အခန်း (၅၁-၅၂)
Vol. 4 Ch. 51-52
အခန်း ၅၁ ။ အရိုက်ခံရသော ကျိုးဧကရာဇ်
"လောကရှိ နည်းနာအဖြာဖြာတို့သည် တာအိုဂိုဏ်းမှ ဆင်းသက်လာသည်"
ဤစကားမှာ ကျိုကျိုးတိုက်ကြီးတွင် အလွန်ထင်ရှားလှသည်။ အနည်းငယ် ပိုကားလွန်းသည်ဟု ဆိုနိုင်သော်လည်း၊ ကျိုကျိုးတိုက်ကြီးတွင် တာအိုဂိုဏ်း၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကို ဖော်ပြနေခြင်းပင်။
ကျင့်ကြံသူများသည် များသောအားဖြင့် - ဆေးလုံး၊ ဝိညာဉ်ရတနာ၊ အဆောင်နှင့် အစီအရင် ဟူသော ပြင်ပအားကိုးရာ (၄) မျိုးကို အသုံးပြုကြသည်။ တာအိုဂိုဏ်း၏ အဂ္ဂိရတ်တောင်၊ လက်နက်သန့်စင်ရေးတောင်၊ အဆောင်မန္တာန်တောင်နှင့် အစီအရင်တောင်တို့မှာ ထိုပညာရပ် (၄) မျိုးတွင် ထိပ်သီးများပင် ဖြစ်ကြသည်။
အကယ်၍ ထိုပညာရပ်များကို သင်ယူလိုပါက မည်သို့ပင်ဖြစ်စေ တာအိုဂိုဏ်းကို ရှောင်လွှဲ၍ မရနိုင်ပေ။
ကျန်းလီ နှင့် သူတော်စင်ကျန့်ရှင်းတို့သည် လက်နက်သန့်စင်ရေးတောင်၏ ဝင်ပေါက်သို့ ရောက်ရှိလာကြစဉ်၊ အသက် ၇ နှစ်၊ ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ဘေးတွင် အစောင့်အချို့ ရှိနေကြ၏။ ထိုအစောင့်များသည် မိမိတို့၏ကျင့်ကြံမှုကို ဖုံးကွယ်ထားကြသော်လည်း၊ ကျန်းလီကမူ သူတို့ထဲတွင် အဆင့်အမြင့်ဆုံးသူမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိပြီး၊ ကျန်သူများမှာလည်း ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရှိ ကျွမ်းကျင်သူများဖြစ်ကြောင်း သိလိုက်သည်။
ကြည့်ရသည်မှာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှ ပုဂ္ဂိုလ်များ ဖြစ်ဟန်တူသည်။
"ဦးဦး... အထဲကို ဝင်လို့မရဘူးနော်" ကျန်းလီ အထဲသို့ဝင်ရန် ပြင်လိုက်စဉ် ထိုမိန်းကလေးငယ်က လှမ်းတားလိုက်သည် - "ခမည်းတော်နဲ့ ဦးဦးဖုန်းတို့ အထဲမှာ လက်နက်သန့်စင်နေကြတာ။ လက်နက်မပြီးမချင်း ဘယ်သူ့ကိုမှ အဝင်မခံဘူးလို့ ခမည်းတော်က မိန့်ထားတယ်။"
"တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးပဲ။ သမီးနာမည်က ဘယ်သူလဲ" သူတော်စင်ကျန့်ရှင်းသည် ထိုမိန်းကလေးငယ်၏ ဖြူစင်ဝင်းပသော ရုပ်ရည်လေးကို မြင်ကာ သဘောကျသွားပြီး သူမ၏ခေါင်းလေးကို အသာအယာ ပုတ်လိုက်သည်။
"ကျွန်မကို မပုတ်နဲ့။" မိန်းကလေးငယ်က ခေါင်းကို အသည်းအသန် ခါယမ်းကာ သူတော်စင်မ၏ လက်အောက်မှ ရုန်းထွက်လိုက်ပြီး၊ ခါးထောက်လျက် ပြောလိုက်သည် - "ဟွန့်... ကျွန်မက မဟာကျိုးအင်ပါယာရဲ့ (၁၉) ယောက်မြောက် မင်းသမီး ကျီခုန်းခုန်းပဲ။"
"ဪ... ဒါဆိုရင် မင်းရဲ့ အဖေက ကျီကျစ်ပေါ့?" ကျန်းလီသည် လက်သီးကို ဆုပ်လိုက်ကာ စိတ်လှုပ်ရှားသွားသည်။ ဤနေရာတွင် မဟာကျိုးဧကရာဇ် ကျီကျစ်နှင့် ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တာအိုဂိုဏ်းချုပ် ပိုင်ဟုန်ထူက ကျန်းလီတစ်ယောက် တာအိုဂိုဏ်းရဲ့ လှည့်လည်သူအဖြစ် ဟန်ဆောင်နေမှန်း ဘယ်လိုလုပ် သိနေရတာလဲဆိုတော့... သေချာပေါက် ကျီကျစ်က သတင်းပေးလိုက်လို့ပဲ ဖြစ်ရမယ်။
