အခန်း (၄၉-၅၀)
Vol. 4 Ch. 49-50
အခန်း ၄၉ ။ အဖြေများ
ချန်ချွန်းရှန်းဝမ်သည် အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်ရာ အလွန်အမင်း ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်းများ မဖြစ်စေရန် ကျန်းလီက မေးခွန်းကို အတတ်နိုင်ဆုံး လှည့်ပတ်မေးရန် ဆုံးဖြတ်လိုက်သည်။
"ဟုန်ချန်းနတ်သမီး ပြန်ရှင်လာပြီ... အဘိုးကြီး ဘယ်လိုထင်လဲ"
ချန်ချွန်းရှန်းဝမ်၏သွေးများ ဆူပွက်လာပြီး နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ သူသည် မိမိကိုယ်ကိုယ် နတ်ဘုရားအဆင့် သန့်စင်ခြင်းအဆောင်များစွာဖြင့် ချက်ချင်း သန့်စင်လိုက်ရာ၊ ကုန်းနေသော ကျောရိုးမှာ တဖြည်းဖြည်းမတ်သွားပြီး ကြေးမှန်ရှေ့တွင် မိမိကိုယ်ကိုယ်ပြင်ဆင်ကာ နတ်ဘုရားဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
သူတော်စင်ကျန့်ရှင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဘိုးကြီးမှာ လယ်သမားအိုကြီးဘဝမှ ခန့်ညားထည်ဝါသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ချန်ချွန်းရှန်းဝမ်မှာ ဘာမှမပြောတော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟုန်ချန်းသန့်စင်မြေရှိရာသို့ ပျံသန်းရန် ပြင်တော့သည်။
သို့သော် လိုဏ်ဂူဝသို့ မရောက်မီမှာပင် ကျန်းလီက သူ့ခြေကျင်းဝတ်ကို လှမ်းဆွဲကာ နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
"လွှတ်စမ်း... ငါ့ကိုလွှတ်။ ငါ့ရဲ့အချစ်စစ်ကို သွားရှာတာကို မတားနဲ့။" ချန်ချွန်းရှန်းဝမ်က အသည်းအသန် ရုန်းကန်သော်လည်း ကျန်းလီ၏ သံမဏိလက်ဝါးနှစ်ဖက်ကြားတွင် လှုပ်ပင်မလှုပ်နိုင်ပေ။
"ဒါကို အချစ်စစ်လို့ ခေါ်လို့ရမလား၊ ကျွန်တော်တောင် ပြောရမှာ ရှက်တယ်" ကျန်းလီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ယခင်က ဟုန်ချန်းနတ်သမီး လူ့ပြည်ဆင်းလာစဉ်က ပြဿနာအတော်များများ ဖြစ်ခဲ့ဖူးသည်။ ချန်ချွန်းရှန်းဝမ်သည်လည်း စပ်စုချင်စိတ်ဖြင့် သွားကြည့်ရာမှ နေရာတင် ဒူးထောက်ကျသွားပြီး၊ အချစ်စစ်ကို ရှာတွေ့ပြီဖြစ်ကြောင်းနှင့် ဟုန်ချန်းနတ်သမီးကို တစ်သက်လုံး ကိုးကွယ်တော့မည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ဖူးသည်။
နောက်မှ စိတ်အေးသွားသည့်အခါတွင်မှ ဟုန်ချန်းနတ်သမီးသည် ကောင်းကင်တာအို၏ အလှတရားပုံဖော်ချက်ဖြစ်ကြောင်း သူက ရှင်းပြခဲ့ခြင်းဖြစ်သည်။
ယခု သူတော်စင်ကျန့်ရှင်း၏ရှေ့မှောက်တွင် ထိုအကြောင်းကို ပြောရမည်မှာ သူ အတော်လေး အရှက်ရနေပုံရသည်။
"လွှတ်စမ်းပါ... လူကြီးကို နှိပ်စက်နေတာလား။"
သူတော်စင်ကျန့်ရှင်းသည် ဤမြင်ကွင်းကို အံ့သြတကြီး ကြည့်နေမိသည်။ ချန်ချွန်းရှန်းဝမ်၏ အမူအရာပျက်ယွင်းမှုကြောင့် မဟုတ်ဘဲ၊ ကျန်းလီသည် စစ်မှန်သော နတ်ဘုရားတစ်ပါးကို အလွယ်တကူ ထိန်းချုပ်ထားနိုင်ခြင်းကြောင့်ဖြစ်သည်။
အတန်ကြာမှ ချန်ချွန်းရှန်းဝမ် စိတ်ပြန်အေးသွားသည်။
"ဟုန်ချန်းနတ်သမီးရဲ့ဆွဲဆောင်မှုကို မြင်ပြီမလား၊ နတ်ဘုရားတွေတောင် မခုခံနိုင်ဘူးလေ" ကျန်းလီက သူတော်စင်ကျန့်ရှင်းအား ပြောလိုက်သည်။
ရှေ့မှောက်ရှိ ဥပမာမှာ အလွန်ပင် ထင်ရှားလှသည် မဟုတ်လား။
