ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်စဉ်
Vol. 6 Ch. 516
ရဟန်းမင်းကြီးသည် ဆန်းလျန်က ထိုသို့ စတင်တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိပေ။ သို့သော်လည်း သူက ဆန်းလျန်တိုက်ခိုက်လာလျှင် ခုခံကာကွယ်ရန် အသင့်ပြင်ထားပြီးသား ဖြစ်လေသည်။ အစစအရာရာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီးမှသာ သူက ဆန်းလျန်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် ရဟန်းမင်းကြီးတို့ရောက်ရှိနေရာ စစ်ဝမ်မင့်ဖန်ဆင်းထားသည့် ဗလာနယ်သည် ရဟန်းမင်းကြီး ထိန်းချုပ်နိုင်သည့် ဗလာနယ်တစ်ခု ဖြစ်လေသည်။
ရဟန်းမင်းကြီးကို လက်သီးကိုကျစ်ကျစ်ပါအောင် စုပ်ထားပြီး သူ၏မျက်ဝန်းများက တစ်လက်လက်တောက်ပ နေလေသည်။
ဆန်းလျန်နှင့် ရဟန်းမင်းကြီးတို့ ရောက်ရှိနေသည့် ဗလာနယ်သည် တဖြည်းဖြည်း သေးငယ်သွားလေသည်။
ကျောက်ရှောင်ယွီနှင့် တာ့ကျိုးတိုင်းပြည်ဘုရင်မတို့ တိုက်ခိုက်ခဲ့စဉ်က နတ်ဘုရားမြေမှုန့်ကိုအသုံးပြုပြီး ကျောက်ရှောင်ယွီဖန်ဆင်းကဲ့သည့် ဗလာနယ်နှင့် ယခု ရဟန်းမင်းကြီးထိန်းချုပ်ထားသည့် ဗလာနယ်သည်ဆင်တူ လေသည်။ သို့သော် ယခု ရောက်ရှိနေသည့်ဗလာနယ်က ကျောက်ရှောင်ယွီဖန်ဆင်းသည့်ဗလာနယ်ထက် အဆ ထောင်ပေါင်းများစွာ ပိုမိုအားကောင်းပြီး ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာမှ စွမ်းအားများကိုပင် ချုပ်နှောင်ထားနိုင်စွမ်း ရှိလေသည်။
ဗလာနယ်ထဲတွင် တာအိုအခြေခံအယူအဆများတည်ရှိနေလေသည်။
ဆန်းလျန်သည် တာအိုအစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်ပစ်ရန်အတွက် ကျောက်စိမ်းကျိုင်းတံကိုင်ဆောင်ထား သည့်နတ်ဘုရား လင်ပေါင်ထျန်းကျွင်း၏ တန်ခိုးစွမ်းအားအကူအညီများကို ရယူခဲ့ရဖူးလေသည်။
သို့သော် လင်ပေါင်ထျန်းကျွင်းနှင့် စစ်ဝမ်မင့်သည် မည်သူက တန်ခိုးစွမ်းအား ပိုပြီးမြင့်မားမည်ကို ဆန်းလျန် သေသေချာချာ မသိပေ။
ထို့ပြင် ရဟန်းမင်းကြီးထိန်းချုပ်ထားသည့် ဗလာနယ်သည် စစ်ဝမ်မင့်၏ မိုးမြေနိယာမများဖြင့် ပေါင်းစပ်ဖန်ဆင်းထား သည့်ဗလာနယ်တစ်ခု ဖြစ်လေသည်။
ဗလာနယ်မှ မူလစွမ်းအားများသည် သူ၏မူလဝိညာဉ်ခန္ဓာနှင့် ဆန့်ကျင်နေသည်ကို ဆန်းလျန် သဘောပေါက်မိလေသည်။
ထို့ကြောင့် တိုက်ပွဲတွင် ရဟန်းမင်းကြီးကို အနိုင်ရမည်ဆိုလျှင်တောင်မှ သူ၏မူလဝိညာဉ်ခန္ဓာအစိတ်အပိုင်းသည် ပျက်စီးသွားနိုင်ပြီး တန်ခိုးစွမ်းအားပြန်လည်ပြည့်ဝရန် အချိန်ကြာမြင့်စွာ ပြန်လည် ကျင့်ကြံရမည် ဖြစ်လေသည်။
တိုက်ပွဲသည် ပို၍ပြင်းထန်လာပြီး ဗလာနယ်မှ ဖိအားများသည် ပိုပြီး သိပ်သည်းလာလေသည်။
