← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-10

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-10

အခန်း။ ၁၀၁

"အင်း... မင်းက နောင်တစ်ချိန်မှာ မျိုးနွယ်စုခေါင်းဆောင် တာဝန်ကို ယူရမယ့်သူဆိုတော့ အခုကတည်းက မင်းအတွက် မင်းပြင်ဆင်တာတွေ လမ်းခင်းတာတွေ စလုပ်သင့်ပြီ"

ချန်တောက်ယန်က ပြုံးလျက် ပြောလိုက်သည်။

"ငါတို့ ဇီဝေချန်မိသားစုကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်။ အဲဒါက နေ့ဖက်နဲ့ အနက်ရောင်လဖက်ပဲ။ နေ့ဖက်က မိသားစုအကျိုးအတွက် အလုပ်ကျွေးပြုတယ်ဆိုရင် အနက်ရောင်လဖက်ကတော့... မျိုးနွယ်စုခေါင်းဆောင်ရဲ့ သီးသန့်အင်အားစုပဲ"

"ဒီအနက်ရောင်လဖက်က လူတွေ ဘယ်ကလာသလဲဆိုတာ မင်းသိလား"

ချန်ကျီရှင်း မျက်မှောင်ကြုတ်သွားမိသည်။ ဤအချက်မှာ သူ တကယ်ပင် မသိရှိထားသော အချက်ဖြစ်၏။

"လာ... အဘိုး မင်းကို အဲဒီကို ခေါ်သွားမယ်"

ချန်တောက်ယန်က အားရပါးရ ရယ်မောရင်း ချန်ကျီရှင်းကို ဇီဝေတောင်တန်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးဆောင်ခေါ်သွားသည်။

ခဏအကြာတွင်...

သူတို့နှစ်ဦးသည် အိမ်ခြေ ဒါဇင်အနည်းငယ်သာရှိသော ရွာကလေးတစ်ရွာသို့ ရောက်ရှိလာကြသည်။ ရွာတစ်ခုလုံးကို တောင်စောင်းတွင် မှီ၍ တည်ဆောက်ထားပြီး ထိုနေရာတွင် နေထိုင်သူများမှာ တစ်နှစ်ပတ်လုံး အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသော မုဆိုးများ ဖြစ်ကြသည်။

ညဉ့်နက်နေပြီ ဖြစ်သော်လည်း ရွာသားများမှာ အိပ်စက်ခြင်း မရှိကြသေးပေ။ သစ်သားအိမ်ကလေးများအတွင်းမှ ဆီမီးရောင်များ လင်းထိန်နေဆဲပင်။ အိမ်များအတွင်း၌ အမျိုးသမီးများသည် သူတို့၏ ခင်ပွန်းနှင့် သားသမီးများ တောင်ပေါ်မှ ဖမ်းဆီးလာသော သားကောင်များ၏ သားရေများကို ရောင်းချရန်အတွက် အဝတ်အထည်နှင့် စောင်များအဖြစ်သို့ စေ့စေ့စပ်စပ် ရက်လုပ်နေကြသည်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။

ရွာထိပ်တွင် ရွာသားအချို့ စုဝေးကာ နေ့စဉ်လူမှုရေးကိစ္စများကို စကားစမြည် ပြောဆိုနေကြ၏။

ချန်တောက်ယန် ရောက်လာသည်ကို မြင်လျှင် မြင်ချင်း ရွာထိပ်ရှိ ရွာသားများက ပြုံးရွှင်စွာဖြင့် ချက်ချင်းပင် နှုတ်ဆက်ကြသည်။

"ဆရာကြီးချန်... ဒီအချိန်ကြီး ရွာကို အလည်လာတာလား။ ကျွန်တော် မနေ့က တောကြောင်

အချို့ ဖမ်းမိထားတယ်။ သားရေကတော့ အရှယ်ပဲဗျ။ ဆရာကြီး ဝယ်ချင်သေးလား"

"အဘိုးကြီးလီ... လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မင်းခြေထောက် ဒဏ်ရာရထားတာ မဟုတ်လား အခု တောင်ပေါ် ပြန်တက်နေပြီလား"

ချန်တောက်ယန်က မေးလိုက်သည်။

"တောင်ပေါ်မတက်လို့ ဘယ်သွားရမှာလဲ ဆရာကြီးရယ်။ ကျွန်တော်တို့ တောင်ပေါ်သားတွေက တောင်ကိုမှီပြီး စားနေကြရတာလေ။ တောင်ကပေးတဲ့ အရာတွေနဲ့ပဲ အသက်ဆက်နေကြရတာ"

ထိုရွာသားက ရယ်မောရင်း "ခန္ဓာကိုယ်က လှုပ်ရှားနိုင်တုန်း လှုပ်ရှားထားရမှာပေါ့။ မဟုတ်ရင် ကျွန်တော့်ကလေး အရွယ်ရောက်လာတဲ့အခါ သူ့ကို ပညာသင်လွှတ်ဖို့၊ အလုပ်သင်သွားလုပ်ဖို့အတွက် ငွေဘယ်လို စုမိပါ့မလဲ"