မုန့်ကျန်းဧကရာဇ်တို့ သုံးဦး၏ အမူအရာပျက်ယွင်းမှုကို သူမ မမြင်ခဲ့ရသလို၊ တာအိုဆရာရွှမ်အိုက်၏ အာဏာသိမ်းရသည့် အကြောင်းရင်းကိုလည်း သူမ သေချာမသိခဲ့ပေ။
ယခုမူ ဟုန်ချန်းနတ်သမီးကြောင့် ရူးသွပ်သွားသူတစ်ဦးကို သူတော်စင်ကျန့်ရှင်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပြီး၊ ထိုသူမှာ နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။
"ဒါဆို... ဟုန်ချန်းနတ်သမီးက တကယ်ပဲ ပြန်ရှင်လာတာလား" ချန်ချွန်းရှန်းဝမ်သည် ကျန်းလီက ထိုသို့သော ကိစ္စမျိုးဖြင့် နောက်ပြောင်မည်မဟုတ်မှန်း သိသော်လည်း မေးလိုက်မိခြင်းဖြစ်သည်။
ကျန်းလီနှင့် သူတော်စင်ကျန့်ရှင်းတို့က အဖြစ်အပျက် အလုံးစုံကို တစ်လှည့်စီ ရှင်းပြလိုက်ကြသည်။ ချန်ချွန်းရှန်းဝမ်က ခဏမျှ စဉ်းစားပြီးနောက် - "ကြည့်ရတာ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်သစ်တစ်ခု ဖြစ်တည်လာတာပဲ။
ဒါမျိုးက နတ်ဘုရားဘုံမှာ ဥပမာတွေ ရှိပါတယ်။ နတ်ဘုရားတစ်ပါး သေဆုံးသွားပေမဲ့ သူတို့ရဲ့ နတ်ဘုရားချီတွေက ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေပြီး အပြင်ကို မထွက်သွားဘူးဆိုရင်၊ ခန္ဓာကိုယ်က မပုပ်မသိုးဘဲ အမြဲတည်ရှိနေတတ်တယ်။ အချိန်ကြာလာတဲ့အခါမှာ အသိဉာဏ်ပွင့်လာပြီး၊ မူလမှတ်ဉာဏ်တွေမပါဘဲ ဖြစ်တည်မှုအသစ်တစ်ခု ပေါ်ထွက်လာတတ်တယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကျင့်စဉ် နဲ့ နတ်ဘုရားဖြစ်ခဲ့သူတွေမှာ ဒါမျိုး ပိုဖြစ်တတ်တယ်။
မင်းလည်း ဝိညာဉ်သစ် ဖြစ်တည်ခြင်းဆိုင်ရာ သီအိုရီကို ဖော်ထုတ်ခဲ့ဖူးတယ် မဟုတ်လား။ အခုကိစ္စကလည်း အဲ့ဒီအထဲမှာ ပါတာပဲ။ ဝိညာဉ်စွမ်းအားပဲဖြစ်ဖြစ်၊ နတ်ဘုရားချီပဲဖြစ်ဖြစ် အဆက်မပြတ်ရှိနေရင် နောက်ဆုံးမှာ ဝိညာဉ်သစ်တစ်ခု ပေါ်လာတတ်တာပဲ"
"ဒါဆို သူမက ဘာလို့ တစ်ချိန်လုံး အိပ်နေရတာလဲ"
"အဲ့ဒါက စိတ်ပိုင်းဆိုင်ရာ ပြဿနာပါ။ ခုလေးတင် ဖြစ်တည်လာတဲ့ ဝိညာဉ်ဟာ ကိုယ့်ကိုယ်ကိုယ်ရော ကမ္ဘာကြီးကိုရော ဘာမှမသိသေးဘူး။ ဒါပေမဲ့ ကိုယ့်လက်ထဲမှာတော့ အလွန်ကြီးမားတဲ့ ခွန်အားတွေ ရှိနေတာကို တွေ့ရတဲ့အခါ သူတို့က စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့လာကြတယ်။ အဲ့ဒီတော့ အိပ်စက်ခြင်းနဲ့ပဲ အမှန်တရားကို ရှောင်လွှဲတတ်ကြတယ်။
မင်းတို့က သူမကို အတိတ်က အကြောင်းအရာတွေ ပြောပြပေးလိုက်တဲ့အခါ သူမရဲ့ အိပ်ချိန်တွေ တိုတောင်းလာတယ်ဆိုတာက... သူမက ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း လက်ခံလာတဲ့ ဖြစ်စဉ်ပဲ"
ချန်ချွန်းရှန်းဝမ်သည် နတ်ဘုရားဘုံတွင် နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့သူဖြစ်ရာ ဗဟုသုတ အလွန်ကြွယ်ဝလှသည်။ ကျန်းလီ၏သံသယများကို စကားအနည်းငယ်ဖြင့်ပင် ဖြေရှင်းပေးနိုင်ခဲ့သည်။
ချန်ချွန်းရှန်းဝမ် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ကျန်းလီက သတိပေးလိုက်သည် - "ဟုန်ချန်းနတ်သမီးလေး ခုလေးတင် နိုးထလာတာကို အခွင့်ကောင်းယူပြီး ဟုန်ချန်းသန့်စင်မြေကို ခိုးမသွားနဲ့ဦးနော်"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အဲ့ဒီလို လူမျိုးလား။" ချန်ချွန်းရှန်းဝမ်က သူ့သိက္ခာကို စော်ကားခံရသည်ဟု ယူဆကာ မျက်နှာကို လွှဲလိုက်သော်လည်း ကျန်းလီကို ကြည့်ရန် မဝံ့ရဲပေ။
