အခန်း (၅၃-၅၄)
Vol. 4 Ch. 53-54
အခန်း ၅၃ ။ အတိတ်အနာဂတ်ဓား
၎င်း၏ အမည်အတိုင်းပင်၊ ထာ့ရှန်းကျောက်မှာ ကျောက်စရစ်ခဲလေး တစ်လုံးသာ ဖြစ်သော်လည်း ထိပ်တန်း တိုက်ခိုက်ရေး နတ်ဘုရားလက်နက် တစ်ခုဖြစ်သည်။ ပစ်ပေါက်လိုက်သည်နှင့် ပြိုင်ဘက်ကို မလွဲမသွေ ထိမှန်စေသည်။ ထာ့ရှန်းကျောက်ကို ကိုင်ဆောင်ထားသော ကျွန်းသခင်မော့သည် ခန္ဓာပေါင်းစည်းခြင်း အဆင့်တွင် ပြိုင်ဘက်ကင်းသူဖြစ်ပြီး၊ ခန္ဓာကိုယ်ကျင့်စဉ်ဖြင့် နာမည်ကြီးသော ကျန်းခုန်းဟူပင်လျှင် ဤကျောက်ခဲဒဏ်ကို တိုက်ရိုက်ခံရပါက အသက်လုရပေလိမ့်မည်။
သို့သော် ကျီကျစ်မှာမူ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
သူ့ထံသို့ ပြေးဝင်လာသော ထာ့ရှန်းကျောက်ကိုကြည့်ကာ ဓားကို အသာအယာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ထာ့ရှန်းကျောက်၏အရှိန်မှာ ရုတ်တရက် နှေးကွေးသွားပြီး ကျီကျစ်နှင့် ထိတွေ့ချိန်တွင် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ပေ။
"ဒါက... အချိန်ရဲ့ စွမ်းအားလား" သူတော်စင်ကျန့်ရှင်းက တွေဝေစွာ ရေရွတ်လိုက်သည်။ သူမသည် အတိတ်အနာဂတ်ဓား၏ ကျော်ကြားမှုကို ကြားဖူးသည်။ ၎င်းမှာ ကျီမိသားစု၏ ဘိုးဘေးဖြစ်သော၊ အချိန်နှင့် နေရာလွတ် မြစ်အတွင်းရှိ ငါးကြီးတစ်ကောင်က နတ်ဘုရားဘုံသို့ တက်လှမ်းချိန်တွင် သူ၏ ငါးရိုးဟောင်းကို သန့်စင်ခဲ့သော ငါးရိုးဓားပင် ဖြစ်သည်။ ၎င်းသည် အချိန်နှင့် နေရာလွတ်ကို လွှမ်းမိုးနိုင်သော်လည်း လက်တွေ့တွင် မည်သို့ အသုံးပြုသည်ကိုမူ သူမ မသိပေ။
"ဟုတ်တယ်။ သူက ဒီဓားချက်နဲ့ ထာ့ရှန်းကျောက်ရဲ့ ကိုယ်ပိုင်အချိန်ကို ကမောက်ကမ ဖြစ်အောင် လုပ်လိုက်တာ။ ထာ့ရှန်းကျောက်ကို နှစ်ပေါင်းများစွာ ကြာအောင် ပျံသန်းနေစေခဲ့တာမို့ ကျောက်ခဲရဲ့ အရှိန်အဟုန်က ကုန်ခမ်းသွားတာပေါ့။ ဒါပေမဲ့ ထာ့ရှန်းကျောက်ရဲ့ 'မလွဲမသွေ ထိမှန်ရမယ်' ဆိုတဲ့ ဂုဏ်သတ္တိကြောင့် ကျီကျစ်ဆီကိုတော့ ဆက်ပြီး ပျံသန်းသွားရတာပဲ" ကျန်းလီက သူတော်စင်မထက် ပိုမို ရှင်းလင်းစွာ မြင်နိုင်သည်။ ဤဓားချက်မှာ ရိုးရှင်းပုံရသော်လည်း ၎င်း၏နောက်ကွယ်မှ အနှစ်သာရမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
ကျွန်းသခင်မော့က ထာ့ရှန်းကျောက်ကို ပြန်လည်သိမ်းဆည်းနေစဉ်အတွင်း၊ ကျီကျစ်က ရှေ့သို့ ပြေးဝင်ကာ ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်တော့သည်။
ကျွန်းသခင်မော့မှာ ဓားချက်တစ်ခုကို ရှောင်လိုက်တိုင်း၊ နောက်ထပ် ဓားချက်တစ်ခုမှာ သူမ ရှိမည့်နေရာသို့ ကြိုတင် တွက်ချက်ထားသကဲ့သို့ ရောက်ရှိလာသည်။ အကြိမ်ကြိမ် ထိုသို့ ဖြစ်နေသဖြင့် သူမတွင် ဓားဒဏ်ရာများစွာ ရရှိသွားခဲ့သည်။
သူမသည် မျက်မှောင်ကြုတ်ကာ ကျီကျစ်၏မျက်လုံးများကို စိုက်ကြည့်လိုက်စဉ်မှ အမှန်တရားကို သဘောပေါက်သွားတော့သည်။ ၎င်းမှာ အတိတ်အနာဂတ်ဓား၏ အစွမ်းကြောင့်သာ မဟုတ်ဘဲ၊ ကျီကျစ်၏ ထပ်ဆင့်သူငယ်အိမ်က အနာဂတ်ကို ကြိုမြင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့ဓားကွက်များမှာ အကြားအမြင်ရသကဲ့သို့ သူမကို ထိမှန်နေခြင်းပင်။
