အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း။ ၁၀၉
“အရည်အချင်းတွေလား”
ချန်ကျီရှင်းမှာ အနည်းငယ် မှင်တက်သွားပြီး ခေတ္တမျှ စဉ်းစားကာ ဝေခွဲမရသည့် လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“သန်မာရမှာလား... အစွန်းကုန် သန်မာနေဖို့လားခင်ဗျာ”
“ဒါက အပေါ်ယံ အယူအဆသက်သက်ပဲ”
ချန်တောက်ယန်က ခေါင်းခါယမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်
ရင်း ပြောလိုက်သည်။
“ဘိုးဘေးကြီးရွှမ်ဖုန်းလို သန်မာနေရုံနဲ့ ဘာထူးမှာလဲ။ ငါတို့ ဇီဝေချန်မိသားစု အထွတ်အထိပ် ရောက်ခဲ့စဉ်တုန်းက ဘိုးဘေးကြီးရွှမ်ဖုန်း ကျဆုံးသွားတာနဲ့ ငါတို့မိသားစုက ချက်ချင်းဆိုသလို အရှိန်အဟုန်နဲ့ ဆုတ်ယုတ်သွားခဲ့တာပဲ။ တကယ်လို့ ဘိုးဘေးကြီး ချန်ထားရစ်ခဲ့တဲ့ အရန်အစီအစဉ်တချို့သာ မရှိခဲ့ရင် မိသားစုကြီးတစ်ခုလုံး မျက်တောင်တစ်ခတ်အတွင်း ပြိုကွဲသွားနိုင်တယ်”
“မိသားစုတစ်ခု သန်မာဖို့ဆိုတာ လူတစ်ယောက်တည်းအပေါ်မှာပဲ မှီခိုနေလို့မရဘူး။ မဟုတ်ရင် အဲဒီမိသားစုက သန်မာတဲ့သူကို ကပ်ပါးရပ်ပါး လုပ်နေတဲ့သူတွေ၊ အသုံးမကျတဲ့ နောက်လိုက်တွေအဆင့်ပဲ ရှိလိမ့်မယ်”
“နှစ်ပေါင်းထောင်ချီ ရပ်တည်နေပြီး အရှိန်အဝါ မမှိန်ဖျော့သွားတဲ့ ထာဝရရှင်သန်ခြင်း မိသားစုကြီးတွေကို ကြည့်လိုက်စမ်း။ သူတို့မိသားစုရဲ့ ထာဝရရှင်သန်ခြင်းအဆင့် ဘိုးဘေးကြီးတွေ မရှိတော့ရင်တောင် ဘာဖြစ်လဲ။ သူတို့ဟာ အထွတ်အထိပ်မှာပဲ ရှိနေဆဲပဲ။ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေက တိမ်တိုက်တွေလို စုဝေးနေပြီး မျိုးဆက်သစ် လူငယ်တွေကလည်း မိုးအကုန် မြေအောက်က ထွက်လာတဲ့ ဝါးမျှစ်တွေလို အဆက်မပြတ် ပေါ်ထွက်လာပြီး မိသားစုရဲ့ အလံကို လွှင့်ထူထားနိုင်ကြတာပဲ”
“သူတို့တွေက တကယ့်ကို နှစ်ပေါင်းထောင်ချီကြာအောင် မဆုတ်မယုတ် သန်မာနေကြတာ။ ထာဝရရှင်သန်ခြင်းနယ်ပယ်အဆင့်ရှိတဲ့သူတစ်ယောက် ထွက်ခွာသွားရင်တောင် နောက်ထပ် သန်မာတဲ့သူတစ်ယောက်က အဲဒီနယ်ပယ်ကို မကြာခင်မှာပဲ တက်လှမ်းလာနိုင်ကြတာပဲ”
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။ ဤကျိုးကြောင်းပြချက်မှာ ခိုင်လုံလှသော်လည်း ပြောသလောက် မလွယ်ကူပေ။
“ဒါကြောင့် မိသားစုတစ်ခု ထွန်းကားစည်ပင်ဖို့ဆိုတာ ဒီစကားလုံးလေးလုံးကို ကျော်လွှားလို့ မရဘူး”
ချန်တောက်ယန်သည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး လက်ချောင်းလေးချောင်းကို ဆန့်ထုတ်လိုက်သည်။
“ကျင့်စဉ်၊ အဖော်၊ ဥစ္စာ၊ နယ်မြေ”
“ကျင့်စဉ်ဆိုတာက သာမန် ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ နတ်ဘုရားအတတ်ပညာတွေကိုပဲ ဆိုလိုတာ မဟုတ်ဘူး”
“စစ်မှန်တဲ့ကျင့်စဉ်ဆိုတာ ခဏတာ အသုံးချနိုင်တဲ့ အတတ်ပညာ ရာစုနှစ်တစ်ခုစာ တရားမျှတမှုနဲ့ ထာဝရတည်တံ့မယ့် တာအိုဖြစ်ရမယ်”
“အဖော်ဆိုတာကလည်း တာအိုအဖော်လောက်ပဲ ရိုးရှင်းတာ မဟုတ်ဘူး”
“ငါ့အမြင်မှာတော့ အဖော်ဆိုတာ လူသားတွေပဲ မိသားစုတစ်ခုမှာ လူဦးရေ ထွန်းကားပြီး အခြေခံအင်အားစု ကြီးမားမှသာ မိုးအကုန်မှာ ထွက်လာတဲ့ ဝါးမျှစ်တွေလို ထူးချွန်တဲ့ တပည့်သာဝကတွေ အဆက်မပြတ် ပေါ်ထွက်လာနိုင်မှာ”
“ဥစ္စာဆိုတာကတော့ သဘာဝအတိုင်းပဲ အရင်းအမြစ်တွေပေါ့”