ဒီကောင်က ဘယ်လိုလုပ် ငါ့စိတ်ထဲကအတွေးကို တစ်ချက်တည်းနဲ့ သိနေရတာလဲ။
"ကျွန်တော် နောက်နေတာ မဟုတ်ဘူးနော်။ ဟုန်ချန်းနတ်သမီးကိစ္စကို ဘယ်လိုစီစဉ်ရမလဲဆိုတာ ခုထိ ကျွန်တော် စဉ်းစားလို့ မရသေးဘူး။ သူမက ဟုန်ချန်းသန့်စင်မြေထဲမှာပဲ အမြဲနေရင်တော့ ကိစ္စမရှိပေမဲ့၊ အပြင်ထွက်ချင်ရင် ပေးထွက်ရမလား၊ မပေးရဘူးလား ဆိုတာကို ခေါင်းစားနေတာ။ အခု သူမအကြောင်းကို လူအနည်းငယ်ပဲ သိကြသေးတာမို့လို့၊ အဘိုးကြီးက လာပြီး ပြဿနာ မရှာနဲ့ဦး။"
ကျန်းလီ၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ ချန်ချွန်းရှန်းဝမ်လည်း သူ နောက်ပြောင်နေခြင်း မဟုတ်မှန်း သိလိုက်သည်။ ဟုန်ချန်းနတ်သမီး ပြန်ရှင်လာသည့် သတင်းကို သူ့အား ပြောပြခြင်းမှာပင် သူ့အပေါ် ယုံကြည်မှုရှိခြင်းကို ပြသရာရောက်သည်။ သူသည် လူကြီးတစ်ဦး ဖြစ်သည့်အလျောက် ထိုယုံကြည်မှုကို မဖျက်ဆီးသင့်ပေ။
"အေးပါ... ငါ သိပါပြီ"
ချန်ချွန်းရှန်းဝမ်က အလေးအနက် ကတိပေးလိုက်သည့်အခါမှ ကျန်းလီ၏အမူအရာမှာ ပြေလျော့သွားသည် - "နောက်ထပ် တစ်ခုရှိသေးတယ်"
ကျန်းလီသည် ဝတ်ရုံနက်နှင့်လူမှ မိစ္ဆာကျင့်စဉ်များ ဖြန့်ဝေနေခြင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၈၀ ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သော ကိစ္စများကို ချန်ချွန်းရှန်းဝမ်အား ပြောပြလိုက်သည်။
ကျန်းယီရှင်း၏ မိစ္ဆာကျင့်စဉ် ကိစ္စမှာ (၂) လကျော် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ကျန်းယီရှင်းကိုလည်း သေဒဏ်ပေးခဲ့ပြီးဖြစ်သည်။ လူသားဧကရာဇ်၏ ဝမ်းကွဲအစ်ကို ဖြစ်သည့်တိုင် ကျန်းလီကိုယ်တိုင် အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့ခြင်း စသည့်သတင်းများမှာ ကျိုကျိုးတစ်တိုက်လုံးသို့ ပြန့်နှံ့သွားခဲ့ပြီး အကြီးအကျယ် ဂယက်ထခဲ့သည်။
အချို့က ကျန်းလီသည် တရားမျှတမှုကို ဦးစားပေးသူဟုဆိုကာ ထောက်ခံကြသော်လည်း၊ အချို့ကမူ မိစ္ဆာကျင့်စဉ်ကို သိလျှင်သိချင်း နေရာတင် သတ်သင့်သည်၊ ဥပဒေလုပ်ထုံးလုပ်နည်းများ လုပ်နေရန် မလိုဟု ယူဆကြသည်။ အချို့ကမူ မိမိ၏အစ်ကိုအရင်းကို အကျဉ်းထောင်ထဲ ပို့ခြင်းမှာ လူသားမဆန်ဟု ဆိုကြပြန်သည်။
သို့သော် ကျန်းလီကိုယ်တိုင် မိစ္ဆာကျင့်စဉ် ကျင့်သည်ဟု ဘယ်သူမှ သံသယ မရှိကြပေ။
ဤကိစ္စ၏ တိုက်ရိုက်သက်ရောက်မှုမှာ - လူသားဧကရာဇ်နန်းဆောင်ရှိ ကြေးအိုးကြီးအတွင်း ယုံကြည်မှုစွမ်းအားများ စုစည်းမှု အနည်းငယ် လျော့နည်းသွားခြင်းပင်ဖြစ်သည်။
သို့သော် ချန်ချွန်းရှန်းဝမ်မှာ တာအိုဂိုဏ်းထဲတွင်သာ အမြဲအောင်းနေသူဖြစ်ပြီး၊ သူတော်စင်ကျန့်ရှင်းမှာလည်း တောင်အောက်ဆင်းခါစဖြစ်သဖြင့် ထိုကိစ္စကို မသိရှိကြပေ။
"ဒီဝတ်ရုံနက်နဲ့လူက ဘယ်လိုလုပ်ပြီး အနာဂတ်ကို ကြိုမြင်ပြီး ပြင်ဆင်ထားနိုင်တာလဲ။ ကျွန်တော်က ယုံကြည်မှုစွမ်းအားတွေ မလိုအပ်လောက်အောင် အစွမ်းထက်နေလို့သာပေါ့၊ မဟုတ်ရင် သူ့ရဲ့ အကွက်က တကယ်ပဲ အောင်မြင်သွားနိုင်တယ်"