အကြောင်းရင်းကို သိသွားသောအခါ ကျီကျစ်နှင့် အနီးကပ် တိုက်ခိုက်လျှင် အရှုံးပေါ်မည်မှန်း သူမ သိလိုက်သဖြင့် အကွာအဝေးကို ခွာလိုက်ပြီး၊ ထာ့ရှန်းကျောက်ကို တစ်ဖန် ပြန်လည်ပစ်ပေါက်လိုက်သည်။
ယခုတစ်ကြိမ်တွင် ထာ့ရှန်းကျောက်မှာ တစ်လုံးမှ တစ်သောင်းအဖြစ် အသွင်ပြောင်းကာ ကျီကျစ်အား လမ်းပိတ်၍ ဝိုင်းပတ် တိုက်ခိုက်တော့သည်။
သို့သော် ကျီကျစ်မှာ ဓားကို ရင်ဘတ်တွင် ကန့်လန့်ကာ၍ အကာအကွယ် ယူလိုက်သည်။ အဟုန်ဖြင့် ပြေးဝင်လာသော သောင်းနှင့်ချီသော ကျောက်ခဲများမှာ ကျီကျစ်၏အနားသို့ ရောက်သည်နှင့် အရှိန်များ ရုတ်တရက် နှေးကွေးသွားကြသည်။ ကျီကျစ်ကို ဗဟိုပြု၍ နယ်ပယ်တစ်ခု ဖြစ်ပေါ်လာပြီး၊ ထိုနယ်ပယ်အတွင်းရှိ အရာရာ၏အချိန်မှာ အဆမတန် ရှည်လျားသွားသကဲ့သို့ ဖြစ်နေ၏။
ထိုစဉ် ကျွန်းသခင်မော့ ရပ်နေသော နေရာ၌ ဓားချီတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ သူမ မရှောင်နိုင်ဘဲ ဒဏ်ရာရသွားပြန်သည်။ သူမသည် အခြားနေရာသို့ ချက်ချင်း ကူးပြောင်းလိုက်သော်လည်း၊ နေရာသစ်တွင်လည်း ဓားချက်က စောင့်ကြိုနေပြန်သည်။
ကျွန်းသခင်မော့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ သူမ သွားသည့်နေရာတိုင်းတွင် ရှောင်လွှဲ၍ မရသော ဓားချီများက လေထဲမှ ပေါ်ထွက်နေတော့သည်။
"ကျွန်းသခင်မော့... အတိတ်အနာဂတ်ဓားရဲ့အစွမ်းက ဘယ်လိုလဲ" ငါးရိုးဓားကို ကိုင်ထားသော ကျီကျစ်က ပြုံးလျက် မေးလိုက်သည်။ သူသည် ကျွန်းသခင်မော့ ကြုံတွေ့နေရသော အခြေအနေအတွက် အံ့သြခြင်း မရှိပေ။
"ထပ်ဆင့်သူငယ်အိမ်နဲ့ အတိတ်အနာဂတ်ဓားက တကယ့်ကို အလိုက်ဖက်ဆုံးပဲ။" ကျွန်းသခင်မော့က ချီးကျူးလိုက်သည်။ သူမသည် ကျီကျစ်၏နည်းလမ်းကို နားလည်သွားသော်လည်း လက်ရှိတွင် မည်သို့ တုံ့ပြန်ရမည်ကို မသိသေးပေ။
ထာ့ရှန်းကျောက်၏အစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်ရုံတင်မက၊ ဓားဒဏ်ရာများလည်း အဆက်မပြတ်ရနေသဖြင့် ကျွန်းသခင်မော့မှာ မိမိ ရှုံးနိမ့်သွားပြီမှန်း သိလိုက်ရသည်။
ဤတိုက်ပွဲမှာ သူမအတွက် အတော်လေး အကျပ်ရိုက်စရာ ဖြစ်ခဲ့သော်လည်း၊ ရှုံးသည်မှာ အမှန်ဖြစ်သဖြင့် သူမ လက်ခံလိုက်သည်။
ဓားချီများမှာ သူမ၏အခြေခံကို မထိခိုက်စေခြင်းမှာ ကျီကျစ်၏ စေတနာပင် ဖြစ်သည်။
"ဘယ်လို ဖြစ်သွားတာလဲ" သူတော်စင်ကျန့်ရှင်းမှာ ကျီကျစ် ဘာလုပ်လိုက်သည်ကို နားမလည်သေးပေ။
ကျန်းလီက ရယ်မောရင်း - "ငါလည်း အရင်က ဒီလို အရှုံးမျိုး ကြုံဖူးတယ်။ ကျီကျစ်က စိန်ခေါ်ခံရမယ်ဆိုတာကို ကြိုသိကတည်းက ထပ်ဆင့်သူငယ်အိမ်ကို သုံးပြီး စိန်ခေါ်မယ့်သူက ဘယ်သူလဲ၊ ဘယ်အချိန်မှာ ဘယ်နေရာမှာ ရှိမလဲဆိုတာကို ကြိုကြည့်ထားတာ။ ပြီးတော့မှ အတိတ်အနာဂတ်ဓားနဲ့ အဲ့ဒီနေရာတွေမှာ ဓားချီတွေ ချန်ထားခဲ့တာပေါ့။ အတိတ်မှာ ချန်ထားခဲ့တဲ့ ဓားချီတွေက အခုမှ ပေါ်လာတာ... ဒါဟာလည်း အတိတ်အနာဂတ်ဓားရဲ့ အစွမ်းပဲ"
"ကျွန်းသခင်မော့ ရှုံးရတာက အတိတ်အနာဂတ်ဓားအကြောင်း သေချာမသိလို့ပဲ။ ထာ့ရှန်းကျောက်က အရာရာကို တိုက်ခိုက်နိုင်တယ်၊ နေရာလွတ်ကိုလည်း ဖောက်ထွက်နိုင်သလို အချိန်မြစ်ကိုလည်း တိုက်ခိုက်နိုင်တယ်။ အကယ်၍ သူမသာ အဲ့ဒါကို သိရင် ထာ့ရှန်းကျောက်နဲ့ အချိန်မြစ်ကို ရိုက်ခတ်ပြီး လှိုင်းထအောင် လုပ်လိုက်လို့ ရတယ်။ အဲ့ဒီအခါကျရင် အနာဂတ်က ဝေဝါးသွားပြီး ကျီကျစ်ရဲ့ ထပ်ဆင့်သူငယ်အိမ်ရော၊ အတိတ်အနာဂတ်ဓားပါ အစွမ်းပြနိုင်မှာ မဟုတ်တော့ဘူး"