“ဘယ်မိသားစုမဆို ဆုတ်ယုတ်မှုမရှိဘဲ ထွန်းကားချင်တယ်ဆိုရင် မိသားစုဆိုတဲ့ ဧရာမ ယန္တရားကြီးကို အရှိန်အဟုန်နဲ့ လည်ပတ်နိုင်ဖို့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေ လိုအပ်တယ်”
“နယ်မြေဆိုတာကတော့ ကျင့်ကြံအားထုတ်ရာနေရာနဲ့ ကံကြမ္မာ အထောက်အပံ့တွေကို ဆိုလိုတာပဲ”
“ကောင်းကင်ဘုံလို သာယာတဲ့ ကောင်းကင်ဘုံလိုဏ်ဂူနဲ့ ကောင်းချီးပေးခံရတဲ့ နယ်မြေမျိုးကို ကျင့်ကြံရာနေရာအဖြစ် ရွေးချယ်နိုင်မှသာ မိသားစုတစ်ခုက ကံကြမ္မာအထောက်အပံ့ကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ပြီး တခြားသူတွေထက် ခြေတစ်လှမ်း သာနေမှာ”
ချန်တောက်ယန်က ဖြည်းညှင်းစွာ ရှင်းပြနေသည်။
ချန်ကျီရှင်းမှာမူ ဘာမှဝင်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ချန်တောက်ယန်သည် သူ၏ အသိပညာနှင့် အတွေ့အကြုံများကို အသုံးချ၍ ချန်ကျီရှင်း၏ အနာဂတ်အတွက် လမ်းခင်းပေးနေခြင်းဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။
“ကျီရှင်း... အခုအချိန်မှာ မင်းမှာ ပါရမီ၊ ခွန်အားနဲ့ နည်းပရိယာယ်တွေ အားလုံး ရှိနေပြီ”
“မင်းမှာ လိုအပ်နေတာက တခြားသူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရည်အချင်းနဲ့ ဂုဏ်သိက္ခာပဲ”
ချန်တောက်ယန်က ဆက်လက်၍ “အခုကစပြီး မိသားစုအတွင်းမှာ မင်းရဲ့ အရည်အချင်းနဲ့ သြဇာတိက္ကမကို မြှင့်တင်ဖို့ ငါ စဉ်းစားထားတယ်။ ဘယ်လိုသဘောရသလဲ” ဟု မေးလိုက်သည်။
ချန်ကျီရှင်းက မျက်လွှာချလျက် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း “ဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်” ဟု ပြောလိုက်၏။
“ကောင်းပြီ”
ချန်တောက်ယန်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး “ငါတို့ ဇီဝေချန်မိသားစုရဲ့ အရင်းအမြစ်တွေက အဓိကအားဖြင့် ဝိညာဉ်ကျောက်တုံးကြောဆယ်ခုအပေါ်မှာ မှီခိုနေရတာ။ မကြာသေးခင်က အဲဒီထဲက တစ်ခုမှာ ပြဿနာတချို့ တက်နေတယ်။ မင်း သွားရောက်ဖြေရှင်းပေးရင် ဘယ်လိုလဲ” ဟု ပြောလိုက်သည်။
“ဟင်”
ချန်ကျီရှင်းမှာ မျက်မှောင်ပင့်သွားပြီး အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။
ယေဘုယျအားဖြင့် ချန်မိသားစုထက် အင်အားကြီးသောအဖွဲ့အစည်းများသည် ဝိညာဉ်
ကျောက်တုံးကြောများကို လုယူရန် ဂရုမစိုက်ကြသလို အင်အားနည်းသောအဖွဲ့အစည်းများကလည်း ချန်မိသားစုကို ရန်စရန် မဝံ့ရဲကြပေ။
ထို့ကြောင့် နှစ်ပေါင်းထောင်ချီအတွင်း ဇီဝေချန်မိသားစု၏ ဝိညာဉ်ကျောက်တုံးကြောများတွင် ပြဿနာတက်ခဲလှသည်။ နောက်ဆုံးအကြိမ် ပြဿနာတက်ခဲ့သည်မှာ လွန်ခဲ့သော အနှစ်ခြောက်ဆယ်ခန့်က ဖြစ်သည်။ ထိုစဉ်က စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှ မိစ္ဆာတစ်ဦးသည် အကြပ်အတည်းနှင့် တွေ့ကြုံနေရသဖြင့် ဝိညာဉ်ကျောက်တုံးများ တင်ဆောင်လာသော လွင့်ပျံသင်္ဘောကို လုယူခဲ့ခြင်း ဖြစ်သည်။ ယခု ရတနာခန်းမဆောင်ကို စောင့်ကြပ်နေသော အကြီးအကဲမေ ဒဏ်ရာရခဲ့သည်မှာလည်း ထိုစဉ်ကပင် ဖြစ်သည်။
သို့သော် မကြာမီမှာပင် ထိုမိစ္ဆာသည် ချန်မိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏အလောင်းကိုပင် အခြားသူများအား သတိပေးရန်အတွက် ဝိညာဉ်ကျောက်တုံးကြောပေါ်တွင် ချိတ်ဆွဲထားခဲ့သည်။
“အခု အခြေအနေက ဘယ်လိုမျိုးလဲခင်ဗျာ”
ချန်ကျီရှင်းက မေးလိုက်သည်။