ယခုအခါ ကျန်းလီသည် ကျန်းယီရှင်းအား မိစ္ဆာကျင့်စဉ် လာသင်ပေးခြင်းမှာ တိုက်ဆိုင်မှုဟု မယူဆတော့ပေ။ လက်တစ်ချောင်းဖြင့် ထိုးရုံနှင့် ကျန်းယီရှင်းအား အခြေခံတည်ဆောက်ခြင်း အလယ်အလတ်မှ ရွှေအမြုတေအဆင့်သို့ မြှင့်တင်ပေးနိုင်ခြင်းမှာ အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသူမှသာ လုပ်ဆောင်နိုင်သည်။ ထိုစဉ်က ကျန်းယီရှင်းမှာ ပါရမီလည်း သာမန်သာဖြစ်ပြီး အာဏာလည်း မရှိရာ၊ ဘယ်သူကများ သူ့အား မိစ္ဆာကျင့်စဉ် လာသင်ပေးပါ့မလဲ။
၎င်းမှာ ကျန်းလီ သို့မဟုတ် လူသားဧကရာဇ်ကို ရည်ရွယ်၍ လုပ်ဆောင်ထားသော ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်မှန်း သူ သိလိုက်ရသည်။
ချန်ချွန်းရှန်းဝမ်သည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း ခဏ တိတ်ဆိတ်နေပြီးမှ - "ဖြစ်နိုင်တာကတော့ နှစ်မျိုးပဲရှိတယ်။ တစ်ခုက အချိန်တာအိုကို သုံးပြီး မင်းရဲ့ အနာဂတ်ကို ကြည့်ခဲ့တာ။ နောက်တစ်ခုကတော့ ကံတရားလမ်းစဉ် ဒါမှမဟုတ် အရှိန်အဝါကြည့်အတတ်ကို ကျွမ်းကျင်တဲ့သူက မင်းဟာ လူသားဧကရာဇ် ဖြစ်လာမယ့်သူမှန်း ကြိုမြင်သွားတာပဲ"
အချိန်တာအိုမှာ မဟာကျိုးတော်ဝင်မိသားစုတစ်ခုတည်း ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ တစ်နေရာရာမှ လေလွင့်ကျင့်ကြံသူတစ်ဦးဦး တတ်မြောက်ထားခြင်းလည်း ဖြစ်နိုင်သည်။
"ကံတရားလမ်းစဉ်? အရှိန်အဝါကြည့်အတတ်?" ကျန်းလီအတွက် ထိုစကားလုံးများမှာ စိမ်းနေသည်။
"မင်း မသိတာလည်း မဆန်းပါဘူး။ ကံတရားလမ်းစဉ်ဆိုတာ ကံတရားကို အလေးထားတာ။ ကံပါရင် မင်း မရရအောင် ရလိမ့်မယ်၊ ကံမပါရင်တော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရေမြုပ်သလို ဖြစ်သွားမှာပဲ။ အရှိန်အဝါကြည့်အတတ်ကတော့ လူတိုင်းရဲ့ ခေါင်းပေါ်မှာ အရှိန်အဝါတစ်ခု ရှိနေတယ်လို့ ယူဆတာ။ အဲ့ဒီ အရှိန်အဝါရဲ့အရောင်ပေါ် မူတည်ပြီး ဘဝရဲ့အောင်မြင်မှုတွေကို ခန့်မှန်းနိုင်တယ်"
"ဒီအတတ်ပညာတွေက ပျောက်ကွယ်သွားတာ ကြာလှပြီ။ တစ်နေရာရာက ဘုရားကျောင်းပျက် ဒါမှမဟုတ် ကျောင်းတိုက်ပျက်တွေထဲမှာ ကျန်ရစ်ခဲ့တဲ့ ကျင့်စဉ်တွေကို တစ်စုံတစ်ယောက်က မတော်တဆ ရှာတွေ့သွားတာလည်း ဖြစ်နိုင်တာပဲ"
သဲလွန်စများ ရရှိသော်လည်း မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို ကျန်းလီ မသိသေးပေ။
"ဘာလို့ လူသားဧကရာဇ်အပေါ်ထားရှိတဲ့ ယုံကြည်မှုကို ဖျက်ဆီးချင်ရတာလဲဟင်" သူတော်စင်ကျန့်ရှင်းက နားမလည်စွာ မေးလိုက်သည်။
လူသားဧကရာဇ် အားနည်းသွားရင် ဝတ်ရုံနက်နဲ့လူအတွက် ဘာအကျိုးရှိမှာလဲ။ အဲ့ဒီအခါကျရင် နယ်ပယ်ပြင်ပ နတ်ဆိုးတွေကို ဘယ်သူက တားဆီးမှာလဲ။
၎င်းမှာ ရိုးရှင်းသော အမှန်တရားဖြစ်သော်လည်း ကျန်းလီနှင့် ချန်ချွန်းရှန်းဝမ်တို့မှာ ထိုအချက်ကို သတိမမူမိခဲ့ကြပေ။ ယခု သူတော်စင်ကျန့်ရှင်းက မတော်တဆ ထောက်ပြလိုက်သည့် အခါမှသာ သူတို့ သတိဝင်လာကြတော့သည်။
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး ရင်ထဲမှ အဖြေတစ်ခုကို အတည်ပြုလိုက်ကြသည်။
လူသားဧကရာဇ် အားနည်းသွားခြင်းမှာ နယ်ပယ်ပြင်ပ နတ်ဆိုး များအတွက်သာ အကျိုးရှိသည်။
