အခန်း (၂၄၉-၂၅၀)
Vol. 17 Ch. 249-250
အခန်း (၂၄၉) - ချီရွှယ်ဖေး၏ အကျပ်အတည်း (၂)
သူမသည် ဒဏ်ရာများကို အမြန် သက်သာစေမည့် ဆေးလုံးတစ်လုံးကို မျိုချလိုက်၏။
"ဟားဟား... ဟုတ်တယ်၊ ငါ မင်းကို ကစားနေတာ"
သစ်ပင်အိမ်ထဲမှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။
ထိုအသံမှာ စူးရှပြီး လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေ၏။
"မင်းလို အလှလေးမျိုးနဲ့ တွေ့ရခဲတယ်လေ။ တန်းသတ်ပစ်လိုက်ရင် နှမြောစရာကြီး၊ ဒါကြောင့် နည်းနည်းလောက် ဆော့ပေးရတာပေါ့။ မင်းရဲ့ ချပ်ဝတ်တန်ဆာက တကယ်ကို မာတာပဲ၊ အဲဒါသာ မရှိရင် မင်း သေသွားမှာကို ငါ စိုးရိမ်နေမိမှာ။ မင်း အင်အားတွေ ကုန်ခမ်းပြီး နုန်းခွေသွားတဲ့အခါကျရင်တော့... ဟီးဟီး..."
သူ ပြောနေစဉ်မှာပင် နောက်ထပ် စက်ယန္တရားသံတစ်ခု ထွက်ပေါ်လာပြီး မြှားပစ်စက် မှ မြှား တစ်စင်းမှာ ချီရွှယ်ဖေးရှိရာသို့ တန်းတန်းမတ်မတ် ပစ်ထွက်သွားပြန်သည်။
ချီရွှယ်ဖေးသည် ခုနက သောက်ထားသော ဆေးကြောင့် ပြန်လည်ရရှိလာသည့် အင်အားကို အသုံးချကာ အစွမ်းကုန် ရှောင်တိမ်းလိုက်သဖြင့် လေးလံလှသော မြှားကြီးမှာ သူမကို မထိဘဲ လွဲချော်သွားခဲ့၏။
ထို့နောက် သူမသည် ရုတ်တရက် ကိုယ်ကိုလှည့်ကာ သစ်ပင်အိမ်နှင့် ဆန့်ကျင်ဘက် တောအုပ်ရှိရာသို့ အရှိန်ဖြင့် ပြေးထွက်တော့သည်။
"ပြေးချင်တာလား"
စက်ယန္တရားသံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာပြီး မြှားကြီး သုံးစင်းမှာ လေထဲသို့ တရကြမ်း လွတ်ထွက်လာ၏။
သို့သော် ထိုမြှားသုံးစင်းမှာ ချီရွှယ်ဖေးကို တိုက်ရိုက်မထိဘဲ သူမ၏ ခေါင်းပေါ်မှ ဝဲပျံသွားကာ သူမရှေ့က မြေပြင်ပေါ်သို့ ထောင့်ဖြတ် အနေအထားဖြင့် စိုက်ဝင်သွားကြ၏။
ထို မြှားသုံးစင်းက ချီရွှယ်ဖေး၏ လမ်းကို ပိတ်ဆို့လိုက်သဖြင့် သူမမှာ အရှိန်ကို ရုတ်တရက် သတ်လိုက်ရပြီး ၎င်းတို့နှင့် တိုက်မိလုနီးပါး ဖြစ်သွားရသည်။
သူမသည် အနေအထားကို ပြင်လိုက်ကာ ဘေးကနေ ကပ်ကျော်ပြီး ဆက်လက် ထွက်ပြေးရန် ကြိုးစားပြန်သည်။
"ဂျောက်"
စတုတ္ထမြောက် မြှားကြီးမှာ ထိုအခိုက်အတန့်တွင် ထွက်လာပြီး သူမရှိရာသို့ တည့်တည့်မတ်မတ် ပျံသန်းလာခဲ့၏။
တစ်မီတာခန့် ရှည်လျားသော မြှားကြီးမှာ အရှိန်ပြင်းစွာ ပျံသန်းလာပြီး သူမ၏ ညာဘက်ပုခုံးကို တိတိကျကျ ထိမှန်သွားတော့သည်။
သံမဏိချပ်ဝတ်တန်ဆာကြောင့် မြှားမှာ ကိုယ်ထဲသို့ စိုက်မဝင်သွားသော်လည်း ပြင်းထန်လှသော ရိုက်ခတ်မှု စွမ်းအင်ကြောင့် သူမမှာ လေထဲတွင် တစ်ပတ်လည်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး ဖုန်လုံးကြီးများ ထသွားတော့၏။
ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ စူးရှသွားရ၏။
ဒီလောက်အထိ တိတိကျကျ ပစ်နိုင်တာလား။
သူ စောစောက စဉ်းစားနေမိသည်မှာ - သစ်ပင်အိမ်က သေးသေးလေးဖြစ်တာကြောင့် အပင်တွေ စိုက်ချင်ရင်တောင် မီတာ ၁၀ ပတ်လည်လောက်ပဲ လိုတာကို ဘာလို့ ဒီလောက်အထိ ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီး ဖြစ်အောင် သစ်ပင်တွေ အကုန်ခုတ်ထားရတာလဲ ဆိုတာပင်။
ယခုတော့ သူ နားလည်သွားလေပြီ။
ဒါဟာ သူ့ မြှားပစ်စက်ကြီး၏ များ ထိရောက်သော ပစ်ခတ်မှု အကွာအဝေး ဖြစ်ပေလိမ့်မည်။
သစ်ပင်တွေ ရှိနေလျှင် သူ၏ မြှားပစ်စက် မှာ အစွမ်းပြနိုင်မည် မဟုတ်ပေ။
"အား.."
လီဝမ်ရှီးက လန့်သွားသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
ချီရွှယ်ဖေးမှာ သူမ၏ ပုခုံးကို ဆုပ်ကိုင်ထားရင်း သွားကြိတ်ထားရှာသည်။
သူမ၏ ပုခုံးရိုး ကျိုးသွားပြီဟု သူမ ခံစားနေရ၏။
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ..."
သူမ၏ ဇွတ်အတင်း လုပ်ဆောင်ခဲ့မှုအတွက် ယခုအခါ အကြီးအကျယ် နောင်တရနေမိသည်။
တကယ်တော့ သူမသည် လီဝမ်ရှီး လက်ဆောင်ပေးထားသော သံမဏိချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရသဖြင့် သူမ၏ စွမ်းရည်ကို သူမ အတော်လေး ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ သူမသည် အနောက်ဘက်သို့ ဦးတည်၍ စူးစမ်းရှာဖွေရင်း ဤသစ်ပင်အိမ်နားသို့ ရောက်လာခဲ့ခြင်းပင်။
သူမ၏ အကာအကွယ်နယ်မြေအပြင်ဘက်သို့ သတိကြီးစွာဖြင့် ထွက်ကြည့်လိုက်သည့်အခါ ဤသစ်ပင်အိမ်၏ အကာအကွယ်နယ်မြေ နှင့် သူမ၏ နယ်မြေ မှာ ချိတ်ဆက်နေသည်ကို ဝမ်းသာအားရ တွေ့လိုက်ရ၏။
ဤလမ်းသည် အပြင်လောကသို့ ဦးတည်နေသော လမ်းပင်။
သို့သော် သူမသည် ရွှီရှင်း သို့မဟုတ် ကျိချောင်းယန်ကို မဆက်သွယ်ဘဲ ဤနှစ်ထပ်သစ်ပင်အိမ်လေးဆီသို့ တစ်ယောက်တည်း ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူမ၏ အမြင်အရ ဤနှစ်ထပ်သစ်ပင်အိမ်လေးမှာ ဘေးအိမ်က သာမန်ရှင်ကျန်သူတစ်ဦး၏ အိမ်သာ ဖြစ်ရမည်ဖြစ်ပြီး၊ ရွှီရှင်းနှင့် ကျိချောင်းယန်တို့ကို အလုပ်မရှုပ်စေဘဲ သူမဘာသာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။
သူတို့မှာ မိတ်ဖက်တွေ ဖြစ်ကြသော်လည်း လူချင်းမတွေ့ရသေးခင် တခြားသူကို အားကိုးနေရသည်မှာ မကောင်းသလို၊ ကိုယ်တိုင် လုပ်နိုင်သည့်အရာကို ကိုယ်တိုင် လုပ်ဆောင်သင့်သည်ဟု သူမ ယူဆခဲ့၏။
