← Chapters

စစ်ဝမ်မင့်

Vol. 6 Ch. 514

စစ်ဝမ်မင့်

Vol. 6 Ch. 514

မီးပုံးများမှ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားသည်နှင့် ဆန်းလျန်သည် သေမျိုးလောကနှင့်ဝေးကွာသွား သည့် နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ ကြယ်ရောင်မရှိ ၊ သက်ရှိများမရှိ ၊ မည်သည့်အရာမှမရှိသည့် နေရာတစ်ခု ဖြစ်လေသည်။

အချိန်တစ်ခဏကြာပြီးသည့်နောက် နတ်မြင်းပျံကြီးကိုစီးနှင်ရင်း ဆန်းလျန်က ခေါင်းကိုအသာ ငုံ့ကြည့်လိုက်လေသည်။ ထိုအခါ နဂါးရေကန်တစ်ကန်ကို တွေ့မြင်လိုက်ရလေသည်။

“နဂါးရေကန်နှင့် ကျားဂူ” ဆိုသည်မှာ လောကတွင် အန္တရယ်အများဆုံးနေရာများဖြစ်သည်ဟု အဆိုရှိကြလေသည်။ ကျားဂူကိုတော့ ဆန်းလျန်က မကြောက်ပေ။ ကျားနက်ကြီးတစ်ကောင်ကိုတောင် သူက မွေးထားသေးသည် မဟုတ်ပါလား။

သို့သော် နဂါးရေကန်ကတော့ အမှန်ပင်ကြောက်စရာကောင်းလေသည်။

သို့သော် နဂါးရေကန်တွင် နဂါးကိုမတွေ့မြင်ရသေးပါ။ ရေကန်သည် နက်ရှိုင်းသည့်ရေကန်တစ်ခုဖြစ်ပြီး ရေကန်ထဲမှ မြူခိုးများထွက်ပေါ်နေလေသည်။ ထိုမြူခိုးများထဲတွင် အန္တရယ်အငွေ့အသက်များကို ခံစားနေရလေသည်။

မီးပုံးအရံအတားကိုကျော်လွှားနိုင်ပြီးသည့်နောက် ဆန်းလျန်သည် အမည်မသိနေရာတစ်ခုသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုနေရာသည် သူ့ကို မီးပုံးပွဲတော်သို့လာရောက်ရန် ဖိတ်ကြားသည့်သူနှင့် တွေ့ဆုံနိုင်သည့် နေရာတစ်ခု ဖြစ်နိုင်လေသည်။

ဆန်းလျန်အနေဖြင့် အန္တရယ်အငွေ့အသက်ကိုရသည့်အတွက် နောက်ဆုတ်ရန်အချိန်မီသေးသည့်တိုင် သူက နောက်ဆုတ်ဖို့ မစဉ်းစားခဲ့ပါ။ ရှေ့သို့ ဆက်လက်တိုးဝင်ရန်သာ ရွေးခြယ်ခဲ့လေသည်။

တိချိုးမြို့တော်တွင် သူ့ကိုရပ်တန့်နိုင်မည့်သူ မည်သူမျှမရှိဟု ဆန်းလျန်က ယုံကြည်ထားလေသည်။

သို့သော် မိုးကောင်းကင်အစစ်ဆေးခံရမှုများနှင့် ကြုံတွေ့ရသည့်အခါ သူက မပျက်စီးဘဲကျော်လွှားနိုင်မည်ဟုတော့ ရာနှုန်းပြည့်အာမမခံနိုင်ပေ။ သာမန်လူများနည်းတူ သူ့အနေဖြင့် ရင်ဆိုင်ရမည်သာဖြစ်လေသည်။

အန္တရယ်တောထဲတွင် သူအသက်ရှင်နိုင်ပါမည်လားဆိုသည့်အချက်ကတော့ မိုးနတ်မင်း၏အလိုတော်အတိုင်းသာ ဖြစ်လေ၏။

နဂါးရေကန်သည်အလွန်မှမှောင်မိုက်နေပြီး ရေကလည်း နက်ရှိုင်းလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အလင်းရောင်မရှိပေ။

ဆန်းလျန်သည် အမှောင်ထဲသို့ စူးစိုက်ကြည့်နေရင်း…

မြူခိုးများထဲမှ တဖြည်းဖြည်း မြင့်တက်လာနေသည့် အလွန်ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုကို မြင်တွေ့နေရလေသည်။

