← Chapters

အခန်း (၅၇-၅၈)

Vol. 4 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 4 Ch. 57-58

အခန်း ၅၇ ။ ခရီးစတင်ခြင်း

"မင်း တကယ်ပဲ နေရာလွတ်တာအိုမှာ အတွေ့အကြုံ ရခဲ့တာလား" ပိုင်ဟုန်ထူက မေးလိုက်သည်။ သူသည် ကျန်းလီ၏ နေရာလွတ်တာအိုပါရမီ မည်မျှအထိ ဆိုးရွားကြောင်း ကောင်းကောင်း သိထားသူ မဟုတ်လား။

"အေးဆေးပါပဲ... တခြားကမ္ဘာကို သွားနိုင်ရုံလောက်ပါပဲ" ကျန်းလီက ဘာမှမဟုတ်သကဲ့သို့ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

ပိုင်ဟုန်ထူလည်း ထပ်မံ သံသယမဝင်တော့ပေ။ ကျန်းလီသည် ဤကဲ့သို့သော ကိစ္စမျိုးတွင် နောက်ပြောင်မည်မဟုတ်မှန်း သူ သိသည်။

"ဒါလေး ယူသွားဦး" ပိုင်ဟုန်ထူသည် အဝေးရောက် ဆက်သွယ်ရေး အဆောင်စာရွက်တစ်ခုကို ထုတ်ပေးလိုက်သည်။ ပုံစံမှာ အနည်းငယ် ကွဲပြားနေ၏။

"ဒါက ဘာလဲ"

"မင်း အရင်က သုံးတာက ငါ ခန္ဓာပေါင်းစည်းခြင်းအဆင့်တုန်းက လုပ်ထားတာ။ ဒါကတော့ ငါ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ပြီးမှ အသစ်သန့်စင်ထားတဲ့ အဆောင်ပဲ။ သီအိုရီအရတော့ ကမ္ဘာတစ်ခုနဲ့ တစ်ခုကြား ဖြတ်ကျော်ပြီး ဆက်သွယ်လို့ ရရမယ်။ ဒါပေမဲ့ မစမ်းရသေးဘူး၊ တခြားကမ္ဘာရောက်ရင် စမ်းကြည့်ပေါ့"

"ပစ္စည်းကောင်းပဲ" ကျန်းလီ၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် ပိုင်ဟုန်ထူ၏စေတနာကို မငြင်းဘဲ အဆောင်ကို လက်ခံလိုက်သည်။

လူတိုင်းလည်း စိတ်အေးသွားကြသည်။ လူသားဧကရာဇ်က တခြားကမ္ဘာသို့ သွားရောက်ကာ နတ်ဘုရားလက်နက်များကို ရှာဖွေနိုင်မည်ဆိုလျှင်၊ ၎င်းတို့ကို ပြန်လည်ခေါ်ဆောင်လာနိုင်မည့် အခွင့်အရေးမှာ (၉၉) ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။

နတ်ဘုရားဘုံလှေကား မပျက်စီးမီက နတ်ဘုရားဘုံသည် ကမ္ဘာပေါင်း သောင်းခြောက်ထောင်နှင့် ဆက်သွယ်ထားခဲ့သည်။ ကျိုကျိုးသည် ထိုကမ္ဘာများထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး၊ အခြားကမ္ဘာများတွင် နတ်ဘုရားတစ်ပါးထွက်ပေါ်ရန် ခဲယဉ်းသော်လည်း၊ ကျိုကျိုးတွင်မူ နှစ်ရာဂဏန်းတိုင်းတွင် နတ်ဘုရားတစ်ပါး ထွက်ပေါ်နိုင်ခဲ့သည်။ ဤကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။

ထို့ကြောင့် ကျန်းလီ၏ဘေးကင်းမှုကို သူတို့ လုံးဝ မစိုးရိမ်ကြပေ။ ကျန်းလီအနေဖြင့် နတ်ဘုရားလက်နက်များကို ပြန်လည်သိမ်းဆည်းစဉ်အတွင်း အခြားကမ္ဘာများကို ရိုက်ခွဲပစ်မိမည်ကိုသာ စိုးရိမ်နေကြခြင်း ဖြစ်သည်။

အခြားကမ္ဘာများမှာ ကျိုကျိုးကဲ့သို့ ခိုင်ခံ့ဖို့ မသေချာဘူးမဟုတ်လား။

"ငါ မရှိခင်မှာ နယ်ပယ်ပြင်ပ နတ်ဆိုးတွေ ရောက်လာရင် တားဆီးနိုင်ဖို့ 'ကျိုကျိုး ကမ္ဘာစောင့် အစီအရင်' ကို အရင်ဆုံး အပြီးသတ်လိုက်ကြရအောင်"

"ဒါပေမဲ့ နတ်ဘုရားလက်နက်တွေက ထွက်ပြေးကုန်ပြီလေ၊ ဘယ်သူက အစီအရင်ရဲ့ ဗဟိုချက် လုပ်မှာလဲ" ပိုင်ဟုန်ထူ မျက်မှောင်ကြုတ်သွားသည်။ အကောင်းဆုံး ရွေးချယ်မှုမှာ 'ယင်ယန်ကောင်းကင်စည်းတံဆိပ်' ဖြစ်ပြီး၊ ဒုတိယမှာ အခြားနတ်ဘုရားလက်နက်များ ဖြစ်သည်။

နတ်ဘုရားလက်နက် မရှိလျှင် တာအိုလက်နက်များမှာလည်း ဤဧရာမ အစီအရင်၏ ဗဟိုချက်ဖြစ်ရန် အဆင့်မမီကြပေ။