“အင်အားအကြီးဆုံးသူက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်မှာပဲ ရှိတဲ့ မိသားစုလေးတစ်ခုက ငါတို့ ချန်မိသားစုရဲ့ ကျောက်တုံးကြောတွေကို ခဏခဏ တိုက်ခိုက်နေတာ။ အစောင့်အရှောက် အတော်များများကို သတ်ဖြတ်ပြီး ဝိညာဉ်ကျောက်တုံး အမြောက်အမြားကိုလည်း လုယူသွားကြတယ်လေ”
ချန်တောက်ယန်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး
“ဒါက တော်တော်ထူးဆန်းတယ်။ အန်းကျန်းမြို့က ကျန်းမိသားစုဆိုတာ ငါတို့ ဇီဝေချန်မိသားစုအပေါ် အမြဲတမ်း ရိုရိုသေသေနဲ့ ရိုးရိုးသားသား ရှိခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့လကစပြီး သူတို့က ရုတ်တရက် သတ္တိတွေ ကောင်းလာပြီး ကျောက်တုံးကြောတွေကို အကြိမ်ကြိမ် ကျူးကျော်ပြီး ဝိညာဉ်ကျောက်တုံးတွေကို အတင်းအဓမ္မ လုယူနေကြတော့တာပဲ”
သူက ခဏမျှ ရပ်လိုက်ပြီးမှ “ဒီကျန်းမိသားစုက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုတင်သိနေသလိုပဲ။ ငါ ချန်ထျန်းချန်နဲ့ အကြီးအကဲတွေကို သူတို့ကို သွားရောက်နှိမ်နင်းဖို့ စေလွှတ်ခဲ့ပေမဲ့ ကျန်းမိသားစုက ငါတို့ရဲ့ အစီအစဉ်တွေကို ကြိုသိနေသလိုမျိုး အမြဲတမ်း အချိန်မီ ရှောင်တိမ်းသွားနိုင်ကြတယ်” ဟု ဆက်ပြောလိုက်သည်။
“ကျန်းမိသားစုရဲ့ နောက်ကွယ်မှာ အရာအားလုံးကို ညွှန်ကြားပြသပေးနေတဲ့ ပညာရှိတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ သံသယရှိတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျီရှင်း၏ ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းအစုံမှာ တဖြည်းဖြည်း မှေးစင်းသွားတော့သည်။
ခန့်မှန်းရခက်တဲ့ ကြိုတင်မြော်မြင်မှုများလား။
နောင်ဖြစ်မည့်အရေးကို ကြိုတင်သိမြင်နေတာလား။
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားသည်။ ဤကဲ့သို့သော လှုပ်ရှားမှုမျိုးမှာ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်
လိုက်တစ်ဦး၏ စွမ်းဆောင်ရည်မျိုးနှင့် အနည်းငယ် ဆင်တူနေသည်။
“ကျီရှင်း... မင်းကိုယ်တိုင် အဲဒီကိုသွားပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးရင် ဘယ်လိုလဲ”
ချန်တောက်ယန်က မေးမြန်းလိုက်၏။
“ကောင်းပါပြီ”
ချန်ကျီရှင်းသည် သူ၏ အတွေးများကို ပြန်လည်စုစည်းကာ ပြုံးလျက် သဘောတူလိုက်သည်။ မိသားစု၏ အကျိုးစီးပွားအတွက်ဖြစ်စေ၊ ကောင်းကင်ဘုံရွေးချယ်ခံ ဇာတ်လိုက်တစ်ဦး၏ ကြားဝင်နှောင့်ယှက်မှု ဖြစ်နိုင်ခြေအတွက်ဖြစ်စေ သူသည် အန်းကျန်းမြို့သို့ ခရီးတစ်ခု သွားရန် လိုအပ်သည်။
“ဒါနဲ့... ဟိုကလေးလေးရဲ့ ကျိန်စာတံဆိပ်နဲ့ ကြီးထွားမှုပိတ်ပင်ချက်တွေကိုတော့ ဖြေရှင်းပေးပြီးပြီ။ သူ့ကို မင်းဆီသွားဖို့ ငါပြောပေမဲ့ အဲဒီကလေးက တော်တော်ခေါင်းမာတာပဲ။ မင်းကလွဲရင် ဘယ်သူ့စကားမှ နားမထောင်ဘူး။ အချိန်ရရင် သွားပြီး သူ့ကို ခေါ်ထုတ်လာခဲ့လိုက်ဦး”
ချန်တောက်ယန်က တစ်စုံတစ်ခုကို သတိရဟန်ဖြင့် အသာအယာ ပြုံးလျက် ပြောလိုက်သည်။
ချန်ကျီရှင်းမှာ ခဏမျှ တုံ့ဆိုင်းသွားပြီး မှောင်မည်းနေသော သံလှောင်အိမ်ထောင့်တွင် တစ်ဦးတည်း ရပ်နေခဲ့သည့် လူငယ်လေးကို ပြန်လည်အမှတ်ရသွားမိသည်။
“ကောင်းပါပြီ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်”
ချန်ကျီရှင်းက ပြန်ဖြေလိုက်သည်။
...