ထိုကြီးမားသည့် ပုံရိပ်ကြီး၏အထက်တွင် လူတစ်ယောက်၏ပုံသဏ္ဍန်ကို တွေ့ရလေသည်။

ရုတ်တရက်…

တစ္ဆေမီးတောက်ကဲ့သို့ အလင်းအိမ်ကြီးနှစ်အိမ် လင်းလက်လာပြီး မြူခိုးများ လွင့်ပြယ်သွားလေသည်။

ထိုအခါ ဆန်းလျန်သည် သူ့ရှေ့မှ ပုံရိပ်ကို ရှင်းလင်းစွာမြင်လိုက်ရလေသည်။

အလင်းရောင်အောက်တွင် နဂါးအကြေးခွံများသည် ရောင်ပြန်ဟပ်ကာ တောက်ပနေကြလေသည်။

တဖြည်းဖြည်းမြင့်တက်လာသည့်အရာကြီးမှာ အနက်ရောင်နဂါးကြီးတစ်ကောင်ဖြစ်လေသည်။ ထိုနဂါးကြီးဆီမှ ထွက်ပေါ်နေသည့်တန်ခိုးစွမ်းအားများက ရှေးကျပြီး ပြင်းထန်လွန်းလေသည်။ သို့သော်…. နဂါးအကြေးခွံများမှာ အိပ်မက်ဆန်ဆန် ဝိုးတဝါးလွင့်မျောနေသကဲ့သို့ ရှိနေလေသည်။

အနက်ရောင်နဂါးကြီးမှာ သက်ရှိသတ္တဝါမဟုတ်ပါ။ နဂါးကြီးမှာ သေဆုံးခဲ့ပြီဖြစ်ပြီး ထူးဆန်းသည့် နဂါးဝိညာဉ်က ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကို အံ့သြသွားစေသည့် အချက်တစ်ချက်ရှိလေသည်။

ထိုအနက်ရောင်နဂါးကြီးထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များသည် သူ ယခင်ဘဝက သွားရောက်ခဲ့ဖူးသည့် မဟူရာအဏ္ဏဝါနန်းတော်မှ အငွေ့အသက်များနှင့် သွားရောက်ဆင်တူနေခြင်း ဖြစ်လေသည်။ ထိုမဟူရာအဏ္ဏဝါ နန်းတော်ထဲတွင် ထူးဆန်းသည့် သင်္ကေတများရေးသားထားပြီး ဆန်းလျန်သည်ပင် ထိုသင်္ကေတများကို ဘာသာပြန်ကြည့်ခဲ့သေးသည် မဟုတ်ပါလား။

ထိုသင်္ကေတများသည် ထူးဆန်းသည့်ကျင့်စဉ်များဖြစ်သော်လည်း အဓိကအချက်များပျောက်ဆုံးနေသည့်အတွက် ပြည့်စုံခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ထိုကျင့်စဉ်ကို အပြည့်အဝမကျင့်ကြံနိုင်ခဲ့ပေ။

ဆန်းလျန် ယခင်ဘဝက နေထိုင်ခဲ့သည့် ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကသည် အသူရာချောက်နှင့် တစ်ခုခုပတ်သက် နေနိုင်လေသည်။ ထိုအချက်သည် သူ့ကို ချင်းရွှမ်နတ်တံခါးသို့ ပြန်သွားလို့ရနိုင်သည့် လမ်းစဖြစ်လေမည်လား သိချင်နေမိသည်။ သို့သော် အတိအကျပြောရန်တော့ အချိန်စောပါသေးသည်။

အနက်ရောင်နဂါးကြီးထက်တွင် လူတစ်ယောက် စီးနင်းလိုက်ပါလာလေသည်။

ထိုသူက ဆန်းလျန်ကို စကားစပြောလိုက်သည်။

“ကြည့်ရတာ ဒီနဂါးကြီးကို မင်းစိတ်ဝင်စားနေတာလား"

သူ၏မျက်နှာထက်တွင် ကြေးနီစိမ်းမျက်နှာဖုံးတစ်ခုတပ်ထားပြီး သူ၏ကိုယ်နေဟန်ထားက သွယ်လျလွန်းလေသည်။ သူ၏လက်များသည် အလွန်ဖြူဆွတ်လှပပြီး ကျောက်စိမ်းသားအလားထင်မှတ်ရလေသည်။