ဒါ့အပြင် ရွှီရှင်း ပြောပြချက်အရဆိုရင် တစ်ဖက်က သာမန်ရှင်ကျန်သူက နယ်မြေအချင်းချင်း တိုက်ခိုက်ရမည့်အကြောင်းကို သိမှာမဟုတ်ပေ။
သူမအနေနဲ့ ရင်းရင်းနှီးနှီး စကားပြောကြည့်ပြီး သူမရဲ့ ရည်ရွယ်ချက်ကို ရှင်းပြလို့ ရနိုင်၏။
တစ်ဖက်လူက သဘောတူရင်တော့ အကောင်းဆုံးပင်၊ မတူရင်လည်း နောက်မှ သိမ်းယူလို့ ရ၏။
စိတ်ကူးကတော့ ကောင်းပါသည်၊ သို့သော် သူမသည် ရွှီရှင်း ခုနက မှားခဲ့သည့် အမှားမျိုးကိုပင် ထပ်မံ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
နှစ်ထပ်သစ်ပင်အိမ် ပိုင်ရှင်ဆိုတာလည်း အရမ်း သန်မာနေနိုင်တာပဲလေ..။
သစ်ပင်အိမ်နဲ့ ၁၀ မီတာခန့်အကွာသို့ ချဉ်းကပ်မိတဲ့ အခါမှာတော့ သစ်ပင်အိမ်ပေါ်ရှိ မြှားပစ်စက်ကြီးအားလုံးမှာ သူမရှိရာသို့ ရုတ်တရက် လှည့်လာပြီး သူမကို ပစ်မှတ်ထားလိုက်ကြတော့သည်။
သူမ ဘာမှမလုပ်နိုင်ခင်မှာတင် တစ်ဖက်လူက အရင်ဦးအောင် စတင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
အကယ်၍ ထိုမြှားပစ်စက်အမြောက်အမြားကို သူမသာ ကြိုမြင်ခဲ့ရလျှင် ဤကွင်းပြင်ထဲသို့ ဘယ်တော့မှ ဝင်လာခဲ့မည် မဟုတ်ပေ။
ဒါပေမဲ့ ပါရဂူဘွဲ့ အထိ စာသင်ခဲ့ရသူပီပီ သူမမှာ မျက်မှန်အနည်းငယ် ထူနေရသည်မှာ သဘာဝပင်။
ထို့ကြောင့် သစ်ပင်အိမ်အမိုးပေါ်တွင် ပုန်းကွယ်နေသော မြှားစက်တန်းကြီးကို အနားရောက်မှသာ မြင်လိုက်ရခြင်း ဖြစ်၏။
သို့သော် နောက်ကျသွားခဲ့လေပြီ။
ထိုနည်းဖြင့် သူမသည် တစ်ဖက်လူ၏ မြှားစက်များအောက်တွင် ပိတ်မိသွားပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
တစ်ဖက်လူက မြှားအားလုံးဖြင့် သူမကို ချိန်ထားသော်လည်း သတ်ပစ်ချင်ပုံ မရကာ ထွက်ပြေးခွင့်မပေးဘဲ ထိန်းထားချင်ပုံရ၏။
သူမ နောက်ဆုတ်ရန် ကြိုးစားတိုင်း တစ်ဖက်လူက သူ၏ မြှားကျွမ်းကျင်မှုကို အသုံးချကာ သူမ၏ လှုပ်ရှားမှုများကို တိတိကျကျ ပိတ်ဆို့သည်။
တစ်ခါက သူမ မြှား ကို မရှောင်နိုင်ဘဲ ထိမှန်ခဲ့သော်လည်း သံမဏိချပ်ဝတ်တန်ဆာကြောင့် မြှားမှာ ကိုယ်ထဲမဝင်သွားဘဲ အပြင်းအထန် ဒဏ်ရာမရခဲ့ပေ။
ဤအချက်က သစ်ပင်အိမ်ထဲက လူကို ပို၍ ရဲတင်းစေခဲ့ပြီး သူမကို အကြိမ်ကြိမ် လဲကျအောင် ပစ်ခတ်ကာ၊ အကယ်၍ ထွက်ပြေးရန် ကြိုးစားပါက မြှားမိုးရွာချပစ်မည်ဟု ခြိမ်းခြောက်နေခဲ့၏။
ထိုလူမှာ အောက်သို့ ဆင်းမလာဘဲ အပေါ်ကနေသာ မြှားစက်ကြီးကို ကိုင်တွယ်ရင်း သူမကို အဆက်မပြတ် သရော်နေခဲ့သည်။
ကြည့်ရသည်မှာ သူမ လုံးဝ အားအင်ကုန်ခမ်းပြီး မလှုပ်နိုင်တော့သည့် အချိန်အထိ စောင့်ဆိုင်းနေပုံရပြီး၊ တော်တော်လေးကို သတိကြီးသည့်သူ ဖြစ်သည်။
