ခေါင်းမာသူ
Vol. 6 Ch. 515
ဆန်းလျန်သည် အချိန်ခဏကြာမျှ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ပြီးမှ တစ်ချက်ပြုံးလိုက်ရင်း…
“ကွမ်းလုန်ကျီရော မင်းရော ကျုပ်က အဲဒီလိုကံကြမ္မာနဲ့မွေးဖွားလာတဲ့သူလို့ ပြောကြတယ် ၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က အဲဒါတွေကိုစိတ်မဝင်စားပါဘူး"
“မင်းစိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ ကိစ္စမရှိပါဘူး ၊ မင်းက အဲဒီလိုနိမိတ်စကားနဲ့မွေးဖွားလာတဲ့သူ မဟုတ်ရင်တောင်မှ မင်းဒီလောကကိုရောက်လာတာက ဒီလောကရဲ့တည်ရှိမှုကို ဟန်ချက်ပျက်စေတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာနဲ့ချီခဲ့တဲ့အချိန်တွေတုန်းက သွေးနီရောင်ပင်လယ်ထဲက လူတစ်ယောက်ကလည်း အဲဒီလိုပဲ ဟန်ချက် ပျက်အောင်လုပ်ခဲ့ဖူးတယ် ၊ ရလဒ်ကတော့ အဲဒီလူဟာ သွေးနီရောင်ပင်လယ်ထဲကနေ ဘယ်တော့မှ မလွတ်မြောက် နိုင်တော့ဘူး ၊ မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မင်းကို ဒီမှာ အားလုံးက အာရုံစိုက်လာကြမှာပဲ ၊ မင်းသိထားဖို့က မင်းလုပ်တဲ့လုပ်ရပ်တိုင်းက ဒီလောကရဲ့ဖြစ်တည်မှုကို သက်ရောက်မှုရှိနေတယ်”
ရဟန်းမင်းကြီးက သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်လေသည်။
နတ်မြင်းပျံကြီးမှာ ဆန်းလျန်၏နှစ်သိမ့်မှုကြောင့် အနည်းငယ်အကြောက်ပြေသွားပြီ ဖြစ်လေသည်။ အနက်ရောင် နဂါးကြီးမှ ထွက်ပေါ်နေသည့် စွမ်းအားများကို နတ်မြင်းပျံကြီးက မကြောက်ရွံ့တော့ပါ။ အမှန်တော့ နဂါးကြီးမှ ထွက်ပေါ်နေသည့် စွမ်းအားများသည် နတ်မြင်းပျံကြီး၏ကိုယ်တွင်းမှ မသန့်စင်သည့် သွေးများကို သန့်စင်ပေးနေ သည့်အတွက် နတ်မြင်းပျံကြီးမှာ တဖြည်းဖြည်း တောက်ပ၍ပင် လာလေသည်။
ဆန်းလျန်က နတ်မြင်းပျံကြီး၏လည်ဆံမွှေးများကို ပွတ်သပ်ပေးနေခြင်းကို ရပ်တန့်လိုက်ပြီး ကြည်လင်သည့် မျက်ဝန်းများဖြင့် ရဟန်းမင်းကြီးကို ကြည့်လိုက်သည်။
“ဒါတော့ ကျုပ်လည်းဘာမှ မတတ်နိုင်ပါဘူး ၊ ဒါပေမယ့် ကျုပ်ရဲ့ဒေါ်လေးအငယ် ဘယ်မှာလဲဆိုတာတော့သိချင် တယ် ၊ မင်းမပြောဘူးဆိုရင်တော့ မင်းဆုံးဖြတ်ကိုပြန်ပြင်အောင် ပညာပြရတော့မှာပေါ့ ၊ ကျုပ်မှာ အဲဒီလို လုပ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို မင်းယုံလိုက်…”
