မာတဲ့ ရှင်ကျန်သူတစ်ယောက် ဖြစ်နေနိုင်ခြေ ရှိ၏။
သစ်ပင်အိမ်မှာ မြှားပစ်စက် တွေ တပ်ဆင်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ တောအုပ်ထဲမှာ ငွေရတနာသေတ္တာ တစ်လုံးလောက် ရှာတွေ့ထားမှ ရမှာပါ။
နယ်မြေ ၁၈၈ မှာဆိုရင် ဒီလိုလူမျိုး ၉ ယောက်ပဲ ရှိပြီး အဲဒါက စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေပဲ ဖြစ်သည်။
ဟုတ်ပေသည်၊ ဒီလူကလည်း လီယာကျွင်းလို နယ်မြေ ၁၈၇ က တခြားသူတွေဆီကနေ ဝယ်ယူထားတာလည်း ဖြစ်နိုင်ပေမဲ့၊ နယ်မြေ ၁၈၇ က လူတွေရဲ့ စရိုက်က တစ်ယောက်ကိုတစ်ယောက် ကူညီချင်စိတ် မရှိတာကြောင့် သူများဆီကနေ ဒီလောက်အများကြီး ဝယ်ဖို့ဆိုတာ မလွယ်လှပေ။
ဒါ့အပြင် သစ်ပင်အိမ်တစ်ခုလုံးကို မြှားပစ်စက် တွေနဲ့ အပြည့်တပ်ဆင်ထားနိုင်တယ်ဆိုတာက၊ ဒါဟာ သူကိုယ်တိုင် ငွေရတနာသေတ္တာကနေ ရလာတဲ့ စွမ်းရည်တစ်ခု ဖြစ်နိုင်ခြေ အလွန်များ၏။
ရွှီရှင်း၏ အာရုံခံနိုင်စွမ်းအရ ထို မြှားပစ်စက်များမှာ အစိမ်းရောင်အဆင့် အလင်းတန်းများသာ ထွက်နေ၏။
ကံကောင်းတာက အစိမ်းရောင်အဆင့်တွေမို့လို့ အန္တရာယ် မကြီးလှတာပါပဲ။
"မြှားပစ်စက် တွေ အများကြီးပဲ"
လီဝမ်ရှီးသည်လည်း ရှေ့က သစ်ပင်အိမ်ကို မြင်လိုက်ရပြီးနောက် ငွေရောင်ဘုရင်ပေါ်ကနေ ပြုတ်မကျအောင် ရွှီရှင်းရဲ့ လက်မောင်းကို တင်းတင်းဖက်ထားရင်း အံ့သြတကြီး ရေရွတ်လိုက်၏။
"ငါ့အိမ်ကထက်တောင် ပိုများသေးတယ်"
မှန်ပေသည်။ ဤ မြှားပစ်စက်အရေအတွက်မှာ လုဖေးအာ၏ အိမ်က အစောင့်အကြပ်တွေနဲ့တောင် ယှဉ်နိုင်လောက်သည်။
သတိထားပြီး ချဉ်းကပ်ရမယ်...။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို မီတာရာဂဏန်းအကွာမှာတင် ရပ်ခိုင်းလိုက်ပြီး အောက်သို့ ဆင်းလိုက်၏။
စောစောက စိုးရိမ်ခဲ့သည့်အတိုင်း ငွေရောင်ဘုရင်ကို ရန်သူလို့ သတ်မှတ်ပြီး သစ်ပင်အိမ်က အလိုအလျောက် ပစ်ခတ်လိုက်မှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
အကယ်၍ အလိုအလျောက်စနစ်သာ ဖွင့်ထားမယ်ဆိုရင် ဒီလောက်များပြားတဲ့ မြားမိုးတွေကြားမှာ သူတို့အတွက် အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလား။
"ဒီမှာပဲ နေခဲ့၊ ငါ သွားကြည့်လိုက်ဦးမယ်"
ရွှီရှင်းက လိုက်ဆင်းလာမည့် လီဝမ်ရှီးကို တားလိုက်ပြီး၊ သူ့ပုခုံးပေါ် ခုန်တက်လာသော ခဲခဲကိုလည်း ဝံပုလွေကျောပေါ်သို့ ပြန်တင်ပေးလိုက်သည်။
"ဟင့်အင်း။ ငါလည်း လိုက်မယ်။"
