← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃) - ခန့်မှန်းရခက်သော စွမ်းအား

သူပြောနေတဲ့ "အစ်ကိုကြီး" ဆိုတာ ဘယ်သူလဲဟ။

"မင်းရဲ့အစ်ကိုကြီးက အရမ်းသန်မာတာလား"

ရွှီရှင်းက သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။

"မင်းရဲ့အစ်ကိုကြီးဆိုတာ ကျန်းတောက်ကွမ် ကို ပြောတာလား"

နယ်မြေ ၁၈၇ ရဲ့ နံပါတ်တစ်ဖြစ်တဲ့ ကျန်းတောက်ကွမ် မှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေမယ်ဆိုရင် ရွှီရှင်း အံ့သြမိမှာ မဟုတ်ချေ။

အကယ်၍ ဒီလူပြောတဲ့ "အစ်ကိုကြီး" သာ ကျန်းတောက်ကွမ် ဖြစ်နေမယ်ဆိုရင်တော့၊ ဒီလောက် အားနည်းတဲ့သူတစ်ယောက်က ဒီလို ထူးဆန်းတဲ့ မြှားပစ်စက် သစ်ပင်အိမ်ကို ပိုင်ဆိုင်ထားတာဟာ အံ့သြစရာ မဟုတ်တော့‌ပေ။

"မင်း... မင်းက ငါတို့နယ်မြေခေါင်းဆောင်ရဲ့ နာမည်ကို ဘယ်လိုလုပ်သိတာလဲ။ မင်းကလည်း ငါတို့နယ်မြေကပဲလား"

ထိုလူ၏ မျက်လုံးများ ရုတ်တရက် ဝင်းခနဲ ဖြစ်သွားပြီးမှ ဒေါသတကြီး အော်ဟစ်တော့သည်။

"ငါတို့က နယ်မြေတူတူပဲဆိုရင် မင်းက ဘာလို့ ငါ့ကို လာနှောင့်ယှက်နေတာလဲ။ ငါတို့က ရဲဘော်ရဲဘက်တွေလေ။ ဒီမိန်းမက ဘေးအိမ်က၊ နယ်မြေ ၁၈၈ ကလူ။ သူ့ကို မြန်မြန်ဖမ်းစမ်း"

ရွှီရှင်းသည် ထိုလူ၏ တံတွေးများ စင်လာမည်စိုးသဖြင့် မတ်တတ်ရပ်လိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဒီလောက်အထိ မိုက်မဲတဲ့လူမျိုး သူတစ်ခါမှ မမြင်ဖူးချေ။

ဒီလောက် မိုက်မဲတဲ့သူဟာ နယ်မြေရဲ့ ထိပ်သီးတစ်ယောက် မဖြစ်နိုင်တာ သေချာ၏။

ဖြစ်နိုင်တာက သူပြောတဲ့ "အစ်ကိုကြီး" ဆိုသူဟာ ရွှီရှင်း ရှာနေတဲ့လူ ဖြစ်နေတာမျိုးပင်။

ဘာပဲဖြစ်ဖြစ် ရွှီရှင်းဟာ သူ့ရဲ့ သစ်ပင်အိမ် အကာအကွယ်နယ်မြေထဲကို ဘယ်လိုလူမျိုးတွေကို ခေါ်ယူရမလဲ၊ သူတို့က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အမြဲစဉ်းစားနေခဲ့၏။

သူ့ရဲ့ စွမ်းရည်တွေက အနုပညာရှင်ဖြစ်စေ၊ အဂ္ဂိရတ်ပညာရှင်ဖြစ်စေ တခြားသူတွေ အတုမယူနိုင်တဲ့ ထူးခြားတဲ့ အရာတွေ ဖြစ်၏။

ဒါကြောင့် သာမန်ရှင်ကျန်သူတွေကို စုဆောင်းတာဟာ သူ့အတွက် သိပ်ပြီး အကူအညီ မဖြစ်နိုင်ချေ။

အဲဒါကြောင့် သူ စဉ်းစားလိုက်မိတာက သူ့ရဲ့ ရည်မှန်းချက်ဟာ တခြားနယ်မြေတွေက ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ ထိပ်သီးတွေကို သိမ်းသွင်းဖို့ပဲ ဖြစ်သည်။

သူတို့ကို သူ့ရဲ့ အကာအကွယ်နယ်မြေဆီ ပြောင်းရွှေ့စိုက်ပျိုးစေပြီး၊ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ သူ့လက်အောက်ခံတွေအဖြစ် ထားရှိဖို့ ဖြစ်သည်။

တကယ်တော့ ဒါဟာ စောစောက ဒီလူကို တန်းမသတ်ပစ်ဘဲ ဖမ်းဆီးဖို့ လီဝမ်ရှီးနဲ့ တိုင်ပင်ခဲ့တဲ့ အကြောင်းရင်းပင်။

အကယ်၍ သူ့မှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုခု ရှိနေမယ်ဆိုရင်၊ တစ်ခုခု မလုပ်ခင်မှာ အရင်ဆုံး လေ့လာကြည့်သင့်တယ် မဟုတ်လား။

ရှင်သန်ရေး ဒုတိယအဆင့်ဟာ အခုလောလောဆယ် ရေသေလို ငြိမ်သက်နေတယ်လို့ ထင်ရပေမဲ့၊ အန္တရာယ်နဲ့ ကပ်ဘေးတွေက ဘယ်အချိန်မဆို ရောက်လာနိုင်၏။

သူဟာ သူ့ရဲ့ အရှိန်အဟုန်ကို မြှင့်တင်ပြီး ကိုယ်ပိုင်အင်အားကို မြန်မြန်ဆန်ဆန် တည်ဆောက်ရမှာပင်။

လက်ရှိအချိန်မှာ သူတို့နယ်မြေရဲ့ ထိပ်သီးအင်အားစုတွေဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေကြလေပြီ။

ဒုတိယအဆင့်မှာ သတ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေ မရှိတာကြောင့် စွမ်းရည်အသစ်တွေ ရရှိဖို့က ပထမအဆင့်ထက် အများကြီး ပိုခက်ခဲနိုင်၏။

သူတို့ စူးစမ်းရှာဖွေသူများ အဖွဲ့ဟာ အချိန်အတော်ကြာအောင် စွမ်းရည်အသစ်တွေ မရဘဲ ရှိနေနိုင်၏။

သူ့ရဲ့ အဂ္ဂိရတ်ဆေးရည်တွေက လူတိုင်းရဲ့ တစ်ဦးချင်း စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်ဆိုပေမဲ့၊ ဝမ်ကွေ့ရှင်းလိုမျိုး ပုရွက်ဆိတ်အုပ်နဲ့ နွယ်ပင်တွေကို မြန်မြန်ရှင်းနိုင်တဲ့ အဆင့်အထိ မရောက်သရွေ့တော့ အဖွဲ့အစည်းအတွက် သိပ်ပြီး ထိရောက်မှာ မဟုတ်ပေ။

အခုချိန်မှာ ရွှီရှင်းရဲ့ တစ်ဦးချင်း စွမ်းရည်က အတော်လေးကို သန်မာနေပြီဖြစ်သည်။

သူ့ကို ကျော်ဖြတ်နိုင်တဲ့ ရှင်ကျန်သူ သိပ်မရှိချေ။

ဒါတောင်မှ ဒီလို မြှားပစ်စက် တွေ အပြည့်တပ်ထားတဲ့ သစ်ပင်အိမ်ရှေ့မှာ သူ သတိကြီးကြီးထားနေရတုန်းပင်။

ဒါ့အပြင် နောင်ကျရင် သူ ရင်ဆိုင်ရမယ့် အိုင်ထဲကဧရာမ မြွေကြီး၊ သွေးစင်းဘီလူးကြီးနဲ့ မြေအောက်က ဧရာမ သင်းခွေချပ်ကြီးတွေကို ထည့်တွက်မယ်ဆိုရင်၊ တစ်ဦးချင်း စွမ်းရည်ဆိုတာ သူတို့ရှေ့မှာ ရယ်စရာတစ်ခုလို ဖြစ်နေနိုင်၏။

ဒါကြောင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရုံတင်မကဘဲ၊ စွမ်းရည်သစ်တွေနဲ့ နည်းပညာသစ်တွေကို ရှာဖွေဖို့က အရေးတကြီး လိုအပ်နေ၏။