"ဟားဟား... ဒါကတော့ ဒီလိုပါပဲ။ ငါတို့မျိုးဆက်တွေက ပင်ပန်းဆင်းရဲဖို့ မွေးဖွားလာကြတာပဲလေ။ တစ်သက်လုံး ဟိုပြေးဒီလွှားနဲ့ ဘာအတွက်လဲဆိုတာတောင် မသိဘဲ ကိုယ့်သားသမီး မြေးမြစ်တွေအတွက်ပဲ ရုန်းကန်နေကြရတာပါပဲ"

"အင်း... ဒါကတော့ ငါတို့ ပြောင်းလဲလို့ မရနိုင်တဲ့ အရာမျိုးပါပဲလေ"

ချန်တောက်ယန်က အားရပါးရ ရယ်မောလိုက်ပြီးနောက် သူ၏နောက်မှ လိုက်ပါလာသော ချန်ကျီရှင်းကို ညွှန်ပြကာ "ကြည့်စမ်း ဒါက ငါ့မြေးပဲ။ သူ့ကို အတွေ့အကြုံရအောင် ခေါ်လာတာ။ နောက်ကျရင် ငါလည်း အိုမင်းလာပြီး မိသားစုကိစ္စတွေကို မနိုင်နင်းတော့တဲ့အခါ သူပဲ အားလုံးကို လွှဲပြောင်းယူရမှာလေ"

"အို... ဒါ သခင်လေးလား တကယ့်ကို ရုပ်ဖြောင့်တဲ့ လူငယ်လေးပဲ"

"ဒါနဲ့ သခင်လေးရဲ့ အဝတ်အစားတွေမှာ ဘာလို့ သွေးတွေ ပေကျံနေရတာလဲ။ တောင်ပေါ်မှာ တောသားရဲတွေနဲ့ တိုးခဲ့လို့လား"

မုဆိုးများက ချန်ကျီရှင်းကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ ချန်ကျီရှင်းကလည်း ပြုံးရွှင်စွာဖြင့် ထိုသူများကို ဦးလေးဟု တစ်ဦးချင်း တပ်ခေါ်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။

"ဟုတ်တယ် ဒီကောင်လေးက တော်တော်ဆိုးတာ။ ဒီနေ့ တောင်ပေါ်မှာ ဝက်ဝံသွားဖမ်းချင်

တယ်ဆိုပြီး တစ်ယောက်တည်း တက်သွားတာ ကြည့်ပါဦး... အခုတော့ ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲဆိုတာ..."

ချန်တောက်ယန်က ခေါင်းယမ်းလျက် "အဘိုးကြီးလီ... မင်းတို့ပဲ ဆက်ပြောကြဦး။ ငါ ဒီကောင်လေးကို လမ်းလျှောက်ရင်း လိုက်ပြလိုက်ဦးမယ်"

"ဟုတ်ကဲ့ ဆရာကြီးချန် ကောင်းကောင်းသွားပါဦး"

ထို့နောက် ချန်တောက်ယန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ချန်ကျီရှင်းနှင့်အတူ ရွာကလေးအတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့သည်။

"ဒီရွာကလူတွေက တကယ့်ကို ရိုးသားဖြူစင်ကြတယ်"

"တချို့အချိန်တွေမှာ ငါ ပင်ပန်းနွမ်းနယ်နေရင် ဒီကိုလာပြီး ရွာသားတွေနဲ့ စကားစမြည် ပြောတတ်တယ်။ သူတို့ပြောတာတွေကို နားထောင်နေရရင် ငါ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေက အလိုလို ပေါ့ပါးသွားသလို ခံစားရတယ်"

"တစ်ခါတလေ ငါစဉ်းစားမိတာက... အစွမ်းထက်တဲ့ ကျင့်ကြံသူတွေနဲ့ ဒီလို သာမန်လူတန်းစားတွေဟာ ကမ္ဘာခြားနေသလို ထင်ရပေမဲ့ သေချာတွေးကြည့်ရင် တကယ်တမ်းတော့ သိပ်မထူးခြားပါဘူး"

"သူတို့ရဲ့ အဆင့်အတန်းတွေ ကွဲပြားနေပေမဲ့ အသက်ရှင်နေထိုင်ပုံချင်းကတော့ အတူတူပါပဲ"

"အင်း... အသက်ကြီးလာရင်တော့ ဒီလိုပဲ စိတ်နုတတ်လာတာ ထင်ပါရဲ့"

ချန်တောက်ယန်က ဖြည်းဖြည်းချင်း ပြောပြနေသည်။ ချန်ကျီရှင်းသည် သူ၏ရှေ့မှ ဆံပင်ဖြူ အဘိုးအိုကို လှမ်းကြည့်လိုက်ရာ ပုံမှန်အားဖြင့် တည်ငြိမ်ပြီး အရှိန်အဝါကြီးလွန်းသော ဤလူကြီးမှာ ယခုအခါတွင်မူ အကြောင်းရင်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်နေသကဲ့သို့ ခံစားလိုက်ရသည်။