ကျိုကျိုးတွင် သစ္စာဖောက် ပေါ်နေပြီ။
သို့မဟုတ်... နယ်ပယ်ပြင်ပ နတ်ဆိုးများ ကျိုကျိုးတိုက်ကြီးအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်နေခြင်းပင် ဖြစ်နိုင်ပေသည်။
***
wunzinnosp
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
အခန်း ၅၀ ။ ဈေးတန်းအတွင်း စကားပြောခြင်း မပြုရ
တာအိုဂိုဏ်း၏ နတ်ဘုရားလက်နက် ဖူးမြော်ပွဲသည် ကျိုကျိုးတိုက်ကြီးတွင် အလွန်ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး နှစ်ပေါင်းတစ်ရာလျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။ မည်သည့်ကျင့်ကြံသူမဆို တက်ရောက်နိုင်ပြီး နတ်ဘုရားလက်နက် ပိုင်ဆိုင်ထားသော အဖွဲ့အစည်းများအတွက်မူ ၎င်းမှာ အလွန်ရှားပါးသော နှီးနှောဖလှယ်ပွဲတစ်ခု ဖြစ်သည်။ ဖူးမြော်ပွဲဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင်မူ နတ်ဘုရားလက်နက်များကို အသုံးပြု၍ တရားဓမ္မချင်း ပြိုင်ဆိုင်ကြခြင်းပင် ဖြစ်သည်။
အခြားသော ကျင့်ကြံသူများအတွက်မူ ဤပွဲသည် တိုက်ပွဲများကို လေ့လာနိုင်ရန်၊ ရတနာများ ရောင်းဝယ်ရန်နှင့် မိမိတို့၏ရတနာများကို ထုတ်ပြရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ကုန်သည်ကြီးများအသင်းအသီးသီးသည်လည်း လက်မနှေးကြဘဲ တာအိုဂိုဏ်းအတွင်း ယာယီအရောင်းဆိုင်များ ဖွင့်လှစ်ကာ၊ လေလံပွဲများဖြင့် အမြတ်အစွန်းကြီးကြီးရရှိရန် ကြိုတင်ပြင်ဆင်ထားကြသည်။
တာအိုဂိုဏ်း၏ အာမခံချက်ရှိနေသဖြင့် ဘယ်သူမှ မိမိ၏ကျင့်ကြံမှုအဆင့်ကို အားကိုးကာ ဈေးနှိမ်ခြင်း သို့မဟုတ် လေလံပွဲအပြီးတွင် လူသတ်လုယက်ခြင်းမျိုး မလုပ်ဝံ့ကြပေ။
ယခင် ဖူးမြော်ပွဲကျင်းပခဲ့သည်မှာ နှစ်ပေါင်းရှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ယင်ယန်ကောင်းကင်စည်းတံဆိပ် မိမိကိုယ်ကိုယ် ပြန်လည်သန့်စင်တော့မည်ဖြစ်ရာ တာအိုဂိုဏ်းက ပွဲကို အချိန်စော၍ ကျင်းပခြင်းဖြစ်သည်။
"ဈေးတန်းဘက်ကို လမ်းလျှောက်ဦးမလား" ဖုန်းကျိလိုဏ်ဂူမှ ထွက်လာပြီးနောက် ကျန်းလီက မေးလိုက်သည်။
"ဟင်?" သူတော်စင်ကျန့်ရှင်းသည် ကျန်းလီက ဤသို့မေးလိမ့်မည်ဟု မထင်ထားပေ။ သူမသည် ဈေးတန်းသို့ အလွန်သွားချင်နေသည်မှာ အမှန်ပင်။ ပစ္စည်းဝယ်ချင်၍ မဟုတ်ဘဲ လမ်းလျှောက်ချင်ရုံ သက်သက်ပင်။
သို့သော် မိုးပျံသင်္ဘောပေါ်က အဖြစ်အပျက်ကို သင်ခန်းစာယူကာ ကျန်းလီ၏ အကျင့်ကို စဉ်းစားလိုက်သည်။ အကယ်၍ သူမက သွားချင်သည်ဟု ပြောလျှင် သူက "ဒါဆိုလည်း မင်းပဲ သွားလိုက်တော့၊ ငါ အရင်သွားနှင့်မယ်" ဟု ပြောဦးမည်။
ထို့ကြောင့် သူမသည် မိမိ၏ စိတ်ဆန္ဒကို ဆန့်ကျင်ကာ - "မသွားတော့ပါဘူး၊ ဈေးတန်းမှာ ဘာစိတ်ဝင်စားစရာ ရှိလို့လဲ" ဟု ဖြေလိုက်သည်။
"ဪ... ဒါဆိုလည်း မင်း အရင်သွားနှင့်တော့၊ ငါကတော့ လမ်းလျှောက်ဦးမယ်" ကျန်းလီက ပြောပြီးသည်နှင့် တစ်ဦးတည်း ထွက်ခွာသွားရာ သူတော်စင်ကျန့်ရှင်းမှာ လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။
သူမသည် စိတ်တိုလွန်းသဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ပြီး၊ နောက်ဆုံးတွင်မူ အံကိုတင်းတင်းကြိတ်ကာ ကျန်းလီ၏နောက်သို့ ပြေးလိုက်သွားတော့သည်။