ကျန်းလီက ထျန်းဟွမ်လှံကို ထုတ်ယူလိုက်သည် - "ဒါကို သုံးလိုက်ပါ။ ဒါက ဗဟိုချက်အဖြစ်လည်း လုပ်ဆောင်နိုင်သလို၊ နတ်ဆိုးတွေ ရောက်လာရင်လည်း မင်းတို့ကို ကာကွယ်ပေးလိမ့်မယ်"

လှံကို ထုတ်လိုက်သည်နှင့် ၎င်းမှ ထွက်ပေါ်လာသော ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ထိုလှံဖျားတွင် နယ်ပယ်ပြင်ပ နတ်ဆိုးပေါင်း မည်မျှအထိ သေဆုံးခဲ့ရတာလဲ ဆိုသည်မှာ မသိနိုင်ပေ။

အိပ်ပျော်နေသော ထျန်းဟွမ်လှံမှာ ဆတ်ခနဲ နိုးလာပြီး ကျန်းလီက သူ့အား ချန်ထားရစ်မည်မှန်း သိသွားသောအခါ ငိုသံပါကြီးဖြင့် - "အစ်ကိုကြီးကျန်း... ဒီလို မလုပ်ပါနဲ့။ ကျွန်တော့်ကို ကျိုကျိုးမှာ ချန်ထားခဲ့ရင် ဘယ်သူက ခင်ဗျားအတွက် ရှေ့တန်းက တိုက်ပေးမှာလဲ" ဟု ညည်းတွားတော့သည်။

လူတိုင်း အံ့သြသွားကြသည်။ ဤလက်နက်တွင်လည်း အသိဉာဏ် ရှိနေပါလား။ ခုနက ရတနာအားလုံး လှုပ်ခတ်နေစဉ်တွင် ထျန်းဟွမ်လှံမှာ ဘာမှမဖြစ်ဘဲ ငြိမ်နေသဖြင့် ယင်ယန်ကောင်းကင်စည်းတံဆိပ်က သူ့အား အသိဉာဏ် မပေးနိုင်ခဲ့ဟု သူတို့ ထင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းလီသည် ဤလှံနှင့် အတူနေလာသည်မှာ ကြာပြီဖြစ်ရာ၊ ၎င်းမှာ အလုပ်မလုပ်ချင်ဘဲ သိုလှောင်လက်စွပ်ထဲတွင် အေးဆေး အိပ်ချင်နေမှန်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည် - "ဒါဆိုလည်း ငါတို့ နေရာချင်း လဲကြမလား။ ငါက ကျိုကျိုးမှာ နေခဲ့မယ်၊ မင်းက နတ်ဘုရားလက်နက်တွေ သွားရှာမလား?"

"မလုပ်ပါဘူး... မလုပ်ပါဘူး။ ကျွန်တော် ဗဟိုချက်ပဲ လုပ်ပါတော့မယ်" ထျန်းဟွမ်လှံက ချက်ချင်း ငြင်းလိုက်သည်။

နောက်နေတာလား... သူက သာမန် လက်နက်ဆန်း တစ်ခုမျှသာ ရှိသေးသည်။ မာကျောတာကလွဲရင် ဘာမှမဟုတ်ဘူး။ ဟိုဘက်က ဆန်းပြားတဲ့ နတ်ဘုရားလက်နက် အစ်ကိုကြီးတွေကို သူ ဘယ်လို သွားတိုက်နိုင်ပါ့မလဲ။

ရက်အနည်းငယ်အကြာတွင် ကျိုကျိုး၏ အရပ်လေးမျက်နှာမှ စတင်ကာ မမြင်နိုင်သော 'ကမ္ဘာစောင့် အစီအရင်' ကြီးသည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး၊ ကျိုကျိုး၏ ဗဟိုချက်ဖြစ်သော လူသားဧကရာဇ်နန်းဆောင်အထက်တွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

ထိုခဏတွင် သာမန်ကျင့်ကြံသူများသည် အစီအရင်ကို မမြင်ရသော်လည်း၊ ထူးခြားသော ဘေးကင်းလုံခြုံမှု ခံစားချက်မျိုးကို ခံစားလိုက်ကြရသည်။

ပိုင်ဟုန်ထူကမူ မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်သည် - "ထင်တဲ့အတိုင်းပဲ... ဘာ ကုသိုလ်တော်မှ ကျမလာဘူးပဲ"

...

ကျိုကျိုး၏ဘေးကင်းမှုကို အာမခံချက် ရရှိပြီးနောက်မှသာ ကျန်းလီသည် စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့သည်။

ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် အလွန်အရေးကြီးသဖြင့် ၎င်းကို အရင်ဆုံး ရှာဖွေရမည် ဖြစ်သည်။

ကျန်းလီသည် စနစ်အား ကူးပြောင်းခြင်း လိုဏ်ခေါင်းကို တည်ဆောက်ခိုင်းပြီး၊ ပိုင်ဟုန်ထူတို့ကဲ့သို့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်များကိုပါ ခေါ်သွားရန် ကြိုးစားခဲ့သည်။

သို့သော် ပိုင်ဟုန်ထူ ဖြစ်စေ၊ ရွှေမီတောင် ဘုန်းကြီးအိုဖြစ်စေ ထိုလိုဏ်ခေါင်းကို မမြင်ကြပေ။ ကျန်းလီက ထိုနေရာသို့ လှမ်းဝင်ရန် ပြောသော်လည်း သူတို့မှာ နားမလည်ဘဲ လျှောက်ကြည့်ရုံသာ ရှိပြီး၊ အခြားကမ္ဘာသို့ ရောက်မသွားကြပေ။