ထိုသူထံမှ ထူးဆန်းသည့်တန်ခိုးစွမ်းအားများထွက်ပေါ်နေသည်ကို ဆန်းလျန်ခံစားရလေသည်။ ထိုစွမ်းအားများသည် သူ ရှီးလျန်ပြည်တွင်သတ်ခဲသည့် မှော်ဆရာထံမှစွမ်းအားများနှင့် ခပ်ဆင်ဆင်တူလေသည်။ သို့သော် သူ့ရှေ့မှ လူ၏ တန်ခိုးစွမ်းအားများက မှော်ဆရာဆိုသူထက် အဆပေါင်းများစွာ မြင့်မားလေသည်။

မှော်ဆရာဆိုသူက ပုရွက်ဆိတ်လောက်ရှိလျှင် သူ့ရှေ့မှလူသည် ဆင်ပြောင်ကြီးလောက်ရှိလေသည်။

“ကျုပ်ထင်တာမမှားဘူးဆိုရင် မင်းက တာ့ရှားပြည်က ရဟန်းမင်းကြီးပဲ ဖြစ်ရမယ်”

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင် ပြန်ပြောလိုက်လေသည်။

“ကိစ္စသေးသေးလေးတွေတောင်မှ မင်းဆီကနေဖုံးကွယ်ထားလို့မရဘူးပဲ ၊ ကျုပ်မင်းကိုတွေ့ချင်နေခဲ့တာကြာပါပြီ ၊ ဒါပေမယ့် မင်းဘာလို့ ဒီနဂါးကြီးကိုစိတ်ဝင်စားနေတာလဲ ကျုပ်နားမလည်နိုင်ဘူး ၊ ဒီနဂါးကြီးက ကျုပ်ထက်တောင် အသက်ရှည်သေးတယ် ၊ မင်းသူနဲ့တော့ ရင်ဆိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး”

ရဟန်းမင်းကြီးက ဆန်းလျန်ကို စိုက်ကြည့်ရင်းပြောလိုက်လေသည်။

အနက်ရောင်နဂါးကြီးကလည်း ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။ သူက ဆန်းလျန်စီးထားသည့် အဖြူရောင် နတ်မြင်းပျံကြီးမှာ နဂါးသွေးပါသည်ကိုပင် အရေးမစိုက်ပေ။ နဂါးမျက်လုံးကြီးများမှာ တစ္ဆေမီးအိမ်ကြီးနှစ်လုံးအလား လင်းလက်တောက်ပနေလေသည်။

နဂါးမျက်လုံးကြီးများမှာ ကြောက်စရာကောင်းလွန်းလှသည့်တိုင် ထိုမျက်ဝန်းများထဲတွင် အထီးကျန်မှုများကို ဆန်းလျန်တွေ့ရှိနေရလေသည်။

နဂါးကြီးကိုကြောက်လန့်ပြီး အဖြူရောင်နတ်မြင်းပျံမှာ ပါးစပ်မှ အမြှုပ်များတစီစီထွက်လာတော့သည်။ ဆန်းလျန်က နတ်မြင်းပျံကြီး၏လည်ဆံမွှေးများကို ပွတ်သပ်ရင်း မကြောက်လန့်ရန် နှစ်သိမ့်လိုက်လေသည်။

“တစ်ချိန်တုန်းက ကျုပ်ပင်လယ်မျက်လုံးရှိရာနေရာကို ရောက်ခဲ့ဖူးတယ် ၊ အဲဒီမှာ နန်းတော်ကြီးတစ်ခုရှိတယ် ၊ အဲဒီနေရာက အငွေ့အသက်နဲ့ ဒီနဂါးကြီးဆီကရတဲ့အငွေ့အသက်တွေက အရမ်းတူနေတယ်”

ဆန်းလျန်ကပြောလိုက်လေသည်။

“သူပြောတဲ့နန်းတော်ဆိုတာ မင်းအရင်နေခဲ့တဲ့နေရာများလား”

ရဟန်းမင်းကြီးက ခါးကိုကိုင်းကာ နဂါးကြီးကိုငုံ့ကြည့်ရင်း မေးလိုက်သည်။ သို့သော် နဂါးကြီးထံမှ မည်သည့်တုန့်ပြန် မှုမှမတွေ့ရပေ။

ရဟန်းမင်းကြီးက ….