"အဘိုးက အခုမှ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ပဲ ရှိသေးတာပါ လုံးဝ မအိုသေးပါဘူး"

ချန်ကျီရှင်းက တိုးတိုးလေး ပြောလိုက်သည်။

"ဟားဟား ငါ အိုလား မအိုဘူးလားဆိုတာ ငါ့ဘာသာ မသိဘူးလို့ မင်း ထင်နေတာလား"

ချန်တောက်ယန်က ရယ်မောလိုက်ပြီးနောက် ခြံစည်းရိုးခတ်ထားသော အိမ်ဝိုင်းလေးတစ်ခုရှေ့သို့ လမ်းလျှောက်သွားသည်။

"လာ..."

ချန်တောက်ယန်က ချန်ကျီရှင်းကို လိုက်ခဲ့ရန် အချက်ပြပြီးနောက် ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည်။

အိမ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သောအခါ ချန်တောက်ယန်၏ အရှိန်အဝါကြောင့် ဟင်းလင်းပြင်ထဲတွင် ဝဲကယက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

"ဒါက ကမ္ဘာငယ်တစ်ခုရဲ့ အဝင်ဝလား"

ချန်ကျီရှင်းက အံ့အားသင့်စွာ မေးလိုက်သည်။

"ဟုတ်တယ်... မင်း မျက်စိလျှံတာပဲ"

ချန်တောက်ယန်က ချန်ကျီရှင်းကို ကြည့်ကာ ပြောလိုက်သည်။

"သွားကြစို့... မင်းအတွက် အမာခံအဖွဲ့ဝင်အချို့ကို မင်းကိုယ်တိုင် ရွေးချယ်လိုက်ပါဦး"

ထိုသို့ပြောပြီးနောက် ချန်တောက်ယန်သည် ဝဲကယက်အတွင်းသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွားတော့သည်။ ချန်ကျီရှင်းသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အနောက်မှ လိုက်ပါသွားခဲ့၏။

...

...

ချန်ကျီရှင်း မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ့ကိုယ်သူ ကျဉ်းမြောင်းသော စင်္ကြံလမ်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုစင်္ကြံလမ်းမှာ မှောင်မိုက်နေသော အနက်ရှိုင်းဆုံးနေရာအထိ ရှည်လျားစွာ သွယ်တန်းနေ၏။ စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီတွင်မူ သံမဏိများဖြင့် ပြုလုပ်ထားသော သံလှောင်အိမ်များ ရှိနေကြသည်။

သံလှောင်အိမ်များအတွင်းမှ ပြင်းထန်သော အသက်ရှူသံများနှင့် သံခြေချင်းများ မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲသံများကို ကြားနေရသည်။

"ကျီရှင်း... ဒီနေရာမှာ အဆင့်သုံးဆင့်ရှိတယ်။ ငါတို့ ချန်မိသားစုရဲ့ အမှောင်ဌာနခွဲအဖွဲ့ဝင်

အားလုံးက ဒီနေရာကနေ ဆင်းသက်လာတာပဲ"

ချန်တောက်ယန်က လေးနက်သောအသံဖြင့် ပြောရင်း ချန်ကျီရှင်းကို ရှေ့မှ ဦးဆောင်ခေါ်သွားသည်။

"သွားပါ... မင်းရဲ့ အနာဂတ် အနက်ရောင်လအခြေစိုက်စခန်းအတွက် စိတ်ကြိုက် ရွေးချယ်လိုက်ပါ"

ဤစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ ရင်ထဲ၌ လှုပ်ရှားသွားတော့သည်။

အမှန်စင်စစ် သူသည်လည်း ကိုယ်ပိုင်အင်အားစုတစ်ခုကို အရေးတကြီး တည်ထောင်ရန် လိုအပ်နေခြင်း ဖြစ်သည်။ ရှေ့ဆက်သွားမည့် ခရီးလမ်းတွင် ကျင့်စဉ်များ၊ အရင်းအမြစ်များနှင့် ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်များ၏ သတင်းအချက်အလက်များကို ရှာဖွေရန်အတွက် လူအင်အားများစွာ လိုအပ်သည်။

ကျူတာလုံက ရွေးချယ်စရာကောင်းတစ်ခု ဖြစ်နိုင်ပေမဲ့ သူ့ရဲ့ပါရမီက ပျမ်းမျှလောက်ပဲရှိပြီး အနာဂတ်အောင်မြင်မှုတွေကလည်း သိပ်မြင့်မားမှာမဟုတ်ဘူး။ ပြီးတော့ ကျူတာလုံ တစ်ယောက်တည်းနဲ့တော့ ဒီလောက်များပြားတဲ့ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ မလုံလောက်ဘူးလေ။