ကျန်းလီ သက်ပြင်းချလိုက်မိသည်။ စနစ်၏ နေရာလွတ်ကူးပြောင်းခြင်း အတတ်မှာ အလွန်ပင် မြင့်မားလှရာ လက်ရှိ သူ့အဆင့်နှင့် နားလည်နိုင်စွမ်း မရှိသေးပေ။

ကျန်းလီသည် လိုဏ်ခေါင်းအတွင်းသို့ လှမ်းဝင်လိုက်ပြီး အမည်မသိ ကမ္ဘာသစ်သို့ ရောက်ရှိသွားခဲ့သည်။

"ဟင်? ဒီမှာ ဝိညာဉ်စွမ်းအားတွေက ဒီလောက်တောင် ပေါများတာလား" ကျန်းလီ အံ့သြသွားမိသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအား သိပ်သည်းဆမှာ ကျိုကျိုးထက် အနည်းငယ်သာ နိမ့်ကျပြီး၊ ၎င်းမှာ အလွန်ပင် တွေ့ရခဲသော အခြေအနေ ဖြစ်သည်။

ယခင်က မီးခိုးရောင် ကမ္ဘာပျက်ကြီးနှင့် မတူဘဲ၊ ဤကမ္ဘာမှာ သက်ရှိများဖြင့် ပြည့်နှက်နေသည်။ ကျန်းလီသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ၊ သူ ရှာဖွေတွေ့ရှိသည့် အစိတ်အပိုင်းလေး တစ်ခုတည်းနှင့်ပင် ရင်းနှီးမှုရော၊ စိမ်းသက်မှုပါ ခံစားလိုက်ရသည်။

ရင်းနှီးမှုမှာ - ဤနေရာသည် လူသားများ အဓိက အုပ်စိုးသော သိပ္ပံနှင့် နည်းပညာခေတ် ဖြစ်နေခြင်းကြောင့်ဖြစ်ပြီး၊ စိမ်းသက်မှုမှာ - နည်းပညာ အဆင့်အတန်းမှာ အလွန်မြင့်မားလှသောကြောင့် ဖြစ်သည်။ မိုးပျံကားများ၊ AI (ဉာဏ်ရည်တု) များ၊ မက်ခါစစ်သည်တော်များနှင့် ကွန်ပျူတာ အဆင့်မြင့် စနစ်များစွာ ရှိနေသည်။

မပြန်ခင်မှာတော့ ဒီကမ္ဘာက လက်ဆောင်ပစ္စည်းလေးတွေ ဝယ်သွားရမယ်ဟု ကျန်းလီက ပေါ့ပေါ့ပါးပါး တွေးလိုက်မိသည်။

သို့သော် ၎င်းမှာ အဓိက မဟုတ်ပေ။ ယခု အရေးကြီးဆုံးမှာ ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ရှာရန် ဖြစ်သည်။

ကျန်းလီသည် ကောင်းကင်မြင့် အဆောက်အအုံကြီးတစ်ခု၏ အပေါ်ဆုံးထပ်တွင် ဆင်းသက်လိုက်သည်နှင့် သူ၏ အဝေးရောက် ဆက်သွယ်ရေး အဆောင်စာရွက်မှာ တုန်ခါလာတော့သည်။

မကြည့်ဘဲနှင့်ပင် ပိုင်ဟုန်ထူမှန်း သိသဖြင့်၊ ကျန်းလီသည် စိတ်ပျက်သော မျက်နှာပေးဖြင့် အဆောင်ကို ဖွင့်လိုက်သည်။

"ကျန်း... ကျန်းလီ၊ ရှင် တခြားကမ္ဘာကို ဘေးကင်းကင်းနဲ့ ရောက်သွားပြီလား"

ဆက်သွယ်လာသူမှာ သူတော်စင်ကျန့်ရှင်း ဖြစ်နေသည်။

ကျန်းလီသည် ချက်ချင်းပင် စိတ်ပျက်သော မျက်နှာကို နူးညံ့သော အပြုံးအဖြစ် ပြောင်းလဲလိုက်ပြီး - "အင်း... ဘေးကင်းပါတယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုကို ရောက်နေတာ" ဟု ပြန်ဖြေလိုက်သည်။

"ကြည့်စမ်း... ငါ ပြောသားပဲ၊ သူက ငါ့ကိုကျမှ မျက်နှာကြီး ပုပ်နေတာ" ပိုင်ဟုန်ထူက ဘေးကနေ ခေါင်းပြူထွက်လာပြီး၊ အဆောင်မန္တာန်မှတစ်ဆင့် ကျန်းလီ၏နောက်မှ မြင်ကွင်းကို ကြည့်ကာ အံ့သြနေသည် - "ဒါက တခြားကမ္ဘာလား? ဟို သံသေတ္တာကြီးတွေက ဝိညာဉ်စွမ်းအား မပါဘဲနဲ့ ဘယ်လို ရွေ့နေတာလဲ"

"အဆောက်အအုံတွေကလည်း အရမ်းမြင့်တာပဲ။ ဒီကမ္ဘာက လူတွေက အမြင့်ပိုင်းမှာ နေရတာ ဝါသနာပါကြတာလား"

"နှမြောစရာပဲ... ငါတို့ သွားလို့မရဘူး ဖြစ်နေတယ်။ မဟုတ်ရင်တော့ အဲ့ဒီမှာ လမ်းလျှောက်ကြည့်ချင်လိုက်တာ"

"ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ တရားတွေ ဟောဖို့ တကယ့်ကို သင့်တော်တဲ့ နေရာပဲ"

"လူသားဧကရာဇ်ကျန်း... ကျွန်တော်တို့ နဂါးနန်းတော်က နဂါးပုလဲကို ရှာဖို့ ရောက်နေတာလား"

"ဘာတွေပြောနေတာလဲ၊ လူသားဧကရာဇ်က ငါတို့ ဖုန်လိုင်နတ်ကျွန်းက ထာ့ရှန်းကျောက်ကို လာရှာတာ နေမှာပါ"

"ဟိုက ဆယ်မီတာလောက်မြင့်တဲ့ သံလူသားကြီးက ဘာလဲဟင်။ ငါတို့ 'ဖာရှန်းဂိုဏ်း' ရဲ့ ကိုယ်ပွားတွေနဲ့ တူလိုက်တာ၊ ဒါပေမဲ့ ငါတို့ ကိုယ်ပွားတွေလောက်တော့ မမာလောက်ဘူး ထင်တယ်"

"ဘာတွေ မင်းတို့ ကိုယ်ပွားနဲ့ တူတာလဲ၊ ငါတို့ ဗုဒ္ဓဘာသာရဲ့ '၁၆ ပေ ရွှေကိုယ်ထည်' နဲ့ ပိုတူတာပါ"

ပိုင်ဟုန်ထူ တင်မကဘဲ အခြားသော ဂိုဏ်းချုပ်များပါ ဘေးကနေ ခေါင်းပြူထွက်လာကြပြီး၊ ကမ္ဘာသစ်ကို စပ်စုနေကြတော့သည်။ ဂိုဏ်းကြီး ၆ ဂိုဏ်းထဲမှ အမြဲတမ်း လူမသိသူမသိ နေတတ်သော ဖာရှန်းဂိုဏ်းပင် ပါဝင်နေ၏။

ကျန်းလီသည် ဤလူအားလုံးထဲတွင် သူတော်စင်ကျန့်ရှင်း တစ်ဦးတည်းသာ သူ၏ ဘေးကင်းမှုကို အမှန်တကယ် စိုးရိမ်နေကြောင်း ခံစားလိုက်ရသည်။

တက်ကြွစွာ ဆွေးနွေးနေကြသော ဂိုဏ်းချုပ်များကို ကြည့်ရင်း၊ ကျန်းလီသည် မိမိကိုယ်မိမိ အဘိုးအဘွား ခရီးသွားအဖွဲ့ကြီးကို ကမ္ဘာသစ်သို့ ခေါ်လာမိသကဲ့သို့ ခံစားရပြီး၊ ဆူညံလွန်းသဖြင့် ခေါင်းပင် ကိုက်လာရသည်။

သူ့ကို အဖော်လုပ်ပေးကြသည်မှာ ကျေးဇူးတင်စရာ ဖြစ်သော်လည်း၊ ကျန်းလီသည် ဆက်သွယ်ရေး အဆောင်ကို ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားတော့သည်။

အဝေးရောက် ဆက်သွယ်ရေး အဆောင်အသစ်မှာ တကယ်ကို အသုံးဝင်လှသည်။ ပိုင်ဟုန်ထူသည် ယခင်ကကဲ့သို့ တိုက်ရိုက် ဆက်သွယ်၍ မရတော့ပေ။

ကျန်းလီသည် ဤကမ္ဘာ မည်မျှ ကျယ်ဝန်းသည်ကို မသိရသေးသော်လည်း၊ လက်ရှိ အခြေအနေအရ ကျိုကျိုး၏ ပြည်နယ်တစ်ခုထက်မနည်း ကျယ်ဝန်းမည်မှာ သေချာသည်။

၎င်းပြင် ဤကမ္ဘာသည် ကျိုကျိုးကဲ့သို့ပင် ပြန့်ပြူးသော ကုန်းမြေပုံစံ ဖြစ်သည်။

ရှေးဟောင်းမှတ်တမ်းများအရ သက်ရှိများ ရှင်သန်နိုင်သော ကမ္ဘာ နှစ်မျိုး ရှိသည်ဟု ကျန်းလီ သိထားသည်။ တစ်မျိုးမှာ ဂြိုဟ်များစွာရှိပြီး တစ်ခုနှင့်တစ်ခု အလှမ်းဝေးသော ကမ္ဘာဖြစ်ပြီး၊ အခြားတစ်မျိုးမှာ ပြန့်ပြူးသော ကုန်းမြေကြီးတစ်ခုတည်းရှိသည့် ကမ္ဘာ ဖြစ်သည်။ ကုန်းမြေပုံစံ ကမ္ဘာသည် ဂြိုဟ်များထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ကျယ်ဝန်းတတ်သည်။

ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ဤနေရာတွင် ရှာရန်မှာ အချိန်ယူရပေလိမ့်မည်။

သို့သော်... ကျန်းလီသည် ကောင်းကင်ယံတွင် ငိုယိုရင်း ရမ်းသန်း ပျံသန်းနေသော ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို ချက်ချင်းပင် လှမ်းမြင်လိုက်ရလေတော့သည်။

***

wunzinnosp

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

အခန်း ၅၈ ။ တာအိုဘိုးဘေးက ဒီမှာရှိနေတာလား?