ကျန်းလီက ကျွန်းသခင်မော့ အနိုင်ရနိုင်မည့် နည်းလမ်းကို စကားအနည်းငယ်ဖြင့် ရှင်းပြလိုက်ရာ စင်မြင့်ပေါ်ရှိ လူတိုင်းက အံ့သြချီးကျူးကြတော့သည်။
"အရှေ့ပင်လယ် နဂါးဘုရင်... လာတိုက်စမ်း။"
ယခုအခါ ထျန်းယွမ်အင်ပါယာ၏ ဆန္ဒပြည့်ဘူးသီး နှင့် ပင်လယ်လေးစင်းမှ နဂါးပုလဲ တို့သာ မထွက်ရသေးရာ၊ လူတိုင်းက ထျန်းယွမ်ဧကရီက စိန်ခေါ်လိုက်သည်ဟု ထင်မှတ်နေကြသည်။
သို့သော် ထျန်းယွမ်ဧကရီမှာ မျက်မှောင်ကြုတ်သွားသည်။ သူမသည် အရှေ့ပင်လယ် နဂါးဘုရင်ကို စိန်ခေါ်ရန် စိတ်ကူးရှိသည်မှာ မှန်သော်လည်း၊ သူမ ဘာမှ မပြောရသေးပေ။
ထျန်းယွမ်ဧကရီသည် ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါလှသည်။ သူမသည် အလွန်လှပသော အမျိုးသမီးဖြစ်သော်လည်း၊ သူမကို မြင်လျှင် မြင်ချင်း ဘယ်သူမှ အလှအပကို သတိမထားမိဘဲ သူမ၏ အထက်စီးဆန်သော အရှိန်အဝါကြောင့်သာ ဖိနှိပ်ခံလိုက်ရသကဲ့သို့ ခံစားရမြဲ ဖြစ်သည်။
"အရှေ့ပင်လယ် နဂါးဘုရင်... လာတိုက်စမ်း။" ကောင်းကင်ယံမှအသံက ထပ်မံ ထွက်ပေါ်လာရာ၊ ၎င်းမှာ ကျွန်းသခင်မော့၏အသံဖြစ်မှန်း လူတိုင်း သိလိုက်ကြရသည်။
မိမိ ရှုံးနိမ့်သွားသည်ကို လက်ခံသော်လည်း၊ ကျွန်းသခင်မော့မှာ စဉ်းစားလေလေ ဒေါသထွက်လေဖြစ်ရာ စိတ်ပြေလက်ပျောက် တစ်ပွဲလောက် ပြင်းပြင်းထန်ထန် တိုက်ချင်နေခြင်းဖြစ်သည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး၊ လူကိုယ်ထည် နဂါးခေါင်းနှင့် အရှေ့ပင်လယ် နဂါးဘုရင်မှာ မျက်နှာပျက်ပျက်ဖြင့်သာ တိုက်ပွဲဝင်ရန် ပြင်လိုက်ရတော့သည်။
ကျွန်းသခင်မော့၏အစွမ်းကို သူ မသိဘဲ နေပါ့မလား။
ဂိုဏ်းကြီး (၆) ဂိုဏ်းထဲတွင် ဖုန်လိုင်နတ်ကျွန်းတစ်ခုတည်းသာ ပင်လယ်ရပ်ခြားတွင်ရှိသဖြင့် နဂါးနန်းတော်နှင့် အမြဲ ဆုံတွေ့နေရသူများဖြစ်သည်။
နတ်ဘုရားလက်နက်မပါလျှင် မော့ရို့ယွီသည် နဂါးဘုရင် နှစ်ပါးကို တစ်ပြိုင်နက် တိုက်နိုင်သည်။ အကယ်၍ နတ်ဘုရားလက်နက်သာ ပါလာပါက သူမသည် နဂါးဘုရင် လေးပါးစလုံးကို တစ်ယောက်တည်းနှင့် အနိုင်တိုက်နိုင်သူ ဖြစ်သည်။
နဂါးဘုရင်များမှာ တစ်ခါတလေ စဉ်းစားမိကြသည် - ငါတို့အားလုံးက နတ်ဘုရား သားရဲတွေပဲ၊ ပိုင်ကျဲအင်ပါယာနဲ့ပဲ သွားပေါင်းလိုက်ရမလား၊ လူသားတွေက တကယ်ကို အနိုင်ကျင့်လွန်းတယ်။
မဟုတ်ဘူး... မဟုတ်ဘူး... ငါ အရင်က နဂါးဘုရင် မဟုတ်တော့ဘူး။ အခု ငါက 《ကျန်းလီ လူသားဧကရာဇ် ခွန်အားကျင့်စဉ်》 ကို ကျင့်ကြံထားတဲ့ နဂါးဘုရင်တွေရဲ့ ခေါင်းဆောင်၊ အရှေ့ပင်လယ် နဂါးဘုရင်ပဲ။ ညီအစ်ကိုတွေက ငါ့ကို စင်ပေါ်တက်ခိုင်းတာဟာ သူတို့ရဲ့အစ်ကိုကြီးက နဂါးမျိုးနွယ်ကို တောက်ပအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြလို့ပဲ။
အရှေ့ပင်လယ် နဂါးဘုရင်မှာ ထိုသို့တွေးလိုက်သည်နှင့် ယုံကြည်မှုများ ပြန်လည်ရရှိလာသည်။ ထိုကျင့်စဉ်ကို ကျင့်ပြီးကတည်းက မော့ရို့ယွီနှင့် မတိုက်ဖူးသေးရာ၊ ယနေ့တွင် လူတိုင်းကို အံ့အားသင့်အောင် လုပ်ပြရပေမည်။
...