နယ်မြေ ၁၈၈ ကို တိုးတက်လာမယ့် နိုင်ငံတစ်ခုလို့ သတ်မှတ်မယ်ဆိုရင်၊ သာမန်ရှင်ကျန်သူတွေဟာ ပြည်သူတွေဖြစ်ပြီး၊ နည်းပညာရှိတဲ့ ထိပ်သီးပညာရှင်တွေဟာ ထိပ်တန်း သိပ္ပံပညာရှင်တွေနဲ့ တူ၏။

နိုင်ငံတစ်ခုဟာ ပြည်သူတွေ မရှိလို့မရသလို၊ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာသစ်တွေ မရှိရင်လည်း ကပ်ဘေးဆိုက်တဲ့အခါ ဘာမှလုပ်နိုင်မှာ မဟုတ်ချေ။

ဒါပေမဲ့ သူ့ရှေ့ကလူကတော့ သူရှာနေတဲ့လူ မဟုတ်တာ သေချာနေလေပြီ။

သူ့ရဲ့ လက်ကောက်ဝတ်မှာ နာရီ မရှိတာကို ကြည့်ရင်၊ သူဟာ တောအုပ်စူးစမ်းရေး လှုပ်ရှားမှုတုန်းက အဆင့် ၁၀၀ အတွင်းမှာတောင် မပါခဲ့တဲ့သူ ဖြစ်ပေလိမ့်မည်။

သူ့ရှေ့က လူသုံးယောက်ရဲ့ အမူအရာကို ကြည့်ပြီးနောက်မှာတော့၊ ထိုလူဟာ သူ့ရဲ့ ဒဏ်ရာရထားတဲ့ ခြေထောက်ကို ဆုပ်ကိုင်ရင်း တုန်တုန်ရင်ရင်နဲ့ မေးလိုက်သည်။

"မင်း... မင်းတို့ အားလုံးက နယ်မြေ ၁၈၈ ကလား"

"နင် ဘယ်လိုထင်လဲ"

လီဝမ်ရှီးက စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်၏။

လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့လည်း ဆွံ့အလို့ နေ၏။

အထူးသဖြင့် ချီရွှယ်ဖေးဟာ ဒီလိုလူမျိုးရဲ့ လက်ထဲမှာ တစ်နာရီကျော်အောင် ကစားခံခဲ့ရတာကို တွေးမိပြီး တကယ့်ကို အရှက်ရနေမိသည်။

ထိုလူဟာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ကြောက်လန့်တကြားနဲ့ "ငါ့... ငါ့ရဲ့ အစ်ကိုကြီးက တကယ်သန်မာတာနော်၊ မင်းတို့ ငါ့ကို သတ်လို့မရဘူး၊ မဟုတ်ရင်တော့..."

ရွှီရှင်းက နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အေးအေးဆေးဆေး မေးလိုက်ပြန်သည်။

"မင်းပြောတဲ့ အစ်ကိုကြီးဆိုတာ ဘယ်သူလဲ"

"ငါ့အစ်ကိုကြီးက..."

ထိုလူ စကားမဆုံးခင်မှာတင် ရွှီရှင်းရဲ့ မျက်နှာကို လက်သီးနဲ့ ရုတ်တရက် ထိုးလိုက်၏။

ရွှီရှင်းကတော့ လက်ကို အသာလေးမြှောက်ပြီး ထိုလက်သီးကို အလွယ်တကူပဲ ဖမ်းလိုက်၏။

ဒီလူက ပိန်ပိန်ပါးပါးလေး ဆိုပေမဲ့၊ သူ့ရဲ့ ခွန်အားကတော့ သာမန်အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ထက် အများကြီး ပိုသန်မာပေသည်။

ဒီကမ္ဘာမှာ သူ့ရဲ့ ခွန်အားကို အကြိမ်ကြိမ် မြှင့်တင်ထားခဲ့လို့ပဲ ဖြစ်ရမည်။

ဒါပေမဲ့လည်း ရွှီရှင်းရဲ့ ရှေ့မှာတော့ သူ့ရဲ့ ခွန်အားဟာ ခုမှမွေးတဲ့ မွေးကင်းစ ကလေးတစ်ယောက်ထက် မပိုချေ။

ရွှီရှင်းက သူ့လက်ထဲက လက်သီးကို စတင်ပြီး ဖိညှစ်လိုက်၏။

"အားးးးး အားးးးး လွှတ်ပေးပါ လွှတ်ပါဗျာ၊ တောက်..."

ထိုလူဟာ နာကျင်လွန်းလို့ အော်ဟစ်နေ၏။

ရွှီရှင်းဟာ သူ့လက်ဝါးထဲမှာ ထိုလူရဲ့ လက်သီးကြီး ပုံပျက်သွားတာကို ခံစားမိသလို၊ အရိုးတွေ ကျိုးအက်သံကိုလည်း ကြားနေရ၏။

သူ ပိုပြီး ဖိညှစ်လိုက်လေ၊ ထိုလူရဲ့ အော်သံက ပိုကျယ်လာလေဖြစ်ပြီး၊ လက်ဝါးထဲမှာ အရိုးတွေ တဗြတ်ဗြတ် ကျိုးသွားတဲ့ အသံတွေကလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

ရွှီရှင်း လက်ကို လွှတ်ပေးလိုက်တဲ့အခါမှာတော့၊ ထိုလူဟာ သူ့လက်ကို ပြန်ဆွဲယူပြီး ရင်ဘတ်မှာ ပိုက်ကာ မြေပြင်ပေါ်မှာ ခွေခွေလေး လူးလှိမ့်ရင်း အော်ဟစ်နေတော့သည်။

အမှန်အတိုင်း ပြောရရင်၊ ဒီလူရဲ့ စောစောက ရွေးချယ်မှုဟာ မမှားပေ။

---

အခန်း ၂၅၃ ပြီး။

အခန်း (၂၅၄) - ခန့်မှန်းရခက်သော စွမ်းအား (၂)

မျက်နှာဆိုသည်မှာ ရွှီရှင်း၏ ကိုယ်ပေါ်တွင် အကြေးခွံချပ်ဝတ် ဖုံးအုပ်မထားသော နေရာများထဲမှ တစ်ခုဖြစ်သည်။

အကယ်၍ သူသာ အထိုးခံလိုက်ရပါက သာမန်လူတစ်ယောက်ဆိုလျှင် စက္ကန့်အနည်းငယ်မျှ မူးဝေသွားမည်မှာ သေချာသည်။

ထိုသို့ဆိုလျှင် သူသည် သစ်ပင်အိမ်ထဲသို့ ပြန်ပြေးဝင်ရန်နှင့် အခြားသူများကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။

သို့သော် သူ မမျှော်လင့်ထားသည့်အချက်မှာ သူ့ရှေ့ကလူသည် တစ်နယ်မြေလုံး၏ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်ဖြစ်သော ရွှီရှင်း ဖြစ်နေခြင်းပင်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် သူ့ကို ကျော်ဖြတ်နိုင်သူ မရှိသလောက်ပင်။

သူ့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။

"ဝိုး..."

"အာ... ဒါက..."

ဒါတွေကို မြင်တွေ့လိုက်ရတဲ့ လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားကြ၏။

ရွှီရှင်းက တစ်စုံတစ်ယောက်ရဲ့ လက်သီးကို တိုက်ရိုက် ချေမွပစ်လိုက်တာကို ကြည့်ပြီး၊ အရိုးကျိုးသံတွေနဲ့အတူ သွေးထွက်သံယို မြင်ကွင်းကြောင့် သူတို့ကိုယ်တိုင်ပင် ကြက်သီးထသွားရသည်။

ဒါပေမဲ့ လီဝမ်ရှီးကတော့ ကြောက်ရွံ့မသွားဘဲ စိတ်လှုပ်ရှားသွားပုံရသည်။

သူမ၏ မျက်နှာတွင် အားရကျေနပ်သည့် အမူအရာ ပေါ်လာပြီး

"ဝါး... ရွှီရှင်း၊ ရှင့်ရဲ့ ခွန်အားက တကယ်ပဲ ဒီလောက်ကြီးတာလား။ ဒီကောင်က အခုထိ ငြိမ်ငြိမ်မနေသေးရင် သူ့ရဲ့ နောက်လက်တစ်ဖက်ကိုလည်း ချေမွပစ်လိုက်ဦး"

"အီး..."

သူမရင်ခွင်ထဲက ခဲခဲကလည်း လက်သီးချေမွတာ ဘာလဲဆိုတာ နားမလည်ပေမဲ့ ထောက်ခံသည့်အနေဖြင့် အော်နေ၏။

"အာ... ဒါကတော့..."