ဆန်းလျန်၏စကားဆုံးသွားသည်နှင့်…
လေပွေမုန်တိုင်းတစ်ခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူခိုးများပျောက်ကွယ်ရှင်းလင်းသွားလေသည်။ ဆန်းလျန်ဆီမှ တောက်ပသည့် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး နဂါးရေကန်တစ်ခုလုံး လင်းထိန်သွားလေသည်။
ကောင်းကင်ထက်တွင် လျှပ်စီးတစ်ချက်လင်းလက်သွားပြီး ထိုလျှပ်စီးမှာ မြွေတစ်ကောင်၏ပုံသဏ္ဍန်အလား ထင်မှတ်ရလေ၏။
လျှပ်စီးရောင်အောက်တွင် သန့်စင်သည့်ဆယ်ကျော်သက်လူငယ်လေး ဆန်းလျန်၏ပုံရိပ်ကို အထင်းသား တွေ့မြင်ရလေသည်။
ဆန်းလျန် မည်မျှကြောက်စရာကောင်းသည်ကို ရဟန်းမင်းကြီးက သိရှိပြီးသား ဖြစ်လေသည်။
"တောင်ပိုင်းဒေသမှာ စစ်သည်တော်တွေ အများကြီးရှိတယ် ၊ အဲဒီစစ်သည်တော်တွေထဲမှာမှ အချို့ စစ်သည်တော် တွေက တာ့ရှားပြည်ကို သစ္စာခံထားကြတယ် ၊ သူတို့တွေက အာဏာတည်မြဲဖို့အတွက် စုန်းကေ၀ အတတ်တွေနဲ့ ယာဇ်ပူဇော်ခြင်းတွေကို ထုံးတမ်းအစဉ်အလာအတိုင်း ပြုလုပ်ကြပေမယ့် ကျင့်စဉ်လမ်းကတော့ တာ့ရှားပြည်နဲ့ မတူဘဲ ကွဲပြားတယ် ၊ တစ်နည်းပြောရမယ်ဆိုရင် သူတို့က မှော်ဆရာတွေ ၊ မှော်ဆရာမတွေပဲ ၊ ယွင်အော်က လူတွေနဲ့ မှော်ဆရာတွေကြား ကြားခံတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ ၊ ကျုပ် သူ့ကို ငါးနှစ်လောက် ပညာသင် ပေးခဲ့တယ် ၊ အခုဆိုရင် ယွင်အော်ဟာ တောင်ပိုင်းကစစ်သည်တော်တွေရဲ့ အထွတ်အမြတ်ထားရာ သူတော်စင် မိန်းမပျိုတစ်ပါးဖြစ်လာခဲ့ပြီ ၊ ပြီးတော့ တာ့ရှားပြည်နဲ့လည်း ရင်းနှီးကျွမ်းဝင်တယ် ၊ အခု မင်းက တာ့ရှားပြည်ရဲ့ တိုင်းပြည်အကြံပေးအမတ်မင်း ဖြစ်လာခဲ့ပြီ ၊ ပြီးတော့ ရှီးလျန်ပြည်ရဲ့ မင်းသားတစ်ပါးလည်း ဖြစ်တယ်ဆိုတော့ မင်းရဲ့ကျင့်စဉ်လမ်းကိုပဲ မင်းအေးအေးဆေးဆေးလျှောက်လှမ်းပြီး တခြားကိစ္စတွေဝင်မစွက်ဘူးဆိုရင် ရှီးလျန်ပြည်ဟာလည်း တာ့ရှားပြည်က လေးစားရတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်လာမယ်ဆိုတာ ကျုပ်အာမခံရဲတယ် ၊ မင်းဟာလည်း တာ့ရှားပြည်သူတွေ ကိုးကွယ်ရာနတ်ဘုရားတစ်ပါး ဖြစ်လာပြီး အားလုံးက လေးစားကြလိမ့်မယ် ၊ ဒါဆိုရင် မင်းအနေနဲ့လည်း တာ့ရှားပြည်ရဲ့ကံကြမ္မာကောင်းကို ယူဆောင်လာရာရောက်တယ် ၊ တာ့ရှားပြည်ဟာ လည်း ပိုပြီး ကြီးမြတ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်လာမှာ အမှန်ပါပဲ"