ဒါပေမဲ့ အခုတော့ အဆင်သင့်ဖြစ်နေတဲ့ အခွင့်အရေးတစ်ခုက ရှေ့မှာ ရောက်နေပြီ။

"ကောင်းပါပြီ"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဆက်လက်လှောက်လှမ်းလာခဲ့သည်။ ဘေးတစ်ဖက်တစ်ချက်စီရှိ သံလှောင်အိမ်များအတွင်း၌ အသက်ဆယ်နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးများ ရှိနေကြ၏။ ထိုကလေးများအားလုံး၏ မျက်နှာများမှာ မည်သည့်ခံစားချက်မျှမရှိဘဲ ဗလာဖြစ်နေပြီး မျက်ဝန်းများတွင်လည်း အလင်းအစအနမျှ မရှိကြပေ။ သူတို့၏ ခန္ဓာကိုယ်များမှ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေသည်။

"ဒီလူတွေက လမ်းဘေးက သူတောင်းစားတွေ ဒါမှမဟုတ် မိဘမဲ့ကလေးတွေပဲ"

"အချုပ်ပြောရရင် သူတို့အားလုံးဟာ ဒီလောကကြီးထဲမှာ အသက်ရှင်ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့သူတွေပေါ့"

"သူတို့ဟာ တင်းကျပ်လှတဲ့ ရွေးချယ်မှုအဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ကြတာ။ ဒီနေရာမှာ ကျန်ရှိနေသေးတဲ့သူတွေဟာ ထူးကဲတဲ့ ပါရမီနဲ့ စိတ်ဓာတ်ခွန်အားကို ပိုင်ဆိုင်ထားကြတဲ့ တစ်သောင်းမှာ တစ်ယောက်ပေါ်ထွက်တဲ့သူတွေပဲ"

"သူတို့ကို ထမင်းတစ်နပ် ကျွေးလိုက်ရုံနဲ့ သူတို့ဟာ မင်းအတွက် အယောင်ဆောင်မဲ့တဲ့ အထက်မြက်ဆုံး ဓားသွားတွေ ဖြစ်လာလိမ့်မယ်"

ချန်တောက်ယန်က သူ၏ဘေးမှနေ၍ တည်ငြိမ်စွာ ပြောပြနေသည်။ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် အတွေးတစ်ခုဝင်လာကာ ရှေးဟောင်းရွှေရောင်စာမျက်နှာတစ်ခုမှာ သူ၏မျက်ဝန်းများတွင် ပုံရိပ်ထင်လာတော့သည်။

[နက်ပြာရောင်ကံကြမ္မာ: သာမန်ပါရမီ]

[တောက်ပသော အဝါရောင်ကံကြမ္မာ: မွေးရာပါ ဉာဏ်ပညာ]

[နက်ပြာရောင်ကံကြမ္မာ: သာမန်ပါရမီ]

[အနီရောင်ကံကြမ္မာ: မီးတာအို မျိုးစေ့]

ချန်ကျီရှင်းက ရှေ့သို့ ဆက်လက်ကြည့်ရှုရင်း အသာအယာ ခေါင်းညိတ်မိသည်။

ဒီကလေးတွေရဲ့ ပါရမီတွေက တကယ့်ကို မဆိုးဘူးပဲ။

သူသည် မရပ်မနားဘဲ လက်ရှိရောက်ရှိနေသော အဆင့်၏ အဆုံးသတ်အထိ လျှောက်လှမ်းလာခဲ့သည်။

"ဟင်"

ချန်ကျီရှင်း ရုတ်တရက် ရပ်တန့်သွားပြီး အံ့အားသင့်သံ ခပ်သဲ့သဲ့လေး ထွက်ပေါ်လာသည်။ သူသည် သီးခြား သံလှောင်အိမ်တစ်ခုရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်၏။

[တောက်လောင်နေသော အနက်ရောင်ကံကြမ္မာ: မှောင်မိုက်သောည၏ ဘုရင်]

အခန်း။ ၁၀၂

ချန်ကျီရှင်းက ခေါင်းလှည့်ကြည့်လိုက်သည်။

မှောင်မည်းနေသော သံလှောင်အိမ်အတွင်း၌ အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ်ခန့် ရှိမည့် ကောင်လေးတစ်ယောက်မှာ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ဖြင့် လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် သံခြေချင်းများ ခတ်နှောင်ခံထားရလျက် သံလှောင်အိမ်၏ ထောင့်တစ်နေရာတွင် ဒူးနှစ်ဖက်ကို ပွေ့ဖက်ကာ ကုပ်ကုပ်လေး ထိုင်နေသည်။

ကောင်လေး ဝတ်ဆင်ထားသော အင်္ကျီအဖြူမှာ အလွန်အမင်း ညစ်ပတ်ပေရေနေပြီး သွေးကွက်များ စွန်းထင်းနေ၏။ အချို့သော သွေးကွက်များမှာ ကြာမြင့်လှပြီဖြစ်သဖြင့် ခြောက်သွေ့ကာ အနက်ရောင် အကွက်များအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ အချို့မှာမူ လတ်လတ်ဆတ်ဆတ် ရဲရဲနီလျက် စူးရှနေဆဲပင်။