ချီရွှယ်ဖေးက လီဝမ်ရှီးကို ကြည့်ပြီး ဘာပြောရမှန်းမသိဘဲ ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။

ဒီနှစ်ယောက်က တကယ်ကို ဖူးစာဖက်တွေပဲ...။

ဆရာဝန်တစ်ယောက်အနေနဲ့တော့ လူတစ်ယောက်ကို သူမရှေ့မှာ ဒီလို နှိပ်စက်နေတာကို မြင်ရတာ စိတ်ထဲမှာ တစ်မျိုးဖြစ်မိ၏။

မှန်ပါသည်၊ သူမသည် ရန်သူကို မေတ္တာဖြင့် တုံ့ပြန်ရမည်ဟု တွေးတောနေသော သူတော်စင်မ မဟုတ်ချေ။

ဒါပေမဲ့ သတ်ချင်ရင်လည်း တန်းသတ်လိုက်တာက ပိုကောင်းပြီး၊ ဒီလို နှိပ်စက်နေတာကတော့ နည်းနည်း ရက်စက်လွန်းတယ်လို့ သူမ ခံစားရသည်။

သို့သော်လည်း ဤလူသည် စောစောက သူမကို အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခဲ့သူ ဖြစ်သလို၊ ရွှီရှင်းနှင့် လီဝမ်ရှီးတို့က သူမ၏ အသက်သခင် ကျေးဇူးရှင်များ ဖြစ်နေသဖြင့် သူမ ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်ခြင်း ဖြစ်သည်။

သို့သော် လီဝမ်ရှီးလိုမျိုးတော့ အားပေးအားမြှောက် မလုပ်နိုင်ခဲ့ပေ။

ပြန်စဉ်းစားကြည့်ပြန်လျှင်လည်း၊ သူတို့နှစ်ဦး၏ ဤကဲ့သို့သော ပြတ်သားသည့် စရိုက်မျိုးကသာ ဤကမ္ဘာတွင် ရှင်သန်နိုင်ခြေ ပိုများစေခြင်းလည်း ဖြစ်နိုင်ပါသည်။

ချီရွှယ်ဖေးသည် မြေပြင်ပေါ်တွင် ကြောက်စရာကောင်းလောက်အောင် ကြေမွသွားသော ထိုလူ၏ လက်ကို ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။

သူမ စိတ်ပျော့သွားပြီး ထိုလူကို ကုသပေးချင်စိတ် ပေါ်လာမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"မလုပ်ပါနဲ့ ကျွန်တော် ပြောပါ့မယ်၊ အကုန်ပြောပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်မနှိပ်စက်ပါနဲ့တော့"

ပြင်းထန်လှသော နာကျင်မှုကြောင့် အက်ဒရီနယ်လင် များ တက်လာပြီးနောက် ထိုလူ၏ အသံမှာ ပိုကျယ်လာကာ ကပျာကယာ ပြောတော့သည်။

"ဒါဆို မင်းကို ငါမေးမယ်၊ စောစောက မင်းပြောတဲ့ အစ်ကိုကြီး ဆိုတာ ဘယ်သူလဲ"

ရွှီရှင်းက သူ့ရှေ့မှာ နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြန်သည်။

ဒီတစ်ခါတော့ ထိုလူက ရွှီရှင်းကို ပြန်တိုက်ခိုက်ဖို့ မဝံ့ရဲတော့ဘဲ ကြောက်လန့်တကြား ကြည့်နေရှာ၏။

"ငါ့အစ်ကိုကြီး... ငါ့အစ်ကိုကြီးက မာဟုန်ဝေပါ။ သူက နယ်မြေ ၁၈၇ ရဲ့ ထိပ်သီးပညာရှင် တစ်ယောက်ပါ။ မင်းတို့ ငါ့ကို သတ်လို့မရဘူး။ မဟုတ်ရင် ငါ့အစ်ကိုကြီးက ငါ့အတွက် ကျိန်းသေပေါက် လက်စားချေလိမ့်မယ်"

နာကျင်မှုတွေကို သူ့ရဲ့ ခံစားချက်တွေနဲ့ ဖိနှိပ်ဖို့ ကြိုးစားရင်း၊ ထိုလူဟာ ကြေမွသွားတဲ့ သူ့ရဲ့ ညာလက်ကို ဆုပ်ကိုင်ကာ အသံကုန် ဟစ်အော်နေတော့သည်။

မာဟုန်ဝေလား။

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

မာဟုန်ဝေရဲ့ ညီ ဟုတ်လား။

ဒီလူက သူ့ကို ဆက်ပြီး အော်ဟစ်နေဦးမှာ သိတာကြောင့်၊ ရွှီရှင်းက သူ့ရဲ့ ခြစ်ရာတွေနဲ့ ပြည့်နေတဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက် ထိုးလိုက်ပြန်သည်။

"အား.."

အော်သံနဲ့အတူ မြေပြင်ပေါ်ကို ပြန်လဲကျသွား၏။

"ပါးစပ်ပိတ်ထားစမ်း။ ငါမေးတာကိုပဲ ဖြေ။ မင်းနာမည်က ဘယ်သူလဲ"

ရွှီရှင်း၏ အေးစက်လှသော လေသံကြောင့် ထိုလူမှာ တုန်တုန်ရင်ရင်ဖြင့် သူ၏ နာမည်ကို ပြောပြရှာသည်။

"မာ... မာဟုန်ယွီ ပါ..."

မာဟုန်ယွီ...

သူ့နာမည်က မာဟုန်ဝေနဲ့ တော်တော်လေး ဆင်တူတာပဲ။

ကြည့်ရတာ ဒီ အစ်ကိုကြီး ဆိုတာက နာမည်ခံတင် မဟုတ်ဘဲ တကယ့် ညီအစ်ကို အရင်းအချာတွေ ဖြစ်ပုံရ၏။

ရွှီရှင်းက ဒီနေ့မှ မာဟုန်ဝေနဲ့ တွေ့ခဲ့တာဖြစ်ပြီး၊ အခု ဒီညီအစ်ကိုတွေရဲ့ သစ်ပင်အိမ် အကွာအဝေးကလည်း ဒီလောက်အထိ နီးကပ်နေတာက တကယ်ကို တိုက်ဆိုင်လွန်းလှသည်...။

မဟုတ်ပေ... ဒါက တိုက်ဆိုင်မှု မဟုတ်လောက်ပေ။

ရွှီရှင်းသည် ချင်ယွန်လုံနှင့် ချင်ယွန်ဟု ညီအစ်ကိုနှစ်ယောက်ကို သတိရသွား၏။

သူတို့လည်း တော်တော်လေး နီးကပ်တဲ့ နေရာမှာ ရှိနေကြပြီး အခုဆို ဆုံတောင် ဆုံနေကြပြီ မဟုတ်လား။

ဒီကမ္ဘာကြီးဟာ သွေးသားတော်စပ်တဲ့သူတွေကို နီးနီးနားနား နေရာတွေမှာပဲ စတင်စေခဲ့တာ ဖြစ်နိုင်၏။

ဒါကြောင့် မာဟုန်ဝေရဲ့ ညီနဲ့ ဒီမှာ ဆုံတာက တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ပေ။

"မာဟုန်ဝေ..."

ရွှီရှင်း တစ်ယောက်တည်း ရေရွတ်ရင်း၊ သူ၏ အတွေးများမှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

သူသည် မာဟုန်ဝေ ပြောလက်စနှင့် ရပ်သွားခဲ့သော စကားလုံးများကို ပြန်စဉ်းစားမိလိုက်သည်။

အိမ်မှာ ရှိနေတာနဲ့ အဝေးမှာ ရှိနေတာ ဘာကွာလဲလို့ သူ မေးခဲ့တုန်းက မာဟုန်ဝေက "ကွာတာပေါ့ဗျာ၊ ကျုပ်မှာက..." လို့ ပြောပြီး ရပ်သွားခဲ့တာကိုး။

ဒါဟာ မာဟုန်ဝေမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုခု ရှိနေမယ်လို့ ရွှီရှင်းကို သံသယဖြစ်စေခဲ့ခြင်း ဖြစ်သည်။

"ဒီ မြှားပစ်စက်ကြီး တွေကို မာဟုန်ဝေက မင်းကို ရောင်းပေးခဲ့တာလား"

ရွှီရှင်း ထပ်မေးလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့၊ အစ်ကိုကြီးက ငါ့ကို ပေးခဲ့တာပါ..."