...
ခဏအကြာတွင်...
ချန်ကျီရှင်းသည် ဇီဝေတောင်တန်းမှ ထွက်ခွာလာပြီး ၎င်းနှင့် မလှမ်းမကမ်းတွင်ရှိသော မုဆိုးရွာလေးတစ်ရွာသို့ ရောက်ရှိလာခဲ့သည်။
ချန်ကျီရှင်းသည် ခြံစည်းရိုးခတ်ထားသော ဝင်းအတွင်းသို့ တည့်တည့်လျှောက်လှမ်းသွားပြီးနောက် ဝဲကယက်ပုံစံ ဝင်ပေါက်မှတစ်ဆင့် မှောင်မည်းသော စင်္ကြံလမ်းအတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ခဲ့သည်။
“တတိယသခင်လေး”
မျက်နှာကို ဖုံးအုပ်ထားသော ခမောက်နှင့် ကျယ်ဝန်းသော ဝတ်ရုံနက်ကို ဆင်မြန်းထားသည့် အမှောင်ဌာနခွဲအဖွဲ့ဝင်တစ်ဦးသည် ချန်ကျီရှင်း၏ ရှေ့မှောက်တွင် လက်ခနဲ ပေါ်လာပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
“ဘိုးဘေးကြီးက ကျွန်တော်မျိုးကို ဒီမှာ စောင့်နေဖို့ အမိန့်ပေးထားတာ ကြာပါပြီခင်ဗျာ”
ချန်ကျီရှင်းက ခေါင်းအသာအယာ ညိတ်ပြလိုက်ပြီးနောက် အနက်ရောင်လအဖွဲ့ဝင်၏ နောက်သို့လိုက်ကာ ပထမအလွှာ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။ စင်္ကြံလမ်းတစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်ခြောက်ကပ်နေပြီး လမ်းဘေးဝဲယာရှိ သံလှောင်အိမ်များအတွင်းမှ ဝေဝါးနေသော အကြည့်များကိုသာ မြင်တွေ့နေရသည်။
ဒေါက်... ဒေါက်...
တိတ်ဆိတ်နေသော စင်္ကြံလမ်းအတွင်း၌ ခြေသံများမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေတော့သည်။
နောက်ဆုံး သံလှောင်အိမ်အတွင်း၌ ကိုယ်လုံးတီးဖြစ်နေသော လူငယ်တစ်ဦးသည် ပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အမာရွတ်များစွာဖြင့် ရှိနေသည်။ သူ၏လည်ပင်းတွင်မူ အနက်ရောင် စက်ဝိုင်းပုံစံ ကျိန်စာတံဆိပ်တစ်ခု ရှိနေပြီး သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ မီးခိုးရောင်သန်းနေပြီး မည်သည့် သက်ဝင်လှုပ်ရှားမှုနှင့် လူသားဆန်သော ခံစားချက်မျိုးမျှ ကင်းမဲ့နေသည်။
“နံပါတ် ၁၉... သခင်လေးက မင်းကို ခေါ်ထုတ်ဖို့ ရောက်လာပြီ”
အနက်ရောင်လအဖွဲ့ဝင်သည် သံလှောင်အိမ်ရှေ့တွင် ရပ်လိုက်ပြီး သော့ကို အတွင်းသို့ ပစ်ပေးရင်း ပြောလိုက်သည်။ သို့သော် ထိုလူငယ်၏ မျက်ဝန်းများမှာမူ ဟာလာဟင်းလင်း ဖြစ်နေဆဲဖြစ်ပြီး ရှေ့တည့်တည့်ကိုသာ ငေးမောကြည့်နေဆဲပင်။
“ဟင်း... ငါပြောတာ မင်းကို အပြင်ထွက်လို့ရပြီလို့ ပြောတာလေ မကြားဘူးလား...”
အနက်ရောင်လအဖွဲ့ဝင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အသံကို အနည်းငယ် မြှင့်လိုက်မိသည်။
ဗုန်းးး
မမြင်နိုင်သော အင်အားတစ်ခုက ထိုအဖွဲ့ဝင်၏ လည်ပင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး အတွင်းဘက်သို့ ပြင်းထန်စွာ ဆွဲယူလိုက်တော့သည်။ သူ၏မျက်နှာမှာ သံတိုင်များနှင့် အားရပါးရ ရိုက်မိသွားတော့၏။
ဂျောက်... ရှဲ
သံကြိုးများ၏ စူးရှသော အသံမှာ ဟိန်းထွက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူငယ်သည် ခါးကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို အသုံးချကာ ခုန်အုပ်လိုက်ရာ သူ၏ပုံရိပ်မှာ အနက်ရောင်လအဖွဲ့ဝင်၏ ရှေ့မှောက်တွင် ချက်ချင်းပေါ်လာတော့သည်။ ဖြူဖျော့ပြီး ကြီးမားလှသော လက်ဝါးကြီးတစ်ဖက်က ထိုအဖွဲ့ဝင်၏ မျက်နှာတစ်ခုလုံးကို အုပ်မိုးကာ ဖမ်းဆုပ်ထားလိုက်သည်။
စူးရှလှသော လက်သည်းနက်များမှာ အသားထဲသို့ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။ သွေးစက်အချို့မှာ ထိုအဖွဲ့ဝင်၏ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။
“မင်း... မိစ္ဆာကောင်...”