သူမသည် ရွှီရှင်း၊ ကျိချောင်းယန်နှင့် လီဝမ်ရှီးတို့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း နာရီ၏ စခရင်မှာ လင်းလွန်းလှသဖြင့် စခရင်ကို ဖွင့်လိုက်သည်နှင့် တစ်ဖက်လူက မြှားနှင့် တိုက်ရိုက်ပစ်မည် ဖြစ်ရာ သူမမှာ မည်သူ့ကိုမျှ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် သူမသည် ဤနေရာတွင် ထိုလူနှင့် အားပြိုင်နေရသည်မှာ တစ်နာရီနီးပါး ရှိနေပြီ ဖြစ်သည်။
"ဘာလို့ ပြေးနေတာလဲ။ ဒီမီတာ ၁၀၀ ပတ်လည်က ငါ့ရဲ့ နယ်မြေဆိုတာ မင်းမသိဘူးလား။ မင်း ဒီကနေ မထွက်သွားနိုင်ခင်မှာတင် ငါ မင်းကို သတ်ပစ်လို့ ရတယ်။ မယုံရင် ထပ်ပြေးကြည့်လေ"
သစ်ပင်အိမ်ထဲမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။
"ငါ ဘာလုပ်ရမလဲ..."
ချီရွှယ်ဖေးသည် ကျိုးသွားပြီဖြစ်သော သူမ၏ ပုခုံးကို ဆုပ်ကိုင်ထားရင်း သွားကို တင်းတင်း ကြိတ်ထားမိလေတော့သည်။
---
အခန်း ၂၄၉ ပြီး။
အခန်း (၂၅၀) - ချီရွှယ်ဖေး၏ အကျပ်အတည်း (၃)
သူမ ဤနေရာတွင် လဲကျသွား၍ မဖြစ်ပေ။
မဟုတ်ပါက ထိုလူက သူမအပေါ် ဘာတွေလုပ်မည်ကို စိတ်ကူးပင် မယဉ်ရဲပါ။
သို့သော် သူမ အသေလည်း မခံချင်သေးပေ။
သူမသည် ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ အမြန်ထည့်လိုက်ရာ ပုခုံးမှ နာကျင်မှုများမှာ သိသိသာသာ လျော့ပါးသွားသည်ကို ခံစားလိုက်ရ၏။
သူမသည် မြေပြင်မှ အနိုင်နိုင်ထရပ်လိုက်ပြီး သစ်ပင်အိမ်ပေါ်မှ ရွံရှာဖွယ် အပြုံးဖြင့် ကြည့်နေသော ထိုလူကို လှမ်းကြည့်လိုက်သည်။
"ဟင်"
ချီရွှယ်ဖေး၏ မျက်တောင်များ လှုပ်ခတ်သွားရသည်။
သစ်ပင်အိမ်၏ အနောက်ဘက်၊ ထိုလူ၏ အမြင်ကွယ်နေသော နေရာမှနေ၍ လူနှစ်ယောက် သစ်ပင်အိမ်ဆီသို့ အမြန် ချဉ်းကပ်လာနေသည်ကို သူမ သတိထားမိလိုက်ခြင်းပင်။
အဲဒါ... လီဝမ်ရှီးလား။
သူမသည် လီဝမ်ရှီးနှင့် ဗီဒီယိုကော ပြောဖူးသဖြင့် သူမ၏ ပုံစံကို မှတ်မိနေသည်။
ဒါဆို ဘေးက ပြေးလာတဲ့ အမျိုးသားက... ရွှီရှင်းလား။
သူမ၏ ရင်ထဲတွင် ချက်ချင်းပင် စိုးရိမ်ပူပန်မှုများ လွှမ်းမိုးသွား၏။
ထိုလူ၏ မီတာ ၁၀၀ ပတ်လည် နယ်မြေထဲသို့ မဝင်လာရန် သူတို့ကို သတိပေးချင်နေမိသည်။
ထိုလူ၏ မြှားပစ်အားမှာ အလွန် တိကျလှသဖြင့် ဤကွင်းပြင်ကြီးမှာ သူ၏ စိုးမိုးရာ နယ်မြေ ဖြစ်နေသည်မဟုတ်ပါလား။
သို့သော် ထိုနှစ်ယောက်မှာ မီတာ ၁၀၀ ကျယ်ဝန်းသော ကွင်းပြင်ကို လျှပ်တစ်ပြက်အတွင်း ဖြတ်ကျော်ကာ သစ်ပင်အိမ်အောက်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ထိုတစ်လျှောက်လုံးတွင် သစ်ပင်အိမ်ပေါ်ကလူမှာ ဘာကိုမျှ သတိမပြုမိခဲ့ပေ။