"ဦးဦးက ကျွန်မခမည်းတော်ကို သိလို့လား" ကျီခုန်းခုန်းသည် ကျန်းလီက လူသားဧကရာဇ် မျက်နှာဖုံး စွပ်ထားသည်ကို မြင်သောအခါ သူ့အပေါ် သဘောကျသွားသည်။
သူမသည်လည်း လူသားဧကရာဇ်ကျန်းလီကို အလွန်ပင် ကြည်ညိုသူ ဖြစ်သည်။
လူသားဧကရာဇ်ကို ကြည်ညိုတဲ့သူဟာ လူဆိုးမဖြစ်နိုင်ဘူးလို့ ကျီခုန်းခုန်းက တွေးနေခြင်းပင်။
သိသာလှသည်မှာ... သူမသည် သူမ၏ တတိယအစ်ကိုတော် (ကျီကျို) နှင့် ပတ်သက်သော ကိစ္စများကို မသိရှိပေ။
အစောင့်များသည် ကျီခုန်းခုန်းကို ကာကွယ်သည့် အနေအထားဖြင့် ထိုသုံးဦးကို ဝိုင်းလိုက်ကြပြီး၊ ခေါင်းဆောင်ဖြစ်သူက - "မင်းတို့က ငါတို့ အရှင်မင်းကြီးကို သိလို့လား" ဟု မေးမြန်းလိုက်သည်။
အစောင့်များမှာ အမှန်တကယ်တွင် အလွန်ပင် တုန်လှုပ်နေကြသည်။ သူတို့သည် ရှေ့မှ လူနှစ်ဦး၏ အတိမ်အနက်ကို မမြင်နိုင်သော်လည်း ထိုသူတို့မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ရမည်ဟု ခန့်မှန်းမိသည်။ အကယ်၍ ထိုသူများမှာ လူဆိုးများဖြစ်ပြီး မင်းသမီးလေးကို ရန်ပြုမည်ဆိုပါက သူတို့ တားဆီးနိုင်မည် မဟုတ်ပေ။
"ဒီလောက်အထိလည်း မစိုးရိမ်ကြပါနဲ့" ကျန်းလီက ရယ်မောရင်း မျက်နှာဖုံးကို ချွတ်လိုက်ရာ၊ မျက်နှာဖုံးပါ ပုံရည်အတိုင်းပင် ရုပ်ရည် ပေါ်ထွက်လာသည် - "တကယ်တော့ ငါနဲ့ မင်းတို့ အရှင်မင်းကြီးက မိတ်ဆွေဟောင်းတွေပါပဲ"
"ကျိုးဧကရာဇ်ရဲ့ အစောင့်တွေက လူသားဧကရာဇ်ကျန်းကို ဂါရဝပြုပါတယ်။" ကျန်းလီမှန်း သိလိုက်ရသောအခါ အစောင့်များမှာ စိတ်အေးသွားကြပြီး အလျင်အမြန် အလေးအမြတ်ပြုကြတော့သည်။
ကျီခုန်းခုန်းမှာမူ ပါးစပ်ကြီး အဟောင်းသားဖြင့် ကြောင်အသွားသည်။
"ဦးဦးက တကယ်ပဲ လူသားဧကရာဇ်ကျန်းလား? ခမည်းတော် ပြောပြတဲ့ ဦးဦးရဲ့ပုံပြင်တွေကို သမီး အမြဲနားထောင်ဖူးတယ်။"
"ဪ... သူက ဘယ်လိုတွေ ပြောပြလို့လဲ"
"ခမည်းတော်က ပြောတယ်... ဦးဦးဟာ ကျိုကျိုးရဲ့ သူရဲကောင်းကြီး၊ လူ့ပြည်က နတ်ဘုရားစစ်စစ်ပဲတဲ့။ ဦးဦး လူသားဧကရာဇ်ဖြစ်လာဖို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ၊ ပြီးတော့ ဦးဦးက ကျိုကျိုးကို ကာကွယ်ရင်း ခမည်းတော်နဲ့အတူ နယ်ပယ်ပြင်ပနတ်ဆိုးတွေကို ဘယ်လို တိုက်ထုတ်ခဲ့လဲဆိုတာတွေကို သမီးကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြတာ။" ကျီခုန်းခုန်းသည် သူမ၏ ခမည်းတော် ပြောပြခဲ့သော ပုံပြင်များကို ကလေးပီပီ လှုပ်လှုပ်ရှားရှားဖြင့် ပြန်လည် ပြောပြနေရှာသည်။
"ဟားဟားဟား... ကျီကျစ်က ငါ့ကို အဲ့ဒီလို မြင်နေတာကိုး။" ကျန်းလီ အားရပါးရ ရယ်မောလိုက်ပြီး၊ ခဏနေ ကျီကျစ်ကို ထိုးကြိတ်လျှင် လက်ကို အနည်းငယ် လျှော့ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"လက်နက်သန့်စင်တာက တိတ်ဆိတ်ဖို့ လိုတာလေ။ ကျီကျစ်က လက်နက်လည်း မသွန်းတတ်ဘဲနဲ့ အထဲမှာ ဘာသွားလုပ်နေတာလဲ"
ကျန်းလီက ပြုံးလိုက်သည် - "မင်း ကျီကျစ်ရဲ့ ထပ်ဆင့်သူငယ်အိမ်အစွမ်းကို မေ့နေတာပဲ။ အဲ့ဒါက လက်နက်သန့်စင်ရာမှာ အကြီးအကျယ် အထောက်အကူပြုတာလေ"
...