အနက်ရောင်လအဖွဲ့ဝင်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကျောရိုးထဲအထိ စိမ့်အောင် ကြောက်ရွံ့သွားရသည်။ သူ၏ရှေ့မှောက်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဖြူဖျော့နေသည့် ကျိန်စာတံဆိပ်လူငယ်ကို ကြည့်ရင်း သူသည် လုံးဝ မလှုပ်ဝံ့တော့ပေ။
“တိုးတိုးနေစမ်း”
ကျိန်စာတံဆိပ်လူငယ်က မည်သည့် အမူအရာမျှ မရှိဘဲ တုံးတိတိဖြင့် ပြောလိုက်သည်။
“မင်း ငါ့ညီမလေးကို အနှောင့်အယှက် ပေးနေပြီ”
အခန်း။ ၁၁၀
“မင်းရဲ့ ညီမလေးက ဘယ်မှာလဲ...”
အနက်ရောင်လအဖွဲ့ဝင်မှာ အံကြိတ်ရင်း စကားပြောရန် ကြိုးပမ်းလိုက်သည်။
“တော်ပြီ”
ချန်ကျီရှင်းသည် ဘေးဘက်မှ လျှောက်ထွက်လာပြီး သံလှောင်အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
“နေကောင်းလား ညီမလေး။ ကိုကို့နာမည်က ချန်ကျီရှင်းပါ။ ငါတို့တွေ အရင်က ဆုံဖူးတယ်
လေ မှတ်မိသေးရဲ့လား”
မမြင်နိုင်သော အင်အားတစ်ခုက အနက်ရောင်လအဖွဲ့ဝင်၏ လည်ပင်းကို တဖြည်းဖြည်း လွှတ်ပေးလိုက်ပြီး ကျိန်စာတံဆိပ်လူငယ်သည်လည်း သူ၏ လက်ဖမ်းဆုပ်မှုကို ရုပ်သိမ်းလိုက်တော့သည်။ အနက်ရောင်လအဖွဲ့ဝင်မှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး အမောတကော အသက်ရှူရင်း ချန်ကျီရှင်းကို မယုံကြည်နိုင်သလို ကြည့်နေမိသည်။
တတိယသခင်လေးက ဘယ်သူ့ကို စကားပြောနေတာလဲ။
ချန်ကျီရှင်းသည် မျက်လုံးကို မှေးစင်းလိုက်ပြီး အနက်ရောင်လအဖွဲ့ဝင်ကို မျက်စောင်းတစ်ချက် ခဲလိုက်သည်။ ထိုအဖွဲ့ဝင်မှာ အခြေအနေကို ချက်ချင်းရိပ်မိသွားပြီး ဦးညွှတ်ကာ အလျင်အမြန်ပင် ထွက်ခွာသွားတော့၏။
တိတ်ဆိတ်ခြောက်ကပ်နေသော စင်္ကြံလမ်းတစ်ခုလုံးတွင် ချန်ကျီရှင်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“ခင်ဗျား... ခင်ဗျားက ကျွန်တော့်ညီမလေးကို မြင်ရလို့လား”
ကျိန်စာတံဆိပ်လူငယ်၏ မှေးမှိန်နေသော မီးခိုးရောင် မျက်သူငယ်အိမ်များအတွင်း၌ ဝမ်းသာရိပ်အချို့ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။
“ညီမလေးက ခင်ဗျားကို မှတ်မိတယ်တဲ့။ ခင်ဗျားဆီမှာ သင်းပျံ့တဲ့ အနံ့လေး ရှိတယ်လို့ သူက ပြောနေတယ်”
ချန်ကျီရှင်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ရှေ့မှောက်ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။
“ကိုယ် သူမကို မမြင်ရပါဘူး။ ဒါပေမဲ့ သူမ တကယ်ရှိနေတယ်ဆိုတာကိုတော့ ကိုယ် ယုံကြည်
တယ်လေ ဟုတ်တယ်မလား”
ကျိန်စာတံဆိပ်လူငယ်၏ မျက်ဝန်းများတွင် စိတ်ပျက်ရိပ် အနည်းငယ် ဖြတ်သန်းသွားသော်လည်း သူသည် ခေါင်းကို ချက်ချင်း ပြန်မော့လိုက်ပြီး ဝေခွဲမရသည့် လေသံဖြင့် မေးလိုက်သည်။
“ခင်ဗျားက ကျွန်တော်တို့နှစ်ယောက်လုံးကို ခေါ်ထုတ်သွားဖို့ လာတာလား”
“အင်း ဟုတ်တယ်”
ချန်ကျီရှင်းသည် ကျိန်စာတံဆိပ်လူငယ်ကို တစ်ချက် အကဲခတ်လိုက်သည်။ ရက်တိုတို သုံးရက်အတွင်းမှာတင် ဤလူငယ်သည် သေခြင်းတရားကျမ်းစာကို ဒုတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ဤအရှိန်အဟုန်မှာ ချန်ကျီရှင်း မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
ထို့ပြင် မိသားစု၏ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုထားခြင်းကြောင့် ဤကျိန်စာတံဆိပ်
လူငယ်၏ ကျင့်ကြံမှုအဆင့်မှာလည်း နတ်ဘုရားခရီးသွားနယ်ပယ်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုလျှို့ဝှက်ကျင့်စဉ်မှာ အဘယ်အရာဖြစ်သည်ကို ချန်တောက်ယန်က သူ့အား မပြောပြသေးသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ မိသားစု၏ မျိုးစေ့များအတွက် တိုက်ပွဲဝင်နိုင်စွမ်းကို လျင်မြန်စွာ ပုံဖော်ပေးနိုင်ခြင်းပင်။
သို့သော် ဤကဲ့သို့သော နည်းလမ်းမျိုး၏ ပေးဆပ်မှုမှာ အလွန်တရာ ကြီးမားလှမည်ဖြစ်ကြောင်း ချန်ကျီရှင်းအနေဖြင့် အထူးတလည် စဉ်းစားနေစရာပင် မလိုပေ။
အစောပိုင်းက ဝမ်းသာအားရ သဘောတူခဲ့သော ကျိန်စာတံဆိပ်လူငယ်သည် ယခုတစ်ဖန် ပြန်လည်ကြားသိရသောအခါ တုံ့ဆိုင်းသွားခဲ့သည်။
“ခင်ဗျား ကျွန်တော်တို့ကို ဒီကနေ ခေါ်ထုတ်သွားပြီးရင် ပြန်စွန့်ပစ်မှာ မဟုတ်ဘူးမလား”
ကျိန်စာတံဆိပ်လူငယ်က ချန်ကျီရှင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
“စွန့်ပစ်မှာ ဟုတ်လား”
ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
“ဟုတ်ကဲ့...”