လီဝမ်ရှီးက ဒီတစ်ခါတော့ သူ့စကားကို နားမထောင်ဘဲ ငွေရောင်ဘုရင်ပေါ်ကနေ ဆင်းလိုက်ကာ ရွှီရှင်းရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။
"မမရွှယ်ဖေးက အနောက်ဘက်ကို အရင်ကြည့်မယ်လို့ ပြောခဲ့တာလေ၊ အဲဒါ ကျွန်မတို့ဘက် မဟုတ်လား။ အခု သူမ အဆက်အသွယ် ပြတ်နေတာက ဒီအိမ်ကလူနဲ့ ပတ်သက်နေမှာ သေချာတယ်"
"အီး"
ခဲခဲကလည်း လိုက်ချင်ကြောင်း အော်နေ၏။
လီဝမ်ရှီးသည် စိုးရိမ်ထိတ်လန့်နေသော်လည်း ရန်သူက သူတို့ဘက်က အသံတွေကို ကြားသွားမှာစိုးသဖြင့် သူမ၏ အသံကို တမင်နှိမ့်၍ ပြောနေခြင်း ဖြစ်သည်။
"... ကောင်းပါပြီ၊ ဒါပေမဲ့ ငါ့အနားမှာပဲ ကပ်နေနော်။ လျှောက်မပြေးရဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ရဘူး၊ ကြားလား"
ရွှီရှင်းက သူမကို သေချာ မှာလိုက်ပြီး ခဲခဲဘက်သို့ လှည့်ကာ "မင်းလည်း အတူတူပဲ၊ ငြိမ်ငြိမ်နေ၊ အသံမထွက်နဲ့၊ နားလည်လား" ဟု သတိပေးလိုက်သည်။
ခဲခဲက အန္တရာယ်တွေကို ကြိုတင်အာရုံခံနိုင်တာမို့ သူမကို ခေါ်သွားတာကလည်း အကျိုးရှိနိုင်သည် မဟုတ်ပါလား။
"အီး"
"အင်း။ နားလည်ပါပြီ၊ ရှင့်နောက်ကပဲ လိုက်ခဲ့ပါ့မယ်၊ မြန်မြန်သွားကြရအောင်"
---
အခန်း ၂၄၇ ပြီး။
အခန်း (၂၄၈) - ချီရွှယ်ဖေး၏ အကျပ်အတည်း
မာဟုန်ဝေ၏ သစ်ပင်အိမ်သို့ ချဉ်းကပ်ခဲ့စဉ်ကကဲ့သို့ပင်၊ ရွှီရှင်းသည် အသံမထွက်စေရန် သစ်ရွက်ခြောက်များ နည်းပါးသော နေရာများကိုသာ ရွေးချယ်နင်းရင်း မီတာ သုံးလေးရာခန့်သာ ဝေးတော့သည့် သစ်ပင်အိမ်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
လီဝမ်ရှီးကလည်း ရွှီရှင်း၏ ခြေရာအတိုင်း ထပ်ချပ်မကွာ လိုက်ပါလာပြီး သတိကြီးစွာ လှုပ်ရှားနေ၏။
ရုတ်တရက် ရွှီရှင်း၏ ပုခုံးပေါ်တွင် ရှိနေသော ခဲခဲမှာ အနည်းငယ် လှုပ်ရှားသွားသည်။
ရွှီရှင်း၏ သတိပေးချက်ကို မှတ်မိနေပုံရပြီး သူမသည် အောက်သို့ ခုန်မဆင်းဘဲ သူမ၏ လက်သည်းလေးများဖြင့် ရှေ့က လေထုကို အသာအယာ ကုပ်ခြစ်ပြကာ ရွှီရှင်း၏ နားနားတွင် တိုးတိုးလေး အသံပြုလိုက်၏။
ရွှီရှင်းမှာ ပို၍ သတိထားကာ ခြေလှမ်းလိုက်ပြီး လီဝမ်ရှီးကို တိုးတိုးလေး သတိပေးလိုက်သည်။
"ရှေ့မှာ လူတွေ ရှိနေတယ်၊ သတိထားနော်"
မကြာမီမှာပင် သစ်ရွက်များကြားမှတစ်ဆင့် သစ်ပင်အိမ်အောက်ခြေက မြင်ကွင်းကို သူတို့ မြင်လိုက်ရတော့သည်။
"အဲဒါ... မမရွှယ်ဖေးပဲ"
လီဝမ်ရှီးက ရွှီရှင်း၏ နောက်ကနေ အံ့သြတကြီး တိုးတိုးလေး ရေရွတ်လိုက်၏။
ရွှီရှင်း၏ မျက်ခုံးများ အနည်းငယ် လှုပ်သွားရသည်။