မာဟုန်ယွီဟာ သူ့ရဲ့ ညာလက်ကို ဗိုက်မှာ ပိုက်ထားရင်း ပိုပြီး နာကျင်လာပုံရ၏။

"မင်း ဘာလို့ ဒီ မြှားပစ်စက်ကြီး တွေကို ဒီလောက်အထိ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရတာလဲဆိုတာ ငါ့ကို ပြောစမ်း"

ရွှီရှင်းက မာဟုန်ယွီရဲ့ ကော်လာကို ဆွဲမလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

မာဟုန်ယွီဟာ ကြောက်စိတ်နဲ့ နာကျင်မှုတွေကြားကနေ ဒဏ်ရာမရတဲ့ လက်တစ်ဖက်နဲ့ ရွှီရှင်းရဲ့ လက်ကို ဆုပ်ကိုင်ရင်း အော်ပြောတော့သည်။

"ငါနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါက ငါ့အစ်ကိုကြီးရဲ့ မြှားပစ်စက် တွေမို့လို့ပါ။ အစ်ကိုကြီး ပေးထားတဲ့ မြှားပစ်စက် တွေကြောင့်ပါ။ အဲဒီ မြှားပစ်စက် တွေက သစ်ပင်အိမ် စနစ်နဲ့ ချိတ်ဆက်လို့ ရတယ်။ အစ်ကိုကြီးက မြှားပစ်စက် အားလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်ပြား ကိုပါ ငါ့ကို ပေးထားတာ။ သစ်ပင်အိမ်မှာ တပ်ဆင်လိုက်ရုံနဲ့ အကုန် ထိန်းချုပ်လို့ ရတာပါ။ ငါ့ကို လွှတ်ပေးပါ၊ လွှတ်ပေးပါဗျာ အားးးးး"

ရွှီရှင်း လက်ကို လွှတ်ပေးလိုက်တဲ့အခါ သူ မြေပြင်ပေါ်ကို ပြန်ကျသွားပြီး နာကျင်စွာ အော်ဟစ်နေပြန်သည်။

ငါ ထင်ထားတဲ့အတိုင်းပါပဲ။

သူ့ရဲ့ စကားတွေကို ကြားရတဲ့အခါ ရွှီရှင်းရဲ့ မျက်ဝန်းတွေက ပိုပြီး တောက်ပလာခဲ့သည်။

ဒါဟာ မာဟုန်ဝေရဲ့ လျှို့ဝှက်လက်နက်ပေါ့။

ကြည့်ရတာ မာဟုန်ဝေဟာ သူရှာနေတဲ့ ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်နေတာ သေချာလေပြီ။

ဒီစကားတွေအရဆိုရင် မာဟုန်ဝေရဲ့ စွမ်းရည်တွေကို ရွှီရှင်း ခန့်မှန်းလို့ ရနေပါပြီ။

ရွှီရှင်း အပါအဝင် တခြားသူတွေဟာ မြှားပစ်စက် တွေကို တပ်ဆင်ထားတဲ့ နံရံနားက ထိန်းချုပ်တံ ကနေပဲ လက်နဲ့ ထိန်းချုပ်လို့ ရကြ၏။

ဒါ့အပြင် အဲဒီ မြှားပစ်စက် တွေက သစ်ပင်အိမ်စနစ်နဲ့လည်း မချိတ်ဆက်နိုင်သလို၊ အများဆုံး လုပ်နိုင်တာကတော့ မြင်သမျှ ရန်သူကို အလိုအလျောက် ပစ်ခတ်ဖို့ ထားရှိတာပဲ ဖြစ်သည်။

ဒါပေမဲ့ အဲဒါကလည်း ကန့်သတ်ချက်တွေ အများကြီး ရှိ၏။

ဥပမာ - ယုန်တစ်ကောင်သာ ပစ်ကွင်းထဲ ဝင်လာမယ်ဆိုရင် မြှားပစ်စက် အားလုံးက အဲဒီယုန်ကို ဝိုင်းပစ်နေမှာ မဟုတ်လား။ ဒါကြောင့် ဒီအလိုအလျောက်စနစ်က သိပ်ပြီး အသုံးမဝင်လှပေ။

ဒါပေမဲ့ မာဟုန်ဝေကတော့ မတူပေ။

သူလုပ်ထားတဲ့ မြှားပစ်စက် တွေဟာ သစ်ပင်အိမ်စနစ်နဲ့ ချိတ်ဆက်ပြီး တစ်စုတစ်စည်းတည်း ထိန်းချုပ်လို့ ရနိုင်ပုံရ၏။

ဒါ့အပြင် သူက လက်နက်အားလုံးကို ထိန်းချုပ်နိုင်တဲ့ စနစ်ပြား ကိုပါ ဖန်တီးနိုင်တာကြောင့် ဒါဟာ တကယ့်ကို လက်နက်အားလုံးကို တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုလိုပင်။

ဒါဟာ မြှားပစ်စက် တွေတင်မကဘဲ၊ နောင်ကျရင် သစ်ပင်အိမ်မှာ တပ်ဆင်မယ့် အကြီးစား လက်နက်အားလုံးအတွက်လည်း ဖြစ်နိုင်၏။

ဒါ့အပြင် မာဟုန်ယွီ ထိန်းချုပ်နိုင်တာကို ကြည့်ရင်၊ ဒီစွမ်းရည်ဟာ မာဟုန်ဝေ တစ်ယောက်တည်းအတွက်ပဲ မဟုတ်ဘဲ တခြားသူတွေလည်း အသုံးပြုနိုင်တဲ့ သဘောရှိသည်။

ပထမအဆင့်မှာတော့ ဒီစွမ်းရည်က သိပ်ပြီး အသုံးမဝင်ခဲ့တာ အမှန်ပင်။

ဘာလို့လဲဆိုတော့ လှုပ်ရှားမှုတိုင်းက သစ်ပင်အိမ်ကနေ ထွက်ပြီး စူးစမ်းရှာဖွေရတာမို့လို့ သူ အဆင့်မြင့်မြင့် မရခဲ့တာ ဖြစ်လိမ့်မည်။

ဒါပေမဲ့ အခုတော့ မတူတော့ပေ။

ဒုတိယအဆင့်မှာ အန္တရာယ်က ဘယ်အချိန်မဆို ရောက်လာနိုင်ပြီး၊ သစ်ပင်အိမ်ဟာ ရှင်ကျန်သူတိုင်းအတွက် အမာခံစခန်း ဖြစ်၏။

ဒီစွမ်းရည်သာ ရှိရင် သစ်ပင်အိမ်ကို တကယ့်ကို ထိန်းချုပ်လို့ရတဲ့ ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လို့ ရမှာပင်။

အမှန်အတိုင်း ပြောရလျှင် ဒီစွမ်းရည်သာ မရှိခဲ့ရင် ချီရွှယ်ဖေးဟာ မာဟုန်ယွီကို မနိုင်ရင်တောင်မှ ထွက်ပြေးဖို့ကတော့ မခက်ခဲလှချေ။

ဒါပေမဲ့ ဒီစွမ်းရည်ကြောင့်ပဲ မာဟုန်ယွီလို သာမန်ရှင်ကျန်သူ တစ်ယောက်က စူးစမ်းရှာဖွေသူများ ထဲက ထိပ်သီးတစ်ယောက်ကို ဒီလောက်အထိ ကစားနိုင်ခဲ့၏။

မှန်ပါသည်၊ အဲဒါက သူ့ရဲ့ သစ်ပင်အိမ်နားမှာ ရှိနေမှသာ ဖြစ်နိုင်၏။

ကောင်းလိုက်တာ။ ဒီစွမ်းရည်က တကယ်ကို ကောင်းလွန်းတယ်။

"ဘာဖြစ်လို့လဲ၊ ရှင် ဒီမာဟုန်ဝေဆိုတဲ့လူကို သိလို့လား"

ရွှီရှင်းက တစ်စုံတစ်ခုကို စဉ်းစားရင်း မျက်နှာအမူအရာ ပြောင်းလဲသွားတာကို မြင်တော့ လီဝမ်ရှီးက မေးလိုက်၏။

"ဒါတွေ ပြီးသွားရင် မင်းကို ငါ ရှင်းပြပါ့မယ်။ မင်းလည်း ကျိန်းသေပေါက် အံ့သြသွားမှာပါ"

ရွှီရှင်း ပြုံးလျက် ပြောလိုက်သည်။

"အော်... ဟုတ်ပြီလေ"

လီဝမ်ရှီးက ဇဝေဇဝါဖြင့် ခေါင်းညိတ်ပြရှာ၏။

ရွှီရှင်းသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ညည်းတွားနေဆဲဖြစ်သော မာဟုန်ယွီကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့အသက်ကို ချမ်းသာပေးသင့်လား။