လက်နက်သန့်စင်ရေးတောင်၏ အတွင်းပိုင်းတွင် ကျီကျစ်နှင့် တောင်သခင်တို့သည် လက်နက်သန့်စင်မည့် အစီအစဉ်ကို ခေါင်းချင်းရိုက်၍ တိုင်ပင်နေကြသည်။
"နောက်ထပ် နာရီဝက်လောက်နေရင် မီးအားကို (၁၀) ရာခိုင်နှုန်းလောက် မြှင့်လိုက်ရင်ကော၊ အောင်မြင်နိုင်မလား" တောင်သခင်သည် စာရွက်ပေါ်တွင် လုပ်ငန်းစဉ်များကို ရေးလိုက်၊ ဖျက်လိုက်၊ ပြင်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ ကြည့်ရသည်မှာ အတော်လေး ရှုပ်ထွေးနေပုံရ၏။
လက်နက်သန့်စင်ရာတွင် ဖိုပေါက်ကွဲမည့် အန္တရာယ်ရှိသည်။ ဖိုပေါက်ကွဲပါက ကုန်ကြမ်းပစ္စည်း အများစုမှာ အလဟဿဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် တောင်သခင်သည် ဖိုမစတင်မီ မီးအား၊ ကုန်ကြမ်း၊ ပုံစံ စသည်တို့ကို အကြိမ်ကြိမ် တွက်ချက်ရလေ့ရှိပြီး၊ ၎င်းမှာ အလွန်ပင် စိတ်ပင်ပန်းလှသော အလုပ်ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျီကျစ်၏အကူအညီပါသဖြင့် အများကြီး ပိုမို လွယ်ကူသွားခဲ့သည်။
ကျီကျစ်၏ ထပ်ဆင့်သူငယ်အိမ် အစွမ်းမှာ နက်ရှိုင်းလှပြီး အရာရာကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။
"မရဘူး... အဲ့ဒီအတိုင်းဆိုရင် ဖိုပေါက်ကွဲဦးမှာပဲ" ကျီကျစ်သည် အနာဂတ်ကိုကြည့်ကာ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ပါက ကျရှုံးမည်ဖြစ်ကြောင်း မြင်လိုက်ရသည်။
"အင်း... ဒါဆိုရင် ကောင်းကင်တောင် သန့်စင်ရေအစား နှင်းတောင် သန့်စင်ရေကို ပြောင်းသုံးရင်ကော ဘယ်လိုလဲ"
"မရဘူး... ဒီတစ်ခါ ပေါက်ကွဲတာက ပိုတောင် ပြင်းဦးမယ်"
"ဒါဆိုရင်..."
"မရဘူး..."
"ဒါဆိုရင်..."
"မရဘူး..."
"ဒါဆိုရင်..."
"ဟော... ဒီတစ်ခါတော့ အောင်မြင်ပြီ။"
နှစ်ဦးသား အကြိမ်ကြိမ် တွက်ချက်ပြီးနောက် နောက်ဆုံးတွင် အောင်မြင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။ ကျီကျစ်မှာ အသက်ပင် မနည်းရှူနေရသည်။ သူသည် အတိတ်နှင့် အနာဂတ်ကို ကြည့်နိုင်စွမ်း ရှိသော်လည်း၊ ယခုကဲ့သို့ အကြိမ်ကြိမ် အစွမ်းသုံးရသည်မှာ အလွန်ပင် ပင်ပန်းလှသည်။
ထို့ကြောင့် သူသည် ပုံမှန်အချိန်တွင် ထိုအစွမ်းကို လွယ်လွယ်နှင့် မသုံးစွဲပေ။
"ဟင်?" ကျီကျစ်၏မျက်နှာမှာ ရုတ်တရက် ပျက်သွားသည်။
"ဘာဖြစ်လို့လဲ"
"ငါ အခု အပြင်ထွက်ရင် အရိုက်ခံရမယ်လို့ မြင်နေရတယ်"
"ဘယ်သူကလဲ" တောင်သခင်က စပ်စုလိုက်သည်။ သို့သော် သူ သိပ်မစိုးရိမ်ပေ။ ကျီကျစ်က အနာဂတ်ကို မြင်နိုင်မှတော့ ရှောင်လွှဲနိုင်မည် မဟုတ်လား။
"ကျန်းလီပဲ။"
တောင်သခင်မှာ ခဏ တိတ်ဆိတ်သွားသည်။ ထပ်မေးနေရန် မလိုတော့ပေ။ ကျီကျစ်၏ပါးစပ်မှာ အလွန် 'သရမ်း' ကြောင်း လူတိုင်း သိထားကြရာ၊ ကျန်းလီကို တစ်ခုခု သွားစော်ကားမိခြင်းဖြစ်ရမည်။
သူက ကျီကျစ်၏ပခုံးကို ပုတ်လိုက်ကာ - "...ငါ အဂ္ဂိရတ်တောင်ကို သွားပြီး မဟာပြန်လည်ရှင်သန်ဆေးတစ်လုံး သွားရှာပေးမယ်။ မရရင်လည်း ငါ့မှာ အလောင်းမောင်းနှင်ဂိုဏ်းက သူငယ်ချင်းတွေ ရှိပါသေးတယ်"
ပြောပြီးသည်နှင့် သူသည် တံခါးကို တွန်းဖွင့်ကာ ထွက်သွားတော့သည်။ ကျီကျစ်အား ထွက်ပြေးရန် အခွင့်အရေးပင် မပေးခဲ့ပေ။
"မင်းရဲ့စိတ်က မီးဖိုအောက်ခြေက မှိုင်းတွေထက်တောင် ပိုမည်းသေးတယ်။" ကျီကျစ်က အော်ဟစ် ဆဲဆိုလိုက်သော်လည်း၊ ကျန်းလီက ပြုံးပြုံးကြီးဝင်လာကာ တံခါးပိတ်လိုက်သည်ကို မြင်လိုက်ရတော့သည်။
အကယ်၍ မဟာကျိုးအင်ပါယာအတွင်းမှာသာဆိုလျှင် သူသည် ကျန်းလီနှင့် အတန်ငယ် ယှဉ်ပြိုင်နိုင်ဦးမည် ဖြစ်သော်လည်း၊ ယခု တာအိုဂိုဏ်းအတွင်းမှာမူ...