ကျိန်စာတံဆိပ်လူငယ်၏ အသံမှာ အနည်းငယ် အားငယ်သံ သက်ဝင်လာပြီး “အရင်ဆုံး မေမေက ကျွန်တော်တို့ကို မလိုချင်တော့ဘူး။ နောက်တော့ ဖေဖေကလည်း ကျွန်တော်တို့ကို ထားခဲ့ပြန်တယ်။ သူတို့က ခဏလေး အပြင်သွားလိုက်မယ်။ ချက်ချင်း ပြန်လာခဲ့မယ်လို့ ပြောပြီး ကျွန်တော့်ကိုရော ညီမလေးကိုရော ဗီရိုထဲမှာ ပုန်းနေခိုင်းခဲ့တာ”
“ဒါပေမဲ့ ကျွန်တော်နဲ့ ညီမလေးက ဗီရိုထဲမှာ ရပ်ပြီး အကြာကြီး အကြာကြီး စောင့်ခဲ့ကြပေမဲ့ ဖေဖေနဲ့ မေမေက ပြန်မလာခဲ့ဘူး”
“ညီမလေးက အရမ်း…အရမ်း ဗိုက်ဆာလာတဲ့အထိပဲ။ အိမ်က သိုးငယ်လေးကိုလည်း စားပစ်လိုက်ပြီဆိုတော့ ကျွန်တော် ညီမလေးကို ခေါ်ပြီး အိမ်ကနေ ထွက်ခဲ့ရတယ်”
“ရွာထဲက ကြင်နာတတ်တဲ့ ဦးလေးက ပြောတယ်။ ဖေဖေနဲ့ မေမေက ကျွန်တော်တို့ကို စွန့်ပစ်သွားပြီ။ မလိုချင်တော့လို့တဲ့”
ဤစကားများကို ကြားလိုက်ရသောအခါ ချန်ကျီရှင်း၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားတော့သည်။ ချန်တောက်ယန် ပြောခဲ့သော စကားများအရဆိုလျှင် ဤကျိန်စာတံဆိပ်လူငယ်၏ ညီမဖြစ်သူမှာ လွန်ခဲ့သော အချိန်ကတည်းက သိုးငယ်တစ်ဝက်နှင့် အလဲအလှယ် လုပ်ခြင်း ခံခဲ့ရပြီးသား ဖြစ်သည်။
ဒါဆိုရင် သူက ဘယ်သူနဲ့အတူတူ ဗီရိုထဲမှာ အဲ့လောက်ကြာအောင်ပုန်းနေခဲ့တာလဲ။
ကျိန်စာတံဆိပ်လူငယ် ပြောသလို သူ့မိဘတွေက စွန့်ပစ်သွားခဲ့တာဆိုရင် အိမ်က သိုးငယ်လေးက ဘယ်ကနေ ရောက်လာတာလဲ။ ပြီးတော့ လူအချင်းချင်း ပြန်စားနေကြရတဲ့ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးကြီးထဲမှာ ရွာထဲမှာ တကယ်ပဲ ကြင်နာတတ်တဲ့ ဦးလေးဆိုတာ ရှိနိုင်ပါ့မလား။ ဒါက လုံးဝ ယုတ္တိမရှိဘူး။
ထိုသို့ တွေးတောရင်း ချန်ကျီရှင်းသည် ကျိန်စာတံဆိပ်လူငယ်ကို မော့ကြည့်လိုက်မိရာ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေတော့သည်။
“ဒါကြောင့်... ကျွန်တော်တို့ ခင်ဗျားနဲ့အတူ လိုက်သွားရင် ခင်ဗျားကော ကျွန်တော်တို့ကို စွန့်ပစ်ဦးမှာလား”
ကျိန်စာတံဆိပ်လူငယ်က မျှော်လင့်ချက်အပြည့်ဖြင့် ချန်ကျီရှင်းကို ကြည့်နေသည်။ ချန်ကျီရှင်းဘက်မှ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက တိုးညှင်းစွာပင် ဆက်လက်ပြောကြားလိုက်သည်။
“ကျွန်တော်နဲ့ ညီမလေးက နည်းနည်းပဲ စားတာပါ။ ကျွန်တော့်အတွက် အစားအသောက် အားလုံးကိုလည်း ညီမလေးကိုပဲ ပေးလိုက်ပါ့မယ်”
“ဒါ့အပြင် ကျွန်တော့်ညီမလေးက အရမ်း လိမ္မာပါတယ်။ အပြင်ကို ထွက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ သူက ငြိမ်ငြိမ်လေးပဲ နေတာ ဘာပြဿနာမှလည်း မရှာတတ်ဘူး”
ထူးဆန်းလှစွာပင် ချန်ကျီရှင်း၏ ရင်ထဲ၌ တစ်စို့စို့ ဝေဒနာကို ခံစားလိုက်ရသည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လူငယ်လေး၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးကာ နူးညံ့စွာ ပြုံးလိုက်သည်။
“အခုကစပြီး... ကိုယ် ဒီမှာ ရှိနေသရွေ့ မင်းတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး ဟုတ်ပြီလား”