ကျန်းလီသည် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို တကူးတက လိုက်ရှာနေရန် မလိုခဲ့ပေ။ ဘာကြောင့်ဆိုသော် ထိုတံဆိပ်သည် အလွန်ပင် သိသာထင်ရှားလွန်းနေသောကြောင့်ဖြစ်သည်။

ကျောက်စိမ်းတံဆိပ်တစ်ခုသည် ကုန်းမြေကြီး၏ ကောင်းကင်ယံ၌ ပျံသန်းနေရင်း အသံကုန် ဟစ်အော်ငိုယိုနေ၏။ ၎င်း၏ ငိုသံမှာ အလွန်ကျယ်လောင်လှသဖြင့် မိုင်ပေါင်း ရာနှင့်ချီသော အကွာအဝေးမှပင် ကြားနေရသည်။ ၎င်းသည် တစ်စုံတစ်ခုကို လိုက်ရှာနေသကဲ့သို့ အလွန်နှေးကွေးစွာ ပျံသန်းနေခြင်း ဖြစ်သည်။

ကျန်းလီ၏ နတ်ဘုရားအာရုံနယ်ပယ်ထဲ ရောက်လာသောအခါ တံဆိပ်က "ဆရာကြီးရယ်... ကျွန်တော့်ကို လာကယ်ပါဦး" ၊ "လူတစ်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေတယ်" ၊ "စီနီယာညီလေး ချန်ချွန်းကလည်း ဘေးကနေ ဒီအတိုင်း ကြည့်နေတယ်" ၊ "ဆရာကြီးဆီ သွားတိုင်မယ်" ၊ "ဆရာကြီး ဘယ်မှာလဲဟင်" စသည်ဖြင့် အော်ဟစ်နေသည်များကို ကြားလိုက်ရသည်။

ကြည့်ရသည်မှာ ၎င်းသည် ကျိုကျိုးမှ ထွက်ပြေးလာကတည်းက အခုထိ မနားတမ်း ငိုနေပုံရသည်။

ဤဘက်ကမ္ဘာနှင့် ကျိုကျိုး၏ အချိန်စီးဆင်းမှု တူညီမည်ဆိုပါက ဤတံဆိပ်သည် ငါးရက်တိုင်တိုင် ငိုနေခဲ့ခြင်းဖြစ်သည်။

ကျန်းလီသည် တံဆိပ်၏ဘေးသို့ ပျံသွားပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။

"မငိုနဲ့တော့။"

ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ကျန်းလီကို မြင်လိုက်ရသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးပါတော့သည်။

၎င်းသည် နေရာလွတ်ကို ဖြတ်ကူးနိုင်သော ဗြဟ္မာမျှော်စင် မဟုတ်သဖြင့် ကျန်းလီက ချက်ချင်းပင် အမီလိုက်ကာ လက်ဖြင့် ဖမ်းဆုပ်ထားလိုက်သည်။

"မကောင်းဆိုးဝါး။ လူယုတ်မာ။ လွှတ်စမ်း။"

ယင်ယန်ကောင်းကင်စည်းတံဆိပ်က တရစပ် ဆဲဆိုသော်လည်း ၎င်းတတ်သော ဆဲစကားမှာမူ ဤသုံးခွန်းထဲ၌ပင် လည်နေသည်။

တံဆိပ်ကို ရှာတွေ့ပြီဖြစ်ရာ ကျန်းလီသည် ၎င်းကို ကျိုကျိုးသို့ တန်းခေါ်သွားရန် စိတ်ကူးထားသည်။ ဤကမ္ဘာသစ်အကြောင်းကိုမူ နောက်မှ အေးအေးဆေးဆေး လေ့လာ၍ ရသည်မဟုတ်လား။ တံဆိပ်က ထွက်ပြေးနိုင်သော်လည်း ကမ္ဘာကြီးကမူ ထွက်ပြေး၍ မရပေ။

တံဆိပ်သည် ၎င်းအား ကျိုကျိုးသို့ ပြန်ခေါ်တော့မည်မှန်း သိသွားသောအခါ ခြိမ်းခြောက်လိုက်သည်။

"ငါ့ဆရာကြီးကို ဒီမှာ ရှာတွေ့တာနဲ့... မင်းကို အသေအလဲ ဆုံးမခိုင်းမယ်၊ ကြည့်နေလိုက်။"

ကျန်းလီ မျက်မှောင်ကြုတ်သွားသည်။ တံဆိပ်၏ စကားထဲတွင် ထူးဆန်းသောအချက်တစ်ခု ပါဝင်နေသောကြောင့် ဖြစ်သည်။

"မင်းပြောချင်တာက တာအိုဘိုးဘေးက ဒီကမ္ဘာမှာ ရှိနေတာလား"

ယင်ယန်ကောင်းကင်စည်းတံဆိပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောသည်။

"ဟဲဟဲ... ငါက မျှော်စင်လေးကို ဒီအတိုင်း ရမ်းသန်းပြီး ကမ္ဘာရှာခိုင်းတယ် ထင်နေလား။ ငါ့ရဲ့ ကံတရားစွမ်းအား နဲ့ ဆရာကြီးရဲ့ခြေရာကို အစောကြီးကတည်းက ရှာတွေ့ထားတာ။ သူ ဒီကမ္ဘာမှာ ရှိနေတယ်။

ကြောက်သွားပြီမလား၊ ကြောက်ရင် ငါ့ကို အခုချက်ချင်းလွှတ်။ ဒါဆိုရင် ဆရာကြီးနဲ့ တွေ့တဲ့အခါ မင်းအကြောင်း မကောင်းမပြောပေးဘူး။