"မျက်နှာကိုတော့ မထိုးနဲ့နော်။"
"ကောင်းပါပြီ"
...
တစ်ဖက်သတ် ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် ကျန်းလီသည် စိတ်ကြည်လင်စွာဖြင့် လက်နက်သန့်စင်ရေးတောင်မှ ထွက်လာခဲ့သည်။ ထို့နောက် သူတော်စင်ကျန့်ရှင်းနှင့်အတူ အဂ္ဂိရတ်တောင်သို့ သွားရောက်ကာ၊ တောင်သခင်အား သွားရောက် နှုတ်ဆက်ခဲ့သည်။ ထိုနေရာတွင် ဆေးလုံးရှာရန် စိတ်မကူးဘဲ ပုန်းနေသော လက်နက်သန့်စင်ရေး တောင်သခင်နှင့်လည်း ဆုံတွေ့ခဲ့သေးသည်။
...
ရက်အနည်းငယ်အကြာတွင် လူအများ စောင့်မျှော်နေကြသော အင်အားစုအသီးသီး၏ နတ်ဘုရားလက်နက် ဖူးမြော်ပွဲ စတင်ခဲ့သည်။
ဖူးမြော်ပွဲဟုဆိုသော်လည်း အမှန်တကယ်မှာ တရားဓမ္မချင်း ပြိုင်ဆိုင်ခြင်းပင်ဖြစ်သည်။
လူသားဧကရာဇ်နန်းဆောင်၊ ဂိုဏ်းကြီး (၆) ဂိုဏ်း၊ အင်ပါယာကြီး (၉) ခုနှင့် ပင်လယ်လေးစင်းမှ အင်အားစုများအားလုံး ကိုယ်စားလှယ်များ စေလွှတ်ကာ စင်မြင့်ထက်တွင် နေရာယူထားကြသည်။ သေချာသည်မှာ မဟာဝေ့အင်ပါယာကဲ့သို့ အချို့သော အင်အားစုများမှာမူ တက်ရောက်ခြင်း မရှိပေ။
ထိုသူများ၏ နောက်တွင်မူ ယာယီတည်ဆောက်ထားသော မြင့်မားသည့် စင်မြင့်တစ်ခုရှိနေပြီး၊ ထိုစင်မြင့်ပေါ်တွင် ရတနာတံဆိပ်တစ်ခုမှာ အသာအယာ ဝင်းလက်နေသည်။ ၎င်း၏ နောက်ကွယ်တွင် 'ယင်' နှင့် 'ယန်' ငါးနှစ်ကောင်မှာ အချင်းချင်း အမြီးချင်းခဲကာ လည်ပတ်နေကြ၏။
လူအများမှာ ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။ ထိုတံဆိပ်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကျယ်ပြောလှပြီး၊ ကောင်းကင်ဘုံကိုပင် ဖောက်ထွက်နိုင်သည့် စွမ်းအားများ ကိန်းအောင်းနေသည်ဟု သူတို့ ခံစားရသည်။ ၎င်းမှာ အကျိုးတရားများ၏ အကြောင်းရင်း၊ အကြောင်းတရားများ၏ ရလဒ် ဖြစ်နေပြီး၊ အရာရာ၏ ကံတရားအားလုံး ထိုတံဆိပ်ပေါ်တွင် စုစည်းနေသကဲ့သို့ပင်။
သူတို့သည် ထိုတံဆိပ်နှင့် မိမိတို့ကြားတွင် ရေစက်ရှိနေသည်ဟုပင် ထင်မှတ်လာကြပြီး၊ ထိုတံဆိပ်မှာ မိမိတို့ ပိုင်ဆိုင်သင့်သည့်အရာဟု ယူဆလာကြသည်။
အကယ်၍ စင်ပေါ်တွင် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးများ ရှိမနေပါက၊ တစ်စုံတစ်ယောက်သည် အသက်နှင့်လဲ၍ ထိုတံဆိပ်ကို လုယူရန် ကြိုးစားကြမည်မှာ သေချာသည်။
၎င်းမှာ ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ အစွမ်းပင် ဖြစ်သည်။ ၎င်းသည် အရာရာကို အသိဉာဏ်ပွင့်စေနိုင်ရုံသာမက၊ ကံတရား တိုက်ခိုက်မှုကိုပါ ပြုလုပ်နိုင်သဖြင့် မည်သို့မျှ မခုခံနိုင်ပေ။
ချန်ချွန်းရှန်းဝမ်က ပြောဖူးသည်မှာ - နတ်ဘုရားဘုံတွင်ပင် ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် အလွန်ထူးကဲသော နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်ဆို၏။
တိုက်ပွဲကွင်းပြင်ကို မြေပြင်တွင် မပြုလုပ်ဘဲ ကောင်းကင်ယံ၌သာ ပြုလုပ်ထားသည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ နတ်ဘုရားလက်နက်ကိုင်၍ တိုက်ခိုက်ကြလျှင် ထိခိုက်မှု အလွန်ကျယ်ပြန့်မည်ဖြစ်ရာ၊ မြေပြင်တွင် တိုက်ခိုက်ရန် မသင့်တော်သောကြောင့်ဖြစ်သည်။