သူ့မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသည်။

ချန်ကျီရှင်းက သူ့ကို ကြည့်လိုက်သောအခါ သူကလည်း ချန်ကျီရှင်းကို မော့ကြည့်လာသည်။ ထိုအဖြူအမည်း သဲသဲကွဲကွဲ ရှိလှသော မျက်ဝန်းအစုံထဲတွင် အသက်ဓာတ် သို့မဟုတ် မျှော်လင့်ချက်ဟူ၍ ဘာတစ်ခုမှ ချန်ကျီရှင်း မတွေ့ရပေ။

ချန်ကျီရှင်းက ထိုကောင်လေးကို ကြည့်နေရင်းနှင့် သူ၏စိတ်ထဲတွင် တိရစ္ဆာန်တစ်မျိုး၏ ပုံရိပ်မှာ အကြောင်းရင်းမရှိဘဲ ပေါ်လာတော့သည်။

ခွေးတစ်ကောင်...

လောကကြီးတစ်ခုလုံးအပေါ် ရန်လိုမုန်းတီးစိတ်များ ကိန်းအောင်းနေသော လမ်းဘေးခွေးတစ်ကောင်အလားပင်။

"တကယ်ကို ချီးကျူးထိုက်တဲ့ အကြည့်ပဲ"

ချန်ကျီရှင်းက ထိုကောင်လေးကို စိတ်ဝင်တစား ကြည့်လိုက်ပြီး "မင်းနာမည် ဘယ်လိုခေါ်လဲ" ဟု အမှတ်မထင် မေးလိုက်သည်။ ကောင်လေးက ချန်ကျီရှင်းကို ကြည့်သော်လည်း ပြန်မဖြေပေ။

ထိုအစား သူက ခေါင်းကို ပြန်ငုံ့လိုက်ပြီး သူ၏ဘေးနားရှိ ဗလာဖြစ်နေသော နေရာတစ်ခုကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ညီမလေး... ငါတို့နာမည်တွေက ဘယ်လိုခေါ်လဲဟင်"

ဤသည်ကို မြင်သောအခါ ချန်ကျီရှင်း မျက်မှောင်ကြုတ်သွားမိသည်။

အနားတွင်ရှိသော ချန်တောက်ယန်က ဝင်ပြောလိုက်သည်။

"ဒီကလေးရဲ့ မိသားစုက ကြီးမားတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးဒဏ်ကို ခံခဲ့ရတာ။ ရွာတစ်ရွာလုံးကလူတွေ အကုန်သေဆုံးသွားခဲ့ပေမဲ့ သူတစ်ယောက်တည်းပဲ လွတ်မြောက်လာခဲ့တယ်။ ချန်

မိသားစုက သူ့ကိုတွေ့တဲ့အချိန်မှာ ဒီကလေးက အတိတ်မေ့နေပြီ။ သူ့မှာ ညီမလေးတစ်ယောက်ရှိတယ်ဆိုတာပဲ မှတ်မိတော့တယ်"

ချန်ကျီရှင်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကောင်လေးကို ပြောလိုက်သည်။

"မင်းညီမလေးကို အပြင်ထွက်ပြီး နှုတ်ဆက်ခိုင်းလို့ ရမလား"

ကောင်လေးက ခေါင်းမော့လာပြီး မည်သည့်ခံစားချက်မျှမရှိသော ဗလာမျက်နှာဖြင့် ပြန်ပြောသည်။

"ကျွန်တော့်ညီမလေးက ခင်ဗျားရှေ့တည့်တည့်မှာ ရပ်နေပြီး ခင်ဗျားကို စိုက်ကြည့်နေတာလေ... ခင်ဗျား မမြင်ဘူးလား"

ချန်ကျီရှင်းက သူ၏ရှေ့မှ ဟာလာဟင်းလင်းဖြစ်နေသော ဟင်းလင်းပြင်ကို ငုံ့ကြည့်လိုက်ရာ သူ၏မျက်သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းက ခေါင်းယမ်းလိုက်ပြီး "မင်း ငါနဲ့အတူ အပြင်ကို လိုက်ခဲ့မလား။ ဒီနေရာကနေ ထွက်သွားချင်လား" ဟု ပြန်မေးလိုက်သည်။

ကောင်လေးက ပြန်မဖြေဘဲ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် ခြေလေးဖက်ထောက်ကာ ချန်ကျီရှင်း၏ ရှေ့မှောက်သို့ တိုးကပ်လာသည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို ပွေ့ဖက်ထားသကဲ့သို့ အမူအရာလုပ်ကာ နောက်သို့ ပြန်ဆုတ်သွားပြန်သည်။