ဆရာကြီးက ငါ့ကို ဘယ်လောက်ချစ်လဲ မင်းမသိပါဘူး။ ငါ့ကို သန့်စင်ပြီးကတည်းက နေ့တိုင်း လက်ပေါ်တင်ထားပြီး အမြဲတမ်း တမြတ်တနိုး ကိုင်ထားတာ။"

ကျန်းလီကမူ စိတ်ထဲမှ တွေးနေမိသည်။ ငါလည်း အခု မင်းကို လက်ထဲမှာ တမြတ်တနိုး ဆုပ်ထားတာပဲလေ။

သူက တံဆိပ်ကို အဖြစ်မှန်ဖြင့် ရိုက်ချလိုက်သည်။

"မင်း ဒီမှာ ငါးရက်လုံးလုံး ငိုနေတာတောင် တာအိုဘိုးဘေးက မင်းကို လာရှာတာ မတွေ့ပါဘူးလား"

ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် စစ်ရှုံးသော စစ်သားတစ်ယောက်ကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားပြီး တိုးတိုးလေး ညည်းတွားရှာသည်။

"ဖြစ်နိုင်တာက... ဖြစ်နိုင်တာက ဆရာကြီးက တရားထိုင်နေလို့ ဖြစ်မှာပါ"

"မင်းက ဆရာကြီးရဲ့ ကံတရားကို ခံစားမိတယ်ဆိုရင် တိတိကျကျ နေရာမရှာနိုင်ဘူးလား"

တံဆိပ်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။

"ကျိုကျိုးကနေ ထွက်လာလို့ ထင်ပါရဲ့၊ ကံတရားကို ထိန်းချုပ်တာ မတိကျတော့ဘူး။ အခုတော့ တစ်ကမ္ဘာလုံးမှာ ဆရာကြီးရဲ့ ကံတရားတွေ ပြန့်နှံ့နေသလိုပဲ ငါ ခံစားနေရတယ်"

"တာအိုဘိုးဘေးရဲ့ ပစ္စည်းတစ်ခုခု ဒီမှာ ရှိနေလို့ မင်းက ဆရာကြီး ရှိနေတယ်လို့ အထင်မှားတာ မဖြစ်နိုင်ဘူးလား"

"မဖြစ်နိုင်တာ။ ဆရာကြီး ကိုယ်တိုင် ဒီမှာ ရှိနေတာ သေချာတယ်။ ဒါကိုတော့ ငါ ဘယ်တော့မှ မမှားဘူး။"

ယင်ယန်ကောင်းကင်စည်းတံဆိပ်က ခိုင်ခိုင်မာမာ ပြောဆိုသည်။

"ဆရာကြီးရဲ့ ကံတရားက ဘယ်နေရာမှာ အားအကောင်းဆုံးလဲ"

"ဒီကုန်းမြေတစ်ခုလုံးမှာပဲ"

တံဆိပ်က ပြောရင်းဖြင့် ထပ်မံ ငိုယိုပြန်သည်။

"အစကတော့ တစ်ကုန်းမြေလုံးကို ပျံပြီး ငိုရှာမလို့ပဲ၊ ဒါပေမဲ့ တစ်ဝက်တောင် မရောက်သေးဘူး မင်းလက်ထဲ မိသွားတာလေ"

ကျန်းလီ ခေါင်းခါလိုက်သည်။

"မင်းရဲ့ နည်းလမ်းက အလုပ်မဖြစ်ဘူး။ တာအိုဘိုးဘေးရဲ့ကျင့်ကြံမှုက ကောင်းကင်ကိုတောင် ထိနေတာ၊ မင်းကို တွေ့ချင်ရင် အစောကြီးကတည်းက တွေ့ပြီးသား ဖြစ်မှာ။ အခုက သူ မင်းကို တမင် မတွေ့ချင်တာ သိသာနေတာပဲ"

"ဒါဆို ဘာလုပ်ရမလဲ"

ယင်ယန်ကောင်းကင်စည်းတံဆိပ်လည်း ကျန်းလီ ပြောသည်မှာ မှန်ကန်ကြောင်း သိသော်လည်း ဝန်မခံချင်သေးပေ။

"ကံကောင်းတာက ငါ့ရဲ့ ကျင့်ကြံမှုကလည်း မဆိုးလှဘူး။ တာအိုဘိုးဘေးကို ရှာဖို့ ငါ မင်းကို ကူညီပေးမယ်"

ယင်ယန်ကောင်းကင်စည်းတံဆိပ်က မရှာခိုင်းလျှင်ပင် ကျန်းလီသည် တာအိုဘိုးဘေးကို ရှာဖွေမည်သာ ဖြစ်သည်။

နတ်ဘုရားဘုံသို့ တက်လှမ်းသွားရမည့် တာအိုဘိုးဘေးသည် ဘာကြောင့် ဤကမ္ဘာတွင် ရှိနေရတာလဲ။ အနားယူလိုလျှင်ပင် သူ မွေးဖွားရာ ဇာတိဖြစ်သော ကျိုကျိုးသို့သာ ပြန်ရမည် မဟုတ်လား။

ဤနေရာရှိ ဝိညာဉ်စွမ်းအားများသည် ကျိုကျိုးနှင့် ဆင်တူနေသဖြင့် တာအိုဘိုးဘေးက အသက်ကြီး၍ မျက်စိမှုန်ကာ ဤနေရာကို ကျိုကျိုးဟု အထင်မှားနေခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ပြင် ကျန်းလီ၏အလိုလိုသိစိတ်က ပြောနေသည်မှာ တာအိုဘိုးဘေးသည် နတ်ဘုရားဘုံ မည်သည့်နေရာ၌ ရှိသလဲဆိုသည်နှင့် နတ်ဘုရားဘုံတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသလဲ ဆိုသည်ကို သေချာပေါက် သိရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။