တာအိုဂိုဏ်းသည် လူတိုင်း၏ခေါင်းပေါ်တွင် အစီအရင်တစ်ခုကို တည်ဆောက်ပေးထားပြီး တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုများကို တားဆီးပေးထားလေတော့သည်။
***
wunzinnosp
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
အခန်း ၅၂ ။ ပွဲစဉ်သုံးသပ်ချက်
ပွဲစဉ်ကတော့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။
ပထမဆုံး ယှဉ်ပြိုင်မယ့်သူကတော့ တာအိုဂိုဏ်းက ပိုင်ဟုန်ထူပဲ ဖြစ်ပါတယ်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်အနေနဲ့ သူက ဘယ်လို အံ့မခန်း စွမ်းဆောင်မှုတွေ ပြသမလဲဆိုတာ အားလုံး စောင့်ကြည့်လိုက်ကြရအောင်။
ကဲ... ကြည့်လိုက်ကြပါဦး။ ပိုင်ဟုန်ထူက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ပါလျက်နဲ့၊ အရှက်မရှိဘဲ ခန္ဓာပေါင်းစည်းခြင်းအဆင့်သာရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းချုပ် တုန်းကျုံးရန်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်ပါပြီ။
တုန်းကျုံးရန်က ပိုင်ဟုန်ထူရဲ့ဖိတ်ခေါ်မှုကို အဖက်မလုပ်ပါဘူး။ ပိုင်ဟုန်ထူ ဘာဆက်လုပ်မလဲ... ဟော... သူ ဆွပေးနေပြီ။ ပိုင်ဟုန်ထူက တုန်းကျုံးရန်ကို အတင်း ရန်စနေပါပြီ။
ဆဲဆို ရန်စတဲ့ စကားလုံးတွေက တကယ်ကို နားမခံသာအောင် ဆိုးရွားလွန်းလှပါတယ်။ ငါသာ စင်တင်တင်ဆက်သူဆိုရင်တောင် ဒီစကားတွေကြားရင် တစ်ပွဲလောက် ထချလိုက်မိမှာ အသေအချာပါပဲ။ စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းချုပ်က ဘယ်လို ရွေးချယ်မလဲဆိုတာ ကြည့်ရတာ စိတ်လှုပ်ရှားစရာပါပဲ။
ထင်တဲ့အတိုင်းပါပဲ... တုန်းကျုံးရန်တစ်ယောက် ဒေါသထွက်လွန်းလို့ တုန်တုန်ယင်ယင်တောင် ဖြစ်နေပါပြီ... ဟော... သူ စိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ သူ လက်ခံလိုက်ပါပြီ။
ပိုင်ဟုန်ထူရဲ့နည်းလမ်းတွေက အောက်တန်းကျပေမဲ့ တကယ်ကို အလုပ်ဖြစ်ပုံရပါတယ်။ တုန်းကျုံးရန်ရဲ့သတ္တိကို အားလုံး လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင်။
ကျန်းလီသည် ရုတ်တရက် လက်ခုပ်တီးလိုက်သဖြင့် ဘေးတွင် ထိုင်နေသော သူတော်စင်ကျန့်ရှင်းမှာ ကြောင်အသွားသည်။
ကျန်းလီကတော့ စိတ်ထဲမှ ဆက်လက်၍ ပွဲစဉ်သုံးသပ်ချက်ပေးနေ၏။
ဒီနေ့တော့ ငါတို့တွေ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ပညာရှိစာမူကို မြင်တွေ့ခွင့်ရတော့မယ် ထင်တယ်။
တုန်းကျုံးရန်က ပညာရှိစာမူကို ထုတ်လိုက်ပါပြီ။ တကယ်ကို အစစ်ကြီးပဲ။ စစ်မှန်တဲ့ နတ်ဘုရားလက်နက်ပါပဲ။ ပြိုင်ပွဲဝင်နှစ်ဦးစလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြပါပြီ။ တုန်းကျုံးရန်က ပိုင်ဟုန်ထူကို တရားဓမ္မတွေနဲ့ ဖျောင်းဖျပြီး တိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဘာပြောနေလဲ နားထောင်ကြည့်ရအောင်။
"ဒါက နတ်ဘုရားလက်နက် ဖူးမြော်ပွဲလေ၊ နတ်ဘုရားလက်နက်နဲ့ တိုက်ရမှာ။ မင်းတို့ တာအိုဂိုဏ်းရဲ့ တစ်ခုတည်းသော နတ်ဘုရားလက်နက်က စင်ပေါ်မှာ တင်ထားတာလေ၊ မင်းက ဘာနဲ့ တိုက်မလို့လဲ"
"အဲ့လို ပြောလို့ ဘယ်ရမလဲ။ ဒါ ငါတို့ တာအိုဂိုဏ်းက ကျင်းပတဲ့ပွဲပဲ၊ ငါတို့က မတိုက်ရင် တာအိုဂိုဏ်းက ပွဲထဲမှာ အရာမထင်ဘဲ နေမှာပေါ့။ လာပါ... ငါ မင်းကို အနိုင်မကျင့်ပါဘူး။ လက်နက် မသုံးဘဲ လက်ဗလာနဲ့ပဲ နတ်ဘုရားလက်နက် ကိုင်ထားတဲ့ မင်းကို ရင်ဆိုင်ပေးမယ်"