"ကျွန်တော့်ညီမလေးက ပြောတယ်... ခင်ဗျားဆီက ရတဲ့ အနံ့ကို သူသဘောကျတယ်တဲ့"

ကောင်လေးက ချန်ကျီရှင်းကို မော့ကြည့်လိုက်ပြီး ခေတ္တမျှ တွန့်ဆုတ်နေကာ "ကျွန်တော်တို့ ခင်ဗျားနဲ့ လိုက်ခဲ့ရင်... ဝအောင် စားရမှာလား" ဟု မေးလိုက်သည်။

"သေချာတာပေါ့"

ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ... ဒါဆို ကျွန်တော်... ကျွန်တော့်ညီမလေးကို အရင်မေးကြည့်ရဦးမယ်"

ကောင်လေးက ခေါင်းငုံ့ကာ သူ၏ဘေးနားသို့ တိုးတိုးလေး ကပ်ပြောနေပြီး တစ်စုံတစ်ခုကို တိုင်ပင်နေဟန်ရှိသည်။ တော်တော်ကြာအောင် စောင့်ပြီးနောက် သူက ခေါင်းမော့လာကာ အနည်းငယ် ဝမ်းသာအားရဟန်ဖြင့် "ညီမလေးက သဘောတူတယ်။ ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော်တို့ အပြင်ရောက်ရင် ဆိတ်သားစားချင်တယ် ရမလားဟင်"

"ရတာပေါ့"

ချန်ကျီရှင်းက ထပ်မံခေါင်းညိတ်လိုက်သည်။

ထိုစကားကို ကြားရသောအခါ ကောင်လေးမှာ ပို၍ပင် ပျော်ရွှင်သွားပြီး အသက်ဓာတ် ကင်းမဲ့နေသော သူ၏မျက်ဝန်းများတွင်ပင် အလင်းရောင်အချို့ လက်လာတော့သည်။

"ဒါဆို... ဒါဆို ကျွန်တော်တို့ ဘယ်တော့ အပြင်ထွက်ရမှာလဲ"

ချန်ကျီရှင်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ညာလက်ကို မှောက်လိုက်ရာ ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာသည်။ ထိုအနက်ရောင် ရှေးဟောင်းစာအုပ်၏ မျက်နှာဖုံးပေါ်တွင် စာလုံးသုံးလုံး ရေးထိုးထားသည်။

"သေမင်းကျမ်းစာ"

"မင်းကို ခုနစ်ရက် အချိန်ပေးမယ်။ ဒီကျင့်စဉ်ကို ပထမအဆင့်အထိ ရောက်အောင် ကျင့်ကြံထားပါ။ အဲဒီအခါကျရင် မင်းကို လာခေါ်မယ်"

ချန်ကျီရှင်းက ပြုံးလျက် လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ထိုကျင့်စဉ်စာအုပ်မှာ သံလှောင်အိမ်အတွင်းသို့ ကျရောက်သွားတော့သည်။ ကောင်လေးက သေမင်းကျမ်းစာကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းထားလိုက်၏။

"သူက ငါ့ရဲ့ အမှောင်ဌာနခွဲအတွက် ပထမဆုံး အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

ချန်ကျီရှင်းသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။

ထိုသံလှောင်အိမ်ကို ကျော်လွန်လာပြီးနောက် ချန်တောက်ယန်က အနည်းငယ် စနောက်လိုသော အသံဖြင့် "အဲဒီကလေး စားချင်တယ်ဆိုတဲ့ ဆိတ်သားက ဘယ်လိုမျိုးလဲဆိုတာ မင်းသိရဲ့လား" ဟု မေးလိုက်သည်။

ချန်ကျီရှင်း မျက်မှောင်ကြုတ်သွားမိသည်။

ဒီစကားထဲမှာ အခြားအဓိပ္ပာယ် ရှိနေလို့လား။

ချန်တောက်ယန်က ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး "ဒီကလေးရဲ့ နောက်ကြောင်းကို စုံစမ်းတုန်းက သိခဲ့ရတဲ့ အကြောင်းလေးတစ်ခု ပြောပြမယ်"

"ငတ်မွတ်ခေါင်းပါးတဲ့ နှစ်မှာ... ဒီကလေးရဲ့ အဖေက သူ့ရဲ့ ညီမလေးကို ကောက်ပဲသီးနှံအချို့ရယ် ဆိတ်သား တစ်ခြမ်းရယ်နဲ့ လဲလှယ်ခဲ့တယ်"

"အဲဒီနောက် ငတ်မွတ်မှုက ပိုဆိုးလာတော့ သူ့အဖေက သူ့ကို ကိုယ့်ဘာသာ အသက်ရှင်ဖို့ အပြင်ကို မောင်းထုတ်လိုက်တယ်"

"နောက်ပိုင်းမှာတော့ ငါတို့ ဇီဝေချန်မိသားစုရဲ့ အမှောင်ဌာနခွဲက လူသစ်ရှာဖွေရေး အဖွဲ့ဝင်တွေက သူ့ကို တွေ့ပြီး ခေါ်လာခဲ့ကြတာပေါ့"

"ကလေးက အရမ်းငတ်နေတာ မြင်တော့ သူ့ကို ဆိတ်သားတစ်တုံး ချက်ကျွေးခဲ့ကြတယ်။ အဲဒီမှာ ဒီကလေး ဘာပြောခဲ့လဲ မင်းခန့်မှန်းမိလား"

ချန်ကျီရှင်း ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။

"ကျွန်တော် မသိပါဘူး"

"ဒီကလေးက ပြောတယ်..."