ဖြစ်နိုင်တာက သူကနေတစ်ဆင့် မာဟုန်ဝေကို ပိုပြီး ထိန်းချုပ်လို့ ရနိုင်၏။

ဒါပေမဲ့ သူကိုယ်တိုင်မှာ ဘာစွမ်းရည်မှ မရှိတဲ့အပြင်၊ သူ့ရဲ့ စရိုက်ကလည်း တော်တော်လေး ဆိုးရွားလှသည်။

အစ်မရွှယ်ဖေးကိုလည်း နှိပ်စက်ခဲ့သလို စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်ကိုလည်း ထိခိုက်အောင် လုပ်ခဲ့သေး၏။

"အစ်မရွှယ်ဖေး၊ ဒီသစ်ပင်အိမ်က အစ်မအပိုင်ပဲ။ ဒီလူကိုရော အစ်မ ယူမလား"

ရွှီရှင်းက ချီရွှယ်ဖေးဘက် လှည့်ကာ မေးလိုက်၏။

ချီရွှယ်ဖေးသည် မြေပြင်ပေါ်က သံမဏိချပ်ဝတ်တန်ဆာကို ပြန်ဝတ်ထားပြီး ဖြစ်သည်။

ချိုင့်ခွက်တွေနဲ့ ကြည့်မကောင်းတော့ဘူး ဆိုစေဦးတော့၊ ခံစစ်ပိုင်းမှာတော့ အပြာရောင် သားရေချပ်ဝတ်တန်ဆာထက် အများကြီး ပိုသန်မာပါသေးသည်။

သာမန်အားဖြင့်တော့ အကြီးစားလက်နက်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

မြားတစ်စင်း ထိရုံနဲ့တင် လူတစ်ကိုယ်လုံး ပေါက်ထွက်သွားမှာပင်။

ဒါပေမဲ့ သူမက အကြိမ်ကြိမ် လဲကျခဲ့ရတာတောင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာ မရခဲ့တာဟာ ဒီသံမဏိချပ်ဝတ်တန်ဆာရဲ့ ခံစစ်စွမ်းအားကို သက်သေပြနေတာပင်။

"သစ်ပင်အိမ်ကို ငါ့ကို ပေးမယ်ဆိုရင်တော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့ ဒီလူကိုတော့..."

ချီရွှယ်ဖေးက မြေပြင်ပေါ်မှာ ညည်းတွားနေတဲ့ မာဟုန်ယွီကို ရွံရှာစွာ တစ်ချက်ကြည့်လိုက်ပြီး

"ငါ သူ့ကို မလိုချင်ဘူး၊ ငါ့နားကိုလည်း လုံးဝ အလာမခံနိုင်ဘူး"

"အဲဒီလိုလား"

ချီရွှယ်ဖေး စကားဆုံးသည်နှင့် ရွှီရှင်းသည် သူ၏ လှံပုဆိန် ကြီးကို လွှဲယမ်းလိုက်တော့သည်။

သွေးများ ချက်ချင်း ပန်းထွက်သွား၏။

မာဟုန်ယွီ၏ ခေါင်းမှာ မယုံကြည်နိုင်သော မျက်နှာပေးနှင့်အတူ မီတာ ဆယ်ဂဏန်းလောက်ကို လွင့်ထွက်သွားပြီး၊ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျကာ နှစ်ပတ် သုံးပတ်လောက် လိမ့်သွားပြီးနောက် ငြိမ်ကျသွားလေတော့သည်။

---

အခန်း ၂၅၄ ပြီး။

အခန်း (၂၅၅) - ဘောလုံးကစားရတာ ဝါသနာပါတဲ့ ခဲခဲ

"အီး"

ရွှီရှင်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ခဲခဲ လန့်သွားပြီး အော်ဟစ်ကာ လီဝမ်ရှီး၏ ရင်ခွင်ထဲမှ ခုန်ထွက်သွားသည်။

ထိုသတ္တဝါလေးသည် အလောင်းမှ ပန်းထွက်လာသော သွေးများကို မထိမိစေရန် လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်ပြီး၊ သွေးများ ရပ်တန့်သွားသည်အထိ စောင့်ကာ ရွှီရှင်း၏ ပုခုံးပေါ်သို့ ပြန်တက်လာတော့၏။

ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ နှစ်ဦးစလုံး မှင်သက်သွားကြ၏။

ရွှီရှင်းသည် စကားတစ်လုံးမှ မပြောဘဲ ရုတ်တရက် လှံပုဆိန်ကို ဝှေ့ယမ်းကာ မာဟုန်ယွီကို သတ်ပစ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ထို့ပြင် သတ်ပုံသတ်နည်းမှာလည်း မြင်ရသူအဖို့ တုန်လှုပ်ချောက်ချားစရာ အကောင်းဆုံး နည်းလမ်း ဖြစ်နေသည်။

ခေါင်းဖြတ်သတ်လိုက်တာပဲ။

ခေါင်းက ပြတ်ထွက်သွားတာလေ။

ခေါင်းမရှိတော့သော အလောင်းမှ သွေးများ ပန်းထွက်လာပြီး အနားရှိ လူသုံးယောက်လုံးကို စင်သွားတော့သည်။

ပြတ်ထွက်သွားသော ဦးခေါင်းမှာ မြေပြင်ပေါ်တွင် လိမ့်သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် လူသုံးယောက်ရှိရာဘက်သို့ မျက်နှာမူလျက် ရပ်တန့်သွားသည်။

မယုံကြည်နိုင်မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသော မျက်လုံးများမှာ ပြူးလျက်သား ရှိနေပြီး၊ သူတို့ကို စိုက်ကြည့်နေသလိုမျိုးပင်။

လီဝမ်ရှီးသည် သူမ၏ မျက်နှာပေါ်က သွေးစက်များကို လက်ဖြင့် အသာအယာ သုတ်လိုက်၏။

"အော့..."

စောစောကတော့ မာဟုန်ယွီရဲ့ နောက်လက်တစ်ဖက်ကိုပါ ချေမွပစ်ဖို့ ရွှီရှင်းကို အားပေးခဲ့သူဖြစ်သော်လည်း၊ ယခု မြင်ကွင်းကိုတော့ သူမ ပထမဆုံးအကြိမ်အဖြစ် မတောင့်ခံနိုင်တော့ပေ။

သူမသည် သစ်ပင်အိမ်ရှိရာသို့ ပြေးသွားကာ သစ်ပင်ပင်စည်ကို ကိုင်ပြီး "ဝေါ့" ကနဲ အန်ချလိုက်တော့သည်။

"အီး.."

ခဲခဲက ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ ခေါင်းလေးကို စောင်းကာ လီဝမ်ရှီးကို တစ်လှည့်၊ မြေပြင်ပေါ်က ခေါင်းမရှိတဲ့ အလောင်းကို တစ်လှည့် ကြည့်နေမိသည်။

လီဝမ်ရှီး ဘာလို့ ဒီလောက်အထိ တုံ့ပြန်မှု ပြင်းထန်နေရတာလဲဆိုတာကို သူမ နားမလည်နိုင်ရှာချေ။

ခဲခဲအတွက်တော့ လူသေလောင်းနဲ့ တိရစ္ဆာန်အသေကောင်ဆိုတာ ဘာမှမထူးခြားချေ။

ဒါကြောင့် သူမအတွက် ဘာမှမဖြစ်ပေ။

ရွှီရှင်းက တိရစ္ဆာန်တစ်ကောင်ကို ရုတ်တရက် သတ်လိုက်သလိုမျိုးပဲ သူမ ခံစားရ၏။

ရွှီရှင်းရဲ့ ဘေးမှာ အမြဲရှိနေတဲ့ ခဲခဲအတွက်တော့ ဒါဟာ နေ့စဉ်မြင်နေကျ ကိစ္စတစ်ခုပဲ မဟုတ်လား။

ချီရွှယ်ဖေးကတော့ လီဝမ်ရှီးလောက် တုံ့ပြန်မှု မပြင်းထန်ချေ။

သူမက မြေပြင်ပေါ်က အလောင်းကို ငေးကြောင်ကြည့်နေရုံသာ ရှိသည်။

ခေါင်းပြတ်နေတဲ့ မြင်ကွင်းကို မြင်ရတာက လူအတော်များများအတွက် ရုပ်ပိုင်းဆိုင်ရာအရ လက်မခံနိုင်စရာ ဖြစ်သော်လည်း၊ သူမက ဆေးဆရာဝန်တစ်ဦး ဖြစ်တာကြောင့် ဒီထက်ဆိုးတဲ့ မြင်ကွင်းတွေကို မြင်ဖူးထားပြီးသားပင်။