ကျန်းလီသည် ယခင်က ဆုံးဖြတ်ထားသည့်အတိုင်း ဤပွဲကို အားလပ်ရက်အဖြစ် သတ်မှတ်ထားသဖြင့် ထူးထူးခြားခြား ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လမ်းလျှောက်ကာ မိတ်ဆွေများထံ သွားရောက်လည်ပတ်ရန်သာ စိတ်ကူးရှိသည်။
"ဟင်... မင်းက ဈေးတန်းကို စိတ်မဝင်စားဘူး ဆို?" ကျန်းလီ တစ်ယောက်တည်း လမ်းလျှောက်နေစဉ် သူတော်စင်ကျန့်ရှင်း အမီလိုက်လာသဖြင့် အံ့သြသလို မေးလိုက်သည်။
"ဟော... ဒီပန်းလေးက တကယ်လှတာပဲ" သူတော်စင်ကျန့်ရှင်းမှာ ကျန်းလီ၏မေးခွန်းကို မဖြေတတ်သဖြင့်၊ မြေပြင်ပေါ်ရှိ ပစ္စည်းရောင်းနေသော ဆိုင်လေးတစ်ခုရှေ့တွင် ထိုင်ချလိုက်ကာ ပန်းများကို စိတ်ဝင်စားဟန် ဆောင်လိုက်ရသည်။
အမှန်တကယ်လည်း ထိုပန်းမှာ အလွန်လှပလှသည်။ ပွင့်ချပ်မှ အညှာအထိ တစ်ကိုယ်လုံး ဖြူစင်နေပြီး၊ ပွင့်ချပ်ပေါ်တွင် ပါးလွှာသော ရေခဲလွှာလေး တစ်ခု တင်နေသည်။ ထိုရေခဲလွှာသည် နေရောင်အောက်တွင် ခုနစ်ရောင်ခြည် အလင်းတန်းများ ထွက်ပေါ်နေ၏။
"နတ်သမီးလေးကတော့ အမြင်စူးရှတာပဲ။ ဒါက အလွန်အေးမြသော ဒေသမှာ တစ်လလုံး စောင့်ပြီးမှ ရှာတွေ့ခဲ့တဲ့ ရေခဲသလင်းပန်းပါ။ 'ရေခဲဝိညာဉ်အမြုတေ' ရှိတဲ့သူတွေအတွက် အလွန် အကျိုးရှိသလို၊ ရေခဲရဲ့ အနှစ်သာရကိုလည်း ခံစားနိုင်စေပါတယ်။" ဈေးသည်လေးက အသည်းအသန် ရောင်းချနေသည်။ ရေခဲဝိညာဉ်အမြုတေ ဆိုသည်မှာ ရှားပါးလှသော ဖောက်ပြန်ပြောင်းလဲထားသည့် ဝိညာဉ်အမြစ်ဖြစ်ရာ၊ ဝယ်မည့်သူ ရှာမရသဖြင့် ဤပွဲတော်တွင် ကံစမ်းရန် လာခဲ့ခြင်း ဖြစ်သည်။
သူသည် သူတော်စင်ကျန့်ရှင်းအား ရေခဲဝိညာဉ်အမြုတေရှိသူဟု ထင်မှတ်နေခြင်း ဖြစ်သည်။
သူတော်စင်ကျန့်ရှင်းသည် ဈေးနှုန်းမေးပြီးနောက် ဆစ်ပင်မဆစ်ဘဲ တိုက်ရိုက် ဝယ်ယူလိုက်သည်။
သူမမှာ 'သစ်သားဝိညာဉ်အမြုတေ' ရှိသူဖြစ်ရာ ထိုပန်းမှာ သူမအတွက် အသုံးမဝင်ပေ။ သို့သော် ကိစ္စမရှိပါ၊ လှနေလျှင် ပြီးရော။
ချမ်းသာကြွယ်ဝလှသော သူတော်စင်မသည် မြင်သမျှအရာအားလုံးကို အစစ်အမှန် ဟုတ်မဟုတ် သို့မဟုတ် အသုံးဝင်မဝင် မစဉ်းစားဘဲ ဝယ်ယူတော့သည်။ သူမ၏ စံနှုန်းမှာ တစ်ခုတည်းသာ ရှိသည် - 'လှပခြင်း' ပင်။
သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားနှင့် သုံးနိုင်ဖြုန်းနိုင်မှုတို့ကြောင့် လူအများ၏ သတိထားခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ကျန်းလီမှာမူ မိမိကိုယ်ကိုယ် ပုံဖော်ထားသော မျက်နှာဖုံးတစ်ခုကို စွပ်ထားသဖြင့် ဘယ်သူမှ သူ့အား သတိမထားမိကြပေ။
၎င်းမှာ ကလေးများကြားတွင် အလွန်ခေတ်စားသော 'လူသားဧကရာဇ်ကျန်း မျက်နှာဖုံး' ဖြစ်ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ခဲလျှင် တစ်ခု ရသည်။
"တကယ့်ကို လှတဲ့ မိန်းကလေးပဲ။ သူ့ကို ငါ့ဆီခေါ်လာခဲ့စမ်း၊ ငါ့ရဲ့ (၈) ယောက်မြောက် ကြင်ယာတော်အဖြစ် ထားမယ်။" ဝေ့ဧကရာဇ်၏ အငယ်ဆုံးသားတော်က သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားမှာ တွေဝေသွားပြီး တားမြစ်လိုက်သည် - "မင်းသား... မိဖုရားခေါင်ကြီးက မထွက်ခွာခင်မှာ တာအိုဂိုဏ်းအတွင်းမှာ ပြဿနာမရှာဖို့ မှာကြားခဲ့ပါတယ်"