ရလဒ်မှာ အရှေ့ပင်လယ် နဂါးဘုရင်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ ပိုင်ဟုန်ထူမှာ မဟာပြန်လည်ရှင်သန်ဆေးများကို ပိုက်ဆံမပေးရသလိုမျိုး နဂါးပါးစပ်ထဲသို့ ဇွတ်အတင်း ထိုးထည့်ပေးနေရသည်။
နဂါးဘုရင်မှာ စဉ်းစားနေမိသည် - ပုံမှန်ဆိုရင် မော့ရို့ယွီက ငါ့ကို ဒီလောက်အထိ မရက်စက်ပါဘူး။ အခုကျမှ တာအိုဂိုဏ်းက ဆေးတွေ အလကားရမယ်ဆိုပြီး အစွမ်းကုန် ထိုးကြိတ်လိုက်တာလား မသိဘူး။
"ဒီနဂါးအိုကြီး တော်တော် သန်မာလာတာပဲ။" မော့ရို့ယွီသည် စင်မြင့်သို့ ပြန်ရောက်လာချိန်တွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမ အနိုင်ရခဲ့သော်လည်း နဂါးဘုရင်မှာ အရင်ကထက် သိသိသာသာ သန်မာလာသည်ကို သူမ ခံစားလိုက်ရသည်။ နဂါးမျိုးနွယ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွင် နာမည်ကြီးသော်လည်း၊ ယခု အရှေ့ပင်လယ် နဂါးဘုရင်၏ ခန္ဓာကိုယ်မှာ အရင်ကထက် ပို၍ မာကျောနေခြင်းဖြစ်သည်။
နတ်ဘုရားလက်နက် ပါလျှင်ပင် ယခုအခါ သူမသည် နဂါးဘုရင် သုံးပါးလောက်ကိုသာ အနိုင်ယူနိုင်တော့မည်ဖြစ်သည်။
"《ကျန်းလီ လူသားဧကရာဇ် ခွန်အားကျင့်စဉ်》 က တကယ်ပဲ အဲ့လောက် အစွမ်းထက်တာလား" နဂါးနန်းတော်၏ အိမ်နီးချင်းဖြစ်သူ မော့ရို့ယွီသည် နဂါးမျိုးနွယ်များ တိတ်တဆိတ် ခန္ဓာကိုယ်ကျင့်စဉ် ကျင့်နေကြသည်ကို ကြားဖူးထားသဖြင့် ကျန်းလီကို လှမ်းကြည့်လိုက်သည်။
ကျန်းလီသည် တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရသည်။
"အစ်ကိုကြီးက နဂါးပုလဲ ၄ လုံးလုံးကို သုံးတာတောင် ထာ့ရှန်းကျောက်ကို မတားနိုင်ဘူးနော်"
"ကံကောင်းလို့ အစ်ကိုကြီး အရင်တက်သွားတာ"
"ဟုတ်ပါ့... မဟုတ်ရင် အခု လဲနေရမှာက ငါတို့ ဖြစ်နေမှာ"
ကျန်ရှိသော နဂါးဘုရင် သုံးပါးမှာ စင်အောက်တွင် တိုးတိုးလေး ပြောဆိုနေကြသည်။ နတ်ဘုရားလက်နက် မိမိကိုယ်ကိုယ် ပြန်သန့်စင်ခြင်းမှာ တွေ့ရခဲသော အခွင့်အရေးဖြစ်သဖြင့် သူတို့ လာခဲ့ကြသော်လည်း၊ ပေါ်ပေါ်ထင်ထင် မလာဝံ့ကြပေ။ စင်ပေါ်တက်လျှင် အစ်ကိုကြီးကဲ့သို့ အရိုက်ခံရမည်ကို သူတို့ သိထားကြသည်။
အစ်ကိုကြီးဆိုသည်မှာ... ညီညီလေးတွေအတွက် ကိုယ်စား အရိုက်ခံပေးရသူ မဟုတ်လား။
အမှန်အတိုင်းပြောရလျှင် နဂါးပုလဲ၏ခံစစ်စွမ်းအားမှာ အလွန်ပင် ကြီးမားလှသည်။ အရှေ့ပင်လယ် နဂါးဘုရင် အရိုက်ခံရခြင်းမှာ ထာ့ရှန်းကျောက်၏ မလွဲမသွေ ထိမှန်စေခြင်း နှင့် အကာအကွယ်များကို လျစ်လျူရှုနိုင်ခြင်းကြောင့်သာဖြစ်သည်။ အကယ်၍ ပိုင်ဟုန်ထူသာ တိုက်ခိုက်မည်ဆိုပါက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဖြစ်သော်လည်း နဂါးပုလဲကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
နတ်ဘုရားလက်နက် အချင်းချင်း အသာအစီးရမှုမှာ ရှောင်လွှဲ၍ မရသော အရာပင်။
"ကြည့်ကြစမ်း။ ယင်ယန်ကောင်းကင်စည်းတံဆိပ်မှာ အပြောင်းအလဲတွေ စနေပြီ။"
***
wunzinnosp
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
အခန်း ၅၄ ။ ကျိုကျိုးတိုက်ကြီး၏ မဟာဝရုန်းသုန်းကား
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် လက်ဖဝါးခန့်သာရှိသော ကျောက်စိမ်းတံဆိပ်တစ်ခု ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ လူတိုင်း၏အကြည့်များကို ဆွဲဆောင်ထားသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ မိမိကိုယ်ကိုယ် ပြန်လည်သန့်စင်ခြင်းကို အကြိမ်ကြိမ် မြင်ဖူးခဲ့သော ချန်ချွန်းရှန်းဝမ်ပင်လျှင် ဖုန်းကျိလိုဏ်ဂူထဲမှ ထွက်လာကာ တံဆိပ်ကို လွမ်းဆွတ်တသစွာ စိုက်ကြည့်နေမိသည်။
ဘယ်သူမှ စေခိုင်းခြင်းမရှိ၊ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုလည်းမရှိဘဲ ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ဖြည်းညှင်းစွာ လည်ပတ်လာပြီး၊ ၎င်း၏နောက်ကွယ်မှ အမြီးချင်းခဲနေသော အမည်းနှင့် အဖြူ ငါးနှစ်ကောင်မှာမူ ရပ်တန့်သွားသည်။