ကျား၊ မ၊ ကြီး၊ ငယ်မရွေး အလောင်းပေါင်းများစွာကို ခွဲစိတ်ခဲ့ဖူးသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း တစ်ခုချင်းစီ လေ့လာခဲ့ဖူးတာကိုး။

ခေါင်းပြတ်တာလောက်ကတော့ သူမအတွက် ဘာမှမဟုတ်ပါဘူး။

ဆေးဆရာဝန်တွေတင်မကဘဲ ဆေးကျောင်းသားတွေဆိုရင်တောင် လူသေလောင်းကို မြင်ရလို့ ပျို့အန်တာမျိုး၊ ကြောက်တာမျိုး မရှိကြတော့ပါဘူး။

ဆေးကျောင်းသား အတော်များများဟာ အသားကျသွားပြီဆိုရင် အလောင်းခွဲစိတ်ခန်းထဲမှာတောင် အသားပေါက်စီကို ဘာမှမဖြစ်သလို စားနိုင်ကြ၏။

ဒါပေမဲ့ ရွှီရှင်းရဲ့ ရုတ်တရက် လုပ်ရပ်ကတော့ သူမကိုတောင် မှင်သက်သွားစေခဲ့သည်။

လူသတ်တာနဲ့ အလောင်းကို ခွဲစိတ်တာက လုံးဝ တခြားစီပင်။

"နင်..."

သူမက ရွှီရှင်းကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ တုန်ယင်နေသည်။

"ဘာလို့... ရုတ်တရက်ကြီး သတ်လိုက်ရတာလဲ... ငါ... ငါက ပြောရုံပဲ..."

"အင်း... အစ်မပဲ ပြောခဲ့တာ မဟုတ်လား၊ သူ့ရဲ့ သစ်ပင်အိမ်ကိုပဲ ယူမယ်၊ သူ့ကိုတော့ မယူဘူးဆိုတာလေ။ သစ်ပင်အိမ် မရှိဘဲနဲ့ သူလည်း အသက်မရှင်နိုင်ပါဘူး၊ အဲဒါကြောင့် သတ်ပစ်လိုက်တာက ပိုကောင်းပါတယ်"

ရွှီရှင်းသည် ပြင်းထန်စွာ ခုန်နေသော သူ၏ ရင်ခုန်သံကို အနည်းငယ် ငြိမ်အောင် ထိန်းလိုက်ပြီး၊ သစ်ပင်အောက်မှာ အန်နေတဲ့ လီဝမ်ရှီးကို တစ်ချက်ကြည့်ကာ ချီရွှယ်ဖေးကို ပြုံးပြလိုက်၏။

ဒါဟာ သူ့ရဲ့ ပထမဆုံး လူသတ်မှုလို့ ပြောလို့ရ၏။

ပြီးခဲ့တဲ့အကြိမ်က လုဖေးအာကို သတ်ခဲ့ဖူးပေမဲ့၊ သူမက ချက်ချင်း ပြန်ရှင်လာခဲ့တာမို့ သတ်လိုက်တာနဲ့ မတူချေ။

ဒါဟာ သူ့ရဲ့ တကယ့် ပထမဆုံး လူသတ်မှုဖြစ်ပြီး၊ ခေါင်းဖြတ်သတ်လိုက်တာ ဖြစ်တဲ့အတွက် သားရဲပေါင်းများစွာကို အမဲလိုက်ခဲ့ဖူးတဲ့ သူ့အတွက်တောင် အနည်းငယ်တော့ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရသည်။

အမှန်အတိုင်း ပြောရရင် သူ ခေါင်းဖြတ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပေ၊ လည်ပင်းကိုပဲ လှီးဖို့ ကြံခဲ့တာပင်။

ဒါပေမဲ့ သူ့ရဲ့ လက်ရှိခွန်အားရယ်၊ ခရမ်းရောင်အဆင့် သံမဏိ လှံပုဆိန်ရဲ့ အလွန် ထက်မြက်မှုရယ်ကြောင့် ဘာခုခံမှုကိုမှ မခံစားရဘဲ ခေါင်းက ပြတ်ထွက်သွားတာမို့ သူကိုယ်တိုင်တောင် လန့်သွားရခြင်း ဖြစ်သည်။

ဒါပေမဲ့ ရှင်ကျန်သူ တစ်ယောက်ကို လှံနဲ့ တစ်ချက်တည်း သတ်လိုက်တဲ့အခါ စုပ်ယူလိုက်ရတဲ့ အသက်စွမ်းအားကတော့ တကယ်ကို များပြားလှသည်...။

လှံရိုးကနေ စီးဝင်လာတဲ့ နွေးထွေးတဲ့ စွမ်းအင်တွေက သူ၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ အားအင်တွေကိုပါ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားစေသည်။

ဒါပေမဲ့ ဒါဟာ ရှင်ကျန်သူတွေက ထူးခြားလို့လားဆိုတာကိုတော့ သူ မသိသေးချေ။

ဘာလို့လဲဆိုတော့ သူ ဒီလှံကို လုပ်ပြီးကတည်းက သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ သားရဲတွေ ပျောက်နေတာကြောင့် တခြား တိရစ္ဆာန်တွေကို သတ်ပြီး မနှိုင်းယှဉ်ကြည့်ရသေးလို့ပင်။

"ငါ..."

ချီရွှယ်ဖေးသည် ရွှီရှင်း၏ စကားကို ကြားသောအခါ ကိုယ်လေး တုန်သွားရပြီး မြေပြင်ပေါ်က အလောင်းကို ငေးကြည့်နေမိသည်။

"ငါက ခုနက..."

ရွှီရှင်းသည် သစ်ပင်အနားမှာ ပျို့အန်နေသော လီဝမ်ရှီးကို တစ်ချက် ကြည့်လိုက်ပြီးမှ ချီရွှယ်ဖေးကို ပြုံးလျက်..

"ဒါကြောင့် ဒီလူကို ကျွန်တော်နဲ့ အစ်မ အတူတူ သတ်လိုက်တယ်လို့ပဲ သတ်မှတ်လို့ ရတယ်" ဟု ဆိုလိုက်၏။

ချီရွှယ်ဖေး ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ ငေးကြောင်နေသော မျက်ဝန်းများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူမသည် ရွှီရှင်းကို စိုက်ကြည့်ရင်း ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်တော့ ခါးသီးစွာ ပြုံးလိုက်မိသည်။

"နင် တမင်လုပ်တာပဲ။ ငါမ သူ့ကို ငါ့ရဲ့ နယ်မြေထဲ ပေးမဝင်ဘူးဆိုတာ နင်သိနေတယ်၊ အဲဒါကြောင့် ငါ့ဆီက အဖြေကိုယူပြီးမှ သူ့ကို သတ်ဖို့ ဆုံးဖြတ်လိုက်တာ မဟုတ်လား"

"အဲဒါကြောင့် အစ်မရွှယ်ဖေး"

ရွှီရှင်းက တည်ကြည်စွာ ပြောလိုက်သည်။

"အစ်မဟာ ဒီကမ္ဘာမှာ လူသတ်ဖူးတဲ့သူ တစ်ယောက် ဖြစ်သွားပြီလို့ သတ်မှတ်လို့ ရပါတယ်။ နောက်နောင် ရန်သူတွေကို သနားမနေပါနဲ့၊ မဟုတ်ရင်တော့ နောက်ဆုံးမှာ ခံရမှာက အစ်မကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်"

ချီရွှယ်ဖေးမှာ ဤကမ္ဘာ၏ အဖိုးတန်ဆုံး ဆေးဆရာမ ဖြစ်သည်။

သူမသည် သနားစိတ်ဝင်မိခြင်း သို့မဟုတ် လူမသတ်ချင်ခြင်းကြောင့် ပြဿနာများနှင့် ကြုံတွေ့ရမှာကို ရွှီရှင်း မလိုလားပေ။

ထို့ကြောင့်ပင် သူ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ချီရွှယ်ဖေးသည် သူ့ကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်သော်လည်း ပြောမထွက်ခဲ့ပေ။

နောက်ဆုံးတွင်တော့ သူမသည် စိတ်ပျက်သလိုဖြင့် မျက်နှာလွှဲလိုက်သည် ။

"ငါက နင်တို့ထက် နှစ်အနည်းငယ် ပိုကြီးပါတယ်၊ ဒီကိစ္စတွေကို ငါ ကောင်းကောင်း သိပါတယ်"

"ဒါပေမဲ့ ခုနက... အစ်မ သူ့ကို ကုပေးချင်နေတာ မဟုတ်လား"

ရွှီရှင်းက ချီရွှယ်ဖေးကို နောင်တစ်ချိန်မှာ ရန်သူတွေကို ကုသပေးမိတာမျိုး မဖြစ်စေချင်တာကြောင့် ထပ်မံ ဖိပြောလိုက်သည်။

"အစ်မရဲ့ မျက်လုံးတွေက သူ့အပေါ် သနားစိတ်တွေ ဖြစ်နေတာ ကျွန်တော် မြင်ပါတယ်။ တကယ်လို့ ကျွန်တော် သူ့ကို မသတ်ခဲ့ရင် အစ်မ သူ့ကို ကျိန်းသေပေါက် ကုပေးမိမှာပဲ မဟုတ်လား"

"ငါ..."