ယခုအခါ ဝေ့ဧကရာဇ်မှာ ဟုန်ချန်းနတ်သမီးနှင့် တစ်သက်လုံး မဆုံနိုင်တော့ဟု ယူဆကာ ဝမ်းနည်းနေသဖြင့် တိုင်းပြည်ရေးရာများကို စိတ်မဝင်စားသလို၊ ဤပွဲတော်ကိုလည်း မတက်ရောက်ပေ။ ထို့ကြောင့် သူ၏ အငယ်ဆုံးသားတော်အား ကိုယ်စားလွှတ်လိုက်ခြင်း ဖြစ်သည်။
ဝေ့မင်းသားငယ်က မျက်လုံးပြူးကာ ကြည့်လိုက်သဖြင့် လက်အောက်ငယ်သားမှာ ဆက်မပြောရဲတော့ပေ။ ဝေ့အင်ပါယာအတွင်း ထိုမင်းသားမှာ ဧကရာဇ်၏အချစ်ဆုံး ဖြစ်သည့်အလျောက် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ မိုက်မဲရက်စက်တတ်ကြောင်း လူတိုင်း သိထားကြသည်။
"မင်းတို့ ဒီမှာ ပြဿနာရှာနေတယ်လို့ တိုင်ကြားချက် ရထားတယ်။ ငါတို့နဲ့ လိုက်ခဲ့စမ်း" တာအိုဂိုဏ်း တပည့်နှစ်ဦးမှာ မျက်နှာသေဖြင့် မင်းသားငယ်၏ ရှေ့သို့ ရောက်လာသည်။ မင်းသားငယ်က မလှုပ်ရှားသဖြင့် သူတို့က လက်ပါရန် ပြင်လိုက်ကြသည်။
"မင်းတို့ အတင့်ရဲလှချည်လား။ ငါက မဟာဝေ့အင်ပါယာရဲ့ မင်းသားနော်။"
ဝေ့မင်းသားငယ်မှာ ဒေါသပေါက်ကွဲသွားသည်။ ဂိုဏ်းကြီး (၆) ဂိုဏ်းနှင့် အင်ပါယာကြီး (၉) ခုမှာ အဆင့်အတန်း တူညီကြသည်။ သူကဲ့သို့ မင်းသားတစ်ဦးသည် တာအိုဂိုဏ်း၏ အဓိကတပည့်နှင့် အဆင့်တူရာ၊ တာအိုဂိုဏ်းက သူ့အား ဤသို့ ဆက်ဆံဝံ့သည်ကို သူ မယုံနိုင်ပေ။
တာအိုဂိုဏ်း တပည့်နှစ်ဦးမှာ နှာခေါင်းရှုံ့လိုက်ကြသည်။ လူသားဧကရာဇ်ကျန်း၏ ဘေးနားတွင် လာပြီး ပြဿနာရှာနေမှတော့၊ မင်းက မင်းသားမပြောနဲ့ မင်းအဖေ ဧကရာဇ်ကိုယ်တိုင် လာရင်တောင် အလွတ်ပေးမည်မဟုတ်ပေ။
လက်အောက်ငယ်သားမှာ ဟန်ဆောင်ပန်ဆောင်သာ ခုခံပြပြီး၊ မိမိတို့ မင်းသား တာအိုဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံရသည်ကို ဒီအတိုင်း ကြည့်နေလိုက်သည်။
ငါက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဖြစ်ပေမဲ့၊ တာအိုဂိုဏ်းက ဝိညာဉ်သန္ဓေ အဆင့်ကို မနိုင်တာ သဘာဝပဲ မဟုတ်လား။
"ငါ ဘာလုပ်လို့လဲ။ ဘာလို့ ငါ့ကို ဖမ်းတာလဲ။" လက်အောက်ငယ်သားများက သူ့ကို မကူညီဘဲ တာအိုဂိုဏ်းကလည်း သူ့ကို မကြောက်သည်ကို မြင်သောအခါ သူ အသည်းအသန် အော်ဟစ်တော့သည်။ ငါ ဘာမကောင်းတာမှ မလုပ်ရသေးဘူးလေ။
"ဈေးတန်းအတွင်း စကားပြောခြင်း မပြုရ။"
ဝေ့မင်းသားငယ်မှာ ဆူညံနေသော ဈေးတန်းကြီးကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။ ဒီဆင်ခြေက တကယ်ကို ပေါ့ပျက်ပျက်နိုင်လွန်းလှသည် မဟုတ်လား။
"ငါ့ရဲ့ ဘယ်ဘက်ခြေထောက်က ဈေးတန်းထဲ အရင်ဝင်လို့" ဆိုတဲ့ အကြောင်းပြချက်ဆိုရင်တောင် ငါ လက်ခံပေးနိုင်သေးတယ်၊ မဟုတ်ဘူး... အဲ့ဒါလည်း လက်ခံလို့ မရဘူး။
တာအိုဂိုဏ်း တပည့်များကမူ သူ ဘာတွေးနေသည်ကို ဂရုမစိုက်ဘဲ သူ့အား ဇွတ်အတင်း ဆွဲခေါ်သွားကြလေတော့သည်။
ကျန်းလီ၏အမြင်အရမူ ဤဈေးတန်းတွင် တန်ဖိုးရှိသော ပစ္စည်းများစွာ ပြည့်နှက်နေသည်။ မြက်ပင်ပေါ်တွင် ထူးကဲသော ဓားသိုင်းများ ထွင်းထုထားသည်၊ ရေခံခွက်တစ်ခုမှာ အမှန်တကယ်တွင်မူ လျှို့ဝှက်နယ်မြေတစ်ခု၏ သော့ဖြစ်နေသည်၊ မိစ္ဆာသားရဲ၏ ခြေထောက်ရိုးအတွင်း၌ ခန္ဓာပေါင်းစည်းခြင်းအဆင့် မိစ္ဆာသွေးစစ်စစ် တစ်စက် ကိန်းအောင်းနေသည် စသဖြင့်ပေါ့။