ချီရွှယ်ဖေး၏ ရင်ထဲတွင်တော့ နှလုံးခုန်သံများမှာ အပြင်သို့ ထွက်လာတော့မတတ် ပြင်းထန်နေတော့၏။
ဒီနှစ်ယောက်က တကယ့်ကို သတ္တိခဲတွေပါလား...။
စောစောက ငါ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို မမြင်လိုက်ကြဘူးလား။
"ဘာလဲ... အသံလည်းမထွက်၊ လှုပ်လည်းမလှုပ်နဲ့ အရှုံးပေးလိုက်ပြီလား"
ထိုလူက နောက်တစ်ကြိမ် လှောင်ပြောင်ပြန်သည်။
"ငါ ပြောသားပဲ... အရှုံးပေးချင်ရင် အဲဒီမာကျောတဲ့ ချပ်ဝတ်တန်ဆာတွေကို အရင်ချွတ်၊ ကျောပိုးအိတ်ကို အဝေးကို လွှင့်ပစ်ထားလိုက် ပြီးရင် လက်မြှောက်ပြီး ငါဆင်းလာပြီး မင်းကို ကောင်းချီးပေး မှာကို စောင့်နေလို့"
သစ်ပင်အိမ်အောက်တွင်မူ လီဝမ်ရှီးက ပျို့အန်ချင်ဟန် လုပ်ပြနေ၏။
သူမ၏ မျက်မှောင်များမှာလည်း ကြုတ်နေပြီး ထိုလူအပေါ် ထားရှိသော သူမ၏ ခံစားချက်မှာ ရွံစရာကောင်းလိုက်တာ ဆိုသည်ပင်။
ရွှီရှင်းက သူမကို တစ်ချက်ကြည့်ကာ "အသံမထွက်နဲ့" ဟု နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်သည်။
ခဲခဲကလည်း သူမ၏ လက်သည်းလေးကို ဝှေ့ယမ်းပြနေ၏။
လီဝမ်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချီရွှယ်ဖေးကို ကြည့်နေမိသည်။
ချီရွှယ်ဖေးက သူတို့ကို ဤနယ်မြေမှ အမြန်ထွက်သွားပြီး အစီအစဉ်ဆွဲရန် အချက်ပြနေစဉ်မှာပင်၊ ရွှီရှင်းက သူမကို လက်ဟန်ခြေဟန်ဖြင့် တစ်စုံတစ်ခု ပြောလိုက်၏။
အတော်ကြာ ကြည့်ပြီးနောက်မှာတော့ ရွှီရှင်း၏ ဆိုလိုရင်းကို သူမ နားလည်သွားခဲ့သည်။
သူက ငါ့ကို ဟိုလူပြောသလိုပဲ ချပ်ဝတ်တန်ဆာတွေချွတ်၊ ကျောပိုးအိတ်ကို လွှင့်ပစ်ပြီး အညံ့ခံချင်ယောင်ဆောင်ခိုင်းတာလား..။
ချီရွှယ်ဖေး၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားသည်။
သူတို့နှစ်ယောက် ဒီမှာ ရှိနေမှတော့၊ ဒီလူကို အောက်ရောက်အောင် မျှားထုတ်နိုင်ရင် ချက်ချင်း ဖမ်းဆီးနိုင်မှာပင်။
ဒါက ဖြစ်နိုင်ချေ ရှိတယ်..။
ချီရွှယ်ဖေးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရွှီရှင်း၏ အစီအစဉ်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် အရှင်းပျောက်ကင်းသွားပြီဖြစ်သော သူမ၏ ပုခုံးကို ဆုပ်ကိုင်ကာ အလွန်အမင်း နာကျင်နေသည့်ဟန် ဆောင်လိုက်၏။
ထို့နောက် ရှေ့သို့ နှစ်လှမ်းတိုးကာ အော်ပြောလိုက်သည်။