"အတိတ်မေ့ဆေးရည်ကို မင်းသောက်ထားတာ ကျုပ်မေ့သွားတယ် ၊ မင်းအတိတ်ကအကြောင်းအရာတွေ ဘာကိုမှ မမှတ်မိနိုင်တော့ဘူးပဲ"

ရဟန်းမင်းကြီးက ရေရွတ်လိုက်လေသည်။

ပြီးမှ ဆန်းလျန်ကို ပြန်ကြည့်လိုက်ရင်း….

"တကယ်တော့ ဒီကောင်ကြီး ဒီလောကကို ရောက်လာတာကို ဝမ်မင့်က ရှာတွေ့ခဲ့တာ ၊ ဝမ်မင့်ကပဲ သူ့ရဲ့တည်ရှိမှုကို ကာကွယ်ပေးထားတာ"

ဆန်းလျန်က တအံ့တသြဖြင့်…

“မင်းပြောနေတာ တာ့ရှားပြည်ကို စတင်တည်ထောင်ခဲ့တဲ့ ဧကရာဇ်ဝမ်မင့်ကို ပြောနေတာလား ၊ သူ့အကြောင်း ကိုကျုပ်ကြားဖူးတယ် ဒါပေမယ့် သူက ခုလိုမျိုး ဗလာနယ်တစ်ခုကို တန်ခိုးစွမ်းအားနဲ့ ဖန်ဆင်းထားနိုင်တဲ့အထိ အစွမ်းထက်လိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့မိဘူး ၊ ဒီနဂါးရေကန်က အသက်ဓာတ်စွမ်းအားတွေနဲ့ပြည့်နေတယ် ၊ ပြီးတော့ ဒီဗလာနယ်ကလည်း တော်ဝင်ကျောင်းတော်လိုပဲ တည်ရှိမှုကအရမ်းတည်ငြိမ်တယ် ၊ တကယ်ဆိုရင် လူကဖန်ဆင်းတယ်ဆိုတဲ့ အရာတစ်ခုဟာ သဘာဝတရားလို ဘယ်ကောင်းနိုင်မှာလဲ ၊ ဒါပေမယ့် ဒီနေရာကတော့ တကယ့် သဘာဝအတိုင်းတည်ရှိနေတဲ့ လောကတစ်ခုလိုပဲ ၊ ကြည့်ရတာ ဧကရာဇ်ဝမ်မင့် ဟာ ကျုပ်ထင်ထားတာ ထက်ပိုပြီး တန်ခိုးစွမ်းအား မြင့်မားတဲ့ပုံပေါ်တယ်"

ဧကရာဇ်မင်းဝမ်မင့်၏အမည်ရင်းမှာ စစ်ဝမ်မင့်ဖြစ်လေသည်။

သူက တာ့ရှားပြည်ကိုတည်ထောင်သည့်သူဖြစ်ပြီး ရှားမျိုးနွယ်များတွင် စွမ်းအားအကြီးမားဆုံးလူတစ်ယောက် ဖြစ်လေသည်။ သူက ဘိုးဘေးများအားလုံး၏ခေါင်းဆောင်ဖြစ်ပြီး အသူရာချောက်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သူ တစ်ယောက်ဖြစ်လေသည်။ သူက အသူရာချောက်မှ တစ္ဆေများနှင့် ဝိညာဉ်များအားလုံးကို တိုက်ခိုက်နှိမ်နင်းခဲ့ပြီး တာ့ရှားပြည်ကို တည်ထောင်ခဲ့လေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်…

ဆန်းလျန် နေထိုင်ခဲ့ဖူးသည့် ယခင်ဘ၀ ၊ ခေတ်ပေါ်ကမ္ဘာရှိ တရုတ်သမိုင်းထဲတွင် ရေးသားထားသည့် တာ့ရှားပြည်ကိုတည်ထောင်ခဲ့သည့် ဧကရာဇ်မင်း၏အမည်မှာလည်း စစ်ဝမ်မင့်ပင် ဖြစ်လေသည်။ သူ့ကို မြင့်မြတ် သည့်ကျောက်စိမ်းဘုရင်ဟု လူသိများကြလေသည်။

တိုက်ဆိုင်မှုများကို စဉ်းစားမိပြီး ဆန်းလျန်သည် အလွန်အမင်း အံ့သြနေမိတော့သည်။

သို့သော် ထိုအကြောင်းအရာနှစ်ခုသည် မည်သို့မှ ဆက်စပ်ကြည့်၍မရခဲ့ပေ။ ထို့ကြောင့် ဆန်းလျန်သည် ဆက်ပြီး တွေးမနေတော့ပေ။