ဤသစ်ပင်အိမ်၏ ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းရှိ သစ်ပင်များမှာ အကုန်ခုတ်လှဲခံထားရပြီး ကွင်းပြင်ကြီး ဖြစ်နေသည်။
၎င်းမှာ ရွှီရှင်းနှင့် လီဝမ်ရှီးတို့၏ ရွေးချယ်မှုနှင့် ဆင်တူလှ၏။
သစ်ပင်အိမ်နှင့် မီတာ ၂၀ ခန့်အကွာတွင် အပြာရောင်အဆင့် သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးမှာ မြေပြင်ပေါ်တွင် ထိုင်လျက် အမောတကော အသက်ရှူနေရရှာသည်။
သူမ၏ မျက်နှာမှာ အားစိုက်ထားရသဖြင့် နီရဲနေပြီး ရင်ဘတ်ကို နာကျင်စွာ ဆုပ်ကိုင်ထားရင်း တစ်ချက်တစ်ချက် ချောင်းဆိုးနေ၏။
သူမ၏ ပတ်ဝန်းကျင်တွင် အနည်းဆုံး လေးမြား အစင်း ၂၀ ခန့် မြေပြင်၌ စိုက်နေပြီး အချို့မှာတော့ ဟိုတစ်စ ဒီတစ်စ လဲနေကြသည်။
ထိုမြားများ၏ ထိပ်ဖျား သစ်သားပိုင်းများမှာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေချေပြီ။
ရွှီရှင်းသည် ချီရွှယ်ဖေးကို တစ်ခါမှ မမြင်ဖူးသော်လည်း ထိုအပြာရောင်အဆင့် သံမဏိချပ်ဝတ်တန်ဆာမှာ ယနေ့ သူကိုယ်တိုင် ပြုလုပ်ပေးထားသည့် အစုံဖြစ်ကြောင်း သေချာပေါက် သိလိုက်၏။
လီဝမ်ရှီးကတော့ ချီရွှယ်ဖေးကို ဗီဒီယိုကောမှတစ်ဆင့် မြင်ဖူးထားသဖြင့် သူမမှာ ချီရွှယ်ဖေးဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
သို့သော် ပူပူနွေးနွေး ပြုလုပ်ထားသော ဤသံမဏိချပ်ဝတ်မှာ ယခုအခါ ဖုန်တောထဲတွင် လူးလှိမ့်ထားသဖြင့် ညစ်ပတ်ပေရေနေပြီး ခြစ်ရာ၊ ရှရာများနှင့် ချိုင့်ခွက်အချို့ကိုပါ မြင်နေရသည်။
ဤအမှတ်အသားများမှာ မြားစက်မှ ပစ်လိုက်သည့် လေးမြားများကြောင့် ဖြစ်ရမည်မှာ အသေအချာပင်။
ရွှီရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
အပြာရောင်အဆင့် သံမဏိချပ်ဝတ်ကို ဝတ်ထားလျှင်ပင် ဤကဲ့သို့သော မြှားများ၏ အရှိန်ပြင်းပြင်း ထိမှန်မှုကို ခံရပါက ဒဏ်ရာရရှိမည်မှာ မလွဲမသွေပေ။
အပြာရောင်အဆင့် သံမဏိချပ်ဝတ်မှာ အပြာရောင်အဆင့် ပစ္စည်းများထဲတွင် အကောင်းဆုံး ခံစစ်ပစ္စည်း ဖြစ်သည်။
ခံစစ် ရှုထောင့်မှကြည့်လျှင် ဤချပ်ဝတ်မှာ ခရမ်းရောင်အဆင့် အကြေးခွံချပ်ဝတ်တန်ဆာထက်ပင် နိမ့်ကျမည် မဟုတ်ပေ။
ထို့ကြောင့် အစိမ်းရောင်အဆင့် မြားများမှာ သံမဏိချပ်ဝတ်တန်ဆာပေါ်တွင် ခြစ်ရာထင်ရုံနှင့် ချိုင့်သွားရုံသာ တတ်နိုင်ခြင်း ဖြစ်၏။
သို့သော် ချပ်ဝတ်တန်ဆာ မပျက်စီးခြင်းက အထဲက လူမှာ မထိခိုက်ဘူးဟု မဆိုလိုပေ။