ရဟန်းမင်းကြီး တပ်ဆင်ထားသည့် ကြေးနီစိမ်းမျက်နှဖုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အပြစ်ကင်းစင်စွာ လှပလွန်းသည့် ရဟန်းမင်းကြီး၏မျက်နှာကို တွေ့မြင်လိုက်ရလေသည်။
ဆန်းလျန်သည် လောကတွင် ပြိုင်ဘက်ကင်းမဲ့သည့် အလှတရားများစွာကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်လေသည်။
သို့သော် ထိုအလှတရားများအားလုံးသည် ရဟန်းမင်းကြီး၏ ချောမောလှပမှုကို မမီနိုင်ပေ။ ရဟန်းမင်းကြီး၏ မျက်နှာမှာ လုံးဝပြီးပြည့်စုံနေပြီး လောကတွင် ရှိရှိသမျှ အလှဆုံးဆိုသည့်မိန်းကလေးများထက်ပင် ချောမောလွန်း လေသည်။
ဆန်းလျန်မှာလည်း ချောမောလှပသည့် လူငယ်တစ်ယောက်ဖြစ်ပါ၏။
သို့သော် ရဟန်းမင်းကြီးနှင့်ယှဉ်လျှင်တော့ ဆန်းလျန်၏ချောမောလှပမှုသည်ပင်လျှင် မှေးမှိန်သွားရမည် ဖြစ်လေ သည်။
"ဒီလောက်လှတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားမှတော့ မျက်နှာဖုံးတပ်ထားတာ မအံ့သြတော့ပါဘူး"
ဆန်းလျန်မှာ ကျဉ်းထဲကြပ်ထဲတွင် အန္တရယ်နှင့် ရင်ဆိုင်နေရသည့်တိုင် ထိုအတွေးကို တွေးဖြစ်အောင် တွေးလိုက်မိ လေသည်။
အမှန်တော့ သူ့စိတ်ထဲတွင် မပြုံးဘဲ မနေနိုင် ဖြစ်နေရလေသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီး၏ အလှတရားသည် ယောကျ်ားလေးအချင်းချင်းဆိုလျှင်တောင်မှ ချစ်ကျွမ်းဝင်သွားနိုင်သည့် အလှတရားမျိုးဖြစ်နေ သောကြောင့်ပင်။
ဆန်းလျန်က စိတ်ထဲမှာသာထိုသို့တွေးနေသည့်တိုင် သူ၏လက်ချောင်းများဆီမှ ရောင်စဉ်ငါးမျိုးစွမ်းအားများကိုတော့ အဆက်မပြတ် ထုတ်လွှတ်ထားလေသည်။
လောကတွင် ယင် နှင့် ယန် ၊ ဒြပ်စင်စွမ်းအားငါးမျိုးနှင့် ကင်းလွတ်သည့် ဖြစ်တည်မှုမျိုး ၊ ဖန်ဆင်းမှုမျိုး လုံးဝမရှိပေ။ စစ်ဝမ်မင့်ကိုယ်တိုင် ရှိနေလျှင်တော့ ဆန်းလျန်သည် ကျိန်းသေ ရှုံးနိမ့်ရမည်ဖြစ်လေသည်။ သို့သော် စစ်ဝမ်မင့် ချန်ထားခဲ့သည့် ဖန်ဆင်းမှုတစ်ခုကိုတော့ မည်သည့်နည်းနှင့်မှ မရှုံးနိမ့်နိုင်ကြောင်း ဆန်းလျန်သိထားလေသည်။
ဆန်းလျန်သည် သူ၏မူလဝိညာဉ်ခန္ဓာမှ ဒြပ်စင်စွမ်းအားငါးမျိုးကို ထုတ်ဖော်လိုက်လေသည်။ ဒြပ်စင်စွမ်းအားငါးမျိုး သည် အစစ်အမှန်နည်းလမ်းဖြစ်ပြီး ပြိုင်ဘက်များ၏ဇာစ်မြစ်ကို သိမြင်နားလည်စေလေသည်။
ရဟန်းမင်းကြီးသည် ဆန်းလျန်၏လက်ချေင်းထိပ်များမှ ထွက်ပေါ်လာသည့် ရောင်စဉ်ငါးခုကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကမန်းကတန်းရှောင်တိမ်းလိုက်ရလေသည်။ ဆန်းလျန်၏ ဒြပ်စင်စွမ်းအားငါးမျိုးသည် ဗလာနယ်ကို အပေါက်တစ်ပေါက်ဖြစ်ပေါ်လာလေသည်။