ချန်ချွန်းရှန်းဝမ်၏ အဆိုအရ နယ်ပယ်ပြင်ပ နတ်ဆိုးများကို တားဆီးရန်မှာ နတ်ဘုရားဘုံ၏ တာဝန် ဖြစ်သည်။ ယခု နတ်ဆိုးများ ပေါ်ပေါက်လာသည်ဆိုကတည်းက နတ်ဘုရားဘုံ၌ တစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာလှသည်။

ယင်ယန်ကောင်းကင်စည်းတံဆိပ်သည်လည်း ကျန်းလီ၏အစွမ်းကို သိရှိထားသည်။ တာအိုဘိုးဘေးနှင့် မယှဉ်နိုင်သော်လည်း ၎င်း၏ အကူအညီပါလျှင် တစ်ယောက်တည်း ရမ်းရှာနေခြင်းထက် ပို၍ ကောင်းမည်မှာ အမှန်ပင်။

"တာအိုဘိုးဘေးကို ရှာတွေ့သွားရင် မင်း ငါနဲ့အတူ ကျိုကျိုးကို ပြန်လိုက်ရမယ်နော်"

တံဆိပ်က ချက်ချင်း သဘောတူလိုက်သည်။ သို့သော် ၎င်း၏စိတ်ထဲ၌မူ - ဆရာကြီးကို ရှာတွေ့သွားရင် ဆရာကြီး၏ ရှေ့မှောက်မှာ ရှင့်ဘာသာရှင် ငါ့ကို ဘယ်လိုပြန်ခေါ်သွားမလဲ ကြည့်ကြသေးတာပေါ့ ဟု တွေးနေ၏။

...

ကျန်းလီနှင့် ယင်ယန်ကောင်းကင်စည်းတံဆိပ်တို့သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ စည်ကားလှသော မြို့ပြကြီးတစ်ခုအတွင်းသို့ ပေါ်ပေါ်ထင်ထင် ဆင်းသက်လိုက်ကြသည်။

ထူးဆန်းသည်မှာ သူတို့၏လုပ်ရပ်သည် ဤကမ္ဘာ၌ ရိုးအီနေ၍လား၊ သို့မဟုတ် အခြား အကြောင်းရင်းကြောင့်လား မသိရသော်လည်း ပျံသန်းနေသော လူတစ်ဦးနှင့် ပျံသန်းနေသော တံဆိပ်တစ်ခုကို ဘယ်သူကမျှ အထူးအဆန်းလုပ်၍ ဝိုင်းမကြည့်ကြပေ။

ကျန်းလီက နတ်ဘုရားအာရုံဖြင့် ဤပတ်ဝန်းကျင်ကို စကန်ဖတ်ကြည့်သောအခါမှ သတိထားမိလိုက်သည်။ ဤကမ္ဘာရှိ လူများသည် အလွန်ထူးဆန်းပြီး သူတို့၌ စိတ်ခံစားချက်ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်သည်။ လူတိုင်းသည် မိမိ၏တာဝန်ကိုသာ အလေးအနက် ထမ်းဆောင်နေကြပြီး ပြင်ပလောက အကြောင်းအရာများကို စိတ်မဝင်စားကြပေ။ သူတို့၏ စကားဝိုင်းများသည်လည်း အလုပ်ကို မည်သို့ ပိုမိုထိရောက်အောင် လုပ်ဆောင်မလဲ ဆိုသည်များသာဖြစ်ပြီး အတင်းအဖျင်းများ၊ သတင်းများ၊ တိုင်းပြည်ရေးရာများကို လုံးဝ စိတ်မဝင်စားကြပေ။

အနားယူခြင်းသည်လည်း နောက်ထပ် အလုပ်ပိုမိုလုပ်နိုင်ရန်အတွက်သာ ဖြစ်သည်။ သူတို့၌ မည်သည့် ခံစားချက်မျှ မရှိကြပေ။ ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဝတ္ထုနှင့် ကာတွန်းဖတ်ခြင်းမျိုးလည်း လုံးဝ မရှိကြပါ။

ဆရာဝန်က ခွဲစိတ်ခြင်းကိုသာ အာရုံစိုက်ပြီး လူနာ ရှင်မလား သေမလားဆိုသည့် ရလဒ်အပေါ် မည်သည့် ခံစားချက်မျှ မရှိဘဲ ဆရာဝန်တစ်ဦး၏ တာဝန်ကိုသာ ထမ်းဆောင်နေသည်။ မင်းသားက သရုပ်ဆောင်နေစဉ်အတွင်း ခံစားချက်များ ပြည့်နှက်နေသော်လည်း ရိုက်ကူးရေး ပြီးဆုံးသွားသည်နှင့် မျက်နှာသေကြီး ပြန်ဖြစ်သွားပြန်သည်။ နာ့စ်မလေးက မွေးကင်းစကလေးကို အာဟာရဖြည့်ကန်ထဲမှ ချီထုတ်လာသောအခါ၌လည်း သက်ရှိသစ်လေးအတွက် ဝမ်းသာခြင်း မရှိသလို၊ ကလေးငို၍ စိတ်ညစ်ခြင်းမျိုးလည်း မရှိပေ။