ရဟန်းမင်းကြီးက ပြောလိုက်လေသည်။
ရဟန်းမင်းကြီး၏စကားများသည် အလွန်မှ စွဲဆောင်မှုရှိလေသည်။ ဆန်းလျန် ပြဿနာမရှာသရွေ့ ရရှိမည့် အကျိုးအမြတ်များကလည်း များပြားလွန်းလေသည်။
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ကျုပ်က သဘောမတူဘူးဆိုရင်ရော…”
“ဒါဆိုရင် မင်းနဲ့ယွင်အော်ဟာ ရန်သူတွေဖြစ်လာရလိမ့်မယ် ၊ ပြီးတော့ တာ့ရှားပြည်ကလည်း မင်းကို လက်ခံမှာ မဟုတ်တော့ဘူး ၊ မင်းက အသူရာချောက်ရဲ့အရှင်သခင်ဖြစ်လာမယ်ဆိုရင်တောင်မှ မင်းတစ်ယောက်တည်း အထီးကျန်နေရလိမ့်မယ်”
“မင်းက ကျုပ်ကိုခြိမ်းခြောက်နေတာလား”
ဆန်းလျန်က ခေါင်းကိုမော့လိုက်ပြီး ရဟန်းမင်းကြီးကို မေးခွန်းထုတ်လိုက်သည်။
“မင်းသာ ကျုပ်ပြောတာကိုသဘောတူမယ်ဆိုရင် တာ့ရှားပြည်ရဲ့ အမြဲတမ်း တိုင်းပြည်အကြံပေးအမတ်မင်း ဖြစ်နေ လိမ့်မယ် ၊ တကယ်တော့ ကျုပ်ရဲ့ ရဟန်းမင်းကြီးဆိုတဲ့ရာထူးကို မင်းကစွန့်လွှတ်ခိုင်းရင်တောင် ကျုပ်က စွန့်လွှတ်ဖို့ အဆင်သင့်ပါ”
ဆန်းလျန်က ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
“ဒါပေမယ့် ခင်ဗျားပြောနေတာတွေကို ကျုပ်စိတ်မဝင်စားဘူး ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်က တာ့ရှားပြည်ကို လည်း ဆန့်ကျင်ဖို့ရည်ရွယ်ချက်မရှိဘူး ၊ မလိုအပ်ဘဲနဲ့လည်း ပြဿနာ မရှာချင်ဘူး ၊ ဒါပေမယ့် ကိစ္စတစ်ခုကိုတော့ ကျုပ်တကယ်ဒေါသထွက်တယ်"
“ဘာကိစ္စများလဲ”
ရဟန်းမင်းကြီးက ဆန်းလျန်၏မျက်ဝန်းများကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။
“မင်းက တာ့ရှားဧကရာဇ်ကို ပညာတွေအများကြီး သင်ပေးခဲ့တဲ့သူပဲမဟုတ်လား ၊ မင်းတို့နှစ်ယောက်မှာ တူညီတဲ့ အချက်တွေအများကြီးရှိတယ် ၊ ပြီးတော့ မင်းတို့နှစ်ယောက်လုံးက သူများတွေကို ထိန်းချုပ်ရတာကို သဘောကျ တယ် ၊ မင်း ယွင်အော်ကို ခေါ်သွားခဲ့တာကြာလှပြီ ၊ မင်းက ယွင်အော်ကို တာ့ရှားပြည်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်အောင် ထိန်းချုပ်ခဲ့တယ် ၊ ပြီးတော့ မင်းက တာ့ရှားပြည်အတွက်ဆိုရင် ဘာမဆိုစွန့်လွှတ်မယ်လို့လည်း ပြောသေးတယ် ၊ ဒါပေမယ့် မင်းမစွန့်လွှတ်ချင်ပါဘူး ၊ တကယ်တမ်းက ဒီလိုတွေဖြစ်လာဖို့ မင်း အစကတည်းက အကွက်ချစီစဉ်ထားပြီးသားပဲ”