တုန်းကျုံးရန်က ပိုင်ဟုန်ထူကို ဆက်ပြီး ဖျောင်းဖျဖို့ ကြိုးစားနေတုန်းမှာပဲ... ပိုင်ဟုန်ထူကတော့ ကျင့်ဝတ်ကို ဂရုမစိုက်ဘဲ အမှတ်မထင် ခိုးတိုက်လိုက်ပါပြီ။ ပွဲတောင် မစရသေးဘူး။ သူက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ရဲ့သားနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ခိုးတိုက်တာပါ။
စင်တင်တင်ဆက်သူအနေနဲ့ တစ်ခွန်းလောက် ဆဲပါရစေ။
ပိုင်ဟုန်ထူ... မင်းကတော့ တကယ့်ကို ***** ပါပဲ။
တုန်းကျုံးရန်က ပညာရှိစာမူပေါ်မှာ စာလုံးတစ်လုံး ရေးလိုက်ပါပြီ။
သူ ရေးလိုက်တဲ့ စာလုံးကတော့ "လွင့်စင်" ဖြစ်ပါတယ်။
အဲ့ဒီစာလုံးကို ပိုင်ဟုန်ထူရဲ့ကိုယ်ပေါ်မှာ ကပ်ဖို့ ကြိုးစားနေပါတယ်... ကပ်လိုက်နိုင်ပြီ။ အောင်မြင်သွားပါပြီ။
ပိုင်ဟုန်ထူ ဘယ်လို တုံ့ပြန်မလဲ... ဟော... သူ အင်္ကျီတွေ ချွတ်နေပြီ။ သူ အင်္ကျီချွတ်နေပြီ။ သူ့ရဲ့ တာအိုဝတ်ရုံကို ချွတ်ချလိုက်ပါပြီ။ ပိုင်ဟုန်ထူရဲ့ တာအိုဝတ်ရုံကတော့ လွင့်စင်သွားပါပြီ။ ဒါပေမဲ့ ပိုင်ဟုန်ထူကတော့ နေရာမှာတင် ရှိနေတုန်းပါပဲ။ သူ ဘာမှမဖြစ်ပါဘူး။
တကယ့်ကို အံ့မခန်း တိုက်ပွဲပါပဲ။
ကျင့်ကြံသူအပေါင်းတို့... ပိုင်ဟုန်ထူ ချွတ်ချလိုက်တဲ့ ဝတ်ရုံကို လုယက်တာမျိုး မပြုကြပါနဲ့။ တာအိုဂိုဏ်းတပည့်တွေအနေနဲ့ စည်းကမ်းလေး ထိန်းပေးကြပါဦး။ အရှက်ရစရာဖြစ်ပေမဲ့ အဲ့ဒီဝတ်ရုံက တာအိုကိရိယာဖြစ်လို့ ပြန်ကောက်ပေးကြပါဦး။
မြင်ကွင်းကို ပြန်ကြည့်ရအောင်။ တုန်းကျုံးရန်က နောက်ထပ် စာလုံးတစ်လုံး ထပ်ရေးပြီး ပိုင်ဟုန်ထူဆီ ကပ်လိုက်ပြန်ပါပြီ။
ပိုင်ဟုန်ထူက နောက်ထပ် တာအိုဝတ်ရုံ တစ်ထည်ကို ထပ်ချွတ်လိုက်ပြန်ပြီ။ သူ တစ်ကိုယ်လုံးမှာ ဝတ်ရုံ ဘယ်နှထည်တောင် ဝတ်ထားတာလဲ မသိဘူး။ ဒီနေ့အတွက် သူ သေသေချာချာ ပြင်ဆင်လာပုံရပါတယ်။
ဒါဆို တုန်းကျုံးရန်က ဒီတစ်ခါ ရှုံးသွားတာလား။
မဟုတ်ဘူး... မဟုတ်ဘူး... အခြေအနေက မမှန်တော့ဘူး။ ပိုင်ဟုန်ထူ ချွတ်ချလိုက်တဲ့ ဝတ်ရုံက တိုက်ခိုက်မယ့် ကိုယ်ဟန် ပြင်လိုက်ပြီး၊ ပိုင်ဟုန်ထူကို ပြန်တိုက်နေပါပြီ။
ဪ... တုန်းကျုံးရန် ရေးလိုက်တဲ့ စာလုံးက "တိုက်ပွဲ" ဆိုတဲ့ စာလုံးကိုး။
ဘယ်အရာကိုမဆို ကိုယ့်အတွက် တိုက်ခိုက်ပေးစေနိုင်တဲ့ "တိုက်ပွဲ" စာလုံးအဆောင်ပဲ ဖြစ်ပါတယ်။
တုန်းကျုံးရန်က အခွင့်ကောင်းယူပြီး နောက်ထပ် "သတ်ဖြတ်ခြင်း" ဆိုတဲ့ စာလုံး သုံးလုံးကို ဆက်တိုက် ရေးလိုက်ပြန်ပါတယ်။
ငါတို့ မြင်တွေ့နေရတာကတော့ အဲ့ဒီစာလုံးတွေက ရွှေရောင်ဝတ်စုံဝတ် နတ်မင်း သုံးပါးအဖြစ် ပြောင်းလဲသွားတာပါပဲ။ တစ်ပါးချင်းစီက ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်တွေချည်းပါပဲဗျာ။
တင်ဆက်သူ ရှောင်ကျန်းအနေနဲ့ ရှင်းပြပါရစေ။ ဒီနတ်မင်း သုံးပါးဟာ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အစောင့်အရှောက်တွေ ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဂိုဏ်းသားတစ်ယောက်ဟာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကိုရောက်တိုင်း ပညာရှိစာမူပေါ်မှာ သူတို့ရဲ့ပုံရိပ်ကို ချန်ထားရစ်ခဲ့ကြရပါတယ်။ "သတ်ဖြတ်ခြင်း" စာလုံးကို ရေးလိုက်တာနဲ့ အဲ့ဒီပုံရိပ်တွေက အစောင့်အရှောက်တွေအဖြစ် ထွက်ပေါ်လာပြီး ဂိုဏ်းကို ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။