ကျန်းလီသာ လိုက်လံရှာဖွေမည်ဆိုပါက ဤဈေးတန်းရှိ အဖိုးတန်ပစ္စည်း (၉၉) ရာခိုင်နှုန်းကို သူ ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော် ထိုအရာများမှာ သူ့အတွက် အသုံးမဝင်လှရာ၊ နောက်မျိုးဆက်များအတွက်သာ ချန်ထားပေးခဲ့လိုက်သည်။
ကျန်းလီသည် လေလံပွဲတစ်ခု၏ကြော်ငြာကို တွေ့လိုက်ရသည်။ အဖိုးတန် ရတနာများစွာကို လေလံတင်မည်ဖြစ်ပြီး၊ လျှို့ဝှက်ထားသော အထူးပစ္စည်းလည်း ပါဝင်သည်ဟု ဆိုထားသဖြင့် သူ ဝင်ရောက်ကြည့်ရှုလိုက်သည်။
"ထိပ်တန်း ဝိညာဉ်ရတနာ မိစ္ဆာသတ် ပျံလွှားဓား ဖြစ်ပါတယ်။ မိစ္ဆာမျိုးနွယ်အပေါ် တိုက်ခိုက်ရင် စွမ်းအား ၃၀ ရာခိုင်နှုန်း ပိုတိုးပါတယ်။ အစပြုဈေး - အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅၀၀ ပါ။"
"၅၁၂။"
"၁၀၂၄။"
"၂၀၄၈။"
"၄၀၉၆။"
ကျန်းလီ၏ ပထမဆုံး အော်ဟစ်လိုက်သော ဈေးနှုန်းကြောင့်၊ နောက်ပိုင်းတွင် လူများမှာ (၂) ဆ တိုးကိန်းများဖြင့်သာ လိုက်လံ အော်ဟစ်ကြသဖြင့် လေလံဦးစီးသူမှာ မျက်နှာကြီး ရွဲ့စောင်းသွားရသည်။
သူ လုပ်သက် နှစ်ပေါင်း ၃၀ အတွင်းမှာ ဤကဲ့သို့သော ဈေးနှုန်းမျိုးဖြင့် အော်သူကို တစ်ခါမျှ မတွေ့ဖူးပေ။ ကိန်းပြည့်တွေပဲ အော်လို့ မရဘူးလား။
ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ - မိစ္ဆာမျိုးနွယ်များမှာ ဤဓားကို ပို၍ စိတ်ဝင်စားနေကြခြင်းပင် ဖြစ်သည်။ ဈေးနှုန်းကိုလည်း သူတို့ကသာ မြှင့်တင်နေကြပြီး၊ နောက်ဆုံးတွင် မိစ္ဆာတစ်ဦးကပင် ဝယ်ယူသွားခဲ့သည်။
"ဘာလို့လဲဟင်" သူတော်စင်ကျန့်ရှင်းမှာ နားမလည်နိုင် ဖြစ်နေသည်။ သူမက ပိုင်ကျဲအင်ပါယာအနီးရှိ လူသားများက ဤဓားကို ဝယ်ယူကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
"မိစ္ဆာမျိုးနွယ်အပေါ် စွမ်းအားတိုးတယ်ဆိုတော့... ကိုယ့်မျိုးနွယ်တူ အချင်းချင်း တိုက်ခိုက်ရင် ပိုပြီး အနိုင်ရလွယ်တာပေါ့။ မိစ္ဆာတွေက အဲ့ဒီလို အတွေးရှိကြတာ" ကျန်းလီက သက်ပြင်းချရင်း ရှင်းပြသည် - "မျိုးနွယ်တူချင်း တိုက်ခိုက်ခြင်း၊ အားကြီးသူက အားနည်းသူကို ဝါးမြိုခြင်း၊ အဆင့်အတန်းနဲ့ သွေးမျိုးရိုးကိုသာ အလေးထားခြင်း... ဒါတွေက သူတို့ရဲ့ သဘာဝပဲ။ စည်းလုံးမှုဆိုတာ သူတို့ဆီမှာ မရှိဘူး"
ထို့နောက်တွင်မူ ထိပ်တန်း သက်တမ်းတိုးဆေး၊ နဂါးကျားခွန်အားဆေး၊ ယူဟန်ကြေးမှန်၊ စိပ်ပုတီး စသည်တို့ကို လေလံတင်ရာ ကျင့်ကြံသူများက အသည်းအသန် လုဝယ်ကြသည်။
သို့သော် ကျန်းလီနှင့် သူတော်စင်မအတွက်မူ ထိုအရာများမှာ သာမန်ကာလျှံကာ ပစ္စည်းများသာ ဖြစ်သဖြင့် အလကားပေးလျှင်ပင် ယူမည်မဟုတ်ပေ။
နောက်ဆုံးတွင် လျှို့ဝှက်ထားသော အထူးပစ္စည်းမှာ တာအိုလက်နက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ အိပ်မက်တာအိုကိန်းအောင်းနေသော ဧရာမတူကြီးတစ်လက် ဖြစ်ပြီး၊ လူကို ရိုက်လိုက်ပါက မေ့မြောသွားစေကာ အိပ်မက်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားစေနိုင်သည်။
ကျန်းလီသည် အချိန်အတော်ကြာ စဉ်းစားသော်လည်း၊ ဤတူကြီးဖြင့် အမှန်တကယ် ဘာလုပ်ရမည်ကို နားမလည်နိုင် ဖြစ်နေလေတော့သည်။