လမ်းမပေါ်၌ သွားလာနေသော လူများသည်လည်း သူတို့ သွားလိုသည့်နေရာသို့ ရောက်ရှိရန်သာ စဉ်းစားနေကြသည်။ လမ်း၌ ဘာဖြစ်နေသလဲ၊ ဘယ်သူ ပျံနေသလဲ၊ သို့မဟုတ် လူသတ်မှု ဖြစ်နေသလဲ... သူတို့နှင့် မဆိုင်သကဲ့သို့ ရှိနေကြသည်။

ထိုအကြောင်းကြောင့်ပင် ဤကမ္ဘာရှိ လူများ၏ ဝတ်စုံများသည်လည်း တစ်ပုံစံတည်း ဖြစ်နေ၏။ ငွေဖြူရောင် ဝတ်စုံများချည်းသာ ဖြစ်သည်။ ကျန်းလီက နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်သောအခါ ထိုဝတ်စုံများအတွင်း၌ ရှုပ်ထွေးလှသော လျှပ်စစ်ပတ်လမ်းများ ပါဝင်နေပြီး၊ လေးလံသော ပစ္စည်းများကို မနိုင်အောင် ကူညီပေးခြင်း၊ အပူအအေး ညှိပေးခြင်းနှင့် ပင်ပန်းမှုကို လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း တွေ့ရသည်။

စားသော အစားအသောက်များမှာလည်း မည်သည့် အရသာမျှမရှိသော အာဟာရဖြည့်စာများဖြစ်ပြီး တစ်နေ့လျှင် တစ်နပ်သာ စားရန် လိုအပ်သည်။

အေးစက်ခြောက်ကပ်ပြီး စိတ်ခံစားချက်မဲ့သော နည်းပညာကမ္ဘာ... ဤသည်မှာ ကျန်းလီ ဤကမ္ဘာအပေါ် ရရှိသော ပထမဆုံး အထင်အမြင်ပင် ဖြစ်သည်။

သက်ရှိများတွင် ခံစားချက်မရှိခြင်းမှာ ဖြစ်နိုင်ပါ့မလား။ ကျန်းလီ မယုံကြည်ပေ။

ကျန်းလီက လူအချို့ကို နတ်ဘုရားအာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်သလို၊ ကလေးမွေးဖွားသည့် ဖြစ်စဉ်ကိုပါ လေ့လာကြည့်သောအခါတွင်မူ အဖြေကို ရှာတွေ့သွားသည်။

လူများသည် သူတို့၏ မျိုးပွားဆဲလ်များကို ဆေးရုံသို့ ပေးပို့ကြသည်။ ဆေးရုံက ထိုဆဲလ်များအတွင်းရှိ မျိုးဗီဇများကို ပြောင်းလဲပစ်ပြီး စိတ်ခံစားချက်ဖြစ်စေသော ဗီဇများကို ဖျောက်ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှ အကောင်းဆုံးများကို ရွေးချယ်ပြီး အာဟာရရည်ထဲ၌ သန္ဓေသားကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤကလေးများသည် မွေးလာကတည်းက စိတ်ခံစားချက် မရှိကြခြင်း ဖြစ်သည်။ သူတို့ ငိုသည်ဆိုသည်မှာလည်း အသက်ရှူလမ်းကြောင်း ပွင့်သွားအောင် လုပ်ဆောင်သော သဘာဝတုံ့ပြန်မှု သက်သက်သာဖြစ်သည်။

ကျန်းလီ နားမလည်နိုင်သည်မှာ ဤကမ္ဘာရှိ လူများသည် ဘာကြောင့် မိမိတို့ကိုယ်ကို တမင်တကာ ခံစားချက်မဲ့အောင် လုပ်ဆောင်နေကြသနည်း ဆိုသည်ပင်။ ဤသည်မှာ တစ်ခုခုတော့ အကြောင်းရင်း ရှိရပေမည်။

"ဆရာကြီးက ဘာလို့ ဒီလိုကမ္ဘာမျိုးမှာ ရှိနေရတာလဲ"

ယင်ယန်ကောင်းကင်စည်းတံဆိပ်လည်း နားမလည်နိုင် ဖြစ်နေရှာသည်။ ၎င်းသည် အသိဉာဏ် မပွင့်ခင်ကတည်းက ပြင်ပလောကကို မရေမရာ သိရှိနေခဲ့ခြင်းဖြစ်သည်။

၎င်း၏ မှတ်ဉာဏ်ထဲ၌မူ ဆရာကြီးသည် စိတ်အလိုအတိုင်း ပျော်ပျော်နေတတ်သောသူ၊ ချစ်ခြင်း မုန်းခြင်းများကို မဖုံးကွယ်တတ်သောသူ ဖြစ်သည်။ ဤကမ္ဘာရှိ လူများသည် ဆရာကြီး၏ အယူအဆများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်မဟုတ်လား။

"စာကြည့်တိုက်ကို သွားရအောင်"

စာကြည့်တိုက်သို့ သွားပြီး စာအုပ်များကို နတ်ဘုရားအာရုံဖြင့် တစ်ခါတည်း စကန်ဖတ်လိုက်လျှင် ဤကမ္ဘာအကြောင်းကို အကုန် သိရှိသွားမည်မှန်း ကျန်းလီ သိရှိသည်။

သို့သော် သူသည် မြို့တစ်မြို့လုံးကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံပြီး ရှာကြည့်လိုက်သောအခါတွင်မူ... စာအုပ်များ သိုလှောင်ထားသော နေရာဟူ၍ လုံးဝ ရှာမတွေ့ခဲ့ပါလေ။

All Chapters