ထိုအပေါက်ကို မျက်လုံးများဖြင့် မြင်တွေ့ရမည်မဟုတ်ဘဲ စိတ်နှလုံးဖြင့်သာ မြင်တွေ့ရမည် ဖြစ်လေသည်။
"မင်းက ဒေါင်းတစ်ကောင်ပဲ…"
ဆန်းလျန်ပြောလိုက်လေသည်။
ဆန်းလျန်၏စကားကြောင့် ရဟန်းမင်းကြီးမှာ ထူးထူးဆန်းဆန်း ခံစားလိုက်ရလေသည်။
ဆန်းလျန်၏လက်မှ ဖြာလင်းနေသည့် ရောင်စဉ်ငါးမျိုးသည် သူကြားခဲ့ဖူးသည့် အကြောင်းအရာတစ်ခုနှင့် ဆင်တူ လေသည်။ ဒဏ္ဍာရီထဲတွင် လောကတွင်ရှိသမျှအရာအားလုံးကို အကြင်နာကင်းမဲ့စွာ တိုက်စားပစ်နိုင်သည့် နတ်ဘုရားအလင်းတန်းငါးမျိုး ရှိလေသည်။ တာအိုဆရာသခင်ကြီးပင်လျှင် ထိုအလင်းတန်းငါးမျိုးကို ခုခံနိုင်ခြင်း မရှိဘဲ မရှုမလှ ရှုံးနိမ့်ခဲ့ရဖူးလေသည်။
သို့သော် ဆန်းလျန်၏ လက်ချောင်းထိပ်ဖျားများမှ ထွက်ပေါ်နေသည့် ရောင်စဉ်ငါးမျိုးမှာ ဒဏ္ဍာရီထဲမှ နတ်ဘုရားအလင်းတန်းငါးမျိုးကဲ့သို့ စွမ်းအားကြီးခြင်း မရှိသေးပါ။
သိပ်သည်းသည့် စွမ်းအားစုများကြောင့် ဗလာနယ်တွင် ဖြစ်ပေါ်လာသည့်အပေါက်သည် ချက်ချင်းပြန်ပိတ်သွားခဲ့ လေသည်။
ဆန်းလျန်ကလည်း အံ့သြနေခြင်း မရှိပါ။
ယခု သူရောက်ရှိနေသည့်ဗလာနယ်ကို လွယ်လွယ်ကူကူဖြင့်သာ ဖျက်စီးပစ်နိုင်လျှင် သူသည် ထိုက်ယီထျန်းရှန်း အဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် ရပေလိမ့်မည်။
ဆန်းလျန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။
သူ၏မျက်နှာက ဖြူဖျော့နေပြီး သူ၏အကြည့်များက မှေးမှိန်နေလေသည်။ သူရှေ့သို့တိုးလိုက်သည့် ခြေလှမ်းသည် စိတ်ရှုတ်ထွေးမှုများဖြင့် ပြည့်နက်နေလေသည်။
သို့သော် သူ၏ခြေလှမ်းသည် ကောင်းကင်မှ ကြယ်များသွားသည့် လမ်းကြောင်းအလားပင်ဖြစ်လေသည်။
ထိုခြေလှမ်းကို ရဟန်းမင်းကြီး ကောင်းကောင်းသိလေသည်။ ထိုခြေလှမ်းသည် တာအိုကြယ်တာရာခြေလှမ်း ဖြစ်လေသည်။ ရဟန်းမင်းကြီးသည် ဆန်းလျန်ကို အလွန်မှ အံ့သြသွားခဲ့ရလေသည်။ ဆန်းလျန်သည် မည်သူဖြစ်ပါသနည်း။ မည်သည့်နေရာမှ ရောက်လာသူ ဖြစ်ပါသနည်း။
သူ… ပင့်သက်တစ်ချက် ရှိုက်လိုက်မိလေသည်။
သို့သော်… ရဟန်းမင်းကြီးသည် ဆန်းလျန်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေ သည်။
တစ်ချိန်တည်းမှာပင် ရဟန်းမင်းကြီးသည် မြွေတစ်ကောင်အရေခွံလဲလိုက်သည့်အလား မူလခန္ဓာအဟောင်းကို စွန့်ခွာပြီး အသစ်သောခန္ဓာတစ်ခု ထွက်ပေါ်လာလေသည်။
အသက်ဓာတ်စွမ်းအားများသည် ချက်ချင်းပင် မြင့်တက်လာပြီး ရဟန်းမင်းကြီးသည် ထူးဆန်းသည့် ဂါထာများကို စတင်ရွတ်ဆိုလိုက်လေသည်။
ရဟန်းမင်းကြီး၏ ပုံသဏ္ဍန်မှာ အနက်ရောင်နဂါးကြီးထက်မှ အစိမ်းရောင်မြွေတစ်ကောင်အလားပင် ဖြစ်လေသည်။
နဂါးရေကန်မှ ရေများ ချက်ချင်းပင်မြင့်တက်လာပြီး ကြီးမားသည့်ရေတံခွန်ကြီးတစ်ခု စတင်ဖြစ်ပေါ်လာသေလည်။