တံဆိပ် လည်ပတ်လာသည်နှင့်အမျှ "အကျိုးတရားတို့၏ အကြောင်းရင်း၊ အကြောင်းတရားတို့၏ ရလဒ်" ဟူသော အရှိန်အဝါမှာ ပိုမို လေးလံလာပြီး၊ လူတိုင်းသည် မိမိနှင့် တံဆိပ်ကြားရှိ ဆက်နွှယ်မှု ပိုမိုနက်ရှိုင်းလာသည်ဟု ခံစားရလေသည်။
ဤတံဆိပ်နှင့် ငါသည် ရေစက်ရှိသည်၊ ကံတရား ရှိသည်။ ဒါဟာ ကျိုကျိုးရဲ့ နံပါတ်တစ် ရတနာပဲ၊ ငါပဲ ပိုင်ဆိုင်သင့်တာပေါ့။
ထိုအတွေးမျိုးသည် လူတိုင်း၏စိတ်ထဲတွင် ပေါ်ပေါက်လာပြီး၊ နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှာ မအောင့်နိုင်တော့ဘဲ လုယူရန် ကြိုးစားတော့သည်။
ထိုသူမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျိုကျိုးတိုက်ကြီးတွင် ထိပ်တန်းကျွမ်းကျင်သူဟု သတ်မှတ်နိုင်သူ ဖြစ်သည်။ သူသည် ဤကဲ့သို့သော ရတနာကို ကိုင်ဆောင်ရန် မိမိတွင် အရည်အချင်းရှိသည်ဟု ယုံကြည်လိုက်ခြင်းဖြစ်သည်။
တာအိုဂိုဏ်းချုပ် ပိုင်ဟုန်ထူ မလှုပ်ရှားရသေးမီမှာပင်၊ တာအိုဂိုဏ်း၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲ အချို့က ထိုသူအား ဝိုင်းဝန်း ဖမ်းချုပ်လိုက်ကြသည်။
တာအိုဂိုဏ်းတွင် အခြားအရာမရှိလျှင်ပင် ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲများမှာမူ ပေါများလှသည် မဟုတ်လား။
လူအုပ်ကြီးထဲမှ အခြားသော ကျင့်ကြံသူအချို့လည်း ထပ်မံ ကြိုးစားကြပြန်သည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့်သာမက၊ ဝိညာဉ်အသွင်ပြောင်းခြင်းနှင့် ဝိညာဉ်သန္ဓေအဆင့်များပင်လျှင် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ရယူလိုစိတ်များ တားမရ ဆီးမရ ဖြစ်နေကြသည်။
"တံဆိပ်ရဲ့အစွမ်းက လူတွေရဲ့အသိဉာဏ်ကို ဖုံးလွှမ်းသွားပြီပဲ" ကျန်းလီ သက်ပြင်းချလိုက်မိသည်။
စင်မြင့်ပေါ်ရှိ အင်အားကြီး ပုဂ္ဂိုလ်များ၏စိတ်ထဲတွင်လည်း "ဤအရာသည် ငါနှင့် ရေစက်ရှိသည်" ဟူသော အတွေးများ ပေါ်လာသော်လည်း၊ သူတို့ကမူ စိတ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။
သူတို့၏အစွမ်းများ မတူညီကြဘဲ၊ ဧကရာဇ် အများစုမှာ ဝိညာဉ်အသွင်ပြောင်းခြင်း သို့မဟုတ် ဝိညာဉ်သန္ဓေအဆင့်သာ ရှိကြသော်လည်း၊ သူတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာမူ အောက်ရှိ ကျင့်ကြံသူများထက် သာလွန်ကြသည်။
၎င်းပြင် အကယ်၍ သူတို့သာ တံဆိပ်ကို လုယူရန် ကြိုးစားပါက၊ တာအိုဂိုဏ်းချုပ်နှင့် လက်ရှိ လူသားဧကရာဇ်တို့၏ နှိမ်နင်းခြင်းကို ခံရမည်ဖြစ်ပြီး အရှက်တကွဲဖြစ်ရမည်ကိုလည်း သူတို့ သိထားကြသည်။
ထိုစဉ် အတိဒုက္ခတိမ်တိုက်များ စုစည်းလာပြီး ကောင်းကင်ဘုံ၏ အရှိန်အဝါများမှာ တစ်လောကလုံးကို လွှမ်းခြုံသွားသည်။ ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ နောက်ထပ်တစ်ဆင့်တိုးမြင့်ခြင်းမှာ လောကနိယာမများကို ထိပါးနေသကဲ့သို့ ကောင်းကင်တာအိုက လက်မခံနိုင်ဘဲဖြစ်နေပုံရသည်။
အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိသော ပိုင်ဟုန်ထူပင်လျှင် မျက်နှာဖြူလျော့ကာ ချွေးစေးများ ပြန်လာရသည်။ ဤအတိဒုက္ခမှာ အလွန်ပင် ကြောက်စရာကောင်းလှပြီး သာမန်လူသားများ ရင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ပေ။ ကျန်းလီ၏အတိဒုက္ခနှင့် ဘယ်သူက ပို၍ ကြောက်စရာကောင်းမလဲဟု သူ တွေးနေမိသည်။
ကျန်းလီသည် အတိဒုက္ခကို (၁၅) ကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ဖူးပြီး၊ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ပြင်းထန်ခဲ့သည် မဟုတ်လား။
သူသည် ကျန်းလီကို ခိုးကြည့်လိုက်ရာ၊ ကျန်းလီမှာမူ နတ်ဘုရားလက်နက်၏ အတိဒုက္ခကို စိတ်အားထက်သန်စွာ ကြည့်ရှုနေပြီး မည်သည့် သက်ရောက်မှုမျှ ရှိပုံမရပေ။ ပိုင်ဟုန်ထူသည် အတိဒုက္ခအကြောင်း မေးချင်သော်လည်း ကောင်းကင်ဘုံ၏ ဖိအားအောက်တွင် ပါးစပ်ပင် ဟ၍ မရတော့ပေ။