“တကယ်လားဟင်”
လူငယ်လေးက မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ တဖြည်းဖြည်း တောက်ပလာတော့သည်။
“ဒါပေါ့”
ချန်ကျီရှင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“မင်းတို့ရဲ့ နာမည်တွေကိုရော မှတ်မိသေးရဲ့လား”
“နာမည်တွေလား...”
လူငယ်လေးက တိုးတိုးလေး ရေရွတ်လိုက်ရင်း ဝေခွဲမရသည့် အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“ကျွန်တော် မမှတ်မိတော့ဘူး”
ချန်ကျီရှင်းက ခဏမျှ စဉ်းစားလိုက်ပြီး ပြုံးပြလိုက်သည်။
“ဒါဆိုရင် မင်းက ငါ့ရဲ့ ချန်မျိုးရိုးကို ခံယူပြီး နာမည်ကိုတော့ ပုချီလို့ မှည့်ပေးမယ်။ ဘယ်လိုလဲ”
“ချန်ပုချီ...”
လူငယ်လေးက အကြိမ်အနည်းငယ် ရေရွတ်ကြည့်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားပုံပင်။
“ဒါဆို ကျွန်တော့်ညီမလေးကရော”
“ညီမလေး နာမည်ကတော့... ချန်ပုလီလို့ ခေါ်ရအောင်”
ချန်ကျီရှင်း၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။
ခဏအကြာတွင် ချန်ကျီရှင်းသည် ခြံစည်းရိုးခတ်ထားသော ဝင်းငယ်လေးအတွင်းမှ လျှောက်ထွက်လာခဲ့သည်။ သူ၏နောက်တွင်မူ နေရောင်ခြည်နှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် မျက်စိစူးနေဟန်ရှိသော ချန်ပုချီ လိုက်ပါလာခဲ့သည်။
“နေဝင်ရိုးရီ နေရောင်ခြည်က ညှိုးနွမ်းနေတဲ့ နေကြာပန်းကို ကယ်တင်နိုင်ပါ့မလား...”
ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် အန်းကျန်းမြို့အပြင်ဘက်ရှိ မှောင်မည်းသော သစ်တောတစ်ခုအတွင်း၌
သားရေဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏အနောက်တွင်မူ ကျန်းမိသားစုအဖွဲ့ဝင်တစ်စုမှာ မကြာသေးခင်က ရရှိထားသော ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ပျော်ရွှင်စွာ ခွဲဝေနေကြသည်။
“စီနီယာရွှီ... ဝိညာဉ်ကျောက်တုံးတွေကို စီစဉ်ပြီးပါပြီ။ စုစုပေါင်း သုံးသိန်းရှစ်ထောင် တိတိပါပဲခင်ဗျာ”
ကျန်းမိသားစု ခေါင်းဆောင် ကျန်းဟီးသည် သားရေဝတ်ရုံဝတ် အဘိုးအို၏ အနောက်တွင် ရိုသေစွာ ရပ်နေပြီး လက်အုပ်ချီ၍ လျှောက်တင်လိုက်သည်။
“အင်း... အားလုံးကို ခွဲဝေပေးလိုက်တော့”
အဘိုးအိုက အသာအယာ ခေါင်းညိတ်လိုက်သည်။
“စိတ်ချပါ စီနီယာရွှီ... ကျန်းမိသားစုအတွက် ခွဲဝေသင့်တာတွေကို ခွဲပေးပြီးပါပြီ။ အများစုကိုတော့ စီနီယာရွှီအတွက် သိမ်းထားပါတယ်”
ကျန်းဟီးသည် ပျော်ရွှင်နေသောအပြုံးကြီးဖြင့် သိုလှောင်လက်စွပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်သည်။ အဘိုးအိုသည် တည်ငြိမ်သော အမူအရာဖြင့် လက်စွပ်ကို လှမ်းယူလိုက်ပြီး အသာအယာ တစ်ချက်သာ ကြည့်ကာ သိပ်ပြီး ဂရုတစိုက် မရှိလှပေ။
“စီနီယာရွှီ... ဇီဝေချန်မိသားစုဆီက ဝိညာဉ်ကျောက်တုံးတွင်းကို နောက်တစ်ခေါက် ဘယ်တော့ သွားလုကြမလဲဟင်”
ကျန်းဟီးက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