ချီရွှယ်ဖေး ငြင်းချင်သော်လည်း ပြောမထွက်ခဲ့ချေ။

ဘာလို့လဲဆိုတော့ သူမ တကယ်ပဲ ထိုသို့ တွေးမိခဲ့လို့ပါပဲ။

နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်ပြီး ဘာမှမတတ်နိုင်သလို ရယ်မောလိုက်သည်။

"နောင်ကျရင် ဒီလို တိုက်ခိုက်သတ်ဖြတ်တာတွေ၊ နယ်မြေချဲ့ထွင်တာတွေမှာ ငါ မပါတော့ဘူး။ ငါက နင်တို့အတွက် နောက်ကွယ်ကနေ ဆေးဝါးတွေနဲ့ ကုသမှုတွေပဲ လုပ်ပေးမယ်။ တိုက်ခိုက်သတ်ဖြတ်တာက ငါနဲ့ မအပ်စပ်ပါဘူး"

"ထူးခြားတဲ့ အခြေအနေတွေကတော့ အမြဲ ရှိနေမှာပဲလေ"

ရွှီရှင်းက လီဝမ်ရှီးရှိရာသို့ တစ်ချက် ကြည့်လိုက်ပြန်ပြီး ချီရွှယ်ဖေးကို ပြောလိုက်၏။

"အဲဒီအချိန်ကျရင်တော့ အစ်မရွှယ်ဖေးအနေနဲ့ လက်တွန့်မနေဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်"

"အင်း... ငါ သိပါပြီ"

ချီရွှယ်ဖေးက ရွှီရှင်းကို မျက်စောင်းထိုး ကြည့်လိုက်၏။

သူ့ရဲ့ အကြည့်တွေက ဟိုဘက်ကို ခဏခဏ ရောက်နေတာကို သူမ သတိပြုမိသွားတာကိုး။

သူမက စိတ်ပျက်လက်ပျက်ဖြင့်...

"နင် ဝမ်ရှီးဆီပဲ သွားကြည့်ပါတော့။ ငါ့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ လာဆွေးနွေးပေးနေရင်းနဲ့လည်း နင့်ရဲ့ ရည်းစားလေးဆီကို မျက်လုံးက ရောက်နေတာ ဘယ်နှစ်ခါရှိပြီလဲ" ဟု ဆိုလိုက်၏။

ရွှီရှင်း ရယ်မောလိုက်ပြီး သစ်ပင်အိမ်ရှိရာသို့ အပြေးသွားလိုက်သည်။

လီဝမ်ရှီးကတော့ အန်နိုင်သမျှ အကုန်အန်ထားပြီး ဖြစ်ကာ မျက်ရည်တွေလည်း စီးကျနေရှာသည်။

သူမသည် သစ်ပင်ပင်စည်ကို ဖက်ထားရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေသေး၏။

"ဘယ်လိုနေသေးလဲ"

ရွှီရှင်းက လီဝမ်ရှီး၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။

"သက်သာသွားပြီလား။ ငါ့အမှားပါ၊ ငါက ရုတ်တရက်ကြီး လုပ်လိုက်မိတာကိုး"

"အီး..."

ခဲခဲကလည်း လီဝမ်ရှီး ဘာလို့ ဒီလိုဖြစ်နေတာလဲဆိုတာ နားမလည်ပေမဲ့ စိုးရိမ်တကြီး ကြည့်နေရှာသည်။

လီဝမ်ရှီးက ခေါင်းကို အသာအယာ ခါယမ်းပြသည်။

"ဟင့်အင်း... ကျွန်မရဲ့ သည်းခံနိုင်စွမ်းက ညံ့လွန်းလို့ပါ။ အရင်က သားရဲတွေ အများကြီး သတ်ခဲ့ဖူးတာတောင် အခုထိ ဒီလို ဖြစ်နေတုန်းပဲ... လူသတ်တာကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်မို့လို့ပါ..."

သူမ၏ စိတ်ထဲတွင် ခေါင်းပြတ်ထွက်သွားသည့် မြင်ကွင်းနှင့် မြေပြင်ပေါ်က သွေးစွန်းနေတဲ့ ဦးခေါင်းရဲ့ မျက်နှာပေးကို ပြန်မြင်ယောင်လာပြီး နောက်ထပ်တစ်ကြိမ် ပျို့အန်သွားပြန်သည်။

ရွှီရှင်းက သူမကို ရေတစ်ပုလင်း ပေးလိုက်ရာ၊ သူမသည် ချက်ချင်းပင် ရေသောက်လိုက်ပြီး ပလုတ်ကျင်းကာ ပြန်ထွေးထုတ်လိုက်မှ မျက်နှာလေး အနည်းငယ် ပြန်ကြည်လာတော့သည်။

"ကဲ... ကျွန်မ အဆင်ပြေသွားပါပြီ"

ရွှီရှင်းက လီဝမ်ရှီးကို ဖက်ထားပေးပြီး ကျောကို အသာအယာ ပွတ်ပေးလိုက်၏။

ရွှီရှင်း၏ ရင်ခွင်ထဲ ရောက်သွားမှ လီဝမ်ရှီး၏ တုန်ယင်နေသော ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။

"အီး..."

ခဲခဲကလည်း သူမ၏ လက်သည်းလေးဖြင့် လီဝမ်ရှီး၏ ခေါင်းကို အသာအယာ ပုတ်ပေးနေ၏။

နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားသောအခါ လီဝမ်ရှီးသည် ရွှီရှင်း၏ ရင်ခွင်ထဲမှ ခေါင်းမော့လာပြီး၊ ရွှီရှင်းကို လက်သီးဖြင့် အသာအယာ ထိုးလိုက်ကာ ဗျစ်တောက်ဗျစ်တောက် ပြောတော့သည်။

"မသတ်ခင် ကြိုပြီး သတိပေးလို့ မရဘူးလား။ ရှင်က တကယ်ပဲ လူကို လန့်အောင် လုပ်တာပဲ၊ ကျွန်မ ဘာမှ ပြင်ဆင်မထားမိဘူး"

'မင်းတင် လန့်တာ မဟုတ်ပါဘူး၊ ငါကိုယ်တိုင်တောင် လန့်သွားတာပါ' ဟု ရွှီရှင်း စိတ်ထဲကတွေးရင်း မရယ်မိအောင် အတင်းအောင့်ထားရသည်။

"ရှင်က ရယ်နေသေးတယ်။ ရှင့်ရဲ့ သတ်ပုံသတ်နည်းက တကယ်ကို ရက်စက်လွန်းတယ်။ လူသတ်တာ မြင်ဖူးတာ ဒါ ပထမဆုံးပဲလေ။ ပထမဆုံးအကြိမ်မှာတင် ခေါင်းဖြတ်သတ်တာကို မြင်လိုက်ရတာ တကယ်ကို ကြောက်စရာကြီး"

လီဝမ်ရှီးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

သူမသည် အလောင်းရှိရာဘက်ကို မကြည့်ရဲသော်လည်း မနေနိုင်ဘဲ နှစ်ခါလောက် ခိုးကြည့်မိသေးသည်။

ကြည့်ပြီးတိုင်းလည်း မျက်နှာကို အမြန်ပြန်လွှဲလိုက်၊ နောက်တစ်ခါ ထပ်ခိုးကြည့်လိုက်နှင့် သူမ၏ သတိထားနေသော ပုံစံလေးက ရွှီရှင်းကို ရယ်ချင်စိတ် ပေါက်စေ၏။

"ဒီနေ့က ငါ့အတွက်လည်း ပထမဆုံး လူသတ်တာပဲလေ။ ငါ့ရဲ့ ခွန်အားကို ငါကိုယ်တိုင် မသိလို့ ဒီလို ဖြစ်သွားတာပါ"

ရွှီရှင်းက လက်နှစ်ဖက်ကို ဖြန့်ပြကာ သူလည်း အသစ်မို့လို့ အပြစ်မရှိကြောင်း အမူအရာပြလိုက်၏။

"ဝါး... ရှင်ကတော့ ဒီဘက်မှာ တကယ့်ကို ပါရမီပါတာပဲနော်..."