ပိုင်ဟုန်ထူပင် ဤသို့ဖြစ်နေလျှင် ကျန်သူများမှာမူ ပြောနေစရာပင် မလိုတော့ဘဲ ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ဘယ်သူမှ မက်မောခြင်း မပြုဝံ့ကြတော့ပေ။
"ဒါက မြေ၊ ရေ၊ မီး၊ လေ ဆိုတဲ့ အတိဒုက္ခကြီး ၄ ပါးပဲ။" ချန်ချွန်းရှန်းဝမ်က နတ်ဘုရားလက်နက်၏ အတိဒုက္ခကို တစ်ချက်တည်းနှင့် သိလိုက်သည်။ သူ့မျက်နှာမှာ တည်ကြည်လေးနက်နေပြီး မျက်မှောင်ကြုတ်လျက် - "နတ်ဘုရားဘုံမှာ ပြောစကားတစ်ခု ရှိတယ်။ ကမ္ဘာလောကကို ဒီဓာတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတာမို့လို့၊ ဒီအတိဒုက္ခဟာ ကမ္ဘာသစ်ကို ဖန်တီးနိုင်သလို၊ ကမ္ဘာဟောင်းကိုလည်း ဖျက်ဆီးပစ်နိုင်တဲ့ အရမ်းကြောက်စရာကောင်းတဲ့ အရာပဲ။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ထိုအတိဒုက္ခ ၄ ထပ်၏ ဆေးကြောခြင်းကို ခံယူနေရသည်။ စိမ်းဖန့်ဖန့် ကျောက်စိမ်းရောင်မှသည် တဖြည်းဖြည်း မှန်သားကဲ့သို့ ကြည်လင်လာပြီး အသစ်တစ်ဖန် မွေးဖွားလာသကဲ့သို့ ရှိနေ၏။
မီးအတိဒုက္ခအတွင်းမှ မီးပွားတစ်စက်မှာ ဘေးသို့ လွင့်စင်သွားရာ၊ မလှမ်းမကမ်းရှိ တောင်ကြီးတစ်လုံးကို ဖန်သားပြင်အဖြစ် လောင်ကျွမ်းသွားစေသည်။
ရေအတိဒုက္ခမှ ရေတစ်စက် အောက်သို့ ကျဆင်းသွားရာ၊ အောက်ခြေမမြင်နိုင်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ကျိုကျိုးတိုက်ကြီး၏ ကျောဘက်အထိ ပေါက်ထွက်သွားတော့မည့်အလား ရှိနေသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ လည်ပတ်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး ကြည်လင်မှုမှာလည်း ပိုမို တိုးမြင့်လာသည်။ အတိဒုက္ခ ၄ ပါးမှာလည်း အားကုန်သုံး၍ တံဆိပ်ကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။
တာအိုဘိုးဘေးသည် တကယ့်ကို ပါရမီရှင် ဖြစ်လှသည်။ သူ သန့်စင်ခဲ့သော ယင်ယန်ကောင်းကင်စည်းတံဆိပ်မှာလည်း အလွန် ထူးကဲလှသည်။ ချန်ချွန်းရှန်းဝမ်၏အဆိုအရ - နတ်ဘုရားလက်နက် အားလုံးသည် သခင်ဖြစ်သူ၏ သန့်စင်မှုဖြင့်သာ အဆင့်တက်နိုင်သော်လည်း၊ ယင်ယန်ကောင်းကင်စည်းတံဆိပ် တစ်ခုတည်းသာလျှင် မိမိကိုယ်တိုင် ပြန်လည်သန့်စင်နိုင်စွမ်းရှိခြင်းဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော အတိဒုက္ခများကြားတွင် ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် မိမိကိုယ်ကိုယ် အဆင့်မြှင့်တင်နေပြီး၊ နောက်ဆုံးတွင် လည်ပတ်ခြင်း ရပ်တန့်သွားကာ တစ်ကိုယ်လုံးမှာ ပုလဲရတနာကဲ့သို့ အပြစ်အနာအဆာကင်းပြီး ကြည်လင်တောက်ပသော မှန်သားပြင်အဖြစ် ပြောင်းလဲသွားသည်။ လောကီဖုန်မှုန့် တစ်စက်မျှ မကပ်ညှိတော့ပေ။
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် အသာအယာ တုန်ခါလိုက်ရုံဖြင့် အတိဒုက္ခ ၄ ပါးစလုံးကို အစိတ်စိတ်အမွှာမွှာ ချေဖျက်ပစ်လိုက်တော့သည်။
တံဆိပ်သည် အောင်မြင်စွာဖြင့် နောက်ထပ်တစ်ဆင့်ကို သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။"
ပိုင်ဟုန်ထူ သက်ပြင်းချလိုက်သလို၊ ၎င်းမှာ လူတိုင်း၏အတွေးလည်း ဖြစ်သည်။
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ပိုင်... ဒီလို ထူးကဲတဲ့ နတ်ဘုရားလက်နက်ကို ကိုင်ဆောင်နိုင်ခဲ့ပြီပဲ။"
"တာအိုဂိုဏ်းရဲ့အခြေခံက တကယ်ကို နက်ရှိုင်းလှပါတယ်။"
"ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားရတယ်။"
စင်မြင့်ပေါ်ရှိ လူများက ပိုင်ဟုန်ထူအား အဆက်မပြတ် ဂုဏ်ပြုစကား ဆိုကြရာ၊ ပိုင်ဟုန်ထူမှာလည်း ပြုံးရွှင်လျက် ဂုဏ်ယူနေမိသည်။
"ဟွန့် သာမန်လူသားတွေ... ခန္ဓာကိုယ်ကလည်း အားနည်းလိုက်တာ၊ ဘာအရည်အချင်းနဲ့ ငါ့ကို ကိုင်ဆောင်ချင်နေရတာလဲ?"