ဤအချိန်တွင် သူသည် သူ့ရှေ့ရှိ သားရေဝတ်ရုံဝတ် အဘိုးအိုကို အကြွင်းမဲ့ ယုံကြည်ကိုးစားနေပြီ ဖြစ်သည်။ ဤစီနီယာရွှီ၏ ကျေးဇူးကြောင့်ပင် သူတို့သည် တစ်လအတွင်းမှာတင် ချန်မိသားစုထံမှ ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်းမိသားစု၏ အင်အားကိုလည်း များစွာ တိုးတက်စေခဲ့သည်။
ဤစီနီယာရွှီမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ကျောက်တွင်းထဲရှိ မြက်ပင်တစ်ပင်ချင်းစီကို မြင်နိုင်ရုံသာမက ချန်မိသားစု၏ အင်အားနှင့် ဖြန့်ကြက်ထားပုံများကိုပါ အနှံ့အစပ် သိရှိနားလည်ထားသူ ဖြစ်သည်။ ဇီဝေချန်မိသားစု၏ စတုတ္ထသခင်ကြီးချန်ကိုယ်တိုင် နှိမ်နင်းရန် လာရောက်ခဲ့သော်လည်း စီနီယာရွှီက သူ့ကို ကစားကွင်းထဲတွင် လှည့်ပတ်ဆော့ကစားသကဲ့သို့ လုပ်ဆောင်ခဲ့သဖြင့် စတုတ္ထသခင်ကြီးမှာ လက်ဗလာဖြင့် ပြန်သွားခဲ့ရသည်။
“အလောတကြီး မလုပ်ပါဘူး။ ဒီတစ်ခေါက်တော့ ချန်မိသားစုက တစ်ယောက်ယောက်ကို ထပ်လွှတ်ဦးမှာပဲ”
အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
“ဘယ်သူလာမှာလဲ။ ဇီဝေရဲ့ အရှင်သခင် ချန်တောက်ယန် ကိုယ်တိုင် လာမှာလား”
ကျန်းဟီးက စူးစမ်းစွာ မေးမြန်းလိုက်သည်။
“ဟက်... ဒီဝိညာဉ်ကျောက်တုံးလေးတွေအတွက်နဲ့တော့ ဇီဝေရဲ့ အရှင်သခင်က ကိုယ်တိုင်လာမှာ မဟုတ်ပါဘူး”
အဘိုးအိုက ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
“ဒါဆို ဘယ်သူလဲ။ ပထမတောင်ထိပ်သခင် ချန်ထျန်းရှုံလား”
“မဟုတ်ဘူး ချန်ကျီရှင်းဆိုတဲ့သူပဲ။ ဇီဝေချန်မိသားစုရဲ့ တတိယတောင်ထိပ်က သားဖြစ်သူပေါ့”
အဘိုးအိုက ပြန်လည်ဖြေကြားလိုက်သည်။
“တတိယတောင်ထိပ်ရဲ့ သား ဟုတ်လား”
ကျန်းဟီးမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ မထီမဲ့မြင် ပြုံးလိုက်သည်။
“စီနီယာရွှီ... စတုတ္ထသခင်ကြီးချန်တောင် ကျွန်တော်တို့ကို မယှဉ်နိုင်တာ။ ဒီလို တတိယမျိုးဆက် သားသမီးလေးတစ်ယောက်ကို ဘာကြောက်စရာ ရှိမှာလဲ။ အဲဒီအချိန်ကျရင် စီနီယာရွှီက ပရိယာယ်လေး နည်းနည်းသုံးလိုက်ရင် အဲဒီ ချန်ကျီရှင်းကို ကစားစရာတစ်ခုလို ဆော့ကစားဖို့က လွယ်လွယ်လေး မဟုတ်ဘူးလား”
“ဟက်... ဒီလူက မင်းထင်သလောက် မရိုးရှင်းဘူး။ ကဲပါ... စကားအနည်းငယ်နဲ့တော့ မင်း နားလည်မှာ မဟုတ်ဘူး။ အချိန်ကျရင် ငါ့အစီအစဉ်အတိုင်းသာ လုပ်ပါ”
အဘိုးအိုက လက်ကာပြလိုက်သည်။
ကျန်းဟီးမှာလည်း အခြေအနေကို ရိပ်မိစွာဖြင့် ပါးနပ်စွာ ဆုတ်ခွာသွားတော့သည်။
အမှန်စင်စစ် ဤသူ၏ အမည်ရင်းမှာ ရွှီဖန်ဖြစ်ပြီး အသက်နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်တစ်ဦးသာ ဖြစ်သည်။ သူသည် ခေါင်းကိုမော့ကာ မြင့်မားသော ကောင်းကင်ယံသို့ တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။
နည်းဗျူဟာတွေလား ကြိုတင်ဟောကိန်းတွေလား မြော်မြင်မှုတွေလား။
သူ၏ မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။
“ငါက ငါ့ရဲ့ အနာဂတ်က ငါကိုယ်တိုင်နဲ့ ဆက်သွယ်နိုင်တယ်ဆိုတာကို ဘယ်သူက ထင်ထားမှာလဲ”