အကြီးစား ချပ်ဝတ်တန်ဆာများမှာ မြားပစ်ခြင်း၊ မြွေကိုက်ခြင်း၊ ဝံပုလွေကိုက်ခြင်း၊ လှံနှင့် ဓားဖြင့် ထိုးနှက်ခြင်းများမှသာ အဓိက ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။
ချပ်ဝတ်တန်ဆာ မပျက်စီးသရွေ့ ဝတ်ဆင်သူမှာ ထိခိုက်မှု မရှိဘဲ နေနိုင်သည်။
သို့သော်လည်း ပြင်းထန်သည့် တိုက်ခိုက်မှုများ နှင့် ကြုံရပါက ဤချပ်ဝတ်တန်ဆာကြီးများမှာ ကာကွယ်မှု သိပ်မပေးနိုင်တော့ပေ။
အရင်က ရွှီရှင်းကိုယ်တိုင် အပြာရောင် သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ထားသော်လည်း တောဝက်ကြီး၏ အရှိန်ပြင်းပြင်း တိုက်ခိုက်မှုကို တိုက်ရိုက် မရင်ဆိုင်ရဲခဲ့ပေ။
အတိုက်ခံရပြီး သစ်ပင်နှင့် ဆောင့်မိပါက ချပ်ဝတ်တန်ဆာမှာ မပျက်စီးနိုင်သော်လည်း အထဲက လူမှာတော့ အတွင်းကြေဒဏ်ရာ ရရှိမည်မှာ သေချာပေါက်ပင်။
ဥပမာတစ်ခု ပြောရလျှင်၊ အမာဆုံး ချပ်ဝတ်တန်ဆာကို ဝတ်ထားသည့် လူတစ်ယောက်ကို ကုန်တင်ကားကြီး တစ်စီးနှင့် တိုက်လိုက်ပြီး မီတာပေါင်းများစွာ လွင့်ထွက်သွားစေမည် ဆိုပါက ချပ်ဝတ်တန်ဆာမှာ နဂိုအတိုင်း ရှိနေနိုင်သော်လည်း အထဲက လူကတော့ အသက်ရှင်နိုင်မည် မဟုတ်ပေ။
၎င်းမှာ ချပ်ဝတ်တန်ဆာက မာလွန်းသဖြင့် ရိုက်ခတ်မှု စွမ်းအင်များကို မစုပ်ယူနိုင်ဘဲ ထိုစွမ်းအင်အားလုံးကို လူ့ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် သက်ရောက်စေသောကြောင့် ဖြစ်သည်။
၎င်းကြောင့် အတွင်းဒဏ်ရာရခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း သို့မဟုတ် အရိုးကျိုးခြင်းများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။
ဤလေးမြှားများ၏ ထူးခြားချက်မှာ အလေးချိန် ပင် ဖြစ်သည်။
ဖောက်ထွက်နိုင်စွမ်းအပြင် မြှားကိုယ်တိုင်က အလွန်အမင်း လေးလံလှသဖြင့် ထိုမြှားနှင့် အမှန်တကယ် ထိမှန်ပါက မာကြောလှသော အပြာရောင် သံမဏိချပ်ဝတ်တန်ဆာကို မဖောက်နိုင်လျှင်တောင် ဝတ်ဆင်ထားသူကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားစေနိုင်၏။
ကြည့်ရသည်မှာ ချီရွှယ်ဖေးသည် ဤလေးမြှားများ၏ ပစ်ခတ်မှုကြောင့် မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လဲကျခဲ့ပုံရပြီး၊ ထို့ကြောင့်ပင် သူမ၏ ကိုယ်ပေါ်တွင် ဖုန်များ ပေကျံနေကာ ရင်ဘတ်ကို ဆုပ်ကိုင်လျက် ချောင်းတဟွတ်ဟွတ် ဆိုးနေခြင်း ဖြစ်သည်။
"... ဒီလိုလုပ်နေတာ ဘာထူးမှာလဲ။ ကျွန်မကို ကစားနေတာလား။"
ချီရွှယ်ဖေးသည် မြေပြင်မှ အနိုင်နိုင် ထရပ်လိုက်ရင်း သစ်ပင်အိမ်ရှိရာဘက်သို့ အားနည်းသော လေသံဖြင့် လှမ်းပြောလိုက်၏။