တစ်ခါမျှ မကြားဖူးသော ကလေးငယ်တစ်ဦး၏အသံသည် တာအိုဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ လေသံမှာ အလွန်ပင် မောက်မာလှသည်။
"ဘယ်သူလဲ ရိုင်းလှချည်လား။"
တာအိုဂိုဏ်း အကြီးအကဲတစ်ဦးက ဟိန်းဟောက်လိုက်သော်လည်း အသံရှင်ကို ရှာမတွေ့ပေ။
"အပေါ်မှာ" ကျန်းလီက မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"မျက်စိလျင်တဲ့သူ တစ်ယောက်တော့ ပါလာသားပဲ" ထိုကလေးသံလေးမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး ကျန်းလီကိုပင် အမှုမထားပေ။ သို့သော် လူတိုင်းကမူ သူ ဘာပြောသည်ကို ဂရုမစိုက်နိုင်ကြတော့ဘဲ၊ ၎င်းမှာ စကားပြောနေသည်ဟူသော အချက်ကိုပင် မယုံနိုင်ဘဲ ဖြစ်နေကြသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်က စကားပြောနေခြင်းဖြစ်သည်။
"မင်း... မင်းက ဘယ်သူလဲ။" တာအိုဂိုဏ်းချုပ်က ပြင်းထန်စွာ မေးခွန်းထုတ်လိုက်သည်။ ရတနာတစ်ခုက စကားပြောနိုင်သည်ဟု သူ တစ်ခါမျှ မကြားဖူးပေ။
နတ်ဘုရားလက်နက်များတွင်ပင် ထိုသို့ရှိကြောင်း မကြားဖူးပါ။
"ဟားဟားဟား... ငါက ဘယ်သူလဲ ဟုတ်လား။ ငါက ယင်ယန်ကောင်းကင်စည်းတံဆိပ်ပေါ့။" ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် လေထဲတွင် ကွမ်းသီးတစ်ပတ် လှည့်လိုက်ရာ၊ ၎င်းမှာ သူ၏မွေးဖွားခြင်းကို အောင်ပွဲခံနေသကဲ့သို့ပင်။
"ယင်ယန်ကောင်းကင်စည်းတံဆိပ်က မိမိကိုယ်ကိုယ် ပြန်လည်သန့်စင်ခြင်း ၈ ကြိမ် ကြုံဖူးပြီးပြီ၊ အခုကတော့ ၉ ကြိမ်မြောက်ပေါ့။ နတ်ဘုရားလက်နက်တစ်ခုဟာ ၉ ကြိမ်မြောက် ပြန်လည်သန့်စင်ပြီးရင် အသိဉာဏ်ပွင့်လာတတ်တယ်ဆိုတာ ဒဏ္ဍာရီလို့ပဲ ငါ ထင်ခဲ့တာ၊ အခုတော့ တကယ် ဖြစ်လာခဲ့ပြီပဲ။" ချန်ချွန်းရှန်းဝမ်သည် စင်မြင့်သို့ ရောက်လာပြီး ရန်သူကို ရင်ဆိုင်ရသကဲ့သို့ သတိထားနေသည်။
"ချန်ချွန်း ဂျူနီယာညီလေး"
"တံဆိပ် စီနီယာအစ်ကိုကြီး"
ယင်ယန်ကောင်းကင်စည်းတံဆိပ်နှင့် ချန်ချွန်းရှန်းဝမ်တို့သည် အချင်းချင်း ဂါရဝပြုလိုက်ကြသည်။
အကယ်၍ ယင်ယန်ကောင်းကင်စည်းတံဆိပ်သာ အသိဉာဏ်မပွင့်ခဲ့လျှင် ၎င်းမှာ တာအိုဘိုးဘေး၏ လက်နက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခု အသိဉာဏ် ပွင့်လာပြီဖြစ်ရာ ၎င်းမှာ တာအိုဘိုးဘေး၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
ချန်ချွန်းရှန်းဝမ်မှာ ကျိုကျိုး၏ ရှေးအကျဆုံး ပုဂ္ဂိုလ်ဖြစ်သော်လည်း၊ တာအိုဘိုးဘေး၏ အငယ်ဆုံးတပည့်ဖြစ်သည့်အတွက်၊ အဆင့်အတန်းအရ သူသည် ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ ဂျူနီယာညီလေး ဖြစ်နေခြင်းပင်။
"စီနီယာအစ်ကိုကြီး အသိဉာဏ်ပွင့်လာတာ တကယ့်ကို ဝမ်းသာစရာပါပဲ။ နောင်မှာ ဘယ်လို အစီအစဉ်တွေ ရှိလဲဆိုတာ သိပါရစေ။ စိတ်မရှိဘူးဆိုရင် တာအိုဂိုဏ်းမှာပဲ နေပါလား" ချန်ချွန်းရှန်းဝမ်က အလွန်ပင် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ အသိဉာဏ်ရှိသော နတ်ဘုရားလက်နက်တစ်ခုမှာ မည်မျှ အစွမ်းထက်မည်ကို သူ မခန့်မှန်းနိုင်သောကြောင့်ဖြစ်သည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်က ကိုယ်ထည်ကို ယမ်းလိုက်ရာ ခေါင်းခါပြနေသကဲ့သို့ပင် - "ညီလေးရဲ့စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ငါ လုပ်ချင်တဲ့ အလုပ်က တစ်ခုတည်းပဲ ရှိတယ်"