လီဝမ်ရှီးက အံ့သြသလို ပြောလိုက်သည်။

ထိုအချိန်တွင် ချီရွှယ်ဖေးသည် လီဝမ်ရှီး စိတ်တည်ငြိမ်သွားသည်ကို မြင်သောအခါ ပြုံးလျက် လျှောက်လာ၏။

"ရွှီရှင်းက နင့်ကို ချော့နိုင်သွားပြီလား"

ချီရွှယ်ဖေး ရောက်လာသည်ကို မြင်သောအခါ လီဝမ်ရှီး မျက်နှာလေး နီရဲသွားပြီး၊ ရွှီရှင်းကို အမြန်တွန်းထုတ်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။

"ကဲပါ... ညီမ အဆင်ပြေသွားပါပြီ။ ရှက်ဖို့ကောင်းလိုက်တာ။ ဒါနဲ့ မမရွှယ်ဖေးက ဘာလို့ ဘာမှမဖြစ်တာလဲ။ မမလည်း လူသတ်ဖူးလို့လား"

ချီရွှယ်ဖေး လူသတ်တာကိုတော့ လီဝမ်ရှီး စိတ်ကူးထဲမှာတောင် ထည့်လို့မရချေ။

"ငါ တစ်ခါမှ လူမသတ်ဖူးပါဘူး"

ချီရွှယ်ဖေး ခေါင်းခါပြလိုက်ပြီး၊ သူမ၏ လက်ကို ခွဲစိတ်ဓားကိုင်ထားသလိုမျိုး မြှောက်ပြသည်။

"ငါ ဘာအလုပ်လုပ်လဲဆိုတာ နင်မေ့နေပြီလား။ ငါကတော့ ဒါမျိုးတွေကို ကျင့်သားရနေပါပြီ"

"အာ"

လီဝမ်ရှီး ချက်ချင်း သတိရသွားပြီး စူးစမ်းစွာ မေးလိုက်သည်။

"ဆေးကျောင်းသားတွေ အားလုံးက အလောင်းခွဲစိတ်ရတာကို ဒီလောက်အထိ အေးအေးဆေးဆေး လုပ်နိုင်ကြတာလား"

"အင်း... ဒါပေမဲ့ လူတိုင်းမှာတော့ ပထမဆုံးအကြိမ်ဆိုတာ ရှိတာပေါ့"

ချီရွှယ်ဖေးသည် သူမ၏ ပထမဆုံး အလောင်းခွဲစိတ်မှု သင်တန်းတုန်းက ဘယ်လောက်တောင် ရှုပ်ယှက်ခတ်ခဲ့သလဲဆိုတာနဲ့၊ တစ်ပတ်လောက် အသားမစားနိုင်ခဲ့တာကို ပြန်သတိရပြီး ပြုံးလိုက်မိ၏။

"တချို့လူတွေဆို ဖားတစ်ကောင် ခွဲစိတ်တာတောင် ပျို့အန်ကြတာ။ နင်ကတော့ တော်တော်လေး တောင့်ခံနိုင်တာပဲ"

"ဟီးဟီး... တကယ်လား"

လီဝမ်ရှီးက သူမ၏ ခေါင်းကို ရှက်ကိုးရှက်ကန်း ပုတ်လိုက်မိသည်။

ရွှီရှင်းသည် မာဟုန်ယွီ၏ သစ်ပင်အိမ်ကို စတင်စစ်ဆေးလိုက်၏။

မာဟုန်ယွီ သေဆုံးသွားပြီးနောက် ဤသစ်ပင်အိမ်၏ အမိုးအကာမှာ သိသိသာသာကို ဝါကျင့်ကျင့် ဖြစ်လာသည်။

သစ်ရွက်တွေ အကုန်ကြွေကျသွားတာမျိုး မဟုတ်သော်လည်း အရင်လို စိမ်းလန်းမနေတော့ဘဲ သေဆုံးတော့မည့် သစ်ပင်တစ်ပင် ဖြစ်လာသည်မှာ သိသာလှသည်။

ရွှီရှင်းသည် သစ်ပင်အိမ်၏ ပင်စည်ကို ကိုင်ကြည့်လိုက်၏။

[သေဆုံးခါနီး အောက်ခြေအဆင့် သစ်ပင်အိမ် (အစိမ်းရောင်): အိမ်ရှင် ဆုံးရှုံးသွားသော သစ်ပင်အိမ်။ အိမ်ရှင်မရှိတော့သော သစ်ပင်အိမ်သည် ၂၄ နာရီအတွင်း ခြောက်သွေ့သေဆုံးသွားမည် ဖြစ်သည်။ ကျန်ရှိသော ရှင်သန်ချိန် - ၂၃ နာရီ ၅၁ မိနစ်။]

မှန်ပေသည်၊ ဤသစ်ပင်အိမ်မှာ သေဆုံးတော့မည့် အိမ်ဖြစ်နေချေပြီ။

သူသည် ၂၄ နာရီအတွင်း သစ်ပင်အိမ်ထဲကို ဝင်ရမည်၊ ကြမ်းပြင်အလယ်ကို ဖောက်ရမည်၊ ပင်စည်အောက်ခြေက အမြုတေကို တူးထုတ်ရမည်၊ ပြီးမှ သစ်ပင်အိမ်မျိုးစေ့ကို ထုတ်ယူရမည်ဖြစ်သည်။

ဒီနည်းနဲ့မှသာ သစ်ပင်အိမ်ရဲ့ အရင်းအမြစ်အားလုံးကို သူ ရရှိနိုင်မှာ ဖြစ်သည်။

ဒါပေမဲ့ ဒီသစ်ပင်အိမ်ထဲကို သူ ဘယ်လိုဝင်ရမလဲ။

သူက သစ်ပင်အိမ်ပိုင်ရှင် မဟုတ်တာကြောင့် သူ့ဘာသာသူ အပေါ်ကို ဆွဲတင်လို့ မရချေ။

အောက်ခြေအဆင့် သစ်ပင်အိမ်ဆိုပေမဲ့ ပထမထပ် ပြတင်းပေါက်က လေးမီတာကျော် အမြင့်မှာ ရှိ၏။

တကယ်လို့ နံရံသာဆိုရင် သူ တွယ်တက်လို့ ရပေမဲ့၊ သစ်ပင်အမိုးအကာအောက်မှာ ခြေကုပ်စရာ မရှိတာကြောင့် ပြတင်းပေါက်ကနေ ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

သူက ဒီအတိုင်း လေးမီတာလောက်ကို ခုန်တက်နိုင်တဲ့သူမျိုးမဟုတ်ပေ။

ကြည့်ရသည်မှာ ပေါက်ကွဲမြှား တွေကို သုံးပြီး သစ်ပင်အိမ်အောက်က ကြမ်းပြင်ကို ဖောက်ကာ ပင်စည်အတိုင်း တွယ်တက်သွားရမှာ ဖြစ်ပေလိမ့်မည်။

အရင်က သူ ပျက်စီးနေတဲ့ သစ်ပင်အိမ်ထဲကို ဝင်ခဲ့သလိုမျိုးပေါ့။

"ဟာ ခဲခဲ... နင် ဘာလုပ်နေတာလဲ"

လီဝမ်ရှီးက ရုတ်တရက် အော်ဟစ်လိုက်ပြီး အပြင်ဘက်ကို ပြေးထွက်သွားသည်။

ဘာဖြစ်တာလဲ။

ရွှီရှင်း ခုမှ သတိဝင်လာသည်၊ သူ့ပုခုံးပေါ်က ခဲခဲဟာ သူ မသိလိုက်ဘဲ အောက်ကို ခုန်ဆင်းသွားခဲ့၏။

သူ လှမ်းကြည့်လိုက်သည့်အခါတွင်တော့ ဘာပြောရမှန်းမသိအောင် မှင်သက်သွားရတော့သည်။

ဒီကောင်မလေးကတော့... အဲဒီဦးခေါင်းကို ဘောလုံးလုပ်ပြီး ထပ်ကစားချင်နေပြန်ပြီ။

---

အခန်း ၂၅၅ ပြီး။

All Chapters