ဆန်းလျန်က ဆက်ပြောလိုက်သည်။
“မင်းကတော့ မင်းကိုယ်မင်း မှန်တယ်လို့ ထင်နေမှာပေါ့ ၊ ကျုပ်ကလည်း မလိုအပ်ဘဲနဲ့ သူများကိစ္စကိုဝင်ပါရတာ မကြိုက်ပါဘူး ၊ ကျုပ်မှာ တန်ခိုးစွမ်းအားတွေမရှိဘူးဆိုရင်တောင်မှ ကျုပ်က တောင်ပေါ်မှာ တစ်ယောက်တည်း သီးသန့်နေပြီး ကျုပ်ကိုသေသေချာချာနားလည်တဲ့ လူအနည်းငယ်လောက်နဲ့ပဲ ဘဝကို ဖြတ်သန်းချင်တာ ၊ ဒါပေမယ့် ကျုပ်က ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး တန်ခိုးစွမ်းအားတွေလည်းရလာခဲ့တယ် ၊ ဒီတော့လည်း အမြဲတမ်း သူရဲကောင်းဝင်လုပ်ချင်မိတယ် ၊ အဲဒီအကျင့်က ကောင်းတဲ့အကျင့်တော့မဟုတ်ပေမယ့် ကျုပ်ရဲ့စရိုက်ကို ပြောင်းလဲ ဖို့ဆိုတာက ခပ်ခက်ခက်ပဲ ၊ ဒါကြောင့်ပဲ ကျုပ်က ကျုပ်တစ်ယောက်တည်းအဆင်ပြေဖို့အတွက်နဲ့တော့ ကျုပ်ဘက်က ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူး ၊ ပြဿနာအားလုံးကိုဖြေရှင်းဖို့ လက်တွေ့ကျကျနည်းလမ်းကိုပဲ အသုံးပြု တတ်တယ် ၊ အဲဒါကတော့ လက်သီးနဲ့ဖြေရှင်းတာပဲ"
ဆန်းလျန်သည် သူ၏စကားအရှည်ကြီးအဆုံးသတ်သွားသည်နှင့်….
လက်သီးကို ကျစ်ကျစ်ပါအောင်စုပ်လိုက်ပြီး လေထဲသို့ ထိုးခွင်းလိုက်လေသည်။
ထိုလက်သီးချက်တွင် ဆန်းလျန်၏ အရိုင်းဆန်မှုနှင့် အကြမ်းပတမ်းဆန်မှုကို ရဟန်းမင်းကြီး မြင်တွေ့လိုက်ရလေ သည်။ ထို့ပြင် မည်သည့်အခါမှ သူတစ်ပါး၏ ရုပ်သေးရုပ်အဖြစ် မရပ်တည်လိုသည့် ခိုင်မာသည့်ဆုံးဖြတ်ချက်ကို လည်း ထိုလက်သီးချက်ထဲတွင် တွေ့မြင်နိုင်လေသည်။
ရဟန်းမင်းကြီးသည် ဆန်းလျန်ကို နားမလည်နိုင်တော့ပေ။
ဆန်းလျန်သည် အသိဉာဏ်ပညာနှင့်ပြည့်စုံသူတစ်ယောက်ဖြစ်သည့်တိုင် တာအိုကျင့်စဉ်လမ်းကို အဘယ့်ကြောင့် သက်သက်သာသာမသွားချင်ဘဲ စိတ်အလိုကို အဘယ့်ကြောင့် လိုက်ရပါသနည်း။
အမှန်တော့ ရဟန်းမင်းကြီးသာ ဆန်းလျန်ကို ထိန်းချုပ်ရန်မကြိုးစားလျှင် သူက တဖြည်းဖြည်းနှင့် အေးဆေးစွာပင် ထွက်ခွာသွားမည် ဖြစ်လေသည်။
ဆန်းလျန်ဆိုသည်က…
လူကောင်းတစ်ယောက်လည်းမဟုတ်သလို ၊ လူဆိုးတစ်ယောက်လည်းမဟုတ်ပေ။ သို့သော်… သူက ခေါင်းမာသူ တစ်ယောက်ဖြစ်လေသည်။ သူ့ဘဝ၏နည်းဥပဒေသသည် "ခေါင်းမာခြင်းပင်" ဖြစ်လေ၏။
ဆန်းလျန်သည် ထိုအချိန်ခဏအတွင်းတွင်တော့ တာ့ရှားပြည်ကိုလည်း ငဲ့ညှာနေမည် မဟုတ်ပါ။