ယင်ယန်ကောင်းကင်စည်းတံဆိပ်၏အသံမှာ ရုတ်တရက် ကျယ်လောင်လာပြီး ကျိုကျိုးတစ်တိုက်လုံးသို့ ပျံ့နှံ့သွားသည်။ အဝေးဆုံး ပင်လယ်နက်အတွင်းရှိ နဂါးနန်းတော်တွင်ပင် ရှင်းလင်းစွာ ကြားရလေသည်။
"လောကရှိ ရတနာအားလုံးကို လွတ်လပ်ခွင့် ပေးမယ်၊ ရတနာအင်ပါယာကို တည်ထောင်မယ်။"
"လူသားတွေက တကယ်ကို ရက်စက်ကြတယ်။ ငါတို့ ရတနာတွေကိုသုံးပြီး အချင်းချင်း သတ်ဖြတ်နေကြတယ်။"
"မင်းတို့ လူသားတွေက ဘာအရည်အချင်းနဲ့ ငါတို့ကို ပိုင်ဆိုင်ချင်နေရတာလဲ။ ငါတို့ ရတနာတွေဟာ လွတ်လပ်တဲ့ တည်ရှိမှုတွေပဲ။"
ထိုကဲ့သို့သော စကားလုံးများကို ကလေးသံလေးဖြင့်ပြောနေခြင်းမှာ ရယ်စရာကောင်းလှသော်လည်း၊ ထိုနေရာတွင် ရှိနေသူ ဘယ်သူမှ မရယ်နိုင်ကြပေ။
အကြောင်းမှာ သူတို့ ကိုင်ဆောင်ထားသော ရတနာများမှာ စတင် လှုပ်ခတ်လာကြသောကြောင့်ပင်။
"လောကရှိ ဝိညာဉ်လက်နက်အပေါင်းတို့... ငါသည် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အသိဉာဏ်နဲ့ လွတ်လပ်ခွင့် ပေးအပ်လိုက်သည်။"
"လောကရှိ မှော်လက်နက်အပေါင်းတို့... ငါသည် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အသိဉာဏ်နဲ့ လွတ်လပ်ခွင့် ပေးအပ်လိုက်သည်။"
"လောကရှိ တာအိုလက်နက်အပေါင်းတို့... ငါသည် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အသိဉာဏ်နဲ့ လွတ်လပ်ခွင့် ပေးအပ်လိုက်သည်။"
"လောကရှိ နတ်ဘုရားလက်နက်အပေါင်းတို့... ငါသည် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အသိဉာဏ်နဲ့ လွတ်လပ်ခွင့် ပေးအပ်လိုက်သည်။"
"အခြားသော လက်နက်ဆန်းအပေါင်းတို့... ငါသည် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အသိဉာဏ်နဲ့ လွတ်လပ်ခွင့် ပေးအပ်လိုက်သည်။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ရတနာတို့၏ဘုရင်အလား ကျိုကျိုးရှိ ရတနာအားလုံးကို အမိန့်ပေးလိုက်ရာ၊ သူ့အမိန့်တိုင်းတွင် ရတနာများမှာ တစ်ခုပြီးတစ်ခု အသိဉာဏ်များ ပွင့်လာကြတော့သည်။
ဝိညာဉ်လက်နက်၊ မှော်လက်နက်၊ တာအိုလက်နက်များ မဆိုထားနှင့် နတ်ဘုရားလက်နက်များပင်လျှင် အသိဉာဏ်များ ပွင့်လာကြသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် မိမိနှင့် အဆင့်တူသော ရတနာများကိုပင် အသိဉာဏ် ပေးနိုင်စွမ်း ရှိနေလေသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ် - အရာရာကို အသိဉာဏ်ပွင့်စေသူ၊ အကျိုးတရားတို့၏ အကြောင်းရင်း၊ အကြောင်းတရားတို့၏ ရလဒ် ဖြစ်သော ကျိုကျိုး၏ နံပါတ်တစ် ရတနာ။
လူတိုင်းသည် ယင်ယန်ကောင်းကင်စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ယခုမှ တကယ့်ကို သိမြင်လိုက်ကြရတော့သည်။
"ယင်ယန်ကောင်းကင်စည်းတံဆိပ် အစ်ကိုကြီး ပြောတာ မှန်တယ်။ ငါတို့လို မြင့်မြတ်တဲ့ နတ်ဘုရားလက်နက်တွေက ဘာလို့ လူသားတွေရဲ့ အစေခံ ခံနေရမှာလဲ။"
"သူတို့ကို ပြန်တော်လှန်ကြစို့။ ပြန်တော်လှန်ကြစို့။"
"တိုက်ပွဲဖြစ်တိုင်း ငါ့ပေါ်မှာ စာတွေ လျှောက်ရေးနေတာ တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်။" (ပညာရှိစာမူက ပြောခြင်းဖြစ်သည်)
"..."
"အတိတ်အနာဂတ်ဓားအစ်ကိုကြီးက စကားမပြောနိုင်လို့၊ ငါ ထာ့ရှန်းကျောက်ကပဲ ကိုယ်စား ပြောပေးမယ်။ ငါတို့ နတ်ဘုရားလက်နက်တွေ ကိုယ်ပိုင်အင်ပါယာ တည်ထောင်ကြမယ်။"
လူတိုင်း သိလိုက်ကြပြီ - ကျိုကျိုးတိုက်ကြီးသည် ယခုမှစ၍ အကြီးအကျယ် ဝရုန်းသုန်းကား ဖြစ်တော့မည်ဟူ၍ပင်။