ချန်တောက်ယန်က ဆက်၍ "သူက ပြောတယ်... ဒါက ဆိတ်သားမဟုတ်ဘူးတဲ့။ ဆိတ်မှာက ခွာပဲ ရှိတာ လက်ချောင်းတွေ မရှိဘူးတဲ့"

ဤစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ ရင်ထဲ၌ သိမ့်ခနဲ တုန်လှုပ်သွားတော့သည်။

ခဏအကြာတွင် ချန်ကျီရှင်းမှာ ခေါင်းယမ်းရင်း "သနားစရာ ကောင်းလိုက်တာ" ဟုသာ ရေရွတ်နိုင်တော့သည်။

ချန်တောက်ယန်က ချန်ကျီရှင်း၏ ပခုံးကို ပုတ်ကာ ရယ်မောလိုက်ပြီး "ဒီကလေးက ကောင်လေးကောင်းတစ်ယောက်ပါ။ သူ့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကြံ့ခိုင်မှုကလည်း မဆိုးဘူး"

"အမှောင်ဌာနခွဲက သူ့ကို ကျိန်စာတံဆိပ်ခတ်နှောင်ပြီး ကြီးထွားဆေးရည်တွေနဲ့ အရှိန်အဟုန်မြှင့် ပြုစုပျိုးထောင်ပေးလိုက်ရင် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးအင်အားစု ဖြစ်လာလိမ့်မယ်"

"အဲဒီအခါကျရင် သူက မင်းအတွက် အားကိုးရတဲ့ လက်ရုံးတစ်ဆူ ဖြစ်လာမှာပါ"

ထို့နောက် သူတို့နှစ်ဦးသည် ပထမအဆင့်တွင် ဆက်လက်လှည့်လည်ကြည့်ရှုကြသော်လည်း ချန်ကျီရှင်းမှာ စိတ်တိုင်းကျသူ ထပ်မတွေ့သဖြင့် ဒုတိယအဆင့်သို့ တိုက်ရိုက် ဆက်လက်ဝင်ရောက်ခဲ့ကြသည်။

ပထမအဆင့်တွင် သံလှောင်အိမ်များစွာ ရှိနေခြင်းနှင့် နှိုင်းယှဉ်လျှင် ဤကမ္ဘာငယ်၏ ဒုတိယအဆင့်တွင် သံလှောင်အိမ် စုစုပေါင်း ခုနစ်ခုသာ ရှိတော့သည်။ သံလှောင်အိမ်တစ်ခုနှင့် တစ်ခုမှာလည်း အတောင်တစ်ရာခန့်စီ ကွာဝေးလှ၏။

ချန်ကျီရှင်းနှင့် ချန်တောက်ယန်တို့ ဒုတိယအဆင့်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အရှိန်အဝါ အချို့က သူတို့ဆီသို့ တိုးဝင်လာပြီး သူတို့နှစ်ဦးကို တင်းကျပ်စွာ ပစ်မှတ်ထားလိုက်ကြတော့သည်။

စင်္ကြံလမ်းဘေးတွင် အနက်ရောင် မြူခိုးများ တလိမ့်လိမ့် တက်လာပြီး မြေပြင်ပေါ်၌ သံခြေချင်းများ တရွတ်တိုက်ဆွဲသံများကလည်း ကြားညှပ်၍ ထွက်ပေါ်လာသည်။

မကြာမီမှာပင် စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီမှ ဒေါသတကြီး အော်ဟစ်သံများ ပဲ့တင်ထပ်လာတော့သည်။

"ချန်တောက်ယန် ငါ့ကို အခုချက်ချင်းလွှတ်စမ်း။ မင်းကို အပိုင်းပိုင်းအပြတ်ပြတ် မလုပ်နိုင်ရင် ငါက ယောက်ျားမဟုတ်ဘူး"

"ချန်တောက်ယန် မင်း ငါ့ကို အကျဉ်းချထားတာ နှစ်ပေါင်း သုံးရာရှိပြီ။ နောက်ထပ် ဘယ်လောက်ကြာဦးမှာလဲ"

"ချန်တောက်ယန် ငါ့ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင် အခုကစပြီး ဇီဝေချန်မိသားစုအပေါ် သစ္စာစောင့်သိပါ့မယ်"