“သူ့ရဲ့တန်ခိုးစွမ်းအားတွေက အကန့်အသတ်မဲ့တယ် ၊ သူက အသူရာချောက်တစ်ခုလုံး ရဲ့အရှင်သခင် ဖြစ်လာဖို့ အတွက် အခွင့်အရေးရခဲ့ဖူးတယ် ၊ ဒါပေမယ့် သူကလက်မခံခဲ့ဘူး ၊ သူဘယ်ကိုရောက်သွားလဲဆိုတာ ကျုပ်လည်း မသိဘူး ၊ ဒါပေမယ့် ကျုပ်သိတာက သူက တာ့ရှားပြည်နဲ့ ရှားမျိုးနွယ်တွေကိုတော့ စောင့်ရှောက်နေသေးတယ် ဆိုတာပဲ ၊ တစ်နေ့တော့ သူပြန်လာမယ်လို့ ကျုပ်ထင်မိတယ်”

“ခင်ဗျားကရော …. သူနဲ့တစ်ခေတ်တည်းမှာ မွေးဖွားခဲ့တာလား”

ဆန်းလျန်က သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ကျုပ်က သူနဲ့တစ်ခေတ်တည်းမွေးခဲ့တဲ့သူမဟုတ်ပါဘူး ၊ ဒါပေမယ့် ကျုပ်ဘာလို့ ဒီလောက်အသက်ရှည်ရတယ်လို့ မင်းထင်လဲ”

ရဟန်းမင်းကြီးက ပြန်ပြောလိုက်လေသည်။

ဆန်းလျန်က…

"တကယ်တော့ လောကနတ်ဘုရားတွေဟာ မိုးကောင်းကင်နတ်ဘုရားအဆင့်တက်လှမ်းသွားပြီဆိုရင် လူ့လောကမှာ နှစ်ပေါင်းထောင်ချီပြီး ဆက်လက်နေထိုင်နေတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး ၊ သူတို့အဲဒီလို ဆက်နေထိုင်နေရင်လည်း သဘာဝဘေးအန္တရယ်အမျိုးမျိုး ကျရောက်လာနိုင်တယ် ၊ ဒါပေမယ့် မင်းကတော့ နှစ်ပေါင်းထောင်ချီကြာအောင် အသက်ရှင်သန်ခဲ့ပြီး ပတ်ဝန်းကျင်က မိုးမြေသဘာဝတရားကိုလည်း မပျက်စီးစေခဲ့ဘူးဆိုတော့…. ကြည့်ရတာ မင်းက ကျိန်စာသင့်နေတဲ့လူတစ်ယောက်ပဲ ၊ မင်းကိုယ်ထဲမှာ သင့်နေတဲ့ကျိန်စာက မင်းကိုနာကျင်စေသလို အသက်ရှည်အောင်လည်း ကူညီပေးနေတာဖြစ်ရမယ်"

ရဟန်းမင်းကြီး၏မျက်နှာကို မျက်နှာဖုံးက ဖုံးကွယ်ထားသည့်အတွက် သူ၏မျက်နှာအမူအရာကို ဆန်းလျန် မမြင်တွေ့ရပါ။

သို့သော် ရဟန်းမင်းကြီး၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်ကိုတော့ ဆန်းလျန် သတိပြုလိုက်မိလေသည်။

“မင်းက ကျုပ်ထင်ထားတာထက်ကို ပိုပြီးတော့ တော်လွန်းနေတယ် ၊ တကယ့်ပါရမီရှင်ပါပဲ ၊ ဝမ်မင့်ကပြောခဲ့ဖူးတယ် ၊ သူက အသူရာချောက်ရဲ့အရှင်သခင်နေရာကို ငြင်းပယ်ခဲ့ရတာက တစ်နေ့မှာ အသူရာချောက် ရဲ့စစ်မှန်တဲ့အရှင်သခင်တစ်ပါး ပေါ်ပေါက်လာမှာမို့လို့ပဲတဲ့ ၊ သူပြောတုန်းက ကျုပ်မယုံခဲ့ဘူး ၊ ဘာလို့လဲဆိုတော့ သူ့ထက်တော်တဲ့သူ လောကမှာ ထွက်ပေါ်မလာနိုင်ဘူးလို့ ထင်ခဲ့မိလို့ပဲ ၊ အခုတော့ သူ့စကားက မှန်နေပြီ ထင်ပါရဲ့"

All Chapters