ကဲ... တိုက်ပွဲကတော့ အရမ်းကို ပြင်းထန်နေပါပြီ။ ပိုင်ဟုန်ထူကတော့ အကျပ်ရိုက်နေပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဝတ်ရုံရယ်၊ ဓားကိုင်ထားတဲ့ နတ်မင်း သုံးပါးရယ်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသလို၊ တုန်းကျုံးရန်ရဲ့တိုက်ကွက်တွေကိုလည်း သတိထားနေရပါတယ်။
ပိုင်ဟုန်ထူ သွေးအန်နေပါပြီ။ သူ တော်တော်လေး အရိုက်ခံနေရပြီ။
အားလုံးပဲ စိတ်မပူကြပါနဲ့။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဆိုတာ သွေးတစ်စက်ရှိရင် ပြန်ရှင်နိုင်တာမို့၊ ပိုင်ဟုန်ထူရဲ့ဒဏ်ရာတွေက အပေါ်ယံပါပဲ။
ဟော... ပိုင်ဟုန်ထူ ပြန်တိုက်ပြီ။ သူ နတ်မင်းတွေကို ကန်ထုတ်လိုက်ပြီ။ တုန်းကျုံးရန်ကိုလည်း ဒဏ်ရာရအောင် လုပ်လိုက်နိုင်ပြီ။
တိုက်ပွဲမြင်ကွင်းက တကယ်ကို ရက်စက်လှပါတယ်။ အသိပေးချက်အနေနဲ့ - အသက်မပြည့်သေးတဲ့ ကျင့်ကြံသူတွေအနေနဲ့ လူကြီးမိဘ အုပ်ထိန်းသူတွေနဲ့အတူ ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေ။
တုန်းကျုံးရန် ဘယ်လို တုံ့ပြန်မလဲ။ သူ "ပြန်လည်ဆန်းသစ်ခြင်း" စာလုံးကို ရေးလိုက်ပါပြီ။ သူဟာ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပါပြီ။
ပိုင်ဟုန်ထူက တာအိုအဆောင်ကို သုံးလိုက်ပါပြီ။ ကောင်းကင်ယံမှာ လှိုင်းထနေတဲ့ မြစ်ကြီးတစ်စင်း ပေါ်လာပါပြီ။
ဒါက တာအိုဂိုဏ်းရဲ့ ကျန်းဟိုင်ထျန်းချင်းအဆောင်ပဲ ဖြစ်ပါတယ်။
မြစ်ရေတွေက တုန်းကျုံးရန်ဆီကို အဟုန်နဲ့ ပြေးဝင်နေပါပြီ။ ကြောက်စရာ အရှိန်အဝါပါပဲ။ ဒါပေမဲ့ တုန်းကျုံးရန်က "သိမ်းဆည်း" စာလုံးနဲ့ အဲ့ဒီမြစ်ရေတွေကို စာမူထဲ သိမ်းလိုက်ပါပြီ။
တိုက်ပွဲကတော့ အလွန်အမင်း ပြင်းထန်နေပါတယ်။ ပိုင်ဟုန်ထူက အဆောင်တွေ တရစပ် သုံးနေသလို၊ တုန်းကျုံးရန်ကလည်း စာလုံးအဆောင်တွေနဲ့ ပြန်လည်တုံ့ပြန်နေပါတယ်။ နှစ်ယောက်စလုံး အပေးအယူ မျှနေကြပါတယ်။
တင်ဆက်သူရဲ့ စကားလုံး ကြွယ်ဝမှု မရှိတာကို ခွင့်လွှတ်ပေးကြပါဦး။
တုန်းကျုံးရန်က "သေဆုံး" စာလုံးကို ရေးပြီး ပိုင်ဟုန်ထူရဲ့နဖူးမှာ ကပ်လိုက်ပါပြီ။
ပိုင်ဟုန်ထူရဲ့ ယန်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်လာပါပြီ။ သူက ဝိညာဉ်တိုက်ခိုက်မှု လုပ်တော့မှာပါ။ တုန်းကျုံးရန် တားနိုင်ပါ့မလား။
ကဲ... ပြိုင်ပွဲဝင် နှစ်ဦးစလုံးဟာ ဒါဟာ ရင်းနှီးမှုအတွက် ယှဉ်ပြိုင်ပွဲသာဖြစ်ကြောင်း သတိရသွားပုံရပြီး ခုနက တိုက်ကွက်တွေက အနည်းငယ် လွန်သွားတယ်လို့ ယူဆပုံရပါတယ်။
ပြိုင်ပွဲဝင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး စစ်ပြေငြိမ်းလိုက်ကြပါပြီ... သူတို့ လက်ဆွဲနှုတ်ဆက်တာက အချိန်နည်းနည်း ကြာနေသလိုပဲ။
ပိုင်ဟုန်ထူရဲ့ နားထင်ကြောတွေ ထောင်နေသလို၊ တုန်းကျုံးရန်ကလည်း "ခွန်အား" စာလုံးကို ကိုင်ထားပုံရပါတယ်။