"ချန်တောက်ယန် မင်းက ငါ့ကို သတ်လည်းမသတ်၊ လွှတ်လည်းမလွှတ်ဘူး။ တကယ်တော့ မင်း ဘာကို လိုချင်နေတာလဲ"

စင်္ကြံလမ်းတစ်လျှောက်တွင် အမျိုးမျိုးသော ဟိန်းဟောက်သံများ၊ ထုရိုက်သံများနှင့်အတူ သားရဲတိရစ္ဆာန်များ ရုန်းကန်နေသကဲ့သို့ ဆူညံသံများ ပဲ့တင်ထပ်နေသည်။

"ဆူညံလိုက်တာ"

ချန်တောက်ယန်၏ မျက်နှာမှာ အေးစက်သွားပြီး ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ခပ်ပြင်းပြင်းတစ်ချက် နင်းချလိုက်ရာ ဒေါသတကြီး အော်ဟစ်နေသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

"လာ... အဘိုး မင်းကို ပြစရာရှိတယ်"

ချန်တောက်ယန်က အသာအယာပြုံးရင်း ချန်ကျီရှင်းကို ပထမဆုံး သံလှောင်အိမ်ရှိရာသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားသည်။

ပထမဆုံးသော မှောင်မည်းနေသည့် သံလှောင်အိမ်အတွင်း၌...

ဖြူဖွေးသော ဆံနွယ်များ ဖားလျားချထားပြီး ကြမ်းတမ်းသော သားရေအင်္ကျီကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးမှာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေလျက် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် သံခြေချင်းမျှ ခတ်နှောင်ထားခြင်း မရှိပေ။ သို့သော် သူ၏ ကျောပေါ်တွင်မူ အနက်ရောင် သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသော အနက်ရောင် ခေါင်းတလားကြီးတစ်လုံး ရှိနေသည်။

ခြေသံများကို ကြားလိုက်ရချိန်တွင် အဘိုးအိုမှာ သူ၏ မှုန်ဝါးနေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ ဝေဝါးနေသော မျက်သူငယ်အိမ်များကို တွေ့လိုက်ရ၏။

"တူကူးနီ... မင်းရဲ့ ကျေးဇူးကို ဆပ်ရမယ့် အချိန်ရောက်ပြီ"

ချန်တောက်ယန်က အေးအေးလူလူပင် ပြောဆို လိုက်သည်။

ချန်တောက်ယန်၏ အနောက်တွင် ရပ်နေသော ချန်ကျီရှင်းသည် တူကူးနီဟူသော အမည်ကို ကြားလိုက်ရချိန်တွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ မျက်မှောင်များကို မယုံကြည်နိုင်စွာ ပင့်လိုက်မိပြီး အာမေဍိတ်သံ ထွက်ပေါ်လာသည်

"ဓားမိစ္ဆာ တူကူးနီလား"

ဤသည်ကို ကြားလိုက်ရသောအခါ အဘိုးအို၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားပြီး ရယ်မောလိုက်သည်။

"အို... ငါ ဒီနေရာမှာ နေလာတာ နှစ်ပေါင်း ရှစ်ဆယ်ရှိပြီ ငါ့နာမည်ကို သိနေတဲ့ မျိုးဆက်သစ် လူငယ်လေး ရှိနေသေးတာပဲလား"

"တကယ်ကို သူပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားတော့သည်။

ဓားမိစ္ဆာ တူကူးနီက လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်က ဓားတာအို၏ မဟာဆရာကြီးတစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှု အဆင့်မှာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်ကတည်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၈ သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ်က ချန်းလန်

ပင်လယ်တိုက်ပွဲတွင် သူ၏ ဓားတစ်လက်တည်းဖြင့် စီကုန်းအထက်တန်းစား မျိုးနွယ်စုမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိ အကြီးအကဲ ကိုးဦးကို သုတ်သင်နိုင်ခဲ့သဖြင့် တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားခဲ့ပြီး ဓားတာအို၏ ထိပ်တန်းအဆင့်များအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။

နောက်ပိုင်းတွင် စီကုန်းမျိုးနွယ်စုက တူကူးနီအပေါ် ကောင်းကင်ဘုံ လုပ်ကြံမိန့်ထုတ်ပြန်ခဲ့ပြီးနောက် သူသည် လူ့လောကအတွင်းမှ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ် ကမ္ဘာပေါ်တွင် တူကူးနီနှင့် ပတ်သက်သော သတင်းအချက်အလက်ဟူ၍ ဘာမှမရှိတော့ပေ။ ဇီဝေချန်မိသားစု၏ အမှောင်ဌာနခွဲထဲတွင် ဂုဏ်သိက္ခာကြီးမားလှသော ဓားမိစ္ဆာ တူကူးနီမှာ ဤမျှလောက် ကြာမြင့်စွာ အကျဉ်းချခံထားရလိမ့်မည်ဟု ချန်ကျီရှင်း လုံးဝ မျှော်လင့်မထားခဲ့မိပေ။

All Chapters