"ကျွန်မ အရှုံးပေးပါတယ်။ ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ မြှားကြီး တွေနဲ့ ထပ်မပစ်ပါနဲ့တော့"
ပြောပြောဆိုဆိုဖြင့် သူမသည် ကျောပိုးအိတ်ကို မီတာအနည်းငယ်အကွာသို့ လွှင့်ပစ်လိုက်ပြီး၊ သံမဏိချပ်ဝတ် အစိတ်အပိုင်းများကို တစ်ခုချင်းစီ စတင်ချွတ်လိုက်တော့၏။
သံမဏိပြားများ မြေပြင်ပေါ်သို့ ကျသွားသည့်အသံမှာ "ချလွင်... ချလွင်" နှင့် မြည်နေ၏။
သံမဏိချပ်ဝတ်တန်ဆာ အားလုံးကို ချွတ်လိုက်သည့်အခါတွင်တော့ သူမ၏ အတွင်းက အပြာရောင်အဆင့် သားရေချပ်ဝတ်တန်ဆာမှာ ပေါ်ထွက်လာပြီး၊ သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို အထင်သား မြင်လိုက်ရ၏။
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
၎င်းမှာ သူမ၏ အလှအပကြောင့် မဟုတ်ဘဲ သူမ၏ ပုခုံး၊ ခြေထောက်နှင့် ဝမ်းဗိုက်နေရာများတွင် သွေးစွန်းကွက်များ ရှိနေသောကြောင့် ဖြစ်သည်။
သံမဏိချပ်ဝတ်တန်ဆာ ဝတ်ထားသော်လည်း သူမ ရရှိခဲ့သော ဒဏ်ရာများမှာ အမှန်တကယ်ပင် မပေါ့လှပေ။
ကံကောင်းထောက်မစွာဖြင့် သူမ ယခုအခါ ပြန်လည်သက်သာလာပုံ ရ၏။
ဤမျှ ပြင်းထန်သော ဒဏ်ရာများကို တစ်ချက်ကလေးမှ ညည်းညူခြင်းမရှိဘဲ အောင့်အီးသည်းခံနိုင်ခဲ့သည်မှာ တကယ့်ကို အံ့သြစရာပင်။
"အော်... မင်း တကယ်ပဲ လက်လျှော့လိုက်ပြီပေါ့ ဟုတ်လား။ ကဲ... လက်မြှောက်ပြီး ငါ့နားကို တိုးလာခဲ့စမ်း၊ ငါ သေသေချာချာ ကြည့်ချင်လို့"
အပေါ်ထပ်မှ အမျိုးသား၏ လေသံမှာ သိသိသာသာကို စိတ်လှုပ်ရှားနေချေပြီ။
သူပြောသည့်အတိုင်း ချီရွှယ်ဖေးသည် လက်နှစ်ဖက်ကို မြှောက်ကာ သစ်ပင်အိမ်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
"ဟုတ်ပြီ... ဟုတ်ပြီ... ပိုပြီးနီးအောင် လာခဲ့။ ဝါး... ဒီကိုယ်လုံး၊ ဒီမျက်နှာ... ငါတော့ ကံထူးပြီဟေ့"
"ထပ်တိုးလာခဲ့ဦး"
နောက်ဆုံးတွင်တော့ အပေါ်ထပ်ကလူမှာ မအောင့်နိုင်တော့ဘဲ အော်လိုက်သည်။
"မုတ်ဆိတ်ပျားဆွဲပြီဟေ့။ အလှလေးရေ... ငါ အခုပဲ ဆင်းလာခဲ့မယ်"
ထိုသို့ ပြောပြီးနောက် သစ်ပင်အောက်ခြေမှ အမြစ်များ ပွင့်သွားပြီး၊ သစ်ပင်အမြစ်များဖြင့် ပတ်ထားသော အရပ်ပုပု အမျိုးသားတစ်ဦးသည် အောက်သို့ ခုန်ဆင်းလာခဲ့၏။
သူ၏ မျက်လုံးများမှာ ချီရွှယ်ဖေးထံသို့သာ စိုက်ကြည့်နေပြီး သူမရှိရာသို့ တန်းတန်းမတ်မတ် ပြေးဝင်လာတော့သည်။
"အခုပဲ"
ရွှီရှင်း၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားပြီး၊ သူ၏ လက်ထဲမှ လှံပုဆိန်ရှည် ကြီးကို လေထဲတွင် ရှိနေသော ထိုလူဆီသို့ အရှိန်ပြင်းစွာ လွှဲယမ်းလိုက်လေတော့သည်။
---
အခန်း ၂၅၀ ပြီး။