ဆန်းလျန်သည် ရဟန်းမင်းကြီးနှင့် ယှဉ်ပြိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်းဘောင်ထဲမှလည်း ကစားနိုင်ပြီး ဉာဏ်ပညာချင်းလည်း ယှဉ်ပြိုင်နိုင်လေသည်။ သို့သော် ဆန်းလျန်က လက်သီးတစ်ချက်ဖြင့် ဖြေရှင်းရန်သာ စဉ်းစားထားသည်။
အနည်းဆုံးတော့ ရဟန်းမင်းကြီးအနေဖြင့် "ဆန်းလျန်" ဆိုသည်မှာ မည်သို့သောလူစားမျိုးလဲဆိုသည်ကို သိရှိနားလည်သွားမည် ဖြစ်လေသည်။
ရဟန်းမင်းကြီးစီးနှင်ထားသည့် အနက်ရောင်နဂါးဝိညာဉ်ကြီးသည် လေကိုထိုးခွင်းလိုက်သည့် ဆန်းလျန်၏ လက်သီးချက်ကြောင့် ထိတ်လန့်သွားလေသည်။ နဂါးကြီးသည် ကိုယ်ကိုထောင်မတ်လိုက်ပြီး နဂါးအကြေးခွံများက တစ်လက်လက်တောက်ပနေလေ၏။
ရဟန်းမင်းကြီးက ဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်သည့်အခါတွင်တော့ နဂါးကြီး၏ တန်ခိုးစွမ်းအားနှင့် မှတ်ဉာဏ်များကို နိုးထသွားစေလေသည်။
ဆန်းလျန်၏ လက်သီးချက်သည် အနက်ရောင်နဂါးကြီးနှင့် အလွန်မှ နီးကပ်သွားလေသည်။
"ဝုန်း ဝုန်း ဝုန်း"
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာလေသည်။
တိချိုးမြို့တော်တစ်ခုလုံးတွင် အနက်ရောင်တိမ်တိုက်များ ဝန်းရံလားပြီး မိုးများစတင်ရွာချလာတော့သည်။
ရှားထိုက်အကျဉ်းထောင်ထဲတွင် ထိုင်နေသည့် ထျန်းယီအကြီးအကဲ၏ခန္ဓာကိုယ်ပေါ်သို့ မိုးရေစက်များ ကျဆင်း လာလေသည်။ အေးစိမ့်သည့်မိုးရေစက်များက သူ့ကို လောင်ကျွမ်းနေသည့် အပူဒဏ်ကို သက်သာသွားစေလေ သည်။
သူက ပြုံးလိုက်ရင်း…
"ဒီနတ်ဘုရားက တကယ့်ကောင်ပဲ ၊ ပြီးတော့ သိပ်လည်းမာနကြီးလွန်းတယ်"
လူတစ်ဦးတစ်ယောက်သည် ကျင့်စဉ်လမ်းတွင် အဆင့်မြင့်လေ သူတို့၏လုပ်ရပ်တိုင်းသည် လောကကို ပိုပြိး အကျိုးသက်ရောက်လေ ဖြစ်လေသည်။
ရဟန်းမင်းကြီးနှင့် ဆန်းလျန် အတွင်းလောကတစ်ခုထဲတွင် တိုက်ခိုက်နေခြင်းက အပြင်လောကတွင်ပါ စွမ်းအား ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေလေသည်။ ထျန်းယီအကြီးအကဲသည် မိုးမြေစွမ်းအားပြောင်းလဲသွားမှုများကို တွက်ချက်ကာ တိုက်ပွဲအခြေအနေကို သိမြင်ခံစားနိုုင်ခဲ့လေသည်။
ထျန်းယီသည် ဆန်းလျန်၏ လွတ်လပ်လွန်းသည့် အပြုအမူကို များစွာ အားကျမိလေသည်။ ဆန်းလျန်သည် လောကတွင် မည်သူ၏ ထိန်းချုပ်ခြင်းကိုမှ မခံသည့် လူတစ်ယောက်ဖြစ်လေသည်။