ကြီးမားသည့် ရေတံခွန်ကြီးသည် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဆန်းလျန်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
ဆန်းလျန်သည် သူ့ပတ်ဝန်းကျင်မှ ဗလာနယ်ကို ထိုးဖောက်ထွက်ရန်အတွက် အလုပ်များနေလေရာ သူ့ထံသို့ ဝင်ရောက်လာသည့် ရေတံခွန်ကြီးကို မော့သာကြည့်လိုက်နိုင်လေသည်။
ရေတံခွန်ကြီးထက်ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းသည်မှာ ရဟန်းမင်းကြီး၏ အသက်ရှူသံဖြစ်လေသည်။ ထူးဆန်းပြီး ရှေးကျသည့်စွမ်းအားတစ်ခုသည် ဆန်းလျန်၏ ရွှေပြဒါးအမြုတေကိုပင် လှုပ်ခါနိုင်စွမ်းရှိသည့်အလား ထင်မှတ်ရလေသည်။
သို့သော် … ဆန်းလျန်၏ စိတ်အခြေအနေမှာ ရွှေနှင့် သံမဏိထက်ပင် သန်မာအားကောင်းနေသေးသည်။ သူ၏တာအိုစိတ်ထားကို မည်သည့်တန်ခိုးစွမ်းအားကမှ လှုပ်ခါပစ်ရန်မှာ မဖြစ်နိုင်ပါချေ။
ဆန်းလျန်သည် ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံထားသူတစ်ယောက်ဖြစ်သည့်အတွက် ရေစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိသူ ဖြစ်လေသည်။ သို့သော်… ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်သည် ရေတံခွန်ကို ထိန်းချုပ် နိုင်စွမ်းလုံးဝမရှိခဲ့ပေ။
ထိုရေတံခွန်ကြီးမှာ အစွန်းရောက်ရေစွမ်းအားကျင့်စဉ်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်လေသည်။
ဆန်းလျန်၏ဘဝတွင် အန္တရယ်များသည့် ရင်ဆိုင်တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ရဖူးလေသည်။ ယခု ရဟန်းမင်းကြီးက နတ်ဘုရားများ၏တန်ခိုးစွမ်းအားကို လျှော့ချသည့်နည်းလမ်းဖြင့် သူ့ကိုတိုက်ခိုက်နေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ရုတ်တရက်တုန်လှုပ်သွားသည့် သူ၏စိတ်ကို တစ်ခဏအတွင်းမှာပင် ချက်ချင်းပြန်လည် ထိန်းချုပ် နိုင်ခဲ့လေသည်။
ရုတ်တရက်မှာပင်…
ဆန်းလျန်သည် ထူးဆန်းသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်သည် လေပွေတစ်ခုအလားလှည့်ပတ်ဝှေ့ယမ်းသွားပြီး လွန်သွားတစ်ခုအလား စူးရှထက်မြက်သွား လေသည်။
ထိုပညာသည် ထျန်းကန်း ပုံပြောင်းပညာ သုံးဆယ့်ခြောက်မျိုးမှ "ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်စဉ်” ဆိုသည့် တန်ခိုးစွမ်းအားပင်ဖြစ်လေသည်။ ထိုပညာသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် ရှေးဟောင်းသဘာဝလွန် စွမ်းအားတစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။
သူ၏တာအိုနှလုံးသားအတွင်းသို့ မိစ္ဆာစွမ်းအားတစ်ခုသည် ဆင်းသက်လာလေတော့သည်။