နောက်ဆုံးတော့ ပြိုင်ပွဲဝင်နှစ်ဦး လက်ချင်း ခွာလိုက်ကြပါပြီ။ ပထမအချီပြိုင်ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
"ရှင် ခုနက စိတ်ထဲမှာ အရမ်းတက်ကြွနေသလိုပဲနော်" သူတော်စင်ကျန့်ရှင်းက ကျန်းလီအား သံသယဖြင့် မေးလိုက်သည်။ ထိုခံစားချက်မှာ အခြေအမြစ်မရှိသော်လည်း သူမ၏ အလိုလိုသိစိတ်ကို သူမ ယုံကြည်နေသည်။
"ဘယ်မှာလဲ" ကျန်းလီက မျက်နှာသေဖြင့် ပြန်ဖြေသည်။
"အကယ်၍ ခုနက နှစ်ယောက် ဆက်တိုက်ရင် ဘယ်သူ နိုင်မလဲ" သူတော်စင်ကျန့်ရှင်းက ထိုကိစ္စကို ဆက်မမေးတော့ဘဲ မေးခွန်းပြောင်းလိုက်သည်။
"တုန်းကျုံးရန်က အစွမ်းကုန် သုံးထားတာ၊ ဒါပေမဲ့ ပိုင်ဟုန်ထူကတော့ အေးဆေးပါပဲ။ သူ အဆောင်မန္တာန်တွေ၊ အစီအရင်တွေကို တစ်ခုမှ မသုံးရသေးဘူး။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက အဝေးကြီး ကွာခြားတယ်၊ တုန်းကျုံးရန်က ပိုင်ဟုန်ထူကို မမီပါဘူး"
"နတ်ဘုရားလက်နက်က ခန္ဓာပေါင်းစည်းခြင်းနဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းကြားက ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ကျွန်မ သိထားတာလေ"
"မင်းပြောတာက တိုက်ခိုက်ရေး သက်သက်အတွက် သုံးတဲ့ နတ်ဘုရားလက်နက်တွေကို ပြောတာပါ။ ဥပမာ - ဖုန်လိုင်ကျွန်းက ထာ့ရှန်းကျောက် လိုမျိုးပေါ့။ အကယ်၍ ဖုန်လိုင်ကျွန်းသခင်ကသာ ထာ့ရှန်းကျောက်ကို ကိုင်ထားရင် ပိုင်ဟုန်ထူတောင် အရိုက်ခံရုံပဲ ရှိတော့မှာ"
"လူသားဧကရာဇ်က ကျွန်မကို ဒီလောက်တောင် အထင်ကြီးနေတာလား" သူတို့နှစ်ဦး ပွင့်ပွင့်လင်းလင်း စကားပြောနေကြစဉ် ဘေးတွင် ထိုင်နေသော ဖုန်လိုင်ကျွန်းသခင်က ပြုံးလျက် ဝင်ပြောလိုက်သည်။
ဖုန်လိုင်ကျွန်းသခင် မော့ရို့ယွီသည် ကိုယ်လုံးကိုယ်ပေါက် အလွန်လှပသော အမျိုးသမီးကြီး တစ်ဦး ဖြစ်သည်။ မျက်လုံးထောင့်တွင် မျက်ရည်ခံမှဲ့လေး တစ်လုံးရှိပြီး၊ ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ကျန်းလီ ချီသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးစဉ်ကပင် သူမသည် ဖုန်လိုင်ကျွန်းသခင် ဖြစ်နေခဲ့ပြီဖြစ်သည်။
"မဟုတ်ပါဘူး... အမှန်အတိုင်း ပြောတာပါ။ ကျွန်းသခင် မော့ကော... ဗုဒ္ဓဂိုဏ်းရဲ့ ဗြဟ္မာမျှော်စင်ကို စိန်ခေါ်ချင်တာလား၊ ထျန်းယွမ်အင်ပါယာရဲ့ ဆန္ဒပြည့်ဘူးသီးကို စိန်ခေါ်မလား၊ ဒါမှမဟုတ် မဟာကျိုးအင်ပါယာရဲ့ အတိတ်အနာဂတ်ဓားကို စိန်ခေါ်မလား"
"ဘုန်းကြီးအိုကြီးက မရှိဘူးလေ၊ ဆန္ဒပြည့်ဘူးသီးနဲ့လည်း တိုက်ဖူးတာ အကြိမ်ကြိမ်ပဲ။ မဟာကျိုးရဲ့ အတိတ်အနာဂတ်ဓားကတော့ အချိန်နဲ့ နေရာလွတ်ကို နှောင့်ယှက်နိုင်တယ်လို့ ကြားဖူးပေမဲ့ တစ်ခါမှ မတိုက်ဖူးသေးဘူး"
"ကျီကျစ် ... မင်းရဲ့ မဟာကျိုးက အတိတ်အနာဂတ်ဓားကို ငါ တစ်ချက်လောက် စမ်းကြည့်ပါရစေ။" ဖုန်လိုင်ကျွန်းသခင် မော့ရို့ယွီသည် နေရာမှ ထရပ်ကာ ကျီကျစ်အား ပြောလိုက်လေတော့သည်။
ကျီကျစ်ကလည်း ဝမ်းမြောက်စွာ လက်ခံလိုက်သည်။
တာအိုဂိုဏ်းတွင်ရှိနေသဖြင့် သူသည် နိုင်ငံတော်ကံကြမ္မာ အရှိန်အဝါဖြင့် ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အထိသာ ရောက်ရှိနိုင်ရာ၊ မော့ရို့ယွီနှင့် တိုက်ခိုက်ရန်မှာ အကောင်းဆုံး အခြေအနေပင် ဖြစ်တော့သည်။