ရွှီရှင်းတို့ ရောက်နေသော နေရာမှနေ၍ သစ်ပင်အိမ်ထဲက လူကို မမြင်ရပေ။
သူတို့ မြင်နေရသည့် ပြတင်းပေါက်မှာ အခြားတစ်ဖက်သို့ မျက်နှာမူထားခြင်း ဖြစ်သည်။
"ဂျောက်"
စက်ယန္တရား လှည့်သံတစ်ခု ထွက်ပေါ်လာပြီးနောက် သစ်ပင်အိမ်ပေါ်မှ နောက်ထပ် မြားတစ်စင်း ပစ်ထွက်လာပြန်သည်။
ချီရွှယ်ဖေးက ကိုယ်ကို လှည့်၍ ရှောင်တိမ်းလိုက်သော်လည်း မြားမှာ သူမ၏ ပုခုံးကို ပွတ်တိုက်သွားခဲ့၏။
မြှား၏ ကြီးမားလှသော အရှိန်နှင့် အလေးချိန်ကြောင့် သူမမှာ မြေပြင်ပေါ်သို့ တစ်ပတ်လှည့်ကာ လဲကျသွားရပြန်သည်။
လီဝမ်ရှီး၏ မျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းသွားပြီး သူမ၏ မြှားသေနတ် ကို ချက်ချင်း ဆွဲထုတ်လိုက်သော်လည်း၊ သူမ ရှေ့သို့ မပြေးခင်မှာပင် ရွှီရှင်းက လက်မြှောက်၍ တားဆီးလိုက်၏။
"နေဦး... အခြေအနေကို အရင်ကြည့်ရအောင်။ ဇွတ်အတင်း လုပ်လိုက်ရင် ချီရွှယ်ဖေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် ငါတို့ကိုပါ ထောင်ချောက်ထဲ ရောက်သွားစေလိမ့်မယ်" ဟု ရွှီရှင်းက တိုးတိုးလေး အမိန့်ပေးလိုက်သည်။
"ဒါပေမဲ့..."
ချီရွှယ်ဖေး မြေပြင်ပေါ်မှာ နှစ်ပတ်လောက် လူးလှိမ့်သွားပြီး အမြန်ပြန်ထနေရတာကို ကြည့်ရင်း လီဝမ်ရှီးမှာ သူမ၏ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်ထားမိ၏။
"ဒီလူက သူမကို အခုချက်ချင်း သတ်ချင်တဲ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ မင်းသာ ထွက်သွားလို့ လူအများကြီးကို မြင်လိုက်ရင် သူ ဒေါသထွက်ပြီး သတ်ပစ်လိုက်နိုင်တယ်"
ရွှီရှင်းက မြှားစက်ကြီး တွေ အပြည့်တပ်ထားတဲ့ သစ်ပင်အိမ်ကို တစ်ချက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။
တကယ်လို့ ဒီလူက ချီရွှယ်ဖေးကို တကယ် သတ်ချင်တယ်ဆိုရင် မြားတွေ အများကြီးနဲ့ တပြိုင်ထဲ ပစ်လိုက်ရုံပဲလေ။
ဘာလို့ ဒီလို ကစားနေမှာလဲ။
ကံကောင်းထောက်မစွာဖြင့် ချီရွှယ်ဖေးမှာ ပါးနပ်လှ၏။
သူမ မြေပြင်ပေါ်တွင် လူးလှိမ့်နေစဉ် ဆေးလုံးတစ်လုံးကို ခိုး၍ သောက်လိုက်သည်ကို ရွှီရှင်း သတိပြုမိလိုက်ပြီး၊ ထို့နောက်တွင်တော့ သူမ၏ လှုပ်ရှားမှုများမှာ ပိုမို သွက်လက်လာခဲ့သည်။
ရွှီရှင်းကတော့ ဘေးကနေကြည့်နေသဖြင့် သူမ၏ လှုပ်ရှားမှုလေးတွေကို မြင်နိုင်သော်လည်း သစ်ပင်အိမ်ပေါ်က လူကတော့ မြင်နိုင်ခြေ မရှိပေ။
---
အခန်း ၂၄၈ ပြီး။